Back to Languages

Burmese - Chapter 24 - An-Nur

Translation by Ba Sein — Permalink

Verse 1 — Surah An-Nur 24:1

၁။ ဤစူရာဟ်တော်သည် ငါအရှင်မြတ်ချမှတ်ပြဋ္ဌာန်းတော်မူသောစူရာဟ်တော်တည်း၊ သင်တို့ရိုသေလေးစားကောင်း လေးစားဖို့ရာ ဤစူရာဟ်တော်တွင် အဓိပ္ပါယ်ရှင်းလင်းထင်ရှားသောပညတ်တော်များကို ပြဋ္ဌာန်းချပေးတော်မူ၏။

Verse 2 — Surah An-Nur 24:2

၂။ မတရားမေထုံမှီဝဲခြင်းကို ကျူးလွန်သောယောက်ျားမိန်းမတို့အား သင်တို့သည် ကြိမ်ဒဏ်အချက်တစ်ရာစီ ပေးကြလော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်စွဲလမ်းကြလျှင် သူတို့အား သနားခြင်းကြောင့် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်ကို အတည်မပြုပဲ မနေကြလင့်၊ ယင်းအပြစ် ပေးခြင်းကို ယုံကြည်သူတို့အနက် လူတစ်စုကို ကြည့်စေလော့။

Verse 3 — Surah An-Nur 24:3

၃။ မတရားသံဝါသပြုသူယောက်ျားသည် မတရားမေထုံကျင့်သူမိန်းမ(သို့မဟုတ်) ဆင်းတုရုပ်ပွားဝါဒီမိန်းမမှတပါး အခြားမိန်းမနှင့် လက်မထပ်ရချေ၊ ထိုနည်းအတူမတရားကာမှုပြုကျင့်သောမိန်းမ၌ ကာမေသုမိစ္ဆာစာရကျုးလွန်သူ ယောက်ျား(သို့မဟုတ်)မိစ္ဆာဒိဌိမှတပါး အခြားယောက်ျားနှင့်အိမ်ထောင်ပြုခွင့်မရှိချေ၊ ထိုကိစ္စကို ယုံကြည်သူများ မပြုရဟု ပညတ်တော်မူ၏။

Verse 4 — Surah An-Nur 24:4

၄။ အကြင်သူတို့သည် ဂုဏ်သရေရှိအမျိုးသမီးတို့အား မတရားမေထုံကျင့်သည်ဟု သက်သေလေးယောက်မထူပဲ စွပ်စွဲငြားအ့ံ၊ ထိုသူတို့အား ကြိမ်ဒဏ်အချက်ရှစ်ဆယ်တပ်ရိုက်ကြလော့၊ ထို့နောက်ထိုသူတို့၏ သက်သေထွက် ချက်ကို မည်သည့်အမှုတွင်မှ အရေးယူလက်မခံကြချေ၊ ထိုသူတို့သည် မတရားမှုကို အမှန်ပင်ကျူးလွန်ကြ၏။

Verse 5 — Surah An-Nur 24:5

၅။ သို့ရာတွင် အကြင်သူသည် ယင်းကဲ့သို့အပြစ်ဒဏ်ခံရပြီးနောက် သတိနောင်တရ၍ သီလသမာဓိရှိအ့ံ၊ ထိုသူကို သက်သေခံခွင့်ပေးကြလော့၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏၊ ကောင်းကြီး မင်္ဂလာပေးသနားတော်မူ၏။

Verse 6 — Surah An-Nur 24:6

၆။ မိမိတို့ဇနီးမိန်းမတို့ကို ကာမခိုးမှုနှင့်စွပ်စွဲသူတို့သည် မိမိတို့မှတပါး အခြားသက်သေမပြနိုင်လျှင်၊ ထိုသူတို့အား တစ်ဦးစီကို အလ္လာဟ်အား တိုင်တည်၍ သူသည် အမှန်စကားကို ဆိုသူများမှ ဖြစ်သည်ဟု ကျမ်းလေးကြိမ် လေးဖန်ကျိန်ဆိုစေကြလော့။

Verse 7 — Surah An-Nur 24:7

၇။ ထို့နောက်ပဥ္စမမြောက်ဤသို့ကျန်ဆိုရမည်၊ အကျွနု်ပ်သည် မဟုတ်မလျား၊ မုသားသက်သေထွက်ဆိုပါလျှင်၊ အရှင်မြတ်၏ ကျိန်ဆဲတော်မူခြင်းကို ခံရပါစေသောဝ်။

Verse 8 — Surah An-Nur 24:8

၈။ ထိုမိန်းမက မိမိအား စွပ်စွဲသူသည် မတရားမုသားကို မုချဆိုပါသည်ဟု အလ္လာဟ်အရှင်မြတ်ရှေ့တော်ဝယ် ကျိန်ဆို၍ သက်သေလေးကြိမ်လေးခါထွက်ဆိုပြီးလျှင် သူမသည် အပြစ်ဒဏ်မှ လွတ်ရမည်။

Verse 9 — Surah An-Nur 24:9

၉။ ပဥ္စမမြောက်အကြိမ်၌ အကျွန်ုပ်အား စွပ်စွဲသူသည် အမှန်စကားကို ဆိုပါလျှင် အကျွနု်ပ်အပေါ်သို့ အလ္လာဟ် အရှင်မြတ်၏ အမျက်တော်ကျရောက်ပါစေသောဝ်ဟု ကျိန်ဆိုရမည်။

Verse 10 — Surah An-Nur 24:10

၁ဝ။ အရှင်မြတ်သည် သင်တို့အပေါ်၌ ကရုဏာသက်ခြင်း၊ ကောင်းကြီးမင်္ဂလာပေးခြင်း၊ ကျေးဇူးတော်တို့ကို ပြုတော် မမူပါလျှင်၊ သင်တို့သည် မုချဧကန်ပျက်စီးရမည်သာတည်း၊ အလ္လာဟ်အရှင်မြတ်သည် သနားညှာတာတော်မူ၏၊ လိမ္မာတော်မူ၏။

Verse 11 — Surah An-Nur 24:11

၁၁။ မှတ်သားကြလော့၊ အတင်းစကားအနှံ့အပြားလွှင့်သူများသည် သင်တို့အထဲမှ အသင်းတစ်သင်းပင်ဖြစ်၏၊ သင်တို့သည် အရှက်တကွဲစွပ်စွဲပြောဆိုခံရခြင်းကို မကောင်းဟု မယူဆကြကုန်လင့်၊ မကောင်းမဟုတ်ချေ၊ သင်တို့အတွက် ကောင်းမြတ်သောအရာဖြစ်၏၊ ထိုသူမိုက်တို့မူကား မိမိတို့ပြုကျင့်သောမကောင်းမှု၏ အပြစ် ဒုက္ခကို အသီးသီးခံကြရမည်ဖြစ်၏၊ ထို့အပြင်သူတို့အနက် မကောင်းသတင်းအများဆုံးလုပ်ကြံလွှင့်သူအား အလွန်ကြောက်မက်ဖွယ်သောအပြစ်ဒဏ်တော်ထိလိမ့်မည်။

Verse 12 — Surah An-Nur 24:12

၁၂။ ယုံကြည်သူမိန်းမယောက်ျားတို့သည် ထိုသတင်းစကားကို ကြားရသောအခါ မိမိတို့လူစုကို အဘယ်ကြောင့် အကောင်းမထင်ကြသနည်း၊ ထို့အပြင်ထိုမင်္ဂလာစကားသည် မုချဧကန်မုသားစကားဖြစ်သည်ဟု အဘယ်ကြောင့် မဆိုကြသနည်း။

Verse 13 — Surah An-Nur 24:13

၁၃။ ယင်းကဲ့သို့လုပ်ကြံစွပ်စွဲသူတို့သည် မိမိတို့စွပ်စွဲချက်ကို ထောက်ခံဖို့ရာ သက်သေလေးဦးတို့ကို အဘယ်ကြောင့် မတင်ပြနိုင်သနည်း၊ သက်သေများမထူသောကြောင့် သူတို့သည် အလ္လာဟ်အရှင်မြတ်ရှေ့တော်ဝယ် မုသား ထွက်ဆိုသူများဖြစ်ကြ၏။

Verse 14 — Surah An-Nur 24:14

၁၄။ အကယ်၍ဤဘဝနောင်ဘဝတွင် သင်တို့အတွက် အလ္လာဟ်၏ ကရုဏတော်ကောင်းကြီးမင်္ဂလာတော်တို့မရှိခဲ့ ပါလျှင်၊ ယင်းအသရေဖျက်စကားပြောဆိုသည့်အတွက် သင်တို့ကို ပြင်းထန်ကြီးလေးသောအပြစ်ဒဏ်တော် ထိခဲ့လတ့ံ။

Verse 15 — Surah An-Nur 24:15

၁၅။ သင်တို့သည် မိမိတို့မသိမမြင်သောမကောင်းသတင်းကို လျှာနှင့်လက်ခံ၍ ပါးစပ်နှင့်ပြောဆိုသောအခါ ထိုအရာ သည် အသေးအဖွဲဟု ထင်မှတ်ကြ၏၊ ယင်းသို့မဟုတ်ချေ၊ ထိုအရာသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန်အရေးကြီးသောအရာဖြစ်၏။

Verse 16 — Surah An-Nur 24:16

၁၆။ ထိုအကြောင်းကို ကြားရသောအခါ သင်တို့သည် အဘယ်ကြောင့်ဤသို့မပြောမဆိုကြသနည်း၊ ဤမကောင်း အတင်းစကားကို ငါတို့မပြောဆိုအပ်၊ အို--အလ္လာဟ်အရှင်၊ အရှင်သည် ချို့တဲ့ခြင်းမဲ့သောအနန္တဂုဏ်တော်ရှင် ဖြစ်ပါ၏၊ ဤအတင်းစကားသည် အလွန်မိုက်မဲရိုင်းပျသောမတရားစွပ်စွဲချက်ဖြစ်ပါ၏။

Verse 17 — Surah An-Nur 24:17

၁၇။ သင်တို့သည် ယုံကြည်သူအမှန်ဖြစ်ကြလျှင်၊ ဤကဲ့သို့သောမတရားမှုကို ထပ်မံမကျူးလွန်ဖို့ရာ အလ္လာဟ်အရှင် မြတ်သည် သင်တို့အား သြဝါဒပေးတော်မူ၏။

Verse 18 — Surah An-Nur 24:18

၁၈။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိ၏တရားတော်များကို ရှင်းလင်းဖော်ပြတော်မူ၏၊ အလ္လာဟ် အရှင်မြတ်သည် သိတော်မူ၏၊ လိမ္မာတော်မူ၏။

Verse 19 — Surah An-Nur 24:19

၁၉။ မှတ်သားကြလော့၊ အကြင်သူတို့သည် ယုံကြည်သူတို့နှင့်စပ်လျဉ်း၍ အတင်းစကားလွှင့်ဆိုခြင်းကို နှစ်သက်ကြအ့ံ၊ ထိုသူတို့သည် ဤဘဝနောင်ဘဝနှစ်ဖြာသောဘဝ၌ အလွန်နာကျင်ဖွယ်ဖြစ်သောအပြစ်ဒဏ်ကို ခံကြရလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် သိတော်မူ၏၊ သင်တို့ကား မသိချေ။

Verse 20 — Surah An-Nur 24:20

၂ဝ။ အကယ်၍ ယခုဘဝနောက်ဘဝ၌ သင်တို့အဖို့အရာ အလ္လာဟ်၏ ကရုဏာတော်၊ ကောင်းကြီးမင်္ဂလာတော်များ မရှိခဲ့လျှင် သင်တို့သည် ပျက်စီးဆုံးရှုံးကြခဲ့လတ့ံ၊ အရှင်မြတ်သည် သနားညှာတာတော်မူ၏၊ ကောင်းကြီးမင်္ဂလာ ပေးတော်မူ၏။

Verse 21 — Surah An-Nur 24:21

၂၁။ အို--ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ရှိုင်တန်မာရ်နတ်၏ ခြေရာကို မနင်းလိုက်ကြလင့်၊ အကြင်သူသည် ရှိုင်တန်မာရ်နတ်သွားရာ ဖဝါးခြေထပ်လိုက်ပါအ့ံ၊ ထိုသူအား မာရ်နတ်သည် ညစ်ညမ်းမှု၊ ဒုစရိုက်မှုသို့ မုချဆွဲငင် လတ့ံ၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်၊ ကောင်းကြီးမင်္ဂလာတော်တို့သည် သင်တို့အပေါ်သို့ မသက်ရောက် ခဲ့လျှင် သင်တို့အနက် တစ်စုံတစ်ယောက်မှ သန့်ရှင်းဖြူစင်သူများမဖြစ်နိုင်ချေ၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူအား အပြစ်ကင်းမဲ့သန့်ရှင်းစေတော်မူ၏၊ အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူ၏၊ အကြွင်းမဲ့ သိတော်မူ၏။

Verse 22 — Surah An-Nur 24:22

၂၂။ သင်တို့အနက်စည်းစိမ်ဥစ္စာကုံလုံကြွယ်ဝသူတို့နှင့် လူကြီးလူကောင်းတို့သည် မိမိတို့ဆွေမျိုးများ၊ သူဆင်းရဲများ၊ အလ္လာဟ်အရှင်မြတ်၏ သာသနာတော်အတွက် မိမိတို့အိုးအိမ်နေရပ်ကို စွန့်လွှတ်ထွက်ပြေးလာရသူတို့အား မပေးမကမ်းဟု မကျိန်ဆိုကြလင့်၊ ထိုသူတို့သည် သူတပါးကို အပြစ်လွှတ်၍ အလိုလိုက်ကြလော့၊ သင်တို့ သည် အလ္လာဟ်အရှင်မြတ်အပြစ်လွှတ်တော်မူခြင်းကို မတောင့်တကြသလော၊ အလ္လာဟ်အရှင်မြတ်သည် အပြစ် လွှတ်တော်မူ၏၊ ကောင်းကြီးပေးသနားတော်မူ၏။

Verse 23 — Surah An-Nur 24:23

၂၃။ မှတ်သားကြလော့၊ အကြင်သူတို့သည် အမှတ်တမဲ့သတိပေါ့ဆမိသောသီလသမာဓိရှင်ယုံကြည်သူအမျိုးသမီး တို့အား အရှက်တကွဲအသရေပျက်အောင် မတရားစွပ်စွဲကြအ့ံ၊ ထိုသူတို့သည် ဤဘဝနောင်ဘဝနှစ်ဖြာသော ဘဝတွင် အလ္လာဟ်အရှင်မြတ်၏ ကျိန်ဆဲခြင်းကို ခံကြရ၏၊ သူတို့သည် အလွန်ပြင်းထန်ကြောက်မက်ဖွယ်သော အပြစ်ဒဏ်တော်ကို ခံကြရလတ့ံ။

Verse 24 — Surah An-Nur 24:24

၂၄။ သူတို့၏လျှာများ၊ သူတို့၏လက်များ၊ သူတို့၏ခြေထောက်များက သူတို့ပြုကျင့်လေ့ရှိသော အမှုအခင်းတို့ကို ဖော်ထုတ်၍ သက်သေထွက်ဆိုသောနေ့တော်ကြီး၌။

Verse 25 — Surah An-Nur 24:25

၂၅။ ထိုနေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား သူတို့ရထိုက်သောကောင်းကျိုးဆိုးကျိုးကို အပြည့်အစုံ ပေးတော်မူလိမ့်မည်၊ ထိုအခါသူတို့သည် အလ္လာဟ်အရှင်မြတ်သည် အလွန်ထင်ရှားသောအမှန်တရားဖြစ်တော် မူကြောင်းကို သိမြင်ရကြလတ့ံ။

Verse 26 — Surah An-Nur 24:26

၂၆။ မိန်းမယုတ်တို့သည် ယောက်ျားယုတ်တို့အဖို့ ဖြစ်ကြ၏၊ ယောက်ျားယုတ်များလည်း မိန်းမယုတ်များအဖို့ ဖြစ်ကြ၏၊ မိန်းမမြတ်တို့သည် ယောက်ျားမြတ်တို့မအဖို့ဖြစ်ကြ၏၊ ယောက်ျားမြတ်တို့သည် မိန်းမမြတ်တို့အဖို့ ဖြစ်ကြ၏၊ စင်စစ်အားဖြင့်အထက်အဆိုပါသူမြတ်တို့မှာ လူများမတရားစွပ်စွဲသည့်အပြစ်မှ လွတ်ကင်းသန့်ရှင်း ကြ၏၊ သူတို့အတွက် အပြစ်လွှတ်ခြင်းနှင့် များပြားလှစွာသောစည်းစိမ်ဥစ္စာရိက္ခာတို့ရှိ၏။

Verse 27 — Surah An-Nur 24:27

၂၇။ အို--ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိမိအိမ်မှတပါး အခြားအိမ်တွင်းသို့ အိမ်ရှင်ထံမှ အခွင့်မပန်ပဲ အိမ်ရှင်အား အေးချမ်းသာယာပါစေဟု မေတ္တာမပို့ပဲ မဝင်ကြလင့်၊ ယင်းသို့ပြုမူခြင်းသည် သင်တို့အတွက် မွန်မြတ်သောကျင့်စဉ်ဖြစ်၏၊ ယင်းကျင့်စဉ်ကို ကောင်းစွာသတိပြုကြလော့။

Verse 28 — Surah An-Nur 24:28

၂၈။ ထို့အပြင်အကယ်၍အိမ်တွင်း၌ တစ်စုံတစ်ယောက်ကိုမျှ မတွေ့ငြားသော်လည်း ဝင်ခွင့်မရပဲလျက် အိမ်တွင်းသို့ မဝင်ကြလင့်၊ တဖန်အကယ်၍သင်တို့အား အိမ်ဝင်ခွင့်မပေးပဲ ပြန်သွားရန်ပြောလျှင် ပြန်သွားကြလော့၊ ယင်းသို့ပြု ခြင်းသည် မြင့်မြတ်သောအမူအရာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှတို့ကို သိတော်မူ၏။

Verse 29 — Surah An-Nur 24:29

၂၉။ သင်တို့သည် မိမိအတွက် အကျိုးကျေးဇူးတစ်စုံတစ်ခုကို မြင်၍ လူသူမရှိသောအိမ်လပ်များသို့ ဝင်၍ သင်တို့ အပေါ်၌ အပြစ်မထိုက်ချေ၊ အလ္လာဟ်အရှင်မြတ်သည် ထုတ်ဖော်ပြောဆိုသောအရာများနှင့် ဖုံးကွယ်ထားသော အရာများကို အကုန်အစင်သိတော်မူ၏။

Verse 30 — Surah An-Nur 24:30

၃ဝ။ အို--တမန်တော်၊ သင်သည် ယုံကြည်သူအမျိုးသားတို့အား စူးစူးစိုက်စိုက်မကြည့်ပဲ မျက်နှာအောက်ငုံ့ထား၍ ကာယိန္ဒြေရှိဖို့ရာ ဟောကြားလော့၊ မှတ်သားကြလော့၊ အရှင်မြတ်သည် သူတို့ပြုကျင့်သမျှကို သိတော်မူ၏။

Verse 31 — Surah An-Nur 24:31

၃၁။ တဖန်သင်သည် ယုံကြည်သူအမျိုးသမီးတို့အား ဤသို့ဟောပြောသွန်သင်လော့၊ အို--အမျိုးသမီးတို့၊ သင် ရှင်မတို့သည် စူးစိုက်မကြည့်ပဲ မျက်နှာအောက်ချထား၍ ကာယိန္ဒြေရှိကြလော့၊ လူမြင်ကွင်းသို့ ကျသည်မှတပါး သင်တို့၏ လှပတင့်တယ်ခြင်းကို မပြကြလင့်၊ သင်တို့၏ရင်ခွင်များကို အဖုံးအကွယ်ဖြင့် ဖုံးအုပ်ထားကြလော့၊ သင်တို့သည် မိမိတို့၏ လှပတင့်တယ်ခြင်းကို မိမိတို့လင်ယောက်ျားများ၊ အဘများ၊ လင်၏အဘများ၊ သားများ၊ လင်ပါသားများ၊ မောင်များ၊ မောင်၏သားများ၊ အမညီမ၏သားများ၊ မိန်းမချင်းချင်း၊ ကျွန်များ၊ ရာဂတဏှာ စိတ်မရှိနိုင်သောအခိုင်းအစေယောက်ျားများ၊ မိန်းမတို့၏ အင်္ဂါအစိတ်အပိုင်းကို မသိသောကလေးသူငယ်များ မှတပါး အခြားသူတို့အား မပြကြလင့်၊ သင်တို့သည် မိမိတို့ကိုယ်တွင် ဆင်ယင်ထားသောတန်ဆာများအနက် ဖုံးကွယ်နေသည်တို့ကို သူတပါးမြင်စိမ့်သောငှာ မိမိတို့ခြေကို တစ်စုံတစ်ခုအပေါ်တွင် မဆောင့်ကြလင့်၊ အို-ယုံကြည်သူယောက်ျားမိန်းမတို့၊ သင်တို့အားလုံးသည် အောင်ဆုမင်္ဂလာရစိမ့်သောငှာ အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ လှည့်ကြလော့။

Verse 32 — Surah An-Nur 24:32

၃၂။ ထို့အပြင်သင်တို့အနက် တကိုယ်ရေတကာယတည်းနေသူများ၊ အရှင်မြတ်နှင့် တရားတော်ကို ကြည်ညိုသော ကျွန်များ၊ မိန်းမအခိုင်းအစေများကို လက်ထပ်ထိမ်းမြားပေးကြလော့၊ အကယ်၍၎င်းတို့သည် ဆင်းရဲနွမ်းပါးခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ ဘဏ္ဍာတော်များမှ သူတို့အား ပေးကမ်းကြွယ်ဝစေတော်မူလိမ့်မည်၊ အလ္လာဟ်အရှင်မြတ်သည် ကြွယ်ဝတော်မူ၏ အကြွင်းမဲ့သိတော်မူ၏။

Verse 33 — Surah An-Nur 24:33

၃၃။ အကြင်သူသည် ဆင်းရဲနွမ်းပါး၍ အိမ်ထောင်ပြုခြင်းငှာ မစွမ်းနိုင်ရှိခဲ့အ့ံ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကိုယ်တော်၏ ကရုဏာတော်အားဖြင့် ဥစ္စာရွှေငွေလုံလောက်ခြင်းပေးသနားတော်မူသည့်တိုင်အောင် ထိုသူသည် မိမိကိုယ်ကို မတရားကာမမှုနှင့် ကင်းလွတ်အောင် ထိန်းသိမ်းစောင့်စည်းရမည်၊ ထို့အပြင်သင်တို့၏ ကျွန်များ အနက် ကျွန်ဘဝမှ လွတ်မြောက်လိုသူတို့အား ၎င်းတို့တွင် အကျိုးဖြစ်ထွန်းစရာအကြောင်းမြင်လျှင် လွတ်မြောက် ခြင်းကို စာချုပ်စာတမ်းရေး၍ ပေးကြလော့၊ သင်တို့အား အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသောဥစ္စာပစ္စည်း များမှ သူတို့အား ပေးကမ်းကြလော့၊ သင်တို့သည် လောကီစည်းစိမ်ဥစ္စာများကို မက်မောသောကြောင့် မိမိ အပျိုရည်ကို စောင့်ထိန်းလိုသောကျွန်မိန်းကလေးတို့အား ပြည့်တန်ဆာအလုပ်ကို အတင်းအကျပ်မခိုင်းကြလင့်၊ အကယ်၍ယင်းသို့အတင်းအကျပ်ခိုင်းသော် ယင်းအခိုင်းခံရပြီးနောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အပြစ်လွှတ်တော်မူမည်၊ မှတ်သားကြလော့၊ အရှင်မြတ်သည် အပြစ်လွှတ်တော်မူမည်၊ ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူမည်။

Verse 34 — Surah An-Nur 24:34

၃၄။ မုချဧကန်ငါအရှင်မြတ်သည် သင်တို့အဖို့အရာ အဓိပ္ပါယ်ပေါ်လွင်ထင်ရှားသောနှုတ်ကပတ်တော်များနှင့် သင်တို့ အလျင်ကျ၍ ကွယ်ပျောက်သွားသောရှေးလူဟောင်းတို့၏ဥပမာများကို ချပေးတော်မူ၏၊ စင်စစ်အားဖြင့် ကျမ်း တော်မြတ်သည် ဒုစရိုက်အပြစ်ကို တားဆီးသူတို့အဖို့အရာ အဆုံးအမကျမ်းတော်မြတ်ဖြစ်၏။

Verse 35 — Surah An-Nur 24:35

၃၅။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေပြင်မိုးကောင်းကင်၏ ရောင်ခြည်တော်ဖြစ်၏၊ အရှင်မြတ်၏ ရောင်ခြည်တော် ကို ပမာဆိုသည်ရှိသော် အုတ်ကျောက်နံရံမှ လှိုဏ်ခေါင်းတွင်ရှိသောမှန်အိမ်နှင့်တူ၏၊ ထိုမှန်အိမ်သည် ဖန်ဘူး အတွင်း၌ရှိ၏၊ ထိုဖန်ဘူးသည် အလွန်ပင်ထွန်းတောက်နေသောကြယ်နက္ခတ်ကြီးနှင့် အလားတူ၏။ ထိုမှန်အိမ်ကို အလွန်သုမင်္ဂလာရှိသောသစ်ပင်မှ ထွန်းညှိထား၏၊ ထိုသစ်ပင်သည် အရှေ့မျက်နှာစွန်းအနောက်မျက်နှာစွန်းမှ မဟုတ်သောသံလွင်ပင်ဖြစ်၏၊ ထိုသံလွင်ပင်မှ ဆီသည် နဂိုပကတိအတိုင်းကြည်လင်သောသတ္တိအစွမ်းဖြင့်၊ မီးမညှိသော်လည်း အလိုလိုပင်လင်းဝင်းလုဘန်းမျှရှိ၏၊ အလ္လာဟ်အရှင်မြတ်၏ ရောင်ခြည်တော်သည် အလင်း ရောင်တစ်ထပ်ပြီးတစ်ထပ်၊ အထပ်ထပ်ရှိ၏၊ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူကို ရောင်ခြည်တော် အတွင်းသို့ ညွှန်ပြတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဥပမာဆောင်၍ ဗျာဒိတ်ပေးတော်မူ၏၊ အကြောင်းမူကားအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 36 — Surah An-Nur 24:36

၃၆။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ချီးကျူးတသဖို့ရာ အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားတော်မူသောကျောင်း တော်များ၌ ယင်းမှန်အိမ်ကို တွေ့ရှိရ၏၊ ထိုကျောင်းတော်များ၌ နေ့ညမပြတ်အရှင်မြတ်အား ဝတ်ပြလျက်ချီးမွမ်း ကြသည်။

Verse 37 — Surah An-Nur 24:37

၃၇။ ဆွလားသ်ဝတ်တက်ကြကုန်သောသူတော်ကောင်းတို့အား အရှင်မြတ်အား အောက်မေ့တသခြင်း၊ ဆွလားသ် ဝတ်ပြုခြင်း၊ ဇကားသ်အလှုပေးခြင်းတို့ကို မေ့လျော့ပျက်ကွက်အောင် ၎င်းတို့၏ရောင်းဝယ်ဖောက်ကားခြင်းစသော လောကီရေးရာအဖြာဖြာတို့က တစ်စုံတစ်ရာမနှောင့်ယှက်နိုင်ချေ၊ သူတို့သည် ကမ္ဘာအသစ်တွင် စိတ်နှလုံးနှင့် မျက်လုံးတို့လည်နေမည့်နေ့တော်ကြီးကိုသာလျှင် အလွန်ကြောက်ရွံ့ကြကုန်၏။

Verse 38 — Surah An-Nur 24:38

၃၈။ ထိုနေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မိမိတို့ပြုကျင့်ခဲ့သောကုသိုလ်ကောင်းမှု၏ အကျိုးသုခကို ပေးသနားတော်မူအ့ံ၊ ထို့အပြင်အနန္တကောင်းကြီးမင်္ဂလာတော်မှ သူတို့၏အောင်ဆုမင်္ဂလာကို ပိုမိုပေးသနားတော် မူလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူအား အတိုင်းအထွာပမာဏမရှိပဲ ရက်ရက်ရောရောကောင်း ကြီးမင်္ဂလာပေးသနားတော်မူ၏။

Verse 39 — Surah An-Nur 24:39

၃၉။ မိစ္ဆာဒိဌိတို့မှာမူကား မိမိတို့ပြုကျင့်မှုများသည် သဲကန္တာရရှိ တံလျှပ်နှင့်ပမာတူ၏၊ ရေမွတ်သိပ်သောသူသည် ထိုတံလျှပ်ကို ရေမှတ်၍ လိုက်လျှောက်လာရာ ထိုနေရာသို့ ရောက်သောအခါ ရေမဟုတ်ကြောင်းတွေ့ရ၏၊ ရေအစား သူ့အား မိမိပြုကျင့်မှု၏ အကျိုးဆက်ကို ပေးသနားတော်မူသောအလ္လာဟ်အရှင်မြတ်ကိုသာ တွေ့ရ၏၊ အလ္လာဟ်အရှင်မြတ်သည် စစ်ကြောစီရင်မှု၌ မြန်ဆန်တော်မူ၏။

Verse 40 — Surah An-Nur 24:40

၄ဝ။ သို့မဟုတ်အယူမှားသူတို့၏ ယုတ်ညံ့သောကျင့်ကြံမှုများသည် နက်ဝှမ်းပြောကျယ်၊ ပင်လယ်သမုဒ္ဒရာတွင် ကျနေသောမဟာအမှောင်ထုနှင့်တူ၏၊ ထိုသမုဒ္ဒရာဝယ် မိစ္ဆာမိုက်အား ပင်လယ်လှိုင်းသည် တစ်လုံးပြီးတစ်လုံး တက်လာ၏၊ ထိုလှိုင်းတံပိုးအပေါ်၌ မိုးတိမ်ဖုံးအုပ်လျက်ရှိ၏၊ ထိုမိုးတိမ်တွင် အမှောင်ထုတစ်ထပ်ပြီးတစ်ထပ် ရှိ၏၊ သူသည် မိမိလက်ကို ဆန့်သောအခါ လက်ကိုပင် မမြင်နိုင်ချေ၊ အမှန်မှာ အကြင်သူအား အလ္လာဟ် အရှင်မြတ်အား အလင်းရောင်ပေးသနားတော်မမူပါလျှင် ထိုသူအတွက် အလင်းရောင်လုံးဝမရှိချေ။

Verse 41 — Surah An-Nur 24:41

၄၁။ အို--တမန်တော်၊ သင်မမြင်သလော၊ ကမ္ဘာမြေပြင်မိုးကောင်းကင်တွင် ရှိနေသောအရာခပ်သိမ်းတို့နှင့် ကောင်း ကင်တွင် ပျံဝဲနေသောငှက်တိရိစ္ဆာန်တို့သည် အလ္လာဟ်အရှင်မြတ်၏ အနန္တဂုဏ်ကျေးဇူးတော်ကို ချီးကျူးတသ နေကြကုန်၏၊ ထိုအရာဝထ္ထုတိုင်းပြုသောဆွလတ်ဝတ်၊ ချီးကျူးသောချီးမွမ်းထောပနာတို့ကို မုချဧကန်အရှင်မြတ် သိတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သမျှကို အကုန်သိမြင်တော်မူ၏။

Verse 42 — Surah An-Nur 24:42

၄၂။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ကို စိုးပိုင်တော်မူသောအရှင်အား အလ္လာဟ်အရှင်မြတ်သည်သာတည်း၊ အရှင်မြတ် အထံတော်သို့သာ ခရီးရှိ၏။

Verse 43 — Surah An-Nur 24:43

၄၃။ အို--တမန်တော်၊ သင်မမြင်သလော၊ အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်လွှာများကို တောင်မြောက်လေးပါး သွားလာစေတော်မူ၏၊ ထိုတိမ်လွှာတို့ကို တစ်ခုနှင်တစ်ခုပေါင်းစုရောနှောစေတော်မူပြီးနောက်၊ တစ်ခဲနက်တည်း ဖြစ်စေတော်မူ၏၊ ထိုအခါထိုတိမ်ခဲတို့၏ အထဲမှ မိုးရွာသွန်းသည်ကို သ်မြင်ရ၏၊ အရှင်မြတ်သည် အထက် ကောင်းကင်မှ တောင်များကဲ့သို့အစိုင်အခဲဖြစ်နေသောနှင်းခဲများကို မိုးသီးမိုးပေါက်ကဲ့သို့ကြွေကျစေတော်မူ၏၊ အရှင်မြတ်သည် အလိုတော်ရှိသူအား နှင်းသီးနှင်းပေါက်နှင့် ပစ်ခတ်တော်မူ၏၊ အလိုတော်ရှိသူထံမှ ထိုနှင်းသီး နှင်းပေါက်ဘေးအန္တရာယ်ကို လွှဲဖယ်သွားစေတော်မူ၏၊ အရှင်မြတ်၏ လျှပ်စစ်ရောင်သည် မျက်စိ၏အလင်းကို သိမ်းယူလုဘနန်းမျှရှိ၏။

Verse 44 — Surah An-Nur 24:44

၄၄။ အလ္လာဟ်အရှင်မြတ်သည် နေ့နှင့်ညဉ့်ကို အလှည့်ကျလည်စေတော်မူ၏၊ မှတ်သားကြလော့၊ ဤအခြင်းအရာ၌ မြင်သူတို့အဖို့ သင်ခန်းစာအမှန်ပါရှိ၏။

Verse 45 — Surah An-Nur 24:45

၄၅။ အလ္လာဟ်အရှင်မြတ်သည် တိရိစ္ဆာန်တိုင်းကို ရေဖြင့် ဖန်ဆင်းတော်မူ၏၊ တိရိစ္ဆာန်များအနက် အချို့တို့မှာ မိမိဝမ်းဖြင့် တွားသွားကြကုန်၏၊ အချို့မှာ အခြေနှစ်ချောင်း၊ အချို့မှာ အခြေလေးချောင်းဖြင့် သွားလာကြကုန်၏၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို ပြုစွမ်းနိုင်တော်မူ၏။

Verse 46 — Surah An-Nur 24:46

၄၆။ စင်စစ်အားဖြင့်ငါသည် နှုတ်ကပတ်တော်များကို ချပေးသနားတော်မူ၏၊ ရှင်းလင်းတော်မူ၏၊ အလ္လာဟ်အရှင်မြတ် သည် အလိုတော်ရှိသူအား ဖြောင့်မှန်သောလမ်းကို ညွှန်ပြတော်မူ၏။

Verse 47 — Surah An-Nur 24:47

၄၇။ ထို့အပြင်သူတို့က အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အား ယုံကြည်ပါ၏၊ ကျိုးနွံနာခံကြပါ၏ဟု ဆိုကြ၏၊ ထို့နောက်သူတို့အထဲမှ လူတစ်စုသည် လှည့်သွားကြ၏၊ ယင်းလူများသည် ယုံကြည်သူများမဟုတ်ချေ။

Verse 48 — Surah An-Nur 24:48

၄၈။ ထို့အပြင်ထိုသူတို့သည် မိမိတို့အလည်ကြား၌ တရားမှန်ကန်စွာဆုံးဖြတ်စီရင်ရန် အလ္လာဟ်အရှင်မြတ်နှင့် တမန် တော်ကို တောင်းပန်လျှောက်ထားသောအခါ သူတို့အနက်လူတစ်စုသည် အမှန်ပင်မနှစ်သက်ကြချေ။

Verse 49 — Surah An-Nur 24:49

၄၉။ သို့သော်သူတို့သည် မှန်ကန်သောဘက်မှ ဖြစ်ခဲ့လျှင် တမန်တော်ထံသို့ စိတ်တူသဘောတူချဉ်းကပ်လာခဲ့ကြလတ့ံ။

Verse 50 — Surah An-Nur 24:50

၅ဝ။ ထိုသူတို့၏ စိတ်နှလုံးတွင် မိစ္ဆာဝါဒရောဂါစွဲနေသလော၊ သို့မဟုတ်ယုံမှားသံသယရှိကြသလော၊ သို့မဟုတ် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်သည် သူတို့အား မတရားစီရင်ဆုံးဖြတ်ပေးတော်မူမည်ဟု စိုးရိမ်ကြသလော၊ မတရားဆုံးဖြတ်တော်မူမည်မဟုတ်ချေ၊ သို့သော်သူတို့သည် ဒုစရိုက်မကောင်းမှုကို ကျူးလွန်သူများဖြစ်ကြ၏။

Verse 51 — Surah An-Nur 24:51

၅၁။ ယုံကြည်သူတို့သည် မိမိတို့အလည်ကြားတွင် တရားဆုံးဖြတ်ဖို့ရာ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်ကို တောင်းပန်လျှောက်ကြသောအခါ သူတို့သည် အကျွနု်ပ်တို့ကြားကြပါ၏၊ နာခံကြပါ၏ဟုသာ ဆိုကြ၏၊ ဤလူ ဤလူတို့သည် အောင်မြင်သူများသာတည်း။

Verse 52 — Surah An-Nur 24:52

၅၂။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်ကို နာခံ၏၊ အရှင်မြတ်အား ကြောက်ရွံ့ကြ၏၊ အရှင်မြတ်၏ ဝတ်ကို ပြေအောင်ပြု၏၊ ထိုသူသည် အောင်နိုင်သူအမှန်အကန်ဖြစ်၏။

Verse 53 — Surah An-Nur 24:53

၅၃။ ထိုမိစ္ဆာမိုက်တို့သည် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တိုင်တည်၍ ကျိန်ဆိုသည်မှာ အကယ်၍တမန်တော် သခင်က အကျွနု်ပ်တို့အိုးအိမ်စွန့်လွှတ်၍ အခြားတပါးသို့ ထွက်သွားကြရမည်ဟု အမိန့်ပေးပါလျှင် အကျွနု်ပ် တို့သည် ထွက်သွားပါမည်၊ အို--တမန်တော်၊ ဟယ်-အချင်းတို့၊ ကျိန်ဆိုခြင်းကို မပြုကြသင့်၊ ငါ့စကားကို နားထောင်ကြောင်းကို လက်တွေ့ပြခြင်းသည် ကျိန်ဆိုခြင်းထက် သာလွန်ကောင်းမြတ်၏ဟု ပြောလော့၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှကို သိတော်မူ၏။

Verse 54 — Surah An-Nur 24:54

၅၄။ အို--တမန်တော်၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်တို့ကို နာခံ ကြလော့၊ သို့သော်သင်တို့လှည့်ပတ်သွားကြလျှင် တမန်တော်မှာ မိမိအား ပေးအပ်ထားတော်မူသောတာဝန် ဝတ္တရားကို ထမ်းဆောင်ရန်သာဖြစ်၏၊ သင်တို့လည်း မိမိတို့ဝတ်ကို ပြေအောင်ပြုရန်သာဖြစ်၏၊ အကယ်၍ သင်တို့သည် သူ့အား နာယူကြလျှင် သင်တို့သည် လမ်းမှန်ကို လိုက်သူဖြစ်ကြ၏၊ သို့သော်တမန်တော်၌ အရပ်ရပ်သောပညတ်တရားတော်ကို ထင်ရှားအောင် ဟောကြားရန် တာဝန်မှတပါး အခြားတာဝန်တစ်စုံတစ်ရာ မရှိချေ။

Verse 55 — Surah An-Nur 24:55

၅၅။ သင်တို့အနက် မည်သူမဆိုယုံကြလျက် သုစရိုက်ကောင်းမှုပြုလုပ်အ့ံ၊ ထိုသူအား အလ္လာဟ်အရှင်မြတ်ပေးတော် မူသောကတိသစ္စာတော်မှာ ဤသို့တည်း၊ သင်တို့ထက် ရှေးကျသောသူတို့ကို ကမ္ဘာပေါ်၌ အုပ်ချုပ်သူများဖြစ်စေ တော်မူသကဲ့သို့ ယခုလည်းယုံကြည်သူတို့ကို အကြီးအကဲမုချဖြစ်စေတော်မူမည်၊ ယုံကြည်သူတို့အတွက် အလ္လာဟ်အရှင်မြတ်နှစ်သက်ပြဋ္ဌာန်းတော်မူသောသာသနာကြီးကို အရှင်မြတ်သည် မုချထွန်းလင်းတောက်ပ စေတော်မူမည်၊ ယုံကြည်သူတို့အား သူတို့၏ ထိတ်လန့်ကြောက်ရွံ့ရပြီးနောက် ၎င်းအစားလုံခြံုပျော်မွေ့ခြင်းကို ပေးတော်မူမည်၊ သူတို့သည် ငါ့အား ခဝပ်ကိုးကွယ်ကြ၏၊ သူတို့သည် ငါနှင့်ဘုရားတုများကို မတွဲဖက်ကြချေ၊ ယနေ့မှစ၍ မယုံကြည်သူတို့သည် အလွန်မိုက်မဲသောဒုစရိုက်ကောင်များဖြစ်ကြ၏။

Verse 56 — Surah An-Nur 24:56

၅၆။ အရှင်မြတ်ထံတော်မှ ကရုဏာတော်၊ ကောင်းကြီးမင်္ဂလာတော်ရရှိစိမ့်သောငှာ ဆွလားသ်ဝတ်ပြုကြလော့၊ ဇကားသ်အလှုကို ပေးကြလော့၊ ထို့အပြင်တမန်တော်ကို နာခံကြလော့။

Verse 57 — Surah An-Nur 24:57

၅၇။ မိစ္ဆာမိုက်တို့သည် ကမ္ဘာမြေပေါ်ဝယ် ပြေး၍ လွတ်နိုင်ကြသည်ဟု မထင်ကြလင့်၊ သူတို့၏နေအိမ်သည် အဝီစိ ငရဲမီးဖြစ်၏၊ ငရဲသည် ဘဝခရီး၏အလွန်ဆိုးဝါးသောပန်းတိုင်ဖြစ်၏။

Verse 58 — Surah An-Nur 24:58

၅၈။ အို--ယုံကြည်သူအပေါင်းတို့၊ သင်တို့၏ အစေခံကျွန်များနှင့် အရွယ်မမြောက်သေးသောသူငယ်တို့သည် သင်တို့ ထံသို့မဝင်မီအချိန်သုံးပါး၌ ဝင်ခွင့်တောင်းရကြမည်၊ ထိုအချိန်သုံးပါးကား နံနက်မိုးသောက်ဆွလားသ်ဝတ်မပြုမီ အချိန်၊ ပူအိုက်၍ အဝတ်များကို ချွတ်ထားသောနေမွန်းတည့်ချိန်၊ ဆွလားသ်ဝတ်ကို ပြုပြီးသောအချိန်တို့ ဖြစ်သည်။ ဤအချိန်သုံးပါးသည် သင်တို့ဆိတ်ကွယ်ငြိမ်သက်စွာလွတ်လွတ်ကျွတ်ကျွတ်နေဖို့ရာ သတ်မှတ်ထား သောအချိန်တည်း၊ ထိုအချိန်လွန်သည့်နောက် သွားလာဝင်ထွက်ခြင်းသည် အပြစ်မသင့်ချေ၊ အလ္လာဟ်အရှင်မြတ် သည် သင်တို့အတွက် ပညတ်တော်များကို ဤကဲ့သို့ရှင်းလင်းစေတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် သိတော် မူ၏၊ ပညာရှိတော်မူ၏။

Verse 59 — Surah An-Nur 24:59

၅၉။ ထို့အပြင်သင်တို့အထဲမှ သူငယ်များသည် အရွယ်ရောက်လာခဲ့မူ သူတို့အား အထက်ပါလူများကဲ့သို့ အခွင့်ပန် ကြစေလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ပညတ်တရားတော်များကို ဤကဲ့သို့ရှင်းလင်းစေတော် မူ၏၊ အရှင်မြတ်သည် သိတော်မူ၏၊ လိမ္မာတော်မူ၏။

Verse 60 — Surah An-Nur 24:60

၆ဝ။ သားသမီးမွေးချိန်ကုန်လျက် အရွယ်လွန်ခြင်းကြောင့် အိမ်ထောင်ရာသားရဖို့ရာ မျှော်လင့်ခြင်ကင်းမဲ့သူမိန်းမ တို့သည် မိမိတို့ဖုံးအုပ်ထိုက်သောကိုယ်အင်္ဂါအစိတ်အပိုင်းများမပေါ်စေပဲ အပေါ်ခြံုထည်ကို မသုံးမစွဲခြင်းကြောင့် အပြစ်မထိုက်ချေ၊ သို့သော်ခြံုထည်ကို ဝတ်ဆင်ခြင်းသည် သူတို့အဖို့အရာ သာလွန်လျှောက်ပတ်၏။

Verse 61 — Surah An-Nur 24:61

၆၁။ မိမိအိမ်၌သော်လည်းကောင်း၊ မိမိအဘအိမ်၌သော်လည်းကောင်း၊ မိမိညီအစ်ကိုအိမ်၌သော်လည်းကောင်း၊ မိမိအဘ၏ အမညီမအိမ်၌သော်လည်းကောင်း၊ မိမိအမိ၏ မောင်ကြီးမောင်ငယ်အိမ်၌သော်လည်းကောင်း၊ မိမိအမိ၏ ညီအမအိမ်၌သော်လည်းကောင်း၊ မိမိသော့ထိန်းသိမ်းရသောအိမ်၌လည်းကောင်း၊ မိမိမိတ်ဆွေခင်ပွန်း အိမ်၌သော်လည်းကောင်း၊ ခဲဖွယ်ဘောဇဉ်အစာအာဟာရများကို စားသုံးကြသောကြောင့်၊ မျက်စိကန်းသူတို့ သော်လည်းကောင်း၊ ချိနဲ့ကျိုးဆွံ့မသန်စွမ်းသူတို့သော်လည်းကောင်း၊ မကျန်းမမာသူတို့သော်လည်းကောင်း၊ သင်တို့သော်လည်းကောင်း၊ အပြစ်မထိုက်ချေ၊ သင်တို့သည် အတူတကွစားသော်လည်းကောင်း၊ ခွဲခြားစား သော်လည်းကောင်း၊ သင်တို့အပြစ်မထိုက်ချေ၊ သို့သော်သင်တို့သည် အိမ်များအတွင်းသို့ ဝင်သောအခါ သင်တို့ သည် သင်တို့သည် အချင်းချင်းအလ္လာဟ်အရှင်ထံတော်မှ မင်္ဂလာရှိ၍ ချိုအေးသာယာသောမေတ္တာစကားနှင့် နှုတ်ဆက်ကြလော့၊ သင်တို့နားလည်ကောင်းနားလည်ဖို့ရာ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် မိမိ၏ ပညတ်တော်များကို ရှင်းလင်းစေတော်မူ၏။

Verse 62 — Surah An-Nur 24:62

၆၂။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်အား ယုံကြည်၍ အရေးကြီးသောအလုပ်များကို တမန် တော်နှင့်အတူ လုပ်ကြသောအခါ တမန်တော်၏အခွင့်ကို မပန်ပဲ အလုပ်မှထွက်ခွာသွားခြင်းမပြုကြ၏။ ထိုသူ တို့သာ ယုံကြည်သူအစစ်အမှန်ဖြစ်ကြ၏၊ အို--တမန်တော်၊ မှတ်သားလော့၊ သင့်ထံမှ အခွင့်တောင်းပြန်သူ တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်တို့အား ယုံကြည်သူများဖြစ်ကြ၏၊ ထို့ကြောင့်သူတို့သည် မိမိတို့ အတွင်းရေးကြောင့် သင့်ထံမှ ပြန်ခွင့်တောင်းသော် သင်အခွင့်ပေးလိုသူတို့အား အခွင့်ပေး၍ သူတို့ကို အရှင်မြတ် အပြစ်လွှတ်တော်မူရန် ဆုတောင်းလော့၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲအပြစ်မှ ခွင့်လွှတ်တော်မူသောအရှင်၊ ကောင်းကြီးမင်္ဂလာပေးတော်မူသောသခင်ဖြစ်တော်မူ၏။

Verse 63 — Surah An-Nur 24:63

၆၃။ အို--ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် တမန်တော်ဆင့်ခေါ်ခြင်းကို မိမိတို့အချင်းချင်းတစ်ဦးနှင့်တစ်ဦး ဆင့်ခေါ်သကဲ့သို့ မထင်ကြလင့်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် တိတ်ဆိတ်လျှို့ဝှက်စွာထွက်ပြေး သွားသူကို သိတော်မူ၏၊ ထို့အပြင်အကြင်သူတို့သည် တမန်တော်၏အမိန့်များကို ရှောင်တိမ်းဖယ်ရှားရန် ပူးပေါင်းကြံစည်ကြအ့ံ၊ ထိုသူတို့သည် မိမိတို့အထံသို့ ပူဆွေးခြင်းသော်လည်းကောင်း၊ နာကျယ်ဖွယ်သောအပြစ် ဒဏ်သော်လည်းကောင်း၊ မကျရောက်လာဖို့ရာ သတိထားကြလော့။

Verse 64 — Surah An-Nur 24:64

၆၄။ မှတ်သားကြလော့၊ ကမ္ဘာမြေပြင်မိုးကောင်းကင်တွင် ရှိရှိသမျှအပေါင်းကို အလ္လာဟ်အရှင်မြတ်သိမ်းရုံးစိုးပိုင် တော်မူ၏၊ အရှင်မြတ်သည် သင်တို့၏အခြေအနေကို သိတော်မူ၏၊ ထို့အပြင်အရှင်မြတ်သည် လူသားတို့အား အရှင်မြတ်၏ အထံတော်သို့ ပြန်ပို့မည့်နေ့တော်ကြီးဆိုက်ရောက်လာမည့်အချိန်ကို သိတော်မူ၏၊ ထိုနေ့တော်ကြီး၌ အရှင်မြတ်သည် လူသားတို့အား သူတို့ပြကျင့်ခဲ့သောအမှုအခင်းများကို မိန့်ကြားတော်မူလတ့ံ၊ အလ္လာဟ်အရှင် မြတ်သည် အရာခပ်သိမ်းကုန်တို့ကို သိတော်မူသောအရှင်ဖြစ်တော်မူ၏။