Verse 3 — Surah Yunus 10:3

မုချဧကန်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် မိုး ကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များကို ကာလခြောက်ခုအတွင်း (အပြီးသတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး နောက်) တစ်ဖန် ထိုအရှင်မြတ်သည် (စကြဝဠာအပေါင်းတို့အား အရှင့်နိယာမတရားများဖြင့် ထိန်းချုပ်ထားသည့် ဩဇာအာဏာကို ကိုယ်စားပြုသော) အရ်ရှ်ပလ္လင်တော်အား အချို့အစား မျှတပြီး နေထားတကျဖြစ်အောင် အခိုင်အမာထူ ထောင်စေတော်မူ၏။ (သက်ရှိသက်မဲ့အရာခပ်သိမ်းတို့၌ အရှင့်နိယာမတရားများရှိစေတော်မူလျက်) စီမံချက်အရေးကိစ္စများကို စနစ်တကျ စီမံခန့်ခွဲစေတော်မူ၏။ (အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ) အရှင့်ခွင့်ပြုချက် (ရပြီးနောက်လုပ်ခြင်း) မှအပ ကြားဝင်စွက်ဖက်နိုင်သူနှင့်ကိုယ်စား အသနားခံနိုင်သူဟူ၍ အလျှင်း မရှိပေ။ (သင်တို့အတွက် ရေ၊ လေ၊ မီး၊ မြေ၊ အပူ၊ အအေး၊ စွမ်းအင်၊ ဓါတ်၊ သိပ်သည်းမှု၊ နိယာမတရား၊ အကြောင်းတရား၊ အကျိုးတရားစသည်တို့ကို စနစ်တကျဖွဲ့စည်းဖြစ်တည်စေတော်မူသော) ထိုအရှင်မြတ်သည် သင်တို့ကိုလည်း ထိုကဲ့သို့ပင် ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ထိုအရှင်မြတ်ကိုသာ နာခံကိုးကွယ်ကြလော့။ (စကြဝဠာအတွင်းရှိ အခြေခံဒြပ်စင်နှင့်နိယာမတရားများနှင့်စပ်လျဉ်း၍) သင်တို့အပြန်အလှန်တွေးတောဆင်ခြင်၍ သတိရလျက် မထုတ်ဖော်၊ မဖွင့်ဟကြလေသလော။