Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Ba Sein — Permalink

Verse 1 — Surah Ibrahim 14:1

၁။ အလီ(ဖ်)၊လမ်၊ရာ၊ တမန်တော်မိုဟမ္မဒ်၊ ဤကျမ်းတော်သည် ငါအရှင်မြတ်သည် သင့်ထံသို့ ချပေးတော်မူသော ကုရ်အာန်ကျမ်းတော်ဖြစ်၏။ ထုတ်ပြန်ခြင်းအကြောင်းမှာ ဤကျမ်းတော်သည် သင်လူသားတို့အား သူ၏ ကျေးဇူးတော်သခင်၏ ခွင့်ပြုတော်မူချက်အရ အမှောင်ထုမှ ယုံကြည်မှုအလင်းရောင်သို့ ပို့ဆောင်ကယ်တင်ရန် ဖြစ်၏။ အနန္တတန်ခိုးတော်အရှင်၊ ချီးမွမ်းထောမနာသခင်၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်သို့ ကယ်တင်ရန် ဖြစ်၏။

Verse 2 — Surah Ibrahim 14:2

၂။ အလ္လာဟ်အရှင်မြတ်သည် မိုဃ်းကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ်ရှိရှိသမျှအပေါင်းတို့ကို စိုးပိုင်တော်မူ၏။ မယုံကြည်သူတို့သည် ကြောက်မက်ဖွယ်သောအပြစ်ဒဏ်တော်မှ စိတ်ဒုက္ခရကြမည်သာတည်း။

Verse 3 — Surah Ibrahim 14:3

၃။ အကြင်သူတို့သည် နောင်တမလွန်ဘဝထက် ဤပစ္စုပ္ပန်ဘဝကို သာလွန်စုံမက်ကြ၏။ လူသားတို့အား အလ္လာဟ် အရှင်မြတ်၏ လမ်းတော်မှ တားဆီးကြ၏။ ထိုလမ်းတော်ကို ကွေ့ကောက်စေလိုကြ၏။ ထိုသူတို့သည် ကြီးစွာ လမ်းမှားရန် သွားကြ၏။

Verse 4 — Surah Ibrahim 14:4

၄။ ၎င်းအပြင်လူမျိုးတမျိုးထံသို့ အရှင်မြတ်သည် တမန်တော်ကို သူ၏ အမျိုးသားတို့၏ ဘာသာစကားနှင့်မှတပါး အခြားဘာသာစကားနှင့် မည်သောအခါမှ စေလွှတ်တော်မမူချေ။ ယင်းအကြောင်းကား တမန်တော်သည် မိမိအမျိုးသားတို့အဖို့ ကျမ်းတော်ကို အဓိပ္ပါယ်ရှင်းလင်းစေနိုင်ဖို့ရာဖြစ်၏။ ထို့နောက်မှ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူအား လမ်းလွဲ၍ သွားစေတော်မူ၏။ အလိုတော်ရှိသူအား လမ်းမှန်ကို ညွှန်ပြတော်မူ၏။ အရှင်မြတ် သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတရွှေဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 5 — Surah Ibrahim 14:5

၅။ ငါအရှင်မြတ်သည် တမန်တော်မူစာအား ငါ၏ နှုတ်ကပတ်တော်များနှင့် စေလွှတ်တော်မူ၏။ ငါက သူ့အား သင်သည် သင်၏ အမျိုးသားတို့အား အမှောင်မှ အလင်းသို့ ကယ်တင်လော့။ သူတို့အား အလ္လာဟ်အရှင်မြတ်၏ နေ့တော်များအကြောင်းကို သတိပေးလော့ဟု ဗျာဒိတ်ချတော်မူ၏။ မှတ်သားကြလော့။ ထိုကျမ်းတော်၌ တည် ကြည်ခိုင်မာသောကျေးဇူးသိတတ်သောသူတိုင်းအဖို့ အဆုံးအမတော်များပါရှိ၏။

Verse 6 — Surah Ibrahim 14:6

၆။ တမန်တော်၊ သင်သည် တမန်တော်မူစာ မည်သို့တရားဟောကြောင်းကို ပြောလော့။ မူစာသည် မိမိအမျိုးသား တို့အား ဤသို့ဟောကြား၏။ ဟယ်-အချင်းတို့၊ ဖွာရောမင်း၏ လူတို့သည် သင်တို့ကို ရက်ရက်စက်စက်အလွန် ကြောက်မက်ဖွယ်နှိပ်စက်ညှင်းပန်းခြင်း၊ သင်တို့၏ သားယောက်ျားကို သတ်ဖြတ်ခြင်း၊ မိန်းမများကိုသာ အသက် နှင့်ချန်ထားခြင်းစသည့်ဘေးရန်မှ သင်တို့ကို အလ္လာဟ်အရှင်မြတ်သည် ကယ်နှုတ်တော်မူ၏။ ဤကယ်နှုတ်ခြင်း ကျေးဇူးတော်ကို သင်တို့သတိရကြလော့။ ထိုနှိပ်စက်ခြင်းမှာ သင်တို့၏ ကျေးဇူးတော်သခင်အထံတော်မှ ကြီးမားသောစမ်းသပ်ခြင်းတည်း။

Verse 7 — Surah Ibrahim 14:7

၇။ ထို့အပြင်သင်တို့၏ ကျေးဇူးတော်သခင်သည် ဤသို့ဗျာဒိတ်ပေးတော်မူ၏။ သင်တို့သည် ငါ၏ ကျေးဇူးတော်ကို ချီးမွမ်းကြလျှင်၊ ငါသည် သင်တို့အား ထပ်လောင်း၍ ပေးသနားတော်မူလတ့ံ။ သို့သော်သင်တို့သည် ကျေးဇူး ကန်းလျှင် ငါ၏ အပြစ်ဒဏ်တော်သည် အမှန်ပင်ပြင်းထန်လှ၏။

Verse 8 — Surah Ibrahim 14:8

၈။ တဖန်တမန်တော်မူစာဟောကြားသည်၊ သင်တို့နှင့်တကွ ကမ္ဘာမြေပေါ်ရှိ သူအပေါင်းတို့သည် ကျေးဇူးကန်းကြ သော်လည်း မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန်အမှီကင်းတော်မူ၏။။ ချီးမွမ်းခြင်းပိုင်ရှင် ဖြစ်တော်မူ၏။

Verse 9 — Surah Ibrahim 14:9

၉။ သင်တို့အလျင်ဖြစ်သောလူများ၏ ရာဇဝင်သည် သင်တို့ထံသို့ မရောက်သလော။ သူတို့မှာ တမန်တော်နူဟို ၏ လူများ၊ အားဒ်နှင့် စမုဒ်လူမျိုးများ၊ သူတို့နောက်လာသောလူမျိုးများဖြစ်၏။ အလ္လာဟ်အရှင်မြတ်မှတပါး မည်သူမျှ သူတို့ကို မသိကြချေ။ သူတို့၏ တမန်တော်များသည် သူတို့ထံသို့ ထင်ရှားခိုင်မာသောသက်သေခံချက် များနှင့်လာကြသည်။ သို့သော်သူတို့သည် မိမိတို့လက်ချောင်းများကို မိမိတို့ပါးစပ်အတွင်းသို့ ထည့်သွင်းပြီးလျှင် ဤသို့ပြောဆိုကြ၏။ အို-တမန်တော်ဆိုသူ သင်နှင့်ပေးလိုက်သောအရာများကို ထည့်သွင်းပြီးလျှင် ကျွနု်ပ်တို့ မုချဧကန်မယုံကြည်၊ အကြင်သို့ သင်သည် အကျွနု်ပ်တို့ကို ဖိတ်ခေါ်၏။ ထိုအရာ၌ အကျွနု်ပ်တို့သည် အမှန်ပင် ကြီးစွာသံသယရှိကြ၏။

Verse 10 — Surah Ibrahim 14:10

၁ဝ။ သူတို့၏ တမန်တော်တို့က ဟယ်-အချင်းတို့၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူထသောအရှင်၊ အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ သင်တို့ယုံမှားသံသယရှိနိုင်ကြသလော။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့အပြစ်ကို ခွင့်လွှတ်ဖို့ရာသော်လည်းကောင်း၊ သင်တို့၏ အပြစ်ဒဏ်ကို ချိန်းချက်ထားတော်မူသောအချိန် ကာလတိုင်အောင် ရွှေ့ဆိုင်းဖို့ရာသော်လည်းကောင်း၊ ခေါ်တော်မူ၏ဟု ဟောကြား၏။ သူတို့က သင်တို့သည် အကျွနု်ပ်တို့ကဲ့သို့သေမျိုးမျှသာဖြစ်၏။ သင်တို့သည် အကျွနု်ပ်တို့အား မိမိတို့မိရိုးဖလာကိုးကွယ်မှုမှ လှည့်သွားစေ လိုကြ၏။ သို့ဆိုပါလျှင် ထင်ရှားသောအကိုးအကားယူခဲ့ကြလော့ဟု ပြန်ပြောကြ၏။

Verse 11 — Surah Ibrahim 14:11

၁၁။ ထိုအခါသူတို့၏ တမန်တော်တို့က သူတို့ကို ဤသို့ဟောကြား၏။ ဟယ်-အချင်းတို့၊ အကျွနု်ပ်တို့သည် သင်ကဲ့သို့ သေမျိုးသာဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်တို့အနက် အလိုတော်ရှိသူအား ကောင်းကြီး မင်္ဂလာပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ အခွင့်တော်မရှိပဲ အကျွနု်ပ်တို့သည် သင်တို့ထံသို့ သက်သေခံ ချက်ယူဆောင်လာဖို့ရာမဟုတ်၊ ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးစားကြစေကုန်။

Verse 12 — Surah Ibrahim 14:12

၁၂။ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်တို့အား မိမိတို့၏ လမ်းများကို ပြသတော်မူပြီးမှ အကျွန်ုပ်တို့သည် မည်သည် ကြောင့် မယုံကြည်မကိုးစားသင့်သနည်း။ အကျွနု်ပ်တို့သည် သင်တို့နှိပ်စက်ညှင်းပန်းခြင်းကို မုချဧကန်သည်းခံ ကြမည်။ ယုံကြည်သူတို့သည် အရှင်မြတ်အား ယုံကြည်ကိုးစားကြစေကုန်။

Verse 13 — Surah Ibrahim 14:13

၁၃။ မယုံကြည်သူတို့သည် မိမိတို့တမန်တော်တို့အား သင်တို့သည် အကျွနု်ပ်တို့၏ ဘာသာတရားဘက်သို့ ပြန်မလာ လျှင် အကျွနု်ပ်တို့သည် သင်တို့အား အကျွနု်ပ်တို့တိုင်းပြည်မှ အမှန်နှင်ထုတ်ကြမည်ဟု ပြောကြ၏။ ထိုအခါ တမန်တော်တို့အား သူတို့၏ ကျေးဇူးတော်သခင်က သူတို့၏ စိတ်အတွင်း၌ ဤသို့ဗျာဒိတ်တော်ပေးတော်မူ၏။ ငါအရှင်မြတ်သည် မတရားပြုသူတို့ကို မုချဧကန်ဖျက်ဆီးတော်မူမည်။

Verse 14 — Surah Ibrahim 14:14

၁၄။ ထိုသူတို့နောက် ငါသည် သင်တို့အား မြို့ရွာနေပြည်၌ အမှန်ပင်နေစေတော်မူမည်။ ဤဆုမင်္ဂလာတော်မှာ ငါ၏ မြင့်မြတ်သောဂုဏ်ကို ကြောက်ရွံ့သူတို့၊ ငါ၏ ခြိမ်းခြောက်ချက်များကို ကြောက်ရွံ့သူဆိုသူတို့အဖို့ဖြစ်၏။

Verse 15 — Surah Ibrahim 14:15

၁၅။ တမန်တော်တို့သည် မိမိတို့၏ ကျေးဇူးတော်သခင်ထံမှ အစောင့်အရှောက်တော်ကို ပန်ထွာတောင်းဆိုသော အခါ မာနထောင်လွှားတရားလွဲချော်သောမင်းတိုင်ပင်ပျက်စီးဆုံးရှုံးရာသို့ ဆိုက်ရောက်ကြ၏။

Verse 16 — Surah Ibrahim 14:16

၁၆။ သူ၏ ရှေ့မှောက်တွင် ငရဲရှိ၏။ သူသည် ပြည်ပုပ်သွေးပုပ်ရည်ကို သောက်မျိုးရ၏။

Verse 17 — Surah Ibrahim 14:17

၁၇။ ထိုအပုပ်ရည်ကို သူသည် သောက်၏။ သို့သော်မျိုမချနိုင်ချေ။ သေခြင်းသည် သူ့ထံသို့ အဘက်ဘက်မှ လာ ၏။ သို့သော်သူသည် မသေနိုင်သေးချေ။ သူ၏ မျက်မှောက်ဝယ် အလွန်ပြင်းထန်သောအပြစ်ဒဏ်တော်တမျိုးရှိ၏။

Verse 18 — Surah Ibrahim 14:18

၁၈။ မိမိတို့၏ ကျေးဇူးတော်သခင်အား မယုံကြည်သူတို့၏ ဥပမာပုံစံမှာကား သူတို့၏ ကြိုးစားမှုများသည် လေမုန်တိုင်း တိုက်သောနေ့တွင် လေပြင်းထန်စွာတိုက်ခိုက်ခြင်းခံရသောပြာကဲ့သို့ဖြစ်၏။ သူတို့သည် မိမိတို့ပြုကျင့်မှုများ၏ အကျိုးအပြစ်ကို မအုပ်ချုပ်ရချေ။ ဤအရာသည် အကြီးဆုံးသောဆုံးရှုံးခြင်းဖြစ်၏။

Verse 19 — Surah Ibrahim 14:19

၁၉။ အလ္လာဟ်အရှင်မြတ်သည် မိုဃ်းကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ကောင်းကျိုးအတွက် ဖန်ဆင်းတော်မူသည် ကို သင်မြင်ပြီမဟုတ်လော၊ အကယ်၍ အရှင်မြတ်အလိုတော်ရှိပါလျှင် သင်တို့ကို သုတ်သင်ရှင်းလင်း၍ လူ သစ်ကို ဖန်ဆင်းနိုင်တော်မူ၏။

Verse 20 — Surah Ibrahim 14:20

၂ဝ။ ယင်းသို့စီရင်တော်မူခြင်းသည် အရှင်မြတ်အဖို့ ကြီးကျယ်သောအရာမဟုတ်ချေ။

Verse 21 — Surah Ibrahim 14:21

၂၁။ သူတို့အားလုံးသည် သူတို့၏ အရှင်သခင်အထံတော်သို့ လာကြ၏။ ထိုအခါမထီလေးစားအပြုခံရသူတို့က မထီလေးစားပြုသူတို့အား အကျွနု်ပ်တို့သည် သင်တို့၏ တပည့်နောက်လိုက်များဖြစ်လေကြ၏။ ယခုသင်တို့သည် အကျွနု်ပ်တို့ထံမှ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်တော်တစုံတခုကို လွှဲဖယ်နိုင်ကြသလောဟု မေးကြ၏။ သူတို့က အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ငါတို့အား လမ်းညွှန်ပြသတော်မူခဲ့ပါလျှင်၊ ငါတို့လည်း သင်တို့အား လမ်းမှန်ကို ပြခဲ့ချေမည်။ ယခုမူကား အကျွနု်ပ်တို့သည် အမျက်ထွက်သည်သော်လည်းကောင်း၊ သို့မဟုတ် အောင့်အည်းသည်းခံသည်သော်လည်းကောင်း၊ မထူးခြားချေ။ အတူတူပင်ဖြစ်၏။ အကျွနု်ပ်တို့မှာ ခိုလှုံရာမရှိချေ ဟု ပြန်ပြောကြ၏။

Verse 22 — Surah Ibrahim 14:22

၂၂။ တရားစီရင်တော်မူပြီးသည်နောက် ရှိုင်တန်မာရ်နတ်က မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မှန်ကန်သောကတိကို ပေးတော်မူ၏။ ငါသည် သင်တို့အား ကတိပေးခဲ့သည်။ သို့သော်ငါသည် ကတိကို ဖျက်ခဲ့၏။ သင်တို့ကို ငါ့ဘက်သို့ ခေါ်ခဲ့၏။ သင်တို့လည်း ငါ့စကားကို နားထောင်ခဲ့ကြ၏။ ဤအမှုများမှတပါး သင်တို့အပေါ်တွင် အကျွနု်ပ်သြဇာမရှိချေ။ ထို့ကြောင့်ငါ့ကို အပြစ်မတင်ကြလင့်၊ သို့သော်သင်တို့သည် မိမိ ကိုယ်ကို မိမိအပြစ်တင်ကြလော့။ ငါသည် သင်တို့ကို မကူညီနိုင်။ သင်တို့လည်း ငါ့ကို မကူညီနိုင်ချေ၊ မှတ် သားကြလော့၊ သင်တို့သည် အထက်က ငါ့အား ပေးသောဂုဏ်၊ ငါ့အား ဘုရားဟူ၍ ကိုးကွယ်ခြင်းကို ငါ မယုံကြည်ချေ၊ မှတ်သားကြလော့။ မကောင်းမှုပွားများသူတို့အဖို့ရာ နာကျင်ဖွယ်သောအပြစ်ဒဏ်တော်ရှိ၏။

Verse 23 — Surah Ibrahim 14:23

၂၃။ ယုံကြည်လျက် ကုသိုလ်ကောင်းမှုပွားများသူတို့အား နိဗ္ဗာန်ဥယျာဉ်တော်များကို ဝင်စေတော်မူ၏။ ထိုဥယျာဉ်တော် များအောက်တွင် မြစ်ချောင်းအထွေထွေစီးဆင်းလျက်ရှိ၏။ သူတို့သည် သူတို့၏ ကျေးဇူးတော်သခင်၏ ခွင့်ပြု တော်မူခြင်းဖြင့် ထိုဥယျာဉ်တော်များအတွင်း၌ စံမြန်းနေထိုင်ကြရ၏။ ထိုမှ သူတို့၏ နှုတ်ဆက်စကားမှာ အေးချမ်းသာယာပါစေသော်ဝ်တည်း။

Verse 24 — Surah Ibrahim 14:24

၂၄။ အလ္လာဟ်အရှင်မြတ်သည် ဥပမာပုံစံကို မည်သို့မည်ပုံစီရင်တော်မူသည်ကို သင်မြင်သည်မဟုတ်လော၊ ပမာ ဆိုသော်နက်နဲသိမ်မွေ့သောစကားတစ်ခွန်းသည် အခြေအမြစ်ခိုင်မြဲသောအကိုင်းအခက်အရွက်တို့သည် မိုဃ်းကောင်းကင်ထိလုဘနန်းမျှတက်သောသစ်ပင်ကောင်းနှင့် တူ၏။

Verse 25 — Surah Ibrahim 14:25

၂၅။ ထိုသစ်ပင်သည် ၎င်း၏ အရှင်သခင်၏ အမိန့်တော်ကြောင့် ရာသီဥတုတိုင်း၌ မပြတ်မလပ်အသီးသီး၏။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့စဉ်းစားတွေးတောဖို့ရာ ဥပမာပုံစံများကို စီရင်တော်မူ၏။

Verse 26 — Surah Ibrahim 14:26

၂၆။ မကောင်းစကားသည် မမြဲမမြံမြေမှ နှုတ်ပစ်ခံရသောသစ်ပင်ဆိုးနှင့်တူ၏။

Verse 27 — Surah Ibrahim 14:27

၂၇။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့အား ဤဘဝနောင်ဘဝတွင် တည်တ့ံခိုင်မြဲသောဗျာဒိတ်တော်အားဖြင့် အင်အားတောင့်တင်းစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မတရားမှုပြုကျင့်သူတို့ကို မိစ္ဆာလမ်းသို့ ရောက်စေ တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိရာကို စီရင်တော်မူ၏။

Verse 28 — Surah Ibrahim 14:28

၂၈။ တမန်တော်၊ အလ္လာဟ်အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို ကျေးဇူးကန်းခြင်းနှင့်လဲယူ၍ မိမိလူတို့ကို ပျက်စီးဆုံးရှုံးခြင်းဗိမာန်သို့ ဆွဲဆောင်သွားသောသူတို့ကို သင်မြင်သည်မဟုတ်လော။

Verse 29 — Surah Ibrahim 14:29

၂၉။ သူတို့သည် ငရဲသို့ပင် ဆွဲဆောင်ကြ၏။ သူတို့သည် ငရဲသို့ ဆင်းရလတ့ံ။ အလွန်ကြောက်မက်ဖွယ်ကောင်းသော ခရီးဆုံးဖြစ်၏။

Verse 30 — Surah Ibrahim 14:30

၃ဝ။ ထို့အပြင်သူတို့သည် လူသားအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ လွှဲဖယ်သွားစေဖို့ရာ အရှင်မြတ် နှင့် အံတုဖက်များတင်မြှောက်ကြ၏။ တမန်တော်၊ ဟောကြားလော့။ ဟယ်-အချင်းတို့၊ သင်တို့သည် ဤလောကီ စည်းစိမ်ကို ခံစားရစဉ်တွင် ခံစားပျော်ပါးကြလော့။ အကြောင်းမူကား သင်တို့၏ ဘဝခရီးဆုံးသည် အဝီစိငရဲမီး တွင် မုချဖြစ်လတ့ံ။

Verse 31 — Surah Ibrahim 14:31

၃၁။ တမန်တော်၊ သင်သည် ငါအရှင်မြတ်၏ ကျေးကျွန်တို့အား ဝတ်၌ တည်မြဲဖို့ရာနှင့် ငါပေးသနားတော်မူသောဥစ္စာ ပစ္စည်းမှ တိတ်တဆိတ်သော်လည်းကောင်း၊ ထင်ရှားစွာသော်လည်းကောင်း၊ သုံးစွဲဖို့ရာဟောကြားလော့။ ထို ကုသိုလ်ကောင်းမှုများကို ရောင်းဝယ်ဖောက်ကားခြင်းသော်လည်းကောင်း၊ မိတ်ဖွဲ့ခြင်းသော်လည်းကောင်း၊ မရှိသောနေ့တော်ကြီးမကျရောက်မီ ဆည်းပူးကြရမည်။

Verse 32 — Surah Ibrahim 14:32

၃၂။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူ၏။ မိုးကောင်းကင်မှ ရေကျစေ တော်မူသည်။ လှေသင်္ဘောများကို သင်တို့အသုံးပြုဖို့ရာ စီရင်ထားတော်မူ၏။ ထိုလှေသင်္ဘောများသည် ပင်လယ် သမုဒ္ဒရာကို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် ဖြတ်သန်းသွားလာကြ၏။ မြစ်ချောင်းအသွယ်သွယ်ကို သင်တို့၏ အကျိုးကို ဆောင်ဖို့ရာ ဖန်ဆင်းတော်မူ၏။

Verse 33 — Surah Ibrahim 14:33

၃၃။ တဖန်အရှင်မြတ်သည် သင်တို့အကျိုးကို ဆောင်ရန် အစဉ်မပြတ်လှည့်ပတ်ဝင်ထွက်နေသောနေနှင့်လကို ဖန်ဆင်း တော်မူ၏။ နေ့နှင့်ညကိုလည်းကောင်း၊ သင်တို့အကျိုးကို ဆောင်ဖို့ရာ စီရင်တော်မူ၏။

Verse 34 — Surah Ibrahim 14:34

၃၄။ တဖန်အရှင်မြတ်သည် သင်တို့ဆုတောင်းသမျှကို ပေးသနားတော်မူ၏။ အကယ်၍သင်တို့သည် အရှင်မြတ်၏ ကျေးဇူးတော်ကို ရေတွက်သော် ရေတွက်၍ မကုန်ဆုံးနိုင်ချေ။ မှတ်သားကြလော့။ လူသားသည် မတရားမှု ပြုကျင့်သူ၊ ကျေးဇူးကန်းသူအမှန်ပင်ဖြစ်၏။

Verse 35 — Surah Ibrahim 14:35

၃၅။ ထို့အပြင် တမန်တော်အေဗရာဟမ်က အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင်၊ ဤအရပ်ဒေသကို ဘေးမဲ့ဖြစ်စေ တော်မူပါ။ အကျွနု်ပ်နှင့် အကျွနု်ပ်၏ သားမြေးအဆက်ဆက်တို့အား ဆင်းတုရုပ်ပွားကို ခဝပ်ကိုးကွယ်သည့် အယူဝါဒမှ ကာကွယ်စောင့်ရှောက်တော်မူပါ။

Verse 36 — Surah Ibrahim 14:36

၃၆။ အို-အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်၊ သူတို့သည် များလှစွာသောလူသားတို့ကို လမ်းလွဲကို ညွှန်ပြကြပါပြီ။ သို့သော်အကြင်သူသည် အကျွနု်ပ်၏ နောက်သို့ လိုက်အ့ံ။ ထိုသူသည် အကျွနု်ပ်၏ တပည့်သားမြေးအမှန်ဖြစ်ပါ ၏။ ထို့အပြင်အကျွနု်ပ်၏ စကားကို နားမထောင်သူတို့၊ သို့ငြားသော်လည်း အရှင်မြတ်သည် အပြစ်လွှတ်တော်မူ ပါ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူပါ၏။

Verse 37 — Surah Ibrahim 14:37

၃၇။ အို-အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ်သည် မိမိ၏ နောက်သားနောင်လာအချို့ကို အရှင်မြတ် ကျောင်းတော်ကြီးအနီးအပါးလယ်ယာထွန်ယက်မလုပ်မကိုင်နိုင်သောတောင်ကြားချိုင့်ဝှမ်းတခုတွင် နေရာချထား ပါ၏။ အို-အကျွနု်ပ်တို့၏ အသင်သခင်ကျေးဇူးရှင်၊ ယင်းသို့ချထားခြင်းမှာ သူတို့ဖြောင့်မတ်မှန်ကန်သောသာသနာ တော်ကြီးကို တည်ထောင်ဖို့ရာဖြစ်ပါ၏။ လူသားအချို့တို့၏ စိတ်နှလုံးကို သူတို့ဘက်သို့ ယိမ်းယိုင်စေတော်မူပါ။ သူတို့သည် အရှင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးတသဖို့ရာ သူတို့အား သစ်သီးသစ်ဥများကို ပေးသနားတော် မူပါ။

Verse 38 — Surah Ibrahim 14:38

၃၈။ အို-အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အရှင်သည် အကျွနု်ပ်တို့ကို လျှို့ဝှက်ထားသောအရာကိုသော် လည်းကောင်း၊ ထုတ်ဖော်ပြောဆိုရာကိုသော်လည်းကောင်း၊ မုချဧကန်သိတော်မူပါ၏။ အထက်ဘဝဂ်၊ အောက် မြေကြီးပေါ်တွင် တစုံတခုကိုမျှ အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖုံးကွယ်လျှို့ဝှက်၍ မထားနိုင်ချေ။

Verse 39 — Surah Ibrahim 14:39

၃၉။ သက်ရွယ်ကြီးပြင်း အိုးမင်းမစွမ်းအချိန်တွင် အစ္စမာအီလ်နှင့် အစ္စဟတ်(က်)သားနှစ်ပါးကို ပေးသနားတော်မူ ထသောအလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူပါ၏။ မှတ်သားကြလော့။ အကျွနု်ပ်၏ ကျေးဇူး တော်သခင်သည် ဆုတောင်းပဌနာကို အမှန်ကြားတော်မူသောအရှင်တည်း။

Verse 40 — Surah Ibrahim 14:40

၄ဝ။ အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင်၊ အကျွနု်ပ်နှင့် အကျွနု်ပ်၏ သားမြေးအဆက်ဆက်တို့အား ဆွလဝတ်ပြုခြင်း၌ တည်မြဲစေတော်မူပါ။ အို-ကျေးဇူးတော်သခင်။ ထိုဝတ်ပြုခြင်းကို လက်ခံတော်မူပါ။

Verse 41 — Surah Ibrahim 14:41

၄၁။ အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင်၊ အကျွနု်ပ်၊ အကျွနု်ပ်၏ မိဘနှစ်ပါးနှင့် ယုံကြည်သူအပေါင်းတို့အား စာရင်းရှင်းတော်မူသောနေ့တော်ကြီး၌ ကာကွယ်စောင့်ရှောက်တော်မူပါ။

Verse 42 — Surah Ibrahim 14:42

၄၂။ တမန်တော်၊ ယုတ်မာသူတို့ပြုလုပ်မှုများကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူမည်မဟုတ်ဟု သင်မထင်လင့်။ အရှင်မြတ်သည် သူတို့အား မျက်လုံးမျက်ဆံများကြောက်ရွံ့ခြင်းဖြင့် ပြူးတူးပြဲတဲကြည့်ကြမည့်နေ့တော်ကြီး တိုင်အောင် အချိန်ပေးထားတော်မူ၏။

Verse 43 — Surah Ibrahim 14:43

၄၃။ ထိုနေ့တော်ကြီး၌ သူတို့သည် ကြောက်ရွံ့ထိတ်လန့်ခြင်းဖြင့် ပြေးလာကြရလတ့ံ။ ထိုအခါသူတို့သည် ခေါင်းမော့ ထားကြလတ့ံ။ မိမိတို့ဘက်သို့ လှည့်ကြည့်ကြမည်မဟုတ်။ သူတို့၏ စိတ်နှလုံးများသည် လေကဲ့သို့ တုန်လှုပ်နေ ကြလတ့ံ။

Verse 44 — Surah Ibrahim 14:44

၄၄။ တမန်တော်၊ လူသားအပေါင်းတို့အား သူတို့ထံသို့ အပြစ်ဒဏ်တော်ကြီးဆိုက်ရောက်လာမည့်နေ့တော်ကြီး အကြောင်းကို သတိပေးဟောကြားလော့။ ထိုအခါဒုစရိုက်ပြစ်မှုကျူးလွန်ခဲ့သူတို့သည် အကျွနု်ပ်တို့၏ ကျေးဇူး တော်သခင်၊ အကျွနု်ပ်တို့အား လောကကြီး၌ အချိန်အနည်းငယ်မျှပြန်လွှတ်တော်မူပါ။ အကျွနု်ပ်တို့သည် အရှင်၏ ဗျာဒိတ်တော်ကို နာခံ၍ တမန်တော်များနောက်သို့ လိုက်ပါမည်ဟု တင်လျှောက်ကြ၏။ သူတို့ရမည့် အဖြေတော်မှာ နင်တို့သည် အထက်အခါက အကျွနု်ပ်တို့သည် မသေ၊ အမြဲနေကြရလတ့ံဟု ကျိန်ဆိုခဲ့ကြသည် မဟုတ်လော။

Verse 45 — Surah Ibrahim 14:45

၄၅။ နင်တို့သည် နင်တို့အလျင် မိမိတို့ကိုယ်ကို မိမိတို့ပြစ်မှားမိသူ၊ ရှေးလူဟောင်းတို့နေရာထိုင်ခင်းတွင် နေခဲ့ကြသည် မဟုတ်လော။ ငါအရှင်မြတ်သည် ထိုလူဟောင်းများကို အဘယ်သို့စီရင်တော်မူကြောင်း၊ နင်တို့အတွက် အဘယ် သို့နမူနာပုံစံဖြစ်စေတော်မူကြောင်းများကို နင်တို့ထင်ရှားစွာမသိမမြင်ကြသလော။

Verse 46 — Surah Ibrahim 14:46

၄၆။ အမှန်မှာ မိစ္ဆာမိုက်တို့သည် သူတို့၏ ဥပါယ်တမည်ကို လုပ်ကြံပြီး တောတောင်ကို ရွှေ့ဖို့ရာ ကြီးမားသော အကြံအစည်ကို ကြံစည်အားထုတ်ငြားသော်လည်း သူတို့၏ အကြံမှာ အလ္လာဟ်နှင့်ရှိတော်မူ၍ အချည်းနှီးသာ ဖြစ်ချေ၏။

Verse 47 — Surah Ibrahim 14:47

၄၇။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များအား ပေးသနားတော်မူသောကတိတော်ကို တည် တော်မူမည်မဟုတ်ဟု သင်မထင်မှတ်လင့်။ မှတ်သားလော့၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူ၏။ ဒုစရိုက်ကောင်များကို လက်စားချေနိုင်တော်မူ၏။

Verse 48 — Surah Ibrahim 14:48

၄၈။ ကမ္ဘာမြေကြီးနှင့် မိုးကောင်းကင်ကို ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်မဟုတ်သောအဖြစ်သို့ ပြောင်းတော်မူသော နေ့တော်ကြီး၌ လူသားအပေါင်းတို့သည် တဆူတည်းသောအနန္တတန်ခိုးတော်အရှင်၊ အလ္လာဟ်အရှင်မြတ်ရှေ့တော် သို့ ဝင်ကြရလတ့ံ။

Verse 49 — Surah Ibrahim 14:49

၄၉။ ထိုနေ့တော်ကြီး၌ သင်တမန်တော်သည် အပြစ်ရှိသူများကို စုရုံး၍ သံကြိုးနှင့်ပူးတွဲချည်နှောင်ထားသည်ကို မြင်ရလတ့ံ။

Verse 50 — Surah Ibrahim 14:50

၅ဝ။ သူတို့၏ ဝတ်စားတန်ဆာသည် ကတ္တရာစေးအတိဖြစ်လတ့ံ။ သူတို့၏ မျက်နှာကို မီးတောက်မီးလျှံဖုံးလွှမ်း ထားလတ့ံ။

Verse 51 — Surah Ibrahim 14:51

၅၁။ အလ္လာဟ်အရှင်မြတ်သည် ဝိညာဉ်တစ်ခုစီအား မိမိပြုကျင့်ဆည်းပူးခဲ့သောအမှု၏ အကျိုးအပြစ်ကို ပြန်ဆပ်တော် မူရန် ယင်းကဲ့သို့လူသားတို့ကို စုဝေးစေတော်မူ၏။

Verse 52 — Surah Ibrahim 14:52

၅၂။ ဤကုရ်အာန်ကျမ်းတော်မြတ်သည် စာရင်းရှင်းမှု၌ လျင်မြန်တော်မူ၏။ ရှင်းလင်းထင်ရှားသောဗျာဒိတ်တော် ဖြစ်၏။ သူတို့ကို ကျမ်းတော်မြတ်အားဖြင့် သွန်သင်ဆုံးမသတိပေးရန်သော်လည်းကောင်း၊ အရှင်မြတ်သည် တဆူတည်းသောအရှင်သခင်ဖြစ်ကြောင်းကို သူတို့သိနားလည်ရန်သော်လည်းကောင်း၊ စဉ်းစားဆင်ခြင်တတ်သော ပုဂ္ဂိုလ်တို့သည် သတိတရားရရှိရန်သော်လည်းကောင်း၊ ဤကျမ်းတော်မြတ်ကို ပြဋ္ဌာန်းချပေးသနားတော်မူ၏။