Back to Languages

Burmese - Chapter 19 - Maryam

Translation by Ba Sein — Permalink

Verse 1 — Surah Maryam 19:1

၁။ ကာဖ်၊ ဟာ၊ ယာ၊ အိုင်၊ ဆွားဒ်။

Verse 2 — Surah Maryam 19:2

၂။ သင်၏ ကျေးဇူးတော်သခင်အထံတော်မှ အရှင်၏ ကျေးကျွန်တမန်တော်ဇကရိယာအား ပေးတော်မူသောကောင်း ကြီးမင်္ဂလာတော်ကို ဖော်ပြချက်။

Verse 3 — Surah Maryam 19:3

၃။ တမန်တော်ဇကရိယာသည် သူ၏ အရှင်သခင်ထံ တိတ်တဆိတ်လျှို့ဝှက်စွာဤသို့ဆုတောင်းသောအခါ။

Verse 4 — Surah Maryam 19:4

၄။ အို-အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်၏ အရိုးအဆက်များသည် ခွန်အားနည်းပါးပါ၏။ အကျွနု်ပ်၏ ဦးခေါင်း သည်လည်း ဆွတ်ဆွတ်ဖြူသောဆံနှင့် တောက်ပြောင်လျက်ရှိပါ၏။ အို-ကျေးဇူးတော်သခင် အရှင်သည် အကျွနု်ပ်၏ တောင်းသောဆုကို ပေတော်မမူသည်ဟူ၍ မရှိဘူးပါ။

Verse 5 — Surah Maryam 19:5

၅။ အကျွနု်ပ်၏ ခင်ပွန်းသည် အမြံုဖြစ်သောကြောင့် အကျွနု်ပ်သည် ကွယ်လွန်ပြီးနောက် မိမိ၏ အဆက်အနွယ် များကို စိုးရိမ်ကြောင့်ကျလှပါ၏။ အကျွနု်ပ်အား အရှင့်ထံမှ အမွေစားအမွေခံတပါးကို ပေးသနားတော်မူပါ။

Verse 6 — Surah Maryam 19:6

၆။ ထိုသားသည် အကျွနု်ပ်နှင့် တမန်တော်ယာကုဗ်၏ သားမြေးတို့၏ အမွေကို ခံရပါလိမ့်မည်။ အို-ကျေးဇူးတော် သခင် ထိုသားရတနာကို အရှင်ချစ်ခင်မြတ်နိုးတော်မူပါ။

Verse 7 — Surah Maryam 19:7

၇။ အို-ဇကရီယာ၊ မှတ်သားလော့၊ ငါအရှင်မြတ်သည် သင့်အား ယဟာယခေါ် သားကောင်းရတနာတပါး ပေးသနား တော်မူမည့်အကြောင်းသတင်းကောင်းကို ဗျာဒိတ်ချတော်မူပြီ၊ ငါသည် ထိုအမည်နာမကို အထက်ကျော်ကာလက မည်သူ့ကိုမျှ ပေးဘူးတော်မမူချေဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 8 — Surah Maryam 19:8

၈။ ထိုအခါတမန်တော်ဇကရိယာက အို-ကျေးဇူးတော်သခင်၊ အကျွနု်ပ်၏ ခင်ပွန်းသည် အမြံုဖြစ်ပါ၏။ အကျွနု်ပ် လည်း နာကျင်မကင်းအင်အားပျော့သောအရွယ်ဆုံးသို့ ရောက်ရှိပါပြီ၊ ထို့ကြောင့်အကျွနု်ပ်သည် အဘယ်သို့ သားရတနာရနိုင်ပါအ့ံနည်းဟု လျှောက်၏။

Verse 9 — Surah Maryam 19:9

၉။ အရှင်မြတ်က အို-ဇကရိယာ၊ ယင်းသို့ဖြစ်မည်၊ မရှိရာမှ ရှိရာသို့ သင့်ကို ငါရှေးဦးပထမဖန်ဆင်းတော်မူသကဲ့သို့ သင့်အား သားရတနာပေးခြင်းသည်လည်း ငါ့အဖို့ လွယ်ကူလှပေ၏ဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 10 — Surah Maryam 19:10

၁ဝ။ ထိုအခါသူက အို-အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်အား တစုံတခုသောပုဗ္ဗနိမိတ်ပေးတော်မူပါဟု လျှောက်၏။ အရှင်မြတ်က သင်၏ နိမိတ်မှာ သင်သည် မကျန်းမမာရောဂါတစုံတခုမရှိပဲနှင့် သုံးနေ့သုံးညဉ့်တိုင်တိုင် တခွန်းတပါဒသောစကားကို လူတို့နှင့်မဆိုလင့်ဟု မိန့်တော်မူသည်။

Verse 11 — Surah Maryam 19:11

၁၁။ ထို့နောက််တမန်တော်ဇကိရိယာသည် ဝတ်ပြုသန့်ရှင်းရာဋ္ဌာနမှ ထွက်လာ၍ မိမိလူများအား သင်တို့သည် နေထွက်နေဝင်ချိန်ကာလတွင် မိမိတို့၏ ကျေးဇူးတော်သခင်အား ချီးကျုးတသလော့ဟု လက်ပြခြေပြခြင်းနည်း ဖြင့် ဟောကြား၏။

Verse 12 — Surah Maryam 19:12

၁၂။ အို-ယဟာယ၊ သင်သည် ကျမ်းတော်မြတ်အား မြဲမြံစွာကိုင်စွဲထားလော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ငါအရှင်မြတ် သည် သူ့အား ငယ်ရွယ်နုနယ်စဉ်ကပင် ပညာဉာာဏ်ပေးသနားတော်မူ၏။

Verse 13 — Surah Maryam 19:13

၁၃။ ထို့အပြင်သနားတတ်သောစိတ်ဓာတ်နှင့် သန့်ရှင်းမြင့်မြတ်သောသဘောကို ပေးသနားတော်မူ၏။ သူသည် အရှင်မြတ်နှင့် တရားတော်ကို သဒ္ဓါကြည်ညို၏။

Verse 14 — Surah Maryam 19:14

၁၄။ ထို့အပြင်သူသည် မိဘနှစ်ပါးဝတ်ကို ကျေပွန်၏။ မိမိကိုယ်ကို မိမိအထင်မကြီးချေ။ မိဘနှစ်ပါးကို မတော်လှန်ချေ။

Verse 15 — Surah Maryam 19:15

၁၅။ မွေးသောနေ့၌သော်လည်းကောင်း၊ ကွယ်လွန်သောနေ့၌သော်လည်းကောင်း၊ ရှင်ပြန်ထမြောက်ရသောနေ့၌ သော်လည်းကောင်း၊ သူ့အပေါ်သို့ အေးချမ်းသာယာခြင်းမင်္ဂလာတော်သက်ရောက်ပါစေသော်ဝ်။

Verse 16 — Surah Maryam 19:16

၁၆။ ထို့အပြင်ကျမ်းဂန်တော်၌ မရယမ်၏ အကြောင်း ဖော်ပြကြလော့။ သူမသည် မိမိအပေါင်းအဖော်များနှင့်ခွဲခွာ၍ အရှေ့ဘက်သို့ မျက်နှာမူသောနေရာဗိမာန်သို့ ကြွသွား၏။

Verse 17 — Surah Maryam 19:17

၁၇။ သူမသည် သူတို့ထံမှခွဲ၍ တကိုယ်တည်းနေ၏။ ထိုအခါငါအရှင်မြတ်သည် သူမထံသို့ ကောင်းကင်တမန်စေလွှတ် တော်မူ၏။ တမန်သည် လူသားအသွင်ဆောင်၍ သူမထံသွား၏။

Verse 18 — Surah Maryam 19:18

၁၈။ သူမက အို-အမောင်လုလင်၊ သင့်ထံမှ လွတ်မြောက်အောင် အကျွနု်ပ်သည် မဟာကရုဏာတော်ရှင်၊ အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးလျှင် ကောင်းစွဟု ဆို၏။

Verse 19 — Surah Maryam 19:19

၁၉။ လုလင်က အို-မရယမ်၊ အကျွနု်ပ်သည် သင်၏ ကျေးဇူးတော်သခင်အထံတော်မှ စေတမန်တဦးသာဖြစ်၏။ သင့်အား အပြစ်ကင်းမဲ့သောသားကောင်းရတနာပေးဖို့ရာ အကျွန်ုပ် သင့်ထံလာရ၏ဟု ပြောပြ၏။

Verse 20 — Surah Maryam 19:20

၂ဝ။ ထိုအခါသူမက လူသားယောက်ျားမထိပဲလျက် အကျွနု်ပ်သည် အဘယ်ကဲ့သို့သားရတနာဖွားမြင်နိုင်ပါအ့ံနည်း၊ အကျွနု်ပ်သည် အကျင့်မကောင်းမိန်းမပေါ့လည်းမဟုတ်ချေဟု ပြောပြန်၏။

Verse 21 — Surah Maryam 19:21

၂၁။ ကောင်းကင်တမန်က အို-မရယမ်၊ ထိုအဆိုမှန်ပေ၏။ သို့သော်သင်၏ ကျေးဇူးတော်သခင်သည် ဤသို့မိန့်တော် မူ၏၊ သားရတနာပေးသနားတော်မူခြင်းသည် ငါအရှင်မြတ်အဖို့ လွယ်ကူလှ၏။ ငါသည် သူ့အား လူသားတို့ အဖို့ တရားတော်နှင့် ငါ၏ ကောင်းကြီးမင်္ဂလာတော်ဖြစ်စေတော်မူမည်။ ဤအကြောင်းအရာသည် ငါဆုံးဖြတ်ပြီး သောအရာသာတည်း။

Verse 22 — Surah Maryam 19:22

၂၂။ မရယမ်သည် သူ့ကို ကိုယ်ဝန်ဆောင်၍ ဝေးကွာသောအရပ်သို့ ထွက်သွားလေ၏။

Verse 23 — Surah Maryam 19:23

၂၃။ မရယမ်သည် သားဖွားဝေဒနာပြင်းထန်လာသဖြင့် စွန်ပလွံပင်ရှိရာသို့ လာ၍ ထုုိအပင်ကို မှီနေ၏။ သူမသည် ဤဝေဒနာကို မခံစားရမီ ငါသည် သေပျောက်၍ မေ့လျော့စရာဖြစ်သွားခဲ့လျှင် တော်လေစွဟု ညည်းညူ၏။

Verse 24 — Surah Maryam 19:24

၂၄။ ထိုအခါသူမအောက်မှ အသံထွက်ပေါ်လာသည်မှာ အို-မရယမ်၊ စိတ်မညစ်လင့်၊ သင်၏ ကျေးဇူးတော်သခင် သည် သင့်အောက်တွင် ချောင်းတခုကို စီရင်ထားတော်မူပြီ။

Verse 25 — Surah Maryam 19:25

၂၅။ သင်သည် စွန်ပလွံပင်ကို သင့်ထံသို့ လှုပ်လော့။ ထိုအခါစွန်ပလွံသီးအမှည့်တို့သည် သင့်အပေါ်သို့ ကျလာ လိမ့်မည်။

Verse 26 — Surah Maryam 19:26

၂၆။ ထို့ကြောင့်အစာစားလော့။ ရေသောက်လော့။ နှစ်သိမ့်အားတက်လာလော့။ အကယ်၍သင်သည် လူသားတဦး တယောက်ကို တွေ့လျှင် သူ့အား ပြောလော့။ မှတ်သားပါ၊ အကျွနု်ပ်သည် မဟာဂရုဏာတော်ရှင်အား ဥပုသ်တည်ဆောက်ပါမည်ဟု သစ္စာပြုပြီးပြီ၊ ယနေ့အကျွနု်ပ် လူသားနှင့်စကားမပြောရချေ။

Verse 27 — Surah Maryam 19:27

၂၇။ သားဖွားပြီးသောအခါ သူမသည် မိမိ၏ သားငယ်ကို မိမိသားချင်းတို့ထံသို့ ချီဆောင်လာ၏။ သူတို့က အို-မရယမ်၊ သင်သည် အလွန်အ့ံအားသင့်ဖွယ်ကို ယူဆောင်လာချေပြီ။

Verse 28 — Surah Maryam 19:28

၂၈။ အို-ဟာရွန်၏ နှမ၊ သင်၏ ဖခင်သည် သူယုတ်မာမဟုတ်ချေ၊ သင်၏ မိခင်လည်း ပြည့်တန်ဆာမ မဟုတ်ချေ ဟု ကဲ့ရဲ့ကြ၏။

Verse 29 — Surah Maryam 19:29

၂၉။ ထိုအခါသူမသည် မိမိသားကို လက်ညှိုးထိုးပြ၏။ သူတို့က ပုခက်ထဲရှိ ကလေးနှင့် အကျွနု်ပ်တို့အဘယ်သို့ စကားပြောနိုင်အ့ံနည်းဟု ဆိုကြကုန်၏။

Verse 30 — Surah Maryam 19:30

၃ဝ။ ထိုအခါသူငယ်က မှတ်သားကြလော့။ အကျွနု်ပ်သည် အလ္လာဟ်အရှင်မြတ်၏ ကျေးတော်မျိုးကျွန်တော်မျိုးဖြစ်၏။ အရှင်မြတ်သည် အကျွနု်ပ်အား ကျမ်းတော်ကို ချပေးသနားတော်မူ၏။ အကျွနု်ပ်ကို တမန်တော်ရာထူးနှင့် ချီးမြှင့်တော်မူပြီ။

Verse 31 — Surah Maryam 19:31

၃၁။ အရှင်မြတ်သည် အကျွနု်ပ်မည်သည့်နေရာရှိရှိ ရှိသောနေရာတွင် အကျွနု်ပ်အား ကောင်းကြီးပေးတော်မူ၏။ အကျွနု်ပ်အသက်ရှင်နေစဉ်ကာလပတ်လုံး ဆွလတ်ဝတ်ပြုစုရန်နှင့် အလှုဒါနပေးရန် အကျွနု်ပ်အား ဆင့်ဆိုတော် မူ၏။

Verse 32 — Surah Maryam 19:32

၃၂။ အကျွန်ုပ်အား မိမိမွေးသမိခင်၏ ဝတ်ကို ကျေကုန်စေတော်မူ၏။ ဂုဏ်မောက်စေတော်မမူချေ။ ကောင်းကြီးမင်္ဂလာ ကင်းမဲ့စေတော်မမူချေ။

Verse 33 — Surah Maryam 19:33

၃၃။ မွေးဖွားသောနေ့၌လည်းကောင်း၊ သေပျောက်ရသောနေ့၌လည်းကောင်း၊ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး ၌ အကျွနု်ပ်အပေါ်သို့ အေးချမ်းသာယာခြင်းမင်္ဂလာတော်ကြီးသက်ရောက်ပါစေသော်ဝ်ဟု ပြောဆို၏။

Verse 34 — Surah Maryam 19:34

၃၄။ မရယမ်၏ သားတော်အီစာသည် ယင်းသို့ဖြစ်၏။ ဤပြောပြချက်သည် သူတို့ယုံမှားသံသယရှိသောအမှန်တရား ဖြစ်၏။

Verse 35 — Surah Maryam 19:35

၃၅။ အလ္လာဟ်အရှင်မြတ်၌ သားရတနာရှိသည်ဆိုခြင်းသည် အရှင်မြတ်၏ ဂုဏ်တော်နှင့်မသင့်မြတ်ချေ။ အရှင်မြတ် သည် ချို့တဲ့ခြင်းမဲ့တော်မူ၏။ အရှင်မြတ်သည် တစုံတခုသောအရာကို ဖန်ဆင်းလိုတော်မူသောအခါ ထိုအရာ အား ဖြစ်စေဟုသာ မိန့်တော်မူ၏။ ထိုအရာသည် ချက်ခြင်းဖြစ်လာရ၏။

Verse 36 — Surah Maryam 19:36

၃၆။ ထို့အပြင်မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်၏ အရှင်သခင်နှင့် သင်တို့၏ အရှင်သခင် ဖြစ်တော်မူ၏။ ထို့ကြောင့်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ကြလော့။ ဤသည်သာလျှင် လမ်းမှန်ဖြစ်၏။

Verse 37 — Surah Maryam 19:37

၃၇။ သူတို့အထဲ၌ ဂိုဏ်းအသင်းများကွဲပြားခြားနားကြ၏။ အလွန်ကြောက်မက်ဖွယ်သောနေ့တော်ကြီး၏ အစည်းအဝေး ကို မယုံကြည်သူတို့သည် ပျက်စီးရမည်သာတည်း။

Verse 38 — Surah Maryam 19:38

၃၈။ ငါအရှင်မြတ်ထံတော်သို့ ဝင်ရသောနေ့တော်ကြီး၌ သူတို့ကို ကြည့်လော့၊ နားထောင်လော့၊ သို့သော်လည်း မကောင်းမှုကျူးလွန်သူတို့သည် ယနေ့မူကား ထင်ရှားစွာမှားယွင်းနေကြ၏။

Verse 39 — Surah Maryam 19:39

၃၉။ အမှုကိစ္စအဝဝကို ဆုံးဖြတ်သောအတိဒုက္ခခံစားရသောနေ့တော်ကြီးအကြောင်းကို သတိပေးဟောကြားလော့၊ ယခုအခါသူတို့သည် သတိလစ်နေကြ၏။ သူတို့မယုံကြည်ကြချေ။

Verse 40 — Surah Maryam 19:40

၄ဝ။ မှတ်သားကြလော့၊ ငါအရှင်မြတ်သည် မဟာပထဝီမြေကြီးနှင့် မြေပေါ်ရှိ သတ္တဝါအပေါင်းကို အမွေခံတော်မူ၏။ သူတို့အားလုံး ငါ့ထံတော်သို့ ပြန်ပို့မည်သာတည်း။

Verse 41 — Surah Maryam 19:41

၄၁။ အို-မိုဟမ္မဒ်၊ တမန်တော်အေဗရာဟမ်၏ အကြောင်းကို ကုရ်အာန်ကျမ်းတော်မြတ်၌ ဖော်ပြ၏။ မှတ်သားလော့၊ သူသည် သူတော်စင်သူတော်မြတ်ဖြစ်၏။ တမန်တော်တပါးလည်းဖြစ်၏။

Verse 42 — Surah Maryam 19:42

၄၂။ သူသည် သူ၏ ဖခင်အား ဤသို့ဟောကြား၏။ အို-မွေးသဖခင်ကျေးဇူးရှင်၊ ကြားလည်းမကြား၊ မြင်လည်းမမြင်၊ ဖခင်အား အကျိုးအကြောင်းတစုံတခုမှ မပေးစွမ်းနိုင်သောအရာကို ဖခင်သည် အဘယ်ကြောင့်ခဝပ်ကိုးကွယ် ပါသနည်း။

Verse 43 — Surah Maryam 19:43

၄၃။ အို-မွေးသဖခင်၊ ဖခင်ထံသို့ မကျရောက်လာသောပညာအလင်းရောင်သည် အကျွနု်ပ်ထံသို့ ကျရောက်လာပြီ၊ ထို့ကြောင့်အကျွနု်ပ်နောက်သို့ လိုက်ပါလော့၊ အကျွနု်ပ်သည် ဖခင်အား လမ်းမှန်သို့ ညွှန်ပါမည်။

Verse 44 — Surah Maryam 19:44

၄၄။ အို-မွေးသဖခင်၊ ရှိုင်တန်မာရ်နတ်ကို မကိုးကွယ်ပါလင့်။ မှတ်သားပါလော့၊ ရှိုင်တန်မာရ်နတ်သည် မဟာဂရုဏာ တော်ရှင်ကို ထောင်ထားခြားနားသူဖြစ်ပါ၏။

Verse 45 — Surah Maryam 19:45

၄၅။ အို-မွေးသဖခင်၊ ဖခင်သည် ရှိုင်တန်မာရ်နတ်၏ အဆွေခင်ပွန်းဖြစ်ရအောင် မဟာဂရုဏာတော်ရှင်မှ အပြစ် ဒဏ်တော်ကြီးသည် ဖခင်ကို ထိမည်ကို အကျွနု်ပ်စိုးရိမ်ကြောင့်ကျမိပါ၏။

Verse 46 — Surah Maryam 19:46

၄၆။ ထိုအခါသူ၏ မွေးသဖခင်က အေဗရာဟမ် သင်သည် ငါ၏ ဘုရားများကို ငြင်းပယ်သလော၊ သင်သည် မိမိ အယူဝါဒကို မစွန့်လွှတ်လျှင် ငါသည် သင့်အား အမှန်ပင်ခဲနှင့်ပေါက်မည်၊ သင်သည် ငါ့ထံမှ နှစ်ရှည်လများ ထွက်သွားလော့ဟု ပြော၏။

Verse 47 — Surah Maryam 19:47

၄၇။ ထိုအခါတမန်တော်အေဗရာဟမ်က အို-မွေးသဖခင်၊ ဖခင်အပေါ်သို့ အေးချမ်းသာယာခြင်းမင်္ဂလာတော်ကြီး သက်ရောက်ပါစေသော်ဝ်၊ အကျွနု်ပ်သည် မိမိ၏ အရှင်သခင်အား ဖခင်ကို အပြစ်လွှတ်ဖို့ရာ ဆုတောင်းပါမည်၊ မှတ်သားပါလော့၊ အရှင်မြတ်သည် အကျွနု်ပ်အား အမြဲဂရုဏာသက်တော်မူပါ၏။

Verse 48 — Surah Maryam 19:48

၄၈။ ဖခင်နှင့်တကွ အလ္လာဟ်မှတပါး ဖခင်ကိုးကွယ်သောဘုရားများမှ အကျွနု်ပ်ထွက်ခွာသွားပါအ့ံ၊ အကျွနု်ပ်သည် မိမိ၏ အရှင်သခင်ထံ၌ ဆုတောင်းပါမည်၊ အကျွနု်ပ်၏ ကျေးဇူးတော်သခင်အား ဆုတောင်းခြင်း၌ အကျွနု်ပ်သည် ကောင်းကြီးမင်္ဂလာမဲ့မည်မဟုတ်ချေဟု ပြန်ပြော၏။

Verse 49 — Surah Maryam 19:49

၄၉။ ထိုသို့ပြောပြီးလျှင် သူတို့နှင့်တကွ အလ္လာဟ်အရှင်မြတ်မှတပါး သူတို့ကိုးကွယ်သောဘုရားတုတို့မှ တမန်တော် အေဗရာဟမ်သည် ထွက်ခွာသွားလေ၏။ ငါအရှင်မြတ်သည် သူ့အား အစ္စဟတ်(က်)၊ ယာကုဗ်ခေါ် သားမြေး တို့ကို ပေးသနားတော်မူ၏။

Verse 50 — Surah Maryam 19:50

၅ဝ။ ငါသည် သူတို့အား ငါ၏ ကောင်းကြီးမင်္ဂလာတော်မှ ပေးသနာတော်မူ၏၊ ငါသည် သူတို့အား မြင့်မြတ်ထင်ရှား ကျော်ဇော်ခြင်းအစစ်အမှန်ကို ပေးသနားတော်မူ၏။

Verse 51 — Surah Maryam 19:51

၅၁။ ထို့အပြင်ကျမ်းတော်၌ တမန်တော်မူစာ၏ အတ္ထုပ္ပတ္တိကို ဖော်ပြထား၏။ မှတ်သားလော့၊ သူသည် ရွေးကောက် တော်မူခြင်းခံရ၏။ အရှင်မြတ်၏ အစေတော်တပါးနှင့် တမန်တော်တပါးဖြစ်၏။

Verse 52 — Surah Maryam 19:52

၅၂။ ငါသည် သူ့အား တူရ်စီနာတောင်တော်အထွဋ်၏ လက်ယာဘက်မှ ခေါ်တော်မူ၏။ ငါ၏ ဗျာဒိတ်တော်ကို ကြားနာဖို့ရာ အပါးတော်သို့ ချဉ်းကပ်စေတော်မူ၏။

Verse 53 — Surah Maryam 19:53

၅၃။ ထို့အပြင် ငါသည် သူ၏ အစ်ကိုဟာရွန်ကို တမန်တော်ရာထူး၌ ခန့်အပ်တော်မူခြင်းအားဖြင့် တမန်တော်မူစာအား ငါ၏ ကောင်းကြီးမင်္ဂလာတော်မှ ပေးသနားတော်မူ၏။

Verse 54 — Surah Maryam 19:54

၅၄။ ကျမ်းတော်မြတ်၌ တမန်တော်အစ္စမာအီလ်အကြောင်းကို ဖော်ပြထား၏၊ မှတ်သားလော့၊ သူသည် သူ၏ သစ္စာကတိကို တည်သူဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်တပါးဖြစ်၏။

Verse 55 — Surah Maryam 19:55

၅၅။ သူသည် သူ၏ အမျိုးသားတို့အား ဆွလတ်ဝတ်ပြုရန် အလှုဒါနပေးရန် ဟောကြားဆင့်ဆို၏။ သူသည် မိမိ ၏ ကျေးဇူးတော်သခင် ချစ်ခင်မြတ်နိုးခြင်းကို ခံရ၏။

Verse 56 — Surah Maryam 19:56

၅၆။ ထို့အပြင်ကျမ်းတော်မြတ်တွင် တမန်တော်အစ်(ဒ်)ရိ(စ်)ကို ဖော်ပြထား၏၊ သူသည် သန့်ရှင်းဖြူစင်သောတမန် တော်တပါးအမှန်ပင်ဖြစ်၏။

Verse 57 — Surah Maryam 19:57

၅၇။ ငါသည် သူ့အား အလွန်ချီးမြှောက်တော်မူ၏။

Verse 58 — Surah Maryam 19:58

၅၈။ အကြင်တမန်တော်အပေါင်းတို့သည် ရှိကြကုန်၏။ သူတို့ကို ငါသည် သနားစောင့်ရှောက်ချီးမြှောက်တော်မူ၏၊ ထိုတမန်တော်များသည် တမန်တော်အာဒမ်မှ ဆင်းသက်ပေါက်ဖွားလာသောသားမြေးများ၊ ထို့အပြင်တမန်တော် နူဟိုနှင့်အတူ သင်္ဘောပေါ်တွင် တင်ယူတော်မူလာသောသူတို့၏ သားမြေး၊ ထို့အပြင်ငါအရှင်မြတ် သမ္မာတရား လမ်းကြောင်းညွှန်ပြ၍ ရွေးကောက်တော်မူသောသူတို့အထဲမှ ဖြစ်ကြကုန်၏။ မည်သည့်အခါမဆို သူတို့အား မဟာဂရုဏာတော်ရှင်၏ ဓမ္မစက်နှုတ်ကပတ်တော်များကို ရွတ်ဖတ်ဆိုပြသောအခါ သူတို့သည် ဦးညွှတ်ချပျပ်ဝပ် ရှိခိုးလျက် မျက်ရည်ရှိမ်းရှိမ်းထလျက် ငိုကြွေးကြကုန်၏။

Verse 59 — Surah Maryam 19:59

၅၉။ ထိုတမန်တော်တို့၏ နောက်တွင် ဖြစ်ပေါ်လာသောလူသားတို့သည် သာသနာတော်ကို ဖျက်ဆီး၏။ ကိလေသာ တဏှာဆွဲငင်ရာကိုသာ လိုက်ကြ၏။ သို့သော်သူတို့သည် လိမ်လည်ဖျားယောင်းခြင်းကိုသာ တွေ့ကြံုရကြလတံ့။

Verse 60 — Surah Maryam 19:60

၆ဝ။ သို့သော် သတိနောင်တရပြီးလျှင် ယုံကြည်လျက် မှန်ကန်မှုကို ပြုကျင့်သူတို့သည် ယင်းသို့ဖြစ်ကြလိမ့်မည် မဟုတ်ချေ။ သူတို့သည် မတရားနှိပ်စက်ခြင်းကို အနည်းငယ်မျှခံကြရမည်မဟုတ်ချေ။

Verse 61 — Surah Maryam 19:61

၆၁။ ထိုသူမြတ်တို့သသည် နိဗ္ဗာန်သို့ ဝင်ရကြလတ့ံ။ နိဗ္ဗာန်ဥယျာဉ်တော်များသည် မဟာဂရုဏာတော်ရှင် ကတိ ဗျာဒိတ်ချမှတ်တော်မူသော မမြင်စွမ်းနိုင်သောဥယျာဉ်တော်များဖြစ်ကြ၏။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ် ၏ ကတိဗျာဒိတ်တော်သည် ပြည့်စုံရမည်သာတည်း။

Verse 62 — Surah Maryam 19:62

၆၂။ ထိုသူတော်ကောင်းတို့သည် နိဗ္ဗာန်၌ စကားဖျင်းစကားသိမ်ကို မကြားရချေ။ ငြိမ်သက်ပါစေသောဝ်ဟူသော မေတ္တာစကားကိုသာ ကြားရ၏။ သူတို့သည် နိဗ္ဗာန်၌ နံနက်စာညစာကို လွယ်လင့်တကူစားသုံးရကြ၏။

Verse 63 — Surah Maryam 19:63

၆၃။ ငါသည် မိမိ၏ ကျေးကျွန်များအနက် သီလဝန္တပုဂ္ဂိုလ်မြတ်တို့အား အမွေပေးတော်မူသည့်ဥယျာဉ်တော်များသည် ယင်းဥယျာဉ်တော်များဖြစ်ကြ၏။

Verse 64 — Surah Maryam 19:64

၆၄။ ကောင်းကင်တမန်တော်ဖြစ်သောအကျွနု်ပ်တို့သည် သင်၏ ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်နှင့်သာ သက် ဆင်းလာကြ၏။ အကျွနု်ပ်တို့၏ ရှေ့၌သော်လည်းကောင်း၊ နောက်၌သော်လည်းကောင်း၊ ရှေ့နောက်စပ်ကြား၌ သော်လည်းကောင်း၊ ရှိရှိသမျှအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များသာတည်း။ သင်၏ ကျေးဇူးတော်သခင်သည် မည်သည့်အခါမှ မေ့လျော့တော်မူမည်မဟုတ်ချေ။

Verse 65 — Surah Maryam 19:65

၆၅။ အရှင်မြတ်သည် မိုးမြေနှင့်မိုးမြေစပ်ကြားရှိသမျှအားလုံးတို့ကို စိုးပိုင်တော်မူ၏။ ထို့ကြောင့်သင်သည် အလ္လာဟ် အရှင်မြတ်အားသာလျှင် ကိုးကွယ်လော့၊ အရှင်မြတ်၏ အမှုတော်၌ တည်ကြည်မြဲမြံလော့၊ သင်သည် အရှင် မြတ်နှင့် တုဖက်နှိုင်းယှဉ်ရန် နာမတော်တူသူဂုဏ်တော်တူသူဟူ၍ တစုံတရာကို သိမြင်သလော။

Verse 66 — Surah Maryam 19:66

၆၆။ ထို့အပြင်လူသားက အကျွန်ုပ်သည် သေကျေပျက်စီးပြီးမှ အမှန်ပင်ရှင်ပြန်ထမြောက်ရမည်လောဟု မေး၏။

Verse 67 — Surah Maryam 19:67

၆၇။ ငါသည် လူသားအား တစုံတခုမရှိ၊ နတ္တိမှ ရှေးဦးစွာဖန်ဆင်းတော်မူသည်ကို သူမမှတ်မိသလော။

Verse 68 — Surah Maryam 19:68

၆၈။ သင်၏ ကျေးဇူးတော်သခင်၏ တန်ခိုးတော်ကြောင့် ငါသည် လူသားအပေါင်းတို့နှင့် ရှိုင်တန်မာရ်နတ်များကို စုဝေးစေတော်မူမည်ဟူသည်မှာလည်း မှန်ကန်ပေ၏။ ထို့နောက်ငါသည် သူတို့အား ငရဲပတ်လည်သို့ ဝပ်တွား လာစေတော်မူမည်။

Verse 69 — Surah Maryam 19:69

၆၉။ ထိုအခါငါသည် အသင်းတိုင်းဂိုဏ်းတိုင်းမှ မဟာဂရုဏာတော်ရှင်အား ထောင်ထားခြားနားခြင်း၌ အဆိုးသွမ်းဆုံး သော၊ ခေါင်းအမာဆုံးသောသူကို ဆွဲထုတ်တော်မူမည်။

Verse 70 — Surah Maryam 19:70

၇ဝ။ အကယ်စင်စစ်ငါသည် အဘယ်သူတို့အား ငရဲတွင် မီးလောင်တိုက်သွင်းထိုက်သည်ကို အသိဆုံးဖြစ်တော်မူ၏။

Verse 71 — Surah Maryam 19:71

၇၁။ သင်တို့အနက် မည်သူမဆို ငရဲသို့ ချဉ်းကပ်ရမည်သာတည်း။ ဤအမိန့်တော်သည် သင်၏ အရှင်သခင်ပြဋ္ဌာန်း ထားတော်မူသောဗျာဒိတ်တော်ဖြစ်၏။

Verse 72 — Surah Maryam 19:72

၇၂။ ထိုအခါငါသည် ဒုစရိုက်မကောင်းမှုကို ကြဉ်ရှောင်သူတို့အား ကယ်နှုတ်တော်မူ၍ ဒုစရိုက်ကောင်များကို ငရဲ ၌ ဝပ်တွားလျက် ချန်ထားတော်မူမည်။

Verse 73 — Surah Maryam 19:73

၇၃။ ငါ၏ ရှင်းလင်းထင်ရှားသောနှုတ်ကပတ်တော်များကို သူတို့အား ရွတ်ဖတ်ဆိုပြသောအခါ၊ မယုံကြည်သူတို့က ယုံကြည်သူတို့အား အချင်းတို့၊ သင်တို့ငါတို့နှစ်သင်းတွင် အဘယ်အသင်းက စည်းစိမ်ဥစ္စာ၊ သာလွန်ပေါများ၍ စစ်တပ်ပိုမိုခန့်ငြားကြသနည်းဟု ပြောကြ၏။

Verse 74 — Surah Maryam 19:74

၇၄။ လောကီစည်းစိမ်ဥစ္စာတန်ဆာပလာတွင် သူတို့ထက် သာလွန်ခန့်ငြားသောရှေးအသင်းဟောင်းမြောက်များစွာ ကို ငါသည် သူတို့အလျင် ဖျက်ဆီးရုပ်သိမ်းတော်မူပြီ။

Verse 75 — Surah Maryam 19:75

၇၅။ အို-တမန်တော်၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ မိစ္ဆာအမှားမှုများတွင် နစ်မွန်းနေသူတို့မူကား မဟာ ဂရုဏာတော်အရှင်သည် သူတို့၏ အသက်တာကို အရှင်မြတ်ဂတိဗျာဒိတ်တော်ချမှတ်ထားသောဤဘဝတွင် တွေ့ကြံုခံစားရမည့်အပြစ်ဒဏ်တော်၊ သို့မဟုတ် တရားစီရင်တော်မူသည့်နေ့တော်ကြီးကို သူတို့မြင်ရသည့်တိုင် အောင် ရှည်စေတော်မူမည်။ ထိုအခါသူတို့သည် အဘယ်သူသည် အဆင့်အတန်းဆိုးဝါးနိမ့်ကျသည်။ အဘယ်သူ သည် စစ်မက်ဗိုလ်ပါအင်အားချိနဲ့သည်ကို သိရကြလတံ့။

Verse 76 — Surah Maryam 19:76

၇၆။ အလ္လာဟ်အရှင်မြတ်သည် လမ်းမှန်ကို လျှောက်လိုက်သူတို့အတွက် လမ်းညွှန်ပြအလင်းရောင်ကို ပိုမိုထွန်းလင်း တောက်ပစေတော်မူ၏၊ အစဉ်တည်မြဲသောကုသိုလ်ကောင်းမှုသည် အကျိုးသုခအတွက် သင်၏ အရှင်သခင် ၏ မျက်မှောက်တော်ဝယ် သာလွန်ကောင်းမွန်၏။ ထိုကုသိုလ်ကောင်းမှုသာလျှင် နောင်တမလွန်ဘဝတွင် သာလွန်မွန်မြတ်၏။

Verse 77 — Surah Maryam 19:77

၇၇။ အို-တမန်တော်၊ သင်သည် ငါ၏ နှုတ်ကပတ်တော်များကို မယုံကြည်သူကို သိမြင်သလော၊ ထိုသူသည် အမှန်ပင်အကျွနု်ပ်အား စည်းစိမ်ဥစ္စာနှင့် သားသမီးအခြွေအရံပေးသနားတော်မူမည်ဟု ဆို၏။

Verse 78 — Surah Maryam 19:78

၇၈။ ထိုသူသည် မမြင်စွမ်းနိုင်သောအရာကို ဖတ်ရှုမြင်ရပြီးပြီလော၊ သို့မဟုတ် သူသည် မဟာဂရုဏာတော်ရှင်နှင့် ပဋိညာဉ်စာချုပ်ချုပ်လုပ်ပြီးပြီလော။

Verse 79 — Surah Maryam 19:79

၇၉။ ယင်းသို့မဟုတ်ချေ။ သို့သော်ငါအရှင်သည် သူ၏ စကားကို မှတ်တမ်းတင်ထားတော်မူမည်။ သူ၏ ဝဋ်ဆင်းရဲ ကိုလည်း ရှည်လျားစေတော်မူမည်။

Verse 80 — Surah Maryam 19:80

၈ဝ။ ထိုအပြင်ငါသည် သူပြောဆိုသောဥစ္စာပစ္စည်းသားသမီးအခြွေအရံများကို သူ့ထံမှ အမွေခံတော်မူမည်၊ သူသည် ငါ့ထံသို့ ဥစ္စာပစ္စည်းသားသမီးတစုံတခုမှ မပါပဲ တကိုယ်တည်းလာရမည်သာတည်း။

Verse 81 — Surah Maryam 19:81

၈၁။ ထို့အပြင်ဘုရားတုများသည် သူတို့အဖို့ တန်ခိုးအာဏာရှိစေခြင်းငှာ သူတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး ုဘုရားတုများကို ခဝပ်ကိုးကွယ်ကြ၏။

Verse 82 — Surah Maryam 19:82

၈၂။ တန်ခိုးမရှိနိုင်ချေ၊ သို့သော်ထိုဘုရားတုဘုရားယောင်များက ထိုသူတို့ဝတ်ပြုခြင်းကို ငြင်းပယ်ကြလတ့ံ။ သူတို့၏ ရန်သူများဖြစ်ကြလတ့ံ။

Verse 83 — Surah Maryam 19:83

၈၃။ အို-တမန်တော်၊ ငါသည် မိစ္ဆာမိုက်တို့အား ဖျားယောင်းသွေးဆောင်ပြီးလျှင် ထောင်းထောင်းကြေမွအောင် ဖျက်ဆီးရန် ရှိုင်တန်မာရ်နတ်များကို စေလွှတ်တော်မူသည်ကို သင်မသိမမြင်လေသလော။

Verse 84 — Surah Maryam 19:84

၈၄။ ထို့ကြောင့်အို-မိုဟမ္မဒ်၊ သူတို့ကို အဆောတလျင်အပြစ်ဒဏ်ထိဖို့ကို မလိုလားလင့်၊ ငါသည် သူတို့အား အချိန်သတ်မှတ်ပေးထားတော်မူ၏။

Verse 85 — Surah Maryam 19:85

၈၅။ ငါသည် သီလသမာဓိရှိသူတို့အား မဟာဂရုဏာတော်ရှင်အထံတော်၌ မွန်မြတ်သောအပေါင်းအဖော်အဖြစ်ဖြင့် စုရုံးစေတော်မူသောနေ့တော်ကြီး၌။

Verse 86 — Surah Maryam 19:86

၈၆။ ဒုစရိုက်ကောင်များကို မောပန်းနွမ်းရိသောတိရိစ္ဆာအုပ်ကဲ့သို့ ငရဲထဲသို့ မောင်းသွင်းသောနေ့တော်ကြီး၌။

Verse 87 — Surah Maryam 19:87

၈၇။ မိမိ၏ ကျေးဇူးတော်သခင်နှင့် ကတိစာချုပ်ချုပ်ဆိုထားသူများမှတပါး၊ အခြားသူတို့မှာ တောင်းပန်ကယ်နှုတ်ဖို့ရာ အာဏာရှိမည်မဟုတ်ချေ။

Verse 88 — Surah Maryam 19:88

၈၈။ ထို့အပြင်မိစ္ဆာမိုက်တို့က မဟာဂရုဏာတော်သခင်၌ သားသမီးရှိသည်ဟု ပြောဆိုကြ၏။

Verse 89 — Surah Maryam 19:89

၈၉။ မုချဧကန်သင်တို့သည် အတိဒုက္ခရောက်စေသောစကားကို ဆိုကြချေ၏။

Verse 90 — Surah Maryam 19:90

၉ဝ။ ထိုစကားကြောင့် မိုးကောင်းကင်အထပ်ထပ်သည် အစိတ်စိတ်အမွှာမွှာပြိုကျရမလောက်ဖြစ်၏။ ကမ္ဘာမြေကြီး လည်း ကွဲသွားရမလောက်ဖြစ်၏။ တောင်ကြီးတောင်ငယ်များလည်း ပျက်ပြိုသွားကြရမလောက်ဖြစ်၏။

Verse 91 — Surah Maryam 19:91

၉၁။ ထိုစကားမှာကား မဟာဂရုဏာတော်သခင်တွင် သားသမီးရှိသည်ဟု သင်တို့မတော်မလျားပြောဆိုခြင်းဖြစ်၏။

Verse 92 — Surah Maryam 19:92

၉၂။ သားသမီးရှိခြင်းအညစ်အကြေးသည် မဟာဂရုဏာတော်သခင်၏ ဂုဏ်တော်နှင့်လုံးဝမလျှောက်ပတ်မသင့် တော်ချေ။

Verse 93 — Surah Maryam 19:93

၉၃။ မိုးကောင်းကင်နှင့်ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှအပေါင်းတို့သည် မဟာဂရုဏာတော်သခင်၏ ရှေ့တော်သို့ ကျေးတော် မျိုးကျွန်တော်မျိုးအဖြစ်ဖြင့် ဝင်ရောက်ခစားကြရ၏။

Verse 94 — Surah Maryam 19:94

၉၄။ အမှန်မှာ အရှင်မြတ်သည် ရှိရှိသမျှအရာခပ်သိမ်းတို့ကို သိမြင်တော်မူ၍ အလုံးစုံတို့ကို မှန်ကန်စွာရေတွက် ထားတော်မူ၏။

Verse 95 — Surah Maryam 19:95

၉၅။ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သူတို့သည် အရှင်မြတ်အထံတော်သို့ တယောက်စီတယောက်စီဝင်ရ ကြမည်။

Verse 96 — Surah Maryam 19:96

၉၆။ မှတ်သားကြလော့၊ ယုံကြည်၍ သုစရိုက်အမှုအခင်းများကို ပွားများသူတို့သည် မဟာဂရုဏာတော်သခင်၏ ချစ်မြတ်နိုးခြင်းဆုမင်္ဂလာတော်ကို ရကြလတ့ံ။

Verse 97 — Surah Maryam 19:97

၉၇။ အို-တမန်တော်၊ ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို လွယ်လင့်တကူနားလည်စေရန်၊ သင်၏ ဘာသာစကား ဖြင့် ထုတ်ပြန်ချပေးသနားတော်မူ၏။ ထိုကျမ်းတော်သည် ဒုစရိုက်မကောင်းမှုကို ရွံရှာမုန်းတီး၍ ရှောင်ကြဉ် သူတို့အား အကျိုးသုခရမည့်သတင်းကောင်းကိုသော်လည်းကောင်း၊ ဆိုဆုံးမ၍ မရသူတို့အား အပြစ်ဒုက္ခခံရမည့် သတင်းဆိုးကိုသော်လည်းကောင်း၊ ပေးဖို့ရာဖြစ်၏။

Verse 98 — Surah Maryam 19:98

၉၈။ သူတို့ရှေးလျင်ဖြစ်ပေါ်လာသည့်များလှစွာသောအသင်းအပင်းတို့ကို ငါအရှင်မြတ်သည် သုတ်သင်ရှင်းလင်းခဲ့၏။ အို-မိုဟမ္မဒ်၊ သင်သည် ထိုလူဟောင်းတို့အနက် တစုံတယောကို မြင်နိုင်သလော၊ သို့မဟုတ်၊ သူတို့ထံမှ တစုံတခုသောအသံကို ကြားနိုင်သလော။