Back to Languages

Burmese - Chapter 12 - Yusuf

Translation by Ba Sein — Permalink

Verse 1 — Surah Yusuf 12:1

၁။ အလီ(ဖ်)၊လမ်၊မြီ၊ရာ၊ ဤဂါထာတော်များသည် အလွန်ထင်ရှားရှင်းလင်းသောကျမ်းတော်မြတ်၏ ဂါထာတော် များတည်း။

Verse 2 — Surah Yusuf 12:2

၂။ မှတ်သားကြလော့။ သင်တို့နားလည်ဖို့ရာ ကုရ်အာန်ကျမ်းတော်ကို အာရဗီဘာသာဒေသနာအဖြစ်ဖြင့် ထုတ်ပြန် ချပေးသနားတော်မူ၏။

Verse 3 — Surah Yusuf 12:3

၃။ မိုဟမ္မဒ်၊ စင်စစ်အားဖြင့် အထက်ကျော်ကာလက သင်သည် တရားမသိမေ့လျော့နေသောသူတို့ဘောင်တွင် အပါအဝင်ဖြစ်ငြားသော်လည်း ငါသည် သင်၏ စိတ်နှလုံးအတွင်း ဤကုရ်အာန်ကျမ်းတော်ကို သွန်သင်ပေးတော် မူရာ၌ ငါသည် သင့်အား အကောင်းဆုံးသောဒေသနာတော်ကို ပေးတော်မူ၏။

Verse 4 — Surah Yusuf 12:4

၄။ ယူစွတ်(ဖ်)က သူ၏ ခမည်းတော်အား ဤသို့ဆို၏။ အို-ကျေးဇူးရှင်ခမည်းတော်၊ အကျွနု်ပ်သည် နေ၊လနှင့် တဆယ့်နှစ်လုံးသောကြယ်နက္ခတ်တာရာတို့ကို အိပ်မက်တွင် မြင်ရပါ၏။ ၎င်းတို့သည် အကျွနု်ပ်အား ဝပ်တွား ရှိခိုးနေသည်ကို မြင်ရပါ၏။

Verse 5 — Surah Yusuf 12:5

၅။ ထိုအခါခမည်းတော်က ချစ်သား၊ သူတို့သည် သင့်အား ဘေးအန္တရာယ်မကြံစည်စိမ့်သောငှာ သင်သည် မိမိ အိပ်မက်အကြောင်းကို မိမိအစ်ကိုတို့အား မပြောဆိုလင့်။ မှတ်သားလော့။ ရှိုင်တန်မာရ်နတ်သည် လူသားအဖို့ ပွင့်လင်းသောရန်သူဖြစ်၏။

Verse 6 — Surah Yusuf 12:6

၆။ ဤသို့ သင်၏ အရှင်သခင်သည် သင့်ကို ချစ်မြတ်နိုးတော်မူ၏။ သင့်အား အဖြစ်အပျက်အတိတ်နိမိတ်များကို အဓိပ္ပါယ်ကောက်ခြင်းအတတ်ကို သွန်သင်ပြသတော်မူမည်။ အရှင်မြတ်သည် သင်၏ ဘိုးဘွားအေဗရာဟမ်နှင့် အစ္စဟတ်(က်)တို့အပေါ်၌ ကောင်းကြီးမင်္ဂလာတော်ကို စုံလင်စေတော်မူသည့်အတိုင်း သင်နှင့်တကွ ယာကွတ်(ဘ်) ၏ သားမြေးများအပေါ်၌ ကောင်းကြီးမင်္ဂလာတော်ကို ပြည့်စုံစေတော်မူလတ့ံ။ မှတ်သားလော့။ သင်၏ အရှင် သခင်သည် သိတော်မူသောဉာာဏ်ပညာရှိတော်မူသောသဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 7 — Surah Yusuf 12:7

၇။ တမန်တော်၊ ယူစွတ်(ဖ်)နှင့် သူ၏ နောင်တော်များ၌ သုတေသနရှာမှီးသူတို့အဖို့အရာ အလ္လာဟ်အရှင်မြတ်သည် အချုပ်အခြာအာဏာကို ပိုင်သတော်မူခြင်းကို ပြသောသက်သေခံချက်များပါရှိ၏။

Verse 8 — Surah Yusuf 12:8

၈။ သူတို့သည် ဤသို့ပြောကြ၏။ ငါတို့သည် များပြားသော်လည်း ငါတို့၏ ခမည်းတော်သည် ငါတို့ထက် ယူစွတ်(ဖ်) နှင့် ၎င်း၏ ညီကို အမှန်ပင် သာလွန်ချစ်ခင်၏။ ခမည်းတော်သည် မုချဧကန်လမ်းမှားနေ၏။

Verse 9 — Surah Yusuf 12:9

၉။ သူတို့အနက်တဦးက ယူစွတ်(ဖ်)ကို သတ်ပစ်ကြပါစို့။ သို့မဟုတ်တိုင်းတပါးသို့ ယူဆောင်၍ ပစ်ထားကြပါစို့။ ထိုအခါသင်တို့၏ ခမည်းတော်ကို သင်တို့ကို မျက်နှာသာပေးလိမ့်မည်။ ထို့နောက်သင်တို့သည် သစ္စာတရား ရသူတို့ဖြစ်ကြမည်ဟု အကြံပေး၏။

Verse 10 — Surah Yusuf 12:10

၁ဝ။ အခြားနောင်တော်တစ်ဦးက ယူစွတ်(ဖ်)ကို မသတ်ပါနှင့်။ သို့သော်သင်တို့သည် သူ့အား တစုံတခုပြရမည်ဆိုသော် သူ့ကို တွင်းနက်တခုထဲသို့ ပစ်ချပါ။ ခရီးသည်အချို့သည် သူ့အား တွေ့လတ့ံဟု ဆို၏။

Verse 11 — Surah Yusuf 12:11

၁၁။ နောင်တော်တို့က အို-ခမည်းတော်၊ အကျွနု်ပ်တို့သည် ယူစွတ်(ဖ်)၏ မိတ်ဆွေစစ်ဖြစ်ပါလျက် ခမည်းတော်သည် အကျွနု်ပ်တို့အား သူ့ကို အဘယ်ကြောင့်မအပ်နှံပါသနည်း။

Verse 12 — Surah Yusuf 12:12

၁၂။ သူသည် ပျော်ရွှင်မြူးတူးကစားနိုင်စေခြင်းငှာ သူကို အကျွနု်ပ်တို့နှင့်အတူ မနက်ခါထည့်ပါ။ အကျွနု်ပ်တို့သည် သူ့ကို ကောင်းစွာစောင့်ရှောက်ပါမည်ဟု ပြောကြား၏။

Verse 13 — Surah Yusuf 12:13

၁၃။ ခမည်းတော်က အမှန်ကိုဆိုသော် သင်တို့သူ့အား ယူသွားမည်ကို ငါသည် စိတ်ပူဆွေးမိ၏။ သင်တို့သည် အမှတ်မဲ့နေသောအခါ ဝံပုလွေမျိုမည်ကို ငါစိုးကြောက်ရွံ့၏ဟု ပြော၏။

Verse 14 — Surah Yusuf 12:14

၁၄။ သူတို့က အကျွနု်တို့သည် ခွန်အားဗလကြီးမားသန်စွမ်းကြပါ။ အကျွနု်ပ်တို့အားလုံးသေပြီးမှသာလျှင် ဝံပုလွေသည် သူ့ကို ဖမ်းစားနိုင်ပါမည်ဟု တဖန်ဆိုကြ၏။

Verse 15 — Surah Yusuf 12:15

၁၅။ ထို့နောက်သူတို့သည် ယူစွတ်(ဖ်)အား ယူသွားသည်။ သူ့ကို တွင်းနက်ထဲသို့ ပစ်ချဖို့ အားလုံးသဘောတူကြသည်။ ထိုအခါငါအရှင်မြတ်သည် ယူစွတ်(ဖ်)အား ၎င်း၏ စိတ်တွင် ဤသို့ထင်ရှားစေတော်မူ၏။ သင်သည် သူတို့အား ဤရက်စက်ကြမ်းကြုတ်မှုကို ပြန်ပြောရလတ့ံ။ ထိုအခါသူတို့သည် သင် ယူစွတ်(ဖ်)ဖြစ်ကြောင်းကို သိမည် မဟုတ်ချေ။

Verse 16 — Surah Yusuf 12:16

၁၆။ နောင်တော်တို့သည် ညနေပိုင်းတွင် ဖခမည်းတော်ထံသို့ ငိုကြွေးမြည်တမ်း၍ လာကြ၏။

Verse 17 — Surah Yusuf 12:17

၁၇။ သူတို့က အို-ခမည်းတော်၊ အကျွနု်ပ်တို့သည် ယူစွတ်(ဖ်)အား အကျွနု်ပ်တို့ပစ္စည်းများ သူ့အနား၌ ထားပြီးလျှင် အချင်းချင်းအပြေးပြိုင်ကြပါသည်။ ထိုအခါဝံပုလွေသည် သူ့ကို ဖမ်းစားသွားပါမည်။ အကျွနု်ပ်တို့အမှန်ကို ဆိုသော်လည်း ခမည်းတော်သည် အကျွနု်ပ်တို့၏ စကားများကို မယုံကြည်ပါဟု ဆိုကြ၏။

Verse 18 — Surah Yusuf 12:18

၁၈။ ထို့အပြင်သူတို့သည် ညီငယ်၏ ရှပ်အကျႌကို လည်ဆယ်သောသွေးစွန်းနှင့် ယူဆောင်လာခဲ့ကြ၏။ သူက မဟုတ်တန်ရာ၊ သင်တို့၏ စိတ်သည် သင်တို့အား တခုခုသို့ လှည့်စားချေပြီ။ ငါ့မှာမူကား သည်းခံခြင်းတရား ကိုသာ ပွားရချေမည်။ သင်တို့ပြောပြသည့်ဆင်းရဲဒုက္ခတွင် အလ္လာဟ်အရှင်မြတ်၏ စောင့်ရှောက်ခြင်းကျေးဇူးတော် ကိုသာ ရှာမှီးရမည်ဖြစ်၏ဟု ပြန်ပြော၏။

Verse 19 — Surah Yusuf 12:19

၁၉။ ကုန်သည်လူစုတို့သည် ထိုတွင်းအနီးသို့ ရောက်လာကြ၏။ ရေခပ်သမားကိ ရေခပ်ရန် စေလွှတ်၏။ သူသည် တွင်းထဲသို့ ရေပုံးကို ချလိုက်၏။ ထိုအခါသူသည် ကံကောင်းလေစွ။ သည်မှာ လုလင်ပျိုတဦးဟု ဟစ်အော်၏။ သူတို့သည် ယူစွတ်(ဖ်)အား ရတနာကဲ့သို့ ဝှက်ထားကြ၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုကျင့်သည်ကို သိမြင်တော်မူ၏။

Verse 20 — Surah Yusuf 12:20

၂ဝ။ သူတို့သည် ယူစွတ်(ဖ်)အား ရွှေဒင်္ဂါးအချို့ဖြစ်သောအဖိုးအနည်းငယ်နှင့် ရောင်းစားကြ၏။ သူတို့သည် သူ့အား အဖိုးမထားကြချေ။

Verse 21 — Surah Yusuf 12:21

၂၁။ အီဂျစ်မြို့သားများထဲမှ ယူစွတ်(ဖ်)ကို ဝယ်ယူသူသည် မိမိမယားမိန်းမအား အို-ချစ်နှမ၊ သင်သည် ဤသတို့သား ကို ကျက်သရေရှိလှစွာနှင့် လက်ခံထားပါသူသည် ငါတို့အား အသုံးဝင်ကောင်းဝင်လတ့ံ။ သို့မဟုတ်ငါတို့သည် သူ့ကို သားအဖြစ် မွေးစားကောင်းမွေးစားကြလတ့ံဟု ပြော၏။ ယူစွတ်(ဖ်)အား အတိတ်နိမိတ်အဖြစ်အပျက် တို့ကို မွေးစားကြလတ့ံဟု ပြော၏။ ယူစွတ်(ဖ်)အား အတိတ်နိမိတ်အဖြစ်အပျက်တို့ကို အဓိပ္ပါယ်ကောက်ခြင်း အတတ်ကို ငါအရှင်မြတ်သည် သွန်သင်ပေးဖို့ရာ သူ့ကို ငါဤကဲ့သို့ အီဂျစ်ပြည်၌ နေရာချထားတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိရည်ရွယ်ချက်၌ အောင်မြင်တော်မူ၏။ သို့သော်လူသားတို့အနက် များစွာသော သူတို့သည် မသိကြချေ။

Verse 22 — Surah Yusuf 12:22

၂၂။ သူသည် အရွယ်ရောက်လူလားမြောက်သောအခါ ငါအရှင်မြတ်သည် သူ့အား အသိအလိမ္မာဉာာဏ်ပညာကို ပေးသနာတော်မူ၏။ ဤကဲ့သို့ငါသည် သူတော်ကောင်းတို့ကို ချီးမြှင့်တော်မူ၏။

Verse 23 — Surah Yusuf 12:23

၂၃။ ယခုသူနေသောအိမ်ရှင်မက သူ့ထံ မကောင်းမှုတခုကို တောင်း၏။ သူမသည် အခန်းတံခါးပိတ်၍ အကျွနု်ပ် အနားသို့ ချည်းကပ်လော့ဟု ဆို၏။ သူက အကျွနု်ပ်သည် အလ္လာဟ်အရှင်မြတ်၌ ခိုလှုံပါ၏။ မှတ်သားပါလော့။ အကျွနု်ပ်အား ကျက်သရေပေး၍ ကျေးဇူးပြုသူသည် အကျွနု်ပ်၏ သခင်ဖြစ်ပါ၏။ မတရားမှုကို ကျူးလွန်သူတို့ သည် မည်သည့်အခါမျှ တိုးတက်ကြီးပွားကြမည်မဟုတ်ချေဟု ပြောပြ၏။

Verse 24 — Surah Yusuf 12:24

၂၄။ အိမ်ရှင်မသည် သူ့အား အမှန်လိုလား၏။ သို့သော်မိမိ၏ အရှင်သခင်၏ သက်သေသာဓကတပါးကို မမြင်ခဲ့လျှင် သူသည် သူမကို မက်မောလေလတ့ံ။ ငါအရှင်သည် သူ့ထံမှ မကောင်းမှုနှင့် ကာမခိုးမှုကို ဖယ်ရှားတော်မူစေ ခြင်းငှာ ယင်းသို့ဖြစ်၏။ မှတ်သားကြလော့။ သူသည် ငါရွေးကောက်တော်မူစေသောကျေးတော်မျိုးကျွန်တော်မျိုး တို့ဘောင်တွင် ပါဝင်၏။

Verse 25 — Surah Yusuf 12:25

၂၅။ ၎င်းအပြင်သူသည် တံခါးဝသို့ အပြိုင်အဆိုင်ပြေး၏။ သူမသည် သူ၏ ရှပ်အကျႌကို ကျောဘက်မှ ဆွဲဆုတ်၏။ သူတို့သည် သူမ၏ သခင်အိမ်ရှင်ကို တံခါးဝတွင် တွေ့ကြ၏။ သူမက အရှင်၏ လူကို မတရားပြုကျင့်လိုသူအား ထောင်ဒဏ်(သို့မဟုတ်)ပြင်းပြနာကျင်ဖွယ်သောဒဏ်မှအပ အဘယ်ဆုရှိမည်နည်းဟု မေး၏။

Verse 26 — Surah Yusuf 12:26

၂၆။ ယူစွတ်(ဖ်)က သူမသည် အကျွနု်ပ်ထံမှ မကောင်းမှုတခုကို တောင်းပါ၏ဟု ပြန်ဖြေ၏။ ထို့အပြင်သူမ၏ လူ များထဲမှ သက်သေတယောက် အကယ်၍ သူ၏ ရှပ်မှာ ရှေ့ဘက်မှ စုတ်ပြတ်ပါလျှင် သူမသည် အမှန်စကားကို ဆို၏။ သူသည် မုသားဆိုသူများဘောင်မှ ဖြစ်၏။

Verse 27 — Surah Yusuf 12:27

၂၇။ အကယ်၍ သူ၏ ရှပ်အကျႌသည် ကျောဘက်မှ စုတ်ခဲ့ပါမူ သူမသည် မုသားစကားဆို၏။ သူသည် အမှန်စကားကို ဆိုသူတို့ဘောင်မှ ဖြစ်၏ဟု ထွက်ဆို၏။

Verse 28 — Surah Yusuf 12:28

၂၈။ အိမ်ရှင်သည် ယူစွတ်(ဖ်)၏ ရှပ်အကျႌကျောဘက်တွင် စုတ်ပြဲနေသည်ကို မြင်လျှင် သူက မှတ်သားလော့။ ဤအမှုသည် သင်မိန်းမတို့၏ မာယာမှဖြစ်၏။ သင်မိန်းမတို့၏ မာယာသည် မုချဧကန်အလွန်ကြီးမား၏။

Verse 29 — Surah Yusuf 12:29

၂၉။ အို-ယူစွတ်(ဖ်)၊ ဤကိစ္စမှ လှည့်သွားလော့။ သင်မိန်းမမှာမူကား သင်၏ အပြစ်ကို လွှတ်တော်မူဖို့ရာ ဆုတောင်း လော့။ အမှန်မှာ သင်သည် အပြစ်ကျူးလွန်သူများအထဲက ဖြစ်၏။

Verse 30 — Surah Yusuf 12:30

၃ဝ။ ထိုအခါအီဂျစ်မြို့နေမိန်းမတို့ ဤသို့ပြောကြ၏။ အမတ်ကြီး၏ ဇနီးသည် မိမိ၏ ကျွန်လုလင်ပျိုထံမှ မကောင်းမှု တောင်း၏။ အမှန်မှာ သူသည် သူမ၏ စိတ်နှလုံးကို အချစ်မီးလောင်စေ၏။ ငါတို့သည် သူမကို ထင်ရှားသော လမ်းမှားမှာ မြင်ကြ၏။

Verse 31 — Surah Yusuf 12:31

၃၁။ အမတ်ကြီး၏ မယားသည် မိမိအား မိန်းမအပေါင်းတီးတိုးကဲ့ရဲ့ကြသောစကားကို ကြားသိရသည်ရှိသော် ထို မိန်းမများကို မိမိအိမ်သို့ ခဲဖွယ်ဘောစဉ်တည်ကျွေးအ့ံသောငှာ ဖိတ်ပင့်ခေါ်၍ သိုက်မြိုက်တင့်တယ်စွာနေရာ ချထား၏။ တကိုယ်လျှင် သားလှီးထားဓားတစင်းစီပေးထား၏။ ထို့နောက်ယူစွတ်(ဖ်)အား ဤမိန်းမတို့ရှေ့သို့ ထွက်လာလော့ဟု ပြော၏။ ဧည့်သည်များသည် သူ့ကို မြင်ရသောအခါ သူ့ကို ချီးမြှောက်ပြီး မိမိတို့လက်ကို မိမိတို့လှီးမိကြ၏။ သူတို့၏ သြဘာစကားမှာ သန့်ရှင်းစုံလင်တော်မူသောအလ္လာဟ်အရှင်မြတ်၊ ဤသူကား လူသားမဟုတ်ချေ။ သူသည် အလွန်လှပတင့်တယ်ရှုချင်ဖွယ်ဖြစ်သောကောင်းကင်တမန်မှတပါး အခြားမဖြစ်ချေ ဟု ဖြစ်၏။

Verse 32 — Surah Yusuf 12:32

၃၂။ အိမ်ရှင်မသည် ဧည့်သည်တို့အား အို-ရှင်မတို့၊ သင်တို့သည် အကျွနု်ပ်ကို ပြစ်တင်ကဲ့ရဲ့ပြုခြင်းမှာ ဤလုလင်ပျို အတွက်ဖြစ်သည်။ အကျွနု်ပ်သည် သူ့ထံမှ မကောင်းမှုကို တောင်း၏။ သို့သော်သူသည် မိမိကိုယ်ကို ချုပ်တည်း ချိုးခြံသည်။ အကယ်၍သူသည် အကျွနု်ပ်၏ အမိန့်ကို မနာခံလျှင် သူ့ကို အမှန်ပင်ထောင်သွင်းအကျဉ်းချထားအ့ံ။ သူသည် အသရေပျက်နှိမ့်ချခြင်းခံရသောသူတို့ဘောင်တွင် ပါဝင်ရလတ့ံဟု ပြောပြ၏။

Verse 33 — Surah Yusuf 12:33

၃၃။ ထိုသူက အို-အကျွနု်ပ်၏ အရှင်သခင်၊ ထောင်သည် သူတို့တိုက်တွန်းသောအရာထက် အကျွနု်ပ်အဖို့ သာလွန် နှစ်သက်ဖွယ်ဖြစ်ပါ၏။ အကယ်၍ အရှင်ကသာလျှင် သူတို့၏ ပရိယာယ်မာယာများကို အကျွနု်ပ်ဘက်ကနေ၍ တွန်းလှန်တော်မမူပါလျှင် အကျွနု်ပ်သည် သူတို့ဘက်သို့ ယိမ်းယိုင်ပြီးလျှင် သူမိုက်သူရူးတို့ဘောင်တွင် ပါဝင်ရပါ မည်ဟု ဆုတောင်း၏။

Verse 34 — Surah Yusuf 12:34

၃၄။ ထို့ကြောင့်သူ၏ အရှင်သခင်သည် သူ၏ ဆုတောင်းချက်ကို ကြားတော်မူပြီးလျှင် ထိုမိန်းမများ၏ ဖျားယောင်း သွေးဆောင်မှုကို သူ့ထံမှ တွန်းလှန်ပစ်တော်မူ၏။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် ကြားတော်မူ သောအရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 35 — Surah Yusuf 12:35

၃၅။ တမန်တော်ယူစွတ်(ဖ်)၏ အပြစ်ကင်းမဲ့သည့်အချက်များကို သိရပြီးသောအခါ ယောက်ျားတို့က ဤသူကို ထောင်ထဲတွင် အချိန်အတော်အတန်ထည့်ထားလျှင် ကောင်းမည်ဟု အကြံရကြ၏။

Verse 36 — Surah Yusuf 12:36

၃၆။ သူနှင့်အတူ အခြားလုလင်ပျိုနှစ်ယောက်လည်း ထောင်ကျကြ၏။ ထိုလုလင်ပျိုနှစ်ဦးအနက် တစ်ဦးက အကျွနု်ပ် သည် စပျစ်သီးမှ အရက်ကို ညှစ်ထုတ်နေသည်သည်ဟု အကျွနု်ပ်အိပ်မက်မြင်သည်ဟု ပြောပြ၏။ အခြားတစ်ဦး က အကျွနု်ပ်သည် မိမိခေါင်းပေါ်တွင် မုန့်ဗျပ်ကို ရွက်ထား၏။ ငှက်များသည် ထိုမုန့်များကို စားနေသည်ဟု အိပ်မက်မြင်၏။ အကျွနု်ပ်တို့၏ အိပ်မက်၏ အဓိပ္ပါယ်ကို ကောက်ပေးပါ။ အကြောင်းမူကား သင်သည် သူတော်ကောင်းတို့ဘောင်အတွင်းမှဟု အကျွနု်ပ်တို့သိသည်ဟု ပြောဆို၏။

Verse 37 — Surah Yusuf 12:37

၃၇။ ထိုအခါတမန်တော်ယူစွတ်(ဖ်)က သူတို့အား ဤသို့ဟောကြား၏။ သင်တို့အား နေ့စဉ်ပေးသောအစာအာဟာရ သည် မရောက်။ သို့သော်ထိုအစာမရောက်မီ သင်တို့အိပ်မက်၏ အဓိပ္ပါယ်ကို အကျွနု်ပ်ပြောပြမည်။ ဤအဓိပ္ပါယ် ကောက်ခြင်းမှာ အကျွနု်ပ်၏ အရှင်သခင်သည် အကျွနု်ပ်အား သင်ပေးတော်မူသောအတတ်ပညာထဲမှဖြစ်၏။ အကျွနု်ပ်သည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝကို မယုံကြည်သောသူတို့၏ အယူဝါဒကို စွန့်ပစ် ရှောင်ကြဉ်၏။

Verse 38 — Surah Yusuf 12:38

၃၈။ ထို့အပြင်အကျွနု်ပ်သည် မိမိ၏ မိဘဘိုးဘွားအေဗရာဟမ်၊ အစ္စဟတ်(က်)၊ ယာကူ(ဗ်)တို့၏ ဘာသာအယူဝါဒ ကို လိုက်၏။ အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမှ မတွဲဖက်အပ်ချေ။ ဤအယူဝါဒသည် တမန်တော်အေဗရာဟမ်၏ သားမြေးဖြစ်သောအကျွနု်ပ်တို့နှင့် လူသားတို့အား အရှင်မြတ်ပေးကမ်းတော်မူသော ကောင်းကြီးမင်္ဂလာတော်များမှ ဖြစ်၏။ သို့သော်လူသားအများအပြားသည် ကျေးဇူးမသိတတ်ချေ။

Verse 39 — Surah Yusuf 12:39

၃၉။ အို-အကျွနု်ပ်၏ မိတ်ဆေါအကျဉ်းသားနှစ်ဦးတို့၊ ဘုရားအများသည် သာလွန်ကောင်းသလော။ သို့မဟုတ်အနန္တ တန်ခိုးတော်ရှင်၊ တဆူတည်းသောအလ္လာဟ်အရှင်မြတ်က သာလွန်ကောင်းမြတ်သလော။

Verse 40 — Surah Yusuf 12:40

၄ဝ။ သင်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်သောဘုရားတုများသည် သင်တို့မိဘဘိုးဘွားနှင့် သင်တို့ ပေးသောနာမည်နာမများသာဖြစ်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းအယူဝါဒကို ခွင့်ပြုသောဗျာဒိတ်တော် ချပေးတော်မမူချေ။ အရာရာကို ဆုံးဖြတ်စီရင်ခွင့်ည် သင်တို့အား အရှင်မြတ်မှတပါး မည်သည့်အရာကိုမှ မကိုးကွယ်ကြလင့်ဟု ပညတ်တော်မူထသောအလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ဤအယူဝါဒသည် မှန်သောဘာသာ တရားဖြစ်၏။ သို့သော်လူသားအများအပြားတို့သည် မသိကြချေ။

Verse 41 — Surah Yusuf 12:41

၄၁။ အို-အကျွနု်ပ်၏ ထောင်သားမိတ်ဆွေနှစ်ဦးတို့၊ သင်တို့အနက် တစ်ဦးမှာ မိမိသခင်အား အရက်တော်ဆက်ရမည်။ အခြားတစ်ဦးမှာကား တိုင်တင်၍ သတ်ခြင်းကို ခံရလတ့ံ။ ထိုအခါငှက်တိရိစ္ဆာန်များသည် သူ၏ ခေါင်းကို ပေါက်ဆိတ်၍ စားကြလတ့ံ။ သင်တို့ပေးသောအိပ်မက်များ၏ အဓိပ္ပါယ်မှာ ဤအတိုင်းဖြစ်၏။

Verse 42 — Surah Yusuf 12:42

၄၂။ ထို့အပြင်သူတို့နှစ်ဦးအနက် ထောင်မှ အလွှတ်ခံရမည်ဟု ထင်သောသူအား ဟယ်-အချင်း၊ အကျွနု်ပ်၏ အကြောင်းကို သင်၏ သခင်၏ အရှေ့တော်ဝယ်ပြောပြပါဟု မှာလိုက်၏။ သို့သော်ရှိုင်တန်မာရ်နတ်သည် သူ့အား ယူစွတ်(ဖ်)၏ အကြောင်းကို မိမိသခင်အား ပြောပြဖို့ရာ မေ့လျော့စေ၏။ ထို့ကြောင့်ယူနွတ်(စ်)သည် ထောင်ထဲတွင် နှစ်ပေါင်း အတော်ကြာရှည်စွာနေရ၏။

Verse 43 — Surah Yusuf 12:43

၄၃။ ထို့နောက်ပြည့်ရှင်ဘုရင်သည် မှုးမတ်တို့အား မှတ်သားကြလော့။ ငါသည် အိပ်မက်ထဲတွင် ပိန်ကြံုသောနွားမ ခုနစ်ကောင်တို့က ဝလွင်ထွားကျိုင်းသောနွားမခုနစ်ကောင်ကို စားနေသည်ကို မြင်ရ၏။ ထို့အပြင်လတ်ဆတ်စိမ်းစို သောစပါးနှံခုနစ်နှံနှင့် သွေ့ခြောက်သောစပါးနှံခုနစ်နှံကိုလည်း မြင်ရ၏။ အို-မှုးကြီးမတ်ကြီးတို့၊ သင်တို့သည် အိပ်မက်များ၏ အဓိပ္ပါယ်ကို ကောက်တတ်လျှင် အကျွနု်ပ်၏ အိပ်မက်အဓိပ္ပါယ်ကို ရှင်းလင်းပြောကြလော့ဟု မိန့်တော်မူ၏။

Verse 44 — Surah Yusuf 12:44

၄၄။ မှုးမတ်တို့က ရောနှောရှုပ်ထွေးနေသောအိပ်မက်များ၊ အကျွနု်ပ်တို့သည် အိပ်မက်များကို အဓိပ္ပါယ်မကောက်တတ် ပါဟု လျှောက်ကြ၏။

Verse 45 — Surah Yusuf 12:45

၄၅။ ထိုအခါထိုသူနှစ်ဦးအနက် အလွှတ်ခံရသောသူသည် နောက်ဆုံး၌ သတိရ၍ အကျွနု်ပ်သည် အိပ်မက်များ၏ အဓိပ္ပါယ်ကို ရှင်းလင်းပြပါမည်။ သို့အတွက်အကျွနု်ပ်ကို ယခုသင့်တို့ထံမှ ထွက်သွားခွင့်ပြုပါဟု လျှောက်၏။

Verse 46 — Surah Yusuf 12:46

၄၆။ သူသည် ထောင်တွင်းရှိ ယူစွတ်(ဖ်)ထံ ရောက်သောအခါ အို-ယူစွတ်(ဖ်)၊ အို-မှန်သောစကားကို ဆိုသူ၊ ပိန်သောနွားမခုနစ်ကောင်က ဝသောနွားမခုနစ်ကောင်ကို စားခြင်း၊ စိမ်းစိုသေားစပါးနှံခုနစ်နှံနှင့်သွေ့ခြောက်သော စပါးနှံခုနစ်နှံစသည့်အိပ်မက်၏ အဓိပ္ပါယ်ကို ဖော်ပြပါ။ အကျွနု်ပ်သည် မိမိအမျိုးသားတို့ထံ ပြန်ပြောရအောင် သူတို့သိရအောင် အဓိပ္ပါယ်ကို ပြောပြပါဟု ဆို၏။

Verse 47 — Surah Yusuf 12:47

၄၇။ ထိုအခါယူစွတ်(ဖ်)က ဟယ်-အချင်း၊ သင်တို့သည် ခါတိုင်းကဲ့သို့ လယ်ယာကိုင်းကျွန်းကို ခုနှစ်ပတ်လုံး၊ ထွန်ယက်လုပ်ကိုင်ကြလော့။ အသီးအနှံများကို ရိတ်သိမ်းသောအခါ တနှံမှ မကြေစေရ။ ကောက်လှိုင်းအတိုင်း သိုလှောင်ထားကြလော့။ စားသုံးရန် အနည်းငယ်ကိုမျှ အနှံမှ ချွေယူစားသုံးကြလော့။

Verse 48 — Surah Yusuf 12:48

၄၈။ ထို့နောက်ခက်ခဲသောခုနစ်နှစ်လာလတ့ံ။ ဤခုနစ်နှစ်သည် အလွန်ဒုက္ခကြီးသောနှစ်များဖြစ်လတ့ံ။ ဤခုနစ်နှစ် အတွင်း သင်တို့စိုက်ပျိုးသောကောက်ပဲသီးနှံတို့သည် မအောင်ပဲ အကုန်ပျက်စီးလတ့ံ။ သင်တို့အထက်က စုဆောင်းသိုလှောင်ထားသောအသီးအနှံများသာ ကျန်လတ့ံ။

Verse 49 — Surah Yusuf 12:49

၄၉။ ထို့နောက်အလွန်ဝပြောသာယာသောနှစ်တစ်နှစ်ပေါ်ပေါက်လာမည်။ ထိုနှစ်၌ လူများသည် ကောက်ပဲသီးနှံ အမြောက်အများရရှိကြလိမ့်မည်။ ထိုအခါသူတို့သည် အရက်နှင့်ဆီများကို ညှစ်ထုတ်ယူကြလိမ့်မည်ဟု အိပ်မက် များ၏ အဓိပ္ပါယ်ကို ပြောပြ၏။

Verse 50 — Surah Yusuf 12:50

၅ဝ။ မင်းကြီးသည် အိပ်မက်ပြန်သူကို ငါ့ထံသို့ ယူခဲ့လော့ဟု မိန့်တော်မူ၏။ မင်းကြီးစေလွှတ်သူသည် ယူစွတ်(ဖ်)ထံ ရောက်သောအခါ ထိုသူအား သင်၏ သခင်ထံသို့ ပြန်၍ မိမိတို့လက်ကို သားလှီးဓားနှင့်လှီးမိသောမိန်းမတို့သည် မည်သို့နေပါသနည်းဟု လျှောက်လော့။ စင်စစ်အားဖြင့်ငါ၏ အရှင်၊ သခင်သည် သူတို့၏ ပရိယာယ်မာယာကို သိတော်မူ၏။

Verse 51 — Surah Yusuf 12:51

၅၁။ ထိုအခါ မင်းကြီးသည် ထိုမိန်းမများကို မိမိထံသို့ လာစေ၍ သင်တို့လည်း ယူနွတ်(စ်)ထံမှ မတရားမှုကို တောင်းသောအခါ ဘာဖြစ်သနည်းဟု မေးတော်မူ၏။ ထိုမိန်းမတို့က အလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းတော် မူပါ၏။ ယူစွတ်(ဖ်)၏ အပေါ်တွင် အပြစ်တစုံတရာမျှမသိရပါဟု ပြန်လျှောက်၏။ ထိုအခါအမတ်ကြီးကတော်က ယခုမူကား အကြောင်းမှန်သည် ပေါ်လာချေပြီ။ အကျွနု်ပ်သည် သူ့ထံမှ မကောင်းမှုကို တောင်းပါ၏။ သို့သော် သူသည် သစ္စာသမာဓိဂုဏ်နှင့်အမှန်ပင်ပြည့်စုံပါ၏ဟု လျှောက်၏။

Verse 52 — Surah Yusuf 12:52

၅၂။ ဤအကြောင်းအရာကို ကြားရသောအခါ ယူစွတ်(ဖ်)က အကျွနု်ပ်သည် မိမိသခင်အား သူ၏ ကွယ်ရာတွင် တိတ်ဆိတ်လျှို့ဝှက်စွာသစ္စာမဖောက်ကြောင်းကို အကျွနု်ပ်၏ သခင်သိဖို့ရာ ဤအမှုအခင်းအကြောင်းကို အကျွနု်ပ် စုံစမ်းမေးမြန်းပါ၏။ အမှန်ကိုဆိုသော် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်သူတို့၏ ဖျားယောင်းမှုများကို ထမြောက်အောင်မြင်စေတော်မမူချေ။

Verse 53 — Surah Yusuf 12:53

၅၃။ အကျွနု်ပ်သည် မိမိကိုယ်ကို မိမိဒုစရိုက်မှုမှ ကင်းစင်ပြီဟု မဝါမကြွားဝ့ံပါ။ မှတ်သားကြလော့။ အကျွနု်ပ်၏ အရှင်သခင်က သနားစောင့်ရှောက်ချီးမြှောက်တော်မူသောဝိညာဉ်မှတပါး အခြားလူ့ဝိညာဉ်သည် မကောင်းမှု ကိုသာ လှုံ့ဆော်တိုက်တွန်းကြ၏။ မှတ်သားကြလော့။ အကျွနု်ပ်၏ အရှင်သခင်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။

Verse 54 — Surah Yusuf 12:54

၅၄။ ထိုအခါဘုရင်မင်းမြတ်က ထိုသူကို ငါ့ရှေ့တော်သို့ သွင်းကြလော့။ ငါသည် သူ့အား ကိုယ်ရံတော်အရာ၌ ခန့်ထားလိုတော်မူ၏ဟု မိန့်တော်မူ၏။ မင်းမြတ်သည် ယူစွတ်(ဖ်)နှင့်ဆွေးနွေးတိုင်ပင်ပြီးသောအခါ မင်းကြီးက မှတ်သားလော့၊ သင်သည် ငါ့မျက်မှောက်ဝယ် ယုံကြည်အားကိုးရသူဖြစ်ပြီဟု မိန့်တော်မူ၏။

Verse 55 — Surah Yusuf 12:55

၅၅။ ယူစွတ်(ဖ်)သည် ဘုရင်မင်းမြတ်အား အို-အရှင်မင်းကြီး၊ အကျွနု်ပ်အား တိုင်းပြည်တော်၏ ရိက္ခာသိုလှောင် ထိန်းသိမ်းမှုးရာထူးတွင် ခန့်ထားတော်မူပါ။ အကျွနု်ပ်သည် ဥစ္စာပစ္စည်းထိန်းသိမ်းမှု၌ လိမ္မာကျွမ်းကျင်သူဖြစ်ပါ၏ ဟု လျှောက်၏။

Verse 56 — Surah Yusuf 12:56

၅၆။ ယင်းကဲ့သို့ ငါအရှင်မြတ်သည် ယူစွတ်(ဖ်)အား ကမ္ဘာမြေပေါ်တွင် တန်ဖိုးအာဏာပေးသနားတော်မူ၏။ သသည် မိမိလိုတိုင်း အာဏာကို စိုးပိုင်၏။ ငါအရှင်မြတ်သည် ချီးမြှင့်လိုတော်မူသောသူအား သနားစောင့်ရှောက်ချီးမြှင့် တော်မူ၏။ ငါသည် သူတော်ကောင်းတို့၏ ဆုံးရှုံးတော်မမူချေ။

Verse 57 — Surah Yusuf 12:57

၅၇။ ယုံကြည်လျက် ဒုစရိုက်မှုကို ကြဉ်ရှောင်သူတို့အဖို့မှာ နောင်တမလွန်ဘဝတွင် ဆုတော်သည် သာလွန်မွန်မြတ် ပေ၏။

Verse 58 — Surah Yusuf 12:58

၅၈။ ထို့နောက်ယူစွတ်(ဖ်)၏ နောင်တော်များသည် တမန်တော်ယူစွတ်(ဖ်)ထံ ဝင်ရောက်ကြ၏။ တမန်တော်သည် သူတို့ကို မှတ်မိ၏။ သို့သော်သူတို့သည် သူ့ကို မမှတ်မိချေ။

Verse 59 — Surah Yusuf 12:59

၅၉။ တမန်တော်သည် နောင်တော်တို့အား ရိက္ခာပေးပြီးသောအခါ သင်တို့ဖခင်ထံမှ သင်တို့ညီငယ်ကို အကျွနု်ပ်ထံသို့ ခေါ်ယူခဲ့ကြလော့။ အကျွနု်ပ်သည် သူတို့အား အချိန်ပြည့်အချိန်မှန်ပေးသူ၊ အကောင်းဆုံးသောဧည့်ခံသူဖြစ် ကြောင်းကို သင်တို့မြင်ကြသည်မဟုတ်လော။

Verse 60 — Surah Yusuf 12:60

၆ဝ။ သင်တို့သည် သူ့ကို မယူခဲ့လျှင် အကျွနု်ပ်ထံမှ ရိက္ခာဝယ်၍ ရမည်မဟုတ်။ အကျွနု်ပ်ကို ချဉ်းကပ်ရမည်လည်း မဟုတ်ချေ။

Verse 61 — Surah Yusuf 12:61

၆၁။ သူတို့က အကျွနု်ပ်တို့သည် မိမိတို့ညီငယ်ကို သူ၏ ဖခင်ထံမှ ရရှိအောင် ကြိုးစားပါမည်။ အမှန်ပင်ကြိုးစား ပါမည်ဟု ပြန်ပြောကြ၏။

Verse 62 — Surah Yusuf 12:62

၆၂။ ထိုအခါတမန်တော်ယူစွတ်(ဖ်)သည် မိမိလုလင်များအား ဤသူများပေးသောကုန်ပစ္စည်းကို သူတို့၏ ကုလားအုပ် ကုံးနှီးအိတ်အတွင်း ထည့်သွင်းဖုံးအုပ်၍ ထည့်လိုက်ကြလော့။ ယင်းသို့တိတ်တဆိတ်ထည့်ပေးလိုက်လျှင် သူတို့ သည် မိမိတို့အမျိုးသားတို့ထံ ပြန်ရောက်သောအခါ ဤအကြောင်းကို သိကြ၍ ထိုပစ္စည်းများကို ပေးရန် ပြန်လာကြလိမ့်မည်ဟု ပြော၏။

Verse 63 — Surah Yusuf 12:63

၆၃။ ထို့ကြောင့်သူတို့သည် မိမိတို့ဖခင်ထံ ပြန်ရောက်သောအခါ သူတို့က အို-ခမည်းတော်၊ အကျွနု်ပ်တို့အား ရိက္ခာမရောင်းငြင်းဆန်ပါ၏။ အကျွနု်ပ်တို့ရိက္ခာဝယ်ယူရရှိရန် အကျွနု်ပ်တို့၏ ညီထွေးကို အကျွနု်ပ်တို့နှင့်ထည့် တော်မူပါ။ အကယ်စင်စစ်အကျွနု်ပ်တို့သည် သူ့ကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ဆို၏။

Verse 64 — Surah Yusuf 12:64

၆၄။ ခမည်းတော်က အထက်က သူ၏ အစ်ကိုကို သင်တို့အား အပ်နှံသကဲ့သို့ ငါသည် သူ့ကို သင်တို့အား ယုံ ကြည်အပ်နှံနိုင်သလော။ အလ္လာဟ်အရှင်မြတ်သည် စောင့်ရှောက်ခြင်း၌ သာလွန်မွန်မြတ်တော်မူ၏။ အရှင်မြတ် သည် ကျေးဇူးပြုသူတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူ၏။

Verse 65 — Surah Yusuf 12:65

၆၅။ ထို့နောက်သူတို့သည် မိမိတို့အိတ်များကို ဖွင့်ကြသောအခါ သူတို့ရိက္ခာအစားပေးသောကုန်ပစ္စည်းများကို သူတို့ အား ပြန်ပေးကြောင်းကို တွေ့ရှိကြ၏။ သူတို့က အို-ခမည်းတော်၊ အကျွနု်ပ်တို့သည် သည့်ထက်ပို၍ ဘာကို တောင်းဆိုရပါမည်နည်း။ သည်မှာ အကျွနု်ပ်တို့ပစ္စည်းကို အကျွနု်ပ်တို့အား ပြန်ပေးလိုက်ပါသည်။ အကျွနု်ပ်တို့ လည်း မိမိတို့အမျိုးသားတို့အဖို့ ရိက္ခာရပါမည်။ အကျွနု်ပ်တို့သည် ညီထွေးကို စောင့်ရှောက်ပါမည်။ ထို့အပြင် အကျွနု်ပ်တို့သည် ကုလားအုပ်တစ်စီးတင်အပိုရိက္ခာရကြပါမည်။ ယခုအကျွနု်ပ်တို့ယူခဲ့သောရိက္ခာသည် နည်းပါ သေး၏ဟု တောင်းပန်ကြ၏။

Verse 66 — Surah Yusuf 12:66

၆၆။ ထိုအခါခမည်းတော်အား သင်တို့သည် အလ္လာဟ်၏ နာမတော်ကို တိုင်တည်၍ သင်တို့ကို ရန်သူဝိုင်းဝန်းမထား သမျှကာလပတ်လုံး သင်တို့သည် သူ့ကို ငါ့ထံပြန်ယူခဲ့ပါမည်ဟု သစ္စာမဆိုသမျှ ငါသည် သင်တို့ညီထွေးကို သင်တို့နှင့်အတူတကွ ထည့်မည်မဟုတ်ဟု ဆို၏။ သူတို့သည် သူတို့၏ ဝန်ခံချက်ကို ပေးသောအခါ သူက အလ္လာဟ်သည် အကျွနု်ပ်တို့ဆိုသောစကားအရပ်ရပ်ကို စောင့်ထိန်းသောအရှင်ဖြစ်တော်မူပါ၏ဟု ပြော၏။

Verse 67 — Surah Yusuf 12:67

၆၇။ တဖန်ခမည်းတော်က ငါ၏ ချစ်သားတို့၊ သင်တို့သည် မြို့တံခါးတပေါက်တည်းမှ မဝင်ကြလင့်။ သင်တို့သည် တံခါးပေါက်အသီးသီးမှ ဝင်ကြလော့။ အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ သင်တို့အတွက် ငါသည် မည်သည့် အကျိုးကိုမှ မပြုနိုင်၊ မှတ်သားကြလော့၊ စီမံခန့်ခွဲခြင်းသည် အရှင်မြတ်အဖို့သာလျှင် ဖြစ်၏။ ငါသည် အရှင်မြတ် အား ယုံကြည်ကိုးစား၏။ ကိုးစားသူအပေါင်းတို့သည် အရှင်မြတ်အားသာ ကိုးစားကြစေကုန်၏။

Verse 68 — Surah Yusuf 12:68

၆၈။ သူတို့သည် မိမိတို့ဖခင်၏ သြဝါဒအတိုင်း မြို့ထဲသို့ ဝင်ကြ၏။ သို့သော်ယင်းသို့ဝင်ခြင်းသည် အလ္လာဟ်အရှင်မြတ် အား ဆန့်ကျင်၍ မည်သည့်အကျိုးကိုမှ မပေးချေ။ ထိုသြဝါဒမှုအားဖြင့် ယာကွတ်(ဗ်)သည် မိမိစိတ်နှလုံး၏ လိုလားချက်ကို ဖြည့်စွမ်းခြင်းဖြစ်၏။ မှတ်သားကြလော့။ ငါအရှင်မြတ်သည် သူ့အား သွန်သင်ဆုံးမတော်မူသဖြင့် သူသည် အသိပညာဂုဏ်နှင့်ပြည့်စုံ၏။ သို့သော်လူသားအပေါင်းတို့အနက် များလှစွာသောသူတို့သည် မသိကြချေ။

Verse 69 — Surah Yusuf 12:69

၆၉။ သူတို့သည် ယူစွတ်(ဖ်)ရှေ့သို့ ဝင်သွားသောအခါ သူသည် မိမိညီကို အနားသို့ ခေါ်ပြီးလျှင် မှတ်သားလော့။ ငါသည် သင်၏ အစ်ကိုအစစ်အမှန်ဖြစ်၏။ ထို့ကြောင့်သူတို့၏ ကျူးလွန်ပြစ်မှားမှုကြောင့် ဝမ်းမနည်းလင့်ဟု ပြောပြ၏။

Verse 70 — Surah Yusuf 12:70

၇ဝ။ သူသည် ထိုသူတို့အား ဂျုံစပါးရိက္ခာကို ပေးပြီးနောက် သူ၏ သောက်ရေခွက်ကို မိမိညီ၏ ကုလားအုပ်ကုံးနှီးအိတ် တွင် ထည့်ပေးလိုက်၏။ ထို့နောက်ကြွေးကြော်သူတစ်ယောက်သည် အို-ကုလားအုပ်စီးနင်းသွားသူတို့၊ သင်တို့ သည် သူခိုးအစ်အမှန်ဖြစ်ကြ၏ဟု အော်ဟစ်စေ၏။

Verse 71 — Surah Yusuf 12:71

၇၁။ ထိုခရီးသည်တို့က ကြွေးကြော်သူတို့ထံ လာပြီးလျှင် သင်တို့အဘယ်အရာပျောက်ဆုံးပါသနည်းဟု မေးမြန်းကြ၏။

Verse 72 — Surah Yusuf 12:72

၇၂။ သူတို့က အကျွနု်ပ်တို့၏ ဘုရင်မင်းမြတ်၏ ဖလားတော်ပျောက်ဆုံးသွားပါ၏။ အကြင်သူသည် ထိုဖလားကို ပြန်ပေးအ့ံ။ ထိုသူအား ကုလားအုပ်တစီးတင်ရိက္ခာကို ဆုချတော်မူမည်ဟု ပြောကြ၏။ ထို့အပြင်ယူစွတ်(ဖ်) ကလည်း ထိုဖလားအတွက် အကျွနု်ပ်မှာ တာဝန်ရှိပါသည်ဟု ဆို၏။

Verse 73 — Surah Yusuf 12:73

၇၃။ ထိုခရီးသည်တို့က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ အကျွနု်ပ်တို့သည် ပြစ်မှုကျူးလွန်ဖို့မလာကြောင်းကို သင်တို့ကောင်းစွာသိပါ၏။ အကျွနု်ပ်တို့သည် သူခိုးမဟုတ်ပါဟု ပြောပြကြ၏။

Verse 74 — Surah Yusuf 12:74

၇၄။ ထိုအခါမင်းချင်းတို့က သင်တို့သည် မုသားစကားဆိုသူဖြစ်ပါလျှင် သင်တို့ကို ထိုပြစ်မှုကြောင့် အဘယ်အပြစ်ဒဏ် ကို ပေးရပါမည်နည်းဟု မေးကြ၏။

Verse 75 — Surah Yusuf 12:75

၇၅။ ညီနောင်တို့၊ ဤအပြစ်ဒဏ်ကို ပေးကြပါလော့။ အကြင်သူ၏ အိတ်ထဲတွင် ဖလားကို တွေ့အ့ံ။ ထိုသူကို သင်တို့ဖမ်းယူထားကြလော့။ အကျွနု်ပ်တို့သည် အပြစ်ရှိသူကို ယင်းကဲ့သို့လက်စားချေကြ၏။

Verse 76 — Surah Yusuf 12:76

၇၆။ ထိုအခါယူစွတ်(ဖ်)ည် နောင်တော်တို့၏ အိတ်များကို စတင်ရှာဖွေ၏။ ထို့နောက်သူ့ညီ၏ အိတ်တွင် ရှာဖွေ၍ ဖလားကို ထုတ်ပြ၏။ ငါအရှင်မြတ်သည် ယူစွတ်(ဖ်)အတွက် ယင်းကဲ့သို့စီရင်ပေးတော်မူ၏။ အလ္လာဟ်အရှင်မြတ် အလိုတော်မရှိပဲ သူသည် မိမိညီကို ရှင်ဘုရင်၏ တရားဥပဒေအရ မသိမ်းဆည်းထားနိုင်ချေ။ ငါအရှင်မြတ်သည် အလိုတော်ရှိသူတို့အား အဆင့်အတန်းအားဖြင့် မြှောက်စားတော်မူ၏။ ပညာရှင်သုခမိန်တိုင်းအပေါ်တွင် သူတို့ ထက်သာ၍ ပညာရှိသောအရှင်ရှိတော်မူ၏။

Verse 77 — Surah Yusuf 12:77

၇၇။ ညီနောင်တို့က သူသည် ခိုးမှုကျူးလွန်ခဲ့ပါလျှင် သူ့အစ်ကိုတစ်ယောက်လည်း အထက်က ခိုးမှုကျူးလွန်ပါ၏ဟု ပြောကြ၏။ သို့သော်ယူစွတ်(ဖ်)သည် မိမိအကြောင်းကို မည်သူ့အားမှ ထုတ်ဖော်မပြောပဲ ထိမ်ချိန်လျှို့ဝှက်ထား၏။ သူသည် မိမိစိတ်နှလုံးတွင် ဤသို့ဆို၏ သင်တို့သည် ပိုမိုဆိုးဝါးလာပြီ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့စွပ်စွဲ ချက်မှန်မမှန်ကို ကောင်းစွာသိတော်မူ၏။

Verse 78 — Surah Yusuf 12:78

၇၈။ သူတို့ဆက်ပြောသည်၊ အို-အရှင်မင်းကြီး၊ ဤသူငယ်တွင် အလွန်အိုမင်းမစွမ်းသောအဘအိုကြီးအမှန်ရှိပါ၏။ ထို့ကြောင့်သူငယ်အစား အကျွနု်ပ်တို့အနက် တဦးတယောက်ကို ဖမ်းဆီးထားတော်မူပါ။ အရှင်မင်းကြီးသည် သနားကြင်နာတတ်သောသူတို့ဘောင်တွင် ပါဝင်ကြောင်းကို အကျွနု်ပ်တို့အမှန်ပင်သိမြင်ကြပါ၏။

Verse 79 — Surah Yusuf 12:79

၇၉။ ထိုအခါ တမန်တော်ယူစွတ်(ဖ်)က အကြင်သူ၌ အကျွနု်ပ်၏ ပစ္စည်းကို တွေ့အ့ံ။ ထိုသူကိုသာ ဖမ်းဆီးထိုက်၏။ ထိုသူမှတပါး အခြားသူကို မဖမ်းဆီးဖို့ရာ အလ္လာဟ်အရှင်မြတ်သည် တားမြစ်တော်မူ၏။ ယင်းသို့ဖမ်းဆီးချုပ်နှောင် ပါလျှင် အကျွနု်ပ်တို့သည် မတရားပြုကျင့်သူများဖြစ်ချေမည်ဟု ပြန်ပြော၏။

Verse 80 — Surah Yusuf 12:80

၈ဝ။ ညီနောင်တို့သည် တမန်တော်ယူစွတ်(ဖ်)အား တောင်းပန်၍မရ စိတ်ပျက်လာကြသောအခါ သူတို့အချင်းချင်း တိုင်ပင်ကြ၏။ သူတို့အနက် အစ်ကိုအကြီးဆုံးက သင်တို့၏ဖခင်သည် သင်တို့အား အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တိုင်တည်ပြီး ကတိသစ္စာပြုခိုင်း၍ သင်တို့ပဋိညာဉ်ပေးခဲ့ခြင်းကိုသော်လည်းကောင်း၊ အထက်က ယူစွတ်(ဖ်)၏ ကိစ္စတွင်လည်း သင်တို့ကတိဖျက်ခြင်းကိုသော်လည်းကောင်း၊ သင်တို့မသိဘူးလား။ ထို့ကြောင့် ခမည်းတော်၏ အခွင့်ပေးသည့်တိုင်အောင်သော်လည်းကောင်း၊ ငါသည် ဤတိုင်းပြည်မှ ထွက်ခွာသွားမည် မဟုတ်။ အလ္လာဟ်အရှင်မြတ်သည် တရားသူကြီးအပေါင်းတို့တွင် အထက်မြက်အမှန်ကန်ဆုံးဖြစ်တော်မူ၏ဟု ဆို၏။

Verse 81 — Surah Yusuf 12:81

၈၁။ သူက ဆက်လက်၍ ဤသို့ပြော၏။ သင်တို့သည် မိမိတို့ဖခင်ထံသို့ သွားပြီးလျှင် ဖခင်အား အို-မွေးသဖခင် ကျေးဇူးရှင်၊ ကျေးဇူးရှင်၏ သားငယ်သည် ခိုးမှုကျူးလွန်ပါပြီ။ အကျွနု်ပ်တို့သည် မိမိတို့သိသည်ကိုသာ သက်သေ ခံပါသည်။ အကျွနု်ပ်တို့သည် မမြင်စွမ်းနိုင်သောအရာကို အုပ်ထိန်းရသူများမဟုတ်ချေ။

Verse 82 — Surah Yusuf 12:82

၈၂။ အကျွနု်ပ်တို့တည်းခိုနေထိုင်ခဲ့သောမြို့သူမြို့သားတို့နှင့် အကျွနု်ပ်တို့နှင့်အတူသွားအတူလာသောခရီးသည်တို့ကို မေးမြန်းပါ။ အကယ်စင်စစ်အကျွနု်ပ်တို့သည် အမှန်စကားကို ဆိုကြပါ၏ဟု ပြောလော့။

Verse 83 — Surah Yusuf 12:83

၈၃။ သူတို့သည် မိမိဖခင်ထံသို့ လာပြီးလျှင် အကျိုးအကြောင်းကို ဤသို့ပြောပြသောအခါ ဖခင်က ယင်းသို့မဖြစ်နိုင် ချေ။ သင်တို့၏ စိတ်သည် သင်တို့အား လှည့်စားချေပြီ။ အကျွနု်ပ်မှာမူကား သည်းခံခြင်းတရားကို ခိုင်မြဲစွာ ကိုင်ထားရန်သာရှိတော့သည်။ အလ္လာဟ်အရှင်မြတ်သည် ငါ့သားတို့ကို ငါ့ထံသို့ ယူဆောင်ခဲ့တော်မူကောင်း ယူဆောင်ခဲ့တော်မူလိမ့်မည်။ မှတ်သားကြလော့၊ အရှင်မြတ်သာလျှင် သိတော်မူထသောအရှင်၊ လိမ္မာတော်မူထ သောအရှင်ဖြစ်တော်မူ၏ဟု ပြန်ပြော၏။

Verse 84 — Surah Yusuf 12:84

၈၄။ ထို့နောက်သူသည် သားတို့ထံမှ လှည့်သွားပြီးလျှင် ဒုက္ခကြီးလေစွ။ ယူစွတ်(ဖ်)အတွက် ငါအပူကြီးလေစွဟု ညည်းညူ၏။ သူ၏ မျက်စိများသည် မိမိမျိုသိပ်ထားသောပူဆွေးခြင်းကြောင့် ဖြူလာကြ၏။

Verse 85 — Surah Yusuf 12:85

၈၅။ ထိုအခါသားတို့က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ ဖခင်သည် မိမိမကျန်းမမာဖြစ်သည့်တိုင်အောင် သော်လည်းကောင်း၊ သေကြေပျက်စီးသည့်တိုင်အောင်သော်လည်းကောင်း၊ ယူစွတ်(ဖ်)ကို သတိမရပဲ နေမည် မဟုတ်ဟု ဆိုကြ၏။

Verse 86 — Surah Yusuf 12:86

၈၆။ ဖခင်က ချစ်သားတို့၊ ငါသည် မိမိ၏ စိတ်အတိဒုက္ခကို အလ္လာဟ်အရှင်မြတ်အားသာလျှင် ဖော်ပြ၏။ ငါသည် အရှင်မြတ်အထံတော်မှ သင်တို့မသိသည်ကို သိရ၏။

Verse 87 — Surah Yusuf 12:87

၈၇။ ချစ်သားတို့၊ သင်တို့သည် ယူစွတ်(ဖ်)နှင့် သူ၏ ညီငယ်တို့အကြောင်းကို စုံစမ်းရှာဖွေကြလော့။ အရှင်မြတ်၏ ကောင်းကြီးမင်္ဂလတော်ကို မျှော်ကိုးခြင်း၌ စိတ်မပျက်ကြလင့်။ မှတ်သားကြလော့။ အယူမှားသူတို့မှတပါး အဘယ်သူမျှ အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို မျှော်လင့်ခြင်း၌ စိတ်မလျှော့ကြချေဟု ပြော၏။

Verse 88 — Surah Yusuf 12:88

၈၈။ ထို့နောက်သူတို့သည် ယူစွတ်(ဖ်)ထံသို့ တဖန်ဝင်ပြီးလျှင် အို-အမတ်ကြီး၊ အကျွနု်ပ်တို့နှင့် အကျွနု်ပ်တို့အမျိုးသား တို့သည် အစာခေါင်းပါးဘေးဒုက္ခကြီးနှင့် ရင်ဆိုင်တွေ့ဆုံရပါပြီ။ အကျွနု်ပ်တို့မှာ ဥစ္စာအနည်းငယ်သာ ပါပါသည်။ အကျွနု်ပ်တို့အား မိမိတို့ဝန်တင်ကုလားအုပ်များအပေါ်တွင် ဂျုံစပါးအပြည့်တင်ပေးတော်မူပါ။ အကျွနု်တို့အား သနားကြင်နာလှုဒါန်းတော်မူပါ။ အလ္လာဟ်အရှင်မြတ်သည် အလှုဒါနပေးသူတို့အား ကျေးဇူးဆပ်တော်မူမည်ဟု လျှောက်ကြ၏။

Verse 89 — Surah Yusuf 12:89

၈၉။ တမန်တော်ယူစွတ်(ဖ်)က သင်တို့သည် မိမိတို့တရားမသိ မောဟဖုံးလွှမ်းခြင်းကြောင့် ယူစွတ်(ဖ်)နှင့် သူ့ညီတို့ အပေါ်ကို အဘယ်အမှုပြုကျင့်မိသည်ကို သင်တို့သိပါသလားဟု မေးမြန်း၏။

Verse 90 — Surah Yusuf 12:90

၉ဝ။ ထိုအခါသူတို့က အရှင်မင်းကြီး၊ အသင်သည် ယူစွတ်(ဖ်)ပင်ဖြစ်ချေသလောဟု ပြော၏။ သူက အကျွနု်ပ်သည် ယူစွတ်(ဖ်)ဖြစ်၏။ ဤသူသည် အကျွနု်ပ်၏ ညီငယ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အကျွန်ုပ်တို့အား ချီးမြှောက်တော်မူပါပြီ။ မှတ်သားကြလော့။ အကြင်သူသည် ဒုစရိုက်မကောင်းမှုကို ကြဉ်ရှောင်၍ ခန္တီပါရမီနှင့် ပြည့်စုံပါအ့ံ။ ထိုသူသည် ကောင်းကြီးမင်္ဂလာတော်ကို ခံစားရ၏။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် သနားကြင်နာတတ်သူတို့၏ လုပ်ခများကို မုချဧကန်ဆုံးရှုံးစေတော်မူသည်မဟုတ်ချေဟု ပြန်ပြော၏။

Verse 91 — Surah Yusuf 12:91

၉၁။ ထိုအခါသူတို့က အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဆိုပါ၏။ အရှင်မြတ်သည် သင့်အား အကျွနု်ပ်တို့ထက် သာလွန်ချင်ခင်တော်မူပါ၏။ အကျွနု်ပ်တို့သည် အမှန်အကန်ပင်အပြစ်ရှိသူများဖြစ်ကြပါ၏ဟု ဆိုကြ၏။

Verse 92 — Surah Yusuf 12:92

၉၂။ သူက ယနေ့သင်တို့သည် မကြောက်ရွံ့ကြလင့်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အပြစ်လွှတ်တော်မူပါစေ သော်ဝ်။ အရှင်မြတ်သည် ကောင်းကြီးမင်္ဂလာပေးသူအပေါင်းတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူပါ၏။

Verse 93 — Surah Yusuf 12:93

၉၃။ သင်တို့သည် ဤငါ၏ ရှပ်အကျႌကို ယူသွား၍ ဖခင်၏ မျက်နှာပေါ်တွင် တင်ထားကြလော့။ ထိုအခါဖခင်သည် မျက်စိအလင်းရောင်ကို ပြန်ရလတ့ံ။ သင်တို့သည် မိမိတို့အိမ်သူအိမ်သားနှင့်တကွ အကျွနု်ပ်ထံသိုပ့ ပြန်လာကြ ပါလော့ဟု ပြော၏။

Verse 94 — Surah Yusuf 12:94

၉၄။ ခရီးသွားကုန်သည်စုတို့ထွက်သွားသောအခါ ငါသည် ယူစွတ်(ဖ်)၏ အနံ့ကို အမှန်ရ၏ဟု ဆို၏။

Verse 95 — Surah Yusuf 12:95

၉၅။ သူ့အပါးတွင် ရှိသူတို့က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ အို-ဖခင်၊ သင်သည် မိမိအမှားဟောင်းတွင်ပင် အမှန်ရှိပါသေး၏ဟု ပြောကြ၏။

Verse 96 — Surah Yusuf 12:96

၉၆။ ထို့နောက်သတင်းကောင်းကို ယူဆောင်လာသူရောက်ရှိလာ၏။ အကျႌကို ဖခင်၏ မျက်နှာပေါ်တွင် တင်ထားလတ် သော်၊ ဖခင်သည် မျက်စိအလင်းရောင်ကို ပြန်၍ ရရှိ၏။ သူက ငါသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ သင်တို့မသိသောအရာကို သိရ၏ဟု ငါ သင်တို့အား မပြောဘူးလားဟု မေးမြန်း၏။

Verse 97 — Surah Yusuf 12:97

၉၇။ ထိုအခါသူတို့က အို-ဖခင်၊ အကျွနု်ပ်တို့သည် အပြစ်ရှိသူများဖြစ်ကြပါ၏။ အကျွနု်ပ်တို့အား အပြစ်လွှတ်တော်မူ ပါရန် ဆုတောင်းပေးပါဟု တောင်းပန်ကြ၏။

Verse 98 — Surah Yusuf 12:98

၉၈။ ဖခင်က အကျွနု်ပ်သည် မိမိ၏ အရှင်သခင်အထံတော်၌ သင်တို့၏ အပြစ်ကို လွှတ်တော်မူရန် ဆုတောင်းမည်။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူထသောအရှင်၊ ကောင်းကြီးမင်္ဂလာပေးတော် မူထသောအရှင်ဖြစ်တော်မူ၏ဟု ဆို၏။

Verse 99 — Surah Yusuf 12:99

၉၉။ သူတို့သည် တမန်တော်ယူစွတ်(ဖ်)ရှေ့သို့ ဝင်သောအခါ သူသည် မိမိ၏ မိဘတို့ကို မိမိထံသို့ ခေါ်ပြီးနောက် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် အီဂျစ်တိုင်းပြည်တွင်းသို့ လုံခြံုစွာဝင်ကြပါဟု ပင့်ဖိတ်သည်။

Verse 100 — Surah Yusuf 12:100

၁ဝဝ။ ထို့နောက်သူသည် မိမိ၏ မိဘတို့ကို ရာဇပလ္လင်ပေါ်၌ တင်ထား၏။ မိဘနှင့်သားချင်းတို့သည် တမန်တော် ယူစွတ်(ဖ်)ကို ဦးချကန်တော့ကြ၏။ ထိုအခါသူက အို-ဖခင်၊ အထက်က အကျွနု်ပ်မြင်မက်သောအိပ်မက်အဓိပ္ပါယ် ကောက်ချက်မှာ ဤအဖြစ်အပျက်ပါတည်း။ အကျွနု်ပ်၏ အရှင်သခင်သည် ထိုအိပ်မက်ကို မှန်ကန်စေတော်မူပါပြီ။ အရှင်မြတ်သည် အကျွနု်ပ်ကို ထောင်မှ နှုတ်ယူတော်မူခြင်း၊ ရှိုင်တန်မာရ်နတ်သည် အကျွနု်ပ်နှင့် အကျွနု်ပ်၏ နောင်တော်တို့ကို မသင့်မတင့်ခိုက်ရန်ဒေါသဖြစ်စေပြီးမှ မှတ်သားကြလော့။ အကျွနု်ပ်၏ အရှင်သခင်သည် အလိုတော်ရှိသူကို သနားချစ်ခင်တော်မူပါ၏။ အရှင်မြတ်သည် သိတော်မူထသောအရှင်၊ လိမ္မာရေးခြားတော်မူ ထသောအရှင်ဖြစ်တော်မူပါ၏။

Verse 101 — Surah Yusuf 12:101

၁ဝ၁။ အို-အကျွနု်ပ်၏ အရှင်သခင်၊ အရှင်သည် အကျွနု်ပ်အား တိုင်းပြည်မြို့ရွာကို အုပ်စိုးပိုင်သောတန်ခိုးအာဏာကို ပေးသနားတော်မူပါ၏။ ထို့အပြင်အိပ်မက်တိတ်ထုံကျမ်းအတတ်ကိုလည်း သင်ကြားပေးသနားတော်မူပါ၏။ အို-မိုးမြေကို ဖန်ဆင်းတော်မူထသောအရှင်၊ အရှင်သည် ဤဘဝနောက်ဘဝတွင် အကျွနု်ပ်၏ ကာကွယ် စောင့်ရှောက်တော်မူထသောအဆွေခင်ပွန်းဖြစ်တော်မူပါ၏။ အကျွနု်ပ်ကို အရှင်အား ယုံကြည်ကျိုးနွံလျက် အသက်ကုန်စေတော်မူပါ။ အကျွနု်ပ်ကို သူတော်သူမြတ်တို့နှင့်အတူ ပေါင်းပေးတော်မူပါဟု ဆုတောင်း၏။

Verse 102 — Surah Yusuf 12:102

၁ဝ၂။ တမန်တော်မိုဟမ္မဒ်၊ ဤအကြောင်းအရာများမှ သင့်အား ငါ ဗျာဒိတ်ပေးတော်မူသည့်၊ မမြင်စွမ်းနိုင်သောအဖြစ် အပျက်အကြောင်းအရာများမှဖြစ်သည်။ သူတို့သည် သူတို့၏ စီမံကိန်းကို ကြံစည်သဘောတူဆုံးဖြတ်သောအခါ တွင် သင်သည် သူတို့နှင့်အတူတကွမရှိချေ။

Verse 103 — Surah Yusuf 12:103

၁ဝ၃။ သင်သည် ကြီးစွာကြိုးစားအားထုတ်သော်လည်း များစွာသောလူသားတို့သည် ယုံကြည်ကြသည်မဟုတ်ချေ။

Verse 104 — Surah Yusuf 12:104

၁ဝ၄။ သင်သည် သူတို့ထံမှ တရားဟောကြားခမတောင်းချေ။ ကုရ်အာန်ကျမ်းတော်သည် လူသားအပေါင်းတို့အား သတိပေးကျမ်းတော်မှတပါး အခြားဘာမျှမဟုတ်ချေ။

Verse 105 — Surah Yusuf 12:105

၁ဝ၅။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်တွင် သက်သေသာဓကတော်များအများအပြားပင်ရှိ၏။ လူသားတို့သည် ဤ သာဓကတော်များကို မျက်နှာလွှဲလျက် ဖြတ်သွားကြ၏။

Verse 106 — Surah Yusuf 12:106

၁ဝ၆။ သူတို့အနက်များလှစွာသောသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ဘုရားတုများကို တွဲဖက်ခြင်းမှတပါး အရှင်မြတ် အား မယုံကြည်ကြချေ။

Verse 107 — Surah Yusuf 12:107

၁ဝ၇။ မိမိတို့အပေါ်သို့ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်တော်လွှမ်းမိုးဆိုက်ရောက်လာခြင်းမှသော်လည်းကောင်း၊ မိမိတို့မသိမမြင်ပဲ အချိန်တော်ကြီးသည် ရုတ်တရက်ရှောင်တခင်ဆိုက်ရောက်လာခြင်းမှသော်လည်းကောင်း၊ သူတို့သည် လုံခြံုသည်ဟု သူတို့ထင်မှတ်ကြသလော။

Verse 108 — Surah Yusuf 12:108

၁ဝ၈။ တမန်တော်မိုဟမ္မဒ်၊ ဟောကြားလော့။ ဤလမ်းသည် ငါ၏ လမ်းဖြစ်သည်။ ငါသည် အလ္လာဟ်အရှင်မြတ်အား သေချာသောအသိဉာာဏ်နှင့် ဆည်းကပ်ပါ၏။ ငါနှင့်ငါ၏ တပည့်သားမြေးတို့သည် ယင်းသို့ဆည်းကပ်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့ခြင်းကင်းတော်မူပါ၏။ အကျွနု်ပ်သည် ရုပ်ပွားဆင်းတုများကိုးကွယ်သောသူတို့ ဘောင်မှ မဟုတ်ချေ။

Verse 109 — Surah Yusuf 12:109

၁ဝ၉။ တမန်တော် သင်မပွင့်မီအထက်ကျော်ကာရီက ငါအရှင်မြတ်သည် တိုင်းပြည်မြို့ရွာများသို့ ထိုအရပ်ဒေသတွင် နေထိုင်သောသူတို့မှ ရွေးကောက်တော်မူသောလူသားတို့မှတပါး အခြားအရာတို့ကို တမန်တော်များအဖြစ်ဖြင့် စေလွှတ်တော်မမူချေ။ ငါသည် ထိုလူသားတို့၏ စိတ်နှလုံးတွင် ဗျာဒိတ်တော်ကို ထင်ရှားစေတော်မူ၏။ သူတို့သည် ကမ္ဘာမြေပေါ်တွင် ခရီးသွားလာ၍ ရှေးလူဟောင်းတို့သည် အဘယ်ဘဝသို့ ဆိုက်ရောက်ကြသည်ကို သူတို့မမြင်ကြ သလော။ အမှန်မှာ မကောင်းမှုကို ရှောင်ကြဉ်သောသူတော်ကောင်းတို့အဖို့အရာ နောင်တမလွန်ဘဝ၏ ဗိမာန် သည် အမြင့်မြတ်ဆုံးဖြစ်ချေ၏။ လူသားအပေါင်းတို့၊ သင်တို့၌ စဉ်းစားဉာာဏ်မရှိသလော။

Verse 110 — Surah Yusuf 12:110

၁၁ဝ။ ရှေးတမန်တော်တို့သည် သူတို့ကို လူသားတို့မယုံကြည်ငြင်းဆန်ကြသည်ဟု စိတ်ပျက်လက်လျှော့သောအခါ ငါအရှင်မြတ်၏ ကူညီစောင့်ရှောက်ခြင်းကျေးဇူးတော်သည် သူတို့ထံသို့ ကျရောက်၏။ ထိုအခါအရှင်မြတ်အလို တော်ရှိသူတို့သည် ကယ်နှုတ်ခြင်းကို ခံကြရ၏။ ငါအရှင်မြတ်၏ အမျက်ဒဏ်တော်ကို အပြစ်ရှိသူတို့ထံမှ ဖယ်ရှား၍ မရချေ။

Verse 111 — Surah Yusuf 12:111

၁၁၁။ အမှန်ကိုဆိုသော် ထိုသူများ၏ အကြောင်းအရာ၊ ရာဇဝင်တွင် အသိဉာာဏ်ရှိသူတို့အဖို့အရာ သင်ခန်းစာပါရှိ၏။ ကုရ်အာန်ကျမ်းတော်မြတ်သည် လူသားတို့လုပ်ကြံရေးသားသောကျမ်းဂန်မဟုတ်ချေ။ ဤကျမ်းတော်သည် လက်ရှိကျမ်းများကို ထောက်ခံ၏။ အရာတိုင်းကို ကျနသေချာစွာရှင်းလင်းဖော်ပြထား၏။ ယုံကြည်သူတို့အဖို့ လမ်းညွှန်ကျမ်းတော်နှင့် ကောင်းကြီးမင်္ဂလာတော်ဖြစ်၏။