Verse 1 — Surah Yunus 10:1
၁။ အလီ(ဖ်)၊လမ်၊ရာ။ ဤဂါထာများသည် နက်နဲသိမ်မွေ့လှသောကုရ်အာန်ကျမ်းတော်ကြီး၏ ဂါထာတော်များဖြစ်၏။
Verse 2 — Surah Yunus 10:2
၂။ ငါအရှင်မြတ်သည် လူသားတို့အနက် တစ်ဦးတစ်ယောက်ကို ရွေးကောက်တော်မူ၏။ ထိုသူအား အို-တမန်တော်၊ သင်သည် လူသားအပေါင်းတို့ကို သတိပေးဆုံးမလော့။ ယုံကြည်သူတို့အား ၎င်းတို့အတွက် ၎င်းတို့၏ အရှင်သခင် အထံတော်၌ ဂုဏ်ရှိသောအဆင့်အတန်းရှိကြောင်းသတင်းကောင်းကို ပေးလော့ဟု ဗျာဒိတ်ပေးတော်မူသည်ကို လူသားအပေါင်းတို့အ့ံသြကြသလော။ မိစ္ဆာဒိဋ္ဌိတို့က မှတ်သားကြလော့။ ဤသူသည် စုံးဆရာဖြစ်သည်ဟု ဆိုကြ၏။
Verse 3 — Surah Yunus 10:3
၃။ မှတ်သားကြလော့။ သင်တို့၏ အရှင်သခင်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခြောက်ရက်အချိန်ကာလ အတွင်း ဖန်ဆင်းတော်မူ၏။ ထို့နောက်ရာဇပလ္လင်တော်ကြီးပေါ်တွင် စိုးစံ၍ ခပ်သိမ်းကုန်အပေါင်းတို့ကို ညွှန်ကြား အုပ်စိုးတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ အခွင့်တော်မရှိပဲ ရှေ့တော်ဝယ် သူတပါးကို တောင်းပန်ကယ်နှုတ်သူ မရှိပေ။ ဤအရှင်သည် သင်တို့၏ အရှင်သခင် အလ္လာဟ်အရှင်ဖြစ်တော်မူ၏၊ ထို့ကြောင့် အရှင်မြတ်အား ကိုးကွယ်ကြလော့။ သင်တို့အသိတရားရကြမည်မဟုတ်လော။
Verse 4 — Surah Yunus 10:4
၄။ အရှင်မြတ်ထံတော်သို့ သင်တို့အားလုံးပြန်ရကြလိမ့်မည်။ ဤအချင်းအရာ သည် အလ္လာဟ်အရှင်မြတ်ထားတော် မူသော ကတိတော်အမှန်ပင်ဖြစ်သည်။ မှတ်သားကြလော့။ အရှင်မြတ်သည် ဖန်ဆင်းစီရင်တော်မူ၏။ ယုံကြည် လျက် ကုသိုလ်ကောင်းမှုများကို ပြုကျင့်သောသူတို့အား တရားမျှတစွာဆုပေးသနားတော်မူဖို့ရာ ထပ်မံဖန်ဆင်း စီရင်တော်မူ၏။ မိစ္ဆာဒိဋ္ဌိတို့မှာမူကား သူတို့အတွက် သူတို့၏ မိစ္ဆာအယူဝါဒကြောင့် ကျွက်ကျွက်ဆူနေသော ရေနှင့် အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်ရှိမည်။
Verse 5 — Surah Yunus 10:5
၅။ အရှင်မြတ်သည် နေကို ထွန်းတောက်စွာ၊ လကို လင်းဝင်းစွာဖန်ဆင်းထားတော်မူ၏။ လယသွားလာဖို့ရာ ခရီးစဉ်ကို စီရင်ထားတော်မူ၏။ နေနှင့်လသည် လူသားတို့အချိန်ကာလနေ့ရက်လနှစ်များကို ရေတွက်ဖို့ရာဖြစ်၏။ အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အလဟဿအကျိုးမဲ့ဖန်ဆင်းတော်မူသည်မဟုတ်၊ မှန်ကန်သော အကြောင်းရင်းနှင့်သာ ဖန်ဆင်းတော်မူ၏။ အရှင်မြတ်သည် ကျမ်းတော်မြတ်ကို ဉာာဏ်ပညာရှိသူတို့အဖို့ အသေး စိတ်ထုတ်ပြန်ချပေးသနားတော်မူ၏။
Verse 6 — Surah Yunus 10:6
၆။ မှတ်သားကြလော့၊ နေ့နှင့်ညဉ့်ကို ပြောင်းလဲတော်မူခြင်းတို့၌လည်းကောင်း၊ မိုးမြေတွင် အလ္လာဟ်ဖန်ဆင်းထား တော်မူသောအရာများ၌သော်လည်းကောင်း၊ အကုသိုလ်မကောင်းမှုကို ရှောင်ရှားသူတို့အဖို့ သက်သေသာဓက တော်များပါရှိကြ၏။
Verse 7 — Surah Yunus 10:7
၇။ မှတ်သားကြလော့၊ အကြင်သူသည် ငါအရှင်မြတ်ကို တွေ့မြင်ဖူးမျှော်ရမည်ကို မမျှော်ကိုးပဲ လောကီစည်းစိမ်ကို မက်မောတပ်မက်၏။ ထိုစည်းစိမ်သည် တည်မြဲလုံခြံုသည်ဟု ထင်မှတ်ကြ၏။ ငါ၏ ကုရ်အာန်ကျမ်းတော်ကို မလေးစား၊မထီမဲ့မြင်ပြုကြ၏။
Verse 8 — Surah Yunus 10:8
၈။ ထိုသူတို့၏ နေအိမ်သည် မိမိတို့၏ အကျိုးဆက်ကြောင့် ငရဲမီးဖြစ်လိမ့်မည်။
Verse 9 — Surah Yunus 10:9
၉။ မှတ်သားကြလော့၊ အကြင်သူတို့သည် ယုံကြည်၍ ကုသိုလ်ကောင်းမှုပွားများကြ၏။ ထိုသူတို့အား သူတို့၏ အရှင်သခင်သည် သူတို့၏ ယုံကြည်မှုအားဖြင့် လမ်းပြတော်မူ၏။ သုခဥယျာဉ်တော်အတွင်း၌ သူတို့အောက်တွင် မြစ်ချောင်းအသွယ်သွယ်စီးဆင်းလိမ့်မည်။
Verse 10 — Surah Yunus 10:10
၁၀။ ဥယျာဉ်တော်အတွင်း၌ သူတို့သည် အို-အလ္လာဟ်အရှင်၊ အရှင်သည် ချို့တဲ့ခြင်းကင်းတော်မူပါ၏ဟု ဆုတောင်းကြ လိမ့်မည်။ သူတို့သည် အချင်းချင်းအေးချမ်းသာယာခြင်းသက်ရောက်ပါစေသောဟု နှုတ်ဆက်မေတ္တာပို့ကြလိမ့် မည်။ သူတို့သည် မိမိတို့၏ ဆုတောင်းဒဏ်ကို စကြဝဠာအပေါင်းတို့၏ အရှင်သခင်အလ္လာဟ်အရှင်သည် ချီးမြှင့်ခြင်းတည်ရာဖြစ်တော်မူ၏ဟု ဥဒါန်းရင့်ကျူးခြင်းဖြင့် အဆုံးသတ်ကြလိမ့်မည်။
Verse 11 — Surah Yunus 10:11
၁၁။ လူသားတို့သည် ကောင်းကျိုးကို မြန်မြန်ဆန်ဆန်သိမ်းယူသကဲ့သို့ အလ္လာဟ်အရှင်မြတ်သည် သူတို့ရထိုက်သော အပြစ်ဒဏ်ကို မြန်စေတော်မူလျှင် သူတို့၏ အပြစ်ဒဏ်ကို ရွှေ့ဆိုင်းထားသောအချိန်သည် ကုန်လွန်ပေလိမ့်မည်။ သို့သော်ငါအရှင်မြတ်သည် ငါ့အား မျက်ဝါးထင်ထင်တွေ့မြင်ဖူးမျှော်ရမည်ကို မမျှော်လင့်သောသူတို့ကို ဆင်ကန်း တောတိုးသကဲ့သို့ ၎င်းတို့၏ ထောင်ထားခြားနားခြင်း၌ တောတိုးရန် လွှတ်ထားတော်မူ၏။
Verse 12 — Surah Yunus 10:12
၁၂။ အကယ်၍ လူသားသည် ဘေးဒုက္ခတွေ့ကြံုသောအခါ ငါ့အထံတော်၌ လျောင်း၍သော်လည်းကောင်း၊ ထိုင်၍ သော်လည်းကောင်း၊ ရပ်၍သော်လည်းကောင်း၊ ဆုတောင်းပန်ထွာ၏။ သို့သော်ငါသည် သူ့ကို ဒုက္ခမှ ကယ်နှုတ် တော်မူသောအခါ သူသည် ငါ့အား သူ့ကို ဘေးမှ ကယ်နှုတ်တော်မူရန် ဆုမတောင်းလေသကဲ့သို့ သွားမြဲလမ်းကို သွား၏။ တရားတော်ကို ကျူးလွန်သောသူတို့သည် မိမိတို့ကျင့်ကြံမှုများကို ဤသို့မင်္ဂလာရှိသည်ဟု ထင်မှတ် ကြ၏။
Verse 13 — Surah Yunus 10:13
၁၃။ သူတို့မကောင်းမှုကို ပြုသောအခါ ငါသည် သင်တို့မဖြစ်ထွန်းမီ ရှေးလူဟောင်းအဆက်များစွာကို သုတ်သင် ရှင်းလင်းတော်မူ၏။ သူတို့၏ တမန်တော်များသည် သူတို့ထံသို့ အရှင်မြတ်သည် အချုပ်အခြာအာဏာပိုင်သ တော်မူကြောင်း ထင်ရှားသောသက်သေသာဓကတော်များကို ယူဆောင်လာကြ၏။ သို့သော်သူတို့သည် မယုံ ကြည်ကြပေ။ ဤနည်းအတိုင်းငါသည် အပြစ်ရှိသူတို့အား ဆုပေးသနားတော်မူ၏။
Verse 14 — Surah Yunus 10:14
၁၄။ ထိုရှေးလူဟောင်းများနောက် ငါသည် သင်တို့အား ကမ္ဘာမြေပေါ်ဝယ် ငါ၏ ကိုယ်စားလှယ်တော်များခန့်တော်မူ၏။ သင်တို့သည် မည်သို့ပြုကျင့်ကြမည်ကို ရှုတော်မူရန်ဖြစ်၏။
Verse 15 — Surah Yunus 10:15
၁၅။ ငါ၏ ရှင်းလင်းသောဗျာဒိတ်တော်များကို သူတို့အား ရွတ်ဖတ်ပြသောအခါ ငါ့ကို ဒိဌမျက်မြင်ဖူးမျှော်ရမည်ကို မမျှော်လင့်သူတို့က ဤဂါထာမှတပါး အခြားဓမ္မတရားကို ယူခဲ့လော့။ သို့မဟုတ် ဤဂါထာကို ပြောင်းလဲလော့ဟု ဆိုကြ၏။ အို-တမန်တော်၊ ဟောကြားလော့၊ အကျွနု်ပ်သည် တရားတော်ကို မိမိအလိုအလျောက်မပြုပြင် မပြောင်းလဲနိုင်ပေ။ အကျွနု်ပ်သည် မိမိအား ပေးသနားတော်မူသောဗျာဒိတ်တော်ကိုသာလျှင် လိုက်နာဆောင်ရွက် ၏။ မှတ်သားကြလော့၊ အကယ်၍ အကျွနု်ပ်သည် မိမိ၏ အရှင်သခင်အား မနာခံတော်လှန်လျှင် အကျွနု်ပ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့တော်ကြီး၏ လက်စားချေဒဏ်ကို ကြောက်ရွံ့၏။
Verse 16 — Surah Yunus 10:16
၁၆။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် အကျွနု်ပ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို သင်တို့အား ဖတ်ပြဟောပြောမည်မဟုတ်ပေ။ သို့မဟုတ်အရှင်မြတ်သည် သင်တို့အား ကျမ်းတော်မြတ်ကို သိစေတော်မူလေမည်မဟုတ်ပေ။ အကျွနု်ပ်သည် ကုရ်အာန်ကျမ်းတော်မြတ်မကျရောက်လာမီ၊ သင်တို့နှင့်အတူ တကွ တစ်သက်လုံးနေခဲ့ပြီးဖြစ်သည်။ သင်တို့၌ အသိဉာာဏ်မရှိကြသလော။
Verse 17 — Surah Yunus 10:17
၁၇။ အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မဟုတ်မမှန်လုပ်ကြံပြောသောအရှင်မြတ်၏ တရားတော်များကို ငြင်းပယ်သော ပြစ်မှုကို ကျူးလွန်သူထက် အဘယ်သူသည် သာလွန်ကြီးမားသောဒုစရိုက်မှုကို ကျူးကျော်သနည်း၊ မှတ်သား ကြလော့၊ အပြစ်ရှိသူတို့သည် အဘယ်သောအခါမှ အောင်မြင်ကြလိမ့်မည်မဟုတ်ပေ။
Verse 18 — Surah Yunus 10:18
၁၈။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကောင်းကျိုးဆိုးကျိုးကို မပေးနိုင်သောအရာဝထ္ထုတို့ကို ကိုးကွယ် ကြ၏။ သူတို့က ဤဘုရားတုများသည် အကျွနု်ပ်တို့ကို အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်ဝယ် တောင်းပန် ကယ်နှုတ်သူများဖြစ်ကြ၏။ ဟောကြားလော့၊ သင်တို့သည် အလ္လာဟ်အရှင်အား မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ် ဝယ် အလ္လာဟ်အရှင်မြတ်သိတော်မမူသောအရာတစ်ခုခုကို တင်လျှောက်ကြမည်လော၊ အရှင်မြတ်သည် ချီးမွမ်း ခြင်းတည်ရာဖြစ်တော်မူ၏။ သင်တို့ပူးတွဲသောဘုရားများထက် သာလွန်မြင့်မြတ်တော်မူ၏။
Verse 19 — Surah Yunus 10:19
၁၉။ လူသားအပေါင်းတို့သည် တမျိုးစုတစုတည်းသာဖြစ်ကြ၏။ ထို့နောက်သူတို့သည် ကွဲပြားခြားနားကြ၏။ သင်၏ အရှင်သခင်ကသာ ဗျာဒိတ်ချတော်မမူခဲ့ပါလျှင် သူတို့၏ ဝိဝါဒကွဲပြားမှုကို စစ်ကြောဆုံးဖြတ်တော်မူပြီးလိမ့်မည်။
Verse 20 — Surah Yunus 10:20
၂၀။ သူတို့သည် သူတို့၏ အရှင်သခင်က သူ့ထံသို့ သက်သေသာဓကတစ်ပါးချပေးတော်မူပါလျှင် ကောင်းလေစွဟု ပြောကြ၏။ အို-မိုဟမ္မဒ်၊ သင်ဟောကြားလော့၊ မမြင်စွမ်းနိုင်သောအရာများသည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်ဖြစ်၏။ ထို့ကြောင့်စောင့်ဆိုင်းလော့၊ အကျွနု်ပ်လည်း သင်တို့နှင့်အတူ အမှန်ပင်စောင့်ဆိုင်းနေ၏။
Verse 21 — Surah Yunus 10:21
၂၁။ ငါအရှင်မြတ်သည် လူသားတို့ကို သူတို့ခံစားနေရသောဆင်းရဲဒုက္ခနောက် ကောင်းကြီးမင်္ဂလာတော်ကို မြည်းစေ တော်မူသောအခါ သူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ဖျက်ဆီးဖို့ရာ အကြံရှိကြ၏။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် အကြံထုတ်ရာ၌ သာလွန်လျင်မြန်တော်မူ၏။ မှတ်ထားကြလော့။ ငါ၏ တမန်တော်များ သည် သင်တို့အကြံအစည်ကို ရေးထားကြ၏။
Verse 22 — Surah Yunus 10:22
၂၂။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို ရေလမ်းကုန်းလမ်းဖြင့် သွားလာနိုင်စေတော်မူ၏။ ထို့ကြောင့်သင်တို့သည် လှေသင်္ဘောများကို စီးနင်းသွားလာနိုင်ကြ၏။ လှေသဘေ်ာများသည် လေသင့်သောအခါ ကောင်းစွာသွားကြ၏။ ခရီးသည်တို့လည်း ထိုအခါအလွန်ပျော်ပိုက်ကြ၏။ ထို့နောက်လေမုန်တိုင်းတိုက်လာ၏။ ထိုအခါလှိုင်းများသည် သူတို့၏ အနောက်ဘက်မှ ထကြွလာကြ၏။ သူတို့သည် မိမိတို့အား လှိုင်းတံပိုးများဖုံးလွှမ်းနေသည်ဟု ထင်မှတ် ကြ၏။ ထိုအခါသူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ငိုကြွေးဆုတောင်းကြ၏။ အရှင်မြတ်ကိုသာလျှင် ကိုးကွယ်ကြ၏။ သူတို့က အို-အလ္လာဟ်အရှင်၊ အကျွနု်ပ်တို့အား ဤဘေးဥပါဒ်မှ ကယ်နှုတ်တော်မူပါလျှင်၊ အကျွနု်ပ်တို့သည် ကျေးဇူးတော်ကို ချီးကျူးတသသူတို့ဘောင်တွင် မုချဧကန်ပါဝင်ကြပါမည်ဟု ပန်ထွာကြ၏။
Verse 23 — Surah Yunus 10:23
၂၃။ သို့သော်အရှင်မြတ်သည် သူတို့အား ကယ်ဆယ်တော်မူသောအခါ သူတို့သည် ကမ္ဘာမြေပေါ်တွင် မတရား ထောင်ထားခြားနားကြ၏။ အို-လူသားတို့၊ သင်တို့၏ ပုန်ကန်မှုသည် သင်တို့ကိုသာ နစ်နာစေမည်။ သင်တို့သည် ဤလောကီစည်းစိမ်၌ မြူးထူးပြီးနောက် ငါ့အထံတော်သို့ ပြန်လာကြရမည်၊ ထိုအခါငါသည် သင်တို့၏ ပြုမူချက် များကို သင်တို့အား ပြောပြတော်မူမည်။
Verse 24 — Surah Yunus 10:24
၂၄။ ဤလောကီဘဝ၏ ဥပမာသည် ငါအရှင်မြတ်မိုးကောင်းကင်မှ ရွာသွန်းစေတော်မူသောမိုးရေနှင့်သာတူ၏။ ထိုအခါ မြေကြီးမှ လူနှင့်ကျွဲနွားတိရိစ္ဆာန်တို့စားသည့်အသီးအရွက်ကောက်ပဲသီးနှံတို့ပေါက်ကြ၏။ ကမ္ဘာမြေကြီးသည် အသီးအပင်များနှင့် စိမ်းစိုသိုက်မြိုက်တင့်တယ်၏။ လူသားတို့သည် ကမ္ဘာမြေကြီးကို အစိုးရသည်ဟု ထင်မှတ် ကြ၏။ ငါ၏ အမိန့်တော်သည် ညဉ့်၌ဖြစ်စေ၊ နေ့၌ဖြစ်စေ ကျရောက်လာ၏။ ငါသည် အပင်များကုန်ခဲ့သော နေ့က မရှိခဲ့သကဲ့သို့ ကမ္ဘာမြေကြီးကို ကောက်ရိတ်ပြီးသောလက်မြေအထိ ဖြစ်စေတော်မူ၏။ ဤကဲ့သို့ငါသည် တရားတော်ကို စဉ်းစားဆင်ခြင်တတ်သူတို့အဖို့ ရှင်းလင်းပြသတော်မူ၏။
Verse 25 — Surah Yunus 10:25
၂၅။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ငြိမ်သက်ခြင်းဗိမာန်တော်သို့ ခေါ်ယူတော်မူ၏။ အလိုတော်ရှိသူတို့အား သမ္မာလမ်းမှန်သို့ ပြသတော်မူ၏။
Verse 26 — Surah Yunus 10:26
၂၆။ ကုသိုလ်ကောင်းမှုဆည်းပူးသူတို့အတွက် အလွန်မွန်မြတ်သောဆုတော်ရှိ၏။ သူတို့သည် အားထုတ်ဆည်းပူး ခဲ့သည်ထက် ပိုမို၍ အကျိုးခံစားရကြ၏။ သူတို့၏ မျက်နှာများသို့ မြေမှုန့်သော်လည်းကောင်း၊ အရှက်ကွဲမှု သော်လည်းကောင်း၊ မချဉ်းကပ်ပေ။ သူတို့သည် နိဗ္ဗာန်ဥယျာဉ်တော်ကို တရားသဖြင့်ပိုင်ဆိုင်သူများဖြစ်ကြ၏။ ဥယျာဉ်တော်တွင် ခံစားနေထိုင်ကြလိမ့်မည်။
Verse 27 — Surah Yunus 10:27
၂၇။ အကုသိုလ်မကောင်းမှုများကို ပြုကျင့်သူတို့အတွက် မိမိပြုကျင့်သောအကုသိုလ်မှုနှင့်မျှတသောအပြစ်သာရှိ၏။ သူတို့ကို အလ္လာဟ်အရှင်မြတ်မှ ကာကွယ်သူမရှိပေ။ သူတို့၏ မျက်နှာသည် အလွန်မှောင်မိုက်သောညဉ့်၏ အမှောင်ထုဖုံးလွှမ်းအုပ်ထားသကဲ့သို့ အိန္ဒြေကင်းမဲ့မည်းနက်လျက်ရှိ၏။ သူတို့သည် အဝီစိငရဲကို တရားသဖြင့် ပိုင်ဆိုင်သူများဖြစ်၍ ငရဲအတွင်း၌ ခံစားနေထိုင်ကြလိမ့်မည်။
Verse 28 — Surah Yunus 10:28
၂၈။ ငါအရှင်မြတ်သည် သူတို့အားလုံးကို အတူတကွစုဆောင်းတော်မူသောနေ့တော်ကြီး၌ ငါနှင့်ဘုရားများကို တွဲထား သူတို့အား သင်တို့နှင့်သင်တို့၏ ဘုရားပျက်တို့သည် နောက်ဆုတ်ကြလော့ဟု မိန့်တော်မူမည်၊ ငါသည် သူ တို့ကို ခွဲခြာထားတော်မူ၏။ ဘုရားများက သင်တို့သည် အကျွနု်ပ်တို့ကို မကိုးကွယ်ကြပေဟု ပြောဆိုကြ၏။
Verse 29 — Surah Yunus 10:29
၂၉။ အကျွနု်ပ်တို့သည် သင်တို့၏ ကိုးကွယ်ခြင်းကို မသိကြကြောင်းကို သင်တို့နှင့် အကျွနု်ပ်တို့၏ အလယ်ကြားတွင် အလ္လာဟ်အရှင်မြတ်သည် သက်သေအဖြစ်ဖြင့် လုံလောက်၏။
Verse 30 — Surah Yunus 10:30
၃၀။ ထိုနေ့တော်ကြီး၌ ဝိညာဉ်တိုင်းသည် မိမိတို့ပြုကျင့်ခဲ့သောအလုံးကို တွေ့မြင်ရကြ၏။ သူတို့ကို တရားသဖြင့် ပိုင်သောအရှင်သခင်၊ အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်ရကြ၏။ သူတို့သည် သူတို့လုပ်ကြံဖန်တီးသောဘုရားတု များက သူတို့ကို စွန့်ပစ်ထားသည်ကိုလည်း တွေ့မြင်ကြရ၏။
Verse 31 — Surah Yunus 10:31
၃၁။ အို-မိုဟမ္မဒ်၊ သင်သည် သူတို့အား ဟောကြားလော့။ သင်တို့အား မိုးကောင်းကင်နှင့် မဟာမြေကြီးမှ စားနပ် ရိက္ခာကို အဘယ်သူပေးသနည်း၊ ကြားခြင်း၊ မြင်ခြင်းဂုဏ်ကို အဘယ်သူအစိုးရသနည်း။ အဘယ်သူသည် သက်မဲ့မှ သက်ရှိကို ဖန်ဆင်းသနည်း၊ သက်ရှိကို သက်မဲ့ဖြစ်စေသနည်း၊ ခပ်သိမ်းကုန်အပေါင်းတို့ကို အဘယ်သူ သည် ညွှန်ကြားအုပ်ချုပ်သနည်း၊ သူတို့က အလ္လာဟ်အရှင်မြတ်ဟု ပြန်ပြောကြလိမ့်မည်။ ထိုအခါဟောကြား လော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြမည်မဟုတ်လော။
Verse 32 — Surah Yunus 10:32
၃၂။ သင်တို့တရားသဖြင့် အရှင်သခင်အလ္လာဟ်အရှင်မြတ်သည် ယင်းသို့တည်း။ စီရင်တော်မူ၏။ သမ္မာတရားတော် ကြီးမှ တပါးသောတရားသည် မိစ္ဆာတရားသာဖြစ်၏။ သင်တို့သည် တရားတော်ကို အဘယ်ကြောင့်ကျောခိုင်း ကြသနည်း။
Verse 33 — Surah Yunus 10:33
၃၃။ သင်၏ အရှင်သခင်၏ စကားတော်သည် အကုသိုလ်ကောင်းမှုများကို ပြစ်မှားသူတို့နှင့်စပ်လျဉ်း၍ မှန်ကန်ကြောင်း ကို ဤသို့ထင်ရှားလာစေ၏။
Verse 34 — Surah Yunus 10:34
၃၄။ ဟောကြားလော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်သောဘုရားများအနက် ဖန်ဆင်းခြင်း နှင့် ထပ်မံဖန်ဆင်းခြင်းတို့ကို ပြုစွမ်းနိုင်သောဘုရားတုရှိသလော၊ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခြင်းကို ပြုတော်မူ၏။ ထို့နောက်တဖန်ပြန်ပြုတော်မူ၏။ ယင်းသို့ဖြစ်ပါလျက် သင်တို့သည် အဘယ် ကြောင့်လမ်းမှားကို အပြုခံကြရသနည်း။
Verse 35 — Surah Yunus 10:35
၃၅။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ သင်တို့ကိုးကွယ်သောဘုရားတုများမှာ သစ္စာတရားတော်ကို ညွှန်ပြနိုင်သူတစုံတယောက်ရှိသလော၊ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သာလျှင် သစ္စာတရားတော်ကို ညွှန်ပြတော်မူ၏၊ အရှင်မြတ်ကိုသာလျှင် လိုက်နာဆောင်ရွက်ထိုက်သလော၊ သို့မဟုတ်မိမိကို လမ်းပြသူမရှိပဲ လမ်းမှန်ကို မတွေ့နိုင်သောသူကိုသာ လိုက်နာထိုက်သလော၊ သင်တို့ဘာရောဂါစွဲကြသနည်း။ သင်တို့ဘယ်လို ချင့်ချိန်ကြသနည်း။
Verse 36 — Surah Yunus 10:36
၃၆။ သူတို့အနက် များစွာသောသူတို့သည် ရမ်းဆခြင်းမှတပါး မည်သည်ကိုမျှမလိုက်ကြပေ။ ရမ်းဆခြင်းသည် သစ္စာတရား၏ နေရာမုချဧကန်မယူနိုင်ချေ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှ အပေါင်းတို့ကို အကြွင်းမဲ့သိမြင်တော်မူ၏။
Verse 37 — Surah Yunus 10:37
၃၇။ ကုရ်အာန်ကျမ်းတော်သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားသူတို့ဖန်တီးနိုင်သောကျမ်းမဟုတ်ချေ။ သို့သော် ကျမ်းတော်မြတ်သည် ရှေးကျမ်းတော်များကို အတည်ပြု၏။ ယုံမှားသံသယကင်းမဲ့၏။ စကြာဝဠာအပေါင်းတို့၏ အရှင်သခင်က လူသားအပေါင်းအား ချပေးသနားတော်မူသော ရှင်းလင်းထင်ရှားသောနှုတ်ကပတ်တော်ဖြစ်၏။
Verse 38 — Surah Yunus 10:38
၃၈။ သို့မဟုတ် သူတို့က သူသည် ဤကျမ်းကို လုပ်ကြံဖန်တီး၏ဟု ဆိုကြသလော။ ဟောကြားလော့၊ သို့ဖြစ်ပါလျှင် သင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် အလားတူစူရာဟ်တစ်စောင်ကို စီကုန်းရေးသားကြလော့၊ အလ္လာဟ်အရှင် မြတ်တပါး သင်တို့ခေါ်နိုင်သူအားလုံးကို ကူညီဖို့ရာ ခေါ်ကြလော့။
Verse 39 — Surah Yunus 10:39
၃၉။ သူတို့မရေးနိုင်ကြချေ။ သို့သော်သူတို့သည် ကျမ်းတော်ကြီးကို လက်မခံငြင်းပယ်ကြ၏။ သူတို့သည် ကုရ်အာန် ကျမ်းတော်ကို နားမလည်ကြချေ။ သူတို့ထံသို့ ကျမ်းတော်၏ အဓိပ္ပါယ်ကောက်ယူချက်သည် မလာသေးပေ။ သူတို့အလျင်လူတို့လည်း ဤကဲ့သို့ပင်ငြင်းပယ်ကြ၏။ ထို့ကြောင့်မကောင်းမှုကို ပြုကျင့်သူတို့အတွက် အဘယ် အကျိုးဆက်ရှိသည်ကို ကြည့်ရှုကြလော့။
Verse 40 — Surah Yunus 10:40
၄၀။ သူတို့အနက် ကျမ်းတော်မြတ်ကို ယုံကြည်သူလည်းရှိ၏။ မယုံကြည်သူလည်းရှိ၏။ သင်၏ အရှင်သခင်သည် ဖောက်ပြန်သူတို့ကို အသိဆုံးဖြစ်တော်မူ၏။
Verse 41 — Surah Yunus 10:41
၄၁။ သူတို့သည် သင့်ကို ဖယ်ရှားလျှင် ဟောကြားလော့၊ အကျွနု်ပ်ပြုကျင့်မှုသည် အကျွနု်ပ်အတွက်ဖြစ်သည်။ သင်တို့ကျင့်ကြံမှုသည် သင်တို့အတွက်ဖြစ်သည်။ သင်တို့သည် အကျွနု်ပ်ပြုလုပ်မှုအတွက် အပြစ်မသင့်။ အကျွနု်ပ် လည်း သင်တို့အပြုအမူအတွက် တာဝန်မရှိချေ။
Verse 42 — Surah Yunus 10:42
၄၂။ သူတို့အနက် အချို့သောသူတို့သည် သင့်အား ကြားနာကြ၏။ သို့သော်သူတို့သည် နားမလည်နိုင်သော်လည်း သင်သည် နားပင်းသူတို့ကို ကြားအောင် ပြုနိုင်စွမ်းသလော။
Verse 43 — Surah Yunus 10:43
၄၃။ သူတို့အနက် သင့်ဘက်ကို ကြည့်သူလည်းရှိ၏။ သို့သော်သူတို့သည် မမြင်နိုင်သော်လည်း သင်သည် မျက်ကန်း သူတို့ကို လမ်းပြစွမ်းနိုင်သလော။
Verse 44 — Surah Yunus 10:44
၄၄။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် လူသားအပေါင်းတို့ကို စိုးစဉ်းမျှမတရားစီရင်တော်မမူချေ။ သို့သော် လူသားတို့သည် မိမိကိုယ်ကို မိမိတို့ပြစ်မှားကြ၏။
Verse 45 — Surah Yunus 10:45
၄၅။ အရှင်မြတ်သည် သူတို့အားလုံးကို အတူတကွစုဆောင်းထားတော်မူသောနေ့တော်ကြီး၌ သူတို့သည် တစ်နာရီ မျှသာနေထိုင်ကြသည်ဟု ထင်မှတ်ကြမည်။ အချင်းချင်းတယောက်ကို တယောက်က မှတ်မိကြမည်၊ အလ္လာဟ် အရှင်မြတ်ကို မျက်ဝါးထင်ထင်ဖူးမြင်ရမည်ကို မယုံကြည်၊ လမ်းပြခြင်းမခံရသူတို့သည်ကား မုချဧကန်ပျက်စီး ဆုံးရှုံးရမည်သာတည်း။
Verse 46 — Surah Yunus 10:46
၄၆။ အို-မိုဟမ္မဒ်၊ ငါသည် သူတို့အား ကတိထားတော်မူသောအရာအချို့ကို သင့်အား မြင်စေတော်မူသည်ဖြစ်စေ၊ မြင်စေတော်မူသည်ဖြစ်စေ၊ မြင်စေတော်မမူသည်ဖြစ်စေ သူတို့သည် ငါ့အထံတော်သို့ ပြန်လာရမည်သာတည်း၊ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် သူတို့ကျင့်ဆောင်သမျှအပေါင်းတို့ကို အသိသက်သေဖြစ်တော်မူ၏။
Verse 47 — Surah Yunus 10:47
၄၇။ လူမျိုးတုုိင်း၌ပင် တမန်တော်တစ်ပါးစီရှိကြ၏။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ သူတို့၏ တမန်တော်သည် လာသောအခါ သူတို့စပ်ကြားရှိအမှုသည် ဖြောင့်မတ်မှန်ကန်စွာစီရင်ဆုံးဖြတ်ခံရမည်။ သူတို့သည် မတရားပြုခြင်း ခံရမည်မဟုတ်ချေ။
Verse 48 — Surah Yunus 10:48
၄၈။ ထို့အပြင်သူတို့က သင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် သင်တို့ပြောဆိုသောကတိတော်သည် မည်သည့်အခါ အတည်ပြုခြင်းခံရမည်နည်းဟု မေးကြ၏။
Verse 49 — Surah Yunus 10:49
၄၉။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်အလိုတော်အားဖြင့်မှတပါး၊ အကျွနု်ပ်သည် မိမိကိုယ်ကို တစုံတရာအကျိုး အပြစ်မပေးနိုင်ချေ။ လူမျိုးတိုင်းအတွက် ပြဋ္ဌာန်းထားသောအချိန်ရှိ၏။ သူတို့အတွက် အချိန်ကျရောက်လာသော အခါ သူတို့သည် ထိုအချိန်ကို တနာရီရှေ့တိုးနောက်ဆုတ်မပြုစွမ်းနိုင်ကြချေ။
Verse 50 — Surah Yunus 10:50
၅၀။ ဟောကြားလော့၊ သင်တို့သည် တွေးတောဆင်ခြင်ကြပြီးပြီလော့၊ အရှင်မြတ်၏ အပြစ်ဒဏ်တော်သည် ညဉ့်ဝင် တိုက်ခြင်းအားဖြင့်ဖြစ်စေ၊ အလုပ်ရှုပ်သောနေ့၌ဖြစ်စေ၊ ဆိုက်ရောက်လာသောအခါ ထိုအပြစ်ဒဏ်တော်မှ မည်သည့်အပိုင်းကို အပြစ်ရှိသူများမြန်မြန်ကျရောက်စေလိုသနည်း။
Verse 51 — Surah Yunus 10:51
၅၁။ အပြစ်ဒဏ်တော်ဆိုက်ရောက်လာမှသာလျှင် သင်တို့သည် ယုံကြည်ကြမည်လော၊ မည်သို့နည်း၊ ယခုယုံကြည်ကြ လော့၊ ယခုတိုင်အောင်သင်တို့သည် မိစ္ဆာအယူဝါဒအားဖြင့် အပြစ်ဒဏ်တော်မြန်မြန်ဆိုက်ရောက်လာအောင် ပြုကျင့်နေကြ၏။
Verse 52 — Surah Yunus 10:52
၅၂။ ထိုအခါမတရားပြုသူတို့အားလုံးထံသို့ သင်တို့သည် ထာဝရငရဲကို မြည်းစမ်းကြလော့။ သင်တို့ဆည်းပူးခဲ့သော အကုသိုလ်မှတပါး အခြားအမှုကို လက်စားချေသလောဟု ဗျာဒိတ်တော်လာလိမ့်မည်။
Verse 53 — Surah Yunus 10:53
၅၃။ သူတို့သည် သင့်အား ထိုအကြောင်းအရာကို မှန်ကန်ပါ၏လောဟု မေးမြန်းကြသည်။ ဟောကြားလော့၊ မှန် ကန်၏။ ငါ၏ ကျေးဇူးတော်သခင်အားဖြင့် ထိုအရာသည် အမှန်ပင်မှန်ကန်၏။ သင်တို့သည် မလွတ်နိုင်ကြပေ။
Verse 54 — Surah Yunus 10:54
၅၄။ ပြစ်မှုကျူးလွန်ခဲ့သည့်ဝိညာဉ်တိုင်းသည် ကမ္ဘာပေါ်ရှိ ဥစ္စာပစ္စည်းအားလုံးကို ပိုင်ဆိုင်လျှင်၊ ၎င်းသည် ထိုပစ္စည်း အားလုံးကို ပေး၍ မိမိကိုယ်ကို ရွေးယူလိုကြ၏။ သူတို့သည် အပြစ်ဒဏ်တော်ကို မြင်ရသောအခါ ဝိညာဉ်တို့သည် တရားသံဝေဂရလိမ့်မည်၊ သို့သော်သူတို့အလည်တွင် တရားသဖြင့်စီရင်ဆုံးဖြတ်ပြီး သူတို့ကို မတရားနှိပ်စက်သည် မဟုတ်ချေ။
Verse 55 — Surah Yunus 10:55
၅၅။ မှတ်သားကြလော့၊ မိုးကောင်းကင်နှင့်ကမ္ဘာမြေပေါ်တွင် ရှိရှိသမျှအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သည် ပိုင်စိုးတော်မူ၏။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မုချဧကန်မှန်ကန်၏။ သို့သော် သူတို့အနက် လူအများအပြားမသိကြချေ။
Verse 56 — Surah Yunus 10:56
၅၆။ အရှင်မြတ်သည် ရှင်ခြင်း၊သေခြင်းကို စီရင်တော်မူ၏။ သင်တို့ကို အရှင်မြတ်အထံတော်သို့ ပြန်ပို့မည်သာတည်း။
Verse 57 — Surah Yunus 10:57
၅၇။ အို-လူသားအပေါင်းတို့၊ သင်တို့၏ အရှင်သခင်၏ အထံတော်မှ သင်တို့ထံသို့ အဆုံးအမတော်ကျရောက်လာပြီ။ ဤကျမ်းတော်ကြီးသည် သင်တို့၏ စိတ်နှလုံးအတွင်းရှိ ဝေဒနာအတွက် ဆေးတော်တစ်ဖုံဖြစ်၏။ လမ်းပြကျမ်း တော်ကြီးတစ်စောင်လည်းဖြစ်၏။ ယုံကြည်သူတို့အဖို့ ကောင်းကြီးမင်္ဂလာတော်တစ်ပါးလည်းဖြစ်၏။
Verse 58 — Surah Yunus 10:58
၅၈။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်၏ ပေးကမ်းစွန့်ကြဲခြင်းနှင့် ကောင်းကြီးမင်္ဂလာတော်၌ သူတို့ပျော်ရွှင်ကြစေ ကြကုန်။ ထိုမင်္ဂလာတော်များသည် သူတို့စုဆောင်းထားသောဥစ္စာများထက် သာလွန်မွန်မြတ်၏။
Verse 59 — Surah Yunus 10:59
၅၉။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် မည်သည့်စားနပ်ရိက္ခာများကို ချပေးသနားတော် မူသည်။ ထိုရိက္ခာများကို သင်တို့သည် မည်သို့တရာတော်ဝင်အစား တရားတော်မဝင်မီအစား ပြုလုပ်ကြသည် တို့ကို သင်တို့ဆင်ခြင်ကြပြီလော။ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အခွင့်ပြုတော်မူပြီ လော၊ သို့မဟုတ်သင်တို့သည် အလ္လာဟ်အရှင်မြတ်အား အလွဲသုံးစားကြသလော။
Verse 60 — Surah Yunus 10:60
၆၀။ အလ္လာဟ်အရှင်မြတ်အား အလွဲသုံးစားသောသူတို့သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ မိမိတို့သည် မည်သည့်အခြေသို့ ဆိုက်ရောက်ရကြမည်ကို သူတို့တွေးတောကြပြီလော၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင် မြတ်သည် လူသားတို့အား မုချဧကန်ပေးကမ်းစွန့်ကြဲတော်မူ၏။ သို့သော်သူတို့အနက် များလှစွာသောသူတို့သည် ကျေးဇူးမတင်ကြချေ။
Verse 61 — Surah Yunus 10:61
၆၁။ သင်မိုဟမ္မဒ်သခင်သည် မည်သည့်အမှုအခင်းကို ဆောင်ရွက်နေသော်လည်း ကုရ်အာန်ကျမ်းတော်မြတ်၏ မည်သည့်အစိတ်အပိုင်းကို ရွတ်ဖတ်ဟောကြားနေသော်လည်းကောင်း၊ လူသားတို့မည်သည်ကို လုပ်ကိုင်နေသော် လည်းကောင်း၊ ငါအရှင်မြတ်သည် သင်တို့စိတ်ဝင်စားစွာပြုလုပ်နေကြသောအခါ သင်တို့၏ သက်သေတော်ဖြစ်၏။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် အဏုမြူပမာသေးငယ်သောအရာကိုပင်လျှင် သင်၏ ကျေးဇူးတော်သခင် ထံမှ ဖုံးကွယ်ဝှက်ထား၍ မရနိုင်ချေ။ ထိုအရာထက်သေးငယ်သောအရာ(သို့မဟုတ်)ထိုအရာထက်ကြီးသော အရာအားလုံးတို့ကို ထင်ရှားသောမှတ်ပုံတင်စာအုပ်၌ မှတ်သားထား၏။
Verse 62 — Surah Yunus 10:62
၆၂။ မှတ်သားကြလော့၊ အကယ်စင်စစ်မှာ အလ္လာဟ်အရှင် အကြင်သူတို့အပေါ်သို့ ကြောက်ရွံ့ခြင်းမကျရောက်၊ အကြင်သူတို့သည် မပူဆွေး၊ ထိုသူတို့သည် အလ္လာဟ်၏ အဆွေတော်များဖြစ်ကြ၏။
Verse 63 — Surah Yunus 10:63
၆၃။ အကြင်သူတို့သည် ယုံကြည်၍ အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြ၏။
Verse 64 — Surah Yunus 10:64
၆၄။ ထိုသူတို့သည် ဤဘဝနောင်တမလွန်ဘဝ၌ သတင်းကောင်းမင်္ဂလာများရှိကြ၏။ ယင်းသည် အထွဋ်အထိပ် အောင်မြင်မှုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်စကားတော်များ၌ ပြောင်းလဲခြင်းမရှိပေ။
Verse 65 — Surah Yunus 10:65
၆၅။ အို-မိုဟမ္မဒ်၊ သူတို့၏ ပြောဆိုချက်သည် သင့်အား မပူဆွေးစေလင့်၊ မှတ်သားလော့၊ တန်ခိုးအာဏာသည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာ်တော်သာလျှင်ဖြစ်၏။ အရှင်မြတ်သည် ကြားတော်မူသောအရှင်၊ သိတော်မူသော အရှင်ဖြစ်တော်မူ၏။
Verse 66 — Surah Yunus 10:66
၆၆။ မှတ်သားကြလော့၊ အထက်ကောင်းကင်ဘုံအောက်ကမ္ဘာမြေကြီးပေါ်၌ ရှိရှိသမျှအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ် ၏ ဘဏ္ဍာ်တော်များမဟုတ်လော့။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရာတစ်စုံတစ်ခုကို လိုက်နာကြ၏။ ထိုသူတို့သည် အရှင်မြတ်၏ ဖက်စပ်သူများကို လိုက်နာကြမည်မဟုတ်ချေ။ မိမိတို့ရမ်းဆခြင်း ကိုသာ လိုက်နာကြ၏။ သူတို့သည် ရမ်းဆကြသည်သာတည်း။
Verse 67 — Surah Yunus 10:67
၆၇။ အရှင်မြတ်သည် သင်တို့အိပ်စက်အမောအပန်းဖြေဖို့ရာ ညဉ့်ကို၊ အလင်းရောင်ပေးဖို့ရာ နေ့တို့ကို ဖန်ဆင်းတော် မူ၏။ ညဉ့်နှင့်နေ့တွင် တရားတော်ကို လေးစားအရေးစိုက်သူတို့အဖို့ သက်သေသာဓကတော်များပါရှိကြ၏။
Verse 68 — Surah Yunus 10:68
၆၈။ သူတို့သည် အလ္လာဟ်အရှင်မြတ်၌ သားရတနာရှိ၏ဟု ပြောဆိုကြ၏။ အလ္လာဟ်အရှင်မြတ်၌ ချို့တဲ့ခြင်းမရှိ၊ ခေါင်းပါးခြင်းမရှိ။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှတို့သည် အရှင်မြတ်၏ ဘဏ္ဍာ်တော်များဖြစ်၏။ သင်တို့၌ မိမိတို့ပြောဆိုချက်အတွက် အကိုးအကားမရှိချေ။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မိမိတို့မသိသည်ကို ပြောဆိုကြသလော။
Verse 69 — Surah Yunus 10:69
၆၉။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မဟုတ်မမှန်မုသားလုပ်ကြံပြောဆိုကြ၏။ ထိုသူတို့သည် အောင်မြင်ကြမည်မဟုတ်ပေ။
Verse 70 — Surah Yunus 10:70
၇၀။ ဤလောက၏ ဝေစုသည် သူတို့အဖို့ဖြစ်မည်။ ထို့နောက်သူတို့၏ ပြန်ခြင်းသည် ငါအရှင်မြတ်အထံတော်သို့ ဖြစ်၏။ ထိုအခါငါသည် သူတို့မယုံကြည်ကြသောကြောင့် အလွန်ကြောက်မက်ဖွယ်ကောင်းသောအပြစ်ဒဏ်တော် ကို ခံစားစေတော်မူ၏။
Verse 71 — Surah Yunus 10:71
၇၁။ သူတို့အား တမန်တော်နူဟို၏ ရာဇဝင်ကို ဟောကြားလော့၊ နူဟိုသည် သူ၏ အမျိုးသားတို့အား ဟယ်- အချင်းတို့၊ အကျွနု်ပ်သည် ဤအရပ်၌ နေထိုင်ခြင်းနှင့် သင်တို့အား အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော် များအားဖြင့် ဆုံးမသြဝဝါဒပေးခြင်းတို့သည် သင်တို့အား စိတ်ဆိုးစေလျှင် သင်တို့နှင့် သင်တို့၏ ဖက်စပ်သူတို့ သည် မည်သို့ပြုလုပ်မည်ကို ဆုံးဖြတ်ကြလော့။ အကျွနု်ပ်သည် အလ္လာဟ်၌သာ ယုံကြည်ကိုးစား၏။ သင်တို့ ပြုလုပ်မည့်လမ်းစဉ်သည် သင်တို့အတွက် သံသယမရှိစေလင့်၊ သင်တို့သည် အကျွနု်ပ်ကို တိုက်ခိုက်ကြလော့၊ အနားမပေးကြလင့်။
Verse 72 — Surah Yunus 10:72
၇၂။ သို့သော်သင်တို့သည် အကျွနု်ပ်၏ ဟောကြားသောတရားကို မနှစ်ခြိုက်လျှင် အကျွနု်ပ်တို့သည် သင်တို့ထံမှ အဖိုးအခတောင်းသောကြောင့် မဟုတ်ချေ။ အကျွနု်ပ်၏ အဖိုးအခသည် အလ္လာဟ်အရှင်မြတ်၏ တာဝန်သာဖြစ်၏။ အကျွနု်ပ်အား အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကျိုးနွံသူတို့ဘောင်တွင် ပါဝင်ရန် မိန့်တော်မူ၏။
Verse 73 — Surah Yunus 10:73
၇၃။ သို့သော်သူတို့သည် သူ့ကို ပစ်ပယ်ကြ၏။ ထို့ကြောင့်ငါအရှင်သည် သင်္ဘောပေါ်တွင် သူနှင့်အတူတကွရှိသူတို့ကို ကယ်နှုတ်တော်မူ၍ ကမ္ဘာမြေပေါ်တွင် ငါ၏ ကိုယ်စားလှယ်တော်များဖြစ်စေတော်မူ၏။ ငါ၏ နှုတ်ကပတ်တော် များကို ငြင်းပယ်သောသူတို့ကို ရေနစ်၍ သေစေတော်မူ၏။ သတိပေးခဲ့ရသောသူတို့သည် မည်သည့်အကျိုးခံစား ကြရသည်ကို ကြည့်လော့။
Verse 74 — Surah Yunus 10:74
၇၄။ ထို့နောက်သူအနိစ္စရောက်ပြီးသောအခါ ငါသည် တမန်တော်များကို မိမိတို့အမျိုးသားထံသို့ စေလွှတ်တော်မူ၏။ သူတို့သည် ရှင်းလင်းထင်ရှားသောသက်သေသာဓကများကို ယူဆောင်လာကြ၏။ သို့သော်ထိုအမျိုးသားတို့သည် မိမိတို့အထက်က ငြင်းပယ်ခဲ့သည်ကို ယခုမယုံကြည်လိုကြချေ။ ငါသည် တရားတော်ကို ကျူးလွန်သောသူတို့၏ စိတ်နှလုံးကို ယင်းသို့တံဆိပ်နှိပ်ထားတော်မူ၏။
Verse 75 — Surah Yunus 10:75
၇၅။ ၎င်းအပြင်ထိုတမန်တော်များနောက် တမန်တော်မူစာနှင့် တမန်တော်ဟာရွန်ကို ငါ၏ နှုတ်ကပတ်တော်များနှင့် တကွ ဖွာရောမင်းနှင့် သူ၏ မှုးမတ်များထံသို့ စေလွှတ်တော်မူ၏။ သူတို့သည် ဆောင့်ကြွားကြွားမာနကြီး၍ အပြစ်ကျူးလွန်သူတို့ဖြစ်ကြ၏။
Verse 76 — Surah Yunus 10:76
၇၆။ ၎င်းအပြင်ငါ၏ အထံတော်မှ သစ္စာတရားတော်သည် သူတို့ထံသို့ ကျရောက်လာသောအခါ သူတို့က ဤအရာ သည် ဝိဇ္ဇာအတတ်သာဟု ဆိုကြ၏။
Verse 77 — Surah Yunus 10:77
၇၇။ တမန်တော်မူစာက သင်တို့ထံသို့ သစ္စာတရားတော်ရောက်လာသောအခါ သင်တို့သည် ယင်းသို့ပြောဆိုကြ သလော၊ ဤကျမ်းတော်သည် ဝိဇ္ဇာအတတ်သာဖြစ်သလော၊ ယခုအခါမျက်လှည့်ဆရာတို့သည် မကြီးပွားချေဟု ဟောကြား၏။
Verse 78 — Surah Yunus 10:78
၇၈။ သူတို့က သင်သည် အကျွနု်ပ်တို့အား မိမိတို့ဘိုးဘွားများကိုးကွယ်သည့်ဘာသာအယူဝါဒမှ တိမ်းစောင်းရန်နှင့် သင်တို့နှစ်ဦး အကျွနု်ပ်၏ တိုင်းပြည်၌ လူကြီးဖြစ်ရန်လာကြသလော။ အကျွနု်ပ်တို့သည် သင်တို့နှစ်ဦးကို ယုံကြည်ကြမည်မဟုတ်ချေဟု ပြောကြ၏။
Verse 79 — Surah Yunus 10:79
၇၉။ ဖွာရောမင်းသည် ကျွမ်းကျင်လိမ္မာသောစုံးဆရာများကို အကျွနု်ပ်ထံသို့ ခေါ်ငင်ခဲ့ကြလော့ဟု အမိန့်ပေး၏။
Verse 80 — Surah Yunus 10:80
၈၀။ စုံးဆရာတို့ရောက်လာကြသောအခါ တမန်တော်မူစာက သူတို့အား သင်တို့အတတ်ကို ပြကြလော့ဟု ဆို၏။
Verse 81 — Surah Yunus 10:81
၈၁။ သူတို့သည် မိမိတို့ပညာကို ပြကြသောအခါ တမန်တော်မူစာက သင်တို့သည် စုံးမျက်လှည့်အတတ်ကို ယူခဲ့ကြ၏။ ကြည့်ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတတ်ပညာကို အချည်းနှီးဖြစ်စေတော်မူလိမ့်မည်။ ကြည့် ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ပျက်စီးမှုပြုသူတို့၏ ပြုလုပ်မှုကို ထောက်မတော်မမူချေ။
Verse 82 — Surah Yunus 10:82
၈၂။ အပြစ်ရှိသူများသည် မည်မျှပင်မနှစ်သက်ကြသော်လည်း အလ္လာဟ်အရှင်မြတ်သည် သစ္စာတရားတော်ကို မိမိ၏ ဗျာဒိတ်စကားတော်အားဖြင့် အခိုင်အမာဖြစ်စေတော်မူလိမ့်မည်။
Verse 83 — Surah Yunus 10:83
၈၃။ သို့သော်သူ၏ အမျိုးသားအချို့မှတပါး အခြားသူတို့သည် တမန်တော်မူစာကို မယုံကြည်ကြချေ။ သူတို့သည် ဖွာရောမင်းနှင့် ၎င်း၏ မှုးမတ်တို့နှိပ်စက်ကလူပြုမည်ကို အလွန်ပင်ကြောက်ရွ့ံကြ၏။ မှတ်သားကြလော့၊ ဖွာရောမင်းသည် မိမိနိုင်ငံအတွင်း မတရားညှင်းပန်းနှိပ်စက်သောအာဏာရှင်မုချဖြစ်၏။ မှတ်သားကြလော့၊ သူသည် မတရားမင်းအမှန်ဖြစ်၏။
Verse 84 — Surah Yunus 10:84
၈၄။ တမန်တော်မူစာသည် ဟောကြား၏၊ ဟယ်-အချင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား အမှန်ပင်ယုံကြည် ကျိုးနွံကြလျှင် အရှင်မြတ်အား ကိုးစားကြလော့။
Verse 85 — Surah Yunus 10:85
၈၅။ သူတို့က အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကျိုးနွံကြပါ၏။ အို-အကျွနု်ပ်တို့၏ ကျေးဇူးတော် သခင်၊ အကျွန်ုပ်တို့အား မတရားပြုသူတို့ကို ညှို့သောအရာဖြစ်စေတော်မမူပါလင့်။
Verse 86 — Surah Yunus 10:86
၈၆။ အရှင်၏ ကောင်းကြီးမင်္ဂလာအားဖြင့် အကျွနု်ပ်တို့ကို မိစ္ဆာဒိဋ္ဌိတို့၏ လက်တွင်းမှ ကယ်နှုတ်တော်မူပါဟု တင်လျှောက်ကြ၏။
Verse 87 — Surah Yunus 10:87
၈၇။ ငါအရှင်မြတ်သည် တမန်တော်မူစာနှင့် သူ၏ အစ်ကိုအား သင်တို့၏ အမျိုးသားများအတွက် အီဂျစ်ပြည်တွင် နေအိမ်များရှိစေကြလော့။ သင်တို့၏ အိမ်များကို ဆွလတ်ဝတ်ပြုရာဌာနဖြစ်စေကြလော့။ ဆွလတ်ဝတ်ပြုကြလော့၊ ယုံကြည်သူတို့အား ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ပေးကြလော့ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 88 — Surah Yunus 10:88
၈၈။ ထိုအခါတမန်တော်မူစာက အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ အရှင်သည် ဖွာရောမင်းနှင့် မှုးမတ်တို့အား ဤ လောက၌ ခန့်ညားကြွယ်ဝစေတော်မူ၏။ အို-ကျေးဇူးတော်သခင်၊ ထို့ကြောင့်သူတို့သည် လူသားတို့ကို အရှင်၏ လမ်းတော်မှ လမ်းမှားသို့ ပို့ဆောင်ကြပါ။ အို-ကျေးဇူးတော်သခင်၊ သူတို့၏ ဥစ္စာစီးပွားများကို ဖျက်ဆီးပစ်တော် မူပါ။ အလွန်နာကျင်ဖွယ်ကောင်းသောအပြစ်ဒဏ်တော်ကို မြင်ရသည့်တိုင်အောင် သူတို့မယုံကြည်ကြစေရန် သူတို့၏ စိတ်နှလုံးများကို မာမြင်းစေတော်မူပါ၏ဟု ဆုပန်၏။
Verse 89 — Surah Yunus 10:89
၈၉။ အရှင်မြတ်က သင်တို့၏ ဆုတောင်းချက်ကို ကြားတော်မူပြီး သင်တို့ညီနောင်သည် လမ်းမှန်ကို လိုက်ကြလော့၊ ဉာာဏ်ပညာမရှိသူတို့၏ လမ်းကို မလိုက်ကြလင့်ဟု မိန့်တော်မူ၏။
Verse 90 — Surah Yunus 10:90
၉၀။ ငါအရှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့ကို ပင်လယ်တဘက်ကမ်းသို့ ယူဆောင်တော်မူ၏။ ဖွာရောမင်းသည် မိမိ၏ စစ်သည်တော်များနှင့် သူတို့ကို မတရားကျူးလွန်ခြားနားခြင်းဖြင့် မိအောင် လိုက်ကြ၏။ သို့သော်ရေနစ်မြုပ် ဘေးထိသောအခါ သူသည် အစ္စရာအီလ်အမျိုးသားတို့ယုံကြည်သောအရှင်သခင်မှတပါး အခြားအရှင်သခင် မရှိဟု အကျွနု်ပ်ယုံကြည်ပါ၏။ အကျွနု်ပ်သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကျိုးနွံသူတို့ဘောင်တွင် ပါဝင်ပါသည်ဟု ကြွေးကြော်၏။
Verse 91 — Surah Yunus 10:91
၉၁။ ဘာလဲ၊ ယခုမှ ယုံကြည်သလော၊ ယခုတိုင်အောင် နင်သည် ထောင်ထားခြားနား၍ မတရားပြုကျင့်သူတို့ဘောင် တွင် ပါဝင်ပြီးမှ။
Verse 92 — Surah Yunus 10:92
၉၂။ သို့သော် နင်သည် နောင်လာနောက်သားတို့အဖို့ သက်သေသာဓကတော်တစ်ပါးဖြစ်စေရန်၊ နင်၏ ကိုယ်ကာယကို ငါအရှင်မြတ်ယခုကယ်ဆယ်တော်မူ၏။
Verse 93 — Surah Yunus 10:93
၉၃။ ငါအရှင်မြတ်သည် အမှန်ပင်အစ္စရာအီလ်အမျိုးသားတို့အား အတည်အမြဲနေရာထိုင်ခင်းနှင့် မင်္ဂလာရှိသောအရာ များကို ပေးသနားတော်မူ၏။ သူတို့ထံ၌ ပညာအလင်းရောင်ကြီးမရောက်မီ သူတို့အထဲ၌ ကွဲပြားခြင်းမရှိချေ။ မှတ်သားကြလော့။ သင်၏ ကျေးဇူးတော်သခင်သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သူတို့အလယ်တွင် ၎င်းတို့၏ ကွဲပြားမှုကို စစ်ကြောစီရင်တော်မူလိမ့်မည်။
Verse 94 — Surah Yunus 10:94
၉၄။ အို-မိုဟမ္မဒ်၊ သင်သည် သင့်အား ငါအရှင်မြတ်ထုတ်ပြန်ပို့ချသနားတော်မူသောကျမ်းတော်မြတ်၌ ဝိစိကိစ္စရှိလျှင် သင်မဖြစ်ပေါ်မီ ကျရောက်သောရှေးကျမ်းတော်များကို လေ့လာသူတို့အား မေးမြန်းကြည့်လော့။ သင်၏ ကျေးဇူး တော်သခင်ထံမှ သစ္စာတရားတော်ကြီးသည် သင့်ထံသို့ မုချဧကန်ကျရောက်လာပြီ။ ထို့ကြောင့်သင်သည် ယုံမှားသံသယရှိသူတို့ဘောင်တွင် မပါဝင်သင့်။
Verse 95 — Surah Yunus 10:95
၉၅။ ၎င်းအပြင်သင်သည် အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကို မယုံကြည်ငြင်းဆန်သူတို့အထဲတွင် မပါ ဝင်လင့်၊ ပါဝင်လျှင် သင်သည် ဆုံးရှုံးပျက်စီးသူတို့ဘောင်တွင် အပါအဝင်ဖြစ်ချေမည်။
Verse 96 — Surah Yunus 10:96
၉၆။ မှတ်သားကြလော့၊ အကြင်သူတို့နှင့်ဆန့်ကျင်၍ သင်၏ အရှင်သခင်၏ ဗျာဒိတ်စကာတော်ကို ပြည့်စုံလာ၏။ ထိုသူတို့သည် ယုံကြည်ကြမည်မဟုတ်။
Verse 97 — Surah Yunus 10:97
၉၇။ ပြင်းပြနာကျင်ဖွယ်ကောင်းသောအပြစ်ဒဏ်တော်ကို ဒိဋ္ဌမျက်မြင်၊မြင်ရသည့်တိုင်အောင် သူတို့သည် သက်သေ သာဓကတော်အမျိုးမျိုးလာသော်လည်း ယုံကြည်ကြမည်မဟုတ်ချေ။
Verse 98 — Surah Yunus 10:98
၉၈။ ရှေးကာလက သုတ်သင်ရှင်းလင်းခြင်းခံရကြသောသူတို့အနက် တမန်တော်ယူနွတ်(စ်)သခင်၏ အသင်းသားတို့ ကဲ့သို့ ယုံကြည် ယုံကြည်မှုကြောင့် အကျိုးရှိသူအသင်းတစ်သင်းရှိလေလျှင်၊ တော်လေစွ။ သူတို့သည် ယုံကြည် ကြသောအခါ ဤလောက၌ အရှက်တကွဲဖြစ်သောဆင်းရဲဒုက္ခကို သူတို့ထံမှ ငါအရှင်မြတ်သည် ဖယ်ရှားတော်မူ၍ သူတို့အား ချမ်းသာသုခကို ခေတ္တခဏပေးသနားတော်မူ၏။
Verse 99 — Surah Yunus 10:99
၉၉။ အကယ်၍ သင်၏ ကျေးဇူးတော်သခင်၊ အလိုတော်ရှိတော်မူပါလျှင် ကမ္ဘာမြေပြင်ပေါ်ရှိ ဝေနေယျသတ္တဝါအပေါင်း တို့သည် ညီညွတ်ယုံကြည်သူများဖြစ်ခဲ့ကြချေမည်။ အို-မိုဟမ္မဒ်၊ သင်သည် လူသားတို့ယုံကြည်သည့်တိုင်အောင် သူတို့ကို အတင်းအဓမ္မပြုလုပ်မည်လော။
Verse 100 — Surah Yunus 10:100
၁ဝဝ။ လူသားသည် အလ္လာဟ်အရှင်မြတ်ခွင့်ပြုတော်မမူပဲ၊ တရားတော်ကို ယုံကြည်ဖို့ရာမဟုတ်ချေ။ အရှင်မြတ်သည် ဆင်ခြင်တုံတရားမရှိသောသူတို့ကို မိစ္ဆာအညစ်အကြေးနှင့် လိမ်းကျံထားတော်မူ၏။
Verse 101 — Surah Yunus 10:101
၁ဝ၁။ ဟောကြားလော့။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိသည်တို့ကို ကြည့်ရှုကြလော့။ သို့သော်ကျမ်းတော်နှင့် သတိပေးသြဝါဒများသည် မယုံကြည်သူတို့အဖို့ အကျိုးမရှိချေ။
Verse 102 — Surah Yunus 10:102
၁ဝ၂။ သူတို့အလျင်ကွယ်ပျောက်သွားသူတို့တွေ့ကြံုရသောအဖြစ်အပျက်မှတပါး အခြားအရာတစ်ခုခုကို သူတို့မျှော်ကိုး ကြသလော၊ ဟောကြားလော့။ သင်တို့မျှော်ကိုးကြလော့။ အကျွနု်ပ်လည်း သင်တို့နှင့်အတူ မျှော်လင့်သူအထဲတွင် ရှိ၏။
Verse 103 — Surah Yunus 10:103
၁ဝ၃။ ထိုအခါရှေးလွန်လေပြီးသောအခါ ကာလမှာကဲ့သို့ ငါအရှင်မြတ်၌ မိမိ၏ တမန်တော်များနှင့်ယုံကြည်သူများကို ကယ်နှုတ်တော်မူရန် တာဝန်ရှိ၏။
Verse 104 — Surah Yunus 10:104
၁ဝ၄။ အို-မိုဟမ္မဒ်၊ ဟောကြားလော့၊ အို-လူသားအပေါင်းတို့၊ အကယ်၍သင်တို့သည် အကျွနု်ပ်၏ ဘာသာအယူဝါဒကို ယုံမှားသံသယရှိကြလျှင် မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ခဝပ်ကိုးကွယ်သောဘုရားယောင် များကို အကျွနု်ပ်သည် ဝပ်တွားရှိခိုးပူဇော်၏။ အကျွနု်ပ်သည် ယုံကြည်သူတို့ဘောင်တွင် ပါဝင်ရမည်ဟု ဗျာဒိတ်တော်လာပြီ။
Verse 105 — Surah Yunus 10:105
၁ဝ၅။ အို-မိုဟမ္မဒ်၊ သင်သည် ဇာတိပကတိအားဖြင့် ဖြောင့်မတ်မှန်ကန်သဖြစ်သည့်အတိုင်း သင်သည် သမ္မာအယူဝါဒ ဘက်သို့ တည်တ့ံခိုင်မြဲစွာမျက်နှာမူလော့။ သင်သည် အလ္လာဟ်အရှင်မြတ်နှင့် ဘုရားတုဘုရားယောင်များကို တွဲဖက်သူတို့ဘောင်တွင် မပါဝင်လင့်။
Verse 106 — Surah Yunus 10:106
၁ဝ၆။ အကျိုးအပြစ်မပေးစွမ်းနိုင်သောဘုရားတုဘုရားယောင်များကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ဝတ်ပြုပန်ထွာခြင်း မပြုလင့်။ ပြုလျှင် သင်သည် ပြစ်မှုကျုးလွန်သူတို့အထဲတွင် အပါအဝင်ဖြစ်ချေမည်။
Verse 107 — Surah Yunus 10:107
၁ဝ၇။ အကယ်၍အလ္လာဟ်အရှင်မြတ်သည် သင့်အား ဘေးဒုက္ခတစုံတရာထိစေတော်မူလျှင် အရှင်မြတ်မှတပါး ထိုဘေး ကို ဖယ်ရှားနိုင်သူမရှိချေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင့်အား ကောင်းကြီးမင်္ဂလာပေးလိုတော်မူ ပါလျှင်၊ အရှင်မြတ်၏ ကျေးဇူးတော်ကို တားဆီးနိုင်သူမရှိချေ။ အရှင်မြတ်သည် မိမိ၏ ကျေးတော်မျိုးကျွန်တော် မျိုးတို့အနက် အလိုရှိတော်မူသောသူကို ကျေးဇူးပြုတော်မူ၏။ အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ကောင်း ကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 108 — Surah Yunus 10:108
၁ဝ၈။ ဟောကြားလော့၊ အို-လူသားအပေါင်းတို့၊ သင်တို့၏ ကျေးဇူးတော်သခင်အထံတော်မှ သင်တို့ထံသို့ သမ္မာတရား တော် ယခုကျရောက်လာပြီ။ ထို့ကြောင့်အကြင်သူသည် လမ်းမှန်ကို ရရှိ၏။ ထိုသူသည် မိမိ၏ ဝိညာဉ်ကောင်းစား ဖို့ရာ လမ်းမှန်ကို ရ၏။ အကြင်သူသည် လမ်းမှားသို့ ရောက်၏။ ထိုသူသည် မိမိ၏ ဝိညာဉ်နစ်နာဖို့သာ လမ်းမှားကို ရောက်၏။ အကျွနု်ပ်သည် သင်တို့ကို ထိန်းသိမ်းအုပ်ချုပ်ရသူမဟုတ်ချေ။
Verse 109 — Surah Yunus 10:109
၁၀၉။ အို-မိုဟမ္မဒ်၊ သင့်အား သင်၏ စိတ်နှလုံးအတွင်းထင်ရှားစေခြင်းဖြင့် ပေးသနားတော်မူသောတရားတော်ကို လိုက်နာကျင့်သုံးလော့။ အလ္လာဟ်အရှင်မြတ်ဆုံးဖြတ်စီရင်တော်မူသည့်တိုင်အောင် သည်းခံခြင်းဂုဏ်ရှိလော့။ အရှင်မြတ်သည် တရားသူကြီးများအနက် အကောင်းဆုံးဖြစ်တော်မူ၏။