Back to Languages

Burmese - Chapter 73 - Al-Muzzammil

Translation by Alin U Yin — Permalink

Verse 20 — Surah Al-Muzzammil 73:20

(အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ အသင်သည်လည်းကောင်း၊ အသင်နှင့်အတူရှိကြသော သာဝကြီး များအနက်မှ အုပ်စုတစ်ခုသည်လည်းကောင်း၊ ည၏သုံးပုံနှစ်ပုံနီးပါးခန့် သို့မဟုတ် ည၏သုံးပုံတစ်ပုံတွင် ထ၍ ဝတ်ပြုဆုတောင်းရန် ရပ်တည်ကြောင်းကို အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော် မူသော အရှင်မြတ်က အကြွင်းမဲ့ သိနေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သာလျှင် ညကို လည်းကောင်း၊ နေ့ကိုလည်းကောင်း (ဖြစ်ပေါ်ပြောင်းလဲစေတော်မူလျက် တိကျလိုက်ဖက်စွာ တိုင်းတာတော်မူ၍) သတ်မှတ်ပြ ဌာန်းတော်မူ၏။ (အို၊ ယုံကြည်သူအပေါင်းတို့) ဧကန်စင်စစ်၊ သင်တို့သည် ယင်း (ညအချိန်ကာလ၌ ထ၍ ဝတ်ပြုဆုတောင်းမှု)အား ရေရှည်တည်တံ့အောင် စောင့်စည်းနိုင်ကြမည် မဟုတ်ကြောင်းကို ထိုအရှင်မြတ်က သိနေတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် သင်တို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူခဲ့၏။ သို့ဖြစ်သောကြောင့် သင်တို့သည် (ဆွလာသ်ဝတ်ပြုကြစဉ်) ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ် နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ်ကြလော့။ သင်တို့အနက် အချို့သည် နာမကျန်းသူများဖြစ်ကြ၍ အခြား သူတို့သည် (မြေကမ္ဘာပေါ်၌ ချီးမြှင့်ပေးအပ်တော်မူသော မြေပေါ်မြေအောက်ရေပေါ်ရေအောက် သယံဇာတများ၊ စွမ်းအင်၊ ရိက္ခာအထောက်အပံ့များဖြစ်သည့်) အလ္လာဟ်အရှင်၏ကျေးဇူးတော်များကို ရှာဖွေရန် (မြေကမ္ဘာအနှံ့) ခရီးသွားလာကြသည်ကိုလည်းကောင်း၊ အခြားသူအချို့မှာမူ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်တိုက်ကြသည်ကိုလည်းကောင်း၊ အရှင်မြတ်က သိနေတော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် (ဆွလာသ်ဝတ်ပြုကြစဥ်) ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ်နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ်ကြလော့။ ထို့ပြင် သင်တို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ) ဆောက်တည်မြဲ၍ ဇကာသ် (ခေါ်တရားတော်အရ ချို့တဲ့ ဆင်းရဲသူတို့အား ပေးကမ်းစွန့်လှူရသော လူမှုဖူလုံကြေး) ကို ပေးဆောင်ကြလော့။ ထို့ပြင် (အရှင် မြတ်ထံတော်မှ အဆပေါင်းများစွာ ပြန်ရရန်အလို့ငှာ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် (သင်တို့၏အသက်၊ စည်းစိမ်နှင့်ပိုင်ဆိုင်မှုများကို သုံးစွဲခြင်းဖြင့် သင်တို့၏ကိုယ်စိတ် နှလုံးနှင့်စည်းစိမ်တို့ကို) အမွန်မြတ်ဆုံးချေးငှား မှုဖြစ်သည့် အလ္လာဟ်အရှင်မြတ် (အလိုရှိတော်မူသော လမ်းစဉ်တော်အတွက်) ချေးငှားကြလော့။ စင်စစ်သော်ကား သင်တို့သည် သင်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့် အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၏အကျိုးအတွက် မည်သည့် ကောင်းမှုကုသိုလ်ကို (လောကီဘဝ၌ ပြုမူကျင့်ကြံ၍ တမလွန်ဘဝ၌ အကျိုးခံစားရန်) ကြိုတင်ပို့နှင့်သည်ဖြစ်စေ၊ ယင်း (ကောင်းမှုကုသိုလ်) ကို အလ္လာဟ်အရှင်မြတ်ထံတော်၌ မွန်မြတ်သော ဆုလဒ်အဖြစ်လည်းကောင်း၊ ထိုထက်မက ပိုမို၍ ကြီးကျယ်သော ဆုလဒ်အဖြစ်လည်းကောင်း၊ သင်တို့ တွေ့ရှိကြရပေမည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပန်ကြားကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။