Back to Languages

Burmese - Chapter 20 - Ta-Ha

Translation by Ba Sein — Permalink

Verse 1 — Surah Ta-Ha 20:1

၁။ တား ဟား

Verse 2 — Surah Ta-Ha 20:2

၂။ အို-တမန်တော်မိုဟမ္မဒ်၊ ငါသည် သင့်စိတ်ညှိုးနွမ်းဖို့ရာ ဤကုရ်အာန်ကျမ်းတော်မြတ်ကို သင့်အား ထုတ်ပြန်ပေး သနားတော်မူသည်မဟုတ်ချေ။

Verse 3 — Surah Ta-Ha 20:3

၃။ သို့သော်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေသူတို့အား သတိပေးဆုံးမဖို့ရာဖြစ်သည်။

Verse 4 — Surah Ta-Ha 20:4

၄။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသောအရှင်မြတ်ထံတော်မှ ကျရောက်လာသောဆုံးမစကား ဖြစ်သည်။

Verse 5 — Surah Ta-Ha 20:5

၅။ ရာဇပလ္လင်တော်တွင် စံမြန်းတော်မူသောမဟာဂရုဏာတော်အရှင်။

Verse 6 — Surah Ta-Ha 20:6

၆။ မိုးမြေနှင့် မိုးမြေစပ်ကြားရှိရှိသမျှသော၊ မြေကြီးအောက်ရှိသောအရာခပ်သိမ်းကုန်တို့ကို စိုးပိုင်တော်မူသောအရှင်။

Verse 7 — Surah Ta-Ha 20:7

၇။ ထို့အပြင်သင်သည် အသံကျယ်စွာနှင့်ပြောဆိုသောအခါ အရှင်မြတ်သည် သင်၏ စိတ်ထဲတွင် လျှို့ဝှက်ထားသော အရာများနှင့် ထိုထက်သာလွန်စွာထိမ်ဝှက်ထားသောအရာများကို သိတော်မူ၏။

Verse 8 — Surah Ta-Ha 20:8

၈။ အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ။ အရှင်မြတ်၏ နာမတော်များသည် အလွန် မြင့်မြတ်တင့်တယ်လှပေသည်။

Verse 9 — Surah Ta-Ha 20:9

၉။ သင့်ထံသို့ တမန်တော်မူစာ၏ အတ္ထုပ္ပတ္တိကျရောက်လာပြီလော။

Verse 10 — Surah Ta-Ha 20:10

၁ဝ။ ထိုတမန်တော်သည် မီးတစ်ခုကို မြင်ရ၍ သူ၏လူများအား ဤတွင်ဆိုင်းင့ံကြလော့။ ငါသည် အဝေးမှာ မီး တစ်ခုကို မုချမြင်ရ၏။ ထိုမီးရှို့ရာမှ မီးကျီးမီးခဲတစ်ခုကို သင်တို့ထံယူခဲ့နိုင်ကောင်းယူခဲ့လိမ့်မည်။ သို့မဟုတ် ထိုမီးရှို့ရာတွင် လမ်းညွှန်ပြချက်တစ်စုံတစ်ခုကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ပြောပြ၏။

Verse 11 — Surah Ta-Ha 20:11

၁၁။ သူသည် ထိုနေရာသို့ ရောက်သောအခါ သူ့ကို အမည်အားဖြင့် အို--မူစာဟု ခေါ်၏။

Verse 12 — Surah Ta-Ha 20:12

၁၂။ ထို့အပြင်ဆက်လက်ကြားရသည်မှာ မှတ်သားလော့၊ ငါသည် သင်၏ အရှင်သခင်ဖြစ်တော်မူ၏။ အကြောင်းမူကား သင်သည် မင်္ဂလာကျက်သရေရှိသောတိုပါချိုင့်ဝှမ်းသို့ ရောက်လာချေပြီ။ သို့ဖြစ်၍ သင်၏ခြေနင်းကို ချွတ်လော့။

Verse 13 — Surah Ta-Ha 20:13

၁၃။ ထို့ပြင်ငါသည် သင့်ကို ရွေးကောက်တော်မူပြီ၊ ထို့ကြောင့်သင်သည် ငါ၏ဗျာဒိတ်တော်ကို ကြားနာလော့။

Verse 14 — Surah Ta-Ha 20:14

၁၄။ မှတ်သားလော့၊ ငါသည် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏။ ငါမှတပါး အခြားအရှင်သခင်မရှိချေ။ ထို့ကြောင့် ငါ့ကိုသာလျှင် ခဝပ်ကိုးကွယ်လော့၊ ငါ့ကို အောက်မေ့တသဖို့ရာ ဆွလားသ်ဝတ်ပြုလော့။

Verse 15 — Surah Ta-Ha 20:15

၁၅။ မှတ်သားလော့၊ အချိန်တော်သည် အမှန်ပင်ချဉ်းကပ်လာနေပြီ၊ သို့သော်ငါသည် ထိုနေ့တော်ကြီးကို လျှို့ဝှက် ထားမည်၊ အကြောင်းမူကား ဝိညာဉ်တိုင်းသည် မိမိပြုကျင့်သည့်အလျောက် အကျိုးအပြစ်ခံစားစေဖို့ရာဖြစ်သည်။

Verse 16 — Surah Ta-Ha 20:16

၁၆။ ထို့ကြောင့်ငါ့ကို မယုံကြည်ပဲ မိမိအလိုဆန္ဒဆွဲငင်ရာသို့ လိုက်သောသူသည် သင့်အား ၎င်းကို တွေးတောခြင်းမှ လှည့်မသွားစေရန် ပြုလုပ်ခွင့်မပေးလင့်။ သို့မှသာလျှင်သင်သည် မပျက်စီးချေ။

Verse 17 — Surah Ta-Ha 20:17

၁၇။ အို--မူစာ၊ သင်၏လက်ျာလက်တွင် မည်သည့်အရာရှိသနည်း။

Verse 18 — Surah Ta-Ha 20:18

၁၈။ တမန်တော်မူစာက ဤဝထ္ထုသည် အကျွနု်ပ်စွဲကိုင်သောတောင်ဝှေးဖြစ်ပါ၏။ ဤတောင်ဝှေးအပေါ်၌ အကျွနု်ပ် သည် အမှီပြုရပါ၏။ ဤတောင်ဝှေးဖြင့် အကျွနု်ပ်၏ သိုးများအတွက် သစ်ကိုင်းရိုက်ချိုးရပါ၏။ ထို့အပြင်အကျွနု်ပ် သည် ထိုတောင်ဝှေး၌ အခြားအသုံးပြုခြင်းကို တွေ့ပါ၏ဟု တင်လျှောက်၏။

Verse 19 — Surah Ta-Ha 20:19

၁၉။ အရှင်မြတ်က အို--မူစာ၊ ၎င်းကို ပစ်ချလိုက်ဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 20 — Surah Ta-Ha 20:20

၂ဝ။ ဗျာဒိတ်တော်အတိုင်း ပစ်ချလိုက်သောအခါ ၎င်းသည် လူးလိမ့်သွားလာသောမြွေမုချဖြစ်လာသည်။

Verse 21 — Surah Ta-Ha 20:21

၂၁။ တဖန်အရှင်မြတ်က အို--မူစာ၊ ၎င်းကို ဆုပ်ကိုင်လော့၊ မကြောက်လင့်၊ ငါသည် ၎င်းကို မူလအတိုင်းဖြစ်စေ တော်မူမည်။

Verse 22 — Surah Ta-Ha 20:22

၂၂။ သင်၏လက်ကို မိမိလက်ကတီးကြားသို့ သွင်းလော့၊ ၎င်းသည် ဖြူစင်သန့်ရှင်းအနာမဲ့စွာထွက်လာတ္တံ့၊ ဤအ့ံဖွယ် သည် ဒုတိယသာဓကတော်ဖြစ်၏။

Verse 23 — Surah Ta-Ha 20:23

၂၃။ ငါသည် သင့်အား ငါ၏နမိတ်လက္ခဏာတော်ကြီးအချို့ကို ပြသဖို့ရာ။

Verse 24 — Surah Ta-Ha 20:24

၂၄။ သင်သည် ဖာရောမင်းထံသို့ သွားလော့၊ မှတ်သားလော့၊ သူသည် တရားကျူးလွန်သူဖြစ်၏။

Verse 25 — Surah Ta-Ha 20:25

၂၅။ တမန်တော်မူစာက အို--အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်အား စိတ်သာယာမှုပေးသနားတော်မူပါ။

Verse 26 — Surah Ta-Ha 20:26

၂၆။ ထို့အပြင်အကျွနု်ပ်၏အလုပ်ဝတ္တရားများကို လွယ်ကူစေတော်မူပါ။

Verse 27 — Surah Ta-Ha 20:27

၂၇။ ထို့အပြင်အကျွနု်ပ်၏ လျှာမှ အထုံးကို ဖြေပေးတော်မူပါ။

Verse 28 — Surah Ta-Ha 20:28

၂၈။ သို့မှသာလျှင်အကျွနု်ပ်၏ ဟောပြောချက်ကို သူတို့နားလည်ကြပါမည်။

Verse 29 — Surah Ta-Ha 20:29

၂၉။ အကျွနု်ပ်၏သားချင်းထံမှ အကျွနု်ပ်အတွက် နောက်လိုက်တစ်ယောက်ခန့်တော်မူပါ။

Verse 30 — Surah Ta-Ha 20:30

၃ဝ။ အကျွနု်ပ်၏အစ်ကိုဟာရွန်ကို ခန့်တော်မူပါ။

Verse 31 — Surah Ta-Ha 20:31

၃၁။ ထိုသူ့အားဖြင့် အကျွနု်ပ်၏အင်အားကို ဖြည့်တင်းတော်မူပါ။

Verse 32 — Surah Ta-Ha 20:32

၃၂။ ထို့အပြင်သူ့အား အကျွနု်ပ်၏ဝတ္တရားကို ခွဲယူစေတော်မူပါ။

Verse 33 — Surah Ta-Ha 20:33

၃၃။ အကျွနု်ပ်တို့နှစ်ဦးသည် အရှင်၏ကျေးဇူးတော်ကို ချီးကျူးဖို့ရာဖြစ်ပါ၏။

Verse 34 — Surah Ta-Ha 20:34

၃၄။ ထို့အပြင်အရှင့်အား များစွာအောက်မေ့သတဖို့ရာလည်းဖြစ်ပါ၏။

Verse 35 — Surah Ta-Ha 20:35

၃၅။ အရှင်သည် အကျွနု်ပ်တို့ကို အမြဲမြင်တော်မူပါ၏ဟု တင်လျှောက်၏။

Verse 36 — Surah Ta-Ha 20:36

၃၆။ ထိုအခါအရှင်မြတ်က အို--မူစာ၊ သင့်အား သင်တောင်းသောဆုကို ပေးသနားတော်မူပြီ။

Verse 37 — Surah Ta-Ha 20:37

၃၇။ အထက်တစ်ကြိမ်ငါသည် သင့်အား ကျေးဇူးပြုတော်မူလေပြီ။

Verse 38 — Surah Ta-Ha 20:38

၃၈။ ထိုအချိန်၌ ငါသည် သင်၏မိခင်အား ဤသို့ဗျာဒိတ်ပေးတော်မူ၏။

Verse 39 — Surah Ta-Ha 20:39

၃၉။ သူ့ကို သေတ္တာတွင်ထည့်ပြီးလျှင် ၎င်းကို မြစ်ထဲသို့ ပစ်ချလော့၊ မြစ်သည် ၎င်းကို ကမ်းခြေသို့ ပစ်တင်လတ္တံ့၊ ထိုမှာ ငါ၏ရန်သူသည် သူ့ကို ယူလိမ့်မည်။ အို--မူစာ၊ သင့်အား ငါ့အလိုတော်အတိုင်း သင်ကြားပြသဖို့ရာ ငါသည် သင့်အား ငါ့ထံမှ ချစ်ခင်မြတ်နိုးခြင်းဖြင့် ခြံုထားတော်မူ၏။

Verse 40 — Surah Ta-Ha 20:40

၄ဝ။ ထို့ကြောင့်သင်၏အစ်မရင်းသည် သွား၍ ဤသူငယ်ကို ထိန်းသိမ်းစောင့်ရှောက်မည့်နို့ထိန်းမိန်းမပြသရပါမည်လော ဟု မေး၏။ သင့်မိခင်သည် မျက်လုံးများအားပြည့်ကြည်လင်၍ ပူပန်သောကမဖြစ်စေရန်အလို့ငှာ ငါသည် သင့်အား သင်၏မိခင်ထံပြန်အပ်တော်မူ၏။ သင်သည် လူတစ်ယောက်ကို သတ်ဖြတ်၏။ ထိုအခါ ငါသည် သင့်ကို ပူပင်သောကကြီးမှ ကယ်နှုတ်တော်မူ၍ သင့်အား စုံစမ်းကြီးအားဖြင့် စုံစမ်းတော်မူ၏။ သင်သည် မဒယန်မြို့သားတို့နှင့် နှစ်ပေါင်းများစွာနေရ၏။ အို--မူစာ၊ ထို့နောက်သင်သည် ပြဋ္ဌာန်းတော်မူသည့်အတိုင်း ဤအရပ်သို့ လာရ၏။

Verse 41 — Surah Ta-Ha 20:41

၄၁။ ငါ၏အမှုတော်ကို ထမ်းဆောင်ဖို့ရာ သင့်အား ငါရွေးကောက်တော်မူပြီ။

Verse 42 — Surah Ta-Ha 20:42

၄၂။ ထို့ကြောင့်ယခုသင်နှင့် သင်၏အစ်ကိုသည် ငါ၏သက်သေသာဓကတော်များနှင့် သွားကြလော့၊ ငါ့အား အောက် မေ့တသဖို့ရာ မပေါ့လျော့ကြလင့်။

Verse 43 — Surah Ta-Ha 20:43

၄၃။ သင်တို့နှစ်ဦးသည် ဖာရောမင်းထံသို့ သွားကြလော့၊ မုချဧကန်သူသည် တရားတော်ကို ကျူးကျော်ပြီ။

Verse 44 — Surah Ta-Ha 20:44

၄၄။ သင်တို့နှစ်ဦးသည် သူ့အား သိမ်မွေ့စွာဟောကြားကြလော့။ သူသည် သတိရကောင်းရလိမ့်မည်၊ သို့မဟုတ် ကြောက်ရွံ့ကောင်းကြောက်ရွံ့လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 45 — Surah Ta-Ha 20:45

၄၅။ ထိုအခါသူတို့က အို--အကျွနု်ပ်တို့၏အရှင်သခင်၊ သူသည် အကျွနု်ပ်တို့အား မာနထောင်လွှားမည်ကို သော် လည်းကောင်း၊ အာဏာရှင်ကဲ့သို့မတရားကျင့်ကြံမည်ကိုသော်လည်းကောင်း၊ အကျွနု်ပ်တို့စိုးရိမ်ပါ၏ဟု လျှောက် တင်ကြ၏။

Verse 46 — Surah Ta-Ha 20:46

၄၆။ အရှင်မြတ်က သင်တို့မကြောက်ရွံ့ကြလင့်၊ မှတ်သားကြလော့၊ ငါသည် သင်တို့ညီအစ်ကိုနှစ်ယောက်နှင့်အတူ တကွရှိတော်မူ၏၊ ကြားတော်မူ၏၊ မြင်တော်မူ၏။

Verse 47 — Surah Ta-Ha 20:47

၄၇။ ထို့ကြောင့်သင်တို့သည် သူ့ထံသို့သွား၍ ဤသို့ဟောကြားလော့၊ မှတ်သားလော့၊ အကျွန်ုပ်တို့သည် သင်၏ အရှင်သခင်၏ တမန်တော်နှစ်ပါးဖြစ်ကြ၏။ ထို့ကြောင့်အစ္စရာအီလ်အမျိုးသားတို့ကို အကျွနု်ပ်တို့နှင့်လိုက်သွားခွင့် ပြုလော့၊ သူတို့ကို နှိပ်စက်ကလူမပြုလင့်၊ အကျွနု်ပ်တို့သည် သင်၏ကျေးဇူးတော်သခင်ထံမှ အ့ံဖွယ်သူရဲတစ်ခု ယူဆောင်လာ၏၊ မှန်ကန်သောညွှန်ပြချက်ကို လိုက်နာသူ၊ ထိုသူအတွက် အေးချမ်းသာယာခြင်းရှိလတ္တံ့။

Verse 48 — Surah Ta-Ha 20:48

၄၈။ မှတ်သားလော့၊ တရားတော်ကို ငြင်းပယ်ကျောပေးသူသည် အပြစ်ဒဏ်တော်ခံစားရမည်ဟု အကျွနု်ပ်တို့ထံသို့ ဗျာဒိတ်တော်လာ၏။

Verse 49 — Surah Ta-Ha 20:49

၄၉။ ဖာရောမင်းက အို--မူစာ၊ သင်တို့နှစ်ဦး၏ အရှင်သခင်သည် အဘယ်သူနည်းဟု မေး၏။

Verse 50 — Surah Ta-Ha 20:50

၅ဝ။ မူစာက အကျွနု်ပ်တို့၏ကျေးဇူးတော်သခင်သည် အရာရာတိုင်းကို ၎င်း၏ဖန်ဆင်းခြင်းကို ပေးသနားတော်မူသော အရှင်ဖြစ်တော်မူ၏။ ထို့နောက်ထိုအရာကို လမ်းညွှန်ပြတော်မူ၏ဟု ပြန်ပြော၏။

Verse 51 — Surah Ta-Ha 20:51

၅၁။ ထိုအခါဖာရောမင်းက သို့ပါလျှင်ရှေ့လူဟောင်းတို့အခြေအနေသည် မည်သို့ရှိသနည်းဟု မေး၏။

Verse 52 — Surah Ta-Ha 20:52

၅၂။ မူစာကလည်း ထိုအကြောင်းအရာကို အကျွနု်ပ်၏အရှင်သခင်သာလျှင် သိတော်မူ၏။ ထိုအကြောင်းအရာကို အရှင်မြတ်အထံတော်၌ မှတ်ပုံတင်ထားတော်မူ၏။ အကျွနု်ပ်၏ ကျေးဇူးတော်သခင်သည် ဘယ်သောအခါမှ မှားယွင်းတော်မမူချေ၊ မေ့လျော့တော်မမူချေ။

Verse 53 — Surah Ta-Ha 20:53

၅၃။ အရှင်မြတ်သည် မဟာပထဝီမြေကြီးကို အိပ်ရာအဖြစ်ဖြင့် ခင်းထားတော်မူ၏။ ထိုမြေပေါ်တွင် သင်တို့သွားလာ ဖို့ရာ လမ်းများကို စီရင်ထားတော်မူ၏။ ထို့အပြင်အထက်ကောင်းကင်ဘုံမှ မိုးရေကို ရွာသွန်းစေတော်မူ၏။ ထိုမိုးရေအားဖြင့် ငါအရှင်မြတ်သည် သီးပင်၊ ပွင့်ပင်၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးကို ပေါက်ရောက်စေတော်မူ၏။

Verse 54 — Surah Ta-Ha 20:54

၅၄။ ထို့အပြင်ဗျာဒိတ်တော်လာသည်မှာ ထိုသစ်ပင်များမှ သင်တို့မှီဝဲသုံးစွဲကြလော့၊ သင်တို့၏တိရိစ္ဆာန်များကိုလည်း ကျွေးမွေးကြလော့၊ ဤဖြစ်ရပ်များ၌ စဉ်းစားဆင်ခြင်တတ်သူတို့အဖို့ နိမိတ်လက္ခဏာအ့ံဖွယ်တော်များပါရှိ၏၊ ဖြစ်၏။

Verse 55 — Surah Ta-Ha 20:55

၅၅။ ငါသည် သင်တို့ကို ပထဝီမြေဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးထဲသို့ ပြန်သွင်းတော်မူ၏။ တဖန်မြေကြီးထဲမှ ဒုတိယအကြိမ်ထုတ်ယူတော်မူ၏။

Verse 56 — Surah Ta-Ha 20:56

၅၆။ ငါသည် ဖာရောမင်းအား ငါ၏နိမိတ်အ့ံဖွယ်များကို ပြသတော်မူ၏ သို့သော်သူသည် ထိုအ့ံဖွယ်များကို မယုံကြည် ပယ်ရှား၏။

Verse 57 — Surah Ta-Ha 20:57

၅၇။ သူက အို--မူစာ၊ သင်သည် အကျွနု်ပ်တို့အား မိမိတို့တိုင်းပြည်မှ ဝိဇ္ဇာအတတ်ဖြင့် မောင်းထုတ်ရန် လာခဲ့ သလော။

Verse 58 — Surah Ta-Ha 20:58

၅၈။ သို့သော်အကျွနု်ပ်တို့လည်း ထိုအတတ်ကို တတ်ကြ၏။ ထို့ကြောင့်ဝိဇ္ဇာအတတ်ပြိုင်ရန် အချိန်နေ့ရက်ကို သတ်မှတ်ချိန်းချက်ကြအ့ံ၊ ထိုချိန်းဆိုသောအချိန်တွင် မပျက်မကွက်ပဲ သင်တို့၊ကျွနု်ပ်တို့သည် နှစ်ဦးနှစ်ဖက် အတွက် သင့်တော်လွယ်ကူသောနေရာသို့ လာကြပါစို့ဟု ပြော၏။

Verse 59 — Surah Ta-Ha 20:59

၅၉။ မူစာက ပွဲတော်နေ့ကြီးကို သတ်မှတ်ချိန်းချက်ကြပါစို့၊ ထိုနေ့၌ လူထုအား နေမြင့်ချိန်၌ အတတ်ပညာပြိုင်မည့် နေရာတွင် စုဝေးစေပါလော့။

Verse 60 — Surah Ta-Ha 20:60

၆ဝ။ ထို့နောက်ဖာရောမင်းသည် မိမိ၏အင်အားကို စုဆောင်းပြီးလျှင် ချိန်းဆိုသောနေရာသို့ အချိန်မီလာလော့။

Verse 61 — Surah Ta-Ha 20:61

၆၁။ ထိုအခါတမန်တော်မူစာက ဟယ်-အချင်းတို့၊ သင်တို့ပူဆွေးကြရလတ္တံ့၊ အရှင်မြတ်သည် သင်တို့အား အပြစ်ဒဏ် တစ်ခုခုနှင့် သုတ်သင်ရှင်းလင်းပစ်တော်မမူခြင်းငှာ သင်တို့သည် အရှင်မြတ်အား မုသားစွပ်စွဲပြောဆိုခြင်းကို မဖန်တီးကြနှင့်၊ မုသားစကားဆိုသူသည် အကြီးအကျယ်ဆုံးရှုံးရာတည်းဟု ဟောကြား၏။

Verse 62 — Surah Ta-Ha 20:62

၆၂။ သူတို့အဘယ်အရာကို ပြုလုပ်ရမည်ကိ သူတို့အချင်းချင်းနှီးနှောတိုင်ပင်ကြ၏။ သူတို့သည် မိမိတို့တိုင်ပင်ချက်ကို လျှို့ဝှက်ထားကြ၏။

Verse 63 — Surah Ta-Ha 20:63

၆၃။ သူတို့က မှတ်သားကြလော့၊ ဤသူနှစ်ယောက်သည်ကား ပဥ္စလက်ဆရာများဖြစ်ကြ၏။ သူတို့သည် ၎င်းတို့၏ ဝိဇ္ဇာအတတ်အားဖြင့် သင်တို့တိုင်းပြည်မှ နှင်ထုတ်၍ သင်တို့၏ရိုးရာထုံးတမ်းစဉ်လာကောင်းများကို ဖျက်ဆီးပစ် လိုကြ၏။

Verse 64 — Surah Ta-Ha 20:64

၆၄။ ထို့ကြောင့်သင်တို့သည် အကြံအစည်ထုတ်ပြီးလျှင် ပြိုင်ပွဲကို လာကြလော့၊ ယနေ့သင်တို့အနက် အကြင်သူသည် ထိုသူနှစ်ဦးကို နိုင်အံ့၊ ထိုသူသည် အမှန်ပင် အောင်မြင်လိမ့်မည်ဟု ပြောဆို၏။

Verse 65 — Surah Ta-Ha 20:65

၆၅။ သူတို့က အို--မူစာ၊ သင်သည် ရှေးဦးစွာပစ်ချမည်လော၊ သို့မဟုတ်အကျွနု်ပ်တို့ရှေးဦးစွာပစ်ချရမည်လောဟု မေး၏။

Verse 66 — Surah Ta-Ha 20:66

၆၆။ ထိူအခါမူစာက မဟုတ်ချေ၊ သင်တို့ပစ်ချပါလော့ဟု ပြန်ပြော၏။ ထိုအခါသူတို့၏မန္တာန်မန္တရားအစွမ်းကြောင့် သူတို့၏ကြိုးခွေများနှင့် ကြိမ်လုံးတောင်ဝှေးများသည် လျှောက်ပြေးလာသည်ဟု တမန်တော်မူစာထင်မှတ်၏။

Verse 67 — Surah Ta-Ha 20:67

၆၇။ ထိုအခါတမန်တော်မူစာ၌ ကြောက်လန့်သောစိတ်ပေါ်လာ၏။

Verse 68 — Surah Ta-Ha 20:68

၆၈။ ငါအရှင်မြတ်က အို--မူစာ၊ မကြောက်ရွံ့လင့်၊ သင်သည် သူတို့ထက် သာလွန်မြင့်မြတ်၏။

Verse 69 — Surah Ta-Ha 20:69

၆၉။ သင်၏လက်ျာလက်တွင်းရှိသောအရာကို ပစ်ချလော့၊ ထိုအရာသည် သူတို့ဖန်တီးသမျှကို မျိုပစ်လိမ့်မည်၊ မှတ်သားလော့၊ သူတို့ဖန်တီးသောအရာသည် မှော်ဆရာတို့၏ ဥပါယ်တမည်သာဖြစ်သည်။ မှော်ဆရာသည် မိမိအတတ်ပညာတွင် မည်မျှပင်တတ်မြောက်ငြားသော်လည်း သူတို့သည် မအောင်မြင်နိုင်ချေဟု ဗျာဒိတ်ပေး တော်မူ၏။

Verse 70 — Surah Ta-Ha 20:70

ရဝ။ မှော်ဆရာတို့သည် တပြိုင်နက်ဝပ်တွားဦးညွတ်ချကြ၍ အကျွနု်ပ်တို့သည် ဟာရွန်နှင့်မူစာတို့၏အရှင်သခင်အား ယုံကြည်ကြပါ၏ဟု ဆိုကြ၏။

Verse 71 — Surah Ta-Ha 20:71

ရ၁။ ဖာရောမင်းက အကျွနု်ပ်အမိန့်မပေးမီ သင်တို့သည် သူ့ကို ယုံကြည်၊ ဆရာတင်ကြသလော၊ မှတ်သားကြလော့၊ သူသည် သင်တို့အား ဝိဇ္ဇာအတတ်ကို သင်ပေးသောသင်တို့၏အကြီးအကဲဖြစ်၏။ ယခုအကျွနု်ပ်သည် သင်တို့၏ ခြေလက်များကို လက်ျာလက်ဝဲဘက်ယဘက်လှည့်၍ ဖြတ်ပြီးလျှင် စွန်ပလွန်ပင်၏ ပင်စည်များတွင် အမှန်ပင် ကားတိုင်တင်၍ ကွပ်မျက်မည်၊ ထိုအခါသင်တို့သည် ငါတို့အနက်ဘယ်သူသည် သာလွန်ပြင်းထန်ကြမ်းကြုတ် သော ကြာရှည်သောအပြစ်ဒဏ်ကို ပေးနိုင်သည်ကို အသေအချာသိရလတ္တံ့ဟု ခြိမ်းခြောက်ပြောဆို၏။

Verse 72 — Surah Ta-Ha 20:72

ရ၂။ သူတို့ကလည်း အကျွနု်ပ်တို့သည် သင်မင်းကြီးအား အကျွနု်ပ်ထံသို့ ကျရောက်လာသည့်ရှင်းလင်းသောသက်သေ သာဓကများထက်သော်လည်းကောင်း၊ အကျွနု်ပ်တို့၏ အရှင်သခင်ထက်သော်လည်းကောင်း အမြတ်ထားသည် မဟုတ်ချေ၊ ထို့ကြောင့်အသင်မင်းကြီးသည် ပေးလိုသောအပြစ်ဒဏ်ကို ပေးပါတော့၊ အသင်မင်းကြီးသည် အကျွနု်ပ်တို့အား ဤလောကီဘဝကိုသာ ဆုံးရှုံးစေနိုင်မည်။

Verse 73 — Surah Ta-Ha 20:73

ရ၃။ မှတ်သားပါလော့၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်တို့အား မိမိတို့အပြစ်များကို လွှတ်တော်မူပါရန်၊ ထို့အပြင် သင်မင်းကြီးက အတင်းအကျပ်ခိုင်းစေ၍ ကျွနု်ပ်တို့ပြုလုပ်ရသောမှော်ဆရာဝိဇ္ဇာအတတ်၏ အပြစ်များကို ခွင့်လွှတ် တော်မူပါရန်၊ အကျွန်ုပ်တို့သည် မိမိတို့၏အရှင်သခင်အား ယုံကြည်ကိုးကွယ်ပါ၏။ အလ္လာဟ်အရှင်မြတ်သည် သာလွန်မြင့်မြတ်၍ နိစ္စထာဝရဖြစ်တော်မူ၏ဟု တုံ့ပြန်ဆိုကြ၏။

Verse 74 — Surah Ta-Ha 20:74

ရ၄။ မှတ်သားကြလော့၊ အကြင်သူသည် မိမိ၏ကျေးဇူးတော်သခင်ထံသို့ ဒုစရိုက်ကောင်အဖြစ်ဖြင့် လာအ့ံ၊ ထိုသူ အတွက် ငရဲအမှန်ပင်ရှိ၏၊ ထိုငရဲ၌သူသည် အသက်သေရမည်လည်းမဟုတ်၊ အသက်ရှင်ရမည်လည်းမဟုတ်ချေ။

Verse 75 — Surah Ta-Ha 20:75

ရ၅။ သို့သော်အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ကုသိုလ်ကောင်းမှုပွားများခဲ့ပြီးသောယုံကြည်သူအဖြစ် ဖြင့် လာကြအ့ံ၊ ထိုသူအတွက် မြင့်မြတ်သောဘုံနန်းပြဿဒ်များရှိ၏။

Verse 76 — Surah Ta-Ha 20:76

ရ၆။ နိဗ္ဗာန်ဥယျာဉ်တော်များရှိ၏။ထိုဥယျာဉ်တော်အောက်၌ မြစ်ချောင်းအသွယ်သွယ်စီးဆင်းလျက်ရှိ၏။ ထိုနေရာမြတ် တွင် သူတို့အမြဲထာဝရနေရကြမည်။ ဤဆုတော်ကြီးသည် ကုသိုလ်ကောင်းမှုဆည်းပူးခဲ့သူ၏ အကျိုးဆက်ပင် ဖြစ်ချေ၏။

Verse 77 — Surah Ta-Ha 20:77

ရ၇။ အကယ်စင်စစ်ငါသည် တမန်တော်မူစာအား ငါ၏ကျေးကျွန်များကို ယူဆောင်သွားလော့၊ သူတို့အတွက် ပင်လယ် တွင် မြေလမ်းရိုက်ထုတ်လော့၊ သင်တို့သည် လိုက်ဖမ်းမိမည်ကို မကြောက်လင့်၊ ပင်လယ်ကိုလည်း မကြောက် လင့်ဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 78 — Surah Ta-Ha 20:78

ရ၈။ ထိုအခါဖွာရောမင်းသည် မိမိ၏ ရဲမက်ဗိုလ်ခြေအမြောက်အမြားနှင့်တကွ တမန်တော်မူစာတို့နောက်သို့ လိုက်ကြ ၏။ သူတို့သည် ပင်လယ်ကို အစ္စရာအီလ်လများကဲ့သို့ ဖြတ်သွားသောအခါ သူတို့အားလုံးသည် ရေနစ်မြုပ် သေဆုံး၏။

Verse 79 — Surah Ta-Ha 20:79

ရ၉။ ဖွာရောမင်းသည် မိမိလူများကို လမ်းမှားသို့ပို့၏၊ သူသည် သူတို့အား လမ်းမှန်ကိ မညွှန်ပြချေ။

Verse 80 — Surah Ta-Ha 20:80

၈ဝ။ အို--အစ္စရာအီလ်အမျိုးသားတို့ ငါအရှင်မြတ်သည် သင်တို့အား ရန်သူ၏လက်မှ ကယ်နှုတ်တော်မူ၏။ ငါသည် သင်တို့နှင့် မြင့်မြတ်၍ မင်္ဂလာရှိသောတောင်ကဘယံပေါ်တွင် ပဋိညာဉ်ဖွဲ့တော်မူ၏။ ထို့အပြင်သင်တို့ထံသို့ ငုံးနှင့် မန်နကို ချပေးတော်မူ၏။

Verse 81 — Surah Ta-Ha 20:81

၈၁။ ထိုအခါငါက သင်တို့သည် ငါချပေးသနားတော်မူသော မွန်မြတ်သောအစာများကို စားကြလော့၊ သို့သော်အစား မကျူးကြလင့်၊ ကျူးကြလျှင် ငါ၏အမျက်တော်ရှလိမ့်မည်၊ အကြင်သူကို ငါ၏အမျက်တော်ထိအံ့၊ ထိုသူသည် အမှန်ပင်ပျက်စီးဆုံးရှုံးရာ၏။

Verse 82 — Surah Ta-Ha 20:82

၈၂။ မှတ်သားကြလော့၊ အကြင်သူသည် တရားသံဝေဂရ၏။ ယုံကြည်၏၊ ကုသိုလ်ကောင်းမှုပြုကျင့်၏၊ ထို့နောက် လမ်းမှန်ကို လိုက်အံ့၊ ထိုသူအားငါသည် အပြစ်လွှတ်တော်မူ၏။

Verse 83 — Surah Ta-Ha 20:83

၈၃။ အို--မူစာ၊ သင်သည် မိမိ၏လူများမှ အဘယ်ကြောင့်ထွက်ပြေးလာခဲ့သနည်းဟု မေးတော်မူ၏။

Verse 84 — Surah Ta-Ha 20:84

၈၄။ မူစာက အို--အရှင်၊ အကျွနု်ပ်၏လူများသည် အကျွနု်ပ်နောက်သို့ မနီးမဝေးမှ လိုက်လာပါသည်၊ အရှင် ကောင်းစွာနှစ်သက်တော်မူစေခြင်းငှာ အကျွနု်ပ်သည် အရှင့်ရှေ့တော်မှောက်သို့ လာရောက်ပါသည်ဟု တင် လျှောက်၏။

Verse 85 — Surah Ta-Ha 20:85

၈၅။ အို--မူစာ၊ ငါသည် သင့်ကွယ်ရာ၌ သင့်လူများကို စုံစမ်းတော်မူပြီး၊ ၎င်းတို့အား စာမရီသည် လမ်းမှားသို့ ယူဆောင်သွားလေပြီဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 86 — Surah Ta-Ha 20:86

၈၆။ ထိုအခါတမန်တော်မူစာသည် အမျက်ဒေါသထွက်ပြီးလျှင် မချမ်းသာသောစိတ်ဖြင့် မိမိလူများထံသို့ ပြန်သွား၍ ဤသို့ဆို၏၊ ဟယ်-အချင်းတို့၊ သင်တို့၏အရှင်သခင်သည် သင်တို့အား သင့်တင့်လျှောက်ပတ်သောကတိသစ္စာ တော်ကို သင်တို့အပေါ်သို့ ကျရောက်စေခြင်းငှာ အကျွနု်ပ်နှင့်ချိန်းချက်ထားသောကတိသစ္စာကို ဖျက်ကြသလော။

Verse 87 — Surah Ta-Ha 20:87

၈၇။ သူတို့က အကျွနု်ပ်တို့သည် သင်နှင့်ထားသောကတိသစ္စာကို မိမိတို့အလိုအလျောက်ဖျက်ကြသည်မဟုတ်ချေ၊ အကျွနု်ပ်တို့သည် တစ်မျိုးလုံး၏ရွေငွေတန်ဆာပလာများကို သယ်ပိုးထမ်းဆောင်ရကြ၏။ လေးလံသဖြင့် ၎င်း တို့ကို မီးထဲသို့ ပစ်ချကြ၏။ ယင်းသို့ပြုလုပ်ရန် စာမရီက အကြံပေး၏။

Verse 88 — Surah Ta-Ha 20:88

၈၈။ ထို့နောက်စာမရီသည် သူတို့အတွက် ရွှေရောင်နွားရုပ်ငယ်သွန်းလုပ်လိုက်သော် ထိုနွားရုပ်ငယ်သည် ပကတိနွား ကဲ့သို့ တူ၏။ ထိုအခါသူတို့က ဤနွားရုပ်ငယ်သည် သင်တို့၏ဘုရားသခင်ဖြစ်၏။ မူစာ၏ဘုရားလည်းဖြစ်၏၊ သို့သော်မူစာသည် သတိမေ့လျော့နေ၏ဟု ကြွေးကြော်ကြ၏။

Verse 89 — Surah Ta-Ha 20:89

၈၉။ ထိုနွားရုပ်ငယ်သည် သူတို့အား စကားပြန်မပြောသည်ကိုသော်လည်းကောင်း၊ သူတို့ကို အကျိုးအပြစ်တစ်စုံ တစ်ရာမပေးစွမ်းနိုင်သည်ကိုသော်လည်းကောင်း၊ သူတို့မမြင်ကြသလော။

Verse 90 — Surah Ta-Ha 20:90

၉ဝ။ တမန်တော်မူစာပြန်မလာမီ တမန်တော်ဟာရွန်က ဟယ်-အချင်းတို့၊ သင်တို့ကို ထိုနွားရုပ်ငယ်ဖြင့် လှည့်စားပြီး အကြောင်းမူကား သင်တို့၏အရှင်သခင်သည် မဟာဂရုဏာတော်အရှင်ဖြစ်တော်မူ၏၊ ထို့ကြောင့်အကျွနု်ပ်နောက် သို့ လိုက်၍ အကျွနု်ပ်အမိန့်ကို နာခံကြလော့ဟု ဟောကြား၏။

Verse 91 — Surah Ta-Ha 20:91

၉၁။ လူများက တမန်တော်မူစာသည် အကျွနု်ပ်ထံသို့ ပြန်လာသည့်တိုင်အောင် အကျွနု်ပ်တို့သည် နွားရုပ်ငယ်ကို ဆက်လက်ကိုးကွယ်မည်ဟု ဆိုကြ၏။

Verse 92 — Surah Ta-Ha 20:92

၉၂။ ၉၃။ မူစာက အို--ဟာရွန်၊ သူတို့သည် လမ်းမှားသို့သွားသောအခါ သင်သည် သူတို့ထံမှ ထွက်ခွာ၍ အကျွနု်ပ်ထံသို့ မလိုက်လာရအောင် သင့်အား မည်သည်က ဆွဲထားသနည်း၊ သင်သည်လည်း ငါ့အမိန့်ကို မနာခံသလောဟု ဆို၏။

Verse 93 — Surah Ta-Ha 20:93

၉၂။ ၉၃။ မူစာက အို--ဟာရွန်၊ သူတို့သည် လမ်းမှားသို့သွားသောအခါ သင်သည် သူတို့ထံမှ ထွက်ခွာ၍ အကျွနု်ပ်ထံသို့ မလိုက်လာရအောင် သင့်အား မည်သည်က ဆွဲထားသနည်း၊ သင်သည်လည်း ငါ့အမိန့်ကို မနာခံသလောဟု ဆို၏။

Verse 94 — Surah Ta-Ha 20:94

၉၄။ တမန်တော်ဟာရွန်က အို-အကျွနု်ပ်၏မယ်တော်သား၊ အကျွနု်ပ်၏ မုတ်ဆိတ်၊သို့မဟုတ် အကျွနု်ပ်၏ဦးခေါင်းကို မဆွဲပါနှင့်၊ သင်က အကျွနု်ပ်အား သင်သည် အစ္စရာအီလ်လူမျိုးကို ဂိုဏ်းဂဏကွဲပြားစေ၏။ ထို့အပြင်သင်သည် ငါ့အမိန့်လာအောင် စောင့်မနေဟု ပြစ်တင်မည်ကို စိုးရိမ်ပါသည်ဟု ပြောပြ၏။

Verse 95 — Surah Ta-Ha 20:95

၉၅။ ထိုအခါတမန်တော်မူစာက အို-စာမရီ၊ အသင်ဘာပြောစရာရှိသနည်းဟု မေး၏။

Verse 96 — Surah Ta-Ha 20:96

၉၆။ သူက အစ္စရာအီလ်အမျိုးသားတို့သည် မသိမမြင်သည်ကို အကျွနု်ပ်သိမြင်၏၊ ထို့ကြောင့်တမန်တော်၏ ခြေရာ တော်မှ သဲတစ်ဆုပ်ကို ယူပြီးလျှင် နွားရုပ်ငယ်အတွင်းသို့ အကျွနု်ပ်ထည့်ထား၏။ ယင်းသို့ပြုလုပ်ရန် အကျွနု်ပ် စိတ်ထဲ၌ အကြံပေါ်လာ၏ဟု ဖြေရှင်း၏။

Verse 97 — Surah Ta-Ha 20:97

၉၇။ တမန်တော်မူစာသည် ထွက်ခွာသွားလော့၊ မှတ်သားလော့ ဤဘဝတွင် သင်သည် အကျွနု်ပ်ကို မထိနှင့်ဟု ပြောနိုင်၏။ သို့သော်သင်မဖျက်နိုင်သောဂတိသစ္စာတော်သည် သင့်အတွက် အမှန်ပင်ရှိ၏။ သင်ကိုးကွယ်သော သင်၏ဘုရားကို ယခုကြည့်လော့၊ အမှန်ပင်ငါတို့သည် သူ့အား မီးရှို့ပစ်ပြီးလျှင် သူ့ပြာမှုန့်ကို ပင်လယ်ထဲသို့ ပစ်ချမည်ဟု ဆို၏။

Verse 98 — Surah Ta-Ha 20:98

၉၈။ သင်တို့၏အရှင်သခင်သည် အလ္လာဟ်အရှင်မြတ်သာလျှင် ဖြစ်တော်မူ၏။ အရှင်မြတ်မှတပါး အခြားအရှင်သခင် မရှိချေ၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဉာာဏ်တော်အတွင်း သိမ်းကြံုးထားတော်မူ၏။

Verse 99 — Surah Ta-Ha 20:99

၉၉။ ဤကဲ့သို့ငါသည် သင်မိုဟမ္မဒ်အား ရှေးဖြစ်နောက်ဟောင်းအချို့တို့ကို ဗျာဒိတ်ပေးတော်မူ၏။ ထို့အပြင်ငါသည် သင့်အား အထံတော်မှ သတိပေးကျမ်းတော်ကို ချပေးသနားတော်မူ၏။

Verse 100 — Surah Ta-Ha 20:100

၁ဝဝ။ အကြင်သူသည် ထိုကျမ်းတော်ကို ကျောခိုင်းအ့ံ၊ ထိုသူသည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ မုချဧကန် ဝန်ထုပ်ကို ထမ်းပိုးရလတ္တံ့။

Verse 101 — Surah Ta-Ha 20:101

၁ဝ၁။ ထိုဝန်ထုပ်ကြီးကို အမြဲပင်ထမ်းပိုးလျက်နေရလတ္တံ့၊ ရှင်ပြန်ထမြောက်ရသောနေ့ကြီး၌ ထိုဝန်ထုပ်သည် အလွန် ဆိုးဝါးယုတ်မာလှပေ၏။

Verse 102 — Surah Ta-Ha 20:102

၁ဝ၂။ ထိုနေ့တော်ကြီးသည် တံပိုးကို မှုတ်သောနေ့ထူးဖြစ်၏၊ ထိုနေ့တော်ကြီး၌ အပြစ်ထိုက်သူတို့ကို စုဝေးစေတော် မူ၏၊ သူတို့သည် ကြောက်ရွံ့ခြင်းဖြင့် မျက်စိမျက်ဆန်ပျက်လျက်ရှိကြ၏။

Verse 103 — Surah Ta-Ha 20:103

၁ဝ၃။ သူတို့သည် အချင်းချင်း အချင်းတို့၊ သင်တို့သည် ဆယ်ရက်မျှသာနေခဲ့ကြသည်ဟု တီးတိုးပြောဆိုကြ၏။

Verse 104 — Surah Ta-Ha 20:104

၁ဝ၄။ သူတို့အနက် အကျင့်စရိုက်အမွန်မြတ်ဆုံးသောသူက သင်တို့သည် တစ်ရက်မျှသာကြာခဲ့ကြသည်ဟုဆိုသည်ကို ငါအရှင်မြတ်ကောင်းစွာသိကြားတော်မူ၏။

Verse 105 — Surah Ta-Ha 20:105

၁ဝ၅။ အို--မိုဟမ္မဒ်၊ သူတို့က တောင်ကြီးတောင်ငယ်တို့သည် ထိုနေ့တော်ကြီး၌ အသို့ဖြစ်ရအ့ံနည်းဟု သင့်အား မေးမည်၊ သင်ပြောလော့၊ အကျွနု်ပ်၏အရှင်သခင်သည် တောင်များကို မြေမှုန့်အတိ ဖျက်ဆီးကြဲဖြန့်တော်မူမည်။

Verse 106 — Surah Ta-Ha 20:106

၁ဝ၆။ ပထဝီမြေကြီးကို လွင်လဟာကြီးဖြစ်စေတော်မူမည်။

Verse 107 — Surah Ta-Ha 20:107

၁ဝ၇။ သင်တို့သည် မြေပေါ်တွင် ကုန်း၊ ကျင်း၊ တွင်း၊ ချောက်၊ ထုံးအိုင်၊ အငူစသည်များကို အနည်းငယ်မျှမြင်ရမည် မဟုတ်ချေ။

Verse 108 — Surah Ta-Ha 20:108

၁ဝ၈။ ထိုနေ့တော်ကြီး၌ သူတို့သည် လိမ်လည်ကောက်ကျစ်ခြင်းကင်းမဲ့သောဆင့်ခေါ်သူနောက်သို့ လိုက်ကြရလတ္တံ့၊ မဟာဂရုဏာတော်အရှင်အား ကြောက်ရွံ့ခြင်းဖြင့် အသံများတို့သည် ဆိတ်ငြိမ်လျက်ရှိလတ္တံ့၊ သင်သည် တီးတိုးစကားပြောဆိုသံမှတပါး တစ်စုံတစ်ခုသောအသံကို ကြားရမည်မဟုတ်ချေ။

Verse 109 — Surah Ta-Ha 20:109

၁ဝ၉။ ထိုနေ့တော်ကြီး၌ မဟာဂရုဏာတော်သခင်ခွင့်ပြုထားတော်မူသောသူ၏ တောင်းပန်ကယ်နှုတ်ခြင်းမှတပါး အခြား တောင်းပန်ကယ်နှုတ်ခြင်းသည် အကျိုးမပေးချေ၊ ထိုအခွင့်ရသူ၏ တောင်းပန်ခြင်းကို လက်ခံတော်မူ၏။

Verse 110 — Surah Ta-Ha 20:110

၁၁ဝ။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏အတိတ်၊ အနာဂတ်အလုံးစုံကို သိတော်မူ၏၊ သူတို့သည် ၎င်းကိုမသိ နိုင်ချေ။

Verse 111 — Surah Ta-Ha 20:111

၁၁၁။ အသက်ရှိတော်မူထသော နိစ္စထာဝရအရှင်သခင်၏ မျက်မှောက်တော်ဝယ်လူခပ်သိမ်းတို့သည် မျက်နှာအောက်ချ နှိမ့်ချလျက်ရှိကြ၏၊ အကြင်သူသည် ဒုစရိုက်မကောင်းမှုပြုခြင်းဝန်ထုပ်ကြီးကို ထမ်းပိုရ၏၊ ထိုသူသည် ထိုနေ့တော် ကြီး၌ ဆုံးရှုံးပျက်စီးမှုအမှန်ပင်ဖြစ်၏။

Verse 112 — Surah Ta-Ha 20:112

၁၁၂။ သို့သော်အကြင်သူသည် ယုံကြည်သူဖြစ်၍ သုစရိုက်ကောင်းမှုအချို့ကို ပြုလုပ်ခဲ့၏။ ထိုသူသည် မိမိဆုလာဘ်နှင့် ပတ်သက်၍ မတရားတွန့်တိုမှုများကို မစိုးရိမ်မကြောက်ကြရချေ။

Verse 113 — Surah Ta-Ha 20:113

၁၁၃။ အို--တမန်တော်၊ ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို အာရဗီဘာသာဓမ္မဒေသနာတော်ကြီးအဖြစ်ဖြင့် ထုတ် ပြန်ချပေးတော်မူ၏။ သူတို့သည် ဒုစရိုက်မကောင်းမှုကို ရှောင်ရှားစေခြင်းငှာသော်လည်းကောင်း၊ တရားကျစေ ခြင်းငှာသော်လည်းကောင်း၊ ထိုကျမ်းတော်ကြီး၌ လူသားတို့ကို အပြစ်ဒဏ်တော်အချို့နှင့် ခြိမ်းခြောက်ထားတော် မူ၏။

Verse 114 — Surah Ta-Ha 20:114

၁၁၄။ အလ္လာဟ်အရှင်မြတ်သည် ဘုရင်အစစ်ဖြစ်တော်မူပါ၏၊ အလွန်ကြီးကျယ်မြင့်မြတ်တော်မူလှပါ၏၊ အို--မိုဟမ္မဒ်၊ သင့်ထံသို့ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်၍ ချပေးသနားတော်မူရာ၌ ဂါထာ တစ်ပုဒ်စုံလင်စွာမကျရောက်မီ ထိုဂါထာကို ဆောလျင်စွာထုတ်ဖော်ဟောပြောခြင်းကို မပြုလင့်၊ သို့သော် အို--အကျွနု်ပ်၏အရှင်သခင်၊ အကျွန်ုပ်၌ ပညာပွားများစေတော်မူပါဟု ဆုတောင်းလော့။

Verse 115 — Surah Ta-Ha 20:115

၁၁၅။ မုချဧကန်ရှေးအထက်ကျော်ကာရီက ငါအရှင်မြတ်သည် တမန်တော်အာဒမ်နှင့် ပဋိညာဉ်စာချုပ်ချုပ်တော်မူ၏၊ သို့သော်သူသည် မိမိကတိသစ္စာကို မေ့လျော့၏၊ သူ၌ တည်ကြည်ခိုင်မြဲခြင်းကို ငါတွေ့တော်မမူချေ။

Verse 116 — Surah Ta-Ha 20:116

၁၁၆။ ငါအရှင်မြတ်သည် ကောင်းကင်တမန်တော်တို့အား သင်တို့သည် အာဒမ်ရှေ့တွင် ဝပ်တွားဦးညွတ်ချကြလော့ဟု ဗျာဒိတ်ချတော်မူသောအခါ အီဗလစ်မှတပါး တမန်တော်အားလုံးသည် ဦးညွတ်ကြ၏၊ အီဗလစ်သည် ငြင်းဆန်၏။

Verse 117 — Surah Ta-Ha 20:117

၁၁၇။ ထို့ကြောင့်ငါသည် အို--အာဒမ်၊ အီဗလစ်သည် သင်နှင့်သင်၏ မယားတို့၏ ရန်သူကြီးဖြစ်၏၊ ထို့ကြောင့်သူသည် သင်တို့နှစ်ယောက်အား ဥယျာဉ်တော်မှ မနှင်ထုတ်ေစေလင့်၊ သို့နှင်ထုတ်လျှင် သင်တို့သည် ပင်ပန်းဆင်းရဲခြင်း နှင့်တွေ့ကြံုရကြလတ္တံ့။

Verse 118 — Surah Ta-Ha 20:118

၁၁၈။ သင်သည် ဥယျာဉ်တော်၌ မွတ်သိပ်ဆာလောင်ခြင်းကို ခံရမည်မဟုတ်၊ အဝတ်မဲ့နေရမည်လည်းမဟုတ်ချေ။

Verse 119 — Surah Ta-Ha 20:119

၁၁၉။ ဥယျာဉ်တော်အတွင်း၌ သင်သည် ရေငတ်ခြင်းကို ခံရမည်မဟုတ်၊ နေရှိန်တောက်လောင်ပူပြင်းခြင်းကိုလည်း ခံရမည်မဟုတ်ချေဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 120 — Surah Ta-Ha 20:120

၁၂ဝ။ သို့သော်ရှိုင်တွာန်မာရ်နတ်သည် သူ့အား အို--အာဒမ်၊ အကျွနု်ပ်သည် သင့်အား အမြဲမသေသော၊ မကုန်ခမ်းနိုင် သောတန်ခိုးရှိသောသစ်ပင်ကို ပြရမည်လောဟု မေးမြန်း၏။

Verse 121 — Surah Ta-Ha 20:121

၁၂၁။ ထို့နောက်သူတို့သမီးမောင်နှံသည် ထိုအပင်မှ အသီးကို စားကြ၏၊ ထိုအခါသူတို့သည် မိမိအချည်းနှီးရှိသည်ကို မြင်ကြ၏၊ ရှက်ကြောက်လာကြ၏၊ မိမိတို့ကိုယ်အင်္ဂါကို ဥယျာဉ်တော်ရှိ သစ်ရွက်အချို့နှင့်ဖုံးအုပ်စပြုကြ၏။ အာဒမ်သည် မိမိ၏အရှင်သခင်အား မနာခံ၊ ထို့ကြောင့်သူသည် လမ်းလွဲသွား၏။

Verse 122 — Surah Ta-Ha 20:122

၁၂၂။ ထို့နောက်သူ၏ကျေးဇူးတော်သခင်သည် သူ့အား ပြန်ရွေးကောက်တော်မူ၏၊ အမျက်ပြေတော်မူ၍ လမ်းပြတော် မူ၏။

Verse 123 — Surah Ta-Ha 20:123

၁၂၃။ အရှင်မြတ်က သင်တို့နှစ်ဦးသည် ဥယျာဉ်တော်မှ ချက်ခြင်းထွက်သွားကြလော့၊ သင်တို့သည် ရန်သူများဖြစ် ကြလတ္တံ့၊ သို့သော်သင်တို့ထံသို့ ငါ့အထံတော်မှ အဆုံးအမတော်ကျရောက်လာသောအခါ အကြင်သူသည် ထိုညွှန်ပြချက်ကို လိုက်နာ၏၊ ထိုသူသည် လမ်းမှားသို့ ရောက်မည်မဟုတ်၊ ပျက်စီးဆုံးရှုံးခြင်းသို့လည်း ဆိုက်ရောက်မည်မဟုတ်ချေ။

Verse 124 — Surah Ta-Ha 20:124

၁၂၄။ သို့သော်အကြင်သူသည် ငါ့အား တသဝတ်ပြုခြင်းမှ လှည့်သွားအ့ံ၊ ထိုသူ၏ဘဝသည် အလွန်ကျဉ်းမြောင်းပင်ပန်း သောဘဝဖြစ်မည်၊ ငါသည် သူ့ကို မျက်ကန်းအဖြစ်ဖြင့် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၏ စည်းဝေးပွဲသဘင် သို့ ယူဆောင်တော်မူမည်ဟု ဗျာဒိတ်တော်မူ၏။

Verse 125 — Surah Ta-Ha 20:125

၁၂၅။ ထိုသူက အို--အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်သည် မျက်စိမြင်လေ့ရှိပါလျက် အကျွနု်ပ်အား ဤနေရာသို့ အဘယ်ကြောင့်မျက်ကန်းအဖြစ်ဖြင့် ယူဆောင်ခဲ့တော်မူပါသနည်းဟု တင်လျှောက်လတ္တံ့။

Verse 126 — Surah Ta-Ha 20:126

၁၂၆။ အရှင်မြတ်က ယင်းသို့ဖြစ်ရမည်၊ ငါ၏နှုတ်ကပတ်တော်များ သင့်ထံသို့ကျရောက်၏၊ သို့သော်သင်သည် တရား တော်ကို မေ့လျော့နေ၏၊ ထိုနည်းတူသင်သည် ဤနေ့တော်ကြီး၌ မေ့လျော့ခြင်းကို ခံစားရ၏ဟု မိန့်တော်မူလတ္တံ့။

Verse 127 — Surah Ta-Ha 20:127

၁၂၇။ ငါသည် ဒုစရိုက်မှုကို ကျူးလွန်ပွားများ၍ မိမိ၏အရှင်သခင်ချပေးသနားတော်မူသောနှုတ်ကပတ်တော်များကို မယုံကြည်သောသူအား ယင်းကဲ့သို့ဆုံးမစီရင်တော်မူ၏၊ စင်စစ်အားဖြင့် နောင်တမလွန်ဘဝ၏ အပြစ်ဒဏ်သည် သာလွန်ခက်ထန်လတ္တံ့၊ ကြာရှည်လတ္တံ့။

Verse 128 — Surah Ta-Ha 20:128

၁၂၈။ ကျမ်းမြတ်ကုရ်အာန်သည် သူတို့အား ၎င်းတို့ထက်ရှေးကျသောလူမျိုးအဆက်များစွာကို သုတ်သင်ရှင်းလင်းပြီး လေကြောင်းကို ညွှန်ပြသောကျမ်းတော်မဟုတ်လော၊ သူတို့သည် ရှေးလူဟောင်းများ၏ မြို့ရွာနယ်ပယ်ကို ဖြတ်သန်းသွားလာနေကြ၏၊ မှတ်သားကြလော့၊ ဤအခြင်းအရာ၌ စဉ်းစားဆင်ခြင်တတ်သူတို့အဖို့အရာ နိမိတ် လက္ခဏာအ့ံဖွယ်တော်များပါရှိ၏။

Verse 129 — Surah Ta-Ha 20:129

၁၂၉။ အို--တမန်တော်၊ သင်၏အရှင်သခင်သည် အမိန့်တော်ချမှတ်၍ အချိန်သတ်မှတ်ထားတော်မူပြီ၊ မဟုတ်လျှင် ဤကမ္ဘာလောကကြီးဝယ် ချက်ခြင်းလက်ငင်းတရားစီရင်တော်မူလတ္တံ့။

Verse 130 — Surah Ta-Ha 20:130

၁၃ဝ။ ထို့ကြောင့်သင်သည် သူတို့ပြောဆိုစွပ်စွဲခြင်းကို သည်းခံလော့၊ နေမထွက်မီ နေမဝင်မီအချိန်ကာလ၌ သင်၏ အရှင်သခင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးလော့၊ ညအချိန်နှင့် နေ့အစအဆုံးတွင်လည်း ဆွလားသ်ဝတ်ပြုလော့၊ အလ္လာဟ်အရှင်မြတ်သည် သင့်ကို လက်ခံတော်မူစေခြင်းငှာ ယင်းသို့ကောင်းမှုကို ဆောက်တည်လော့။

Verse 131 — Surah Ta-Ha 20:131

၁၃၁။ ထို့အပြင်သူတို့အနက် အချို့သောဇနီးမောင်နှံတို့အား ပေးသနားတော်မူသောလောကစည်းစိမ်တို့ကို သင်သည် မျက်စိမျက်စောင်းမျှငဲ့စောင်း၍ မကြည့်လင့်၊ အမှန်မှာငါသည် ထိုသူတို့အား ထိုစည်းစိမ်ချမ်းသာနှင့်စုံစမ်းတော် မူ၏။ သင်၏အရှင်သခင်၏ စည်းစိမ်ဥစ္စာတော်သည် သာလွန်မြင့်မြတ်၏၊ သာလွန်တည်တန့်၏။

Verse 132 — Surah Ta-Ha 20:132

၁၃၂။ ထို့အပြင်သင်သည် မိမိလူများကို ဆွလားသ်ဝတ်ပြုရန် ဆင့်ဆိုလော့၊ ထိုဝတ်၌ တည်ကြည်ခိုင်မြဲလော့၊ ငါ သည် သင့်ထံမှ ရိက္ခာတောင်းတော်မမူချေ၊ ငါကသာလျှင် သင်တို့ကို ရိက္ခာပေးသနားတော်မူ၏၊ ဤဆုတော် သည် သူတော်ကောင်းတို့အဖို့သာလျှင်ဖြစ်သည်။

Verse 133 — Surah Ta-Ha 20:133

၁၃၃။ ထို့အပြင်မိစ္ဆာမိုက်တို့က ရှင်မိုဟမ္မဒ်သည် ၎င်း၏အရှင်သခင်ထံမှ အ့ံဖွယ်သရဲတစ်ပါးပါးကို ယူဆောင်လာခဲ့လျှင် တော်လေစွဟု ဆိုကြ၏၊ သူတို့ထံသို့ ရှေးကျမ်းတော်ဟောင်းများတွင် ပါရှိသောအကြောင်းအရာများမှန်ကန် ကြောင်းကို ထောက်ခံသောသက်သေခံချက်များကျရောက်လာပြီမဟုတ်လော။

Verse 134 — Surah Ta-Ha 20:134

၁၃၄။ အို--တမန်တော်၊ ငါအရှင်မြတ်သည် သင့်ကို တမန်တော်ရာထူးဖြင့် စေလွှတ်တော်မမူမီ ထိုသူတို့အား အပြစ်ဒဏ်တပ်ရိုက်ဖျက်ဆီးခဲ့လျှင် သူတို့သည် အို--အကျွနု်ပ်တို့၏အရှင်သခင်၊ အကယ်၍အရှင်သည် အကျွနု်ပ် တို့ထံသို့ တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် အကျွနု်ပ်သည် ဤကဲ့သို့အောက်ကျနောက်ကျ အရှက်တကွဲမဖြစ်ရမီ အရှင်၏ပညတ်တရားတော်များကို တသွေမတိမ်းလိုက်နာဆောင်ရွက်ခဲ့ပါမည်ဟု မုချဧကန် လျှောက်တင်ကြမည်သာတည်း။

Verse 135 — Surah Ta-Ha 20:135

၁၃၅။ အို--တမန်တော်၊ သင်တို့သည် စောင့်ဆိုင်းနေကြဦးလော့၊ သင်တို့သည် ကာလမကြာမြင့်မီ အဘယ်သူတို့သည် တရားလမ်းမှန်ကို ရရှိသည်၊ အဘယ်သူသည် မှန်ကန်သည်တို့ကို သိမြင်ကြရလတ္တံ့။