Verse 12 — Surah Saba 34:12

ထိုနည်းတူစွာ (အရှင်မြတ်သည် တမန်တော်) စုလိုင်မာန်အတွက် လေကို (သူ့ လက်အောက်ခံ ဖြစ်စေလျက် နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ (ခြေကျင်) တစ်လခရီးလမ်းဖြစ်၍ ညနေလမ်း ခရီးမှာလည်း တစ်လခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် သူ့အတွက် (ကြေးနီ ထွက်ရာဒေသမှ) အရည်ကျိုထားသော ကြေးနီကို စမ်းချောင်းပမာ စီးဆင်းစေတော်မူခဲ့၏။ ထို့ပြင် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ခွင့်ပြုအမိန့်တော်ဖြင့် ဂျင်န်တို့အနက်မှ သူ့ရှေ့မှောက်ဝယ် (သူ့လက်အောက်ခံအဖြစ် ခိုင်းစေသမျှတို့ကို) လုပ်ကိုင်ဆောင်ရွက် ပေးကြသော သူတို့လည်း ရှိကြ၏။ စင်စစ်သော်ကား သူတို့အနက်မှ မည်သူမဆို (သူ့ကိုမနခံ၍) ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည်တိမ်းယိမ်း သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူတို့အား ရဲရဲတောက်သောမီးကို ပြစ် ဒဏ်အဖြစ် မြည်းစမ်းစေတော်မူမည်။