Verse 1 — Surah Al-Anbiya 21:1
လူသားတို့အတွက် သူတို့၏ပြုမူကျင့်ကြံမှုများနှင့်စပ်လျဉ်း၍ အစစ်ဆေးခံစေကာ စာရင်းရှင်းရမည့် အချိန်ကာလသည် သူတိုနှင့်အလွန်ပင် နီးစပ်ချဉ်းကပ်လာနေပြီး သူတို့မှာမူကား လောကီအလိုရမ္မက်များ၌ နစ်မြုပ်လျက် ယင်းကို ဂရုမစိုက်အလေးမထားနိုင်ဘဲ မျက်နှာလွှဲကျောခိုင်းနေသူများ ဖြစ်နေကြ၏။
Verse 2 — Surah Al-Anbiya 21:2
သူတို့ထံ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ မည်သည့် သစ်လွင်သော သတိရ တသ၍ ဖွင့်ဟစရာ (လမ်းညွှန်တော်) ရောက်ရှိလာသည်ဖြစ်စေ၊ သူတို့ သည် အပျော်အပါးသဘောနှင့်ဟန်ဆောင်သည့်အမူအရာဖြင့်သာ နားထောင်ကြ၏။
Verse 3 — Surah Al-Anbiya 21:3
သူတို့၏နှလုံးသားများသည် (အမှန်တရားကို အလေးအနက် အာရုံမစိုက်နိုင်ဘဲ အပျော်သဘောဖြင့်သာ နားစိုက်၍) အာရုံထွေပြားနေတတ်၏။ ထို့ပြင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မ ဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် သူတို့အချင်းချင်းကြားတွင် သီးသန့် သိုသိုသိပ်သိပ် ဆွေးနွေးတိုင်ပင်ခဲ့သည်ကို လျှို့ဝှက်ဖုံးကွယ်ထားကြလျက် “ဤ (တမန်တော်) သည် သင်တို့ကဲ့သို့ လူသားတစ်ဦးမျှသာ ဖြစ်၏။ သို့ပါလျက် သင်တို့သည် သိမြင်နားလည်ကြလျက် မှော်ပညာ (၏ညှို့ဖမ်းစားမှုခံရန် ယင်းအပါး) ကို ချဉ်းကပ်ကြမည်လော့။” ဟု တိတ်တဆိတ်ဆွေးနွေးကြ၏။
Verse 4 — Surah Al-Anbiya 21:4
(တမန်တော်က) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည် မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်၌ ရှိသော စကားလုံးနှင့်အသံအားလုံးကို အကြွင်းမဲ့ သိတော်မူ၏။ စင် စစ် ထိုအရှင်မြတ်သည် သက်ရှိသက်မဲ့တို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင် အရာခပ်သိမ်းတို့၏သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
Verse 5 — Surah Al-Anbiya 21:5
အမှန်မှာ (အရှင်မြတ်ကို မယုံကြည်သော မိစ္ဆာဝါဒီတို့က ကျမ်းမြတ်ကုရ်အာန်၏အရင်းအမြစ်နှင့်စပ်လျဉ်း၍ ဇဝေဇဝါဖြစ်လျက် ယင်းကို တမန်တော်မုဟမ္မဒ်၏) ဂယောင်ချောက်ချား မြင်မက်သော အိပ်မက်မျှသာ ဖြစ်နိုင်၏။ သူက ကြံစည်ဖန်တီးထားသော အရာဖြစ်နိုင်၏။ သူသည် ကဗျာဆရာတစ်ဦး ဖြစ်နိုင်၏။ (စသည့် သူတို့၏ ထင်မြင်ယူဆချက်များဖြင့် အမျိုးမျိုး စွပ်စွဲပြီးနောက် အကယ်၍ သူသည် တမန်တော်ဖြစ်ကြောင်း မှန်ကန်လျှင်) သူ့ကို ရှေးခေတ်လူတို့ထံ စေလွှတ်တော်မူသည့် တမန်တော်များကဲ့သို့ပင် ကျွန်ုပ်တို့ထံလည်း အံ့ဖွယ်သက်သေလက္ခဏာတစ်ခုနှင့်အတူ ယူဆောင်စေ၍ လာစေလော့။” ဟု တောင်းဆိုပြောဆိုခဲ့ကြသည်။
Verse 6 — Surah Al-Anbiya 21:6
သူတို့မတိုင်မီ ရှိခဲ့ကြသောလူမျိုးများထံ အံ့ဖွယ်သက်သေလက္ခဏာများနှင့်အတူ တမန်တော်များ ရောက်ခဲ့ကြသော်လည်း သူတို့မူကား မယုံကြည်ကြသဖြင့် ငါအရှင်မြတ်သည် ထိုမြို့ရွာဒေသဟူသမျှကို တိမ် ကောပျက်စီးစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ (ယခုအချိန်မှာ အံ့ဖွယ်မြင်ရုံဖြင့်) သူတို့သည် သက်ဝင်ယုံကြည်ကြဦးမည်လော။
Verse 7 — Surah Al-Anbiya 21:7
စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သင်တို့မတိုင်မီ အမျိုးသားများကိုသာလျှင် ဝဟီအမိန့်တော်ထုတ် ပြန်ပို့ချပေးအပ်တော်မူ၍ သူတို့ထံသို့ စေလွှတ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ အကယ်၍ သင်တို့သည် (တ ရားတော် အကြောင်းကို သင်တို့ကိုယ်တိုင်) မသိကြလျှင် (အရှင့်ထံတော်မှ ဖြစ်သော) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) နှင့်ပတ်သက်၍ ဂဃနဏ သိနားလည်သော ပညာရှင်များကို မေးမြန်းကြလော့။
Verse 8 — Surah Al-Anbiya 21:8
ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်များဖြစ်ကြသော) သူတို့အား အစာအဟာရစားသောက်ရန် မလို သော ခန္ဓာကိုယ်များဖြင့် ဖြစ်တည်မျိုးပွားစေတော်မမူသည့်အပြင် သူတို့သည် (ဤလောကီကမ္ဘာ၌) ကာ လအ ကန့်အသတ်မဲ့ (အစဉ်ထာဝရ အသက်ရှင်) နေကြသူများလည်း မဖြစ်ကြချေ။
Verse 9 — Surah Al-Anbiya 21:9
တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်များဖြစ်ကြသော) သူတို့အပေါ် (ထားခဲ့တော်မူသော) ကတိတော် ကို ဖြောင့်မတ်မှန်ကန်စွာ ပြည့်မီစေတော်မူခဲ့၏။ ထို့ကြောင့် ငါအရှင်မြတ်သည် သူတို့ကိုလည်း ကောင်း၊ အရှင့် ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီအလိုရှိတော်မူသော (ယုံကြည်သူ) သူတို့ကိုလည်းကောင်း၊ ကယ်တင်တော် မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ တရားလွန်ကဲသူများ (အလွဲသုံးစားပြုသူများ) ကိုမူ ပျက်စီးတိမ်ကောစေတော်မူ၏။
Verse 10 — Surah Al-Anbiya 21:10
ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင်တို့ထံ ကျမ်းတော်တစ်စောင်ကို ပေးအပ်တော်မူပြီး ထို (ကျမ်းတော်) ၌ (သင်တို့၏ဂုဏ်သိက္ခာနှင့်ဘဝသာယာအေးချမ်းရေးအတွက် စံနမူနာယူဖွယ်ရာများ) သင်တို့အား သ တိရစေသည့် သင်တို့၏အကြောင်းအရာများ ပါဝင်စေတော်မူ၏။ သို့ပါလျက် သင်တို့သည် (ထိုကျမ်းတော်ကို) နားလည်နိုင်အောင် ဆင်ခြင်တုံတရားသုံး၍ မတွေးခေါ် ကြသလော။
Verse 11 — Surah Al-Anbiya 21:11
ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံခဲ့သော မြို့ရွာနယ်မြေဒေသများ မည်ရွေ့မည်မျှကို အစိတ်စိတ်အမြွှာမြွှာ ကွဲစေတော်မူပြီး သူတို့နောက်တွင် ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော အခြားသောလူမျိုးများကို ပေါ်ထွန်းစေတော်မူ (ခဲ့ကြောင်း လူ့သမိုင်းစာမျက်နှာများတွင် လေ့လာသိမြင်နိုင်) ၏။
Verse 12 — Surah Al-Anbiya 21:12
သို့ဖြစ်ပေရာ (ထိုမြို့ရွာဒေသများနေ ပြည်သူများဖြစ်ကြသော) သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ် (ကပ်ဘေးသက်ရောက်လာသည်) ကို သတိမူတွေ့ကြုံခံစားလာကြသောအခါ (သူတို့သည်) ထို (မြို့ရွာဒေသ များ) မှ ထွက်ပြေးရန် ကြိုးစားကြ၏။
Verse 13 — Surah Al-Anbiya 21:13
(ထိုစဉ် မလာအီကာတမန်များက သူတို့စိတ်နှလုံးထဲ၌) ''အသင်တို့သည် ထွက်ပြေးရန် မကြိုးစားကြလေနှင့်။ (ချို့တဲ့ဆင်းရဲသူတို့၏အကူအညီအတွက် မေတ္တာရပ်ခံမှု သင်တို့၏တန်ဖိုးရှိသော အကြံအတွက် အ သနားခံမှုနှင့်ဂုဏ်ပြုမှုစသည်ဖြင့်) သင်တို့ထံ အသနားခံတောင်းဆိုမှုများ ပြုလုပ်နိုင်ရန်အလို့ငှာ အသင်တို့သည် သင်တို့၏မြို့ရွာဒေသရှိ အိမ်ဗိမာန်များနှင့် ထိုအိမ်များအတွင်းရှိ ချီးမြှင့်ပေးအပ်ခြင်း ခံကြရသော ဓနစည်းစိမ်များဘက်သို့ (ယင်းတို့ကို အဆုံးရှုံးမခံဘဲ ဂုဏ်သိက္ခာရှိသောဘဝဖြင့် အေးချမ်းစွာ နေထိုင်နိုင်ရန်) ပြန်လှည့်ကြလော့။
Verse 14 — Surah Al-Anbiya 21:14
သူတို့က ''သြော်၊ ဖြစ်မှဖြစ်ရလေ၊ ကျွန်ုပ်တို့က ဒုက္ခလှလှ တွေ့ရပြီ။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူများပင် ဖြစ်ကြ ၏။'' ဟု ပြောဆို (ညည်းညူ) ခဲ့ကြ၏။
Verse 15 — Surah Al-Anbiya 21:15
သူတို့၏ထိုဟစ်ခေါ်ညည်းညူငိုကြွေးမှုများသည် ငါအရှင်မြတ်က သူတို့အား (သီးနှံများကို ရိတ်သိမ်းပြီး၍ ပြောင်သွားသကဲ့သို့ သူတို့၏ဥစ္စာဓနများ လောင်းကျွမ်းစေပြီး ပြာပုံဖြစ်စေလျက်) ရိတ်သိမ်းစရာများအား အနိဌာရုံဖြစ်စေတော်မူသည်အထိ ရပ်စဲလိမ့်မည် မဟုတ်ချေ။
Verse 16 — Surah Al-Anbiya 21:16
ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့ထဲ၌ ရှိသောအရာဟူသမျှကိုလည်းကောင်း၊ (အချည်းနှီးသော) ဆော့ကစားစရာအဖြစ် ဖြစ်ပေါ်ဖြစ်တည်စေတော်မူသည် မ ဟုတ်ပေ။
Verse 17 — Surah Al-Anbiya 21:17
အကယ်၍ ငါအရှင်မြတ်သည် (ကောင်းကင်များ ကမ္ဘာဂြိုဟ်နှင့်ယင်းတို့အတွင်း၌ ရှိသမျှကို) အပန်းဖြေစရာအဖြစ်သာ ဖြစ်ပေါ်ဖြစ်တည်စေရန် ရည်ရွယ်တော်မူခဲ့လျှင် အကယ်၍ ငါအရှင်မြတ်သည် ထိုသို့ပြု လုပ်ဖြစ်စေတော်မူသည့် အရှင်ဖြစ်တော်မူလျှင် ယင်းကို ဧကန်မုချ၊ အရှင့်ထံတော်၌ပင် ရှိစေတော်မူမည် ဖြစ်၏။
Verse 18 — Surah Al-Anbiya 21:18
အမှန်မှာ ငါအရှင်မြတ်သည် မိစ္ဆာတရားအပေါ် အမှန်တရားသစ္စာဖြင့် ပစ်ပေါက်တော်မူ၍ ယင်း (မိစ္ဆာ တရား) ၏ခေါင်းကို ကွဲစေတော်မူရာ ယင်းသည် လုံးဝ မှေးမှိန်ပျောက်ကွယ်သွားသည့်အရာ ဖြစ်လာခဲ့၏။ စင်စစ် သင်တို့အား ဒုက္ခလှလှတွေ့စေတော်မူ (ရန်ခွင့်ပြုတော်မူ) ခြင်းသည် သင်တို့က (အရှင့်ဂုဏ်တော်များနှင့်ဆန့် ကျင်၍ ကြံဖန်စွပ်စွဲချက်အမျိုးမျိုးဖြင့်) ဒုက္ခရောက်စေသည့် အကြောင်းတရားဖြစ်စေသည့် အတွက်ကြောင့်ပင် ဖြစ်၏။
Verse 19 — Surah Al-Anbiya 21:19
စင်စစ်သော်ကား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသူအားလုံးသည် (အရှင့်နိယာမတော်နှင့်အညီ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူ၍) ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောသူများပင် ဖြစ်ကြ၏။ ထို့ပြင် အရှင်မြတ် ၏အပါးတော်၌ရှိနေ (သော မလာအီကာစေတမန်များဖြစ်ကြသည့်) သူတို့သည် အရှင်မြတ်အား နာခံကိုးကွယ်ခြင်း ၌ မာန်မာနထောင်လွှားကြသည် မဟုတ်သည့်အပြင် မောပန်းငြိးငွေ့ကြသည်လည်း မရှိကြပေ။
Verse 20 — Surah Al-Anbiya 21:20
(ထိုမလာအီကာစေတမန်များသည်) ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့အရှင် ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို နေ့ညမပြတ် ဂုဏ်တင်ကြပြီး မည်သည့်အခါမျှ မောပန်း၍ ဇွဲလျော့လျက် ရပ်တန့်ကြသည် ဟူ၍လည်း မရှိကြပေ။
Verse 21 — Surah Al-Anbiya 21:21
(မလာအီကာစေတမန်များနှင့်မတူဘဲ အရှင်မြတ်ကို စွန့်၍ အခြားသော ကိုးကွယ်ရာများကို ရှာဖွေနေသူများလည်း ရှိကြ၏။) သို့တည်းမဟုတ် သူတို့သည် ကမ္ဘာဂြိုဟ်မှဖြစ်သော (သေကြေပျက်စီးပြီးနောက်) ရှင်ပြန်ထစေမည့်အရာများသာ ဖြစ်သည့် (သက်ရှိသက်မဲ့ရုပ်ပွားဆင်းတု အစရှိသော) အရာများကို ကိုးကွယ်ရာများအဖြစ် အယူထား၍ ကိုးကွယ်ကြလေသလော။
Verse 22 — Surah Al-Anbiya 21:22
အကယ်၍ ယင်း (မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်) တို့နှစ်ခုစလုံးတွင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား (သက်ရှိသက်မဲ့ရုပ်ပွားဆင်းတု အစရှိသော) ကိုးကွယ်ရာများရှိခဲ့ကြလျှင် (မိုးကောင်းကင်များနှင့်ကမ္ဘာ ဂြိုဟ်တို့၏လည်ပတ်မှုဆိုင်ရာ နိယာမများနှင့်နည်းစနစ်များသည် တသမတ်တည်း တစ်ပုံတည်းမရှိဘဲ အမျိုးမျိုးကွဲပြားလျက် ဖရိုဖရဲဖြစ်ကာ) ယင်းတို့နှစ်ခုစလုံးသည် ဧကန်မုချ ပျက်စီးခဲ့ပြီး ဖြစ်ကြပေမည်။ သို့ဖြစ်ပေရာ (စကြဝဠာခပ်သိမ်းနှင့်အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင်တော်မူသောအရှင်) ကြီးကျယ်မြင့်မြတ်သော ''အရ်ရှ်'' ပလ္လင်တော်ကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အရှင့်ဂုဏ်တော်များနှင့်ဆန့်ကျင်၍ သူတို့ကြံစည်ဖန်တီးထားသောအရာများမှ (လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ် တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြလော့။
Verse 23 — Surah Al-Anbiya 21:23
ထိုအရှင်မြတ်သည် အရှင်မြတ်က ပြုလုပ်တော်မူသောကိစ္စများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံရတော်မူမည် မဟုတ်ပေ။ သို့ရာတွင် သူတို့မူကား (မိမိတို့ ပြုလုပ်ကြသော အမှုကိစ္စတို့နှင့်စပ်လျဉ်း၍) စစ် ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။
Verse 24 — Surah Al-Anbiya 21:24
(အလ္လာဟ်အရှင်မြတ်နှင့်နှိုင်းယှဉ်တုပ ပြိုင်ဆိုင်နိုင်သောအရာဟူ၍ အလျှင်း မရှိပေ။ သို့သော်လည်း အရှင်မြတ်ကို စွန့်၍ အခြားသော ကိုးကွယ်ရာများကို ရှာဖွေ နေသူများလည်း ရှိကြ၏။) သို့တည်းမဟုတ် သူတို့သည် ထိုအရှင်မြတ်မှလွဲ၍ အခြားသော (သက်ရှိသက်မဲ့၊ ရုပ်ဆင်းပွားအစရှိသော) အရာများကို ကိုးကွယ်ရာများအဖြစ် အယူထား ယုံကြည်ကိုးကွယ်ကြသလော။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) သင်တို့သည် (သင်တို့ ယုံကြည်ကိုးကွယ်နေကြသော ကိုးကွယ်ရာများက လောကခပ်သိမ်းကို ဖွဲ့စည်းဖြစ်စေကြောင်း) သင်တို့၏သက်သေအထောက်အထားများ ယူဆောင်တင်ပြကြလော့။ ဤ (ကျမ်းတော်မြတ်ကုရ်အာန်) သည် ကျွန်ုပ်နှင့်အတူရှိ ကြသော (ကျွန်ုပ်၏နောက်လိုက်များဖြစ်သော) သူတို့အတွက် သတိရ တသ၍ ဖွင့်ဟစရာ (သတိပေးနှိုးဆော် ချက်) နှင့်ကျွန်ုပ်မတိုင်မီ ရှိခဲ့ကြသောသူတို့အတွက်လည်း သတိ ရ တသ၍ ဖွင့်ဟစရာ (သတိပေးနှိုးဆော်ချက်) ပင် ဖြစ်၏။ အမှန်မှာ (ယခင် ချမှတ်ပေးအပ်ခဲ့သမျှ ကျမ်းအားလုံးနှင့်ကျမ်းတော်မြတ်ကုရ်အာန်တွင်ပါ) အလ္လဟ်အရှင် မြတ်တစ်ပါးတည်းကိုသာ ယုံကြည်ကိုး ကွယ်ရန် အမိန့်ပေးတိုက်တွန်းခဲ့၏။ သို့သော်) သူတို့အနက် အများစုမှာ မူကား အမှန်တရားသစ္စာကို မသိကြသောကြောင့် သူတို့သည် (ဤကျမ်းတော်မြတ်မှ) မျက်နှာလွှဲ၍ ကျောခိုင်းနေကြ၏။
Verse 25 — Surah Al-Anbiya 21:25
ငါအရှင်မြတ်သည် အသင်မတိုင်မီ မည်သည့်ရစူလ်တမန်တော်ကိုမျှ “ငါအရှင်မြတ်မှလွဲ၍ အခြားကိုး ကွယ်ရာ (အဖြစ် ယုံကြည်ကိုးကွယ်ထိုက်သော မည်သည့်သက်ရှိသက်မဲ့ရုပ်တုဆင်းပွား) မျှ အလျှင်း မရှိကြောင်းကို ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချပေးအပ်တော်မူခြင်းမှအပ (အခြားမည်သည့် ရည်ရွယ်အတွက်မျှ) စေလွှတ် တော်မူခဲ့သည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အား သာလျှင် နာခံကိုးကွယ်ကြလော့။” ဟု ဟောပြောလော့။
Verse 26 — Surah Al-Anbiya 21:26
ထို့ပြင် (သားတော်အယူရှိကြသော) သူတို့သည် အနန္တကရုဏာတော်ရှင်က (အရှင့်အတွက်) သား တော်တစ်ပါး ဖြစ်စေတော်မူ၏။ ဟု (စွပ်စွဲ) ပြောဆိုခဲ့ကြကုန်၏။ ထိုအရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေ တော်မမူခြင်းနှင့်ကိုးကွယ် ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့် ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ကြပါ၏။ အမှန်မှာ (လူသားတို့က ကိုးကွယ်ရာများအဖြစ်အယူထား၍ ယုံကြည် ကိုးကွယ်နေကြသော စေတမန်များ တမန်တော်များနှင့်) အခြားသော ကိုးကွယ်ရာဟူသမျှတို့သည် ထိုအရှင်မြတ်၏ဂုဏ်သရေရှိသော အစေခံများသာ ဖြစ်ကြကုန်၏။
Verse 27 — Surah Al-Anbiya 21:27
(အရှင့်စေတမန်များနှင့်တမန်တော်များဖြစ်ကြသော) သူတို့သည်ကား အပြောအဆိုနှင့်စပ်လျဉ်း ထိုအရှင်မြတ်ကိုသာ ဦးထိပ်ထားလျက် အရှင်မြတ်မိန့်တော်မူသမျှနှင့်အရှင်မြတ် ခွင့်ပြုထားသမျှကိုသာလျှင် ပြောဆိုကြပြီး သူတို့သည် အရှင်မြတ်၏အမိန့်ညွှန်ကြားချက်နှင့်အညီသာ (တစ်သွေမတိမ်း) လိုက်နာဆောင်ရွက်ကြ၏။
Verse 28 — Surah Al-Anbiya 21:28
ထိုအရှင်မြတ်သည် သူတို့၏ရှေ့နောက် (အတိတ်၊ ပစ္စုပ္ပန်နှင့်သူတို့သိထားသော သူတို့မှ ထိန်ချန် ဖုံးကွယ်ထားသော) အကြောင်းကိစ္စ အလုံးစုံတို့ကို (အကြွင်းမဲ့) သိနေတော်မူပြီး (အရှင့်စေတမန်များနှင့်တမန်တော်များဖြစ်ကြသော) သူတို့သည် ထိုအရှင်မြတ် ကျေနပ်နှစ်သက်တော်မူသောသူမှအပ အခြား မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ကြားဝင် အသနားခံနိုင်ကြမည် မဟုတ်သည့်အပြင် သူတို့သည် ထိုအရှင်မြတ်အား စိုးရွံ့ထိတ်လန့် ရိုသေခန့်ညားမှုကြောင့် (အမြဲတစေ) ကြောက်ရွံ့တုန်လှုပ်နေသူများပင် ဖြစ်ကြ၏။
Verse 29 — Surah Al-Anbiya 21:29
စင်စစ် သူတို့အနက် မည်သူမဆို “ကျွန်ုပ်သည် ထိုအရှင်မြတ်အပြင် (ကိုးကွယ်ထိုက်သော) အခြား ကိုးကွယ်ရာအရှင် (တစ်ပါး) ဖြစ်သည်ဟု ပြောဆိုပါမူ ငါအရှင်မြတ်သည် သူအား ထိုသို့ပြောဆိုခြင်း၏ပေး ဆပ်မှု အကျိုးဆက်အဖြစ် ငရဲဘုံ၏ပြစ်ဒဏ်ကို ပေးတော်မူမည်။ ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အား ထိုနည်းအတိုင်းပင် (လုပ်ရပ်၏အကျိုးဆက်အဖြစ်) ပေးဆပ်မှုကို ပေးစေတော်မူ၏။
Verse 30 — Surah Al-Anbiya 21:30
ဧကန်ပင်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်သည် တချိန်က တစ်ခုတည်းသောအရာအဖြစ် ပေါင်းစပ်လျက်ရှိခဲ့ရာ ငါအရှင်မြတ်သည် ယင်းတို့နှစ်ခုစလုံးအား သီးခြားစီတည်ရှိသောအရာများအဖြစ် ခွဲထွက် စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် သက်ရှိသတ္တဝါခပ်သိမ်းကို ရေမှ ဖွဲ့စည်းဖြစ်တည် ပေါ်ထွက်စေတော်မူ၏။ (ထိုသက်ရှိတို့၏ မျိုးပွားဖြစ်စဉ်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသည့်တိုင်) သူတို့သည် သင်ဝင်ယုံကြည်နိုင်ခြင်း မရှိကြလေသလော။
Verse 31 — Surah Al-Anbiya 21:31
ထို့ပြင် ငါအရှင်မြတ်သည် မြေကမ္ဘာ၌ ယင်းတို့ဖြင့် ထိုမြေကမ္ဘာ၏တုန်လှုပ်မှုကို ထိန်းချုပ်နိုင်ရန် (ကျောက်ဆူးများပမာ) တောင်များကို အခိုင်အမာဖွဲ့စည်းပေါ်ထွက်စေတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ (လမ်းရှာတွေ့နိုင်မည့်) လမ်းညွှန်ရရှိရန်အလို့ငှာ ယင်း (မြေကမ္ဘာ) ၌ အဝေးပြေးလမ်းမကြီးများ (တောင်ကြားလမ်းများ) ကို ဖြစ်တည်ပေါ်ထွက်စေတော်၏။
Verse 32 — Surah Al-Anbiya 21:32
ငါအရှင်မြတ်သည် မိုးကောင်းကင်ကို (မပျက်စီး မပြိုပျက်အောင် အခိုင်အမာ ကာကွယ်) ထိန်းသိမ်း ထားသောအမိုး ဖြစ်စေတော်မူပါလျက် သူတို့သည် ယင်း (စကြဝဠာ) ရှိ သက်သေလက္ခဏာတော်များမှ မျက်နှာလွှဲ ကျောခိုင်းသူများ ဖြစ်ကြ၏။
Verse 33 — Surah Al-Anbiya 21:33
ထိုအရှင်မြတ်သည်ပင် ညနှင့်နေ့ကိုလည်းကောင်း၊ နေနှင့်လကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ (ထိုဂြိုဟ်နက္ခတ်) အသီးသီးတို့သည် (ယင်းတို့နှင့်သက်ဆိုင်ရာ) ဂြိုဟ်နက္ခတ်လမ်း အသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားလျက်ပင် ရှိကြကုန်သတည်း။
Verse 34 — Surah Al-Anbiya 21:34
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင် မည်သည့် လူသားတစ်ဦး တစ်ယောက်၌မျှပင် သေခြင်းကင်း သည့်အနေကို ပြုလုပ်တော်မမူခဲ့ချေ။ သို့ဖြစ်ပေရာ အကယ်၍ အသင်သည် သေဆုံးခဲ့ပါလျှင် သူတို့ သည် အစဉ်ထာဝရ နေကြမည့်သူများ ဖြစ်ကြလေသလော။
Verse 35 — Surah Al-Anbiya 21:35
နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးထားတော်မူသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသော စိတ်ဝိဉာဉ် သို့မဟုတ်) သက်ရှိတိုင်းသည် (ထိုမျိုးရိုးဗီဇထဲရှိ အရည်အသွေးများကို အရှင့်စည်းမျဉ်းတော် နိယာမတရားနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေသည်ဖြစ်စေ၊ စိတ်အလိုဆန္ဒနှင့်အညီ အသုံးချ ၍ ဆုတ်ယုတ်ယုတ်ညံ့စေသည်ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ရောက်လာလျှင်) သေခြင်းတရားကို မြည်း စမ်းရမည်။ ငါအရှင်မြတ်သည် သင်တို့အား ဆိုးသော ဘဝအခြေအ နေကိုလည်းကောင်း၊ ကောင်းသောဘဝအခြေအနေကိုလည်းကောင်း၊ (သင်တို့၏စစ်မှန်သောစရိုက်ကို ထင်ရှားစေသည့်) စမ်းသပ်စရာ နည်းလမ်းအဖြစ် စမ်းသပ်တော်မူ၏။ ထို့ပြင် သင်တို့သည် (နောင်တမလွန်၌ အရှင့်ရှေ့တော်မှောက်၌ အစစ်ဆေးခံရန်) ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်စေတော်မူခြင်း ခံကြရပေမည်။
Verse 36 — Surah Al-Anbiya 21:36
ထို့ပြင် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် အသင့်အား (အမှန်တရားသစ္စာကို သာ သွန်သင်သူအဖြစ်) တွေ့မြင်ကြသောအခါ (ထိုအမှန်တရားနှင့်မယှဉ်ပြိုင်နိုင်သဖြင့်) ပြောင်လှောင်သ ရော်မှု ပြုကြရန်အတွက်သာ ပစ်မှတ်ထားကြပြီး “အသင်တို့၏ကိုးကွယ်ရာများအား သတိရ တသ၍ ဖွင့်ဟရမည့်အစား အနန္တကရုဏာတော်ရှင်ကိုသာလျှင် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟခြင်းဖြင့် ထိုကိုး ကွယ်ရာများကို ကိုးကွယ်ကြ သူတို့မှာ မယုံကြည်သူ အမှန်တရားကို ဖီဆန်ငြင်းပယ်သူများ ဖြစ်ကြကြောင်း ပြောဆိုနေသူမှာ ဤပုဂ္ဂိုလ်လော။” ဟု ကဲ့ရဲ့ပြောဆိုကြ၏။
Verse 37 — Surah Al-Anbiya 21:37
လူသားသည် (သူ့သဘောသဘာဝအရ လုံလောက်သည့် အမြင်ကျယ်မှုမရှိကြဘဲ) စိတ်မြန်လက် မြန်လုပ်ဆောင်သူများအဖြစ် ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရသူများ ဖြစ်ကြ၏။ မကြာမီ ငါအရှင်မြတ်သည် အရှင့်အာယသ်သက်သေလက္ခဏာတော်များကို သင်တို့အား ပြသတော်မူမည်ဖြစ်ပေရာ သင်တို့သည် (ထိုအမှန် တရားများကို မျက်ဝါးထင်ထင် တွေ့ရလိမ့်မည်ဖြစ်သောကြောင့် အမှန်တရားများကို ငြင်းပယ်ရာ၌) စိတ်မြန်လက်မြန် မပြုလုပ်ကြလေနှင့်။
Verse 38 — Surah Al-Anbiya 21:38
ထို့ပြင် သူတို့က ''အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာပြောဆိုသော သစ္စာဝါဒီများ ဖြစ်ကြလျှင် ဤကတိတော်သည် မည်သည့်အခါ၌ ပြီးမြောက်မည်နည်း။'' ဟု မေးမြန်းပြောဆိုကြ၏။
Verse 39 — Surah Al-Anbiya 21:39
အကယ်၍သာ မယုံကြည်သူအမှန်တရားကို ဖီဆန်ငြင်းပယ်သူသွေဖည်ငြင်းပယ်သော သူတို့သည် ထိုအချိန်အခါကို သိကြပါမူ (ယင်းကဲ့သို့ ပြောဆိုကြမည် မဟုတ်ပေ)။ ထိုအချိန်အခါတွင် သူတို့သည် သူတို့၏ မျက်နှာများမှလည်းကောင်း၊ သူတို့၏ကျောကုန်းများမှလည်းကောင်း၊ ငရဲမီးကို တားဆီးနိုင်ကြမည် မဟုတ်ပေ။ ထိုမှတစ် ပါး သူတို့သည် (မည်သည့်) အကူအညီကို (မျှ) လည်း ရရှိကြမည် မဟုတ်ပေ။
Verse 40 — Surah Al-Anbiya 21:40
စင်စစ်မှာကား ယင်းမီးသည် သူတို့၌ ရုတ်တရက် သက်ရောက်ပြီးလျှင် သူတို့အား တွေဝေသွားစေမည် ဖြစ်သည်။ ထိုအခါ သူတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် သူတို့သည် ရွှေ့ဆိုင်းခွင့်ကိုလည်း ရရှိကြမည် မဟုတ်ပေ။
Verse 41 — Surah Al-Anbiya 21:41
(အို၊ ရစူလ်တမန်တော်၊) ဧကန်ပင်၊ အသင်တမန်တော်မတိုင်မီ (စေလွှတ်တော်မူခြင်းခံခဲ့ရသည့်) ရစူလ်တမန်တော်များသည် ပြက်ရယ်ပြုလှောင်ပြောင်ခြင်းကို ခံခဲ့ကြရသော်လည်း သူတို့အနက်မှ ထိုရစူလ်တ မန်တော်များအား ပြက်ရယ်သမှုပြုကြသူတို့သည် ထို (လှောင်ပြောင်မှု) နှင့်စပ်လျဉ်း၍ သူတို့အသုံးပြုခဲ့ကြသော အချက်အလက်အကြောင်းအရာများက သူတို့ကို (အရှက်ရစေရန်အတွက်သာ) လွှမ်းမိုးနစ်မွန်းစေလျက် ဝိုင်းဝန်း ထားလေ၏။
Verse 42 — Surah Al-Anbiya 21:42
(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “(အကယ်၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ပြစ်ဒဏ် ပေးလိုတော်မူလျင်) မည်သူသည် သင်တို့အား ည၌လည်းကောင်း၊ နေ့၌လည်းကောင်း၊ အနန္တကရုဏာတော်ရှင်မှ ကာကွယ်စောင့်ရှောက်နိုင်မည်နည်း။ စင်စစ်မှာကား သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၏သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) မှ မျက်နှာလွှဲ၍ ကျောခိုင်းသူများပင် ဖြစ်ကြ၏။
Verse 43 — Surah Al-Anbiya 21:43
သို့တည်းမဟုတ် သူတို့၌ ငါအရှင်မြတ်အပြင် သူတို့အား ကာကွယ်နိုင်မည့် အခြားကိုးကွယ်ရာများ ရှိကြလေသလော။ (အမှန်စင်စစ် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်ကြသည့် သက် ရှိသက်မဲ့ အစရှိသော) ထိုကိုးကွယ်ရာများသည် ယင်းတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (ပြုပြင်ပြောင်း လဲနိုင်ရန်) ယင်းတို့ကိုယ်ကိုပင် ကူညီနိုင်စွမ်းမရှိကြချေ။ ထိုနည်းတူစွာ သူတို့သည် ငါအရှင်မြတ်ထံတော်မှ မည်သည့်အကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုကိုမျှ ခံကြရ မည်လည်း မဟုတ်ပေ။
Verse 44 — Surah Al-Anbiya 21:44
စင်စစ်မှာကား ငါအရှင်မြတ်သည် (မယုံကြည်သူတို့အပါအဝင် မျက်မှောက်ခေတ်တွင် သက်ရှိထင်ရှားရှိ နေကြသော) ဤပုဂ္ဂိုလ်များအတွက်လည်းကောင်း၊ (သူတို့မတိုင်မီ လွန်လေပြီးသော ရှေးခေတ်က) သူတို့၏ဘိုး ဘေးဘီဘင်တို့အတွက်လည်းကောင်း (လောကီဘဝ၌ အသက်ရှင်ရပ်တည်ရန် လိုအပ်သမျှ) အကျိုးခံစားခွင့် များကို သူတို့၏အသက်အရွယ် အိုမင်းရင့်ရော်ဖြစ်သည်အထိ အေးချမ်းသာယာစွာဖြင့် ဘဝဆောက်တည်နိုင်ရန် ထောက်ပံ့ပေးအပ်တော်မူ၏။ (သို့ဖြစ်ပေရာ သူတို့သည် သူတို့၏ ဓနစည်းစိမ်များ ထာဝရတည်မြဲလိမ့်မည်ဟုပင် ထင်မြင်ယူဆခဲ့ကြ၏ အမှန်မှာ ငါအရှင်မြတ်သည် မြေကမ္ဘာကို (ကပ်ဘေး၊ တိုက်စားမှု၊ ပင်လယ်ရေအောက်သို့ နိမ့်ဆင်းမှုနှင့်လူဦးရေတိုးနှူံးမြှင့်မားမှု စသည်အကြောင်းရင်းများကြောင့်) ယင်း၏အစွန်အဖျားများမှသည် တ ဖြည်း ဖြည်း ဆုတ်ယုတ်ကျဉ်း မြောင်းစေတော်မူသည်ကို သူတို့က မတွေ့မမြင် ကြလေသလော။ သို့ဖြစ်ပေရာ သူတို့သည် အောင်မြင်သောသူများ ဖြစ်ကြမည်လော။
Verse 45 — Surah Al-Anbiya 21:45
(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ကျွန်ုပ်သည် အသင်တို့အား (ဒွိဟသံသယ လုံးဝ ကင်းရှင်းသော) ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချချက်ဖြင့်သာလျှင် သတိပေးနှိုးဆော်နေခြင်း ဖြစ်၏။ သို့ရာတွင် နားပင်းသူများမှာမူကား သတိပေးနှိုးဆော်ခြင်းခံကြရသောအခါ ထိုဖိတ်ခေါ်သံကို မကြားကြချေ။” ဟု ဟောပြောလော့။
Verse 46 — Surah Al-Anbiya 21:46
ထို့ပြင် စင်စစ် အကယ်၍သာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ပြစ်ဒဏ်မှ အငွေ့အသက်မျှပင် သူတို့အား ထိမှန် သက်ရောက်စေတော်မူလျှင် အမှန်ပင် သူတို့သည် ''သြော်၊ ကျွန်ုပ်တို့ ဒုက္ခလှလှတွေ့နေပါလား။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန်ပြုမူကျင့်ကြံသူများပင် ဖြစ်ကြသည်။'' ဟု (ညည်းညူ၍ ဝန်ခံ) ပြောဆို ကြပေမည်။
Verse 47 — Surah Al-Anbiya 21:47
စင်စစ် ငါအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် ပကတိမျှတမှု၊ ပကတိတရားဥပဒေချိန်ခွင်လျှာပေါ် တွင် ထားရှိ၍ စီရင်တော်မူမည် ဖြစ်သောကြောင့် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုမျှ အနည်းငယ်စိုးစဉ်းမျှပင် မတော်မတရားစီရင်ခြင်းခံရမည် မဟုတ်ပေ။ အကယ်၍ (တစ်ဦး တစ်ယောက်၌) မုန်ညင်းစေ့ တစ်စေ့မျှ အလေးချိန်ရှိသော (ကောင်းမှုပင်) ရှိခဲ့လျှင်ပင် ငါအရှင်မြတ်သည် ယင်း (အမှုန်ပမာသေး နုတ်သောကောင်းမှု) ကိုလည်း (အစားပေးစေတော်မူရန် အရှင့်ရှေ့တော်မှောက်သို့) ယူဆောင်စေတော်မူမည် သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်သည်ပင် (လုပ်ရပ်ဟူသမျှနှင့်စပ်လျဉ်း၍ စစ်ဆေးတော်မူ၍ ပကတိအတိုင်း) စာရင်းရှင်းတော်မူသောအရှင်အဖြစ် လုံလောက်တော်မူ၏။
Verse 48 — Surah Al-Anbiya 21:48
ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်) မူစာနှင့်ဟာရူန်တို့အား (အမှားနှင့်အမှန်ကို ကွဲပြားခြားနား စေသော) မှတ်ကျောက် “စံနှုန်တော်”နှင့်အလင်းတော်တစ်ခုဖြစ်ရုံသာမက မွတ္တကီ (ခေါ် အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) တို့အတွက် သတိရ တသလျက် ဖွင့်ဟစရာ (သတိပေးဆုံးမမှုများပါဝင်သော ကျမ်းစာတစ်စောင်) ကို ချီးမြှင့် ပေးအပ်တော်မူခဲ့လေသည်။
Verse 49 — Surah Al-Anbiya 21:49
ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကိုလည်းကောင်း၊ (တမလွန်ဘဝ ရှင်ပြန်ထခြင်းစသော) မျက်ကွယ်ရာများနှင့်စပ်လျဉ်းလည်းကောင်း၊ မမြင်ကြသော်လည်း သူတို့သည် ထို (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့နာရီကို (တွေးတောလျက်) ထိတ်လန့်စိုး ရိမ်နေသူများ ဖြစ်ကြလေ၏။
Verse 50 — Surah Al-Anbiya 21:50
စင်စစ် ငါအရှင်မြတ်သည် ဤ (ကုရ်အာန်ကျမ်းတော်မြတ်) အား (သတိပေးဆုံးမစရာများနှင့်သွန်သင် စရာများပါဝင်သည့်) သတိရ တသ၍ ဖွင့်ဟဖွယ်ရာကျမ်း၊ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောကျမ်း တစ်စောင်အဖြစ် ချမှတ်ပေးအပ်တော်မူခြင်း ဖြစ်၏။ သို့ပါလျက် အသင်တို့သည် ထို (ကျမ်းတော်) ကို ဖီဆန်ငြင်းပယ်သူများ ဖြစ်ကြမည်လော။
Verse 51 — Surah Al-Anbiya 21:51
ထို့ပြင် ဧကန်ပင်၊ ဤ (ကျမ်းတော်မြတ်ကုရ်) မတိုင်မီ ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီမ်အား အမှားအမှန်ကို ခွဲခြားသိမြင်သည့် ဆင်ခြင်တုံတရားနှင့်အမှန်တရားလမ်းညွှန်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် (တမန်တော်အီဗ်ရာဟီးမ်၏ကိုယ်ကျင့်တရားနှင့်စပ်လျဉ်းသော) အကြောင်းအရာ အသေးစိတ်ကို ကောင်းစွာ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
Verse 52 — Surah Al-Anbiya 21:52
(တမန်တော်) အီဗ်ရာဟီမ်းသည် သူ့ဖခမည်းတော်အားလည်းကောင်း၊ သူ့လူမျိုးတို့အားလည်းကောင်း၊ သင်တို့က စွဲလမ်းမှုကြီးစွာဖြင့် အလေးထား၍ ကိုးကွယ်လျှက်ရှိကြသော ဤရုပ်တု ဆင်းပွားများသည် အဘယ်သို့သော အရာများနည်း။” ဟု မေးမြန်းခဲ့လေ၏။
Verse 53 — Surah Al-Anbiya 21:53
(ဖခမည်းတော်အပါအဝင် သူ့လူမျိုးများဖြစ်သော) သူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား ယင်း (ရုပ်တုဆင်းပွားများ) ကို ကိုးကွယ်သူများအဖြစ် တွေ့ရှိခဲ့ကြ (သဖြင့် ကျွန်ုပ်တို့လည်း မိရိုး ဖလာအတိုင်း နာခံလိုက်နာနေကြ) သည်။” ဟု ဖြေဆိုခဲ့ကြလေသည်။
Verse 54 — Surah Al-Anbiya 21:54
(တမန်တော်) အီဗ်ရာဟီမ်းက “အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် လည်းကောင်း၊ မြင်သာထင်ရှားသော လမ်မှားမှု၌ပင် ရှိကြ၏။” ဟု ပြောကြားခဲ့၏။
Verse 55 — Surah Al-Anbiya 21:55
သူတို့က “(အို၊ အီဗ်ရာဟီးမ်) အသင်သည် ကျွန်ုပ်တို့ထံ အမှန်တရားသစ္စာကို ယူဆောင်လာခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် (လူရွှင်တော်) ဟာသပြက်ရယ်ပြုသူ တို့အနက်မှ တစ်ဦးပင် ဖြစ်သ လော။” ဟု မေးမြန်းကြလေ၏။
Verse 56 — Surah Al-Anbiya 21:56
(တမန်တော်) အီဗ်ရာဟီမ်းက “ထိုသို့ အလျှင်း မဟုတ်ပေ၊ အမှန်မှာ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်း ဖွဲ့ စည်းဖြစ်တည်စေ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ဖြစ်ရုံသာမက ယင်းတို့၏မူလဇာစ်မြစ်ကို စတင်ဖြစ်တည်ပေါ် ထွက်စေတော်မူသောအရှင်မှာလည်း ထိုအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထို့ပြင် ကျွန်ုသည် ထိုသို့ ဖွဲ့စည်းဖြစ်ပေါ်လာသည့် အရာအားလုံးနှင့်စပ်လျဉ်း၍ သက်သေခံသူများအနက်တွင်လည်း အပါအဝင်ဖြစ်၏။” ဟု ဖြေကြားခဲ့လေသည်။
Verse 57 — Surah Al-Anbiya 21:57
(တမန်တော်အီဗ်ရာဟီမ်းသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လျက်) အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ။ ကျွန်ုပ်သည် သင်တို့ (ဘုရားကျောင်းမှ) လှည့်ပြန်၍ ထွက်ခွာသွားပြီးနောက်တွင် သင်တို့၏ (ကိုးကွယ်ရာဖြစ်သော ထို) ရုပ်ပွားဆင်းတုများနှင့်ဆန့်ကျင်သော အစီအမံတစ်ခုကို မုချပင်၊ အကွက်ချ၍ စီစဉ် ဆောင်ရွက်မည်။
Verse 58 — Surah Al-Anbiya 21:58
ထို့နောက် (တမန်တော်) အီဗ်ရာဟီမ်းသည် သူတို့ (ဘုရားကျောင်းဘက်သို့) ပြန်လာကြ (စဉ် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို တွေးတောနိုင်) ရန် အလို့ငှာ အကြီးဆုံး (ရုပ်ပွားဆင်းတု) မှအပ ကျန်ရုပ်တုဆင်းပွား အားလုံးကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်ခဲ့လေသည်။
Verse 59 — Surah Al-Anbiya 21:59
(ဘုရားကျောင်းသို့ပြန်လာကြသောအခါ) သူတို့က ကျွန်ုပ်တို့၏ကိုးကွယ်ရာ (ရုပ်တုဆင်းပွား) များကို မည်သူသည် ဤသို့ပြုလုပ်ခဲ့သနည်း။ ဧကန်ပင်၊ ထိုသူသည် စည်းဘောင်ကျူးလွန်ချိုးဖောက်၍ မတော် မတရား မမှန်မကန် ပြုကျင့်သူ ဖြစ်ရမည်။”ဟု ပြောဆိုခဲ့ကြ၏။
Verse 60 — Surah Al-Anbiya 21:60
(သူ့လူမျိုးတို့အနက်မှ အချို့သော) သူတို့က ကျွန်ုပ်တို့သည် အီဗ်ရာဟီမ်းဟုခေါ်တွင်သော လူငယ်တစ်ဦးအား ယင်း (ကျွန်ုပ်တို့၏ကိုးကွယ်ရာ ရုပ်တုဆင်းပွားများ) အကြောင်း ထုတ်ဖော်ပြောနေကြောင်း ကြားခဲ့ကြ၏။” ဟု ပြောဆိုခဲ့ကြ၏။
Verse 61 — Surah Al-Anbiya 21:61
သူတို့က “သို့ဖြစ်လျှင် တမန်တော်အီဗ်ရာဟီမ်အား (အပြစ်မရှိကြောင်း) သက်သေခံစေရန် အများပြည် သူ့ မျက်လုံးများ၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြလော့။” ဟု တောင်းဆိုပြောဆိုကြလေ၏။
Verse 62 — Surah Al-Anbiya 21:62
(တမန်တော် အီဗ်ရာဟီးမ်သည် လူထုရှေ့မှောက်သို့ ရောက်လာသောအခါ) သူတို့က “အို၊ အီဗ်ရာဟီးမ် အသင်သည်ပင်လျှင် ကျွန်ုပ်တို့၏ကိုးကွယ်ရာများကို ဤသို့ ပြုလုပ်ခဲ့လေသလော။” ဟု မေးမြန်းခဲ့ကြ၏။
Verse 63 — Surah Al-Anbiya 21:63
(တမန်တော် အီဗ်ရာဟီးမ်ဖြစ်) သူက “အမှန်မှာ၊ (အပြုခံရလျှင်) ပြုလုပ်သူတစ်ဦးရှိရမည် အကယ်၍ (သင်တို့ယုံကြည်ကိုးကွယ်နေကြသော) ထိုရုပ်တုဆင်းပွားများက စကားပြောဆိုနိုင်ကြပါလျှင် (ရုပ်ပွား ဆင်းတုများအနက်) ဤရုပ်တုသည် အကြီးဆုံးဖြစ်သောကြောင့် သူတို့နှင့်စပ်လျဉ်း၍ ယင်းကို မေးမြန်းသင့်သည်။” ဟု ဖြေဆိုခဲ့လေ၏။
Verse 64 — Surah Al-Anbiya 21:64
သို့ဖြစ်ပေရာ “ဧကန်ပင်၊ သင်တို့သည်သာလျှင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများဖြစ်ကြောင်း ပြောဆိုနိုင်ရန် သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၌ရှိသော အသိတရားဘက်သို့ လှည့်ပြန်သင့်၏။” ဟု (အချင်းချင်း) ပြောဆိုကြလေ၏။
Verse 65 — Surah Al-Anbiya 21:65
ထိုနောက် သူတို့သည် (တမန်တော်အီဗ်ရာဟီးမ်က အမှန်တရားကိုသာ ပြောဆိုနေကြောင်း သိနားလည်၍) သူတို့၏ဦးခေါင်းများကို အောက်သို့စိုက်လျက် (အို၊ အီဗ်ရာဟီ:မ်) ဤရုပ်ပွားဆင်းတုများ (အလျှင်း) စကားပြောဆိုနိုင်ကြသည် မဟုတ်ကြောင်းကို သင်သည်အသိပင် ဖြစ်သည်။” ဟု ပြောဆိုခဲ့ကြ၏။
Verse 66 — Surah Al-Anbiya 21:66
(တမန်တော် အီဗ်ရာဟီမ်းဖြစ်) သူက သို့ပါလျက် အသင်တို့သည် သင်တို့အား ဆိုးကျိုး၊ ကောင်းကျိုး မဖြစ်စေနိုင်သော သင်တို့ကို ကူညီစောင်မခြင်း မရှိကြသော (သက်ရှိသက်မဲ့တို့အား) အလ္လာဟ်အရှင်မြတ်မှလွဲ၍ (ကိုးကွယ်ရာအရှင်သခင်များအဖြစ် အယူထားလျက် ယုံကြည်) ကိုးကွယ်ကြလေသလော။
Verse 67 — Surah Al-Anbiya 21:67
သင်တို့နှင့်အလ္လာဟ်အရှင်မြတ်လွဲ၍ သင်တို့က ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်နေကြသော (ရုပ်တုဆင်းပွားအစရှိသည့်) အရာတို့သည် သင်တို့အတွက် မသတီစရာများဖြစ်ကြောင်းကို (သင်တို့တွေးခေါ်၍) မသိနားမလည် ကြလေသလော။
Verse 68 — Surah Al-Anbiya 21:68
(တမန်တော်အီဗ်ရာဟီးမ်၏လူမျိုးများဖြစ်ကြသော) သူတို့က အသင်တို့သည် (အရေးယူမှု တစ်စုံတစ်ရာ ကို) ပြုလုပ်မည့်သူများဖြစ်ကြလျှင် တမန်တော်အီဗ်ရာဟီးမ်အား မီးတင်ရှို့လျက် သင်တို့၏ကိုးကွယ်ရာ (ရုပ်တုဆင်းပွားများ) ကို ကာကွယ်ထောက်ခံကြလော့။” ဟု ပြောဆိုကြ၏။
Verse 69 — Surah Al-Anbiya 21:69
(သူတို့က တမန်တော် အီဗ်ရာဟီးမ်ကို မီးပုံထဲ ပစ်ချလိုကိသောအခါ) ငါအရှင်မြတ်က ''အို၊ မီး၊ ငါအရှင့် အမိန့်တော်အရ အေးမြပေးလော့။ ထို့ပြင် အီဗ်ရာဟီမ်အပေါ်၌ ငြိမ်းချမ်းသာယာမှုခညောင်းစေလော့။'' ဟု မိန့်ကြားတော်မူခဲ့၏။
Verse 70 — Surah Al-Anbiya 21:70
စင်စစ်သော်ကား သူတို့သည် (တမန်တော်အီဗ်ရာဟီးမ်ဖြစ်) သူနှင့်ပတ်သက်၍ မကောင်းသော အကြံအစည်ကို ကြံရွယ်ခဲ့ကြသော်လည်း ငါအရှင်မြတ်သည် သူတို့အား ဆုံးရှုံးရသူများအဖြစ် ဖြစ်စေတော်မူခဲ့ ၏။
Verse 71 — Surah Al-Anbiya 21:71
ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်နှင့် (အီဗ်ရာဟီးမ်အပေါ် ယုံကြည်မှု အပြည့်ရှိခဲ့သော တမန်တော်) လူးသ်တို့ကို ကယ်တင်တော်မူသည့်အပြင် လောကခပ်သိမ်း လူခပ်သိမ်းတို့အတွက် ဂုဏ်ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော (ဒမစ္စကတ်နှင့်ပါလက်စတိုင်းတို့ပါဝင်သည့်) မြေကမ္ဘာသို့ စေလွှတ်တော် မူခဲ့၏။
Verse 72 — Surah Al-Anbiya 21:72
ထိုမျှမက ငါအရှင်မြတ်သည် တမန်တော်အီဗ်ရာဟီမ်အား (သားနှင့်မြေးများဖြစ်ကြသော) အိစ္စဟာ့က်နှင့်ယာကူဗ်တို့ကို အပိုဆုလဒ်အဖြစ် ချီးမြှင့်တော်မူခဲ့ပြီး (ထိုတမန်တော်) အားလုံးကို ဖြောင့်မတ်မှန် ကန်စွာ ပြုမူကျင့်ကြံသူများ ဖြစ်စေတော်မူခဲ့၏။
Verse 73 — Surah Al-Anbiya 21:73
ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ်၏အမိန့်တော်နှင့် (ဝေနေယျသတ္တဝါများအား) တရား လမ်းမှန်ကို ညွှန်ပြကြသော ရှေ့ဆောင်လမ်းပြခေါင်းဆောင်အဖြစ် ဖြစ်စေတော်မူလျက် သူတို့အပေါ်တွင် ကောင်းမြတ်သော အကျင့်အမူများကို ကျင့်မူဆောက်တည်ကြရန်လည်းကောင်း၊ ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ရန်လည်းကောင်း၊ ဇကာသ် (တရားတော်အရ ချို့တဲ့ဆင်းရဲသူတို့ အတွက် စွန့်လှူရသော လူမှုဖူလှုံကြေး) ကို ပေးကမ်းကြရန်လည်း ကောင်း၊ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်၍ ပြဌာန်းတော်မူခဲ့၏။ အမှန်စင်စစ် သူတို့သည် ငါအရှင်မြတ်အား (စိတ် ရင်းစေတနာဖြူစင်စွာဖြင့်) နာခံကိုးကွယ် သူများပင် ဖြစ်ကြလေ၏။
Verse 74 — Surah Al-Anbiya 21:74
တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်) လူသ်ကိုလည်း (လမ်းပြခေါင်းဆောင်ဖြစ်စေတော်မူ၍) အမြော်အမြင်နှင့်ဆင်ခြင်တုံတရားပေါ် အခြေခံသော တရားဓမ္မနှင့် အသိပညာ ချီးမြှင့်ပေးအပ်တော်မူပြီး မြို့နေ ပြည်သူများက စက်ဆုပ်ရွံ့ရှာဖွယ်ရာများကို ကျူးလွန်နေခ့ကြသော မြို့ရွာမှ ကယ်တင်တော်မူခဲ့၏။ ဧကန်ပင်၊ သူတို့သည် အရှင့်စည်းမျဉ်းဘောင်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန် ဖောက်ဖျက်ကြသည့် အလွန်ယုတ်မာသော လူမျိုးပင် ဖြစ်ခဲ့ကြ၏။
Verse 75 — Surah Al-Anbiya 21:75
ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) လူသ်အား အရှင့်ကရုဏာတော် (၏ဘောင်အတွင်း) သို့ ဝင် ရောက်စေတော်မူခဲ့၏။ ဧကန်ပင်၊ (တမန်တော်) လူးသ်သည် ဖြောင့်မတ်မှန်ကန်စွာ ပြုမုကျင့်ကြံသော သူ တော် စင်တို့တွင် အပါအဝင် ဖြစ်လေ၏။
Verse 76 — Surah Al-Anbiya 21:76
တစ်ဖန် (တမန်တော် အီဗ်ရာဟီးမ်မတိုင်မီရှိခဲ့သော တမန်တော်) နူဟ်ကိုလည်း သူက ငါအရှင်မြတ်ထံ ဆုတောင်းပန်ကြားသောအခါ ငါအရှင်မြတ်သည် သူ၏ပန်ကြားချက်ကို သဘောတူ လက်ခံ၍ တုံ့ပြန်တော်မူသည့်အနေဖြင့် တမန်တော်နူဟ်နှင့် (ယုံကြည်သူများဖြစ်ကြသော နောက်လိုက် အပေါင်းအဖော်များ အပါအဝင်) သူ့မိသားစုကို ဧရာမကြီးမားသော ကပ်ဘေးမှ ကယ်တင်တော်မူခဲ့၏။
Verse 77 — Surah Al-Anbiya 21:77
ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) နူဟ်အား ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို (မဟုတ်မမှန်ဟူ၍စပ်စွဲလျက်) ငြင်းပယ်ခဲ့ကြသော လူမျိုးတို့ (၏ဘေးအန္တရာယ်) မှ ကာကွယ်စောင့်ရှောက်တော်မူရန် ကူညီတော်မူခဲ့၏။ ဧကန်မလွဲ၊ သူတို့သည် အလွန်ဆိုးရွားသော လူမျိးများပင် ဖြစ်ကြသော ကြောင့် ငါအရှင်မြတ်သည် သူတို့အားလုံးကို နစ်မြုပ်စေတော်မူခဲ့၏။
Verse 78 — Surah Al-Anbiya 21:78
တစ်ဖန် (လူတို့၏ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် (တမန်တော်) ဒါဝူဒ်နှင့်စုလိုင်မာန် ပါဝင်ခဲ့၏ ထိုတမန်တော်နှစ်ပါးတို့သည် ညအချိန်၌ အခြားလူမျိုးတို့၏ဆိတ်များအား စားကျက်အဖြစ် မြက်စားစေရန် လွှတ်ထားသော လယ်ယာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ကြစဉ် ငါအရှင်မြတ်သည် သူတို့၏စီရင်ဆုံးဖြတ်မှုအတွက် သက်သေသက်ကန် ဖြစ်တော်မူ၏။
Verse 79 — Surah Al-Anbiya 21:79
ထိုစဉ် ငါအရှင်မြတ်သည် (တမန်တော်) စုလိုင်မာန်အား ထိုအမှု (၏အဆုံးအဖြတ်) ကို (ပြတ်သားရှင်း လင်းစွာ) သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (တမန်တော် ဒါဝူဒ်နှင့်စုလိုင်မာန်တို့) နှစ်ပါးစလုံးအား အမြော်အမြင်နှင့်ဆင်ခြင်တုံတရားပေါ် အခြေခံသော တရားဓမ္မနှင့်အသိပညာ ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်) ဒါဝူဒ်၏ဩဇာခံများထဲတွင် (တောင်တန်းဒေသနေ ယဉ်ကျေးမှု မတွန်းကားသေးသော လူ့အဖွဲ့အစည်းနှင့်မြို့နေ လူ့အဖွဲ့အစည်းများ ပါဝင်ရုံမက အရှင်မြတ်သည် ချို့တဲ့ မှု လုံးဝကင်းပြီး အနှိုင်းမဲ့အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ရန်အလို့ငှာတောင်များနှင့်ငှက်တိရစ္ဆာန်များကိုလည်း (ဒါဝူဒ်နှင့်အတူ အရှင်မြတ်အား) လိုက်နာစေတော်မူ၏။ စင်စစ် ငါအရှင်မြတ်သည် (ထိုကိစ္စအားလုံးကို အမှန်ပင်) စီမံပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူ၏။
Verse 80 — Surah Al-Anbiya 21:80
ထို့ပြင် ငါအရှင်မြတ်သည် သင်တို့ စစ်ရေး (အရ အကြမ်းဖက်တိုက်ခိုက်ခြင်းခံရမည့်) အန္တရာယ်မှ ကာကွယ်နိုင်အလို့ငှာ (တမန်တော်) ဒါဝူဒ်အား သင်တို့အတွက် (အကျိုးရှိမည့်) သံချပ်အင်္ကျီ ပြုလုပ်သော အ တတ်ပညာကို သင်ပေးတော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် (အမှန်ပင် အရှင့်ချီးမြှင့်မှုများအတွက်) ကျေးဇူးသိတတ်သူများ ဖြစ်နိုင်ကြမည်လော။
Verse 81 — Surah Al-Anbiya 21:81
ထို့ပြင် (ငါအရှင်မြတ်သည်) စုလိုင်မာန်အတွက် ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေရန် ဩဇာခံဖြစ်စေတော်မူရာ ယင်းသည် သူ့အမိန့်ညွှန်ကြားချက်နှင့်ညီ (သူ့အား သူ့နန်းတော်ရှိရာနေရာမှ) ငါအရှင် မြတ်က ကျက်သရေမင်္ဂလာ၊ သုခချမ်းသာနှင့်ပြည့်စုံစေတော်မူသော မြေကမ္ဘာ၏နယ်မြေဒေသသို့ တိုက်ခတ်၍ သယ်ဆောင်သွားစေ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ (၏ပကတိ သဘောသဘာဝနှင့်ယင်းတို့၏ရှုထောင့် သွင်ပြင်လက္ခဏာအလုံးစုံ) ကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
Verse 82 — Surah Al-Anbiya 21:82
တစ်ဖန် စေတန်မကောင်းဆိုးဝါးများအနက်မှ (တမန်တော်) စုလိုင်မာန်အတွက် (ပင်လယ်မှ တန်ဖိုးရှိသော ကျောက်မြရတနာများကို ရှာဖွေဖော်ထုတ်ပေးရန်) ရေငုပ်ခြင်းနှင့်အခြားသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးကြသူများလည်း ရှိခဲ့ကြ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည်ပင် ယင်း (စေတန်မကောင်းဆိုး ဝါး) တို့အား (တမန်တော်စုလိုင်မာန်ကို အာမခံနိုင်အောင်) ထိန်းသိမ်းစောင့် ရှောက်တော်မူ သောအရှင်မြတ် ဖြစ်တော်မူ၏။
Verse 83 — Surah Al-Anbiya 21:83
တစ်ဖန် (တမန်တော် အိုက်ယူးဗ်သည်လည်း ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် အပါအဝင် ဖြစ်လေ၏ တမန်တော်) အိုက်ယူးဗ်က သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ ဧကန်ပင်၊ ဘေးဒုက္ခဝေဒနာများသည် ကျွန်ုပ်အပေါ် သက်ရောက်၍ (အသင့်အား နာခံကိုးကွယ် သင့်သလောက် မကိုးကွယ်နိုင်အောင်) ထိခိုက်စေပြီး အသင်အရှင်မြတ်သည်ကား ကရုဏာအ ပေါင်းထက်ပင် သနားကရုဏာ ပြုတော်အမူဆုံးသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူ၏။” ဟု ဟစ်ခေါ် တသ၍ ဆုတောင်း ပန်ကြားခဲ့လေ၏။
Verse 84 — Surah Al-Anbiya 21:84
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (တမန်တော်) အိုက်ယူးဗ်၏အသနားခံ ပန်ကြားချက်ကို သဘောတူ လက်ခံ၍ တုံ့ပြန်ဖြေကြားတော်မူသည့်အနေဖြင့် သူ့အပေါ် သက်ရောက်ခဲ့သော ဘေးဒုက္ခဝေဒနာ အားလုံးကို ဖယ်ရှားပေးတော်မူပြီး (အခြေအနေအားလုံးကို နဂိုအတိုင်းပြန်လည် ဖြစ်စေတော်မူလျက်) သူနှင့်သူ့မိသားစုအတွက်လည်းကောင်း၊ သူတို့နှင့်အတူရှိကြသော (ယုံကြည်) သူတို့အတွက်လည်းကောင်း၊ ငါအရှင်မြတ်ထံတော်မှ ကရုဏာတော် (ဖြစ်သော ကျမ်းတော်) ကို ချီးမြှင့်ပေးအပ်တော်မူ၍ (ယင်းကျမ်းတော်သည်) ဝတ်ပြုကိုး ကွယ်မှု၌ နစ်မြုပ်နေသူတို့အတွက် သတိရ တသ၍ ဖွင့်ဟထုတ်ဖော် စရာပင် ဖြစ်၏။
Verse 85 — Surah Al-Anbiya 21:85
ထို့ပြင် (ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် တမန်တော်) အီစ္စမာအီးလ်၊ အီဒ္ဒရီးစ်နှင့်ဇူလ်ကီဖ်လ်တို့ လည်း ပါဝင်ကြပြီး သူတို့အားလုံးသည် (အရှင့်လမ်းစဉ်အတိုင်း ဘဝတည်ဆောက်ရာတွင် ဇွဲ၊ လုံ့လ၊ ဝီရိယ မြဲမြံစွာဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုရှိကြသူတို့အနက်မှပင် ဖြစ်ကြလေ၏။
Verse 86 — Surah Al-Anbiya 21:86
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (တမန်တော်များဖြစ်ကြသော) သူတို့အား အရှင့်ကရုဏာတော် ဘောင်အတွင်းသို့ ဝင်ခွင့်ပေးတော်မူခဲ့၏။ ဧကန်ပင်၊ သူတို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသော သူ တော်စင်တို့တွင် အပါအဝင် ဖြစ်ကြလေ၏။
Verse 87 — Surah Al-Anbiya 21:87
ထို့ပြင် (တမန်တော်ယူနူးစ်မည်သော) ''ဇွန်နူန်'' ငါးရှင် (သည်လည်းရှေ့ဆောင်လမ်းပြ ခေါင်းဆောင် တစ်ဦးဖြစ်၏။ သူသည် (မယုံကြည်မှု၌ ဇွဲရှိရှိရပ်တည်ပြီး တမန်တော်ယူနူးစ်၏သတိပေးနှိုးဆော်ချက်ကို ဂရုမ စိုက်အလေးမထားသောသူ့လူမျိုးတို့မှ) အမျက်ထွက်လျှက် (အရှင့်ထံတော်မှ နေရပ်စွန့်ရန် အမိန့်တော် မချမှတ်သော်လည်း သူ့ဆန္ဒဖြင့်) ထွက်ခွာသွားခဲ့ခြင်းမှာ ငါအရှင်မြတ်သည် သူ့အပေါ်၌ (ထိုလူမျိုးနှင့်စပ်လျဉ်း၍ အမိန့်စီရင်ချက်ကို) အလျှင်း စီမံပြဌာန်းတော်မူမည်မဟုတ်ဟု ထင်မြင်ခဲ့သောကြောင့်ဖြစ်၏။ သို့ဖြစ်ပေရာ သူသည် (ငါး၏ဝမ်းဗိုက်ထဲရောက်နေသည့်အမှောင်၊ ပင်လယ်ရေ၏အမှောင်နှင့်မှောင်မည်းသော ည၏အမှောင်၊ စသည့် ဖြင့်) အမှောင်များအတွင်းဝယ် (အို၊ အလ္လာဟ်အရှင်မြတ်) အသင်အရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင် ဟူ၍ အလျှင်း မရှိပါ။ အရှင်မြတ်သည် (ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ဧကန်ပင်၊ ကျွန်ုပ်သည် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်၍ မမှန်မကန်လုပ်ခဲ့သူ ဖြစ်၏။” ဟု ဟစ်ခေါ် တသ၍ အသနားခံ ပန်ကြားခဲ့လေသည်။
Verse 88 — Surah Al-Anbiya 21:88
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (တမန်တော်) ယူနူးစ်၏အသနားခံ ပန်ကြားချက်ကို သဘောတူလက်ခံ ၍ တုံ့ပြန်ဖြေကြားတော်မူသည့်အနေဖြင့် သူအား ပူပင်သောက (ဝေဒနာ) မှ ကယ်တင်တော်မူခဲ့၏။ စင် စစ်သော်ကား ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်သူတို့အား ထိုနည်းအတိုင်းပင် ကယ်တင်လေ့ရှိတော်မူ၏။
Verse 89 — Surah Al-Anbiya 21:89
ထို့ပြင် (ရှေ့ဆောင်လမ်းပြခေါင်းဆောင်များတွင် တမန်တော်) ဇကရီယာသည်လည်း တစ်ပါး အပါအဝင် ဖြစ်၏။ သူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ''အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အား (အမွေစား အမွေခံဆက်ခံသူ မရှိဘဲ) အထီးကျန်အဖြစ် စွန့်ထားတော်မမူပါနှင့်။ စင်စစ်သော်ကား အရှင်မြတ်သည် အကောင်းမြတ်ဆုံးသော အမွေစားအမွေခံ ဖြစ်တော်မူပါ၏။'' ဟု ဟစ်ခေါ်တသ၍ ဆုတောင်းပန်ကြားခဲ့လေ၏။
Verse 90 — Surah Al-Anbiya 21:90
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (တမန်တော်) ဇကရီယာ၏အသနားခံ ပန်ကြားချက်ကို သဘောတူ လက်ခံ၍ တုံ့ပြန်ဖြေကြားတော်မူသည့်အနေဖြင့် သူအား (တမန်တော်) ယဟ်ယာကို ချီးမြှင့် ပေးအပ်တော်မူခဲ့၏။ ငါအရှင်မြတ်သည် သူ့ဘဝဖော် (၏ဝေဒနာကို ပျောက်ကင်းစေတော်မူ၍ သန္ဓေတည် နိုင်သောအခြေအနေ ဖြစ်စေတော်မူလျက်) နေသားတကျဖြစ်အောင် ပြုပြင်ပေးတော်မူခဲ့၏။ ဧကန်ပင်၊ သူတို့သည် ကောင်းမှု သုစရိုက်များကို ဆောလျင်စွာ အပြိုင်အဆိုင် ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြ၏။ ထို့ပြင် ငါအရှင်မြတ်အား (အရှင့်ကရုဏာတော်ကို) မျှော်ကိုး၍ လည်းကောင်း၊ (အရှင့်အရေးယူမှုအတွက်) စိုးရွံ့ထိတ် လန့်၍လည်းကောင်း၊ ဟစ်ခေါ်တသ၍ ဆုတောင်းပန်ကြားလေ့ ရှိခဲ့ကြသည့်အပြင် သူတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြ၏။
Verse 91 — Surah Al-Anbiya 21:91
တစ်ဖန် ထိုစင်ကြယ်သောအမျိုးသမီးသည် (ဗြဟ္မစရိယကျင့်၍) သူမ၏ကာယိန္ဒြေကို စောင့်စည်းထိန်းသိမ်းခဲ့ရာ ငါအရှင်မြတ်သည် သူမအား (ကောင်းကင်တမန်ဂျီဗ်ရီးလ်မှ တစ်ဆင့်) ငါအရှင့်ထံတော်မှ (ဝိ ညာဉ်တော်) အသက်ဇီဝိန်ကို မှုတ်သွင်းစေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် သူမအားလည်းကောင်း၊ သူမ၏ သားတော်အားလည်းကောင်း၊ လောကခပ်သိမ်းလူခပ်သိမ်းတို့အတွက် သက်သေလက္ခဏာတော် တစ်ရပ်အဖြစ် ဖြစ်စေတော်မူ၏။
Verse 92 — Surah Al-Anbiya 21:92
ဧကန်မလွဲ၊ ဤ (လူ့သမိုင်းတစ်လျှောက်၌ ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံးနှင့်သူတို့၏နောက်လိုက် များဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်အသိုင်းအဝိုင်း) သည် (အမှန်တရားသစ္စာပေါ် အခြေခံသည့်) သင်တို့ ၏တစ်ခုတည်းသော လူ့ဘောင်အသိုင်းအဝိုင်းပင် ဖြစ်ပြီး ငါအရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့ သည် ငါအရှင် မြတ်အားသာလျှင် နာခံကိုးကွယ်ကြလော့။
Verse 93 — Surah Al-Anbiya 21:93
သို့ရာတွင် လူတို့သည် သူတို့၏ (အလိုဆန္ဒများပေါ်အခြေခံသော အတွေးအခေါ်အယူ အဆများနှင့်) အရေးကိစ္စများကြောင့် အချင်းချင်းကြားတွင် (ဘာသာသာသနာ ဂိုဏ်းဂဏအမမျိုးမျိုးဖြင့် ထိုတစ်ခုတည်းသော လူ့ဘောင်ကို) အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ခဲ့ကြလေ၏။ (စင်စစ်သော်ကား လူသား) အားလုံးတို့သည် ငါအရှင် မြတ်ထံတော်သို့သာလျှင် ပြန်လည်၍ လှည့်ပြန်ကြရမည့်သူများပင် ဖြစ်ကြ၏။
Verse 94 — Surah Al-Anbiya 21:94
သို့ဖြစ်ပေရာ မည်သူမဆို ဖြောင့်မတ်မှန်ကန် ကောင်းမြတ်သော အကျင့်သီလများကို ပြုမူကျင့် ကြံ၍ ထိုသူသည် သက်ဝင်ယုံကြည်သူလည်း ဖြစ်လျှင် သူ၏ကြိုးပမ်းအားထုတ်မှုသည် ပယ်ချငြင်းဆန်ခြင်း ခံရမည် မဟုတ်ပေ။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူ့ (ရုန်းကန်အားထုတ်မှုဟူသမျှကို မှတ်တမ်းတင်ရန်) အတွက် မှတ်တမ်းတင်သူများ ထားရှိတော်မူ၏။
Verse 95 — Surah Al-Anbiya 21:95
စင်စစ်သော်ကား (သူတို့၏အစွန်းရောက်သည့် မယုံကြည်မှုနှင့်အဖတ်ဆယ် မရလောက်အောင် ကြီးလေးသော ပြစ်မှုများကြောင့်) သူတို့အပေါ် (သူတို့စွမ်းရည်တိုးတက်မှုကို သူတို့ကိုယ်တိုင်) တားမြစ်ထားသော မြို့ရွာတိုင်းကို ငါအရှင်မြတ်သည် ဖျက်ဆီးစေရန် ပြဌာန်းတော်မူ၍ သူတို့သည် (ငရဲမီးထဲ ရောက်ချိန်တွင် နောင်တရလာကာ ကောင်းမှုကုသိုလ်ဘက်သို့ ပြန်လိုကြလျှင်လည်း လောကီသို့) ပြန်လှည့်ကြနိုင်မည် မဟုတ်ပေ။
Verse 96 — Surah Al-Anbiya 21:96
နောက်ဆုံးတွင် ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ် (လူမျိုးတို့လွတ်မြောက်၍) ဖွင့်ပေးခြင်းခံရသောအခါ (ကမ္ဘာမြေ ဝယ် အသာစီးရနိုင်သော) ကုန်းမြင့်တိုင်းမှ (လျင်မြန်စွာ) ဆင်းသက်လာကြပေမည်။
Verse 97 — Surah Al-Anbiya 21:97
ထို့ပြင် ပရမတ္တတရားဖြစ်သော အရှင့်ကတိသစ္စာတော်ဖြစ်သည့် (တရားစီရင်တော်မူမည့် နောက်ဆုံးနေ့ နာရီ) နီးကပ်၍လာသောအခါ မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏မျက်လုံးများ သည်ကား (မျက်တောင်ပင် မခတ်ဘဲ) ငေးစိုက်ကြည့်လျက် ပြူးသောအမြင်ဖြင့် “သြော်၊ ဖြစ်မှဖြစ်ရလေ။ ကျွန်ုပ်တို့ဒုက္ခ လှလှတွေ့ရပြီ။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် ဤ (တမလွန်တရားစီရင်မည့်နေ့) ကို ဂရုမစိုက် အလေးမထားဘဲ မေ့လျော့၍သာ နေခဲ့ကြလေ၏။ အမှန်မှာ ကျွန်ုပ်တို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများပင် ဖြစ်ကြသည်။” ဟု ညည်းညူ ပြောဆိုကြပေမည်။
Verse 98 — Surah Al-Anbiya 21:98
ဧကန်စင်စစ်၊ (အမှန်တရားသစ္စာကို မယုံကြည်ဖီဆန်ငြင်းပယ်မှု၌ ဇွဲရှိရှိရပ်တည်နေကြသော) သင်တို့ သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှအပ သင်တို့ ယုံကြည်ကိုးကွယ်နေကြသော (အခြား သက်ရှိ သက်မဲ့ အစရှိသော) ကိုးကွယ်ရာများသည်လည်းကောင်း၊ ငရဲဘုံ၏လောင်စာများပင် ဖြစ်ကြ၏။ အသင်တို့အားလုံး ငရဲဘုံတွင်းသို့ ရောက်ရမည့်သူများသာ ဖြစ်ကြ၏။
Verse 99 — Surah Al-Anbiya 21:99
အကယ်၍ ဤ (ကိုးကွယ်ရာများအဖြစ် အယူထားကိုးကွယ်နေကြသော) အရာများသည် ကိုးကွယ်ရာ အစစ်အမှန်များဖြစ်ကြလျှင် ယင်းတို့မှာ ငရဲဘုံတွင်းသို့ ရောက်ရှိစရာအကြောင်း ရှိမည် မဟုတ်ပေ။ သို့ရာ တွင် (ယခုသော်ကား) သူတို့အားလုံးပင် ငရဲဘုံ၌ အမြဲထာဝရ ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည့်သူများ ဖြစ်ကြပြီ ဖြစ်၏။
Verse 100 — Surah Al-Anbiya 21:100
ထိုငရဲဘုံထဲတွင် သူတို့အတွက် သက်ပြင်းချ၍ ညည်းတွားခြင်းသာလျှင် ရှိပေမည်။ ထို့ပြင် (လောကီ ဘဝ၌ အရှင့်လမ်းညွှန်တော်ဖြစ်သော ကျမ်းတော်မြတ်ကို ကြားနာရန် ငြင်းပယ်ခြင်း၏အကျိုးဆက်အဖြစ်) သူတို့သည် ထိုငရဲဘုံ၌ (မည်သည့်စကား၊ မည်သည့်အသံကိုမျှ) ကြားနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
Verse 101 — Surah Al-Anbiya 21:101
ဧကန်ပင်၊ (အမှန်တရားကို ယုံကြည်၍ ကောင်းမှုများလုပ်ခြင်းကြောင့်) ငါအရှင်မြတ်ထံတော်မှ မူလက ပင် သူတို့အတွက် ကောင်းမွန်စေခြင်းကို ပြဋ္ဌာန်းခြင်းခံရသူတို့သည် ထိုငရဲဘုံမှ ဝေးစေခြင်းကို ခံကြရမည့်သူများပင် ဖြစ်ကြပေမည်။
Verse 102 — Surah Al-Anbiya 21:102
သူတို့သည် ထိုငရဲဘုံနှင့်စပ်လျဉ်း၍ မည်သည့်အသံကိုမျှ သဲ့သဲ့မျှပင် ကြားကြရလိမ့်မည် မဟုတ်ပေ။ စင်စစ် သူတို့သည် သူတို့ဆန္ဒရှိသမျှ၌ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ဖြင့် ထာဝစဉ်ကာလ အကန့်အသတ်မဲ့ မွေ့လျော်ခံစားသူများပင် ဖြစ်ကြပေမည်။
Verse 103 — Surah Al-Anbiya 21:103
(ကမ္ဘာကြီးကို ပြိုပျက်စေမည့်) အကြီးဆုံးသော ထိတ်လန့်ဖွယ်ရာသည်ပင် သူတို့အား စိတ်ဒုက္ခရောက်စေမည် မဟုတ်သည့်အပြင် (ထိုနေ့တွင်) မလာအီကာစေတမန်များသည်ပင် သူတို့အား ''ဤနေ့သည်ကား သင်တို့အတွက် ကတိပြုတော်မူထားသည့်နေ့ပင် ဖြစ်သည်။'' ဟု (သတင်းကောင်းပေးလျက်) ကြိုဆိုဧည့်ခံကြမည်ဖြစ်၏။
Verse 104 — Surah Al-Anbiya 21:104
ထိုနေ့တွင် ငါအရှင်မြတ်သည် မိုးကောင်းကင်အား ရေးသားထားသော မှတ်တမ်းစာရွက်ကို လိပ်ဘိသ ကဲ့သို့ပင် ခေါက်လိပ်တော်မူမည်။ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းဖြစ် တည်စေတော်မူဘိသကဲ့သို့ ထိုအရာများကို (ယင်းတို့ သေကြေပျက်စီး၍ မြေကြီးဖြစ်သွားပြီးမှ နောက်ထပ် တစ်ကြိမ်) ထပ်မံ၍ ဖွဲ့စည်းဖြစ်တည်စေတော်မူပေမည်။ ဤကတိတော်သည် ငါအရှင်မြတ်က အရှင့်အပေါ်၌ အရှင်မြတ်ကိုယ်တိုင် တာဝန်အဖြစ် သတ်မှတ်တော်မူခြင်းဖြစ်ပြီး ဧကန်ပင်၊ ငါအရှင်မြတ်သည် (ကတိပြုတော် မူသမျှကို ဖြည့်ဆည်းတော်မူ၍) ပြုလုပ်စီရင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
Verse 105 — Surah Al-Anbiya 21:105
ဧကန်ပင်၊ ငါအရှင်မြတ်သည် မြေကမ္ဘာကို အရှင့်အစေခံများအနက် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့် ကြံမှုများဖြင့် ပြုပြင်ကြသူတို့သာ အမွေဆက်ခံကြရန် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ အဖြစ် (အ စဉ် ထိန်းသိမ်းထားတော်မူသော မှတ်တမ်းတော်၌) မှတ်တမ်းတင်ထားတော်မူပြီးနောက် ဇဗူးရ်ကျမ်းတွင်လည်း ရေး သားတော်မူခဲ့ပြီး ဖြစ်၏။
Verse 106 — Surah Al-Anbiya 21:106
မလွဲဧကန်၊ ဤ (ကုရ်အာန်ကျမ်းတော်) ၌ (အရှင်မြတ်အတွက် နစ်မြုပ်ထားသော) အရှင့်အစေခံ လူမျိုး တို့အတွက် အမှန်ပင် (စံနမူနာယူဖွယ်ရာ မရှိမဖြစ်လိုအပ်သော သတင်းကောင်း) အကြောင်းကြားချက် သည် ရှိပေ၏။
Verse 107 — Surah Al-Anbiya 21:107
စင်စစ်သော်ကား (အို၊ ရစူလ်တမန်တော်) ငါအရှင်မြတ်သည် အသင့်အား လောကခပ်သိမ်း လူခပ်သိမ်း တို့အတွက် (အတုမရှိ မနှိုင်းယှဉ်နိုင်သော) ကရုဏာတော်အဖြစ်သာလျှင် စေလွှတ်တော်မူ၏။
Verse 108 — Surah Al-Anbiya 21:108
(အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ သင်တို့၏ (ယုံကြည်ကိုးကွယ်ထိုက်သော) ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းသာ လျှင်ဖြစ်ကြောင်းကို ကျွန်ုပ်ထံ ဝဟီအမိန့်တော်ထုတ်ပြန် ချမှတ်၍ ပေးအပ်စေတော်မူ ၏။ သို့ဖြစ်ပေရာ အသင်တို့သည် မွတ်စလင် (ခေါ် သင်တို့၏ကိုယ်စိတ် နှလုံးတို့ကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းလို လားသူ) များ ဖြစ်ကြမည်လော။” ဟု ဟောပြောမေးမြန်းလော့။
Verse 109 — Surah Al-Anbiya 21:109
အကယ်၍ သူတို့သည် မျက်နှာလွှဲ၍ ကျောခိုင်းကြလျှင် (သူတို့အား) “ကျွန်ုပ်သည် (အမှန်တရားသစ္စာ နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ရာ၌) အသင်တို့အားလုံးကို ညီတူညီမျှပင် အတိအလင်း အသိပေးကြေ ညာခဲ့ပြီးဖြစ်၏။ သင်တို့အား ကတိတော်ထားရှိခြင်းခံကြရသောအရာ (မကောင်းမှုအတွက် ပျက်စီးကိန်းနှင့်ကောင်း မှုအတွက် အောင်မြင်သည့်ပန်းတိုင်) သည် နီးသည် ဝေးသည်ကိုမူ ကျွန်ုပ်မသိပေ။” ဟု ပြောကြားလော့။
Verse 110 — Surah Al-Anbiya 21:110
ဧကန်ပင်၊ ထိုအရှင်မြတ်သည် (အသင်တို့ လူသိရှင်ကြား) ထုတ်ဖော်ပြောဆိုသည့် ပြောဆိုချက်ကိုလည်းကောင်း၊ (လျှို့ဝှက်ကြံစည်မှုနှင့်စိတ်ထဲ၌ရည်ရွယ်သည့်အချက်များအပါအဝင်) သင်တို့ ထိန်ဝှက်ဖုံး ကွယ်ထားသည့် ပြောဆိုချက်ကိုလည်းကောင်း အကြွင်းမဲ့ သိနေတော်မူ၏။
Verse 111 — Surah Al-Anbiya 21:111
ထို့ပြင် (အရှင့်ကတိတော်နှင့်အညီ ပျက်စီးကိန်းရောက်စေတော်မမူဘဲ ဆိုင်းငံ့ခွင့်ပေးထားတော်မူခြင်းသည်) အသင်တို့အား စမ်းသပ်တော်မူရန်နှင့်သင်တို့အတွက် သတ်မှတ်ထားသောသက်တမ်း ကာလအထိ လောကီအကျိုးခံစားခွင့်တစ်မျိုး ဖြစ်စေရန် ဖြစ်နိုင်ကြောင်းကိုသာ ကျွန်ုပ်သိနားလည်၏။
Verse 112 — Surah Al-Anbiya 21:112
(နိဂုံးချုပ်အနေဖြင့်) တမန်တော်မြတ် မိန့်ကြားခဲ့သည်မှာ “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (ကျွန်ုပ်နှင့်မယုံကြည်သူများကြားဝယ်) အမှန်တရားသစ္စာဖြင့်သာ စီရင်ဆုံးဖြတ်စေတော်မူပါ။ စင်စစ် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည်သာ အနန္တကရုဏာတော်ရှင်၊ အသင်တို့ မှားယွင်းစွာပုံဖော် (၍ ဂုဏ်တင်လျက် ယုံကြည်ကိုးကွယ်) နေကြသောအရာများနှင့်ဆန့်ကျင်၍ ကူညီစောင်မမှုကို တောင်းခံရသော အရှင်မြတ်လည်း ဖြစ်တော်မူ၏။