Verse 13 — Surah Fatir 35:13

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ညကို နေ့ထဲသို့ တိုးဝင်ဖြတ်စေတော်မူ (၍ နေ့အဖြစ်ပြောင်း လဲစေတော်မူပြီး) နေ့ကိုညထဲသို့ တိုးဝင်စေတော်မူ (လျက် ညအဖြစ်ပြောင်းလဲစေတော်မူ) ကြောင်းကို လည်းကောင်း၊ နေနှင့်လကို သင်တို့အတွက် အလုပ်အကျွေးပြုသောအရာများ (အသုံးဝင်သော ဩဇာခံများအဖြစ်) ဖြစ်စေတော်မူကြောင်းကိုလည်းကောင်း၊ အရာရာတိုင်းကို ယင်းတည်ရှိရာနေရာနှင့်အချိန်ကာလ အတိုင်းအတာ တစ်ခုအတွက် အမည်နာမအမျိုးမျိုးဖြင့် မှည့်ခေါ်စရာအဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူ၏။ သင်တို့အတွက် ထိုသို့ဖြစ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဖြစ်တော်မူပြီး (စကြဝဠာအပေါင်းနှင့် ယင်းတို့၌ရှိသော အရာခပ်သိမ်းတို့သည် အရှင့် စည်းမျဉ်းနိယာမတော်များနှင့်အညီသာ တည်ရှိသောကြောင့် ဩဇာအာဏာအပေါင်းသည်လည်း) ထိုအရှင်မြတ်၏အချုပ်အခြာအာဏာ၌သာ ရှိ၏။ သို့ရာတွင် ထိုအရှင်မြတ်မှလွဲ၍ (အခြားသက်ရှိသက်မဲ့များကို သူတို့၏ ကိုးကွယ်ရာများအဖြစ် အယူထား ယုံကြည် ကိုးကွယ်လျက်) သင်တို့ ဟစ်ခေါ် တသ၍ ဆုတောင်းနေကြသော ထိုကိုးကွယ်ရာများသည်ကား (စကြဝဠာ အပေါ်င်းနှင့်အရာခပ်သိမ်းတို့၏စိုးမိုးအုပ်ချုပ်မှုအခွင့်အာဏာ၌) စွန်ပ လွံစေ့၌ ကပ်လျက်ရှိသော အမြှေးခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။