Verse 1 — Surah An-Nahl 16:1
၁။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည် ကျရောက်လာလတ့ံ။ ထို့ကြောင့်သင်တို့သည် အမိန့်တော်အဆော တလျင်ကျရောက်ဖို့ရာ မတောင့်တကြလင့်၊ အရှင်မြတ်သည် သူတို့တွဲဖက်သောဘုရားတုများထက် သာလွန် မြင့်မြတ်စုံလင်တော်မူ၏။
Verse 2 — Surah An-Nahl 16:2
၂။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအနက် အလိုရှိတော်မူသောပုဂ္ဂိုလ်ထံသို့ ကောင်းကင်တမန်တော် များကို မိမိ၏ ဗျာဒိတ်တော်နှင့်တကွ စေလွှတ်တော်မူ၏။ ထိုဗျာဒိတ်တော်မှာ ငါအရှင်မြတ်မှတပါး အခြားအရှင် မြတ်မှတပါး အခြားအရှင်သခင်မရှိဟု သင်သည် လူသားအပေါင်းတို့ကို ဟောကြားဆုံးမလော့။ ထို့ကြောင့် သင်တို့သည် ငါ့အား ကြောက်ရွံ့ကြလော့။
Verse 3 — Surah An-Nahl 16:3
၃။ အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို မုချဧကန်ဖန်ဆင်းတော်မူ၏။ သူတို့တွဲဖက်သောဘုရားတု များထက် သာလွန်ကြီးမြင့်ထူးမြတ်လှပါ၏။
Verse 4 — Surah An-Nahl 16:4
၄။ အရှင်မြတ်သည် လူသားကို အရည်တပေါက်မှ ဖန်ဆင်းတော်မူ၏။ သို့ပါလျက် သူသည် အရှင်မြတ်အား ဗြောင်ရန်မူသူဖြစ်၏။
Verse 5 — Surah An-Nahl 16:5
၅။ ထို့အပြင် အရှင်မြတ်သည် ခြေလေးချောင်းတိရိစ္ဆာန်များကို ဖန်ဆင်းတော်မူ၏။ ထိုတိရိစ္ဆာန်များမှ သင်တို့သည် အနွေးထည်ကို ရရှိကြ၏။ ထို့အပြင်၎င်းတို့ကို အမျိုးမျိုးသုံးစွဲရကြ၏။ အသားကိုလည်း စားရကြ၏။
Verse 6 — Surah An-Nahl 16:6
၆။ သင်တို့သည် ထိုတိရိစ္ဆာန်များကို အိမ်သို့ ပြန်မောင်းလာသောအခါ၌လည်းကောင်း၊ စားကျက်သို့ မောင်းသွားသော အခါ၌လည်းကောင်း၊ ၎င်းတို့သည် သင်တို့အဖို့အရာ လှပတင့်တယ်ရှုချင်ဖွယ်ဖြစ်၏။
Verse 7 — Surah An-Nahl 16:7
၇။ ထို့အပြင်သင်တို့သည် အလွန်ခဲယဉ်းစွာသွားရသောနေရာအရပ်သို့၊ ၎င်းတို့သည် သင်တို့၏ အထုပ်အပိုးများကို သည်ပိုးရွက်ဆောင်၏။ မှတ်သားကြလော့။ သင်တို့၏ အရှင်သခင်သည် အလွန်သနားကြင်နာတော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 8 — Surah An-Nahl 16:8
၈။ ထို့အပြင်အရှင်မြတ်သည် သင်တို့စီးနင်းသွားလာဖို့ရာသော်လည်းကောင်း၊ ခန့်ငြားတင့်တယ်ဖို့ရာသော်လည်း ကောင်း၊ မြင်း၊ မြည်းတိရိစ္ဆာန်များကို ဖန်ဆင်းတော်မူ၏။ ထို့အပြင်သင်တို့မသိသောအရာများကိုလည်း ဖန်ဆင်း တော်မူ၏။
Verse 9 — Surah An-Nahl 16:9
၉။ ထို့အပြင်အရှင်မြတ်အဖို့မှာ လမ်းညွှန်ပြခြင်းဖြစ်၏။ လမ်းအချို့တို့သည် မဖြောင့်မမတ် ကွေ့ကောက်၏။ အကယ်၍ အရှင်မြတ်အလိုတော်ရှိခဲ့ပါလျှင် သင်တို့အားလုံးအား လမ်းမှန်ကို ပြတော်မူခဲ့လတ့ံ။
Verse 10 — Surah An-Nahl 16:10
၁ဝ။ အရှင်မြတ်သည် မိုးကောင်းကင်မှ ရေသွန်းချတော်မူ၏။ ထိုရေမှ သင်တို့သောက်ရေရကြ၏။ ထိုရေမှ သစ်ပင် ဝါးပင်များပေါက်ရောက်ကြ၏။ ထိုသစ်ပင်ဝါးပင်၏ အရွက်အလက်များကို သင်တို့သည် မိမိတို့၏ ခြေလေးချောင်း တိရိစ္ဆာန်များအား ကျွေးမွေးကြ၏။
Verse 11 — Surah An-Nahl 16:11
၁၁။ အရှင်မြတ်သည် ထိုရေအားဖြင့် သင်တို့အဖို့ သံလွင်သီး၊ စွန်ပလွံသီး၊ အသီးအမျိုးမျိုးစသည့်အသီးအနှံများ ကို သီးစေတော်မူ၏။ မှတ်သားကြလော့၊ ဤအချင်းအရာ၌ တွေးတောဆင်ခြင်တတ်သူတို့အဖို့အရာ သာဓက တော်အမှန်ပင်ဖြစ်၏။
Verse 12 — Surah An-Nahl 16:12
၁၂။ ထို့အပြင်အရှင်မြတ်သည် နေ့နှင့်ညဉ့်၊ နေနှင့်လတို့အား သင်တို့၏ အကျိုးကို ဆောင်စေတော်မူ၏။ အရှင်မြတ်၏ ဗျာဒိတ်တော်အတိုင်း နက္ခတ်တာရာတို့လည်း သင်တို့အကျိုးကို ဆောင်ရ၏။ မှတ်သားကြလော့၊ ဤအကြောင်း အရာ၌ အသိဉာာဏ်ရှိသူတို့အဖို့ သာဓကတော်များအမှန်ပင်ပါရှိ၏။
Verse 13 — Surah An-Nahl 16:13
၁၃။ ထို့အပြင်အရှင်မြတ်သည် သင်တို့အဖို့အရာ ကမ္ဘာမြေပေါ်တွင် ခပ်သိမ်းကုန်သောအရာတို့ကို ဖန်ဆင်းထားတော် မူ၏။ ထိုအရာများသည် အဆင်း၊ အရောင်ကွဲပြားကြ၏။ အထူးထူးအခြားခြားဖြစ်ကြ၏။ မှတ်သားကြလော့။ ဤအဖြစ်အပျက်၌ ဂရုစိုက်ရသူတို့အဖို့ သာဓကတော်တစ်ပါးအမှန်ပင်ပါရှိ၏။
Verse 14 — Surah An-Nahl 16:14
၁၄။ ထို့အပြင်အရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို သင်တို့အဖို့အရာ အကျိုးဖြစ်ထွန်းစေတော်မူ၏။ ထိုပင်လယ် သမုဒ္ဒရာမှ သင်တို့စားဖို့ရာ လတ်ဆတ်သောအသားကို ရရှိ၏။ ထို့အပြင်ပုလဲစသည့်ဆင်မြန်းဖွယ်ရာများကိုလည်း ရရှိ၏။ ထို့အပြင်သင်သည် လှေသင်္ဘောများကို ပင်လယ်သမုဒ္ဒရာကို ဖြတ်သန်းသွားလာသည်ကို မြင်ရ၏။ ယင်းသို့သွားလာခြင်းမှာ သင်လူသားတို့သည် အရှင်မြတ်၏ ကျေးဇူးတော်ကို ရှာမှီးဖို့ရာလည်းဖြစ်၏။ ဂုဏ်ကျေးဇူး တော်ကို ချီးကျူးကောင်းချီးကျူးဖို့ရာလည်းဖြစ်၏။
Verse 15 — Surah An-Nahl 16:15
၁၅။ ထို့အပြင်အရှင်မြတ်သည် သင်တို့လှုပ်ရှားသောအခါ ကမ္ဘာမြေကြီးမလှုပ်ရှား*****သွားလာဖို့ရာ လမ်းတွေ့ နိုင်ရန် မြစ်ကြီး၊မြစ်ငယ်၊လမ်းကြီး၊လမ်းငယ်အသွယ်သွယ်ကို ဖန်ဆင်းထားတော်မူ၏။
Verse 16 — Surah An-Nahl 16:16
၁၆။ ထို့အပြင်တောင်ကုန်း၊ ကြယ်နက္ခတ်တာရာစသောအမှတ်သညာတို့ကို ဖန်ဆင်းထားတော်မူပါ၏။ ထိုအမှတ် သညာတို့အားဖြင့် လူသားတို့သည် သွားလာဖို့ရာ လမ်းတွေ့နိုင်ကြ၏။
Verse 17 — Surah An-Nahl 16:17
၁၇။ ဖန်ဆင်းခြင်းကို ပြုသောအရှင်မြတ်သည် ဖန်ဆင်းခြင်းကို မပြုသူနှင့်အတူတူပင်လော၊ သို့ပါလျက် သင်တို့သည် သတိရကြမည်မဟုတ်လော။
Verse 18 — Surah An-Nahl 16:18
၁၈။ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်များကို ရေတွက်ကြလျှင် ရေတွက်၍ မဆုံးနိုင် ချေ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မုချဧကန်အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနား တော်မူ၏။
Verse 19 — Surah An-Nahl 16:19
၁၉။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ဖုံးကွယ်လျှို့ဝှက်ထားသောအရာများ၊ သင်တို့ထုတ်ဖော်ကြေငြာသောအရာ များကို သိတော်မူ၏။
Verse 20 — Surah An-Nahl 16:20
၂ဝ။ အလ္လာဟ်အရှင်မြတ်မှတပါး သူတို့ကိုးကွယ်သောဘုရားတုတို့သည် တစုံတရာမျှမဖန်ဆင်းချေ၊ ဖန်ဆင်း ခြင်းကိုသာ ခံရကြ၏။
Verse 21 — Surah An-Nahl 16:21
၂၁။ ထိုဘုရားပျက်တို့သည် အသက်မရှိ အသေသာဖြစ်၏။ ထို့အပြင်သူတို့သည် မိမိတို့ဘယ်အချိန်အခါတွင် ရှင်ပြန်ထ မြောက်ကြရမည်ကို မသိကြချေ။
Verse 22 — Surah An-Nahl 16:22
၂၂။ သင်တို့၏ အရှင်သခင်သည် တဆူတည်းဖြစ်တော်မူ၏။ သို့သော်နောင်တမလွန်ဘဝကို မယုံကြည်သူတို့မှာမူကား သူတို့သည် မာနကြီးမားပလွှားသောကြောင့် သူတို့၏ စိတ်နှလုံးသည် အသိတရားကို ငြင်းပယ်ကြ၏။
Verse 23 — Surah An-Nahl 16:23
၂၃။ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် သူတို့ထိမ်ချန်လျှို့ဝှက်ထားသောအရာ၊ ထုတ်ဖော်ကြေငြာသောအရာအလုံးစုံ ကို အကုန်အစင်သိတော်မူ၏။ မှတ်သားကြလော့၊ အရှင်မြတ်သည် စိတ်ကြီးဝင်သောသူတို့ကို နှစ်သက်တော် မမူချေ။
Verse 24 — Surah An-Nahl 16:24
၂၄။ ထို့အပြင်သူတို့အား ဟယ်-အချင်းတို့၊ သင်တို့၏ ကျေးဇူးတော်သခင်သည် သင်တို့အား အဘယ်ဗျာဒိတ်ကို ချပေးတော်မူသနည်းဟု မေးသောအခါ သူတို့က ရှေးလူဟောင်းတို့၏ ဒဏ္ဍာရီများသာဟု ဖြေဆို၏။
Verse 25 — Surah An-Nahl 16:25
၂၅။ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သူတို့သည် မိမိတို့ဝန်ထုပ်ဝန်ပိုးများကို လျှော့ပေါ့ခြင်းမရှိပဲ ပြည့်စုံစွာ ထမ်းရသည့်အပြင် သူတို့ပညာမဲ့သွေးဆောင်သောသူတို့၏ အထုပ်အပိုးအချို့ကိုလည်း ထမ်းရမည်။ သူတို့ ထမ်းရသောဝန်ထုပ်မှာ မကောင်းဆိုးဝါးဖြစ်၏။
Verse 26 — Surah An-Nahl 16:26
၂၆။ သူတို့ထက်ရှေးကျသောသူတို့သည် အကြံအစည်ထုတ်ကြ၏။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အဆောက်အဦး၏ အခြေအမြစ်များကို ဖြိုဖျက်တော်မူ၏။ ထိုအခါအဆောက်အဦး၏ အမိုးအကာသည် သူတို့ အပေါ်သို့ အထက်မှ ပြိုကျ၏။ အပြစ်ဒဏ်တော်သည် အဘယ်နေရာမှာ ကျရောက်လာသည်ကို သူတို့မသိပဲ သူတို့အပေါ်သို့ ဆိုက်ရောက်လာ၏။
Verse 27 — Surah An-Nahl 16:27
၂၇။ ထို့နောက်ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ အရှင်မြတ်သည် ထိုအယူမှားသူတို့ကို အရှက်ခွဲတော်မူမည်။ ငါ၏ ဖက်စပ်သူများအဘယ်မှာနည်း။ သူတို့အတွက် နင်တို့သည် ငါ၏ တရားတော်ကို ခုခံတွန်းလှန်ကြ၏ဟု ဗျာဒိတ်တော်ချလတ့ံ။ ပညာအလင်းရောင်ရရှိသူတို့က ဤနေ့တော်ကြီး၌ မယုံကြည်သူတို့၏ အပေါ်သို့ အရှက် ကွဲခြင်းနှင့် မကောင်းဆိုးဝါးများသည် ကျရောက်ကြ၏။
Verse 28 — Surah An-Nahl 16:28
၂၈။ ထိုသူများသည် မိမိကိုယ်ကို မိမိပြစ်မှားနေစဉ် ကောင်းကင်တမန်တော်များသည် သူတို့၏ အသက်ကို နှုတ်ယူ ကြ၏။ ထိုအခါသူတို့က အကျွနု်ပ်တို့သည် မကောင်းမှုများကို မကျူးလွန်ခဲ့ပါဟု လျှောက်ကြလတ့ံ။ ယင်းသို့ မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှအားလုံးကို သိတော်မူ၏။
Verse 29 — Surah An-Nahl 16:29
၂၉။ ထို့ကြောင့်သင်တို့သည် အမြဲထာဝစဉ်နေထိုင်ဖို့ရာ အဝီစိငရဲထဲ ဝင်ကြလော့။ မာန်မာနထောင်လွှားသောသူတို့၏ ဗိမာန်သည် ပူဆွေးခြင်းအမှန်ပင်များပြား၏။
Verse 30 — Surah An-Nahl 16:30
၃ဝ။ အကုသိုလ်မကောင်းမှုကို ရှောင်ရှားသူတို့အား သင်တို့၏ ကျေးဇူးတော်သခင်သည် အဘယ်ဗျာဒိတ်တော်ကို ချမှတ်တော်မူသနည်းဟု မေးမြန်း၏။ သူတို့က ကောင်းကြီးမင်္ဂလာအဖြာဖြာဟု ဖြေဆိုကြ၏။ ဤလောက၌ ကုသိုလ်ကောင်းမှုပွားများအ့ံ။ သူတို့အတွက် ဆုတော်ရှိ၏။ နောင်တမလွန်ဘဝရှိ ဘုံနန်းသည် သာလွန်မြင့်မြတ် လှ၏။ မကောင်းမှုကို ရှောင်ကြဉ်သူတို့၏ ဘုံပြဿဒ်သည် အလွန်ပင်နှစ်သက်ပျော်မွေ့ဖွယ်ကောင်းမည်။
Verse 31 — Surah An-Nahl 16:31
၃၁။ သူတို့သည် နိဗ္ဗာန်ဥယျာဉ်တော်များကို ဝင်ရမည်။ ထိုဥယျာဉ်တော်အောက်တွင် စိမ့်စမ်း၊ မြစ်ချောင်းအသွယ်သွယ် စီးဆင်းလျက်ရှိ၏။ ထိုဥယျာဉ်တော်များ၌ သူတို့သည် မိမိတို့အလိုရှိသမျှတောင့်တသမျှအလုံးစုံကို ရရှိကြမည်။ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်မှုကို ရှောင်ကြဉ်သူတို့အား ပြန်ဆပ်တော်မူ၏။
Verse 32 — Surah An-Nahl 16:32
၃၂။ သူတော်ကောင်းဘဝတွင် မိမိတို့၏ အသက်ဝိညာဉ်များကို ကောင်းကင်တမန်တော်များ၊ နှုတ်ယူသောသူများ၊ သူတို့အား အို-သူတော်ကောင်းအပေါင်းတို့၊ အေးချမ်းသာယာမှုသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေ သော်ဝ်။ သင်တို့ပြုကျင့်သောကုသိုလ်ကောင်းမှုအဟုန်ကြောင့် နိဗ္ဗာန်ဥယျာဉ်တော်ကြီးကို ဝင်ရောက်ကြပါလော့ဟု ပြောဆိုကြ၏။
Verse 33 — Surah An-Nahl 16:33
၃၃။ မိစ္ဆာဒိဋ္ဌိမိုက်တို့သည် ကောင်းကင်တမန်တော်များ သူတို့ထံလာရောက်ခြင်း၊ သို့မဟုတ် သင်၏ ကျေးဇူးတော် သခင်၏ အမိန့်တော်ကျရောက်လာခြင်းမှတပါး၊ မည်သည့်အရာကို စောင့်ဆိုင်းမျှော်လင့်ကြသနည်း၊ သူတို့အလျင် ရှေးမိစ္ဆာဟောင်းတို့လည်း ယင်းသို့ပြုကျင့်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ပြစ်မှားတော်မမူချေ။ သူတို့သည် မိမိကိုယ်ကို မိမိတို့ပြစ်မှားကြ၏။
Verse 34 — Surah An-Nahl 16:34
၃၄။ ထို့ကြောင့်သူတို့ကျူးလွန်ခဲ့သောပြစ်မှုများ၏ အကျိုးဆက်က သူတို့ကို ဆုံးမကြ၏။ သူတို့ပြောင်လှောင်လေ့ရှိသော အရာသည် သူတို့ကို ဝိုင်းထား၏။
Verse 35 — Surah An-Nahl 16:35
၃၅။ ထို့အပြင်ရုပ်ပွားဆင်းတုကိုးကွယ်သူတို့သည် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိခဲ့ပါလျှင် အကျွနု်ပ်တို့မိဘဘိုးဘွား နှင့်တကွ၊ အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး၊ မည်သည်ကိုမျှ ကိုးကွယ်ကြမည်မဟုတ်ချေ။ သို့မဟုတ် အရှင်မြတ်၏ ဗျာဒိတ်တော်မရှိပဲ အကျွနု်ပ်တို့သည် အဘယ်အရာကိုမျှ တားမြစ်မည်မဟုတ်ချေဟု ဆိုကြ၏။ သူတို့အလျင် ရှေးလူဟောင်းများလည်း ယင်းသို့ဆိုကြ၏။ ငါ၏ တမန်တော်တို့သည် ငါ၏ တရားတော်သို့ ပို့ဆောင်ခြင်းမှတပါး အခြားအရာဝထ္ထုများကို ထမ်းဆောင်ကြရသလော။
Verse 36 — Surah An-Nahl 16:36
၃၆။ အမှန်မှာ ငါသည် လူမျိုးတိုင်းထံသို့ တမန်တော်တစ်ပါးစီစေလွှတ်တော်မူပြီး၊ ထိုတမန်တော်က အလ္လာဟ်အရှင် မြတ်အား ကိုးကွယ်ကြလော့။ ဘုရားတုများကို ရှောင်ရှားကြလော့ဟု ဟောကြားသွန်သင်ကြ၏။ ထို့နောက်အချို့ သောလူသားတို့ကို အရှင်မြတ်သည် လမ်းတော်ကို ပြသတော်မူ၏။ အချို့သောလူသားတို့ကို မှားယွင်းမှုက ဖမ်းဆီးထားကြ၏။ မဟာပထဝီမြေပြင်ပေါ်ဝယ် ခရီးသွားလာ၍၊ မယုံကြည်သူတို့၏ အကျိုးဆက် ဘာဖြစ်သည်ကို ကြည့်ရှုကြလော့။
Verse 37 — Surah An-Nahl 16:37
၃၇။ မိုဟမ္မဒ်၊ အကယ်၍ သင်သည် သူတို့အတွက် လမ်းမှန်ညွှန်ခြင်းကို လိုသော်လည်း၊ အလ္လာဟ်အရှင်မြတ်သည် လမ်းမှားသို့ ဖျားယောင်းသူအား မုချလမ်းပြတော်မမည်မဟုတ်ချေ။ ဤသူတို့၌ ကူညီစောင်မသူများမရှိချေ။
Verse 38 — Surah An-Nahl 16:38
၃၈။ အလ္လာဟ်အရှင်မြတ်သည် သေသူတို့အား ရှင်ပြန်ထမြောက်စေတော်မူမည်မဟုတ်ဟူ၍ ထိုသူတို့သည် အလ္လာဟ် အရှင်မြတ်ကို ကိုင်၍ အလွန်ပြင်းပြကြီးလေးသောကျမ်းကျိန်ချက်များကို ဆိုကြ၏။ သူတို့ပြောဆိုသကဲ့သို့ မဟုတ်ချေ။ ရှင်ပြန်ထမြောက်စေခြင်းသည် အရှင်မြတ်အတွက် မဖျက်ရသည့်ကတိဗျာဒိတ်တော်အမှန်ပင်ဖြစ်၏။ သို့သော်များလှစွာသောလူသားတို့သည် မသိကြချေ။
Verse 39 — Surah An-Nahl 16:39
၃၉။ ရှင်ပြန်ထမြောက်ခြင်းမှာ လူသားတို့အား မိမိတို့ကွဲပြားမှုကို အရှင်မြတ်က ရှင်းလင်းပြသတော်မူဖို့ရာသော် လည်းကောင်း၊ မယုံကြည်သူတို့သည် မိမိတို့မုသားကောင်များဖြစ်ကြောင်းကို သိဖို့ရာသော်လည်းကောင်းဖြစ်၏။
Verse 40 — Surah An-Nahl 16:40
၄ဝ။ ငါအရှင်မြတ်သည် တစုံတရာကို ကြံစည်တော်မူလျှင် ထိုအရာအား ဖြစ်စေဟု ဗျာဒိတ်တော်ချ၏။ ထိုအခါထိုအရာ သည် ဖြစ်ပေါ်လာ၏။
Verse 41 — Surah An-Nahl 16:41
၄၁။ အကြင်သူတိုပသည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ကြီးကြောင့် မတရားနှိပ်စက်ခံရသဖြင့် မိမိတို့နေရာ အရပ်ကို စွန့်ပစ်ထွက်ပြေးရကြအ့ံ။ ထိုသူတို့အား ငါသည် အကယ်စင်စစ်ဤပစ္စုပ္ပန်ဘဝလောကတွင် အိုးအိမ် ပေးသနားတော်မူမည်။ အမှန်မှာ နောင်ဘဝ၏ ဆုတော်သည် သာလွန်ကြီးမား၏။ သူတို့သိလျှင် ကောင်းလေစွ။
Verse 42 — Surah An-Nahl 16:42
၄၂။ ဤလူအမျိုးအစားသည် သည်းခံတည်ကြည်ကြ၏။ အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးစားကြ၏။
Verse 43 — Surah An-Nahl 16:43
၄၃။ အို-တမန်တော်၊ သင့်အလျင် ငါသည် မိမိ၏ ဗျာဒိတ်တော်အားဖြင့် မြှောက်စားတော်မူသောလူသားများမှတပါး အခြားအရာများကို တမန်တော်အဖြစ် စေလွှတ်တော်မမူချေ။ သင်မသိလျှင် ကျမ်းဟောင်းရရှိသူတို့အား မေးမြန်း လော့။
Verse 44 — Surah An-Nahl 16:44
၄၄။ ငါသည် ထိုတမန်တော်များကို ထင်ရှားခိုင်မာသောသက်သေခံချက်များ၊ ကျမ်းဂန်တော်များနှင့်တကွ စေလွှတ် တော်မူ၏။ သင့်အားလည်း ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူ၏။ ချပေးတော် မူခြင်းအကြောင်းရင်းကား၊ သင်သည် လူသားတို့အား သူတို့အတွက် ပြဋ္ဌာန်းသောကျမ်းတော်မြတ်ကို ရှင်းလင်း ဟောကြားဖို့ရာနှင့် သူတို့သည် ဆင်ခြင်ကောင်းဆင်ခြင်ဖို့ရာဖြစ်၏။
Verse 45 — Surah An-Nahl 16:45
၄၅။ ဒုစရိုက်မကောင်းမှုများကို ကြံစည်သူတို့သည် အလ္လာဟ်အရှင်မြတ်က မိမိတို့အား မြေမျိုစေတော်မူမည့်ဘေးမှ လုံခြံုကြသလော သို့မဟုတ် မည်သည်မှ ကျရောက်လာသည်ကို မိမိတို့မသိသောအပြစ်ဒဏ်တော်မှလည်း လုံခြံုကြသလော။
Verse 46 — Surah An-Nahl 16:46
၄၆။ သို့မဟုတ် သူတို့သည် ဤဤထိုထိုသွားလာနေစဉ် ပြေးပေါက်မရှိပဲ အရှင်မြတ်ဖမ်းဆီးတော်မူခြင်းမှလည်း လုံခြံုကြသလော။
Verse 47 — Surah An-Nahl 16:47
၄၇။ သို့မဟုတ် အရှင်မြတ် သူတို့အား တဖြည်းဖြည်းပျက်စီးဆုံးရှုံးခြင်းဖြင့် ဖမ်းဆီးတော်မူခြင်းမှလည်း လုံခြံုကြ သလော၊ မှတ်သားလော့၊ သင်၏ ကျေးဇူးတော်သခင်သည် မုချဧကန်သနားကြင်နာတတ်ခြင်း၊ ကောင်းကြီး မင်္ဂလာပေးသနားတော်မူခြင်းဂုဏ်တော်များနှင့် ပြည့်စုံတော်မူ၏။
Verse 48 — Surah An-Nahl 16:48
၄၈။ အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူသည့်ခပ်သိမ်းကုန်သောအရာအပေါင်းတို့သည် မိမိတို့အရိပ်များ လက်ဝဲလက်၊ လက်ယာဘက်သို့ကျလျက်၊ အလ္လာဟ်အရှင်မြတ်အား ဝပ်တွားရှိခိုးပူဇော်ကြကြောင်း၊ ထိုအရာတို့သည် မိမိ ကိုယ်ကို မိမိနှိမ့်ချကြကြောင်းများကို သူတို့မမြင်ကြသလော။
Verse 49 — Surah An-Nahl 16:49
၄၉။ သက်ရှိတို့မှ မိုးကောင်းကင်တွင် ရှိရှိသမျှတို့သည်လည်းကောင်း၊ မြေပေါ်ဝယ်ရှိသမျှသက်ရှိတို့သည်လည်းကောင်း၊ ကောင်းကင်တမန်တော်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ကို ပျပ်ဝပ်ဦးချကြ၏။ သူတို့အပေါင်းသည် ဘဝင်မမြင့်ကြပေ။
Verse 50 — Surah An-Nahl 16:50
၅ဝ။ သူတို့သည် မိမိတို့အပေါ်၌ရှိတော်မူသောအလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကြ၍ အရှင်မြတ်၏ ပညတ် တော်ကို နာခံကြ၏။
Verse 51 — Surah An-Nahl 16:51
၅၁။ အလ္လာဟ်အရှင်မြတ်က သင်တို့သည် အရှင်သခင်နှစ်ဆူမရှာကြလင့်။ အရှင်သခင်တဆူတည်းသာလျှင် ရှိတော် မူ၏။ ထို့ကြောင့်ငါ့ကိုသာလျှင် ကြောက်ရွံ့ရိုကျိုးကြလော့ဟု ဗျာဒိတ်တော်မူ၏။
Verse 52 — Surah An-Nahl 16:52
၅၂။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များဖြစ်ကြ၏။ ဘာသာတရားသည် အရှင်မြတ်၏ ဘာသာသာလျှင် အစဉ်ဖြစ်၏။ ထို့ကြောင့်သင်တို့သည် အလ္လာဟ်အရှင်မြတ် မှတပါး အခြားတစုံတရာကို ကြောက်ရွံ့ကြမည်လော။
Verse 53 — Surah An-Nahl 16:53
၅၃။ သင်တို့ခံစားသည့်စည်းစိမ်ချမ်းသာဟူသမျှသည် အလ္လာဟ်အရှင်အထံတော်မှ ဖြစ်၏။ သင်တို့ကို ဘေးအန္တရာယ် ထိသောအခါ သင်တို့သည် အလ္လာဟ်အရှင်မြတ်၌ အစောင့်အရှောက်အတွက် ငိုကြွေးကြ၏။
Verse 54 — Surah An-Nahl 16:54
၅၄။ ထို့နောက်အရှင်မြတ်သည် သင်တို့ကို ဘေးဒုက္ခမှ ဖယ်ရှားတော်မူပြီးသောအခါ သင်တို့အနက် လူတစုသည် မိမိတို့၏ ကျေးဇူးတော်သခင်အား ဖက်စပ်သူများကို ပေးကြ၏။
Verse 55 — Surah An-Nahl 16:55
၅၅။ ယင်းသို့ပေးခြင်းမှာ ငါ သူတို့အား ပေးသနားတော်မူသောကျေးဇူးတော်ကို ငြင်းပယ်ရန်အဖို့ဖြစ်၏။ ထို့ကြောင့် သင်တို့သည် ဤဘဝကို ခံစားရအ့ံ။ ခံစားကြလော့၊ များမကြာမီ သင်တို့သိစေရမည်။
Verse 56 — Surah An-Nahl 16:56
၅၆။ ထို့အပြင် သူတို့သည် ငါပေးသနားတော်မူသောဥစ္စာပစ္စည်းများအနက် တစိတ်တဒေသကို သူတို့မသိသောအရာ များအား လှုဒါန်းကြ၏။ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကြောင့် သင်တို့အား မိမိတို့လုပ်ကြံလေ့ရှိသော အမှုများနှင့်စပ်လျဉ်း၍ မုချဧကန်စစ်ကြောစီရင်တော်မူမည်။
Verse 57 — Surah An-Nahl 16:57
၅၇။ ထို့အပြင်သူတို့သည် အလ္လာဟ်အရှင်မြတ်အား သမီးတော်များပေး၍ သူတို့အဖို့ ၎င်းတို့နှစ်သက်ရာကို ယူကြ၏။ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့ခြင်းကင်းတော်မူ၏။ တန်ခိုးတောက်ပတော်မူ၏။
Verse 58 — Surah An-Nahl 16:58
၅၈။ သူတို့အနက် တစ်ဦးတစ်ယောက်သည် သမီးရတနာဖွားမြင်ကြောင်းသတင်းရသောအခါ သူသည် မျက်နှာမသာ မဲသွား၏။ သူသည် ကိုယ်တွင်း၌ ဒေါသထွက်၏။
Verse 59 — Surah An-Nahl 16:59
၅၉။ သူသည် မိမိရရှိသောအမင်္ဂလာသတင်းကြောင့် လူများကို မျက်နှာမပြ၊ ပုံးရှောင်နေ၏။ သူသည် ထိုသမီး ကလေးကို သေးသိမ်ယုတ်ညံ့သောဘဝတွင် ထားမည်လော။ သို့မဟုတ် အရှင်မြှုပ်မည်လော။ အမှန်မှာ သူတို့၏ ဆုံးဖြတ်ချက်သည် မကောင်းမှုဖြစ်၏။
Verse 60 — Surah An-Nahl 16:60
၆ဝ။ နောင်တမလွန်ဘဝကို မယုံကြည်သူတို့အဖို့ ဆိုးဝါးသောဥပမာကားဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ ဥပမာကာ အလွန်ကြီးကျယ်ထူးမြတ်လှ၏။ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ ပါ၏။
Verse 61 — Surah An-Nahl 16:61
၆၁။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ၎င်းတို့ပြုကျင့်မှုကြောင့် ချက်ခြင်းအပြစ်ဒဏ်ခတ်တော်မူ ပါလျှင် ဤကမ္ဘာမြေကြီးပေါ်တွင် သက်ရှိသတ္တဝါတစုံတယောက်မျှကျန်ရစ်မည်မဟုတ်ချေ။ သို့သော်အရှင်မြတ် သည် သူတို့အား ပြဋ္ဌာန်းထားတော်မူသည့်အချိန်ကာလတိုင်အောင် အချိန်ပေးတော်မူ၏။ အချိန်စေ့ရောက်ကာလ၊ သူတို့သည် ထိုအချိန်ကို တနာရီမျှမဆုတ်၊ မတိုးနိုင်ချေ။
Verse 62 — Surah An-Nahl 16:62
၆၂။ သူတို့သည် မိမိမနှစ်မြို့သောအရာကို အလ္လာဟ်အရှင်မြတ်အား ဝေစုပေးကြ၏။ ကောင်းသောအရာသည် သူတို့၏ ဝေစုဟု မဟုတ်မလျားဆိုကြ၏။ အမှန်မှာ သူတို့၏ ဝေစုသည် ငရဲမီးသာဖြစ်၏။ သူတို့ကို ငရဲမီးထဲ၌ ပစ်ထားတော်မူလတ့ံ။
Verse 63 — Surah An-Nahl 16:63
၆၃။ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကြောင့် သင့်အလျင်၊ တမန်တော်များကို မိမိတို့လူမျိုးအသီးသီးထံ ငါအရှင် မြတ်မုချဧကန်စေလွှတ်တော်မူ၏။ သို့သော်ရှိုင်တန်မာရ်နတ်သည် သူတို့အား မိမိတို့အပြုအမူများကို တင့်တယ် စေ၏။ ယခုလည်း သူတို့၏ နာယကဖြစ်၏။ သူတို့၏ ဝေစုမှာ အလွန်ပြင်းပြနာကျင်ဖွယ်ကောင်းသောအပြစ်ဒဏ် ကြီးဖြစ်၏။
Verse 64 — Surah An-Nahl 16:64
၆၄။ တမန်တော်၊ သင်သည် သူတို့အား သူတို့၏ အမှားကို ရှင်းလင်းပြဖို့ရာသော်လည်းကောင်း၊ ယုံကြည်သူတို့ အဖို့အရာ တရားလမ်းညွှန်နှင့် ကောင်းကြီးမင်္ဂလာတော်ကြီးဖြစ်ဖို့ရာသော်လည်းကောင်း၊ ငါသည် သင့်အား ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနားတော်မူ၏။
Verse 65 — Surah An-Nahl 16:65
၆၅။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ ရေကို သွန်းချတော်မူ၏။ ထိုရေအားဖြင့် သေပြီးသောမြေကြီးကို တဖန်ရှင်စေတော်မူ၏။ မှတ်သားကြလော့၊ ဤအချင်းအရာ၌ ကြားနာသူတို့အဖို့ သာဓကတော်တပါးပါရှိ၏။
Verse 66 — Surah An-Nahl 16:66
၆၆။ မှတ်သားကြလော့။ အခြေလေးချောင်းရှိ တိရိစ္ဆာန်များ၌လည်း သင်တို့အဖို့အရာ သင်ခန်းစာတစ်ခုရှိ၏။ ငါသည် သူတို့၏ ဝမ်းတွင်းအစာဟောင်းအိမ်နှင့် အသွေး၏ အကြားမှ ဖြူစင်သန့်ရှင်းသောနို့ရည်ဖြစ်လာစေ၍ ထိုနို့ရည် သည် သောက်စားသူတို့အား ကောင်းသောအရသာကို ပေး၏။
Verse 67 — Surah An-Nahl 16:67
၆၇။ ထို့အပြင်စွန်ပလွံ၊ သပျက်သီးစသောသီးမျိုးမှ သောက်စရာပြင်းသောအရည်၊ စားစရာအစာအာဟာရတို့ကို သင်တို့ရရှိကြ၏။ မှတ်သားကြလော့၊ ဤအကြောင်းအရာ၌ ပညာရှိသူတို့အဖို့အရာ သာဓကတော်တပါး အမှန်ပင် ပါရှိ၏။
Verse 68 — Surah An-Nahl 16:68
၆၈။ ထို့အပြင် သင်၏ ကျေးဇူးတော်သခင်သည် ပျားတိရိစ္ဆာန်ကို ဗျာဒိတ်ပေးတော်မူသည်မှာ ပျားတိရိစ္ဆာန်၊ သင်သည် တောင်များ၊ သစ်ပင်များ၊ အမိုးအကာရှိသောအဆောက်အဦးများတွင် သင်တို့နေဖို့ နေရာများကို ရွေးချယ်လော့။
Verse 69 — Surah An-Nahl 16:69
၆၉။ ထို့နောက် သစ်သီးအမျိုးမျိုးမှ စားသောက်လော့။ သင် လွယ်ကူစွာလိုက်နာဖို့ စီရင်ထားတော်မူသောသင်၏ ကျေးဇူးတော်သခင်၏ နည်းလမ်းများကို လိုက်နာဆောင်ရွက်လော့။ သူတို့၏ ဝမ်းတွင်းမှ အသွေးအရောင် အမျိုးမျိုးသောပျားရည်ကို ရ၏။ ပျားရည်သည် လူသားတို့အတွက် ရောဂါပျောက်စေတတ်သောဆေးဖြစ်၏။ မှတ်သားကြလော့၊ ဤအချင်းအရာ၌ တွေးတောဆင်ခြင်တတ်သူတို့အဖို့အရာ သာဓကတော်တစ်ပါးအမှန်ပင် ပါရှိ၏။
Verse 70 — Surah An-Nahl 16:70
၇ဝ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို ဖန်ဆင်းတော်မူ၏။ ထို့နောက်သေစေတော်မူ၏။ သင်တို့အနက် အချို့သည် အလွန်အိုမင်းမစွမ်း ယုတ်ည့ံခိုကိုးရာမဲ့ဘဝသို့ ရောက်ရှိကြရ၏။ သူတို့သည် အသိဉာာဏ်တရားရရှိခဲ့သော်လည်း ဤနောက်ဆုံးဘဝ၌ သတိမေ့လျော့ အသိဉာာဏ်ကင်းမဲ့ကြ၏။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သိတော်မူသောအရှင်၊ တန်ခိုးကြီးတော်မူသောသခင်ဖြစ်တော်မူ၏။
Verse 71 — Surah An-Nahl 16:71
၇၁။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် အချို့သောသူတို့အား အခြားသူများထက် စည်းစိမ်ဥစ္စာများ၌ ပိုမို ကျေးဇူးပြုတော်မူ၏။ သို့သော်ဤကဲ့သို့ကျေးဇူးပြုတော်မူခြင်းခံရသူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မိမိတို့ ကျေးကျွန်များနှင့် ညီတူညီမျှဖြစ်စေရန် မည်သည့်နည်းနှင့်မျှ ဝေယူကြမည်မဟုတ်ချေ။ သူတို့သည် အလ္လာဟ် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ငြင်းခုံကြသလော။
Verse 72 — Surah An-Nahl 16:72
၇၂။ တဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့အထဲမှာ ဇနီးမိန်းမများကို ပေးသနားတော်မူ၏။ ထိုမိန်းမ များမှ သားသမီးမြေးမြစ်များကို ဖန်ဆင်းတော်မူ၏။ သင်တို့အား မွန်မြတ်သောဥစ္စာပစ္စည်းအစားအစာများကို လည်း ပေးသနားတော်မူ၏။ သို့ပါလျက် သူတို့သည် ဝါကြွားခြင်း၊ မာနကြီးခြင်းများကို ယုံကြည်ကြသလော။ အလ္လာဟ်အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို မယုံကြည်ကြသလော။
Verse 73 — Surah An-Nahl 16:73
၇၃။ ထို့အပြင် သူတို့သည် အလ္လာဟ်မှတပါး မိမိတို့အတွက် မိုးကောင်းကင်မှသော်လည်းကောင်း၊ ကမ္ဘာမြေကြီး မှသော်လည်းကောင်း၊ အစားအစာတစုံတခုမျှ မပေးနိုင်သောအရာများကို ကိုးကွယ်ကြ၏။ သူတို့ကိုးကွယ်သော ဘုရားတုများ၌ တန်ခိုးအာဏာတစုံတရာမျှမရှိချေ။
Verse 74 — Surah An-Nahl 16:74
၇၄။ သို့အတွက် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်နှိုင်းယှဉ်ခြင်းကို မပြုကြလင့်။ မှတ်သားကြလော့။ အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို သိတော်မူ၏။ သင်တို့ကား မသိကြချေ။
Verse 75 — Surah An-Nahl 16:75
၇၅။ အလ္လာဟ်အရှင်မြတ် ဥပမာတခုစီရင်တော်မူ၏။ လူနှစ်ဦးရှိ၏။ တစ်ဦးမှာ ဥစ္စာပစ္စည်းမရှိ၊ ဆင်းရဲသောအစေခံကျွန် ဖြစ်၏။ ကျန်တဦးမှာ ငါအရှင်မြတ်ပေးသနားတော်မူသောဥစ္စာပစ္စည်းကြွယ်ဝ၏။ ထိုပစ္စည်းမှာ အလှုဒါနကို တိတ်တိတ်တိုးတိုးသော်လည်းကောင်း လူသိရှင်ကြားသော်လည်းကောင်း၊ ပေးကမ်းစွန့်ကြဲ၏။ ဤလူနှစ်ဦးသည် ထပ်တူထပ်မျှဖြစ်ကြသလော။ အ့ံချီးဖွယ်အပေါင်းသည် အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာသာတည်း။ သို့သော်သူတို့အနက် များလှစွာသောသူတို့သည် မသိကြချေ။
Verse 76 — Surah An-Nahl 16:76
၇၆။ တဖန် အလ္လာဟ်အရှင်မြတ်သည် လူနှစ်ဦး၏ ဥပမာကို ဆောင်တော်မူ၏။ လူတဦးမှာ စကားမပြောနိုင်၊ ဆွံ့ အယနေသူဖြစ်၏။ သူသည် တစုံတရာမှ မစိုးပိုင်ချေ။ အုပ်ထိန်းစောင့်ရှောက်သူအတွက် တာဝန်ဒုက္ခကြီးတခု ဖြစ်၏။ သူ့ကို မည်သည့်အလုပ်နှင့်စေလွှတ်သော်လည်း သူသည် ဘာကောင်းကျိုးမှ မဆောင်ရွက်နိုင်ချေ။ ဤကဲ့သို့အသုံးမကျသူသည် တရားမှန်ကန်သူကို တိုက်တွန်းဆင့်ဆို၍ လမ်းမှန်ကို လိုက်သူနှင့်အတူတူပင် ဖြစ်သလော။
Verse 77 — Surah An-Nahl 16:77
၇၇။ တဖန် အလ္လာဟ်အရှင်မြတ်သည် မိုးမြေတွင်းရှိ မမြင်စွမ်းနိုင်သောအရာခပ်သိမ်းကုန်များကို စိုးပိုင်တော်မူ၏။ အပြစ်ဒဏ်တော်ဆိုက်ရောက်လာမည့်အချိန်ကာလမှာ မျက်စိတမှိတ်လျှပ်တပြက်နှင့်ဖြစ်ပေါ်လာ၏။ သို့မဟုတ် ထိုထက်မြန်ဆန်၏။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် အရာရာတို့ကို ပြုစွမ်းနိုင်တော်မူ၏။
Verse 78 — Surah An-Nahl 16:78
၇၈။ တဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အမိဝမ်းတွင်းမှ ထုတ်ယူတော်မူ၏။ ထိုအခါသင်တို့သည် ဘာ မှမသိကြချေ။ ထို့နောက်သင်တို့သည် ဂုဏ်ကျေးဇူးတော်ကို သတိရချီးမွမ်းကြစေရန် နား၊ မျက်စိ၊ စိတ်နှလုံး စသည်တို့ကို ပေးသနားတော်မူ၏။
Verse 79 — Surah An-Nahl 16:79
၇၉။ သူတို့သည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံရိုကျိုးသောငှက်တိရိစ္ဆာန်များ ကောင်းကင်လဟာပြင်၌ မမြင်ကြ သလော။ အရှင်မြတ်မှတပါး သူတို့ကို ထိုလေထဲ၌ အဘယ်သူမှ မထားနိုင်ချေ။ မှတ်သားကြလော့။ ဤအဖြစ် အပျက်၌ ယုံကြည်သူတို့အဖို့အရာ သာဓကတော်တပါးအမှန်ပင်ပါရှိ၏။
Verse 80 — Surah An-Nahl 16:80
၈ဝ။ တဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား နေဖို့ရာအိမ်၊ ကျွဲနွားတိရိစ္ဆာန်သားရေများ၊ တဲများကို ပေးသနား တော်မူ၏။ ထိုသားရေများ၊ တဲများကို သင်ပြောင်းရွှေ့ခရီးသွားသောအခါ လွယ်လင့်တကူပေါ့ပေါ့ပါးပါးသယ်ယူ နိုင်၍ စခန်းချသောအခါလည်း လွယ်လင့်တကူတဲထိုးနိုင်ကြ၏။ ထို့အပြင်တိရိစ္ဆာန်များမှ သိုးမွေး၊ အမွေးနု၊ အဝတ်တန်ဆာများကို ပေးသနားတော်မူ၏။ ဤအရာများသည် ခေတ္တခဏမျှတည်သောလောကီစည်းစိမ်ဖြစ်၏။
Verse 81 — Surah An-Nahl 16:81
၈၁။ တဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ဖန်ဆင်းထားတော်မူသောအရာများမှ နေ၏ အပူရှိန်မှ ခိုလှုံဖို့နေရာ ပေးသနားတော်မူ၏။ ထို့အပြင်နေပူရှိန်မှ ကာကွယ်ဖို့ရာ အဝတ်အစားကိုသော်လည်းကောင်း သင်တို့၏ မိုက်ရူး ရဲခြင်းမှ ကာဆယ်ဖို့ရာ သံချပ်အကျႌကိုသော်လည်းကောင်း၊ ပေးသနားတော်မူ၏။ သင်တို့သည် အလ္လာဟ်အရှင် မြတ်ကို ကျိုးနွံနာခံစိမ့်သောငှာ အရှင်မြတ်သည် သင်တို့အဖို့အရာ ကောင်းကြီးမင်္ဂလာတော်ကို စုံလင်ပြည့်စုံ စေတော်မူ၏။
Verse 82 — Surah An-Nahl 16:82
၈၂။ သို့ဖြစ်ပါလျက် သူတို့သည် တရားတော်ကို မနာယူကျောခိုင်းသွားလျှင်၊ မိုဟမ္မဒ်၊ သင်၏ တာဝန်မှာ တရား ဒေသနာတော်ကို ဟောကြားသွန်သင်ရန်သာလျှင်ဖြစ်၏။
Verse 83 — Surah An-Nahl 16:83
၈၃။ သူတို့သည် အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို သိကြ၏။ ထို့နောက်ကျေးဇူးတော်ကို ငြင်းကြ၏။ သူတို့အနက် အများအပြားတို့သည် ကျေးဇူးကန်းသူများဖြစ်ကြ၏။
Verse 84 — Surah An-Nahl 16:84
၈၄။ သင်တို့သည် လူမျိုးတိုင်းလူမျိုးတိုင်းအတွက် သက်သေတော်တပါးစီကို ငါအရှင်မြတ်ထူတော်မူမည့်နေ့တော်ကြီး ကို ဆင်ခြင်စဉ်းစားကြလော့။ ထိုအခါမိစ္ဆာမိုက်တို့သည် တစုံတခုမှ လျှောက်လဲခွင့်ရမည်မဟုတ်ချေ။ သူတို့သည် မိမိကိုယ်ကို မိမိပြုပြင်ခွင့်မရရှိတော့ချေ။
Verse 85 — Surah An-Nahl 16:85
၈၅။ မတရားမှုပွားများသူတို့သည် အပြစ်ဒဏ်တော်ကြီးကို မျက်ဝါးထင်ထင်မြင်ရသာအခါကာလ၌ သူတို့၏ အပြစ် ဒဏ်ကို လျှော့ပေါ့တော့မည်မဟုတ်ချေ။ ရွှေ့ဆိုင်းထားမည်လည်း မဟုတ်ချေ။
Verse 86 — Surah An-Nahl 16:86
၈၆။ ထို့အပြင် အရှင်မြတ်အား ဖက်စပ်သူများကို ပေးသောသူတို့သည် မိမိတို့၏ ဖက်စပ်ဘုရားများကို မြင်သောအခါ အို-အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်၊ အရှင်အား မဟုတ်ပဲ အကျွနု်ပ်တို့ဝတ်ပြုဆုတောင်းလေ့ရှိသောအကျွနု်ပ် ၏ ဖက်စပ်ဘုရားများမှာ ဤသူတို့ဖြစ်ပါ၏ဟု တင်လျှောက်ကြမည်။ သို့သော် ထိုဖက်စပ်ဘုရားများက သင်တို့ သည် အမှန်ပင်မုသားကောင်များဖြစ်ကြ၏ဟု တုံ့ပြန်ပြောကြမည်။
Verse 87 — Surah An-Nahl 16:87
၈၇။ ထို့အပြင်သူတို့သည် အလ္လာဟ်အရှင်မြတ်အား ထိုနေ့တော်ကြီး၌ ကျိုးနွံနာခံကြ၏။ သူတို့ဖန်တီးခဲ့မှုများသည် သူတို့ကို အကျိုးတစုံတခုမပေးချေ။
Verse 88 — Surah An-Nahl 16:88
၈၈။ အကြင်သူတို့သည် အယူမှား၍ လူသားတို့အား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ တားဆီးထားကြ၏။ ထိုသူတို့သည် ကမ္ဘာမြေပေါ်တွင် မတရားယုတ်ည့ံမှုကို ကျူးလွန်သောကြောင့် ငါအရှင်မြတ်သည် အပြစ် ဒဏ်တော်တစ်ခုပြီးတစ်ခုဖြစ်ပေါ်စေခဲ့၏။
Verse 89 — Surah An-Nahl 16:89
၈၉။ ငါသည် လူမျိုးတိုင်း၌ မိမိတို့သားချင်းတဦးစီကို သူတို့နှင့်ဆန့်ကျင်ဘက်သက်သေထူတော်မူသောနေ့တော်ကြီး ကို စဉ်းစားဆင်ခြင်ကြလော့။ အို-မိုဟမ္မဒ်၊ သင့်အားလည်း သူတို့နှင့်ဆန့်ကျင်ဘက်သက်သေဖြစ်စေတော်မူ၏။ ငါသည် သင့်အား ကုရ်အာန်ကျမ်းတော်မြတ်အား အရာခပ်သိမ်းကို ရှင်းလင်းဟောပြောချက်အဖြစ်ဖြင့်သော် လည်းကောင်း၊ အရှင်မြတ်အား ကျိုးနွံနာခံသောသူမြတ်တို့အဖို့ လမ်းညွှန်တော်၊ ကောင်းကြီးမင်္ဂလာတော်ကြီး နှင့် သတင်းကောင်းအဖြစ်ဖြင့်သော်လည်းကောင်း၊ ထုတ်ပြန်ချပေးသနားတော်မူ၏။
Verse 90 — Surah An-Nahl 16:90
၉ဝ။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် တရားဖြောင့်မတ်မှန်ကန်မှု၊ သနားကြင်နာမှု၊ ဆွေမျိုးညာတိ တို့အား ပေးကမ်းစွန့်ကြဲမှုတို့ကို ပြုကျင့်ရန် ပညတ်တော်မူ၏။ ထို့အပြင်မတရားကာမမှု၊ ယုတ်မာညစ်ညမ်းမှုနှင့် ဆိုးသွမ်းမှုများကို တားမြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့တရားရရှိစေဖို့ရာ သွန်သင်ဆုံးမတော် မူ၏။
Verse 91 — Surah An-Nahl 16:91
၉၁။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ပြုသောဂတိသစ္စာကို ဖြည့်ကြလော့။ သင်တို့ကျိန်ဆိုချက်များကို မဖျက်ကြလင့်။ ဤကိစ္စများတွင် သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို သင်တို့၏ အာမခံသူပြုလုပ်ကြ၏။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှတို့ကို သိမြင်တော်မူ၏။
Verse 92 — Surah An-Nahl 16:92
၉၂။ သင်တို့သည် ကတိသစ္စာအခိုင်အမာထားကြပြီးနောက် ဝါချည်ငင်သောမိန်းမကဲ့သို့ မဖြစ်စေလင့်။ ထိုမိန်းမသည် ဝါချည်ကို ခိုင်မာသောချည်မျှင်ဖြစ်အောင် ဝင်ပြီးသည်နှင့်တပြိုင်နက် သေးသွယ်သောချည်မျှင်များဖြစ်အောင် ပြန်ဖျက်၏။ ထိုနည်းတူလူမျိုးတမျိုးက အခြားတမျိုးထက် လူဦးရေများပြားသဖြင့် မိမိတို့အချင်းချင်းထားကြပြီး သောကတိသစ္စာများကို မတည် လိမ်လည်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့ကျိန်ဆိုသော ကတိသစ္စာအားဖြင့် စုံစမ်းတော်မူ၏။ အကယ်စင်စစ်အရှင်မြတ်သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သင်တို့အချင်းချင်းကွဲပြားချက်ကို ပြတော်မူလိမ့်မည်။
Verse 93 — Surah An-Nahl 16:93
၉၃။ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် သင်တို့အားလုံးကို လူမျိုးတမျိုးတည်းဖြစ်စေတော်မူခဲ့လတ့ံ။ သို့သော် အရှင်မြတ်သည် လမ်းမှားကို သွားစေတော်မူလိုသူအား လမ်းမှားကို သွားစေတော်မူ၏။ လမ်းမှန်ကို ပြသလိုသူအား လမ်းမှန်ကို ပြသတော်မူ၏။ သင်တို့အား သင်တို့ပြုကျင့်လေ့ရှိမှုများကို မုချစစ်ကြောမေးမြန်း တော်မူလိမ့်မည်။
Verse 94 — Surah An-Nahl 16:94
၉၄။ သင်တို့သည် မိမိတို့အချင်းချင်းလိမ်လည်လည့်စားဖို့ရာ ကတိသစ္စာမပြုကြလင့်။ ထိုသို့ပြုလုပ်ခြင်းကြောင့် သင်တို့ကြောင့် မိမိတို့ခြေထောက်ကို မြဲမြံစွာရပ်ပြီးမှ ခြေချော်တတ်ကြသည်။ သင်တို့သည် လူသားတို့အား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်ဟန့်တားခြင်းကြောင့် ဆိုးကျိုးကို မြည်းကြရလိမ့်မည်။ သင်တို့၏ အပြစ်ဒဏ်သည် အလွန်းဆိုးဝါးကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။
Verse 95 — Surah An-Nahl 16:95
၉၅။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံ ပဋိညာဉ်ခံသစ္စာတော်ချက်ကို အဖိုးကြေးငွေအနည်းငယ်မျှနှင့် လဲလှယ် ရောင်းချခြင်းမပြုကြကုန်လင့်။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်အထံတော်ရှိသောဆုတော်သည် သင်တို့ အဖို့အရာ သာလွန်ကောင်းမြတ်၏။ သင်တို့သိလေလျှင် တော်လေစွ။
Verse 96 — Surah An-Nahl 16:96
၉၆။ သင်တို့၌ ရှိသောအရာများသည် ပျက်စီးပျောက်ကွယ်သွားတတ်ကြ၏။ အလ္လာဟ်အရှင်မြတ်အထံတော်၌ ရှိသော အရာများကား မပျက်မစီး၊ အမြဲတည်ရှိကြ၏။ မုချဧကန်ငါအရှင်မြတ်သည် တည်ကြည်၍ ခန္တီပါရမီရှိသူအား ၎င်းပြုကျင့်လေ့ရှိသော အကောင်းဆုံးသောအပြုအမူအတိုင်း ပေးသနားတော်မူမည်။
Verse 97 — Surah An-Nahl 16:97
၉၇။ အကြင်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ တရားမှန်ကန်မှုကို ပြကျင့်လျက် ယုံကြည်သူဖြစ်အ့ံ၊ ငါအရှင်မြတ်သည် သူူ့အား သာယာမွန်မြတ်ဆုံးသောအကျင့်သီလအတိုင်း လျော်ကြေးပေးသနားတော်မူလတ့ံ။
Verse 98 — Surah An-Nahl 16:98
၉၈။ သင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သောအခါ နှင်ထုတ်ခံရသောရှိုင်တန်မာရ်နတ်ထံမှ အလ္လာဟ် အရှင်မြတ်၌ ခိုလှုံလော့။
Verse 99 — Surah An-Nahl 16:99
၉၉။ မှတ်သားကြလော့၊ ရှိုင်တန်ယုတ်သည် မိမိတို့၏ ကျေးဇူးတော်သခင်အား ယုံကြည်ကိုးစားသူတို့အပေါ်၌ တန်ခိုးအာဏာလုံးဝမရှိချေ။
Verse 100 — Surah An-Nahl 16:100
၁ဝဝ။ သူ၏ သြဇာအာဏာသည် သူ့ကို မိတ်ဖွဲ့သူများနှင့် ဘုရားတုများကို အရှင်မြတ်နှင့်တွဲဖက်သူများတို့အပေါ်မှာသာ လွှမ်းမိုး၏။
Verse 101 — Surah An-Nahl 16:101
၁ဝ၁။ အလ္လာဟ်အရှင်မြတ်သည် မိမိချပေးတော်မူသောကျမ်းတော်ကို ကောင်းစွာသိတော်မူ၏။ ငါအရှင်မြတ်သည် ကျမ်းတော်တစောင်ကို အခြားကျမ်းတော်တစောင်နှင့် အစားထိုးတော်မူသောအခါ အယူမှားသူတို့သည် သင့်အား မဟုတ်မမှန်လုပ်ဇာတ်ခင်းနေသည်ဟု စွပ်စွဲကြ၏။ သူတို့အနက် များစွာသောသူတို့သည် မသိမမြင်ကြချေ။
Verse 102 — Surah An-Nahl 16:102
၁ဝ၂။ တမန်တော်ဟောကြားလော့။ ကုရ်အာန်ကျမ်းတော်မြတ်သည် ယုံကြည်သူတို့၏ ယုံကြည်မှုကို ခိုင်ခန့်တည်မြဲစေဖို့ ရာသော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား ကျိုးနွံနာခံသောသူတို့အဖို့အရာ လမ်းညွှန်တော်ကြီးနှင့် သတင်းကောင်းမင်္ဂလာကြီးအဖြစ်ဖြင့်သော်လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို ကောင်းကင်တမန် မင်းကြီးသည် သင်၏ ကျေးဇူးတော်သခင်ထံမှ ယူဆောင်လာ၍ သင့်အား ပေး၏။
Verse 103 — Surah An-Nahl 16:103
၁ဝ၃။ မိစ္ဆာအယူဝါဒရှိသူတို့က ရှင်မိုဟမ္မဒ်ကိုသာ သွန်သင်ပေးသည်ဟု စွပ်စွဲခြင်းကို ငါအရှင်မြတ်ကောင်းစွာသိတော် မူ၏။ သူတို့မတော်မတရားဆရာမြှောက်သူ၏ ဘာသာစကားမှာ ဘာသာခြားစကားဖြစ်၏။ ကျမ်းတော်မြတ်မှာ မူကား ရှင်းလင်းသောအာရဗီဘာသာဒေသနာတော်ဖြစ်၏။
Verse 104 — Surah An-Nahl 16:104
၁ဝ၄။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကို မယုံကြည်သူတို့အား အရှင်မြတ်သည် လမ်းပြတော်မမူချေ။ သူတို့၏ အပြစ်ဒဏ်မှာ အလွန်ပြင်းပြနာကျင်ဖွယ်ကောင်း၏။
Verse 105 — Surah An-Nahl 16:105
၁ဝ၅။ အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကို မယုံကြည်သူတို့သည် မုသားကိုသာ ဖန်တီးကြ၏။ သူတို့သည် မုသားကောင်များသာဖြစ်ကြ၏။
Verse 106 — Surah An-Nahl 16:106
၁ဝ၆။ အကြင်သူတို့သည် ယုံကြည်ပြီးမှ အလ္လာဟ်အရှင်မြတ်အား မယုံကြည်စွန့်ပစ်၍ မိစ္ဆာအယူဝါဒတွင် နှစ်သက် ပျော်ရွှင်အ့ံ။ ထိုသူတို့ကို အရှင်မြတ်၏ အမျက်တော်ရှ၏။ သူတို့၏ အပြစ်ဒဏ်မှာ အလွန်ကြောက်မက်ဖွယ် ကောင်း၏။ သို့သော်အတင်းအဓမ္မခိုင်းစေ၍ ယုံကြည်မှုကို စွန့်လွှတ်ရသော်လည်း မိမိ၏ စိတ်နှလုံးတွင် ယုံကြည်မှုတရားနှင့် ရောင့်ရဲပျော်ပိုက်နေသူမှာကား ယင်းသို့အပြစ်မရချေ။
Verse 107 — Surah An-Nahl 16:107
၁ဝ၇။ ယင်းကဲ့သို့အပြစ်ကြီးခံရခြင်းအကြောင်းမှာ သူတို့သည် ဤမျက်မှောက်ဘဝကို နောင်တမလွန်ဘဝထက် သာလွန် နှစ်ခြိုက်ခြင်းကြောင့်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာမိုက်တို့အား လမ်းညွှန်ပြတော်မမူခြင်းကြောင့်လည်း ဖြစ်၏။
Verse 108 — Surah An-Nahl 16:108
၁ဝ၈။ ဤလူများသည် မိမိတို့စိတ်နှလုံးများ၊ နားများ၊ မျက်စိများကို အလ္လာဟ်အရှင်မြတ်ချိပ်တံဆိပ်ခတ်နှိပ်သော့ပိတ် ထားတော်မူခြင်းခံရကြ၏။ ထို့အပြင်သူတို့သည် တရားတော်ကို ဂရုမစိုက်မေ့လျော့ကြ၏။
Verse 109 — Surah An-Nahl 16:109
၁ဝ၉။ မုချဧကန်ဤသူများသည နောင်တမလွန်ဘဝ၌ ဆုံးရှုံးရသူများဖြစ်ကြ၏။
Verse 110 — Surah An-Nahl 16:110
၁၁ဝ။ သို့သော်အကြင်သူတို့သည် သာသနာတော်ကြီးအတွက် နှိပ်စက်ညှင်းပန်းခြင်းခံရ၏။ ထွက်ပြေးတိမ်းရှောင်ကြရ၏။ ထို့နောက်သာသနာစစ်တော်ကြီးကို တိုက်ခိုက်ကြ၏။ သည်းခံတည်ကြည်ခြင်းဂုဏ်ရှိ၏။ ထိုသူတို့ကို ၍ သင်၏ ကျေးဇူးတော်သခင်သည် မုချဧကန်အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 111 — Surah An-Nahl 16:111
၁၁၁။ မိမိအဖို့ လျှောက်လဲတောင်းပန်လာသောနေ့တော်ကြီး၌ ဝိညာဉ်တိုင်းသည် မိမိပြုကျင့်ခဲ့မှုအတိုင်း အကျိုးအပြစ် ပေးခြင်းခံရမည်။ သူတို့သည် မတရားနှိပ်စက်ခြင်းကို ခံကြရမည်မဟုတ်ချေ။
Verse 112 — Surah An-Nahl 16:112
၁၁၂။ အလ္လာဟ်အရှင်မြတ်သည် ဥပမာတခုစီရင်တော်မူ၏။ ထိုဥပမာကား မြို့နယ်တခုရှိ၏။ ထိုမြို့နယ်သည် ငြိမ်းချမ်း သာယာဝပြောစွာရှိ၏။ ထိုမြို့နယ်၏ စားနပ်ရိက္ခာသည် အရပ်လေးမျက်နှာအဘက်ဘက်မှ အမြောက်အများ ရောက်ရှိလာ၏။ သို့သော်ရပ်သူရပ်သားတို့သည် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မိမိတို့ကျင့်ကြံလေ့ ရှိသောအမှုများကြောင့် ဒုဗ္ဘိက္ခန္တရကပ်၊ စိုးရိမ်ကြောင့်ကျခြင်းအန္တရာယ်တို့နှင့် ရင်ဆိုင်စေတော်မူ၏။
Verse 113 — Surah An-Nahl 16:113
၁၁၃။ အမှန်ဆိုသော် သူတို့အထဲ၌ မိမိတို့သားချင်းထဲမှ တမန်တော်တပါးပွင့်လာပြီ၊ သို့သော်သူတို့သည် တမန်တော် ကို မယုံကြည်ငြင်းပယ်ကြ၏။ ထို့ကြောင့်သူတို့သည် မကောင်းမှုပြုသူများဖြစ်နေစဉ် သူတို့အား အပြစ်ဘေး အန္တရာယ်က ဖမ်းဆီး၏။
Verse 114 — Surah An-Nahl 16:114
၁၁၄။ ထို့ကြောင့်သင်တို့သည် အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသောတရားသော၊ သန့်ရှင်းသောအစာအာဟာရကို မှီဝဲစားသောက်ကြလော့။ သင်တို့သည် အရှင်မြတ်ကို ကိုးကွယ်ကြလျှင် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်အနန္တ ကို ချီးကျူးကြလော့။
Verse 115 — Surah An-Nahl 16:115
၁၁၅။ အရှင်မြတ်သည် သင်တို့အား အလိုအလျောက်သေသောတိရိစ္ဆာန်တို့၏ အသားသတ္တဝါများ၏ သွေး၊ ဝက်သား၊ အရှင်မြတ်၏ နာမတော်မှတပါး အခြားနာမည်ကို တသရွတ်ဖတ်၍ သတ်ဖြတ်ခြင်းခံရသောတိရိစ္ဆာန်၏ အသား တို့ကို မစားမသုံးဆောင်ရဟု တားမြစ်တော်မူ၏။ သို့သော်အကြင်သူသည် စားလိုသောဆန္ဒသော်လည်းကောင်း၊ တရားကျူးလွန်လိုသောကြောင့်လည်းကောင်းမဟုတ်ပဲ၊ ဘေးဒုက္ခကြောင့် စားသုံးရ၏။ မှတ်သားကြလော့။ ထိုအခါအလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 116 — Surah An-Nahl 16:116
၁၁၆။ လူသားအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား မတော်မတရားလုပ်ကြံစွပ်စွဲအ့ံသောငှာ ဤအရာကား တရားဝင်၏။ ဤအရာကား တရားမဝင်ဟု ပညတ်တော်နှင့်ဆန့်ကျင်စွာမပြောမဆိုကြလင့်။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်ကို မဟုတ်မမှန်လုပ်ကြံစွပ်စွဲသောသူတို့သည် အောင်မြင်ကြမည်မဟုတ်ချေ။
Verse 117 — Surah An-Nahl 16:117
၁၁၇။ ခေတ္တခဏ်စိမ်ခံခြင်းသည် သူတို့၏ ဝေစုဖြစ်၏။ သူတို့အဖို့ အပြစ်ဒဏ်သည် အလွန်ပြင်းပြနာကျင်သော ဒဏ်တည်း။
Verse 118 — Surah An-Nahl 16:118
၁၁၈။ သင့်အား ငါအရှင်ဖော်ပြတော်မူပြီးသောအစာများကိုလည်း ငါသည် ယဟူဒီလူမျိုးတို့အား တားမြစ်တော်မူ၏။ ငါသည် သူတို့အား မတော်မတရားပြစ်မှားတော်မမူချေ။ သူတို့သည် မိမိကိုယ်ကို မိမိပြစ်မှားလေ့ရှိ၏။
Verse 119 — Surah An-Nahl 16:119
၁၁၉။ မကောင်းမှုကို မသိသောကြောင့် ကျူးလွန်မိ၍ သိသောအခါ သတိသံဝေဂရပြီးလျှင် မိမိကိုယ်ကို မိမိပြုပြင်သူတို့ ကိုမူကား သင့်ကို ဖန်ဆင်းမွေးမြူတော်မူသောကျေးဇူးတော်သခင်သည် အမှန်ပင်အပြစ်လွှတ်တော်မူ၏။ ကောင်း ကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 120 — Surah An-Nahl 16:120
၁၂ဝ။ မှတ်သားကြလော့။ တမန်တော်အေဗရာဟမ်သည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတော်ကို ဦးထိပ်ထက်တင် ရွက်ဆောင်လိုက်နာ၍ ဇာတိပကတိအားဖြင့် ဖြောင့်မှန်၏။ သူသည် ဆင်းတုရုပ်ပွားကို ကိုးကွယ်သူတို့ဘောင်တွင် မပါဝင်ချေ။
Verse 121 — Surah An-Nahl 16:121
၁၂၁။ သူသည် အရှင်မြတ်၏ ကျေးဇူးတော်များကို ချီးမွမ်း၏။ အရှင်မြတ်သည် သူ့အား ရွေးကောက်တော်မူ၍ လမ်းပြတော်မူ၏။
Verse 122 — Surah An-Nahl 16:122
၁၂၂။ ထို့အပြင်ငါအရှင်မြတ်သည် သူ့အား ဤဘဝ၌ ကောင်းကြီးမင်္ဂလာပြုတော်မူ၍ နောင်တမလွန်ဘဝ၌ သူသည် အရှင်မြတ်နှင့် တရားတော်ကို ကြည်ညိုသောသူတော်စင်တို့ဘောင်တွင် ပါဝင်၏။
Verse 123 — Surah An-Nahl 16:123
၁၂၃။ ထို့နောက်ငါသည် သင်မိုဟမ္မဒ်၏ စိတ်နှလုံးတွင် ထင်ရှားစေသောဗျာဒိတ်တော်မူကား မိုဟမ္မဒ် သင်သည် ဖြောင့်မတ်မှန်ကန်သောပင်ကိုယ်ဓာတ်ခံရှိသူတယောက်ဖြစ်သည့်အတိုင်း တမန်တော်အေဗရာဟမ်၏ ဘာသာ အယူဝါဒကို ယုံကြည်လိုက်နာလော့။ သူသည် ရုပ်တုဆင်းပွားကို ဝတ်ပြုသူတို့ဘောင်တွင် မပါဝင်ချေ။
Verse 124 — Surah An-Nahl 16:124
၁၂၄။ ယဟူဒီလူမျိုးတို့စောင့်သောဥပုသ်ကို ထိုဥပုသ်နှင့်စပ်လျဉ်း၍ အငြင်းအခုံပြုလုပ်သူတို့အဖို့သာ ပြဋ္ဌာန်းထားတော် မူလေ၏။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် သူတို့အား ၎င်းတို့အချင်းချင်းကွဲပြားငြင်းခုံသော အမှုအခင်းများနှင့်ပတ်သက်၍ သူတို့အလယ်ကြားတွင် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ စစ်ကြောစီရင် တော်မူမည်။
Verse 125 — Surah An-Nahl 16:125
၁၂၅။ တမန်တော် သင်သည် အသိအလိမ္မာဉာာဏ်ပညာကို အသုံးပြု၍ သာယာနာပျော်ဖွယ်စွာဟောကြားခြင်းဖြင့် လူသားတို့အား သင်၏ ကျေးဇူးတော်သခင်၏ လမ်းတော်သို့ ဖိတ်မန်ဆွဲဆောင်လော့။ သူတို့နှင့်ကျိုးကြောင်း ပြောဆိုရှင်းလင်းရာ၌ သူတို့ထင်သာလွန်သောနည်းဖြင့် ပြောဆိုလော့။ မှတ်သားလော့။ သင်၏ ကျေးဇူးတော် သခင်သည် မိမိလမ်းတော်မှ အဘယ်သူလွဲချော်သွားသည်၊ အဘယ်သူတို့သည် လမ်းမှန်ကို လျှောက်လိုက်သည် တို့ကို အသိဆုံးဖြစ်တော်မူ၏။
Verse 126 — Surah An-Nahl 16:126
၁၂၆။ အကယ်၍ သင်သည် လက်စားချေလိုလျှင် မိမိခံရသောအမှုနှင့်ညီမျှအောင်သာလျှင် လက်စားချေလော့။ သို့သော် သင်သည် သည်းခံ၍ ရန်ကို မတုံ့ပြန်လျှင် ဤပြုမူချက်သည် သည်းခံသူအတွက် သာလွန်ကောင်းမြတ်၏။
Verse 127 — Surah An-Nahl 16:127
၁၂၇။ တမန်တော်မိုဟမ္မဒ် သင်သည် သည်းခံခြင်းတရားကို မြဲမြံစွာဆုပ်ကိုင်ထားလော့။ သင်သည် သည်းခံခြင်းဂုဏ်ကို အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်သာလျှင် ရရှိ၏။ မိစ္ဆာမိုက်တို့အတွက် စိတ်ဒုက္ခမရောက်လင့်။ သူတို့ကြံစည်မှုကြောင့်လည်း စိတ်မဆင်းရဲလင့်။
Verse 128 — Surah An-Nahl 16:128
၁၂၈။ မှတ်သားလော့။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အား ကြောက်ရွံ့သူတို့နှင့်သော်လည်းကောင်း၊ သုစရိုက် ကောင်းမှုကို ပြုကျင့်သူတို့နှင့်သော်လည်းကောင်း၊ အတူတကွရှိတော်မူ၏။