Verse 40 — Surah Ta-Ha 20:40

(တမန်တော်မူဆာ၏မိခင် ညွှန်ကြားသည့်အတိုင်း သင့်အစ်မက ယင်းသေတ္တာကို ခြေရာခံလိုက်လျက်) သင်၏အစ်မသည် (ဖါရိုမင်း၏နန်းတော်အရောက်) လျှောက်လှမ်းခဲ့ပြီးနောက် သူမက “ကျွန်မသည် သင်တို့အား သူ့ကို (ကောင်းစွာ) ကျွေးမွေး၍ ပြုစုစောင့်ရှောက်မည့် နိုင်မည့်သူတစ်ဦးအား ညွှန်ပြရမည်လော။” ဟု မေးမြန်း ခဲ့၏။ ထိုသို့ဖြင့် ငါအရှင်မြတ်သည် အသင်အား သင်၏မိခင်ထံသို့ပြန်လည် အပ်စေတော်၍ သူမ၏ (စိတ်နှလုံးနှင့်) မျက်စိကို ငြိမ်းချမ်းအေးမြစေတော်မူသောကြောင့် ဝမ်းနည်းပူဆွေးခြင်းလည်း မရှိခဲ့ပေ။ ထို့ပြင် (အရွယ်ရောက်လာသည့်အချိန်တွင် တရားမျှတမှုကို အလေးပေး၍ မတရားမှုကို တော်လှန်ခဲ့စဉ်) အသင်သည် လူတစ်ယောက်ကို (မရည်ရွယ်ဘဲ မတော်တဆ) သတ်မိခဲ့ရာ ငါအရှင်မြတ်သည် စိတ်ဒုက္ခရောက်ရှိခြင်းမှ သင့်ကို ကယ်တင်တော် မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား (အရည်အချင်နှင့်စွမ်းရည်များဖြင့် ပြီးပြည့်စုံစေတော်မူရန်) စမ်း သပ်မှုကြီးဖြင့် စမ်းသပ်တော်မူခဲ့လေ၏။ သို့ဖြစ်ပေရာ အသင်သည် မဒ်ယန်ပြည် သူတို့ ကြားတွင် နှစ်ရှည်လများ နေထိုင်စေတော်မူလေ၏။ ထို့နောက် တစ်ဖန် အို၊ မူဆာ၊ အသင်သည် (ရှိသင့် ရှိထိုက်သော နှလုံးရည်ကို ရရှိလာသောအခါ) သင့်အတွက် သတ်မှတ်ပြဌာန်းထားသော အချိန်သို့ ရောက်ရှိလာခဲ့လေ၏။