Verse 40 — Surah Yusuf 12:40

ထိုအရှင်မြတ်မှလွဲ၍ (အခြားသောကိုးကွယ်ရာများကို) သင်တို့က ယုံကြည်ကိုးကွယ်နေကြခြင်းသည် သင်တို့နှင့်သင်တို့၏ဘိုး၊ ဘေးများက (စိတ်ကူးယဉ်အယူအဆများပေါ် အခြေခံ၍ ကိုးကွယ်ရာများအဖြစ် သတ်မှတ်လျက်) အမည်နာမအမျိုးမျိုးဖြင့် မှည့်ခေါ်နေသည့် အခေါ်အဝေါ်များသာ ဖြစ်ကြပြီး ယင်းတို့နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ထံတော်မှ) အသင်တို့အား မည်သည့်လုပ်ပိုင်ခွင့်ဆိုင် ရာ အခွင့်အာဏာကိုမျှ ပေးအပ်တော်မမူခဲ့ပေ။ အမှန်မှာ၊ (အရာခပ်သိမ်းတို့၏ပကတိအရှိတရား၊ အမှန်တရားနှင့်စပ်လျဉ်း၍) စီရင်ဆုံး ဖြတ်ပိုင်ခွင့်ရှိသော အမိန့်အာဏာသည် (အရာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ တစ်ဆူတည်းသာ တည်ရှိမြဲတည်ရှိနေတော်မူသော အရှင်မြတ်၏လမ်းစဉ်တော်နှင့်အညီ) အလ္လာဟ်အရှင်မြတ် (၏ကျေ နပ်နှစ်မြို့မှု) အတွက်သာ ဖြစ်ရမည်။ ထိုအရှင်မြတ် သည် အရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ မကိုးကွယ်ကြရန် အမိန့်တော်အား စီရင်ပြဌာန်းတော်မူ၏။ ထိုသို့ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ နာခံကိုး ကွယ်ရန် (အမှန်တရားသစ္စာပေါ် အ ခြေခံထားသော) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့် ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) သည်ပင် စစ်မှန်ပြီး အစဉ်တည်တံ့မြဲမြံသော လမ်းစဉ် ဖြစ် သော်လည်း လူသားအများစုမှာမူ (ပညာမဲ့ဆန်ဆန် ယုံကြည်ကိုးကွယ်နေခြင်းကြောင့် ထိုအမှန်တရားကို) မသိနား မလည်ကြချေ။