Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 6 — Surah Al-Maidah 5:6

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ဆွလာသ်ဝတ်ပြုမှုဆောက်တည်ရန် ရည်ရွယ်သည့်အခါ သင်တို့၏မျက်နှာများကို ဆေးကြောပြီး သင်တို့၏လက်များကို တံတောင်ဆစ်များအထိလည်းကောင်း၊ သင်တို့၏ဦးခေါင်းများကို ပွတ်သပ်၍လည်းကောင်း၊ သင်တို့၏ခြေများကို ခြေမျက်စေ့များအထိလည်းကောင်း၊ (တမန်တော်မြတ်က လက်တွေ့လုပ်ဆောင်ပြသခဲ့သည့်အတိုင်း ဝူဇူခေါ်ဝတ်ပြုမှုအတွက် လုပ်ရသည့် ဆေးကြောမှုဖြင့်) ဆေးကြောသန့်စင်ကြလော့။ အကယ်၍ သင်တို့သည် ရေချိုးရန်တာဝန်ရှိသော မသန့်ရှင်းသည့် အနေအထားတွင် ရှိနေကြလျှင် (ရေချိုးစဉ်လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်များကို) သန့်စင်အောင်ပြုကြလော့။ ထို့ပြင် အကယ်၍ သင်တို့သည် ကျန်းမာရေးချို့တဲ့နေသည့် သို့မဟုတ် ခရီးစဉ်၌ရှိနေသည့် အနေအထားတွင် ရှိနေသူဖြစ်လျှင် သို့မဟုတ် ရေမရှိသော သန့်စင်ခန်းမှ ထွက်လာသူဖြစ်လျှင် သို့မဟုတ် (တရားဝင်ထိမ်းမြားထားသည့်) အမျိုးသမီးနှင့်ထိတွေ့ချဉ်းကပ်ခဲ့ကြရလျှင် (ထိုအခြေအနေတွင် ရေချိုးရန် တာဝန် ရှိကြောင်းကို သိနေသော်လည်း) ရေရှာမတွေ့သောအခါ (သင်တို့၏လက်ဝါးနှစ်ဖက်ဖြင့်) သန့်ရှင်းသော မြေကြီးကို ရိုက်ပုတ်၍ သင်တို့၏မျက်နှာများနှင့် (လက်ဖျံမှ တံတောင်ဆစ် အထိပါစေလျက်) လက်များပေါ်တွင် ပွတ်သပ်ခြင်းဖြင့် သန့်စင်မှုအတွက် ရည်ရွယ် (၍တယမ်မွမ်) ပြုကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ် ကျဉ်းကြပ်ခက်ခဲမှုဟု ပြစ်တင်ခွင့်ရဖွယ်ဖြင့် စည်းကြပ်တော်မူရန် ရည်ရွယ်တော်မူသည် မဟုတ်ပေ။ သို့သော် သင်တို့ကျေး ဇူးသိတတ်ကြရန်အလို့ငှာ သင်တို့အပေါ် အခွင့်အရေးပေးလျက် အရှင့်ဂုဏ်ပေးမှုကို စုံလင်ပြည့်စုံစေတော်မူရန်နှင့်သင်တို့အား သန့်ရှင်းစင်ကြယ်စေတော်မူရန်အတွက်သာ ရည်ရွယ်တော်မူ၏။