Verse 1 — Surah Al-Isra 17:1
၁။ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့ခြင်းကင်း၍ တန်ခိုးတော်တောက်ပသောအရှင်ဖြစ်တော်မူ၏။ ငါသည် ငါ၏ ကျေးတော်မျိုးကျွန်တော်မျိုးအား ငါ၏ သာဓကတော်မှ ခရီးစခန်းကမ်းလှမ်းဝေးကွာလှသောဝတ်ကျောင်းတော်သို့ ခေါ်ဆောင်တော်မူ၏။ ငါအရှင်မြတ်သည် ထိုကျောင်းတော်၏ ပတ်ဝန်းကျင်အရပ်ဒေသများကို ကောင်းကြီး မင်္ဂလာဖြန်းထားတော်မူ၏။ မှတ်သားကြလော့။ အရှင်မြတ်၊ အရှင်မြတ်သာလျှင် ကြားတော်မူထသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 2 — Surah Al-Isra 17:2
၂။ ငါသည် တမန်တော်မူစာအား ကျမ်းတော်တစောင်ကို ချပေးသနားတော်မူ၏။ ထိုကျမ်းတော်မြတ်ကို အစ္စရာအီလ် အမျိုးသားတို့အတွက် လမ်းညွှန်ကျမ်းတော်ဖြစ်စေတော်မူ၏။ ငါ၏ ဗျာဒိတ်တော်မူကား သင်တို့သည် ငါမှတပါး အခြားအုပ်ထိန်းသူမရှာကြလင့်။
Verse 3 — Surah Al-Isra 17:3
၃။ သူတို့သည် တမန်တော်နူဟိုနှင့်အတူတကွ လှေသင်္ဘောပေါ်တွင် ငါတင်ယူတော်မူသောသူတို့၏ မျိုးစေ့ဖြစ်ကြ၏။ မှတ်သားကြလော့၊ တမန်တော်နူဟိုသည် ငါ၏ ကျေးဇူးတော်ကို သိသောကျေးကျွန်ဖြစ်၏။
Verse 4 — Surah Al-Isra 17:4
၄။ ငါသည် ဤကျမ်းတော်၌ အစ္စရာအီလ်အမျိုးသားတို့အား သင်တို့သည် မြေပေါ်တွင် ပျက်စီးရာပျက်စီးကြောင်း မကောင်းမှုများကို နှစ်ကြိမ်နှစ်ခါကျူးလွန်လိမ့်မည်။ သင်တို့သည် သူတပါးတို့အား နိုင်ထက်စီးနင်းပြုသော အာဏာရှင်ကြီးများဖြစ်ကြလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 5 — Surah Al-Isra 17:5
၅။ ထို့ကြောင့်ယင်းညှင်းပန်းမှုကြီးနှစ်ပါးအနက် ပထမနှိပ်စက်မှုကြီးအချိန်ကျရောက်လာသောအခါ ငါသည် ခွန်အား ဗလကြီးမားသော ငါ၏ကျေးကျွန်တို့ကို သင်တို့အား ခုခံတိုက်ခိုက်အောင် လှုံ့ဆော်တော်မူ၏။ သူတို့သည် သင်တို့၏ တိုင်းပြည်ကို စီးနင်းဝင်ရောက်ဖျက်ဆီးကြ၏။ ဤခြိမ်းခြောက်ခြင်းသည် တကယ်ဖြစ်လာ၏။
Verse 6 — Surah Al-Isra 17:6
၆။ ထို့နောက်သင်တို့အား ထိုသူတို့ကို တလှည့်နိုင်ခွင့်ပေးတော်မူ၏။ ငါသည် သင်တို့အား စည်းစိမ်ချမ်းသာ၊ သားသမီးအခြွေအရံနှင့် မြှောက်စားတော်မူ၏။ သင်တို့အား စစ်မှုရေးရာတွင် သာလွန်လိမ္မာစေတော်မူ၏။
Verse 7 — Surah Al-Isra 17:7
၇။ ငါသည် သူတို့အား သင်တို့သည် သုစရိုက်ကောင်းမှုတိုးပွားလျှင်၊ ထိုကောင်းမှုသည် သင်တို့၏ ဝိညာဉ်များ အဖို့ဖြစ်၏။ အကယ်၍သင်တို့သည် မကောင်းမှုဒုစရိုက်ကို ပြုကျင့်အ့ံ။ ထိုမကောင်းမှုမှာ ထိုဝိညာဉ်များဖို့ဖြစ်၏ ဟု ဗျာဒိတ်ပေးတော်မူ၏။ ထို့ကြောင့်သင်တို့ကို ဒုတိယအကြိမ်ဆုံးမစီရင်တော်မူသောအချိန်ဆိုက်ရောက်လာသော အခါ ငါသည် ငါ၏ ကျေးတော်မျိုးကျွန်တော်မျိုးတို့ကို သင်တို့အား တိုက်ခိုက်သတ်ဖြတ်၍ သင်တို့၏ ဝတ် ကျောင်းကို ရှေးပထမအခါကဲ့သို့ ဝင်ရောက်စေတော်မူ၏။ သူတို့အား သူတို့အောင်မြင်သောနယ်ပယ်ကို ကြီးမား သောဖျက်ဆီးခြင်းဖြင့် ဖျက်ဆီးစေတော်မူ၏။
Verse 8 — Surah Al-Isra 17:8
၈။ သင်တို့၏ ကျေးဇူးတော်သခင်သည် သင်တို့အား ကောင်းကြီးမင်္ဂလာတော်ပေးသနားတော်မူကောင်း ပေးသနား တော်မူချေမည်။ သို့သော်သင်တို့သည် တဖန်ပြစ်မှုကြီးကို ကျူးလွန်လျှင် ငါ အပြစ်ဒဏ်တဖန်ခတ်တော်မူမည်။ ငါသည် မယုံကြည်သူတို့အတွက် အဝီစိငရဲကို ထောင်အဖြစ် သတ်မှတ်ထားတော်မူ၏။
Verse 9 — Surah Al-Isra 17:9
၉။ မှတ်သားကြလော့။ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အဖြောင့်မတ်ဆုံးသောလမ်းကို ညွှန်ပြ၏ သုစရိုက် ကောင်းမှုကို ပွားများသောယုံကြည်သူတို့အား ၎င်းတို့၏ ဝေစုသည် ဆုတော်ကြီးဖြစ်ကြောင်း သတင်းကောင်း ကိုလည်း ပေး၏။
Verse 10 — Surah Al-Isra 17:10
၁ဝ။ ထို့အပြင် နောင်တမလွန်ဘဝ၌ မယုံကြည်သူတို့အား ငါသည် သူတို့အဖို့အရာ အလွန်ပြင်းပြနာကျင်ဖွယ်ကောင်း လှသောအပြစ်ဒဏ်ကို စီရင်ထားတော်မူကြောင်း သတင်းဆိုးကိုလည်း ပေး၏။
Verse 11 — Surah Al-Isra 17:11
၁၁။ လူသားသည် ကောင်းကြီးမင်္ဂလာကို ဆုတောင်းသကဲ့သို့ အမင်္ဂလာကိုလည်း ဆုတောင်း၏။ အကြောင်းမူကား လူသားသည် အမြဲပင်စိတ်မြန်ကိုယ်မြန်ပြုလုပ်တတ်၏။
Verse 12 — Surah Al-Isra 17:12
၁၂။ ငါအရှင်မြတ်သည် ညဉ့်နှင့်နေ့ကို သာဓကတော်ကြီးနှစ်ပါးဖြစ်တော်မူ၏။ ထို့နောက်မှောင်မိုက်ခြင်းကို ညဉ့်၏ လက္ခဏာ၊ အလင်းရောင်ကို နေ့၏ လက္ခဏာဖြစ်စေတော်မူ၏။ နေ့မှာ သင်တို့သည် သင်တို့၏ ကျေးဇူးတော် သခင်၏ ကောင်းကြီးမင်္ဂလာတော်ကို ရှာမှီးဖို့ရာဖြစ်၏။ ယင်းသို့ညဉ့်နှင့်နေ့ကို ဖန်ဆင်းတော်မူခြင်းအကြောင်းမှာ နှစ်လရက်ရေတွက်ဖို့ရာနှင့် ၎င်းတို့အရေအတွက်ကို သိဖို့ရာ ဖြစ်၏။ ငါသည် အရာတိုင်းကို ရှင်းလင်းထင်ရှားစွာ ရှင်းလင်းထားတော်မူ၏။
Verse 13 — Surah Al-Isra 17:13
၁၃။ ငါသည် လူသားတိုင်း၏ ပြုကျင့်မှုစာရင်းကို သူ၏ လည်ပင်း၌ ဆွဲထားတော်မူ၏။ ထို့အပြင်ငါသည် ရှင်ပြန် ထမြောက်ရသောနေ့တော်ကြီး၌ သူ့အတွက် စာရင်းစာအုပ်ကြီးကို ထုတ်ဆောင်လာလတ့ံ။ သူသည် ထိုစာအုပ် ကြီးကို မိမိရှေ့မှောက်တွင် ဖွင့်လှန်ထားသည်ကို တွေ့ရလတ့ံ။
Verse 14 — Surah Al-Isra 17:14
၁၄။ ထိုအခါသူ့အား ဟယ်-လူသား သင်သည် မိမိစာရင်းစာအုပ်ကို ဖတ်ကြည့်လော့။ သင်၏ ဝိညာဉ်သည် သင့် ကို စာရင်းစစ်သူအဖြစ်ဖြင့် ဤနေ့တော်ကြီး၌ လုံလောက်၏ဟု ဗျာဒိတ်ပေးတော်မူလတ့ံ။
Verse 15 — Surah Al-Isra 17:15
၁၅။ အကြင်သူသည် လမ်းမှန်ကို လျှောက်လိုက်အ့ံ။ ထိုသူသည် မိမိဝိညာဉ်ကောင်းစားဖို့ရာသာ လမ်းမှန်ကို လိုက်သည်မည်၏။ အကြင်သူသည် မှားယွင်းအ့ံ။ ထိုသူသည် မိမိဝိညာဉ်၏ နစ်နာဖို့ရာသာ မှားယွင်းသည် မည်၏။ မိမိဝန်ထုပ်ဝန်ပိုးကို ရွက်ဆောင်နေရသူသည် သူတပါး၏ ဝန်ထုပ်ကို မရွက်ဆောင်နိုင်ချေ။ ငါသည် တမန်တော်တပါးပါးကို စေလွှတ်တော်မမူပဲ၊ အမျိုးတမျိုးကို အပြစ်ဒဏ်ခတ်နှိပ်တော်မမူချေ။
Verse 16 — Surah Al-Isra 17:16
၁၆။ ငါသည် မြို့ရွာနယ်ပယ်တခုခုကို ဖျက်ဆီးတော်မူလိုလျှင် ထိုအရပ်ဒေသ၌ လောကီစည်းစိမ်တွင် ယဇ်မူးနေသော သူတို့ထံသို့ ပညတ်တော်ချပေးတော်မူ၏။ သူတို့သည် ငါ၏ ပညတ်တော်ကို ကျူးလွန်ကြ၏။ ထို့ကြောင့်အပြစ် ဒဏ်ခတ်မည်ဆိုသည့်ဗျာဒိတ်တော်သည် အတည်ဖြစ်၏။ ထိုအခါငါသည် ထိုမြို့နယ်ပယ်ကိ ညက်ညက်ကျေ အောင် ချေတော်မူ၏။
Verse 17 — Surah Al-Isra 17:17
၁၇။ ငါသည် တမန်တော်နူဟိုလက်ထက်တော်မှစ၍ များလှစွာသောလူမျိုးအဆက်ဆက်ကို ဖယ်ရှားသုတ်သင်တော် မူလိုက်၏။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်တို့၏ အပြစ်များကို သိတော်မူသောအရှင်၊ မြင်တော်မူ သောအရှင်အဖြစ်ဖြင့် လုံလောက်တော်မူ၏။
Verse 18 — Surah Al-Isra 17:18
၁၈။ အကြင်သူသည် ခေတ္တခဏမျှဖြစ်သောလောကီစည်းစိမ်ကို လိုချင်တပ်မက်မောအ့ံ။ ငါသည် အလိုတော်ရှိသူအား ငါပေးလိုသောစည်းစိမ်ကို ပေးသနားတော်မူ၏။ ထို့နောက်ထိုသူအတွက် ငါသည် အဝီစိငရဲကို သတ်မှတ်ထား တော်မူ၏။ သူသည် ငါအပြစ်ဒဏ်ခတ်၍ စွန့်ပစ်ထားသာသူအဖြစ်ဖြင့် ငရဲမီး၏ အပူဒဏ်ကို ခံစားရလတ့ံ။
Verse 19 — Surah Al-Isra 17:19
၁၉။ အကြင်သူတို့သည် နောင်တမလွန်ဘဝကို မက်မောကြ၏။ ယုံကြည်သူအဖြစ်ဖြင့် ထိုဘဝအတွက် လိုအပ်သော ကြိုးစားမှုနှင့် ကြိုးစားအ့ံ။ ထိုသူတို့၏ ကြိုးစားမှုကို သူတို့၏ ကျေးဇူးတော်သခင်သည် နှစ်ခြိုက်တော်မူ၏။
Verse 20 — Surah Al-Isra 17:20
၂ဝ။ ငါသည် နောင်တမလွန်ဘဝကို မြတ်နိုးသောသူတို့ကိုလည်းကောင်း၊ ဤဘဝကို မက်မောသောသူတို့ကိုသော် လည်းကောင်း၊ လူတိုင်းကိုပင် သင်၏ အရှင်သခင်၏ ကျေးဇူးတော်ကို မည်သည့်အခါမှ ပိတ်ပင်တားဆီးမထား နိုင်ချေ။
Verse 21 — Surah Al-Isra 17:21
၂၁။ တမန်တော် ငါသည် အချို့သောသူကို အချို့သောသူထက် မည်သို့သာလွန်နှစ်သက်တော်မူသည်ကို ကြည့်ရှု ကြလော့။ အမှန်မှာ နောင်တမလွန်ဘဝသည် သာ၍ ကြီးကျယ်မြင့်မြတ်၍ လိုလားဖွယ်ကောင်းလှ၏။
Verse 22 — Surah Al-Isra 17:22
၂၂။ လူသား သင်သည် အပြစ်တင်ခံရခြင်းနှင့် စွန့်ပစ်ခြင်းတို့မှ ကင်းဝေးစိမ့်သောငှာ အလ္လာဟ်အရှင်မြတ်နှင့် အခြားဘုရားကို မတွဲဖက်လင့်။
Verse 23 — Surah Al-Isra 17:23
၂၃။ လူသားတို့ သင်တို့၏ ကျေးဇူးတော်သခင်သည် သင်တို့အား သင်တို့သည် အရှင်မြတ်မှတပါး မည်သည်ကိုမျှ မကိုးကွယ်ကြကုန်လင့်။ သင်တို့သည် မိမိတို့မိဘနှစ်ပါးအား သနားကြင်နာခြင်းပြုကြလော့။ မိဘတပါးသော် လည်းကောင်း၊ မိဘတပါးသော်လည်းကောင်း၊ နှစ်ပါးသော်လည်းကောင်း၊ သင်တို့မျက်မှောက်၌ သက်ရွယ်ကြီးရင့် အိုမင်းခြင်းသို့ ဆိုက်ရောက်လာလျှင် သူတို့အား ဆောင့်အောင့်မြည်တမ်းမှုကိုသော်လည်းကောင်း၊ မကြည့်မရှု တွန်းလှန်မှုကိုသော်လည်းကောင်း၊ မပြုကြကုန်လင့်။ သူတို့အား ယုယရိုသေ၍ သာယာနာပျော်ဖွယ်သောစကား ကိုသာ ဆိုကြလော့။
Verse 24 — Surah Al-Isra 17:24
၂၄။ သင်တို့သည် မိဘတို့အား ဂရုဏာသဘောနှင့်ခယရိုသေခြင်းအတောင်ကို နှိမ့်ချကြလော့။ ၎င်းအပြင်မိဘတို့ အတွက် အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင် အကျွနု်ပ်၏ မိဘနှစ်ပါးသည် အကျွနု်ပ်အား ငယ်စဉ်တောင်ကျေး ကလေးဘဝတွင် ကျွေးမွေးပြုစုသကဲ့သို့ အရှင်ကလည်း ထိုမိဘနှစ်ပါးကို သနားစောင့်ရှောက်ချီးမြှောက်တော်မူပါ ဟု ဆုတောင်းပဌနာပြုကြလော့။
Verse 25 — Surah Al-Isra 17:25
၂၅။ သင်တို့၏ ကျေးဇူးတော်သခင်သည် သင်တို့၏ စိတ်နှလုံးတွင်းရှိသည်များကို ကောင်းစွာသိမြင်တော်မူ၏။ အကယ်၍သင်တို့သည် အကျင့်သီလကောင်းသူတို့ဖြစ်ကြလျှင် အရှင်မြတ်သည် မိမိဘက်တော်သို့ လှည့်သူ တို့အား မုချဧကန်အမြဲပင်အပြစ်လွှတ်တော်မူ၏။
Verse 26 — Surah Al-Isra 17:26
၂၆။ သင်တို့သည် မိမိတို့သားချင်းအား သူရထိုက်သောအထောက်အပံ့ကို ပေးလော့။ ထို့အပြင်သူတောင်းစားခရီးသွား အာဂန္တုတို့ကိုလည်း ပေးကမ်းလှုဒါန်းလော့။ သင်တို့သည် မိမိဥစ္စာပစ္စည်းကို အချည်းနှီးအကျိုးမဲ့မဖြုန်းတီးကြလင့်။
Verse 27 — Surah Al-Isra 17:27
၂၇။ မှတ်သားကြလော့။ ဥစ္စာပစ္စည်းဖြုန်းတီးသူသည် ရှိုင်တန်မာရ်နတ်များ၏ ညီအစ်ကိုများဖြစ်ကြ၏။ ရှိုင်တန် မာရ်နတ်သည် မိမိ၏ ကျေးဇူးတော်သခင်အား အမြဲကျေးဇူးကန်းသူဖြစ်၏။
Verse 28 — Surah Al-Isra 17:28
၂၈။ သို့သော်သင်သည် သင်၏ ကျေးဇူးတော်သခင်အထံတော်မှ မျှော်လင့်သောကောင်းကြီးမင်္ဂလာကို ရှာမှီးနေစဉ် သူတို့ကို မပေးကမ်းနိုင်ပဲ ကျောခိုင်းသွားရသော် သူတို့အား သနားကြင်နာနာပျော်ဖွယ်သောစကားကို ဆိုလော့။
Verse 29 — Surah Al-Isra 17:29
၂၉။ ထို့အပြင်သင်တို့သည် မိမိလက်ကို မြဲမြံစွာဆုပ်ပြီးလျှင် လည်ကုတ်ပေါ်သို့ ပိုး၍လည်း မထားလင့်။ လွန်စွာ ချဲ့ဖြန့်၍လည်း မထားလင့်။ လက်ဖွသူသည် ဥစ္စာကုန်ခန်းနွမ်းပါးသည့်အတွက် သတိနောင်တရလျက်၊ မိမိကိုယ်ကို မိမိအပြစ်တင်၍ ထိုင်နေရတတ်၏။
Verse 30 — Surah Al-Isra 17:30
၃ဝ။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် အလိုတော်ရှိသူအား ရိက္ခာဥစ္စာပေါများကြွယ်ဝစေတော်မူ၏။ ဆင်းရဲနွမ်းပါးစေလိုတော်မူသူများအား ဥစ္စာပစ္စည်းကျပ်တည်းစေတော်မူ၏။ မှတ်သားကြလော့။ အရှင်မြတ်သည် မိမိကျေးကျွန်တို့ကို အမြဲသိတော်မူသောအရှင်၊ မြင်တော်မူသောအရှင်တည်း။
Verse 31 — Surah Al-Isra 17:31
၃၁။ သင်တို့သည် ဆင်းရဲဒုက္ခရောက်မည်ဟု စိုးရိမ်ကြောင့်ကျသောကြောင့် သားငယ်သမီးငယ်တို့ကို မသတ်ဖြတ် ကြလင့်၊ ငါသည် သင်တို့နှင့်သင်တို့၏ သားသမီးတို့ကို ရိက္ခာပေးသနားတော်မူမည်။ မှတ်သားကြလော့။ ယင်းသို့သတ်ဖြတ်ခြင်းသည် ကြီးမားသောအပြစ်ဖြစ်၏။
Verse 32 — Surah Al-Isra 17:32
၃၂။ ထို့အပြင်သင်တို့သည် မတရားသောကာမမှုအနီးအပါးသို့ မချဉ်းကပ်ကြလင့်။ မှတ်သားကြလော့။ ထိုအမှုသည် အလွန်စက်ဆုတ်ရွံရှာဖွယ်ကောင်း၍ ညစ်ညမ်းဆိုးဝါးသောအပြုအမူဖြစ်၏။
Verse 33 — Surah Al-Isra 17:33
၃၃။ တရားသဖြင့် သတ်ဖြတ်ခြင်းမှတပါး အသက်ကို မသတ်ရဟု အလ္လာဟ်အရှင်မြတ်ပညတ်တော်မူသောတရားတော် ကို ကျူးလွန်၍ သူတပါးအသက်ကို မသတ်ကြလင့်၊ အကြင်သူကို မတရားသတ်ဖြတ်အ့ံ။ ထိုသူ၏ အမွေစား အမွေခံအား လက်စားချေခွင့် ငါပေးသနားတော်မူ၏။ သို့သော်သူသည် သတ်ဖြတ်ရာ၌ လွန်ကျူးခြင်းကို မပြုရချေ။ မှတ်သားလော့။ လက်စားချေမှု၌ သူ့ကို ကူညီစောင့်ရှောက်တော်မူမည်။
Verse 34 — Surah Al-Isra 17:34
၃၄။ မိဘမဲ့သူငယ်တို့အရွယ်ရောက်သည့်တိုင်အောင်၊ သူတို့၏ ဥစ္စာပစ္စည်းအနီးအပါးသို့ ထိုပစ္စည်းထက်သာသော ပစ္စည်းနှင့်မဟုတ်ပဲ မချဉ်းကပ်ကြလင့်။ ပဋီညာဉ်ဝန်ခံချက်ကို စောင့်စည်းကြလော့။ မှတ်သားကြလော့။ ထိုကတိ သစ္စာနှင့်စပ်လျဉ်း၍ စစ်ကြောစီရင်တော်မူမည်။
Verse 35 — Surah Al-Isra 17:35
၃၅။ တင်းတောင်းစသည်တို့နှင့် ချိန်တွယ်သောအခါ အပြည့်အမှန်ချိန်တွယ်ကြလော့။ စည်းချိန်နှင့်ချိန်တွယ်သောအခါ အလေး၊ စည်းချိန်တို့ကို မှန်ကန်စေကြလော့။ ဤအပြုအမူသည် သင့်တင့်လျောက်ပတ်၍ အစွန်ဆုံးဘဝ၌ သာလွန်ကောင်းမြတ်၏။
Verse 36 — Surah Al-Isra 17:36
၃၆။ အို-လူသား၊ သင်သည် မိမိမသိနားမလည်သောအရာတစုံတခုကို သိနားလည်သကဲ့သို့ မပြောမဆိုမပြုလုပ်လင့်။ မှတ်သားလော့။ နား၊ မျက်စိနှင့် စိတ်နှလုံးအားလုံးပင် စစ်ကြောမေးမြန်းခြင်းကို ခံရလတ့ံ။
Verse 37 — Surah Al-Isra 17:37
၃၇။ ထုုိ့အပြင် မဟာပထမဝီမြေကြီးပေါ်၌ မောမာပလွှားခြင်းဖြင့် မသွားမလာကုန်လင့်။ မှတ်သားလော့။ သင်သည် ကမ္ဘာမြေကြီးကို ခွဲမပစ်နိုင်၊ သို့မဟုတ် သင်သည် တောင်ထိပ်ကို မှီအောင် မဆန့်ကျင်နိုင်ချေ။
Verse 38 — Surah Al-Isra 17:38
၃၈။ ယခုပြဆိုခဲ့သောအရာများ၏ မကောင်းဆိုးသွမ်းခြင်းသည် သင်၏ ကျေးဇူးတော်သခင်၏ ရှေ့မှောက်တော်ဝယ် မုန်းတီးဖွယ်ရာဖြစ်၏။
Verse 39 — Surah Al-Isra 17:39
၃၉။ မိုဟမ္မဒ်၊ ဤပညတ်တော်များသည် သင်၏ ကျေးဇူးတော်သခင်က သင်၏ စိတ်နှလုံးအတွင်း၌ ထင်ရှားစေတော် မူသော၊ သိမ်မွေ့နက်နဲသောပညာရပ်၏ တစိတ်တဒေသဖြစ်၏။ သင်သည် အပြစ်ဒဏ်ခတ်၌ ငရဲမီးအတွင်းတွင် စွန့်ပစ်ခြင်းမခံရစိမ့်သောငှာ သင်သည် အလ္လာဟ်အရှင်မြတ်နှင့် အခြားဘုရားကို မတွဲဖက်လင့်။
Verse 40 — Surah Al-Isra 17:40
၄ဝ။ အို-မက္ကာဟ်မြို့သားတို့၊ သင်တို့၏ ကျေးဇူးတော်သခင်သည် သင်တို့အား သားရတနာများပေးသနားတော် မူခြင်းဖြင့် ချီးမြှောက်ဂုဏ်ပြုတော်မူပြီးလျှင် မိမိအဖို့အရာ ကောင်းကင်တမန်တော်များအထဲမှ အမများကိုသာ ရွေးချယ်တော်မူသလော၊ မှတ်သားကြလော့။ သင်တို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောစကားကို ဆိုချေ၏။
Verse 41 — Surah Al-Isra 17:41
၄၁။ ငါအရှင်မြတ်သည် သူတို့တရားရစေရန် ဤကုရ်အာန်ကျမ်းတော်၌ ငါ၏ သတိပေးဗျာဒိတ်တော်များကို ချမှတ် တော်မူ၏။ သို့သော်ဤကျမ်းတော်သည် သူတို့အား မနှစ်သက် မုန်းတီးစေခြင်းမှတပါး အခြားတစုံတရာကိုမျှ မတိုးပွားစေချေ။
Verse 42 — Surah Al-Isra 17:42
၄၂။ မိုဟမ္မဒ်၊ သင်သည် မယုံကြည်သူတို့အား ပြောလော့။ သူတို့ပြောဆိုသကဲ့သို့ အလ္လာဟ်အရှင်မြတ်နှင့်အတူတကွ အခြားဘုရားရှိလျှင် သူတို့သည် ရာဇပလ္လင်တော်ကြီး၏ အရှင်သခင်ထံ သွားသောလမ်းကို ရှာမီးကြချေလိမ့်မည်။
Verse 43 — Surah Al-Isra 17:43
၄၃။ အရှင်မြတ်သည် ချို့တဲ့ခြင်းကင်းမဲ့၍ တန်ခိုးတော်ကြီးမားသောအရှင်ဖြစ်တော်မူပါ၏။ သူတို့စွပ်စွဲသောအညစ် အကြေးများမှ ကင်းစင်မြင့်မြတ်တော်မူပါ၏။
Verse 44 — Surah Al-Isra 17:44
၄၄။ ကမ္ဘာမြေပြင်ကောင်းကင်ဘုံခုနစ်ထပ်နှင့်တကွ မိုးမြေစပ်ကြားရှိ အရာခပ်သိမ်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်ကို ရင့်ကျူးကြ၏။ အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို မရင့်ကျူးသောဝထ္ထုပစ္စည်းဟူ၍ တစုံတခုမျှမရှိချေ။ သို့သော်သင်တို့သည် သူတို့၏ ချီးကျူးတသခြင်းကို နားမလည်နိုင်ကြချေ။ မှတ်သားကြလော့။ အရှင်မြတ်သည် အမြဲသနားညှာတာတော်မူ၏ အပြစ်လွှတ်တော်မူ၏။
Verse 45 — Surah Al-Isra 17:45
၄၅။ တမန်တော်၊ သင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကိ ရွတ်ဖတ်သောအခါ ငါသည် သင်နှင့် နောင်ဘဝကို မယုံကြည်သူတို့အလယ်ကြားတွင် ဖုံးကွယ်ထားသောအကာအဆီးကို စီရင်ထားတော်မူ၏။
Verse 46 — Surah Al-Isra 17:46
၄၆။ တဖန် သူတို့တရားတော်ကို နားမလည်စေရန် သူတို့နှလုံးအိမ်ကို ဖုံးအုပ်ထားတော်မူ၏။ သူတို့၏ နားကို ပင်းစေတော်မူ၏။ သင်သည် ကုရ်အာန်ကျမ်းတော်မြတ်တွင် သင်၏ ကျေးဇူးတော်သခင်ကိုသာလျှင် ဖော်ပြ ချီးကျုးသောအခါ သူတို့သည် စိတ်မကျေနပ်ခြင်းဖြင့် ကျောခိုင်းသွားကြ၏။
Verse 47 — Surah Al-Isra 17:47
၄၇။ သင့်ကို သူတို့နားထောင်သောအခါ သူတို့သည် အဘယ်အရာကို ကြားနာချင်ကြသည်ကို ငါအရှင်မြတ်ကောင်းစွာ သိတော်မူ၏။ သူတို့အချင်းချင်း တိတ်တဆိတ်တိုင်ပင်နှီးနှောသောအခါ မကောင်းမှုပြုကျင့်သူတို့က သင်တို့သည် စုံးပူးနေသောသူကိုသာ လိုက်နာကြ၏ဟု ဆိုကြ၏။
Verse 48 — Surah Al-Isra 17:48
၄၈။ သူတို့သည် သင့်အတွက် အဘယ်ဥပမာများကို ဆောင်ကြသည်ကို ကြည့်ရှုလော့။ သူတို့သည် လမ်းမှားကြ၏။ လမ်းမှန်ကို မတွေ့နိုင်ကြချေ။
Verse 49 — Surah Al-Isra 17:49
၄၉။ တဖန် သူတို့က အကျွနု်ပ်တို့သည် အရိုးများသော်လည်း၊ အရိုးအစိတ်စိတ်အမွှာမွှာသော်လည်းကောင်း၊ ဖြစ်သွား သောအခါ အကျွနု်ပ်သည် အမှန်ပင်လူသစ်ဖြစ်၍ ရှင်ပြန်ထမြောက်ရဦးမည်လောဟု ဆိုကြ၏။
Verse 50 — Surah Al-Isra 17:50
၅ဝ။ တမန်တော် ဟောကြားလော့၊ သင်တို့သည် ကျောက်ခဲ သို့မဟုတ် သံခဲအတိဖြစ်ငြားသော်လည်းကောင်း။
Verse 51 — Surah Al-Isra 17:51
၅၁။ သင်တို့စိတ်နှလုံးသည် ကျောက်ခဲသံခဲထက် ကြီးမားသည်ဟု ထင်မှတ်သောအရာဝထ္ထုဖြစ်ငြားသော် လည်းကောင်း၊ သင်တို့သည် ရှင်ပြန်ထမြောက်ရမည်သာတည်း။ ထိုအခါ သူတို့က အကျွနု်ပ်တို့ကို အဘယ်သူ ရှင်ပြန်ထမြောက်စေမည်နည်းဟု မေးမြန်းကြ၏။ သင်ဟောကြားလော့။ သင်တို့ကို အစကနဦးက ဖန်ဆင်းတော် မူထသောအရှင်မြတ်သည် သင်တို့ကို ရှင်ပြန်ထမြောက်စေတော်မူမည်၊ ထိုစကားကို ကြားရသောအခါ သူတို့ သည် ခေါင်းခါကြပြီးလျှင် ဘယ်သောအခါရှင်ပြန်ထရမည်နည်းဟု မေးကြ၏။ သင်သည် သူတို့အား ကာလမကြာ မြင့်မီ သင်တို့ရှင်ပြန်ထမြောက်ရကောင်း ထမြောက်ရလိမ့်မည်။
Verse 52 — Surah Al-Isra 17:52
၅၂။ အရှင်မြတ်သည် သင်တို့အား ခေါ်တော်မူသောနေ့တော်ကြီး၌ သင်တို့သည် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးခြင်းဖြင့် ထူးကြလတ့ံ။ ထိုအခါသင်တို့သည် ခေတ္တခဏမျှနေခဲ့ရသည်ဟု ထင်ကြလတ့ံ။
Verse 53 — Surah Al-Isra 17:53
၅၃။ တမန်တော်၊ သင်သည် ငါ၏ ကျေးကျွန်များအား ဂရုဏာစကားကိုသာ ဆိုကြလော့ဟု သြဝါဒပေးလော့၊ မှတ်သားလော့၊ ရှိုင်တန်မာရ်နတ်သည် သူတို့အထဲတွင် စိတ်ဝမ်းကွဲပြားမှုကိုသာ လှုံ့ဆော်၏။ မှတ်သားလော့။ ရှိုင်တန်မာရ်နတ်သည် လူသား၏ ပွင့်လင်းသောရန်သူအစစ်ဖြစ်၏။
Verse 54 — Surah Al-Isra 17:54
၅၄။ သင်တို့၏ အရှင်သခင်သည် သင်တို့ကို ကောင်းစွာသိတော်မူ၏။ အရှင်မြတ်သည် အလိုတော်ရှိပါလျှင် သင် တို့အား ကောင်းကြီးမင်္ဂလာပေးသနားတော်မူမည်။ အရှင်မြတ်သည် အပြစ်ဒဏ်ခတ်လိုတော်မူပါလျှင် အပြစ်ဒဏ် တပ်ရိုက်တော်မူမည်။ မိုဟမ္မဒ် ငါသည် သင့်အား အုပ်ထိန်းသူအဖြစ်ဖြင့် စေလွှတ်တော်မူသည်မဟုတ်ချေ။
Verse 55 — Surah Al-Isra 17:55
၅၅။ ထို့အပြင် သင်၏ ကျေးဇူးတော်သခင်သည် မိုးမြေပေါ်တွင် ရှိရှိသမျှအပေါင်းတို့ကို ကောင်းစွာသိတော်မူ၏။ ငါအရှင်မြတ်သည် အချို့သောတမန်တော်တို့ကို အခြားသောတမန်တော်များထက် သာလွန်ချီးမြှောက်တော်မူ၏။ တမန်တော်ဒါဝတ်အား ဇဘူရ်ကျမ်းတော်ကို ထုတ်ပြန်ပေးသနားတော်မူ၏။
Verse 56 — Surah Al-Isra 17:56
၅၆။ တမန်တော်ဟောကြားလော့။ ဟယ်-အချင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်သောဘုရား တုများထံ၌ ဆုတောင်းကြလော့။ သို့သော်သူတို့၌ သင်တို့၏ ဘေးဥပါဒ်များကို ဖယ်ရှားခြင်းသော်လည်းကောင်း၊ ပြောင်းလဲခြင်းသော်လည်းကောင်း ပြုနိုင်စွမ်းသည့်တန်ခိုးအာဏာမရှိချေ။
Verse 57 — Surah Al-Isra 17:57
၅၇။ သူတို့ကိုးကွယ်သောဘုရားတို့လည်း သူတို့၏ ကျေးဇူးသခင်အထံတော်မှ ချဉ်းကပ်ရာလမ်းကို ရှာမှီးကြ၏။ အရှင်မြတ်နှင့်အနည်းဆုံးချဉ်းကပ်လိုချင်ကြ၏။ သူတို့သည် အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို မျှော်လင့် ကြ၏။ အရှင်မြတ်၏ ဒဏ်တော်ကို ကြောက်ရွံ့ကြ၏။ မှတ်သားကြလော့။ သင်၏ ကျေးဇူးတော်သခင်၏ အပြစ်ဒဏ်တော်ကို ရှောင်ကြဉ်ကြရမည်။
Verse 58 — Surah Al-Isra 17:58
၅၈။ ရှင်ပြန်ထမြောက်ရမည့်နေ့တော်ကြီးမဆိုက်ရောက်မီ ငါသည် မြို့ရွာနယ်ပယ်တိုင်းအား ဖျက်ဆီးတော်မူမည်။ သို့မဟုတ် အလွန်ပြင်းထန်သောအပြစ်ဒဏ်ကို ခတ်တော်မူမည်။ ဤအကြောင်းအရာကို ငါ၏ ပညတ်ကျမ်း တော်၌ ဖော်ပြထား၏။
Verse 59 — Surah Al-Isra 17:59
၅၉။ ရှေးလူဟောင်းတို့သည် ငါချပေးသနားတော်မူသောသာဓကတော်များကို မယုံကြည်ငြင်းပယ်ကြ၏။ ဤပြကျင့်မှု မှတပါး အခြားအကြောင်းတစုတခုမျှ ငါအရှင်မြတ်အား သာဓကတော်များကို ချပေးတော်မူခြင်းမှ မတားဆီး နိုင်ကြချေ။ ငါသည် စမုဒ်လူမျိုးတို့အား ကုလားအုပ်မတစ်ကောင်ကို ပေးသနားတော်မူ၏။ ထိုကုလားအုပ်မကို မတရားနှိပ်စက်ကြ၏။ ငါသည် သာဓကတော်များကို သတိပေးဆုံးမဖို့ရာမှတပါး အခြားကိစ္စအတွက် ချပေးသနား တော်မူသည်မဟုတ်ချေ။
Verse 60 — Surah Al-Isra 17:60
၆ဝ။ ငါအရှင်မြတ်သည် သင့်အား ဤသို့ဗျာဒိတ်တော်ချပေးခြင်းမှာ သတိပေးဆုံးမဖို့ရာသာဖြစ်၏။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် လူသားတို့အား မိမိ၏ တန်ခိုးတော်အားဖြင့် ဝိုင်းထားတော်မူ၏။ ငါသည် သင့်အား ပြသတော်မူသောရှုမြင်ခင်းကို လူသားတို့အား ပြင်းထန်စွာစုံစမ်းဖို့ရာ စီရင်ထားတော်မူ၏။ ကုရ်အာန် ကျမ်းတော်ကြီးတွင် ဖော်ပြထားသောမင်္ဂလာမရှိသောရှားဇောင်းပင်ကိုလည်း ထိုနည်းအတူစီရင်ထားတော်မူ၏။ ငါသည် လူသားတို့အား သတိပေးဆုံးမတော်မူ၏။ သို့သော်ဤအဆုံးအမတော်သည် သူတို့အား ကြီးမားသော တရားမသိမှု၌မှတပါး အခြားအမှု၌ တိုးပွားစေသည်မဟုတ်ချေ။
Verse 61 — Surah Al-Isra 17:61
၆၁။ ငါအရှင်မြတ်သည် ကောင်းကင်တမန်တော်တို့အား သင်တို့သည် အာဒမ်အား ဝပ်တွားရှိခိုးကြလော့ဟု ဗျာဒိတ် ပေးတော်မူ၏။ ထိုအခါအီဗလစ်မှတပါး အခြားတမန်တော်များသည် အာဒမ်အား ဦးညွှတ်ချကြ၏။ သို့သော် အီဗလစ်က အရှင်မြတ် ရွှံ့စေးမှ ဖန်ဆင်းတော်မူသောအရာကို အကျွနု်ပ်သည် ဝပ်တွားရှိခိုးရပါမည်လောဟု တင်လျှောက်၏။
Verse 62 — Surah Al-Isra 17:62
၆၂။ အရှင်မြတ်သည် အကျွနု်ပ်ထက် မြှောက်စားတော်မူသောလူသားကို ကြည့်ရှုတော်မူပါ။ အကယ်၍ အရှင်မြတ် သည် အကျွနု်ပ်အား ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီးတိုင်အောင် အချိန်ပေးတော်မူပါလျှင် ထိုသူ၏ သားမြေးအနက် အနည်းငယ်သောသူတို့မှတပါး အခြားသူတို့ကို အကျွနု်ပ်သည် ဖမ်းဆီးပါအ့ံဟု တင်လျှောက်၏။
Verse 63 — Surah Al-Isra 17:63
၆၃။ ထိုအခါအလ္လာဟ်အရှင်မြတ်က ထွက်သွားလော့။ သူတို့အနက် နင်၏ နောက်သို့ လိုက်သူနှင့်တကွ နင့်ကို ငရဲမီးပေးတော်မူမည်။
Verse 64 — Surah Al-Isra 17:64
၆၄။ နင်လှည့်စားနိုင်သောသူတို့ကို လှည့်စားလော့။ နင်၏ မြင်းစီးသူရဲ၊ ခြေသည်သူရဲစသည့်စစ်သည်တို့အား သူတို့ကို တိုက်ခိုက်ဖျက်ဆီးစေလော့။ သူတို့၏ ဥစ္စာပစ္စည်း၊ သားသမီးရတနာတို့တွင် အတူဖက်စပ်ပါဝင်လော့။ နင်သည် သူတို့အား ကတိသစ္စာပေးလော့ဟု ဗျာဒိတ်ချတော်မူ၏။ ရှိုင်တန်မာရ်နတ်သည် ဖျားယောင်းသွေးဆောင် ဖို့ရာသာ ကတိသစ္စာပေးတတ်၏။
Verse 65 — Surah Al-Isra 17:65
၆၅။ မှတ်သားလော့။ သစ္စာရှိသောငါ၏ ကျေးကျွန်တို့၊ သူတို့အပေါ်တွင် နင်သြဇာမရှိချေ။
Verse 66 — Surah Al-Isra 17:66
၆၆။ လူသားအပေါင်းတို့ သင်တို့သည် အရှင်မြတ်၏ ပေးကမ်းစွန့်ကြဲခြင်းကျေးဇူးတော်ကို ရှာမှီးဖို့ရာ သင်တို့၏ အရှင်သခင်သည် သင်တို့အတွက် လှေသင်္ဘောများကို ပင်လယ်သမုဒ္ဒရာကို ဖြတ်သန်းသွားလာစေတော်မူသော အရှင်ဖြစ်တော်မူ၏။ မှတ်သားကြလော့။ အရှင်မြတ်သည် သင်တို့အား အမြဲသနား ကောင်းကြီးမင်္ဂလာပေး သနားတော်မူ၏။
Verse 67 — Surah Al-Isra 17:67
၆၇။ သင်တို့သည် ပင်လယ်သမုဒ္ဒရာအလယ်တွင် ဘေးအန္တရာယ်တွေ့ကြံုကြသောအခါ အကူအညီအတွက် သင်တို့ ဆုတောင်းသောဘုရားများသည် သင်တို့ကို မကူညီမကယ်တင်နိုင်ချေ။ အရှင်မြတ်သာလျှင် ကယ်နှုတ်တော်မူ၏။ သို့သော်အရှင်မြတ်သည် သင်တို့အား မြေကြီးသို့ ချမ်းသာစွာယူဆောင်တော်မူသောအခါ သင်တို့သည် လှည့်သွား ကြ၏။ အကြောင်းမူကား လူသားသည် အမြဲပင်ကျေးဇူးကန်းကြ၏။
Verse 68 — Surah Al-Isra 17:68
၆၈။ သင်တို့သည် မိမိတို့အား အရှင်မြတ်၏ မြေမျိုစေတော်ခြင်းဘေးမှသော်လည်းကောင်း၊ မိမိတို့အပေါ်သို့ သဲ မုန်တိုင်းတိုက်ခတ်စေတော်မူခြင်းဘေးမှသော်လည်းကောင်း၊ လုံခြံုသည်ဟု ထင်မှတ်ကြသလော၊ ယင်းအန္တရာယ် နှင့်ရင်ဆိုင်ရသောအခါ သင်တို့၌ ကာကွယ်မည့်တစုံတယောက်မှ မရှိသည်ကို သင်တို့တွေ့ရမည်။
Verse 69 — Surah Al-Isra 17:69
၆၉။ သို့မဟုတ် အရှင်မြတ်သည် သင်တို့အား ရေဘေးသို့ ဒုတိယအကြိမ်ပို့တော်မူခြင်းမှသော်လည်းကောင်း၊ လေပြင်း မုန်တိုင်းအားဖြင့် သင်တို့အား ကျေးဇူးကန်းသောကြောင့် ရေနစ်မြုပ်စေတော်မူခြင်းမှသော်လည်းကောင်း၊ သင်တို့သည် လုံခြံုသည်ဟု ထင်မှတ်ကြသလော။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်ကို လက်စားချေသူတစုံတယောက်မျှမရှိသည်ကို သင်တို့တွေ့လိမ့်မည်။
Verse 70 — Surah Al-Isra 17:70
၇ဝ။ အကယ်စင်စစ် ငါအရှင်မြတ်သည် အာဒမ်၏ သားမြေးမြစ်တို့အား ဂုဏ်ပြုချီးမြှောက်တော်မူ၏။ ငါသည် ကုန်းလမ်း၊ ရေလမ်းဖြင့် သယ်ယူပို့ဆောင်တော်မူ၏။ သူတို့အား မွန်မြတ်သောအစာအဟာရကို ပေးသနားတော် မူ၏။ သူတို့အား ငါဖန်ဆင်းတော်မူသောအရာဝထ္ထုများအနက် သာလွန်၍ ထူးချွန်စွာနှစ်ခြိုက်တော်မူ၏။
Verse 71 — Surah Al-Isra 17:71
၇၁။ ငါသည် လူအပေါင်းတို့ကို မိမိတို့စာရင်းအသီးသီးနှင့်တကွ ဆင့်ခေါ်တော်မူသောနေ့တော်ကြီး၌ အကြင်သူတို့သည် မိမိ၏ စာရင်းစာအုပ်ကို လက်ျာလက်ထဲသို့ ထည့်ပေးခြင်းခံရ၏။ ထိုသူတို့သည် မိမိတို့၏ စာအုပ်ကို ဖတ်ရှု ကြလတ့ံ။ သူတို့ကို အဏုမြူခန့်မျှမတရားပြုတော်မူမည်မဟုတ်ချေ။
Verse 72 — Surah Al-Isra 17:72
၇၂။ အကြင်သူသည် ဤဘဝ၌ မျက်စိကန်းအ့ံ၊ ထိုသူသည် နောင်ဘဝ၌လည်း မျက်ကန်းဖြစ်လတ့ံ။ တရားလမ်း ကြောင်းမှ ဝေးသည်ထက် ဝေးလတ့ံ။
Verse 73 — Surah Al-Isra 17:73
၇၃။ မိုဟမ္မဒ်၊ သင်သည် ငါထုတ်ပြန်ချပေးသနားတော်မူသောကုရ်အာန်ကျမ်းတော်မြတ်နှင့်ဆန့်ကျင်သောတရားကို ဖန်တီးစိမ့်သောငှာ ထိုကျမ်းတော်မြတ်ကို သွေဖယ်ဖို့ရာ မိစ္ဆာမိုက်တို့သည် သင့်အား ဖျားယောင်းသွေးဆောင်ရန် အထူးကြိုးစားအားထု်ကြ၏။ သို့မှသာ သူတို့သည် သင့်အား မိတ်ဆွေအဖြစ်ဖြင့် လက်ခ့လတ့ံ။
Verse 74 — Surah Al-Isra 17:74
၇၄။ အကယ်၍ ငါသည် သင့်အား အထူးတည်ကြည်ခိုင်မြဲစေတော်မမူခဲ့လျှင် သင်သည် သူတို့ဘက်သို့ အနည်းငယ် ယိမ်းယိုင်ခဲ့လိမ့်မည်။
Verse 75 — Surah Al-Isra 17:75
၇၅။ ထိုအခါငါအရှင်မြတ်သည် သင့်အား ဤဘဝ၌ အပြစ်ဒဏ်တော်ကြီးနှစ်ထပ်တပ်ရိုက်တော်မူမည်။ နောင်ဘဝ ၌လည်း အပြစ်ဒဏ်နှစ်ထပ်ခတ်မည်။ ယင်းကဲ့သို့အပြစ်ဒဏ်ပေးတော်မူသောအခါ ငါမှ သင့်အား ကယ်ဆယ်ကူညီ မည့်သူကို သင်မတွေ့ချေ။
Verse 76 — Surah Al-Isra 17:76
၇၆။ ထိုမိစ္ဆာမိုက်တို့သည် သင့်အား သင်နေထိုင်ရာအရပ်ဒေသမှ နှင်ထုတ်ပစ်ဖို့ရာ၊ ခြောက်လှန့်ပစ်ဖို့ရာ အမှန်ပင် လိုလားကြ၏။ အကယ်၍သင့်အား နှင်ထုတ်ပစ်လျှင် သူတို့သည် ထိုနေရာတွင် အချိန်အနည်းငယ်သာဆက်လက် နေထိုင်ကြရမည်။
Verse 77 — Surah Al-Isra 17:77
၇၇။ လူသားတို့ထံသို့ သင့်အလျင်စေလွှတ်သောတမန်တော်များလည်း ဤကဲ့သို့ဖြစ်ကြသည်။ သင်သည် ငါ၏ လမ်းစဉ်ကို လွှဲပြောင်းနိုင်သောသူတစုံတယောက်ကိုမျှ တွေ့မည်မဟုတ်ချေ။
Verse 78 — Surah Al-Isra 17:78
၇၈။ သင်သည် နေ့လည်မွန်းလွဲအချိန်မှစ၍ ညနေမှောင်မိုက်လာသောအချိန်တိုင်အောင် ဆွလတ်ဝတ်ပြုလော့။ ထို့အပြင် နံနက်နေအာရုဏ်တက်အချိန်တွင် ဆွလတ်ဝတ်ပြု၍ ကုရ်အာန်ကျမ်းတော်ကြီးကို ရွတ်ဖတ်လော့။ အမှန်ကိုဆိုသော် နံနက် ကုရ်အာန်ကျမ်းတော်ကြီးကို ရွတ်ဖတ်ခြင်းကို အမြဲနားထောင်မှတ်သားထား၏။
Verse 79 — Surah Al-Isra 17:79
၇၉။ ထို့အပြင်သင်သည် ညဉ့်နက်သန်းခေါင်အချိန်၌ ဆွလတ်ဝတ်ပြုရန် ကုရ်အာန်ကျမ်းတော်ကို ဖတ်ရန် သင်နိုးကြား လော့၊ ယင်းသို့ပြုလုပ်ခြင်းသည် အလွန်အကျိုးများ၏။ သင်၏ အရှင်သခင်သည် သင့်အား အလွန်ချီးမွမ်းဖွယ် ကောင်းသောဂုဏ်ကျက်သရေရှိသောနေရာဌာနသို့ မြှင့်တင်တော်မူမည်။
Verse 80 — Surah Al-Isra 17:80
၈ဝ။ တမန်တော် သင်သည် ဆုတောင်းလော့။ အို-အကျွနု်ပ်၏ အရှင်သခင် အကျွနု်ပ်အား ကောင်းသောဝင်ခြင်းကို ဝင်စေတော်မူပါ။ ၎င်းအပြင် ကောင်းသောထွက်ခြင်းကို ထွက်စေတော်မူပါ။ အကျွနု်ပ်အား ကူညီဖို့ရာ အရှင်၏ အထံတော်မှ တန်ခိုးအာဏာပေးသနားတော်မူပါ။
Verse 81 — Surah Al-Isra 17:81
၈၁။ ထို့အပြင်သင်ဟောကြားလော့၊ သစ္စာတရားတော်သည် ထွန်းတောက်လာပြီး မိစ္ဆာတရားလည်း ပျောက်လွင့်သွား ပြီ၊ မှတ်သားကြလော့။ မိစ္ဆာတရားပျောက်သွားရမည်မှာ ဓမ္မတာပင်သာတည်း။
Verse 82 — Surah Al-Isra 17:82
၈၂။ ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူ၏။ ထိုကျမ်းတော်ပါတရားတော်သည် ယုံကြည်သူတို့အဖို့ရာ စိတ်နှလုံးကြည်လင်ချမ်းသာစေသောဆေးဖြစ်၏။ ကောင်းကြီးမင်္ဂလာတော်ကြီးလည်း ဖြစ်၏။ ထိုတရားတော်သည် မကောင်းမှုပြုကျင့်သူတို့အဖို့ ပျက်စီးခြင်းမှတပါး အခြားအရာကို မတိုးပွားစေချေ။
Verse 83 — Surah Al-Isra 17:83
၈၃။ တဖန် ငါသည် လူသားအား စည်းစိမ်ချမ်းသာပေးသနားတော်မူသောအခါ သူသည် ငါ့ထံမှ လှည့်သွားပြီးလျှင် ပုန်ကန်ထောင်ထား၏။ သို့သော်သူသည် ဘေးအန္တရာယ်ထိခိုက်သောအခါ အလွန်စိတ်ငယ်ပြီးလျှင် စိတ်လုံးလုံး လျှော့ပစ်၏။
Verse 84 — Surah Al-Isra 17:84
၈၄။ တမန်တော်၊ သင်ဟောပြောလော့။ ဟယ်-အချင်းတို့၊ သင်တို့တစ်ဦးစီသည် မိမိအကျင့်အလေ့အတိုင်း ကျင့်ကြံ ကြ၏။ သင်တို့၏ ကျေးဇူးတော်သခင်သည် ကောင်းသောအကျင့်အလေ့ရှိသူအား ကောင်းစွာသိတော်မူ၏။
Verse 85 — Surah Al-Isra 17:85
၈၅။ သူတို့သည် သင့်အား ကောင်းကင်တမန်မင်းကြီးအကြောင်းကို မေးမြန်းလတံ့။ သင်ဟောကြားလော့။ တမန် မင်းကြီးသည် အကျွနု်ပ်၏ အရှင်သခင်၏ ဗျာဒိတ်တော်အားဖြင့်သာ လာရ၏။ သင်တို့အား ဉာာဏ်ပညာအနည်း ငယ်ာ ပေးသနားတော်မူ၏။
Verse 86 — Surah Al-Isra 17:86
၈၆။ ငါအလိုတော်ရှိခဲ့လျှင် သင့်ကို ပေးသနားတော်မူသောကျမ်းတော်ကို ပြန်ရုပ်သိမ်းနိုင်တော်မူ၏။ ထိုအခါဤကိစ္စနှင့် ပတ်သက်၍ သင်သည် မိမိအတွက် ငါ့ကို ဆန့်ကျင်သောစောင့်ထိန်းသူတွေ့နိုင်မည်မဟုတ်ချေ။
Verse 87 — Surah Al-Isra 17:87
၈၇။ ကျမ်းတော်သည် သင်၏ သခင်အထံတော်မှ ကောင်းကြီးမင်္ဂလာတော်မှတပါး အခြားတစုံတရာမဟုတ်ချေ။ မှတ်သားလော့။ အရှင်မြတ်သည် သင့်အပေါ်မှာ အရှင်မြတ်၏ သနားကြင်နာခြင်းမေတ္တာတရားတော်သည် ကြီးမားလှ၏။
Verse 88 — Surah Al-Isra 17:88
၈၈။ တမန်တော်ဟောကြားလော့။ အမှန်ကိုဆိုသော် လူသားအားလုံးနှင့် ဂျင်နတ်သားအားလုံးတို့သည် ဤကုရ်အာန် ကျမ်းတော်နှင့်တူသောကျမ်းတစောင်ကို မဖွဲ့နိုင်ကြချေ။
Verse 89 — Surah Al-Isra 17:89
၈၉။ အကယ်စင်စစ် ငါသည် ဤကျမ်းတော်၌ လူသားတို့အဖို့အရာ ဥပမာအမျိုးမျိုးအဖုံဖုံကို တင်ပြထားတော်မူ၏။ သို့သော် လူသားတို့အနက် များလှစွာသောသူတို့သည် မိစ္ဆာအယူဝါဒမှတပါး အခြားတစုံတခုမှ လက်မခံကြချေ။
Verse 90 — Surah Al-Isra 17:90
၉ဝ။ ထို့အပြင် သူတို့ပြောကြသည်၊ သင်သည် အကျွနု်ပ်တို့အတွက် မြေကြီးမှ စိမ့်စမ်းတစ်ခုပန်းထွက်လာစေမှသာ အကျွနု်ပ်တို့သည် သင့်အား ယုံကြည်ကြမည်။
Verse 91 — Surah Al-Isra 17:91
၉၁။ သို့မဟုတ် သင်၌ စွန်ပလွံ၊ သပြက်ပင်တို့နှင့်ပြည့်နှက်နေအောင် ဥယျာဉ်တခုရှိ၏။ ထိုဥယျာဉ်အတွင်းမြစ်ချောင်း အသွယ်သွယ်စီးထွက်လာအောင်ပြုလုပ်ပြခြင်းကိုသော်လည်းကောင်း။
Verse 92 — Surah Al-Isra 17:92
၉၂။ သို့မဟုတ် သင်လိမ်လည်ဟောပြောသကဲ့သို့ မိုးကောင်းကင်ကို အကျွနု်ပ်တို့အပေါ်သို့ အစိတ်စိတ်အပိုင်းပိုင်း ကြွေကျစေခြင်းကိုသော်လည်းကောင်း၊ သို့မဟုတ် အလ္လာဟ်အရှင်မြတ်နှင့်ကောင်းကင်တမန်တော်များကို သင်၏ အကိုးအကားအဖြစ်ဖြင့် ယူဆောင်လာခြင်းကိုသော်လည်းကောင်း။
Verse 93 — Surah Al-Isra 17:93
၉၃။ သို့မဟုတ်သင့်တွင် ရွှေအတိပြီးသောဗိမာန်ပြဿဒ်တဆောင်ရှိခြင်းကိုသော်လည်းကောင်း၊ သို့မဟုတ် မိုးကောင်း ကင်ကို တက်ပြခြင်းကိုသော်လည်းကောင်း၊ သို့တက်သော်လည်း သင်သည် အကျွနု်ပ်တို့ဖတ်နားလည်နိုင်သော ကျမ်းတစောင်ကို အကျွနု်ပ်တို့အထံသို့ ယူဆောင်လာခဲ့မှသာလျှင် သင်သည် ကောင်းကင်သို့ တက်ကြောင်းကို အကျွနု်ပ်တို့ယုံကြကြမည်။ မိုဟမ္မဒ်၊ သင်ဟောကြားလော့။ အကျွနု်ပ်၏ အရှင်သခင်သည် ချို့တဲ့ခြင်းကင်း၍ တန်ခိုးတောက်ပတော်မူသောအရှင်ဖြစ်တော်မူ၏။ ငါသည်ကား သေမျိုးတမန်တော်မှတပါး အခြားတစုံတခု မဟုတ်ချေ။
Verse 94 — Surah Al-Isra 17:94
၉၄။ လူသားတို့ထံသို့ လမ်းညွှန်တော်ကျရောက်လာသောအခါ သူတို့ယုံကြည်မှုတရားမှ မည်သည့်မျှ တားဆီးထား သည်မဟုတ်ချေ။ သို့သော်သူတို့က အလ္လာဟ်သည် လူသားတယောက်ကို အရှင်၏ တမန်တော်အဖြစ်ဖြင့် စေလွှတ်တော်မူသလားဟု ဆိုကြ၏။
Verse 95 — Surah Al-Isra 17:95
၉၅။ တမန်တော် သင်ဟောကြားလော့။ အကယ်၍မဟာပထဝီမြေကြီးပေါ်တွင် ကောင်းကင်တမန်များဘေးမဲ့သာယာစွာ သွားလာနေထိုင်ကြလျှင် ငါသည် သူတို့ထံသို့ ကောင်းကင်ဘုံမှ ကောင်းကင်တမန်တော်တပါးကို စေလွှတ်တော် မူမည်။
Verse 96 — Surah Al-Isra 17:96
၉၆။ တဖန် ဟောကြားလော့။ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်နှင့်သင်တို့အလယ်ကြားတွင် သက်သေတော်အဖြစ် ဖြင့် လုံလောက်တော်မူ၏။ မှတ်သားကြလော့။ အလ္လာဟ်အရှင်မြတ်သည် အရှင်၏ ကျေးကျွန်များကို သိတော်မူ သောအရှင်၊ မြင်တော်မူသောအရှင်တည်း။
Verse 97 — Surah Al-Isra 17:97
၉၇။ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းညွှန်ပြတော်မူအ့ံ။ ထိုသူသည် လမ်းမှန်ကို ရရှိ၏။ သို့သော် အကြင်သူအား အရှင်မြတ်သည် လမ်းမှားစေတော်မူအ့ံ၊ ထိုသူအတွက် သင်တမန်တော်သည် အလ္လာဟ်အရှင် မြတ်မှတပါး စောင့်ရှောက်မည့်အဆွေခင်ပွန်းမတွေ့နိုင်ချေ။ ငါသည် ထိုသူတို့အား ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး၌ မျက်နှာအောက်ဆိုက်၊ ဆွံ့အ၊ နားပင်း၊ မျက်ကန်းအနေဖြင့် စုရုံးတော်မူမည်။ သူတို့၏ ဗိမာန်မှာ အဝီစိငရဲဖြစ်လိမ့်မည်။ ငရဲမီးရှိန်အားဖြင့် ပျော့လာသောအခါ ငါသည် ၎င်းတို့ကို သူတို့အတွက် ပြင်းထန်လာစေတော်မူမည်။
Verse 98 — Surah Al-Isra 17:98
၉၈။ သူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြချေ။ အကျွနု်ပ်တို့သည် အရိုးများသော်လည်းကောင်း၊ အစိတ်စိတ်အပိုင်းပိုင်းသော်လည်းကောင်း၊ ဖြစ်သွားသောအခါတွင် အမှန်ပင်ရှင်ပြန်ထမြောက် လူသစ်ဖြစ်ရဦးမည် လောဟု ပြောဆိုကြ၏။ ထို့ကြောင့်သူတို့၏ ဆုလာဘ်မှာ ငရဲသာဖြစ်၏။
Verse 99 — Surah Al-Isra 17:99
၉၉။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ကို ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ်သည် လူသားတို့ကို ရှင်ပြန်ထ မြောက်စေနိုင်တော်မူကြောင်းကို သူတို့မသိမမြင်ကြသလော။ ထို့အပြင် အရှင်မြတ်သည် သူတို့အဖို့အရာ ယုံမှားသံသယကင်းသောသေကျေပျက်စီးခြင်းကို သတ်မှတ်ထားတော်မူ၏။ သို့သော်မတရားမှုကို ကျူးလွန်သူ တို့သည် မိစ္ဆာဝါဒမှတပါး အခြားအရာများကို ငြင်းပယ်ကြ၏။
Verse 100 — Surah Al-Isra 17:100
၁ဝဝ။ အို-တမန်တော်၊ ထိုမိစ္ဆာမိုက်တို့အား သင်ဟောကြားလော့။ အကယ်၍သင်တို့သည် ငါ၏ကျေဇူးတော်သခင်၏ ကောင်းကြီးမင်္ဂလာရတနာများကို စိုးပိုင်လျှင် သင်တို့သည် ထိုရတနာများကုန်ဆုံးဖို့ရာ ကြောက်ရွံ့သဖြင့် ဥစ္စာပစ္စည်းများကို မသုံးမစွဲပဲ အမှန်ပင်သိမ်းဆည်းထားကြလတ့ံ။ အကြောင်းမူကား လူသားသည် အမြဲပင် စေးနဲ၏။
Verse 101 — Surah Al-Isra 17:101
၁ဝ၁။ အကယ်စင်စစ်ငါသည် တမန်တော်မူစာအား အလ္လာဟ်အရှင်မြတ်၏ အချုပ်အခြာအာဏာကို ထောက်ခံသော ခိုင်မာသည့်သက်သေခံချက်လက္ခဏာတော်ကိုးပါးကို ပေးသနားတော်မူ၏။ သို့သော်အစ္စရာအီလ်အမျိုးသားတို့ အား တမန်တော်မူစာသည် သူသည် ၎င်းတို့ထံသို့ အဘယ်သို့လာရောက်သည်ကို မေးမြန်းလော့။ ထိုအခါ ဖွာရောမင်းက တမန်တော်အား အို-မူစာ၊ အကျွနု်ပ်သည် သင့်အား စုံးပူးခံရသူဟု ယူဆ၏ဟု ဆို၏။
Verse 102 — Surah Al-Isra 17:102
၁ဝ၂။ တမန်တော်မူစာက ဤနိမိတ်အ့ံဖွယ်တော်များကို မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်၏ အရှင်သခင်မှတပါး မည်သူမျှ ချမပေးနိုင်ကြောင်းကို မင်းကြီးအမှန်ပင်သိ၏။ အို-ဖွာရောမင်းကြီး၊ သင်သည် အမှန်ပင်ဆုံးရှုံးပျက်စီးသူ ဖြစ်သည်ဟု အကျွနု်ပ်ထင်မှတ်၏ဟု ပြန်ပြော၏။
Verse 103 — Surah Al-Isra 17:103
၁ဝ၃။ ထို့အပြင်ဖွာရောမင်းသည် မိမိတိုင်းပြည်မှ အစ္စရာအီလ်အမျိုးသားတို့ကို ခြောက်လှန့်မောင်းထုတ်လိုက်၏။ သို့သော် သူနှင့်တကွ သူ့အလူအားလုံးကို ငါအရှင်မြတ်သည် ရေတွင် နှစ်သတ်တော်မူ၏။
Verse 104 — Surah Al-Isra 17:104
၁ဝ၄။ သူသေလွန်ပြီးသည်နောက် ငါအရှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့အား သင်တို့သည် ဤပြည်တွင် နေထိုင်ကြလော့။ သို့သော်နောင်ဘဝနှင့်သက်ဆိုင်သောကတိတော်အတိုင်း ဖြစ်ပေါ်လာသောအခါ ငါသည် သင်တို့အား လူအမျိုးမျိုးထဲမှ ထုတ်နှုတ်စုရုံးစေတော်မူမည်ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 105 — Surah Al-Isra 17:105
၁ဝ၅။ အမှန်ပင် ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ပေးသနားတော်မူ၏။ အမှန်ပင်ကျမ်းတော်မြတ်သည် မြေပေါ်သို့ ကျရောက်လာ၏။ သင်သည် သတင်းကောင်းကို ယူဆောင်လာသူနှင့် သတိပေးသူအဖြစ်နှင့်မှတပါး အခြားအဖြစ်တစုံတရာနှင့်မျှ ငါသည် သင့်အား စေလွှတ်တော်မမူချေ။
Verse 106 — Surah Al-Isra 17:106
၁ဝ၆။ သင်သည် လူသားတို့အား ကျမ်းမြတ်ကုရ်အာန်ကို အရစ်ကျရွတ်ဆိုနိုင်အ့ံသောငှာ ငါသည် ထိုကျမ်းတော်ပိုင်းဖြတ် ခွဲခြမ်းထားတော်မူ၏။ ငါသည် ထိုကျမ်းတော်ကြီးကို အလီလီဆက်ခါဆက်ခါထုတ်ပြန်တော်မူ၏။
Verse 107 — Surah Al-Isra 17:107
၁ဝ၇။ အို-တမန်တော်၊ ဟောကြားလော့။ ဟယ်-အချင်းတို့၊ သင်တို့သည် ကုရ်အာန်ကျမ်းတော်ကို ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဤကျမ်းတော်ကို သူတို့အား ရွတ်ဖတ်ပြသောအခါ အမှန်ပင်ဝပ်တွားရှိခိုးပူဇော် ကြ၏။
Verse 108 — Surah Al-Isra 17:108
၁ဝ၈။ သူတို့ဦးညွှတ်ချသောအခါ သူတို့က အကျွနု်ပ်တို့၏ အရှင်သခင်သည် ချို့တဲ့ခြင်းကင်း၍ တန်ခိုးကြီးမားတော်မူ ပါ၏။ အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်၏ ကတိဗျာဒိတ်တော်သည် ပြည့်စုံရမည်သာတည်းဟု ချီးကျုးကြ၏။
Verse 109 — Surah Al-Isra 17:109
၁ဝ၉။ သူတို့သည် မျက်ရည်ကျလျက် ဝပ်တွားကြ၏။ ကျမ်းတော်မြတ်သည် သူတို့၌ နှိမ့်ချခြင်းစိတ်သဘောကု ိတိုး ပွားစေသည်။
Verse 110 — Surah Al-Isra 17:110
၁၁ဝ။ အို-တမန်တော်၊ သင်သည် လူသားအပေါင်းတို့ကို ဟောကြားလော့။ ဟယ်-အချင်းတို့၊ သင်တို့သည် အလ္လာဟ် အရှင်မြတ်အထံတော်၌ ဆုတောင်းလော့။ သို့မဟုတ် မဟာဂရုဏာတော်အရှင်ထံတော်၌ ဆုပန်ကြလော့။ သို့မဟုတ် မည်သည့်နာမတော်ကိုမဆို တသ၍ ဆုတောင်းကြလော့။ အတူတူပင်ဖြစ်၏။ အရှင်မြတ်၏ နာမတော် များမှာ လှပင်တင့်တယ်မွန်မြတ်လှချေ၏။ အို-တမန်တော်မိုဟမ္မဒ် သင်သည် ဆွလတ်ဝတ်ကိုပြုသောအခါ အသံမကျယ်စေလင့်။ အသံမထွက်တိတ်တိတ်လည်း မဖြစ်စေလင့်။ အလယ်အလတ်လမ်းစဉ်ကို လိုက်လော့။
Verse 111 — Surah Al-Isra 17:111
၁၁၁။ တဖန် ဤသို့ကျူးရင့်လော့။ အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူပါ၏။ အရှင်မြတ်သည် သားသမီးရှိခြင်းအညစ်အကြေးမှ ကင်းစင်တော်မူပါ၏။ အချုပ်အခြာအာဏာရှင် အရှင်မြတ်မှာ ဖက်စပ်သူမရှိချေ။ အရှင်မြတ်၌ မှီခိုဖို့ရာ ကာကွယ်စောင့်ရှောက်သူအဆွေခင်ပွန်းမရှိချေ။ အရှင်မြတ်၏ ဂုဏ်တော်တန်ခိုးတော် ကျေးဇူးတော်တို့ကို ချီးကျူးခြင်းအပေါင်းနှင့် ချီးကျူးတသလော့။