Verse 1 — Surah Al-Kahf 18:1
၁။ မိမိ၏ ကျေးကျွန်တော်အား ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးသနားတော်ထသောအလ္လာဟ်အရှင်မြတ် သည် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူပါ၏။ အရှင်မြတ်သည် ထိုကျမ်းတော်၌ ကောက်ကျစ်စဉ်းလဲခြင်းတစုံတရာ ကို ထည့်ထားတော်မမူချေ။
Verse 2 — Surah Al-Kahf 18:2
၂။ အရှင်မြတ်အထံတော်မှ ပြင်းထန်သောအပြစ်ဒဏ်တော်အကြောင်းကို သတိပေးဖို့ရာသော်လည်းကောင်း၊ ကုသိုလ် ကောင်းမှုပွားများသောယုံကြည်သူတို့အား သူတို့သည် မွန်မြတ်သောဆုတော်ရကြမည့်အကြောင်း သတင်းကောင်း ပေးဖို့ရာသော်လည်းကောင်း၊ ကျမ်းတော်မြတ်ကို ဖြောင့်မတ်မှန်ကန်စေတော်မူ၏။
Verse 3 — Surah Al-Kahf 18:3
၃။ ထိုသူမြတ်တို့သည် ထိုဆုတော်၌ နေရကြလတ့ံ။
Verse 4 — Surah Al-Kahf 18:4
၄၊၅။ မိမိတို့မိဘဘိုးဘွားသော်လည်းကောင်း၊ သူတို့သော်လည်းကောင်း၊ မသိပဲလျက် အလ္လာဟ်အရှင်မြတ်သည် သားရတနာတပါးကို ရွေးကောက်ထားတော်မူ၏ဟု ဆိုသူတို့အား သတိပေးဆုံးမဖို့ရာ ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူ၏။ သူတို့နှုတ်မှ ထွက်သောစကားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ သူတို့သည် မုသားမှတပါး အခြားစကားကို မဆိုချေ။
Verse 5 — Surah Al-Kahf 18:5
၄၊၅။ မိမိတို့မိဘဘိုးဘွားသော်လည်းကောင်း၊ သူတို့သော်လည်းကောင်း၊ မသိပဲလျက် အလ္လာဟ်အရှင်မြတ်သည် သားရတနာတပါးကို ရွေးကောက်ထားတော်မူ၏ဟု ဆိုသူတို့အား သတိပေးဆုံးမဖို့ရာ ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူ၏။ သူတို့နှုတ်မှ ထွက်သောစကားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ သူတို့သည် မုသားမှတပါး အခြားစကားကို မဆိုချေ။
Verse 6 — Surah Al-Kahf 18:6
၆။ သို့ပါလျက် သူတို့သည် ဤဗျာဒိတ်တော်ကို မယုံကြည်လျှင် သူတို့၏ အပြုအမူကြောင့် သင်သည် မိမိဝိညာဉ်ကို ပူဆွေးခြင်းဖြင့် နှိပ်စက်ကောင်းနှိပ်စက်လတ့ံ။
Verse 7 — Surah Al-Kahf 18:7
၇။ မှတ်သားကြလော့။ သူတို့ကို စမ်းသပ်ဖို့ရာ ငါသည် ကမ္ဘာမြေကြီးပေါ် ရှိရှိသမျှတို့ကို ၎င်း၏ အဆင်အယင်အဖြစ် ဖြင့် စီရင်ထားတော်မူ၏။ သူတို့အထဲက အဘယ်သူသည် အကျင့်စာရိတ္တ၌ အကောင်းဆုံးဖြစ်သည်ကို သိရန် စုံစမ်းတော်မူ၏။
Verse 8 — Surah Al-Kahf 18:8
၈။ တဖန် မှတ်သားကြလော့။ ငါအရှင်မြတ်သည် မြေကြီးပေါ်ရှိရှိသမျှကို အသီးအပင်ကင်းမဲ့စေတော်မူမည်။ ကုန်းခေါင်ခေါင်ဖြစ်စေတော်မူမည်။
Verse 9 — Surah Al-Kahf 18:9
၉။ သို့မဟုတ် ဂူလှိုင်တောင်ခေါင်းကိန်းအောင်းလျက်ရှိသောလူမျိုးနှင့် ၎င်းတို့၏ ကျောက်စာကမ္ဗည်းတို့သည် ငါအရှင်မြတ်၏ သာဓကတော်များအနက် အ့ံဖွယ်တပါးဖြစ်သည်ဟု သင်ထင်မှတ်သလော။
Verse 10 — Surah Al-Kahf 18:10
၁ဝ။ လုလင်ပျိုတို့သည် လှိုင်ဂူထဲသို့ ထွက်ပြေး၍ အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ အရှင်၏ အထံတော်မှ အကျွနု်ပ် တို့အား ကောင်းကြီးမင်္ဂလာပေးသနားတော်မူပါ။ အကျွနု်ပ်တို့၏ ဆင်းရဲဒုက္ခ၌ အကျွနု်ပ်တို့အတွက် မှန်ကန်သော ကျင့်စဉ်ကို စီရင်ပေးသနားတော်မူပါဟု ဆုပန်ကြသောအခါ။
Verse 11 — Surah Al-Kahf 18:11
၁၁။ ငါအရှင်မြတ်သည် သူတို့၏ နားကို ဂူအတွင်း နှစ်ပေါင်းများစွာတံဆိပ်ခတ်နှိပ်ပိတ်ထားတော်မူ၏။
Verse 12 — Surah Al-Kahf 18:12
၁၂။ ထို့နောက်သူတို့နှစ်စုအနက် အဘယ်အစုသည် မိမိတို့လှိုင်ဂူထဲတွင် အချိန်မည်မျှကြာသည်ကို ကောင်းမွန်စွာ တွက်ချက်နိုင်သည်ကို သိတော်မူဖို့ရာ ငါသည် သူတို့ကို ပြန်ထစေတော်မူ၏။
Verse 13 — Surah Al-Kahf 18:13
၁၃။ အို-တမန်တော်၊ ငါသည် သူတို့၏ အကြောင်းအရာဝထ္ထုကို သင့်အား မှန်ကန်စွာဗျာဒိတ်ပေးတော်မူ၏။ မှတ်သားလော့၊ သူတို့သည် သူတို့၏ ကျေးဇူးတော်သခင်အား ယုံကြည်သောလုလင်ပျိုတို့ဖြစ်ကြ၏။ ငါသည် သူတို့အဖို့ လမ်းညွှန်ပြခြင်းကို တိုးပွားစေတော်မူ၏။
Verse 14 — Surah Al-Kahf 18:14
၁၄။ ထို့အပြင်သူတို့သည် မားမားရပ်၍ အကျွနု်ပ်တို့၏ အရှင်သခင်သည် မိုးမြေတို့၏ အရှင်သခင်ဖြစ်တော်မူပါ၏။ အရှင်မြတ်မှတပါး အခြားဘုရား၌ အကျွနု်ပ်တို့သည် ဆုမပန်ကြပါ။ ယင်းသို့ဆုပန်ကြပါလျှင် အကျွနု်ပ်တို့သည် အလွန်ဆိုးသွမ်းသောအဆိုကို ဆိုချေမည်ဟု မြွက်ဆိုသောအခါ ငါသည် သူတို့၏ စိတ်နှလုံးများကို တည်ကြည် ခိုင်မြဲစေတော်မူ၏။
Verse 15 — Surah Al-Kahf 18:15
၁၅။ သူတို့ဆက်လက်၍ ဆိုကြသည်မှာ အကျွနု်ပ်တို့၏ အမျိုးသားဖြစ်သောဤလူများသည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်ပြိုင်၍ ဘုရားတုများကို ဝပ်တွားရှိခိုးပူဇော်ကြ၏။ ယင်းအယူဝါဒအတွက် သူတို့သည် သူတို့အား သနားတော် မူသောအခိုင်အမာတစုံတရာမျှမယူခဲ့ကြချေ။ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မုသားစကားတီထွင်ပြောသူ ထက် သာလွန်မတရားပြုလုပ်သူသည် အဘယ်သူနည်း။
Verse 16 — Surah Al-Kahf 18:16
၁၆။ သင်တို့သည် ထိုသူတို့နှင့်တကွ အလ္လာဟ်အရှင်မြတ်မှတပါး သူတို့ကိုးကွယ်သောဘုရားတုများမှ ထွက်သွားသော အခါ လှိုင်ဂူထဲတွင် ခိုလှုံပုန်းအောင်းကြလော့၊ သင်တို့၏ အရှင်သခင်သည် မိမိ၏ ကောင်းကြီးမင်္ဂလာတော်ကို သင်တို့အဖို့အရာ ကျယ်ပြန့်စေတော်မူမည်။ သင်တို့၏ ဒုက္ခ၌ သင်တို့အဖို့ ချမ်းသာမှုကို စီစဉ်တော်မူမည်။
Verse 17 — Surah Al-Kahf 18:17
၁၇။ နေထွက်လာသောအခါ နေသည် သူတို့၏ လှိုင်ဂူမှ လက်ျာဘက်သို့ လှည့်သွားသည်ကိုသော်လည်းကောင်း၊ နေဝင်သောအခါ သူတို့ကို ကျော်လွန်၍ လက်ဝဲဘက်သို့ လှည့်သွားသည်ကိုသော် လည်းကောင်း၊ သင်မြင်ရလတ့ံ၊ သူတို့သည် လှိုင်ဂူ၏ ကျယ်ဝန်းသောအကွဲ၌ ရှိကြ၏။ ဤအကြောင်းအရာသည် အလ္လာဟ်၏ သာဓကတော်များ အနက် တပါးဖြစ်၏။ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းညွှန်ပြတော်မူ၏။ ထိုသူသည် လမ်းမှန် ညွှန်ပြခြင်းကို မုချခံရ၏။ ထိုသူအဖို့အရာ လမ်းပြအဆွေခင်ပွန်းတစုံတယောက်မျှ သင်ရှာတွေ့မည်မဟုတ်ချေ။
Verse 18 — Surah Al-Kahf 18:18
၁၈။ အကယ်၍ သင်သည် သူတို့ကို မြင်ရလျှင်၊ သူတို့အိပ်ပျော်နေသော်လည်း နိုးကြားသွားလာနေသည်ဟု ထင်မှတ်ရာ၏။ ငါသည် သူတို့အား ဘယ်လှဲ့ညာလှဲ့ကာ အိပ်စေတော်မူ၏။ သူတို့၏ ခွေးကား ဂူအဝ၌ လက် နှစ်ဖက်ကို ဖြန့်ခင်းဝပ်စင်းလျက်ရှိ၏။ အကယ်၍ သင်သည် သူတို့ကို ကျကျနနမြင်ရလျှင်၊ သင်သည် သူတို့ထံမှ မုချထွက်ပြေးလတ့ံ၊ သင်သည် သူတို့ကို အလွန်ထိတ်လန့်လတံ့။
Verse 19 — Surah Al-Kahf 18:19
၁၉။ ငါအရှင်မြတ်သည် ထိုသူတို့သည် တဦးနှင့်တဦးအဖြစ်သနစ်စိစစ်မေးမြန်းစေရန် အိပ်ရာမှ ယင်းသို့နိုးထစေတော် မူ၏။ သူတို့အနက် တယောက်သောသူက သင်တို့သည် ဤဂူတွင်း၌ အဘယ်မျှလောက်ကြာသနည်းဟု မေး၏။ သူတို့က တနေ့(သို့မဟုတ်)နေ့ဝက်လောက်ရှိပြီဟု ပြောကြ၏။ အခြားသူတို့က သင်တို့၏ အရှင်သခင်သည် သင်တို့အဘယ်မျှလောက်ကြာသည်ကို အသိဆုံးဖြစ်တော်မူ၏။ ယခုသင်တို့အထဲမှ တဦးဦးသောသူကို သင်တို့၏ ဤငွေဒင်္ဂါးနှင့် မြို့ထဲသို့ စေလွှတ်ပါ။ သူသည် မြို့တွင်း၌ သန့်ရှင်းမွန်မြတ်သောအစာအာဟာရတို့ကို ကြည့်ရှု ဝယ်ယူလာပါစေ၊ သူသည် သူတပါးနှင့်ယဉ်ကျေးစွာဆက်ဆံပါစေ။ သင်တို့အကြောင်းကို လူမသိပါစေလင့်။
Verse 20 — Surah Al-Kahf 18:20
၂၀။ အကြောင်းမူကား သူတို့သည် အသင်တို့ အကြောင်းကိုသိလျှင် ၊ သူတို့သည် သင်တို့ကို ခဲနှင့်ပစ်ခတ်ကြမည်၊ သို့မဟုတ် သင်တို့အား ၄င်းတို့၏ ဘာသာအယူဝါဒအတွင်း သို့ ပြန်သွတ်သွင်းကြမည်၊ ထိုအခါ သင်တို့သည် မည်သည့်အခါမှ ကြီးပွားကြမည် မဟုတ်ချေ။
Verse 21 — Surah Al-Kahf 18:21
၂၁။ ငါအသျှင်မြတ်သည် ယင်းကဲ့သို့လုလင်ပျိုတို့ကို မြို့သူမြို့သားတို့အား ပြသတော်မူူ၏။ အလ္လာဟ်အရှင်မြတ်၏ ကတိဗျာဒိတ်တော်သည် မှန်ကန်ကြောင်းနှင့် အချိန်တော်နှင့်စပ်လျဉ်း၍ ဒွိဟမရှိနိုင်ကြောင်းများကို သူတို့ သိစေခြင်းငှာ ငါသည် ယင်းကဲ့သို့လုလင်ပျိုတို့ကို ထိုမြို့သူမြို့သားတို့အား ပြသတော်မူ၏။ မြို့နေလူထုသည် ထိုလုလင်တို့အကြောင်းကို အချင်းချင်းငြင်းခုံပြောဆိုသောအခါ၊ အချို့သူတို့က လုလင်ပျိုတို့၏ လှိုင်ဂူပေါ်၌ အဆောက်အဦးကြီးတခုကို တည်ဆောက်ကြလော့၊ သူတို့၏ ကျေးဇူးတော်သခင်သာလျှင်၊ သူတို့အကြောင်းကို အသိဆုံးဖြစ်တော်မူ၏ဟု ဆိုကြ၏။ အငြင်းအခုံတွင် အနိုင်ရသူက အကျွနု်ပ်တို့သည် သူတို့အပေါ်ဆွလတ်ဝတ် ကျောင်းတော်တကျောင်းကို မုချတည်ဆောက်ကြအ့ံဟု ဆိုကြ၏။
Verse 22 — Surah Al-Kahf 18:22
၂၂။ အချို့သူတို့က သူတို့သည် သုံးယောက်ဖြစ်၏။ သူတို့၏ ခွေးမှာ စတုတ္ထဖြစ်၏။ အချို့က ငါးယောက်၊ သူတို့၏ ခွေးမှာ ဆဌမ၊ အချို့က ခုနှစ်ယောက်၊ သူတို့၏ ခွေးမှာ အဌမဟု အမျိုးမျိုးအဖုံဖုံရမ်းဆပြောဆိုကြ၏။ အို-တမန်တော် ပြောလော့။ အကျွန်ုပ်၏ ကျေးဇူးရှင်သခင်သာလျှင် သူတို့၏ အရေအတွက်ကို အသိဆုံးဖြစ်တော် မူပါ၏။ သူတို့အကြောင်းကို အနည်းငယ်သောသူတို့မှတပါး မည်သူမှ မသိချေ။ ထို့ကြောင့်သူတို့နှင့်စပ်လျဉ်း၍ အပေါ်ရိကငြင်းခုံခြင်းမှတပါး မငြင်းခုံကြလင့်။ သူတို့နှင့်စပ်၍ ပြတ်ပြတ်သားသားပြောဆိုရန် မည်သူကိုမျှ မမေးမမြန်းလင့်။
Verse 23 — Surah Al-Kahf 18:23
၂၃။ အို-တမန်တော်၊ အမှုကိစ္စတခုခုနှင့်စပ်လျဉ်း၍ အကျွနု်ပ်သည် ထိုကိစ္စကို နက်ဖြန်ဆောင်ရွက်မည်ဟု မဆိုလင့်။
Verse 24 — Surah Al-Kahf 18:24
၂၄။ အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင်၊ ဆောင်ရွက်ပါမည်ဟု ပြောလော့။ အဘယ်အခါမဆို သင် သည် ယင်းသို့တိုင်ကြားရမည်ကို သတိလစ်ခဲ့လျှင် သတိရသည်နှင့်တပြိုင်နက် သင်၏ အရှင်သခင်ကို အောက်မေ့တသလော့။ ထို့အပြင်အကျွနု်ပ်၏ ကျေးဇူးတော်သခင်သည် ဤသည်ထက် သစ္စာတရားတော်နှင့် သာလွန်နီးကပ်သောအရာသို့ အကျွနု်ပ်အား ညွှန်ပြတော်မူကောင်းမူလိမ့်မည်ဟု ပြောလော့။
Verse 25 — Surah Al-Kahf 18:25
၂၅။ ထို့အပြင်လုလင်ပျိုတို့သည် လှိုင်ဂူအတွင်း၌ နှစ်ပေါင်းသုံးရာအပေါင်းကို ကြာသည်ဟု ဆိုကြ၏။
Verse 26 — Surah Al-Kahf 18:26
၂၆။ အို-တမန်တော်၊ ဟောကြားလော့၊ သူတို့သည် အဘယ်မျှကြာသည်ကို အလ္လာဟ်အရှင်မြတ်အသိဆုံးဖြစ်တော် မူ၏။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်မမြင်နိုင်သောအရာခပ်သိမ်းတို့သည် အရှင်မြတ်၏ ဘဏ္ဍာတော်များ ဖြစ်ကြ၏။ အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူ၏။ အကြွင်းမဲ့မြင်တော်မူ၏။ အလ္လာဟ်အရှင်မြတ်မှတပါး ကာကွယ်စောင့်ရှောက်သူအဆွေခင်ပွန်း သူတို့၌ မရှိချေ။ အရှင်မြတ်သည် မိမိ၏ အချုပ်အခြာအာဏာတော်ကို မည်သူ့ကိုမှ ခွဲဝေပေးတော်မမူချေ။
Verse 27 — Surah Al-Kahf 18:27
၂၇။ ထို့အပြင် သင်၏ ကျေးဇူးတော်သခင်၏ ကျမ်းတော်မြတ်မှ သင့်အား ထုတ်ပြန်ချပေးသနားတော်မူသောဂါထာ တော်များကို ရွတ်ဖတ်လော့။ အရှင်မြတ်၏ ဗျာဒိတ်စကားတော်များကို ပြောင်းလဲနိုင်သူတစုံတယောက်မျှ မရှိချေ။ အလ္လာဟ်အရှင်မြတ်မှတပါး ခိုလှုံရာကို သင်သည် ရှာဖွေရနိုင်တော့မည်မဟုတ်ချေ။
Verse 28 — Surah Al-Kahf 18:28
၂၈။ အရှင်မြတ်၏ မျက်နှာတော်ကို ဖူးမြင်စိမ့်သောငှာ နေ့ညဉ့်အခါတွင် မိမိတို့၏ ကျေးဇူးတော်သခင်အား ဝတ်ပြု ပန်ထွာသူတို့နှင့်တကွ ခြိုးခြံစွာကျင့်လော့။ လောကီစည်းစိမ်ကို မက်မောပြီးလျှင် သင်သည် သူတို့ကို မမြင်ပဲ လစ်ဟင်းမသွားစေလင့်၊ ငါအရှင်မြတ်ကို သတိမရ မေ့လျော့သောသူ မိမိတဏှာရာဂအမှောင်အမိုက်ဆွဲရာသို့ တကောက်ကောက်လိုက်သူ အရှင်မြတ်စွန့်လွှတ်ခြင်းခံရသူ ဤသူယုတ်မာ၏ စကားကို သင်နားမထောင်လင့်။
Verse 29 — Surah Al-Kahf 18:29
၃၉။ အို-တမန်တော် ဟောကြားလော့၊ ဤကုရ်အာန်ကျမ်းတော်မြတ်သည် သင်တို့အားလုံး၏ ကျေးဇူးတော်သခင်ထံမှ တရားတော်ဖြစ်၏။ ထို့ကြောင့်ယုံကြည်လိုသူအား ယုံကြည်စေလော့။ မယုံကြည်လိုသူအားလည်း မယုံကြည် စေလော့။ မှတ်သားလော့။ ငါအရှင်မြတ်သည် မယုံကြည်သူတို့အဖို့ ငရဲမီးကို စီရင်ထာတော်မူ၏။ ငရဲမီးတံတိုင်း သည် သူတို့ကို ပတ်ဝိုင်းကာရံထား၏။ သူတို့သည် မိုးရေကို တောင်းသောအခါ သူတို့အပေါ်သို့ ကျိုက်ကျိုက် ဆူသောခဲရည်နှင့်တူသောအရည်ကို ရွာသွန်းစေတော်မူလတံ့၊ ထိုအရည်သည် မျက်နှာများကို လောင်ကျွမ်း၏။ ထိုသောက်ရည်သည် အတိဒုက္ခဖြစ်၏။ ထိုနေထိုင်ရာဌာနလည်း အလွန်ဆိုးဝါးယုတ်ည့ံလှ၏။
Verse 30 — Surah Al-Kahf 18:30
၃၀။ မှတ်သားကြလော့၊ ယုံကြည်မှုအားဖြင့် သုစရိုက်ကောင်းမှုများကို ပြုကျင့်သောသူတို့မှာမူကား ငါအရှင်မြတ်သည် ကုသိုလ်ကောင်းမှုပွားများသူ၏ ဆုကို ဘယ်သောအခါမှ ဆုံးရှုံးစေတော်မမူချေ။
Verse 31 — Surah Al-Kahf 18:31
၃၁။ ထိုသူတို့အဖို့အရာ သူတို့၏ ဗိမာန်များသည် နိဗ္ဗာန်ဥယျာဉ်တော်များဖြစ်ကြလတ့ံ။ ထိုဥယျာဉ်တော်အောက်တွင် မြစ်ချောင်းအသွယ်သွယ်စီးဆင်းလျက်ရှိကြ၏။ နိဗ္ဗာန်ဘုံတွင် သူတို့သည် ရွှေလက်ဝတ်တန်ဆာ၊ အလှဆုံးသော ပိုးဖဲဝတ်လုံတန်ဆာ ရွှေကြည်ပန်းထိုးထားသောအဝတ်တန်ဆာများကို ဝတ်ဆင်ကြရလတ့ံ။ သူတို့သည် ပလ္လင် ပေါ်များတွင် လှဲလျောင်းမွေ့လျော်စွာနေကြရလတ့ံ၊ ထိုဆုသည် ကောင်းမြတ်လှပေ၏။ ထိုဗိမာန်သည် ခန့်ငြား လှပေ၏။
Verse 32 — Surah Al-Kahf 18:32
၃၂။ သူတို့၏ ဥပမာကား လူနှစ်ယောက်၏ ဥပမာဖြစ်၏။ သူတို့အနက် တဦးအား ငါအရှင်မြတ်သည် သပျက်ဥယျာဉ် နှစ်ခုကို ပေး၏။ ထိုဥယျာဉ်များကို စွန်ပလွံပင်များနှင့် ဝိုင်းဝန်းထားတော်မူ၏။ ထိုဥယျာဉ်နှစ်ခုစပ်ကြားတွင် လယ်ယာကိုင်းကျွန်းတို့ကို စီရင်ထားတော်မူ၏။
Verse 33 — Surah Al-Kahf 18:33
၃၃။ ဥယျာဉ်နှစ်ခုစလုံးပင် အသီးအမျိုးမျိုးများစွာသီးကြ၏။ မသီးမပွင့်သောအပင်မရှိချေ။ ဥယျာဉ်စပ်ကြား၌ စိမ့်စမ်းရေ ကိုလည်း တထွေထွေစီးဆင်းစေတော်မူ၏။
Verse 34 — Surah Al-Kahf 18:34
၃၄။ ထို့ကြောင််သူ့မှာ အသီးအနှံပေါများကြွယ်ဝ၏။ သူသည် မိမိအဆွေခင်ပွန်းအား စကားဤသို့ပြော၏။ အကျွနု်ပ် သည် မိတ်ဆွေထက် သာလွန်ချမ်းသာကြွယ်ဝ၏။ အခြွေအရံလည်း များစွာရတတ်၏။
Verse 35 — Surah Al-Kahf 18:35
၃၅။ သူသည် မိမိကိုယ်ကို မိမိဤသို့ပြစ်မှားလျက် မိမိဥယျာဉ်ထဲသို့ ဝင်သွား၏။ သူက ဤဥယျာဉ်သည် ဘယ်သော အခါမှ ပျက်စီးပျောက်ကွယ်မည်ဟု အကျွနု်ပ်မယူဆချေ။
Verse 36 — Surah Al-Kahf 18:36
၃၆။ အချိန်တော်ကြီးသည် ဆိုက်ရောက်လာမည်ဟု အကျွနု်ပ်မထင်ချေ။ အကယ်၍အကျွနု်ပ်အား မိမိအရှင်သခင် အထံတော်သို့ တဖန်အမှန်ပင်ယူဆောင်ခဲ့ပါလျှင် အကျွနု်ပ်သည် ဤဥယျာဉ်ထက် သာယာမွေ့လျော်ဖွယ်သော ဌာနကို အမှန်တွေ့ရလတ့ံဟု ဆို၏။
Verse 37 — Surah Al-Kahf 18:37
၃၇။ သူသည် သူ၏ အဆွေခင်ပွန်းနှင့်ပြောဆိုနေစဉ် ထိုအဆွေခင်ပွန်းက သင့်ကို မြေမှုန့်မှ ထို့နောက်မျိုးစေ့တစေ့မှ ဖန်ဆင်းတော်မူသော၊ ထို့နောက်လူသားဖြစ်စေတော်မူသောအလ္လာဟ်အရှင်မြတ်ကို သင်သည် မယုံကြည် သလော။
Verse 38 — Surah Al-Kahf 18:38
၃၈။ သို့သော်အရှင်မြတ်သည် အကျွနု်ပ်၏ အရှင်သခင်ဖြစ်တော်မူပါ၏။ အကျွနု်ပ်သည် မိမိ၏ ကျေးဇူးတော်သခင်အား ဖက်စပ်သူမပေးချေ။
Verse 39 — Surah Al-Kahf 18:39
၃၉။ သင်သည် မိမိဥယျာဉ်အတွင်းသို့ ဝင်သောအခါ အလ္လာဟ်အရှင်မြတ်၏ အလိုတော်အတိုင်းဖြစ်ပျက်ရမည် သာတည်း။ အရှင်မြတ်မှတပါး အခြားအရာ၌ ခွန်အားဗလမရှိချေဟု သင်ပြောဆိုလျှင် ကောင်းလေစွ၊ ဥစ္စာပစ္စည်း သားသမီးအခြွေအရံတွင် အကျွနု်ပ်သည် သင့်ထက် နည်းပါးသည်ဟု သင်မြင်သော်လည်း။
Verse 40 — Surah Al-Kahf 18:40
၄၀။ အကျွနု်ပ်၏ ကျေးဇူးတော်သခင်သည် အကျွနု်ပ်အား သင်၏ ဥယျာဉ်ထက်သာသောအရာဝထ္ထုကို ပေးကောင်း ပေးတော်မူလတ့ံ။ သင်၏ ဥယျာဉ်ပေါ်သို့ မိုးကြိုပစ်ချကောင်းပစ်ချတော်မူလတ့ံ။ တခုသောနံနက်တွင် သင်၏ ဥယျာဉ်သည် ပျက်ပြုန်းကြေမွ၍ တောင်ကုန်းပြောင်ပြောင်ဖြစ်သွားကောင်းဖြစ်သွားလတ့ံ။
Verse 41 — Surah Al-Kahf 18:41
၄၁။ သို့မဟုတ် တခုခုသောနံနက်တွင် သင့်ဥယျာဉ်၏ စိမ့်စမ်းသွေ့ခြောက်ပျောက်ကွယ်သွား၍ ရေကြောင်းကို ရှာမတွေ့နိုင်ဖြစ်ကောင်းဖြစ်လတ့ံဟု ဆို၏။
Verse 42 — Surah Al-Kahf 18:42
၄၂။ ထို့နောက်ဥယျာဉ်ရှင်၏ အသီးအနှံများသည် ပျက်စီးခြင်းမက ပျက်စီးသွား၏။ ၎င်းတို့သည် ၎င်း၏ စင်များပေါ် ကျနေသည်ကို မြင်သောအခါ၊ ဥယျာဉ်ရှင်သည် မိမိဥယျာဉ်အတွက် ကုန်ကျသောစရိတ်ကြေးငွေအားလုံးအတွက် လက်နှစ်ဖက်ကို ပွတ်တိုက်၍၊ လောင်မြိုက်သောစိတ်ဒုက္ခဖြင့် ယူကြံုးမရဖြစ်စပြု၏။ ထိုသူက အကျွနု်ပ်သည် မိမိ၏ အရှင်သခင်နှင့်ဖက်စပ်သူမထားခဲ့လျှင် တော်လေစွဟု ပြောဆို၏။
Verse 43 — Surah Al-Kahf 18:43
၄၃။ ထို့အပြင်ထိုသူ၌ အရှင်မြတ်မှ သူ့ကို ကူညီရိုင်းပင်းမည့်စစ်သည်ဗိုလ်ပါမရှိချေ။ သူသည် မိမိကိုယ်ကို မိမိ မကယ်နိုင်ချေ။
Verse 44 — Surah Al-Kahf 18:44
၄၄။ ဤကိစ္စ၌ စောင့်ရှောက်ခြင်းသည် အမှန်တည်ရှိတော်မူထသောအလ္လာဟ်အရှင်မြတ်အထံတော်မှသာဖြစ်၏။ အရှင်မြတ်သည် ဆုလာဘ်ပေးသူ၊ အောင်မြင်ခြင်းပေးသူတို့အပေါင်း၏ အထွဋ်အခေါင်ဖြစ်တော်မူ၏။
Verse 45 — Surah Al-Kahf 18:45
၄၅။ ငါအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေရွာသွန်းစေတော်မူ၏။ မြေပေါ်ရှိ သစ်ပင်ပန်းမန်စသည်တို့သည် ထိုရေကို စုပ်ယူ၍ စိမ်းစိမ်းစိုစိုကြီးရှင်သန်စွမ်းလာ၏။ များမကြာမီသစ်ပင်များလည်း သွေ့ခြောက်သွားပြီးလျှင် လေတိုက်တိုင်း လွင့်စင်သွားသောသစ်ခက်ခြောက်များဖြစ်သွား၏။ ဤမျက်မှောက်ဘဝသည် ယင်းမိုးရေပမာ ဖြစ်ကြောင်းဥပမာကို သင်တမန်တော်သည် သူတို့အား တင်ပြလော့။
Verse 46 — Surah Al-Kahf 18:46
၄၆။ ဥစ္စာပစ္စည်း၊ သားသမီအခြွေအရံသည် ဤလောကဘဝ၏ တန်ဆာပလာသာဖြစ်၏။ သို့သော်တာရှည်ခိုင်မြဲသော ကုသိုလ်ကောင်းမှုများသာလျှင် သင်၏ ကျေးဇူးတော်သခင်၏ မျက်မှောက်တော်ဝယ် သာလွန်မွန်မြတ်၏။ မျှော်လင့်ခြင်းအတွက်လည်း သာလွန်ကောင်းမွန်၏။
Verse 47 — Surah Al-Kahf 18:47
၄၇။ ငါအရှင်မြတ်သည် တောင်ကြီးတောင်ငယ်များကို ဖယ်ရှား၍ ကမ္ဘာမြေကြီးသည် ဟင်းလင်းပကတိရှိနေသည်ကို သင်မြင်ရသောနေ့တော်ကြီးအကြောင်းကို ဆင်ခြင်တွေးတောလော့။ ထိုနေ့တော်ကြီး၌ လူသားတစုံတယောက်မျှ မကြွင်းမကျန်အောင် ငါသည် သူတို့အားလုံးကို စုရုံးတော်မူ၏။
Verse 48 — Surah Al-Kahf 18:48
၄၈။ ထို့အပြင်သူတို့ကို သင်၏ ကျေးဇူးတော်သခင်ရှေ့တော်ဝယ် အဆင့်အတန်းအလိုက် စီတန်းစေတော်၏။ ယခု မူကား မောင်မင်းတို့သည် ငါအရှင်မြတ်အစကနဦးတွင်ဖန်ဆင်းတော်မူသကဲ့သို့ ငါ၏ ရှေ့တော်သို့ မုချအမှန် ရောက်ကြချေပြီ၊ သို့သော်မောင်းမင်းတို့က ဤတွေ့ဆုံမှုကို မောင်မင်းတို့အတွက် ငါသတ်မှတ်ထားသည်ဟု မထင်ကြချေဟု ဗျာဒိတ်ပေးတော်မူ။
Verse 49 — Surah Al-Kahf 18:49
၄၉။ ထို့အပြင်စာရင်းစာအုပ်ကြီးကို တင်ပြထားတော်မူ၏။ ဒုစရိုက်ကောင်များသည် ထိုစာအုပ်ကြီးတွင်ပါရှိသော အခြင်းအရာများကြောင့် ကြောက်ရွံ့တုန်လှုပ်နေသည်ကို သင်မြင်ရ၏။ ထို့အပြင်သူတို့က ဤစာရင်းစာအုပ် ကြီး၌ ပြုကျင့်မှုအသေးအကြီး၊ တစုံတခုမျှမကျန်အလုံးစုံကို မှတ်ပုံတင်ထား၏။ အဘယ်ကဲ့သို့ စာအုပ်ပါနည်းဟု ညည်းညူမြည်တမ်းကြ၏။ ထို့အပြင်မိမိတို့ပြုကျင့်ခဲ့သောအမှုအခင်းအားလုံးသည် သူတို့အား မျက်နှာချင်းဆိုင် နေသည်ကို သူတို့တွေ့ရကြလတ့ံ။ သင်၏ ကျေးဇူးတော်သခင်သည် မည်သူ့ကိုမှ မတရားပြုတော်မမူချေ။
Verse 50 — Surah Al-Kahf 18:50
၅၀။ ထို့အပြင်ငါအရှုင်မြတ်သည် ကောင်းကင်တမန်တော်များအား သင်တို့သည် အာဒမ်ရှေ့ဝယ်ဝပ်တွား၍ အရိုအသေ ပြုကြလော့ဟု ဗျာဒိတ်ပေးတော်မူသည်။ မှတ်သားလော့၊ အီဗလစ်မှတပါး၊ ခပ်သိမ်းကုန်သောကောင်းကင် တမန်တော်တို့သည် ဝပ်တွားဦးညွတ်ချကြ၏။ သူသည် ဂျင်နတ်သားအမျိုးအနွယ်မှ ဖြစ်၏။ ထို့ကြောင့်သူသည် မိမိ၏ အရှင်သခင်၏ ဗျာဒိတ်တော်ကို ထောင်ထား၏။ ရှိုင်တန်မာရ်နတ်သည် သင်တို့၏ ရန်သူကြီးဖြစ်ငြား သော်လည်း သင်တို့သည် သူနှင့်သူ၏ အဆက်အနွယ်တို့ကို ငါအရှင်မြတ်အစား ကာကွယ်စောင့်ရှောက်သည့် မိတ်ဆွေခင်ပွန်းအဖြစ်ဖြင့်၊ ရွေးချယ်တင်မြှောက်ကြမည်လော။ ပြစ်မှုကျူးလွန်သူများအတွက် ယင်းလဲလှယ်မှု သည် အတိဒုက္ခသာတည်း။
Verse 51 — Surah Al-Kahf 18:51
၅၁။ ငါသည် မိုးမြေနှင့်ရှိုင်တန်မာရ်နတ်တို့ကို ဖန်ဆင်းတော်မူသောအခါလည်းကောင်း၊ သူတို့အား အသိသက်သေ များဖြစ်စေတော်မမူချေ။ သို့မဟုတ် လမ်းမှားပြသူတို့ကို ငါ့အား ကူညီဖို့ရာ ရွေးချယ်တော်မမူချေ။
Verse 52 — Surah Al-Kahf 18:52
၅၂။ နေ့တော်ကြီးကို သတိကောင်းစွာထားကြလော့။ ထိုနေ့တော်ကြီး၌ ဟယ်-မိစ္ဆာမိုက်တို့၊ မောင်မင်းတို့သည် ငါ့အတွက် ဖန်တီးသောသူ၏ ဖက်စပ်များတို့အား ခေါ်ကြလော့ဟု အရှင်မြတ်ဗျာဒိတ်ပေးတော်မူလတ့ံ၊ ထိုအခါ သူတို့သည် မိမိတို့ဘုရားတုများအား ကျယ်စွာဆုတောင်းကြလတ့ံ။ သို့သော်ထိုဘုရားယောင်များသည် သူတို့၏ ဆုတောင်းပဌာနကို ကြားကြမည်မဟုတ်ချေ။ သူတို့အလယ်ကြားတွင် ငါသည် အပြစ်ဒဏ်ပင်လယ်ကွေ့ကြီးကို စီရင်ထားတော်မူလတ့ံ။
Verse 53 — Surah Al-Kahf 18:53
၅၃။ ထို့အပြင်အပြစ်ရှိသူများသည် ငရဲမီးကို မျက်ဝါးထင်ထင်မြင်ရကြ၏။ ထိုငရဲထဲသို့ ဆင်းရတော့မည်ကို သိကြ၏။ ငရဲမှ လွတ်ရာလမ်းကို မတွေ့နိုင်ကြချေ။
Verse 54 — Surah Al-Kahf 18:54
၅၄။ အကယ်စင်စစ် ငါသည် ဤကုရ်အာန်ကျမ်းတော်မြတ်၌ လူသားတို့အဖို့ ဥပမာအမျိုးမျိုးအဖုံဖုံကို တင်ပြထားတော် မူ၏။ သို့ငြားသော်လည်းလူသားသည် အရာခပ်သိမ်းတို့၌ အငြင်းအသန်ဆုံးဖြစ်၏။
Verse 55 — Surah Al-Kahf 18:55
၅၅။ လူသားအပေါင်းတို့၌ မိမိတို့ထံသို့ လမ်းညွှန်တော်ကျရောက်သောအခါ ယုံကြည်မှုမှသော်လည်းကောင်း၊ မိမိ၏ အရှင်သခင်အထံတော်၌ အပြစ်လွှတ်တာ်မူရန် ဆုတောင်းခြင်းမှသော်လည်းကောင်း၊ သူတို့ကို မည်သည့်တစုံ တခုမျှမတားမြစ်ကြချေ။ သို့သော်သူတို့သည် ရှေးလူဟောင်းတို့ရသောစီရင်ချက်တော် သူတို့အပေါ်ဆိုက်ရောက် ခြင်းကိုလည်းကောင်း၊ သူတို့သည် အပြစ်ဒဏ်တော်နှင့်ရင်ဆိုင်ရခြင်းကိုလည်းကောင်း၊ လိုလားကြဟန်တူသည်။
Verse 56 — Surah Al-Kahf 18:56
၅၆။ ငါသည် တမန်တော်များကို သတင်းကောင်းနှင့် သတိစကားယူဆောင်လာသူများအဖြစ်ဖြင့်မှတပါး၊ အခြားအဖြစ် ဖြင့် စေလွှတ်တော်မူသည်မဟုတ်ချေ၊ မယုံကြည်သူတို့သည် သစ္စာတရားတော်ကို မိစ္ဆာအယူဝါဒနှင့်ခုခံတိုက်ခိုက် ကြ၏။ သူတို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် သူတို့ခြိမ်းခြောက်ခြင်းခံရသောအရာများကို ပြောင်လှောင်စရာ ဟု ထင်မှတ်ကြ၏။
Verse 57 — Surah Al-Kahf 18:57
၅၇။ အကြင်သူသည် မိမိ၏ ကျေးဇူးတော်သခင်၏ ပညတ်တရားတော်များကို ကြားနာရပြီးနောက်၊ တရားတော် ကို ကျောပေး၍ နောင်တမလွန်ဘဝသို့ မိမိတင်ကြိုပို့ထားနှင့်သောအပြုအကျင့်များကို သတိမေ့လျော့နေအ့ံ၊ ထိုသူထက် မကောင်းမှုကို အဘယ်သူသာလွန်ပြုကျင့်သနည်း။ မှတ်သားကြလော့။ ဤလူမိုက်တို့သည် နားမလည်နိုင်အောင်၊ သူတို့၏ စိတ်နှလုံးကို ငါအရှင်မြတ်သည် အမြှေး၊ အကာနှင့်ဖုံးလွှမ်းထားတော်မူ၏။ သူတို့၏ နားကိုလည်း ပင်းစေတော်မူ၏။ ထို့ကြောင့်သင်သည် သူတို့အား လမ်းညွှန်တော်ဘက်သို့ ခေါ်သော် လည်း သူတို့ကို လမ်းပြ၍ ရမည်မဟုတ်ချေ။
Verse 58 — Surah Al-Kahf 18:58
၅၈။ သင်၏ အရှင်သခင်သည် အပြစ်လွှတ်တော်မူထသောအရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။ အကယ်၍အရှုင်မြတ်သည် သူတို့အား ၎င်းတို့၏ ပြုကျင့်မှုကြောင့် ဆိုဆုံးမတော်မူခဲ့ပါလျှင်၊ အရှင်မြတ်သည် သူတို့၏ ပျက်စီးခြင်းကို ဆောလျင်စွာစေတော်မူလိမ့်မည်။ သို့သော်သူတို့အား အချိန်သတ်မှတ်ပေးထားတော်မူ၏။ ထိုချိန်းချက်ထားသောအချိန်ကို သူတို့ရှောင်နိုင်မည်မဟုတ်ချေ။
Verse 59 — Surah Al-Kahf 18:59
၆၉။ ထိုမြို့ရွာနယ်ပယ်အားလုံး ၎င်းတို့သည် မကောင်းမှုဒုစရိုက်ကို ကျူးလွန်သောအခါ ငါအရှင်မြတ်သည် ၎င်းတို့ကို ဖျက်ဆီးပစ်တော်မူ၏။ ငါသည် ၎င်းတို့ကို ဖျက်ဆီးဖို့အတွက် အချိန်သတ်မှတ်ထားတော်မူ၏။
Verse 60 — Surah Al-Kahf 18:60
၆၀။ တမန်တော်မူစာသည် မိမိ၏ အခိုင်းအစေအား မြစ်နှစ်သွယ်တွေ့ဆုံပူးပေါင်းရာဌာနသို့ မရောက်မခြင်း၊ ငါသည် နှစ်ပေါင်းများလှစွာသွားရသော်လည်း၊ ငါလက်လျှော့မည်မဟုတ်ဟု ပြောသောအခါ။
Verse 61 — Surah Al-Kahf 18:61
၆၁။ ထို့အပြင်သူတို့သည် မြစ်နှစ်သွယ်ဆုံရာဌာနသို့ ရောက်ရှိသောအခါ သူတို့သည် မိမိတို့၏ ငါးကို မေ့လျော့နေ ကြ၏။ ငါးလည်း လွတ်မြောက်ခြင်းကြောင့် ရေထဲသို့ ခုန်ဆင်းသွား၏။
Verse 62 — Surah Al-Kahf 18:62
၆၂။ ထို့အပြင်သူတို့သည် ရှေ့သို့သွား၍ အတန်ငယ်ရောက်ရှိသောအခါ သူက အခိုင်းအစေအား ငါတို့နံနက်စာကို ယူခဲ့လော့။ အမှန်ပင်ငါတို့သည် ဤခရီး၌ မောပန်းချေပြီဟု ဆို၏။
Verse 63 — Surah Al-Kahf 18:63
၆၃။ ထိုအခါ အို-အရှင်၊ အရှင်မြင်ပါသလော။ အကျွန်ုပ်တို့ကျောက်တုံးကြီးပေါ်တွင်ခိုလှုံနေသောအခါ၊ အကျွနု်ပ်သည် ငါးကို မေ့လျော့သွားပါ၏။ ဤအကြောင်းကို အရှင်အား လျှောက်ထားရန် ရှိုင်တန်မာရ်နတ်မှတပါး အခြား မည်သူမျှ အကျွနု်ပ်ကို သတိလစ်စေမည်မဟုတ်ပါ။ ငါးသည် ရေထဲသို့ အ့ံဖွယ်သရတပါးအားဖြင့် ခုန်ဆင်းသွား လေ၏။
Verse 64 — Surah Al-Kahf 18:64
၆၄။ တမန်တော်မူစာက ဤနေရာသည် ငါတို့ရှာမှီးနေသောနေရာတည်းဟု ဆို၏။ ထို့ကြောင့်သူတို့သည် မိမိတို့လာခဲ့ သောလမ်းအတိုင်း ပြန်လာကြ၏။
Verse 65 — Surah Al-Kahf 18:65
၆၅။ ထိုအခါသူတို့သည် ငါ့အထံတော်မှ ကောင်းကြီးမင်္ဂလာတော်နှင့် အသိဉာာဏ်ပညာတို့ဖြင့် ငါချီးမြှောက်တော်မူသော ငါ၏ ကျေးကျွန်တယောက်ကို တွေ့ကြ၏။
Verse 66 — Surah Al-Kahf 18:66
၆၆။ တမန်တော်မူစာက ထိုသူအား သင့်အား သင်ပေးတော်မူသောကျင့်စဉ်အမှန်ကို အကျွန်ုပ်အား သွန်သင်ပြပေးရန်၊ အကျွနု်ပ်သည် သင်၏ နောက်သို့ လိုက်ပါရစေဟု တောင်းပန်၏။
Verse 67 — Surah Al-Kahf 18:67
၆၇။ ထိုသူက မှတ်သားလော့။ သင်သည် အကျွနု်ပ်ကို သည်းခံနိုင်မည်မဟုတ်ချေ။
Verse 68 — Surah Al-Kahf 18:68
၆၈။ သင်ဉာာဏ်မမှီနိုင်သောအရာကို သင်သည် အဘယ်သို့သည်းခံနိုင်ပါအ့ံနည်းဟု ပြော၏။
Verse 69 — Surah Al-Kahf 18:69
၆၉။ တမန်တော်မူစာက အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် သင်သည် အကျွနု်ပ်အား သည်းခံသူအဖြစ်နှင့်ပင် တွေ့မြင်ရလတ့ံ။ အကျွနု်ပ်ကား မည်သည့်အရာ၌မဆို သင်၏ အမိန့်ကို ငြင်းဆန်မည်မဟုတ်ပါဟု ဆို၏။
Verse 70 — Surah Al-Kahf 18:70
၇၀။ ထိုအခါသူက အကယ်၍သင်သည် အကျွနု်ပ်နောက်သို့ လိုက်လာလျှင် မည်သည့်အကြောင်းကိုမဆို သင့်အား အကျွနု်ပ်မပြောသမျှကာလပတ်လုံး သင်သည် ထိုအကြောင်းနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းမပြုနှင့်ဟု ဆို၏။
Verse 71 — Surah Al-Kahf 18:71
၇၁။ ထို့နောက်သူတို့နှစ်ဦးသည် ခရီးဆက်ဆက်သွားကြ၏။ သူတို့သည် သင်္ဘောတစင်းထဲသို့ ရောက်သောအခါ၊ သူသည် လှေသင်္ဘောတွင် အပေါက်တပေါက်ဖောက်ထွင်း၏။ ထိုအခါမူစာက သင်္ဘောရှိ လူများနစ်မြုပ်စေရန် လှေသင်္ဘောတွင် အပေါက်ဖောက်သလော၊ သင်သည် အလွန်ဆိုးဝါးသောအလုပ်တခုကို ပြုလုပ်ခဲ့ဘိတကား ဟု ပြော၏။
Verse 72 — Surah Al-Kahf 18:72
၇၂။ ထိုသူက သင်သည် အကျွနု်ကို လျစ်လျူရှုနေနိုင်မည်မဟုတ်ဟု သင့်အား အကျွနု်ပ်မပြောခဲ့ဘူးလားဟု ဆို၏။
Verse 73 — Surah Al-Kahf 18:73
၇၃။ မူစာက အကျွနု်ပ်သတိမေ့လျော့ပါ၏။ စိတ်မဆိုးပါနှင့်၊ အကျွနု်ပ်အပြစ်ကြောင့် အကျွနု်ပ်အပေါ်တွင် မရက်စက်ပါ နှင့်ဟု တောင်းပန်၏။
Verse 74 — Surah Al-Kahf 18:74
၇၄။ ထို့နောက်သူတို့နှစ်ဦးခရီးဆက်လက်သွားပြန်၏။ သူတို့သည် လုလင်ပျိုတယောက်ကို တွေ့သောအခါ ထိုလုလင် ပျိုကို ထိုသူသည် သတ်ဖြတ်၏။ မူစာသည် သူ့အား ဘာလဲ၊ သူတပါးကို မသတ်ဖြတ်သောအပြစ်ကင်းသူတဦး အား သင်သတ်ဖြတ်သလော။ အမှန်မှာ သင်သည် အလွန်ကြောက်မက်ရွံရှာဖွယ်ကောင်းသောအမှုကို ကျူးလွန် ဘိတကားဟု ပြစ်တင်ပြောဆို၏။
Verse 75 — Surah Al-Kahf 18:75
၇၅။ ထိုအခါထိုသူက သင်သည် အကျွနု်ပ်ကို လျစ်လျူရှုနေနိုင်မည်မဟုတ်ဟု အကျွနု်ပ်မပြောခဲ့ဘူးလောဟု မေးမြန်း ၏။
Verse 76 — Surah Al-Kahf 18:76
၇၆။ မူစာသည် သူ့အား ဤမှ ရှေ့ကို သင့်အား အကျွနု်ပ်တစုံတခုမေးပါလျှင် အကျွနု်ပ်ကို အာဘော်မပြုပဲ ခရီး ခွဲထွက်သွားပါ၊ သင်သည် ခွဲသွားဖို့ရာ အကြောင်းအခွင့်ကို အကျွနု်ပ်ထံမှ ရရှိပါပြီဟု ဆို၏။
Verse 77 — Surah Al-Kahf 18:77
၇၇။ ထို့နောက် သူတို့သည် ခရီးဆက်လက်သွားပြန်ရာ မြို့နယ်တခုတွင် နေထိုင်သူတို့ထံသို့ ရောက်ရှိလာကြ၏။ သူတို့အစားအစာတောင်းကြ၏။ သို့သော်မြို့သူမြို့သားတို့က သူတို့ကို လက်မခံ၊ ဧည့်ဝတ်ကို မပြုကြချေ။ ထိုအရပ်ဒေသတွင် မြို့ရိုးတံတိုင်းတခုပြိုကျတော့မည်ကို သူတို့တွေ့ကြ၏။ ထိုသူသည် ထိုတံတိုင်းကို ပြန်ပြင်၏။ ထိုအခါ မူစာက သင်အလိုရှိပါလျှင် သင်၏ လုပ်ခကို တောင်းနိုင်၏ဟု ပြော၏။
Verse 78 — Surah Al-Kahf 18:78
၇၈။ ထိုအခါထိုသူက ဤနေရာမှ သင်နှင့်အကျွနု်ပ်ခွဲကြစို့၊ သင်သည် သည်းခံပြီး စောင့်၍ မကြည့်နိုင်သောအဖြစ် အပျက်များ၏ အဓိပ္ပါယ်ကို အကျွနု်ပ်သည် သင့်အား ရှင်းလင်းပြအ့ံ။
Verse 79 — Surah Al-Kahf 18:79
၇၉။ လှေသင်္ဘောအကြောင်း၊ ၎င်းသင်္ဘောသည် မြစ်ပေါ်တွင် သွားလာလုပ်ကိုင်နေသောဆင်းရဲသားများ၏ ပစ္စည်း ဖြစ်၏။ သူတို့၏ ရှင်ဘုရင်သည် သင်္ဘောတိုင်းသည် အဓမ္မသိမ်းယူနေသောကြောင့်၊ ထိုသင်္ဘောကို အကျွနု်ပ် ထိုးဖောက်ခဲ့ကြ၏။
Verse 80 — Surah Al-Kahf 18:80
၈၀။ လုလင်ပျိုအကြောင်း၊ သူ၏ မိဘတို့သည် ယုံကြည်သူများဖြစ်ကြ၏။ သူသည် မိဘတို့အား ပုန်ကန်ခြင်းဖြင့် သော်လည်းကောင်း၊ မိစ္ဆာအယူဝါဒတို့ဖြင့်သော်လည်းကောင်း၊ ညှင်းပန်းနှိပ်စက်မည်ကို အကျွနု်ပ်တို့ကြောက်ရွံ့ ကြ၏။
Verse 81 — Surah Al-Kahf 18:81
၈၁။ ထို့အပြင် ထိုလုလင်၏ မိဘတို့အား ၎င်းတို့၏ ကျေးဇူးတော်သခင်သည် သူထက်သာလွန်သန့်ရှင်းစင်ကြယ်၊ သနားကြင်နာတတ်သောသားကောင်းနှင့် သူ့ကို အစားထိုးဖို့ရာကို အကျွနု်ပ်တို့လိုလား၏။
Verse 82 — Surah Al-Kahf 18:82
၈၂။ အုတ်တံတိုင်းအကြောင်း၊ ၎င်းတံတိုင်းသည် မြို့တွင်းရှိ မိဘမရှိသောသူငယ်နှစ်ယောက်၏ ပစ္စည်းဖြစ်၏။ ထိုတံတိုင်းအောက်တွင် ရွှေငွေရတနာမြှုပ်ထား၏။ ထိုရတနာမှာ သူတို့၏ ပစ္စည်းဖြစ်၏။ သူတို့၏ ဖခင်မှာ သူတော်ကောင်းဖြစ်၏။ ထို့ကြောင့်သင့်ကို ဖန်ဆင်းမွေးမြူတော်မူထသောကျေးဇူးတော်သခင်သည် သူတို့ကြီးပြင်း ၍ အရွယ်ရောက်ခြင်းကို လိုလားတော်မူ၏။ သူတို့သည် ထိုရွှေငွေရတနာကို သူတို့၏ ကျေးဇူးတော်သခင် ထံတော်မှ ကောင်းကြီးမင်္ဂလာတော်တပါးအဖြစ်ဖြင့် တူးဖော်သိမ်းယူခြင်းကိုလည်း လိုလားတော်မူ၏။ အကျွနု်ပ် သည် ဤအလုပ်များကို မိမိစိတ်အလိုအလျောက်လုပ်သည်မဟုတ်။ သင်စိတ်ရှည်စွာစောင့်၍ မကြည့်နိုင်သော အဖြစ်အပျက်များ၏ အကြောင်းများသည် ယင်းသို့တည်းဟု ပြောပြ၏။
Verse 83 — Surah Al-Kahf 18:83
၈၃။ အို-တမန်တော်၊ မိစ္ဆာမိုက်တို့သည် သင့်အား ဇူလ်ကရ်နိုင်မင်း၏ အကြောင်းကို မေးမြန်းကြလတ့ံ။ သင်သည် သူတို့အား အကျွနု်ပ်သည် ထိုမင်း၏ အကြောင်းကို ပြောကြားလတ့ံဟု ပြောလော့။
Verse 84 — Surah Al-Kahf 18:84
၈၄။ မှတ်သားကြလော့၊ ငါအရှင်သည် ထိုမင်းအား ကမ္ဘာမြေပေါ်ဝယ် တန်ခိုးအရှိန်ကြီးမားစေတော်မူ၏။ အထူးထူး သောအရာသို့ လမ်းတခုကို ပေးသနားတော်မူ၏။
Verse 85 — Surah Al-Kahf 18:85
၈၅။ ထိုဇူလ်ကရ်နိုင်မင်းသည် လမ်းတခုကို လိုက်လျှောက်သွားလေ၏။
Verse 86 — Surah Al-Kahf 18:86
၈၆။ ထိုမင်းသည် နေဝင်ရာအရပ်သို့ ရောက်၏။ နေသည် ရွှံ့နစ်အိုင်တခုတွင်း ဝင်သွားသည်ကို သူမြင်ရ၏။ထိုရွှ့ံ အိုင်၏ အနီးအပါး၌ လူတသင်းကို တွေ့မြင်ရ၏။ ငါအရှင်မြတ်က အို-ဇွတ်ကရ်နိုင်၊ သင်သည် သူတို့အား အပြစ်ပေးခြင်းကိုသော်လည်းကောင်း၊ သနားကြင်နာခြင်းကိုသော်လည်းကောင်း၊ ပြုလုပ်လော့ဟု ဗျာဒိတ်ချ တော်မူ၏။
Verse 87 — Surah Al-Kahf 18:87
၈၇။ သူက မတရားမှုကို ပြုကျင့်သူအား အကျွနု်ပ်အပြစ်ခတ်ပါမည်၊ ထို့နောက်ထိုသူသည် သူ၏ ကျေးဇူးတော်သခင် ထံ ပြန်ယူခဲ့ခြင်းခံရပါမည်၊ အရှင်မြတ်သည် ထိုသူအား ကြီးမားသောအပြစ်ဒဏ်ခတ်နှိပ်တော်မူပါမည်ဟု တင်လျှောက်၏။
Verse 88 — Surah Al-Kahf 18:88
၈၈။ သို့သော် ယုံကြည်၍ မှန်ကန်မှုကို ပြကျင့်သောမှာမူကား သူ၏ ဆုလာဘ်သည် မွန်မြတ်လတ့ံ။ ငါအရှင်မြတ်သည် သူ့အား နာခံဆောင်ရွက်လွယ်သောဗျာဒိတ်တော်ကို ပေးတော်မူလတ့ံ။
Verse 89 — Surah Al-Kahf 18:89
၈၉။ ထို့နောက် သူသည် လမ်းတခုကို လျှောက်သွား၏။
Verse 90 — Surah Al-Kahf 18:90
၉၀။ ထိုအခါ သူသည် နေထွက်ရာအရပ်သို့ ရောက်ရှိ၏။ နေသည် လူတသင်းအပေါ်တွင် ထွက်နေသည်ကို သူ တွေ့မြင်ရ၏။ ထိုလူများအား နေ၏ အပူရှိန်မှ အကာအကွယ်ခိုလှုံရာကို ငါအရှင်မြတ်ပေးတော်မမူချေ။
Verse 91 — Surah Al-Kahf 18:91
၉၁။ ထိုမင်း၏ အကြောင်းမှာ ယင်းသို့တည်း။ ငါအရှင်မြတ်သည် သူ၏ အကြောင်းကို အကြွင်းမဲ့သိမြင်တော်မူ၏။
Verse 92 — Surah Al-Kahf 18:92
၉၂။ ထို့နောက်ထိုမင်းသည် တခုသောလမ်းကို လျှောက်လိုက်၏။
Verse 93 — Surah Al-Kahf 18:93
၉၃။ ထိုအခါ သူသည် တောင်နှစ်ခုစပ်ကြားသို့ ရောက်ရှိ၏။ သူသည် ထိုတောင်နှစ်လုံးနှင့် ခရီးမကွာလှသောအရပ် တွင် လူတသင်းကို တွေ့ပြန်၏။ ထိုသူတို့သည် စကားတခွန်းတပါဒမျှနားမလည်ချေ။
Verse 94 — Surah Al-Kahf 18:94
၉၄။ သူတို့က အို-ဇုလ်ကရ်နိုင်မင်း၊ ဟာဂျူးမာဂျူးခေါ် အသင်းသားတို့သည် မုချဧကန်ဤအရပ်ဒေသကို ဖျက်ဆီး နေကြပါ၏။ ထို့ကြောင့်မင်းကြီးသည် အကျွနု်ပ်တို့နှင့် သူတို့စပ်ကြားတွင် တံတိုင်းကြီးတခုကို စီမံပြုလုပ်ပေးပါ။ အကျွနု်ပ်တို့သည် မင်းကြီးအား လက်အောက်ခံကြေးလက်ဆောင်ပေးရပါမည်လောဟု ပြောကြ၏။
Verse 95 — Surah Al-Kahf 18:95
၉၅။ သူက အကျွနု်ပ်၏ ကျေးဇူးတော်သခင်သည် အကျွနု်ပ်အား ပေးသနားတော်မူသောကျေးဇူးတော်သည် သင်တို့၏ လက်ဆောင်ထက်သာလွန်ကောင်းမွန်၏။ သင်တို့သည် အကျွနု်ပ်အား လူအားဖြင့် ကူညီကြလော့။ အကျွနု်ပ် သည် သင်တို့နှင့်သူတို့အလယ်ကြားတွင် တံတိုင်းကြီးတခုတည်ဆောက်မည်။
Verse 96 — Surah Al-Kahf 18:96
၉၆။ သင်တို့သည် သံတုံး၊သံပြား၊သံစရသမျှကို ယူခဲ့ကြလော့ဟု ပြန်ပြော၏။ သူသည် တောင်နှစ်ခုစပ်ကြားရှိနေရာကို ဖို့ပြီးသောအခါ သူက သင်တို့၏ မီးမွှေးဖိုများကို ထိုးကြလော့ဟု ဆို၏။ ဖိုထိုး၍ သံတိုသံစများသည် မီးခဲ အတိဖြစ်သောအခါ သူက သင်တို့၌ရှိသောကြေးနီများကို အရည်ကြို၍ ဆက်သကြလော့။ ထိုကြေးနီရည်ကို မီးခဲအတိဖြစ်နေသောသံတုံးသံစများအပေါ် သွန်းလောင်းမည်ဟု ဆို၏။
Verse 97 — Surah Al-Kahf 18:97
၉၇။ ထိုအခါဟာဂျူးမာဂျူးခေါ်အသင်းသားတို့သည် ထိုတံတိုင်းကြီးပေါ်သို့ မတက်စွမ်းနိုင်ချေ။ ဖောက်လည်း ဖောက်ထွင်းနိုင်စွမ်းမရှိချေ။
Verse 98 — Surah Al-Kahf 18:98
၉၈။ ထိုအခါဇွလ်ကရ်နိုင်မင်းက အချင်းတို့၊ ဤတံတိုင်းကြီးသည် အကျွနု်ပ်၏ အရှင်သခင်အထံတော်မှ ကောင်းကြီး မင်္ဂလာတော်တပါးဖြစ်၏။ သို့သော်အကျွနု်ပ်၏ ကျေးဇူးတော်သခင်၏ ကတိဗျာဒိတ်တော်ပြည့်စုံသောအချိန်ကာလ ရောက်လာသောအခါ အရှင်မြတ်သည် ဤတံတိုင်းကြီးကို ချိုးဖဲ့ဖြိုဖျက်တော်မူလိမ့်မည်။ အကြောင်းမူကား အကျွနု်ပ်၏ ကျေးဇူးတော်သခင်၏ ကတိဗျာဒိတ်တော်သည် မှန်ကန်၏ဟု ပြောပြ၏။
Verse 99 — Surah Al-Kahf 18:99
၉၉။ ထိုနေ့တော်ကြီး၌ ငါအရှင်မြတ်သည် လူသားအချို့တို့အား အချို့သောလူသားတို့အပေါ်တွင် လှိုင်းလိမ့်သကဲ့သို့ တိုးဝှေ့စေတော်မူမည်။ တံပိုးကိုလည်း မှုတ်စေတော်မူမည်။ ထိုအခါငါသည် လူသားအပေါင်းတို့ကို အတူတကွ စုဝေးစေတော်မူမည်။
Verse 100 — Surah Al-Kahf 18:100
၁ဝဝ။ ထိုနေ့တော်ကြီး၌ ငါသည် မယုံကြည်သူတို့အား အဝီစိငရဲကို မျက်ဝါးထင်ထင်မြင်စေတော်မူမည်။
Verse 101 — Surah Al-Kahf 18:101
၁ဝ၁။ ထိုမိစ္ဆာမိုက်တို့သည် ငါ၏ သတိပေးကျမ်းတော်မှ သူတို့မျက်စိကို ပိတ်ထားခြင်းခံရကြ၏။ သူတို့သည် တရား ဒေသနာတော်ကို ကြားပြင်းကပ်ကြ၏။
Verse 102 — Surah Al-Kahf 18:102
၁ဝ၂။ ငါအရှင်မြတ်မှတပါး ငါ၏ ကျေးကျွန်တို့ကို ကာကွယ်စောင့်ရှောက်သည့်အဆွေခင်ပွန်းများအဖြစ်ဖြင့် ရွေးချယ် ရယူနိုင်သည်ဟု မိစ္ဆာမိုက်တို့က ထင်မှတ်ကြသလော၊ မှတ်သားကြလော့။ ငါသည် မယုံကြည်သူတို့အား ဧည့်ခံဖို့ရာ ငရဲကို အသင့်စီရင်ထားတော်မူ၏။
Verse 103 — Surah Al-Kahf 18:103
၁ဝ၃။ အို-တမန်တော်၊ ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အဘယ်သူတို့သည် မိမိတို့ပြုကျင့်မှုများကြောင့် ဆုံးရှုံးသူ အကြီးဆုံးများဖြစ်ကြမည်ကို အကျွနု်ပ်ပြောပြရမည်လော။
Verse 104 — Surah Al-Kahf 18:104
၁ဝ၄။ မိမိ၏ ကြိုးပမ်းမှုသည် ဤလောကီဘဝ၌ လမ်းမှားသွားငြားသော်လည်း မိမိတို့သည် ကောင်းမှုကို ပွားများ နေသည်ဟု ထင်မှတ်သူများ။း
Verse 105 — Surah Al-Kahf 18:105
၁ဝ၅။ မိမိတို့၏ ကျေးဇူးတော်သခင်၏ နှုတ်ကပတ်တော်များနှင့် အရှင်မြတ်အား မျက်ဝါးထင်ထင်ဖူးမြင်ရမည်ကိုလည်း မယုံကြည်သူများ၊ ထိုသူတို့၏ ပြုကျင့်မှုများသည် အကျိုးမရှိ၊ အချည်းနှီးသာဖြစ်၏။ ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး၌ ငါသည် ထိုသူတို့ကို အရေးစိုက်တော်မူမည်မဟုတ်ချေ။
Verse 106 — Surah Al-Kahf 18:106
၁ဝ၆။ ထိုအရာသည် သူတို့၏ ဆုလာဘ်ဖြစ်၏။ ငရဲအကြောင်းမူကား သူတို့သည် မယုံကြည်ကြ၊ ငါ၏ နှုတ်ကပတ်တော် များနှင့် ငါ၏ တမန်တော်များကို ပျက်ရယ်ပြောင်လှောင်ကြ၏။
Verse 107 — Surah Al-Kahf 18:107
၁ဝ၇။ မှတ်သားကြလော့၊ အကြင်သူတို့သည် ယုံကြည်မှုရှိ၍ သုစရိုက်မှုများကို ပြုကြ။ ထိုသူတို့ကို ဧည့်ခံဖို့အတွက် နိဗ္ဗာန်ဥယျာဉ်တော်များရှိကြ၏။
Verse 108 — Surah Al-Kahf 18:108
၁ဝ၈။ သူတို့သည် နိဗ္ဗာန်ဘုံ၌ စံမြန်းနေကြရလတ့ံ။ နိဗ္ဗာန်မှ ထွက်သွားလိုသေသာဆန္ဒလုံးဝမရှိချေ။
Verse 109 — Surah Al-Kahf 18:109
၁၀၉။ အို-တမန်တော်၊ ဟောကြားလော့။ ဟယ်-အချင်းတို့၊ အကျွနု်ပ်၏ ကျေးဇူးတော်သခင်၏ စကားတော်များကို ရေးသားရန် သမုဒ္ဒရာပင်လယ်ရေသည် အကယ်၍ မှင်ဖြစ်လာအ့ံ၊ ထိုစကားတော်များကို ရေးသား၍ အဆုံး မသတ်မီ ထိုသမုဒ္ဒရာရေသည် မုချဧကန်ခန်းခြောက်ရာ၏။ ၎င်းကဲ့သို့အခြားသမုဒ္ဒရာရေရှိသော်လည်း ထိုရေသည် လုံလောက်မည်မဟုတ်ချေ။
Verse 110 — Surah Al-Kahf 18:110
၁၁၀။ အို-တမန်တော်၊ ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အကျွနု်ပ်သည် သင်တို့ကဲ့သို့ သေမျိုးသာဖြစ်၏။ အကျွနု်ပ် ၏ ကျေးဇူးတော်သခင်က သင်၏ အရှင်သခင်သည် တဆူတည်းသောအလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏ဟု ဗျာဒိတ်ပေးတော်မူ၏။ အကြင်သူသည် မိမိ၏ ကျေးဇူးတော်သခင်အား ဖူးမြင်ဖို့ရာ မျှော်လင့်အ့ံ။ ထိုသူသည် ကောင်းမှုကို ပွားများရမည်။ သူ၏ ကျေးဇူးတော်သခင်နှင့်တွဲဖက်၍ ဘုရားတုဘုရားယောင်များတစုံတခုကို မကိုးကွယ်ရချေ။