Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 48 — Surah Al-Maidah 5:48

ထို့ပြင် ငါအရှင်မြတ်သည် အသင်တမန်တော်ထံသို့ တောင်ရတ်ကျမ်းတော်မှ သူတို့လက်ဝယ်၌ ကျန်ရှိနေသောအရာ (သို့မဟုတ် အချက်အလက်များအား မှန်၊ မမှန်ဟူသည်) ကို အတည်ပြုဖြောင့်မှန်စေသည့် ကျမ်းတော်မြတ်ကုရ်အာန်ကို အမှန်တရားသစ္စာနှင့်အတူ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူပြီး အသင့်အား (စစ်မှန် သောသွန်သင်မှုအားလုံးနှင့်ဆိုင်သော) ယင်းအမှန်တရားသစ္စာအပေါ် ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးအဖြစ် ခန့်အပ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် (သူတို့အချင်းချင်းစပ်ကြားရှိ ပြဿနာများကို ဖြေရှင်းရာ၌) အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် (ကျမ်းတော်) နှင့်အညီ စီရင်ဆုံးဖြတ်လော့။ (သတိထားသင့်သည်မှာ) အသင့်ထံရောက်လာသည့် အမှန်တရားသစ္စာမှ လွှဲချော်၍ သူတို့၏အလိုဆန္ဒရမ္မက် နောက်သို့ မလိုက်မိပါစေနှင့်။ ငါအရှင်မြတ်သည် (ယခင်က လူမျိုးတိုင်းအတွက် တမန်တော်များစေလွှတ်၍ ဘဝတည်ဆောက်ရေးနည်းစနစ်များကို သွန်သင်စေသကဲ့သို့) အသင်တို့အနက်မှဖြစ်သော လူ့အသိုင်းအဝိုင်းတိုင်းတွင်လည်း သူတို့၏ယဉ်ကျေးမှုနှင့်အခြေအနေပေါ်မူတည်၍ ရှရီယသ်တရားဥပဒေကိုယ်စီနှင့်လူနေမှုဘဝပေါ် အခြေခံသည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ကိုယ်စီ ဖွဲ့စည်းဖြစ်ပေါ်စေတော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏ စည်းမျဉ်းနှင့်အညီ) အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို တစ်ခုတည်းသော လူ့အသိုင်းအဝိုင်းအဖြစ် မုချပင် ဖွဲ့စည်ဖြစ်ပေါ်စေတော်မူနိုင်၏။ သို့ရာတွင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်က (ငါအရှင်မြတ်ချမှတ်ပေးအပ်တော်မူသည့်) တရားတော်၌ အသင်တို့အနက်မှ (မည်သူတို့က မြဲမြံစွာ ရပ်တည်ကြသည်နှင့်စပ်လျဉ်း၍) အသင်တို့အား စမ်းသပ်တော်မူရန်သာ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် (လူသားအကျိုးပြုလုပ်ငန်း၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ ချို့တဲ့ဆင်းရဲသူတို့အား ရိုင်းပင်း ကူညီရေး၊ စသော) ကောင်းမှုကုသိုလ်များတွင် သူ့ထက်ငါသာအောင် အပြိုင်အဆိုင် ရုန်းကန်ကြိုးပမ်းကြလော့။ အကြောင်းမှာ အသင်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည် ရောက်ရှိကြရမည် ဖြစ်ပြီ ထိုသို့ရောက်ရှိစဉ် ထိုအရှင်မြတ်သည် အသင်တို့ ကွဲလွဲခဲ့ကြကုန်သော (အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍) အသင်တို့အား အသေးစိတ် အသိပေးတော်မူမည်ဖြစ်၏။