Verse 100 — Surah Yusuf 12:100

ထို့ပြင် (တမန်တော်) ယူစုဖ်သည် သူ့မိဘနှစ်ပါးတို့အား ရာဇပလ္လင်ထက်ဝယ် တင်မြှောက်ပြီး သူ့ညီ အစ်ကိုအားလုံးကလည်း (မင်းကြီးတစ်ပါးအား အရိုအသေပြုအပ်သော သူတို့၏ဓလေ့ကျင့်ထုံးစံနှင့်အညီ) သူ့ကို ဂါရဝပြုခဲ့ကြ၏။ ထို့နောက် သူက “အို၊ ကျွန်ုပ်၏ခမည်းတော်၊ ဤသည်ပင် ယခင်က မြင်မက်ခဲ့သော အိပ်မက် ၏အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်ပါ၏။ ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်သည် ယင်းအိပ်မက်ကို အမှန်တရားတစ်ခုအဖြစ် အတိအကျပင် အထမြောက် ဖြစ် ပေါ်စေတော်မူခဲ့ပြီ။ ထို့ပြင် စေတန်မကောင်းဆိုးဝါးသည် ကျွန်ုပ်နှင့်ကျွန်ုပ် ၏ညီနောင်များကြားတွင် သဘောထား ကွဲလွဲစေပြီးနောက် ဧကန်မုချ၊ ထိုအရှင်မြတ်သည် ကျွန်ုပ်အား အကျဉ်းထောင်မှ လွတ်မြောက်၍ အပြင် ထွက်စေတော်မူသည့်အချိန်၌လည်းကောင်း၊ သင်တို့အားလုံးကို သဲကန္တာရ (၏အတည်တကျ မဟုတ်သောလူနေ မှုဘဝ) မှ (ယဉ်းကျေးမှုထွန်းကားသော) အီဂျစ်ပြည်သို့ ရောက်စေတော်မူခြင်းဖြင့်လည်းကောင်း၊ အရှင့်ကရုဏာ တော်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြည့်စုံစေတော်မူ၏။ အမှန်စင်စစ်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်ကို နက်နဲသိမ်မွေ့စွာ စီမံစေတော်မူသောအရှင် ဖြစ်တော်မူ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ဖြစ်ရပ်ဖြစ်စဉ် အကြောင်းအရာအလုံးစုံးတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ စီရင်ဆုံးဖြတ်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။