Verse 4 — Surah Yunus 10:4

သင်တို့အားလုံး၏နောက်ဆုံးဦးတည်ရာ (စုရုံးရာ) မှာ ထိုအရှင်မြတ်ထံသို့သာ ဖြစ်ရခြင်းသည် အလ္လာဟ်အရှင်မြတ်၏တိကျမှန်ကန်ပြတ်သားသော (ပြဋ္ဌာန်းပြီးဖြစ်သော) ကတိတော်ပင်ဖြစ်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားအပါအဝင် သက်ရှိသက်မဲ့၊ အရာခပ်သိမ်းစသော) ဖြစ်တည်မှု အလုံးစုံ၏မူလအစ အရင်းအမြစ်တို့ကို ဖွဲ့စည်းဖြစ်ပေါ်မှုကို စတင်ဖြစ်စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့နောက် (လောကီကမ္ဘာတွင် သက်ရှိသက်မဲ့ ကွယ်လွန်သေဆုံးပျက်စီးသွားကြသော်လည်း လူသားကိုမူကား) အရှင်မြတ်ကို ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောကောင်းမှုများ ပြုလုပ်ခြင်းဖြင့် ပြုပြင်ကြသူတို့အား အ ကျိုးဆုလဒ်များကို မျှမျှတတ ချီးမြှင့်တော်မူရန်အလို့ငှာ အသစ်တဖန်ပြန်လည် ဖွဲ့စည်းဖြစ်တည်စေတော်မူမည်။ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့မူကား သူတို့အတွက် အလွန်ဆူပွက်သောအရည်မှသောက်စရာနှင့်ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ်ကို သူတို့၏မယုံကြည်ငြင်းဆန်မှုကြောင့် ဆိုးကျိုးဆက်အဖြစ် ထားရှိတော်မူ၏။