Verse 81 — Surah Hud 11:81

သတင်းဆောင် စေတမန်များက “အို၊ လူးသ်၊ ဧကန်ပင်၊ ကျွန်ုပ်တို့သည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်က စေလွှတ်တော်မူသော သတင်းဆောင်၊ စေတမန်များဖြစ်၍ သူတို့သည် သင့်အပါးသို့ အလျှင်း ချဉ်းကပ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် သင်၏မိသားစုနှင့်အတူ ည၏အစိတ်အပိုင်းတစ်ခုတွင် ခရီးစထွက်လော့။ ထို့ပြင် သင်၏အမျိုးသမီးမှလွဲ၍ သင်တို့အနက်မှ မည်သူတစ်ဦး တစ်ယောက်ကိုမျှ နောက်ဆံတင်း၍ နောက်လှည့်မကြည့်စေနှင့်။ (သူမသည် နောက်သို့ လှည့်ကြည့် ပြီဖြစ်၍) ဧကန်ပင်၊ ယင်း (နောက်ဆံတင်းခြင်း) ကြောင့် သူတို့ပေါ် ဆိုက်ရောက်သမျှ ပြစ်ဒဏ်သည် သူမအပေါ် ဆိုက်ရောက်မည့် ပြစ်ဒဏ်ပင် ဖြစ်၏။ မုချဧကန်၊ သူတို့ (၏ပြစ်ဒဏ်) အတွက် သတ်မှတ်ချိန်သည် နံနက် မိုးသောက်ချိန်ပင်ဖြစ်၏။ မိုးသောက်ချိန်နီးကပ်လာနေပြီမဟုတ်လော။” ဟု သတိပေးပြောဆိုခဲ့၏။