Verse 1 — Surah Al-Furqan 25:1
၁။ အရှင်မြတ်၏ ကျေးကျွန်တမန်တော်အား အမှားနှင့်အမှန်ကို ခွဲခြားဆုံးဖြတ်ဖို့ရာ စံနှုန်းကျမ်းတော်ကို ထုတ်ပြန် ပို့ချပေးသနားတော်မူသောအရှင်မြတ်သည် မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူပါ၏၊ ယင်းသို့ထုတ်ပြန်ပေးသနား တော်မူခြင်းမှာ တမန်တော်သည် လူသားအပေါင်းတို့သို့ သတိပေးသူဖြစ်ရန်အလို့ငှာဖြစ်၏။
Verse 2 — Surah Al-Furqan 25:2
၂။ အရှင်မြတ်သည် မိုးမြေနိုင်ငံတော်ကြီးကို စိုးပိုင်တော်မူ၏၊ အရှင်မြတ်၌ သားသမီးမရှိချေ၊ အချုပ်အချာအာဏာ ၌ အရှင်မြတ်မှာ ဘက်စပ်ပူးပေါင်းသူအလျဉ်းမရှိချေ၊ အရှင်မြတ်သည် အရာဝထ္ထုတိုင်းကို ဖန်ဆင်းတော်မူ၏၊ ၎င်းကို တိကျအောင်စီမံထားတော်မူ၏။
Verse 3 — Surah Al-Furqan 25:3
၃။ သို့ပါလျက်သူတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး တစ်စုံတစ်ရာမဖန်ဆင်းနိုင်ပဲ မိမိပင်လျှင် ဖန်ဆင်းခြင်းခံ ရသောဘုရားတုများကို ဆည်းကပ်ပူဇော်ကြ၏၊ ထိုဘုရားပျက်တို့သည် သူတို့အတွက်ပင်လျှင် အကျိုးအပြစ် မပြုစွမ်းနိုင်ချေ၊ သေခြင်း၊ ရှင်ခြင်း၊ သေသူကို ပြန်ရှင်စေသောအာဏာစသည်တို့ကို မပိုင်ဆိုင်ကြချေ။
Verse 4 — Surah Al-Furqan 25:4
၄။ မိစ္ဆာမိုက်တို့က ဤကျမ်းသည် ဖန်တီးသောမုသားကျမ်းမှတပါး အခြားတစ်စုံတစ်ခုမှမဟုတ်ချေ၊ အခြားသူ တို့သည် ထိုကိစ္စ၌ ကူညီကြ၏၊ ထို့ကြောင့်သူတို့သည် အတင်းစကား၊ မုသားစကားကို ဖန်တီးကြ၏ဟု ပြောဆိုကြ၏။
Verse 5 — Surah Al-Furqan 25:5
၅။ တဖန်သူတို့က ပြောသည်မှာ ရှင်မိုဟမ္မဒ်သည် ရှေးလူဟောင်းတို့စီရင်သောဒဏ္ဍာရီပုံဝထ္ထုများကို ရေးသားထား၍ ထိုပုံဝထ္ထုများကို နေ့ညဉ့်မပြတ်သူ့အား ရွတ်ဖတ်ပြကြ၏ဟု ဆိုကြ၏။
Verse 6 — Surah Al-Furqan 25:6
၆။ အို--မိုဟမ္မဒ်၊ သင်သည် ထိုသူမိုက်တို့အား ဟောကြားလော့၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် လျှို့ဝှက် နက်နဲသောအရာဟူသမျှကို သိတော်မူသောအရှင်မြတ်သည် ဤကျမ်းတော်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အမြဲအပြစ်လွှတ်တော်မူသောအရှင်၊ ကောင်းကြီးမင်္ဂလာပေးသနား တော်မူသောသခင်ဖြစ်တော်မူ၏။
Verse 7 — Surah Al-Furqan 25:7
၇။ ထို့အပြင်သူတို့ပြောကြသည်၊ ဤအလ္လာဟ်အရှင်မြတ်၏ တမန်တော်သည် အစားအစာမှီဝဲသုံးဆောင်၏၊ စျေးဆိုင် ကမ်းနားများကိုလည်း လှည့်ပတ်သွားလာလေ့ရှိ၏၊ ဤသူသည် ဘာရောဂါဖြစ်နေသနည်းဟု ဆိုကြကုန်၏၊ သူနှင့်အတူတကွ သတိပေးသူဖြစ်ဖို့ရာ အထက်ကောင်းကင်ဘုံမှ ကောင်းကင်တမန်တော်တစ်ပါးကို ဤသူထံသို့ အဘယ်ကြောင့်ချပေးတော်မမူပါသနည်း။
Verse 8 — Surah Al-Furqan 25:8
၈။ သို့မဟုတ်သူ့အား ရွှေငွေရတနာကို သူ့အပေါ်သို့ အဘယ်ကြောင့်ပစ်ချတော်မမူသနည်း၊ သူစားသောက်ဖို့ရာ အစာအာဟာရပေးသော နိဗ္ဗာန်ဥယျာဉ်အဘယ်ကြောင့် သူ၌မရှိသနည်း၊ ထို့အပြင်မကောင်းမှုပြုကျင့်သူတို့က ဟယ်-အချင်းတို့၊ သင်တို့သည် စုန်းဖမ်းစားသူတစ်ဦး၏ နောက်သို့ လိုက်နေသည်သာတည်းဟု ပြောဆိုကြ၏။
Verse 9 — Surah Al-Furqan 25:9
၉။ အို--တမန်တော်၊ ၎င်းတို့သည် သင့်အား မည်သို့မည်ပုံနှိုင်းယှဉ်ကြသည်ကို သင်ဆင်ခြင်ကြည့်ရှုလော့၊ ထို့ကြောင့်သူတို့သည် လမ်းမှားကြ၏၊ လမ်းမှန်ကို မရနိုင်ကြချေ။
Verse 10 — Surah Al-Furqan 25:10
၁ဝ။ အို--တမန်တော်၊ ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူထသောအလ္လာဟ်အရှင်မြတ်သည် အကယ်၍ အလိုတော်ရှိပါလျှင် သင်၏အဖို့ ၎င်းတို့ပြောဆိုသည့်ဥယျာဉ်ပန်းမာလ်ထက် သာလွန်ကောင်းမြတ်သည့်ဥယျာဉ်ကို ပေးသနားတော်မူလတ့ံ၊ ထိုဥယျာဉ်အောက်၌ စိမ့်စမ်းရေမြောင်းများလည်း အယဉ်ထွေထွေစီးဆင်းလျက်ရှိ၏၊ သင့်အား များစွာသောဘုံနန်းပြဿဒ်တို့ကိုလည်း ပေးတော်မူလတ့ံ။
Verse 11 — Surah Al-Furqan 25:11
၁၁။ အို--တမန်တော်၊ သူသည် သင့်ကိုသာ ငြင်းဆန်သည်မဟုတ်၊ အချိန်တော်ကြီး ကျရောက်မည်ကိုလည်း ငြင်းပယ်ကြ၏၊ ဤအချိန်တော်ကြီးကို ပစ်ပယ်သောသူတို့အဖို့အရာ ငါသည် ငရဲမီးတောက်မီးလျှံကို စီရင်ထား တော်မူ၏။
Verse 12 — Surah Al-Furqan 25:12
၁၂။ ငရဲသည် သူတို့ကို အဝေးမှ မြင်သောအခါ သူတို့သည် ထိုမီးတောက်မီးလျှံ၏ ဖြောက်ဖြောက်မည်သံနှင့် ဟိန်းသံကြီးကို ကြားကြရလတ့ံ။
Verse 13 — Surah Al-Furqan 25:13
၁၃။ ထိုသူတို့အား မီးသံကြိုးဖြင့် ချည်နှောင်၍ ငရဲ၏ကျဉ်းကျပ်ပြည့်နှက်သောအပိုင်းတွင်းသို့ ဆွဲငင်ပစ်ချလိုက်သော အခါ သူတို့သည် နေရာတွင် ပျက်စီးခြင်းဆုကို တောင်းကြ၏။
Verse 14 — Surah Al-Furqan 25:14
၁၄။ ထိုအခါငရဲထိန်းတို့က ဤနေ့တော်ကြီး၌ ပျက်စီးခြင်းတစ်ခုတည်းသာမတောင်းကြလင့်၊ များစွာသောပျက်စီး ခြင်းကို တောင်းကြလော့။
Verse 15 — Surah Al-Furqan 25:15
၁၅။ အို--တမန်တော်၊ ဟောကြားလော့၊ ငရဲမီးသည် သာလွန်ကောင်းမြတ်သလော၊ သို့မဟုတ်ဒုစရိုက်မကောင်းမှုကို တွန်းလှန်ပစ်သူတို့အား ပေးသနားတော်မူမည်ဟု ကတိထားတော်မူသော၊ အိုခြင်း၊နာခြင်း၊သေခြင်းကင်းမဲ့သော နိဗ္ဗာန်ဥယျာဉ်တော်က သာလွန်ကောင်းမြတ်သလော၊ထိုဥယျာဉ်တော်သည် သူတော်ကောင်းတို့၏ ဆုနှင့်ဘဝခရီး ဆုံးရာဖြစ်၏။
Verse 16 — Surah Al-Furqan 25:16
၁၆။ ထိုသူမြတ်တို့မှာ ၎င်းဥယျာဉ်တော်၌ နေထိုင်၍ မိမိတို့အလိုရှိသမျှကို အကြွင်းမဲ့ရရှိကြလတ့ံ၊ ယင်းသို့ပေးသနား တော်မူခြင်းကား သင်၏အသက်သခင်ကျေးဇူးရှင်အတွက် ဖြည့်ရမည့်ကတိသစ္စာတော်ဖြစ်၏။
Verse 17 — Surah Al-Furqan 25:17
၁၇။ ထိုမိစ္ဆာယုတ်နှင့်တကွ အလ္လာဟ်အရှင်မြတ်အစား သူတို့ကိုးကွယ်သောဘုရားများကို စုတော်မူမည့်နေ့တော်ကြီး၌ အရှင်မြတ်က ဟယ်-ဘုရားပျက်တို့၊ သင်တို့သည် ဤငါ့ကျေးကျွန်တို့အား လမ်းလွဲလမ်းမှားကို ပြသကြလေ သလော၊ သို့မဟုတ်သူတို့သည် မိမိတို့အလိုအလျောက်လမ်းမှန်မှ လွဲဖယ်၍ သွားကြလေသလောဟု မိန့်တော် မူလတ့ံ။
Verse 18 — Surah Al-Furqan 25:18
၁၈။ သူတို့က အို--အလ္လာဟ်အရှင်၊ အရှင်သည် ချို့တဲ့ခြင်းကင်းသောအနန္တဂုဏ်တော်ရှင်ဖြစ်တော်မူပါ၏၊ အရှင် မှတပါး အခြားကာကွယ်စောင့်ရှောက်မည့်အဆွေခင်ပွန်းကို ရှာဖွေခြင်းမှာ အကျွနု်ပ်တို့အဖို့အရာမဟုတ်ပါ၊ သို့သော်အရှင်သည် ထိုမိစ္ဆာနှင့် သူတို့၏မိဘဘိုးဘွားတို့အား ချမ်းသာသုခကို ပေးသနားတော်မူသဖြင့် သူတို့ သည် အရှင်မြတ်၏သတိပေးပညတ်တော်ကို မေ့လျော့၍ ပျက်စီးဆုံးရှုံးရသူများဖြစ်ကြပါ၏ဟု တင်လျှောက် ကြ၏။
Verse 19 — Surah Al-Furqan 25:19
၁၉။ အလ္လာဟ်အရှင်မြတ်က ဟယ်-မိစ္ဆာမိုက်တို့၊ နင်တို့ဆည်းကပ်ကိုးကွယ်သောဘုရားများပင် နင်တို့သည် မုသား တင်လျှောက်သည်ဟု လျှောက်ကြပေပြီ၊ နင်တို့သည် အပြစ်ဒဏ်တော်ကို လွှဲရှောင်နိုင်မည်မဟုတ်ချေ၊ အကူ အညီလည်း ရနိုင်မည်မဟုတ်ချေဟု မိန့်တော်မူလတ့ံ၊ နင်တို့အနက် အကြင်သူသည် ဒုစရိုက်မကောင်းမှုကို ကျူးလွန်အ့ံ၊ ထိုသူအား ငါသည် အလွန်ပြင်းပြသောအပြစ်ဒဏ်တော်ကို မြည်းစေတော်မူလတ့ံ။
Verse 20 — Surah Al-Furqan 25:20
၂ဝ။ အို--တမန်တော်၊ ငါသည် သင်၏အထက်အဆက်ဆက်သောတမန်တော်များကို စေလွှတ်တော်မူ၏၊ ထိုတမန် တော်တို့သည် မုချဧကန်အစားအစာသုံးဆောင်ကြ၏၊ စျေးဆိုင်ကမ်းနားများသို့လည်း လှည့်ပတ်သွားလာကြ၏၊ အို--လူသားအပေါင်းတို့၊ သင်တို့အနက် အချို့သောသူများကို အချို့သောသူများအတွက် စုံစမ်းဖို့ရာ စီရင်ထား တော်မူ၏၊ သင်တို့၌ သည်းခံခြင်းတရားရှိကြမည်လော၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အမြဲ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 21 — Surah Al-Furqan 25:21
၂၁။ ငါ့အား ဖူးမြော်ရမည်ကို မမျှော်လင့်သူတို့က အကျွန်ုပ်ထံ ကောင်းကင်တမန်များကို အဘယ်ကြောင့်မစေလွှတ် ပါသနည်း၊ အကျွနု်ပ်တို့သည် မိမိတို့၏အရှင်သခင်ကို အဘယ်ကြောင့်မျက်ဝါးထင်ထင်မဖူးမြင်ရပါသနည်းဟု ပြောဆိုကြ၏၊ အမှန်မှာသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့အဖို့အလွန်အထင်ကြီး၍ မာနထောင်လွှားလျက် တရားတော်ကို မထီမဲ့မြင်ပြုကြ၏။
Verse 22 — Surah Al-Furqan 25:22
၂၂။ သူတို့သည် ကောင်းကင်တမန်များကို မြင်ရသောနေ့၊ ထိုနေ့တော်ကြီး၌ အပြစ်ရှိသူများအတွက် သတင်းကောင်း ရှိမည်မဟုတ်ချေ၊ ထိုအခါသူတို့က အကာအဆီးကြီးရှိလျှင် ကောင်းလေစွဟု ငိုကြွေးကြလိမ့်မည်။
Verse 23 — Surah Al-Furqan 25:23
၂၃။ ထို့အပြင်ငါသည် သူတို့ပြုခဲ့သောအမှုဘက်သို့ လှည့်တော်မူမည်၊ ငါသည် ၎င်းကို လွင့်ပါးသောသဲမှုန့်ကလေးများ ဖြစ်စေတော်မူလတ့ံ။
Verse 24 — Surah Al-Furqan 25:24
၂၄။ အကြင်သူတို့သည် ထိုနေ့တော်ကြီး၌ နိဗ္ဗာန်ဥယျာဉ်တော်ကို ရကြအ့ံ၊ ထိုသူတို့သည် သူတို့၏ဘုံဗိမာန်တွင် သာလွန်သာယာ၍ မွန်းလွဲအပန်းဖြေရိပ်သာ၌ ပိုမိုပျော်ပါးကြလတံ့။
Verse 25 — Surah Al-Furqan 25:25
၂၅။ ထိုနေ့တော်ကြီး၌ မိုးကောင်းကင်သည် တိမ်မြူနှင့်တကွပြိုကွဲပျက်စီး၍ ကောင်းကင်တမန်တော်များကို သက်ဆင်း စေတော်မူလတံ့။
Verse 26 — Surah Al-Furqan 25:26
၂၆။ ထိုနေ့တော်ကြီး၌ နိုင်ငံတော်ကြီး၊ နိုင်ငံတော်ကြီးအစစ်အမှန်သည် မဟာကရုဏာတော်အရှင်၊ အလ္လာဟ်၏ နိုင်ငံတော်ဖြစ်၏၊ ထိုနေ့သည် မယုံကြည်သူတို့အဖို့ ဒုက္ခများသာဖြစ်မည်။
Verse 27 — Surah Al-Furqan 25:27
၂၇။ ထိုနေ့တော်ကြီး၌ လက်နှစ်ဘက်ကိုအားဖြင့် လျှိုကိုက်လျက် ဒုစရိုက်ကောင်က အလ္လာဟ်အရှင်မြတ်၏ တမန် တော်သခင်နှင့်အတူတကွ လမ်းမှန်ကို အကျွနု်ပ်ရွေးချယ်ခဲ့လျှင် တော်လေစွဟု ဆိုလတ့ံ။
Verse 28 — Surah Al-Furqan 25:28
၂၈။ အကျွနု်ပ်အတွက် ဒုက္ခပဲ၊ အကျွန်ုပ်သည် ဤကဲ့သို့သောသူကို အဆွေခင်ပွန်းမဖွဲ့ခဲ့လျှင် ကောင်းလေစွဟုလည်း ဆိုလတ့ံ။
Verse 29 — Surah Al-Furqan 25:29
၂၉။ အကျွနု်ပ်ထံသို့ တရားတော်ကျရောက်လာပြီးမှ သူသည် အကျွနု်ပ်ကို တရားတော်မှ တိမ်းသွားစေလေ၏၊ ရှိုင်တန်မာရ်နတ်သည် အကူအညီလိုသောအချိန်၌ လူသားကို စွန့်ပစ်သွားသူဖြစ်၏။
Verse 30 — Surah Al-Furqan 25:30
၃ဝ။ ထိုအခါတမန်တော်က အို--အကျွန်ုပ်၏အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ်၏လူများသည် ကုရ်အာန်ကျမ်းတော် ကို မထီလေးစားစွန့်လွှတ်ထားပါသည်ဟု တင်လျှောက်လတ့ံ။
Verse 31 — Surah Al-Furqan 25:31
၃၁။ ဤကဲ့သို့ငါသည် ဒုစရိုက်ကောင်တို့မှ ရန်သူတစ်ယောက်ကို တမန်တော်တိုင်းအတွက် ပေါ်ပေါက်စေတော်မူ၏၊ သို့သော်အလ္လာဟ်သည် လမ်းပြသူ၊ မှိုင်းမသူအဖြစ်ဖြင့် လုံလောက်တော်မူ၏။
Verse 32 — Surah Al-Furqan 25:32
၃၂။ ထို့အပြင်မယုံကြည်သူတို့က ထိုသူအား ကျမ်းမြတ်ကုရ်အာန်ကို တစ်ကြိမ်တစ်ခါတည်းအပြီးအဘယ်ကြောင့် ချပေးတော်မမူသနည်းဟု ဆိုကြ၏၊ အို--တမန်တော်၊ သင့်အား ကျမ်းတော်ကို ဤကဲ့သို့အကြိမ်ကြိမ်ထုတ်ပြန် တော်မူခြင်းကား သင်၏နှလုံးကို ကျမ်းတော်အားဖြင့် ငါအရှင်မြတ်အားတင်းပေးတော်မူဖို့ရာဖြစ်၏၊ ထို့အပြင် ငါသည် ကျမ်းတော်ကို စနစ်တကျစီစဉ်ထားတော်မူ၏။
Verse 33 — Surah Al-Furqan 25:33
၃၃။ အို--တမန်တော်၊ သူတို့သည် တစ်စုံတစ်ခုသောဥပမာကို သင့်ထံသို့ယူဆောင်ခဲ့လျှင် ငါသည် ထိုအကြောင်းနှင့် စပ်လျဉ်း၍ မှန်ကန်သောအဖြေကို သင့်အား ပေးသနားတော်မူ၏၊ သူတို့၏ဥပမာထက်သာလွန်သောချေပချက်ကို ပေးသနားတော်မူ၏။
Verse 34 — Surah Al-Furqan 25:34
၃၄။ အကြင်သူတို့အား ငရဲမီးထဲသို့ မျက်နှာမှောက်၍ ယူခဲ့လတဲ့၊ ထိုသူတို့သည် အလွန်ဆိုးဝါးသောအဖြစ်သို့ ဆိုက်ရောက်ကြ၍ ဓမ္မလမ်းကြောင်းမှ ဝေးကွာကြ၏။
Verse 35 — Surah Al-Furqan 25:35
၃၅။ ငါသည် တမန်တော်မူစာအား ကျမ်းတော်တစ်စောင်ချပေးသနားတော်မူ၏၊ သူ၏ အစ်ကိုတမန်တော်ဟာရွန် ကိုလည်း သူ၏အခိုင်းအစေဖြစ်စေတော်မူ၏။
Verse 36 — Surah Al-Furqan 25:36
၃၆။ ထို့နောက်သူတို့အား သင်တို့သည် ငါ၏နှုတ်ကပတ်တော်များမယုံကြည်သူတို့ထံ သွားကြလော့ဟု ဗျာဒိတ်ပေး တော်မူ၏၊ ထို့နောက်ငါသည် ထိုမိစ္ဆာမိုက်တို့အားလုံးကို လုံးလုံးဖျက်ဆီးတော်မူ၏။
Verse 37 — Surah Al-Furqan 25:37
၃၇။ ထို့အပြင်တမန်တော်နူဟို၏လူများ၊ သူတို့သည် ငါ၏တမန်တော်များကို မယုံကြည်ပယ်ရှားသောအခါ ငါသည် သူတို့အားလုံးကို ရေတွင် နှစ်မြုပ်သတ်တော်မူ၏၊ သူတို့ပုံစံကို လူသားတို့အဖို့အရာ မဟာသင်ခန်းစာတော်ကြီး အဖြစ်ဖြင့် ပြုထားတော်မူ၏၊ ငါသည် ဒုစရိုက်မှုကျူးလွန်သူတို့အဖို့ အလွန်ပြင်းပြနာကျယ်ဖွယ်ရှိသောအပြစ် ဒဏ်တော်ကို ပြင်ဆင်ထားတော်မူ၏။
Verse 38 — Surah Al-Furqan 25:38
၃၈။ ထို့အပြင်အားဒ်နှင့် ဆမူးဒ်လူမျိုးများ၊ ရတ်(စ်)မြို့သူမြို့သားတို့နှင့်တကွ ထိုလူမျိုးတို့အကြားတွင်ရှိသည့်များစွာ သောအသင်းသားများ။
Verse 39 — Surah Al-Furqan 25:39
၃၉။ ငါအရှင်မြတ်သည် သူတို့တစ်မျိုးစီကို ဥပမာအမျိုးမျိုးဆောင်၍ သတိပေးတော်မူ၏၊ ထို့နောက်ငါသည် သူတို့ တစ်မျိုးစီကို အပျက်ကြီးပျက်စေတော်မူ၏။
Verse 40 — Surah Al-Furqan 25:40
၄ဝ။ ထို့အပြင်သူတို့သည် ကျောက်စရစ်မိုး၊ ကျောက်ခဲမိုးများအလွန်ကြောက်မက်ဖွယ်ရွာသွန်းသော ရှေးမယုံကြည် သူတို့ နေရာအရပ်ရပ်သို့ အထပ်ထပ်အဖန်ဖန်ဖြတ်သန်းသွားလာကြဖူး၏၊ သူတို့သည် ထိုပျက်စီးယိုယွင်းသော နေရာတို့ကို မမြင်ပဲ ရှိနိုင်မည်လား၊ ယင်းသို့မဖြစ်နိုင်ချေ၊ သို့သော်သူတို့သည် ရှင်ပြန်ထမြောက်ရမည်ကို မမျှော်လင့်ကြချေ။
Verse 41 — Surah Al-Furqan 25:41
၄၁။ ထိုသူတို့သည် သင်တမန်တော်ကို တွေ့မြင်သောအခါ သူတို့သည် သင့်အား ပျက်ရယ်စရာအဖြစ်ဖြင့်သာ ဆက်ဆံ၏၊ ဤသူကား အလ္လာဟ်အရှင်မြတ်က တမန်တော်အဖြစ်ဖြင့် စေလွှတ်တော်မူသောလူလားဟု ဆိုကြ၏။
Verse 42 — Surah Al-Furqan 25:42
၄၂။ ငါတို့သည် မိမိတို့ဘုရားများကို သဒ္ဒါစိတ်အားကြီးစွာနှင့် မဆည်းကပ်မကိုးကွယ်ကြခဲ့ပါလျှင် ဤသူသည် ငါတို့အား မိမိတို့ဘုရားများမှ ဝေးစွာဖျားယောင်းယူဆောင်သွားလတ့ံဟု ဆက်လက်၍ ပြောဆိုကြ၏၊ သူတို့သည် အပြစ်ဒဏ်တော်ကို မျက်ဝါးထင်ထင်မြင်ရကြသောအခါ အဘယ်သူသည် တရားလမ်းမှ သာလွန်လွဲချော်သွား သည်ကို သိကြရလတ့ံ။
Verse 43 — Surah Al-Furqan 25:43
၄၃။ မိမိ၏ တပ်မက်ခြင်းအညစ်အကြေးကို သူ၏ဘုရားဟုဆိုသောသူကို သင်မြင်ရပြီလော၊ သင်သည် ထိုသူကို အုပ်ထိန်းသူလုပ်မည်လော။
Verse 44 — Surah Al-Furqan 25:44
၄၄။ သို့မဟုတ်ထိုသူတို့အနက် အများအပြားတို့သည် ကြားနိုင်၊ သို့မဟုတ်နားလည်နိုင်သည်ဟု သင်ထင်မှတ်သလော၊ ယင်းသို့မဟုတ်ချေ၊ သူတို့သည် အခြေလေးချောင်းတိရိစ္ဆာန်များကဲ့သို့ပင်ဖြစ်၏၊ သူတို့သည် တရားလမ်းတော်ကို ဝေးစွာလွှဲသွားကြ၏။
Verse 45 — Surah Al-Furqan 25:45
၄၅။ အို--တမန်တော်၊ သင်၏အရှင်သခင်သည် အရိပ်ကို မည်သို့စီရင်တော်မူသည်ကို သင်စဉ်းစားဆင်ခြင်မမြင် သလော၊ အရှင်မြတ်အလိုတော်ရှိပါလျှင် ထိုအရိပ်ကို မလှုပ်မရှားရပ်တန့်နေစေရန် ပြုစွမ်းနိုင်တော်မူ၏၊ ငါသည် နေကို အရိပ်၏လမ်းပြဖြစ်စေတော်မူ၏။
Verse 46 — Surah Al-Furqan 25:46
၄၆။ ထို့နောက်ငါသည် ၎င်းအရိပ်ကို ငါ့အထံတော်သို့ တဖြည်းဖြည်းဆွဲယူတော်မူ၏။
Verse 47 — Surah Al-Furqan 25:47
၄၇။ အလ္လာဟ်အရှင်မြတ်သည် ညဉ့်ကို သင်တို့အဖို့ ဖုံးအုပ်သောအရာဖြစ်စေတော်မူ၏၊ အိပ်စက်ခြင်းကို သင်တို့ အမောအပန်းဖြေဖို့ရာ စီရင်ထားတော်မူ၏၊ နေ့ကို ရှင်ပြန်ထမြောက်သွားလာဖို့ရာ ပြုထားတော်မူ၏။
Verse 48 — Surah Al-Furqan 25:48
၄၈။ တဖန်အလ္လာဟ်အရှင်မြတ်သည် လေများကို စေလွှတ်တော်မူ၏၊ ထိုလေများသည် အရှင်မြတ်၏ မဟာကရုဏာ တော်ကျရောက်မည့်သတင်းကောင်းကို ယူဆောင်လာသောရှေ့ပြေးများဖြစ်ကြသည်၊ ထို့နောက်အာကာသမှ သန့်ရှင်းစင်ကြယ်သောမိုးကို ရွာသွန်းစေတော်မူ၏။
Verse 49 — Surah Al-Furqan 25:49
၄၉။ ထိုမိုးရေအားဖြင့် ငါသည် သေနေသောမြေအား အသက်ပေးတော်မူ၏၊ ငါသည် ငါဖန်ဆင်းတော်မူသည့်များလှ စွာသောတိရိစ္ဆာန်သတ္တဝါ၊ လူသတ္တဝါတို့သောက်ဖို့ရာ မိုးရေကို ပေးသနားတော်မူ၏။
Verse 50 — Surah Al-Furqan 25:50
၅ဝ။ သူတို့သတိရဖို့ရာ ငါသည် သူတို့အထဲတွင် မိုးကို အဖန်တလဲလဲရွာသွန်းစေတော်မူ၏၊ သို့သော်လူသားတို့အနက် အများအပြားသည် မယုံကြည်မှုမှတပါး အားလုံးကို ငြင်းပယ်ကြ၏။
Verse 51 — Surah Al-Furqan 25:51
၅၁။ ငါသည် အလိုတော်ရှိလျှင် ရွာတိုင်းရွာတိုင်းတွင် သတိပေးစေလွှတ်နိုင်တော်မူ၏။
Verse 52 — Surah Al-Furqan 25:52
၅၂။ ထို့ကြောင့်မိစ္ဆာဒိဋ္ဌိတို့ကို နားမထောင်လင့်၊ သို့သော်သူတို့ကို နိုင်နင်းအောင် ကျမ်းတော်အားဖြင့် ကြီးစွာကြိုးစား လော့။
Verse 53 — Surah Al-Furqan 25:53
၅၃။ တဖန်အလ္လာဟ်အရှင်မြတ်သည် သမုဒ္ဒရာနှစ်စင်းကို ပေါင်းစပ်လျက်ရှိစေသော်လည်း သီးသန့်ထားတော်မူ၏၊ ၎င်းနှစ်စင်းအနက် တစ်စင်းမှာ အရသာရှိ၏၊ ချို၏၊ တစ်စင်းမှာ ခါး၏၊ အရှင်မြတ်သည် ထိုရေနှစ်စင်းကြားတွင် အဆီးအကာတံတိုင်းကြီးတစ်ခုကို ကာဆီးတော်မူ၏။
Verse 54 — Surah Al-Furqan 25:54
၅၄။ တဖန်အရှင်မြတ်သည် လူသားကို ရေမှ ဖန်ဆင်းတော်မူ၏၊ ထို့အပြင်လူသားအား သွေးသားကြောင့် တော်စပ်သူ ဆွေမျိုးများ လက်ထပ်ထိမ်းမြားခြင်းကြောင့် တော်စပ်သူဆွေမျိုးများကို ပေးသနားတော်မူ၏၊ အကြောင်းမူကား သင်၏အသက်သခင်ကျေးဇူးရှင်သည် အနန္တတန်ခိုးတော်အရှင်ဖြစ်တော်မူ၏။
Verse 55 — Surah Al-Furqan 25:55
၅၅။ သို့ပါလျက်သူတို့သည် အလ္လာဟ်အရှင်မြတ်အစား သူတို့ကို အကျိုးအပြစ်မပေးနိုင်သောဘုရားယောင်များကို ခဝပ်ဦးညွတ်ကြ၏၊ မယုံကြည်သူတို့၏ အရှင်သခင်ကို အမြဲဆန့်ကျင်သောသူများဖြစ်ကြ၏။
Verse 56 — Surah Al-Furqan 25:56
၅၆။ အို--တမန်တော်မိုဟမ္မဒ်၊ ငါသည် သင့်အား သတင်းကောင်းဆောင်သူနှင့် သတိပေးသူအဖြစ်ဖြင့်သာ စေလွှတ် တော်မူ၏။
Verse 57 — Surah Al-Furqan 25:57
၅၇။ အို--တမန်တော်၊ သင်ဟောပြောလော့၊ မိမိ၏အရှင်သခင်ထံသို့ သွားရာလမ်းကို ရှာလိုသူသည် ထိုလမ်းရှာခြင်း မှတပါး မည်သည့်တရားဟောကြေးမျှ ငါသည် သင်တို့ထံမှ မတောင်းချေ။
Verse 58 — Surah Al-Furqan 25:58
၅၈။ အို--တမန်တော်၊ သင်သည် သေခြင်းတရားကင်းမဲ့သောအသက်ရှင်နေသောအရှင်မြတ်အား ယုံကြည်ကိုးစား၍ အရှင်မြတ်၏ ကျေးဇူးတော်ကို ရင့်ကျူးလော့၊ အရှင်မြတ်သည် မိမိ၏ကျေးကျွန်တို့၏ အပြစ်အနာများကို သိသူအဖြစ်ဖြင့် လုံလောက်တော်မူ၏။
Verse 59 — Surah Al-Furqan 25:59
၅၉။ အရှင်မြတ်သည် ကမ္ဘာမြေပြင်မိုးကောင်းကင်နှင့် မိုးမြေစပ်ကြားရှိရှိသမျှအပေါင်းကို ခြောက်ရက်မျှနှင့် အပြီးအစီး ဖန်ဆင်းတော်မူ၏၊ ထို့နောက်ရာဇပလ္လင်တော်ကြီးပေါ်သို့ တက်တော်မူ၏၊ မဟာကရုဏာတော်ရှင်ဖြစ်တော်မူ၏၊ သင်တို့သည် အရှင်မြတ်၏အကြောင်းကို သိသူတို့ထံ မေးမြန်းကြလော့။
Verse 60 — Surah Al-Furqan 25:60
၆ဝ။ ထို့အပြင်သူတို့အား မဟာကရုဏာတော်အရှင်အား ခဝပ်ကိုးကွယ်ကြလော့ဟု ဆိုသောအခါ သူတို့က မဟာကရု ဏာတော်အရှင်သည် အဘယ်ဟာနည်း၊ရှင်မိုဟမ္မဒ်၊ သင်က ဝတ်ပြုဦးညွတ်လော့ဟုဆိုသောမည်သည့်အရာမဆို ငါတို့ပျပ်ဝပ်ကြမည်လောဟု တုံ့ပြန်ပြောဆိုကြ၏၊ ယင်းတိုက်တွန်းနှိုးဆော်ခြင်းသည် ထိုသူတို့၌ မုန်းတီးခြင်းကို တိုးပွားစေ၏။
Verse 61 — Surah Al-Furqan 25:61
၆၁။ အထက်ကောင်းကင်ဘုံ၌ ကြယ်နက္ခတ်တာရာစုအရှိန် ထွန်းလင်းတောက်ပသောနေနှင့်လတို့ကို ဖန်ဆင်းထား တော်မူသောအရှင်မြတ်သည် ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူပါ၏။
Verse 62 — Surah Al-Furqan 25:62
၆၂။ ၎င်းအပြင် အကြင်သူသည် သတိရလိုပါ၏၊ သို့မဟုတ်ကျေးဇူးတင်လို၏၊ ထိုသူအတွက် နေ့နှင့်ညကို အလှည့်ကျ အဆက်မပြတ်ဖြစ်ပေါ်လာအောင် ဖန်ဆင်းသောသူသည် အရှင်မြတ်ဖြစ်တော်မူ၏။
Verse 63 — Surah Al-Furqan 25:63
၆၃။ မဟာကရုဏာတော်အရှင်၏ သစ္စာရှိသောကျေးတော်မျိုးကျွန်တော်မျိုးတို့သည် ကမ္ဘာမြေပေါ်တွင် မာန်မာန မရှိပဲ မိမိကိုယ်ကို နှိမ့်ချ၍ အိန္ဒြေရှိရှိသွားလာကြ၏၊ ၎င်းအပြင်ထိုသူတော်ကောင်းတို့သည် ပညာမရှိသူများ နှုတ်ဆက်သောအခါ သင်တို့အပေါ်သို့ အေးချမ်းသာယာခြင်းကျရောက်ပါသော်ဝ်ဟု မေတ္တာစကားကို ဆိုကြ၏။
Verse 64 — Surah Al-Furqan 25:64
၆၄။ ၎င်းအပြင်ထိုသူတို့သည် သူတို့၏ အရှင်သခင်အား ဦးညွတ်ချ၍သော်လည်းကောင်း၊ မတ်တပ်ရပ်၍သော် လည်းကောင်း၊ ဝတ်ပြုလျက် ညဉ့်အချိန်ကို ကုန်လွန်စေကြ၏။
Verse 65 — Surah Al-Furqan 25:65
၆၅။ ၎င်းအပြင်ထိုသူတို့သည် ဤသို့ဆုတောင်းကြ၏၊ အို--အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်၊ အဝီစီငရဲ၏ အပြစ်ဒဏ်ကို အကျွနု်ပ်တို့နှင့်ဝေးကွာအောင် ဖယ်ရှားတော်မူပါ၊ အမှန်မှာ ထိုဒဏ်တော်သည် အလွန်ကြောက် မက်ဖွယ်ပြင်းပြနာကျင်ဖွယ်ကောင်းလှပါ၏။
Verse 66 — Surah Al-Furqan 25:66
၆၆။ အမှန်မှာ ငရဲသည် ဆင်းရဲဒုက္ခကြီးလှသောနေရာဌာနဖြစ်ပါ၏။
Verse 67 — Surah Al-Furqan 25:67
၆၇။ တဖန်ထိုသူတို့သည် သုံးစွဲရာ၌ လက်ဖွာသည်မဟုတ်၊ စေးနဲသည်လည်းမဟုတ်၊ မလွန်မယုတ်၊ အလယ်အလတ် လမ်းကို လိုက်သူများဖြစ်ကြ၏။
Verse 68 — Surah Al-Furqan 25:68
၆၈။ ၎င်းအပြင်ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ မည်သည့်အရာဝထ္ထုကိုမှ ဆည်းကပ်ကိုးကွယ်ကြသည် မဟုတ်၊ သူတို့သည် အရှင်မြတ်ပညတ်တော်မူသည့်အတိုင်း သူ့အသက်ကို တရားသောနည်းနှင့်မှတပါး အခြား နည်းနှင့်မသတ်ကြချေ၊ မတရားကာမမှုကို မပြုကျင့်ကြချေ၊ မည်သူမဆိုအထက်ဖော်ပြပါပြစ်မှုများကို ကျူးလွန် လျှင် ကြီးလေးသောအပြစ်ဒဏ်သင့်၏။
Verse 69 — Surah Al-Furqan 25:69
၆၉။ ယင်းပြစ်မှုကို ကျူးလွန်သူသည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ နှစ်ဆတပိုးကြီးလေးသောအပြစ်ဒဏ် ခံရလတ့ံ၊ ထို့အပြင်သူသည် ငရဲမီးထဲ၌ မိုက်မဲယုတ်ည့ံသောအဖြစ်နှင့် အစဉ်အမြဲခံနေရလတ့ံ။
Verse 70 — Surah Al-Furqan 25:70
၇ဝ။ သို့ရာတွင်သူတို့အနက် မည်သူမဆိုမိမိမှားယွင်းမိသောအပြစ်စုကို နောင်တရ၍ ဝန်ချတောင်းပန်၏၊ ယုံကြည် လျက် ကောင်းမှုကို ပြုကျင့်၏၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏မကောင်းမှုမျာကို ကောင်းမှုများအဖြစ်သို့ ပြောင်းလဲစေတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် အမြဲအပြစ်လွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးတော် မူ၏။
Verse 71 — Surah Al-Furqan 25:71
၇၁။ အကြင်သူသည် မိမိကျူးလွန်မိသောအပြစ်များကို နောင်တရ၍ ဝန်ချတောင်းပန်ပြီးလျှင် ကုသိုလ်ကောင်းမှုကို ပွားများအ့ံ၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ မှန်ကန်သောသတိနောင်တရခြင်း၊ မှန်ကန်သော ယုံကြည်မှုတို့နှင့် လှည့်သူဖြစ်၏။
Verse 72 — Surah Al-Furqan 25:72
၇၂။ ၎င်းအပြင်ထိုသူတို့သည် မုသားသက်သေခံသူများမဟုတ်၊ သို့သော်သူတို့တစ်ရံတစ်ခါအလဇ္ဇီလုပ်၍နေသော အလုပ်ဌာနသို့ ရောက်သွားကြလျှင် သူတော်ကောင်းပီပီစက္ခုန္ဒြေမပျက်၊ အခြားဘက်သို့ လှည့်လျှောက်သွား ကြ၏။
Verse 73 — Surah Al-Furqan 25:73
၇၃။ ၎င်းအပြင် မိမိတို့၏အသက်သခင်ကျေးဇူးရှင် ထုတ်ပြန်ပို့ချပေးသနားတော်မူသောပညတ်တရားတော်များကို သတိရစေသောအခါ သူတို့သည် တရားတော်ကို မကြားသောနားပင်းသူများ၊ မမြင်သောမျက်စိကန်းများ မဟုတ်ချေ။
Verse 74 — Surah Al-Furqan 25:74
၇၄။ ၎င်းအပြင်ထိုသူတို့သည် အို--အကျွနု်ပ်တို့၏ အရှင်သခင်၊ အကျွနု်ပ်တို့အား မိမိတို့မျက်ရှုဖြစ်ကြသောသားမယား တို့ကြောင့် ပျော်ရွှင်ချမ်းမြေ့ခြင်းကို ချပေးသနားတော်မူပါ၊ ဒုစရိုက်မကောင်းမှုများကို တွန်းဖယ်သူတို့၏ စံနမူနာဖြစ်တော်မူပါဟု ငါအရှင်မြတ်ထံဆုတောင်းကြ၏။
Verse 75 — Surah Al-Furqan 25:75
၇၅။ ထိုသူတို့သည် ၎င်းတို့၏ခန္တီပါရမီ၊ သမာဓိဂုဏ်သိက္ခာကြောင့် မြင့်မြတ်သောနိဗ္ဗာန်ဗိမာန်ကို အသနားတော်မြတ် ခံကြရလတ့ံ၊ သူတို့သည် နိဗ္ဗာန်တော်၌ ရွှင်လန်းစွာခရီးဦးကြိုဆိုခြင်းနှင့် အေးချမ်းသာယာခြင်းမင်္ဂလာမေတ္တာပို့သ ခြင်းတို့ကို တွေ့ကြံုကြရလတ့ံ။
Verse 76 — Surah Al-Furqan 25:76
၇၆။ သူတို့သည် နိဗ္ဗာန်ဘုံတော်တွင် ထာဝရအစဉ်အမြဲခံစားကြရလတ့ံ၊ နိဗ္ဗာန်တော်သည် အလွန်ပျော်ရွှင်မွေ့လျော် ဖွယ်ရာနေရာထိုင်ခင်းကြီးဖြစ်၏။
Verse 77 — Surah Al-Furqan 25:77
၇၇။ အို--တမန်တော်မိုဟမ္မဒ်၊ သင်သည် မိစ္ဆာမိုက်တို့အား ဟောကြားလော့၊ ဟယ်-အချင်းတို့၊ ငါ၏အသက်သခင် ကျေးဇူးရှင်သည် သင်တို့၏ဆွလားသ်ဝတ်ပြုခြင်းကြောင့်သာမဟုတ်လျှင် သင်တို့ကို အရေးစိုက်တော်မူမည် မဟုတ်ချေ၊ သို့သော်ယခုသင်တို့သည် သစ္စာတရားတော်ကို ငြင်းဆန်၏၊ ထို့ကြောင့်စစ်ကြောစီရင်အပြစ်ဒဏ် တော်မူခြင်းရှိလတ့ံ။