Verse 1 — Surah An-Naml 27:1
၁။ ထွာ၊ ဆင်၊ ဗျာဒိတ်တော်များသည် ကုရ်အာန်ကျမ်းတော်မြတ်၏ ဂါထာတော်များသော်လည်းကောင်း၊ ကျမ်းတော် မြတ်သည် ပေါ်လွင်ထင်ရှားစေသောကျမ်းဂန်ကြီးသော်လည်းကောင်း၊
Verse 2 — Surah An-Naml 27:2
၂။ ယုံကြည်သူတို့အတွက် လမ်းညွှန်တော်သော်လည်းကောင်း၊ သတင်းကောင်းသော်လည်းကောင်းဖြစ်၏။
Verse 3 — Surah An-Naml 27:3
၃။ ထိုယုံကြည်သူတို့သည် ဆွလားသ်ဝတ်ကို ပြုကြ၏၊ ဇကားသ်အလှုကို ပေးကြ၏၊ နောင်တမလွန်ဘဝကို စွဲလမ်းယုံကြည်ကြသည်။
Verse 4 — Surah An-Naml 27:4
၄။ မှတ်သားကြလော့၊ နောင်ဘဝကို မယုံကြည်သူတို့မှာမူကား သူတို့ပြုကျင့်မှုများကို သူတို့အား ကောင်းနိုးရာရာ ငါထင်စေတော်မူ၏၊ ထို့ကြောင့်သူတို့အားလုံးသည် လမ်းမှားသို့ ရောက်ကြရ၏။
Verse 5 — Surah An-Naml 27:5
၅။ ဤသူများအတွက် အဆုုိးဆုံးသောအပြစ်ဒဏ်ရှိ၏၊ နောင်တမလွန်ဘဝတွင် သူတို့အရှုံးကြီးဆုံးရှုံးကြရသူများ ဖြစ်ကြ၏။
Verse 6 — Surah An-Naml 27:6
၆။ မှတ်သားလော့၊ အို--မိုဟမ္မဒ်၊ သင်သည် ပညာဉာာဏ်ရှိတော်မူသောအရှင်၊ သိတော်မူသောအရှင်၊ အရှင့် အထံတော်မှ ကုရ်အာန်ကျမ်းတော်ကို အမှန်အကန်ရရှိ၏။
Verse 7 — Surah An-Naml 27:7
၇။ မှတ်သားကြလော့၊ တမန်တော်မူစာသည် မိမိအိမ်သူအိမ်သားတို့အား ကြည့်ရှုကြလော့၊ ဟိုအဝေးတွင် ငါသည် မီးကို မြင်ရ၏၊ ထိုမီးရှိရာမှ တစ်စုံတစ်ခုသောသတင်းဖြစ်စေ၊ သို့မဟုတ်သင်တို့မီးလှုံဖို့ရာ မီးကူးယူလာခဲ့မည်ဟု ပြော၏။
Verse 8 — Surah An-Naml 27:8
၈။ သို့သော်ထိုမီးရှို့ရာသို့ ရောက်သွားသောအခါ သူသည် ခေါ်သံကြားရ၏။ ထိုအသံက သူ့အား ဤသို့ပြောပြ၏၊ အို--မူစာ၊ မီးအတွင်း၌ရှိသောသူ၊ မီးပတ်ဝန်းကျင်၌ ရှိသောသူသည် ကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံတော်မူ၏၊ အနန္တစကြာဝဠာများ၏ အရှင်သခင်၊ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းမှ ကင်းသောအနန္တဂုဏ်တော် ရှင်ဖြစ်တော်မူ၏။
Verse 9 — Surah An-Naml 27:9
၉။ အို--မူစာ ကြည့်လော့၊ အနန္တတန်ခိုးတော်ရှင်၊ သဗ္ဗညုတဉာာဏ်တော်သခင်၊ ငါအလ္လာဟ်အရှင်မြတ်သည် သင့်အား ဗျာဒိတ်ပေးနေတော်မူလေ၏။
Verse 10 — Surah An-Naml 27:10
၁ဝ။ သင်၏ လှံတံတောင်ဝှေးကို ပစ်ချလော့၊ ထိုအခါလှံတံသည် မြွေနဂါးကဲ့သို့ တွန့်လိမ်လာသည်ကို မြင်ရသောအခါ တမန်တော်မူစာသည် အတင်းထွက်ပြေး၏၊ ထိုအခါသူ့အား အို--မူစာ၊ ထိတ်လန့်တုန်လှုပ်ခြင်းမရှိလင့်၊ မှတ်သားလော့၊ ငါ၏မျက်မှောက်တွင် တမန်တော်များမကြောက်ရွံ့ရချေဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 11 — Surah An-Naml 27:11
၁၁။ သို့သော်အကြင်သူသည် ပြစ်မှုကျူးလွန်မိ၏၊ ထို့နောက်မိမိမကောင်းမှုအစား ကောင်းမှုကို ပြုကျင့်လျှင် ငါသည် ထိုသူ၏အပြစ်ကို မုချလွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 12 — Surah An-Naml 27:12
၁၂။ အို--မူစာ၊ သင်သည် မိမိလက်ကို မိမိအကျႌရင်ဘတ်အတွင်းသို့ သွင်းလော့၊ သင်၏လက်ကို ပြန်ထုတ်လော့၊ ထိုလက်သည် ဖြူစင်တောက်ပနေလတ့ံ၊ ဤအရာသည် ဖွာရောမင်းနှင့် ၎င်း၏လူများကို ပြသရမည့်အ့ံဖွယ်သူရဲ မျိုးတွင် တစ်မျိုးဖြစ်၏၊ မှတ်သားလော့၊ သူတို့သည် အစဉ်အမြဲမကောင်းမှုကျူးလွန်နေသူတို့ဖြစ်ကြ၏။
Verse 13 — Surah An-Naml 27:13
၁၃။ သို့သော်ငါ၏သာဓကတော်များသည် သူတို့ထံသို့ ဒိဌမျက်မြင်ဆိုက်ရောက်လာသောအခါ သူတို့က ဤအရာသည် ဝိဇ္ဇာအတတ်သာဖြစ်ဟု ဆိုကြ၏။
Verse 14 — Surah An-Naml 27:14
၁၄။ ထို့အပြင်သူတို့သည် မိမိတို့နှလုံးအတွင်းတွင် လက္ခဏာတော်များမှန်ကန်ကြောင်းကို ဝန်ခံသော်လည်း မနာလို ဝန်တိုသော၊ မာနကြီးသောစိတ်ကြောင့် နိမိတ်တော်များကို ငြင်းဆန်နေကြ၏၊ ထို့နောက်ဒုစရိုက်မကောင်းမှု ကျူးလွန်သူများသည် အဘယ်ဘဝသို့ ဆိုက်ရောက်ကြသည်ကို ကြည့်လော့။
Verse 15 — Surah An-Naml 27:15
၁၅။ ငါသည် တမန်တော်ဒါဝတ်(ဒ်)နှင့် တမန်တော်စိုလိုင်မာန်အား အသိဉာာဏ်ပေးသနားတော်မူ၏၊ ထိုအခါသူတို့သည် အကျွန်ုပ်တို့ကို မိမိ၏ယုံကြည်သူကျေးတော်မျိုးကျွန်တော်မျိုးအများအပြားထက် ပိုမိုနှစ်သက်တော်မူထသော အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူပါ၏။
Verse 16 — Surah An-Naml 27:16
၁၆။ တမန်တော်စိုလိုင်မာန်သည် တမန်တော်ဒါဝတ်(ဒ်)၏ အမွေစားအမွေခံဖြစ်၏၊ စိုလိုင်မာန်တမန်တော်ဟောကြား သည်မှာ အို-လူသားအပေါင်းတို့၊ မှတ်သားကြလော့၊ အကျွနု်ပ်တို့အား အတောင်နှစ်ဖက်ရှိ ငှက်တိရိစ္ဆာန်တို့၏ ဘာသာစကားကို သင်ကြားပေးတော်မူပြီ၊ ထို့အပြင်စည်းစိမ်ဥစ္စာအရာခပ်သိမ်းကုန်တို့၌ ပေါများကြွယ်ဝခြင်းကို ပေးသနားတော်မူ၏၊ ဤအချင်းအရာသည် ထင်ရှားသောကောင်းကြီးမင်္ဂလာအမှန်ဖြစ်၏။
Verse 17 — Surah An-Naml 27:17
၁၇။ ထို့အပြင်တမန်တော်စိုလိုင်မာန်ထံသို့ သူ၏ ဂျင်နတ်သားစစ်တပ်ကြီး၊ လူသားစစ်တပ်ကြီး၊ ငှက်တိရိစ္ဆာန် စစ်တပ်ကြီးများကို စုရုံးယူဆောင်စေတော်မူ၏၊ ထိုစစ်သည်တော်တို့သည် တမန်တော်ကို ဝန်းရံ၍ ရာထူးအလိုက် အဆင့်ဆင့်စီတန်းခစားကြကုန်၏။
Verse 18 — Surah An-Naml 27:18
၁၈။ တစ်နေ့သ၌တမန်တော်သည် ပုရွက်ဆိတ်တောသို့ ဆိုက်ရောက်လာသောအခါ ပုရွက်ဆိတ်တစ်ကောင်က မိမိအသင်းသားများကို အို--ပုရွက်ဆိတ်အပေါင်းတို့၊ သင်တို့သည် မိမိတို့နေရာတွင်းသို့ လျင်မြန်စွာဝင်ကြလော့၊ သို့မှသာလျှင်တမန်တော်စိုလိုင်မာန်နှင့် သူ၏ စစ်တပ်တို့သည် သင်တို့ကို မမြင်ပဲ မတော်တဆမှုန့်မှုန့်ညက်ညက် ကြေအောင် နင်းမသွားနိုင်ဖြစ်ချေမည်။
Verse 19 — Surah An-Naml 27:19
၁၉။ ထိုသေးငယ်သော်သတ္တဝါတို့ဆိုစကားကို တမန်တော်သည် ကြားသိ၍ ပြံုးရယ်ပြီးလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့ပန်ထွာ၏၊ အို--အကျွနု်ပ်၏အရှင်သခင်၊ အကျွနု်ပ်နှင့် အကျွနု်ပ်၏ မိဘနှစ်ပါးတို့အား ပေးသနားတော်မူသောကျေးဇူးတော်အား ချီးကျူးတတ်သည့်စိတ်ကို အကျွနု်ပ်အား ပေးသနားတော်မူပါအရှင်၊ နှစ်သက်တော်မူသောအရာတို့ကိုသာလျှင် ပြုလုပ်စေတော်မူပါ၊ အကျွနု်ပ်အား အရှင်၏အကျင့်သီလကောင်းမြတ် ဖြူစင်သောကျေးတော်မျိုးကျွန်တော်မျိုးတို့ဘောင်တွင် အပါအဝင်ဖြစ်စေတော်မူပါ။
Verse 20 — Surah An-Naml 27:20
၂ဝ။ သူသည် ငှက်တိရိစ္ဆာန်တို့ကို စစ်ဆေးကြည့်ရှု၍ ဤသို့မိန့်တော်မူ၏၊ အကျွနု်ပ်သည် ဘီတောင်ပိုငှက်ကို မမြင်ရသည်မှာ အဘယ်ကြောင့်နည်း၊ သူသည် အစည်းအဝေးမတက်သူတို့ဘောင်တွင် အပါအဝင်ဖြစ်သလော။
Verse 21 — Surah An-Naml 27:21
၂၁။ အကျွနု်ပ်သည် မုချအမှန်သူ့အား ကြီးမားသောအပြစ်ဒဏ်နှင့် အပြစ်ပေးတော်မူမည်၊ သို့မဟုတ်အကျွနု်ပ်သည် သူ့အား အမှန်ပင်သတ်ပစ်မည်၊ သို့မဟုတ်သူသည် အကျွနု်ပ်အား အကြောင်းလုံလောက်သောအကြောင်းပြချက် ကို အမှန်တင်ပြရမည်။
Verse 22 — Surah An-Naml 27:22
၂၂။ သို့သော်ကာလမကြာမြင့်မီ ထိုငှက်ရောက်လာ၍ ဤသို့လျှောက်၏၊ အို-တမန်တော်သခင်၊ သခင်မသိသော အကြောင်းအရာတစ်ခုကို အကျွနု်ပ်တွေ့ခဲ့ပါသည်၊ အကျွနု်ပ်သည် ရှီဗာနိုင်ငံမှ မှန်ကန်သောသတင်းကို ယူဆောင် လာပါ၏။
Verse 23 — Surah An-Naml 27:23
၂၃။ အကျွနု်ပ်သည် မိန်းမတစ်ယောက်အား ထိုနိုင်ငံကို အုပ်စိုး၍ တွေ့ပါ၏၊ သူမသည် စည်းစိမ်ချမ်းသာအလွန် ပေါများကြွယ်ဝပါ၏၊ သူမ၏ရာဇပလ္လင်တော်သည် အလွန်ကြီးကျယ်မြင့်မြတ်ပါ၏။
Verse 24 — Surah An-Naml 27:24
၂၄။ အကျွနု်ပ်သည် ဘုရင်မနှင့်တကွ ဘုရင်မ၏ လူတို့သည် အလ္လာဟ်အရှင်မြတ်ကို မကိုးကွယ်ပဲ နေကို ကိုးကွယ် နေသည်ကို တွေ့ရပါ၏၊ ထို့အပြင်ရှိုင်တန်မာရ်နတ်သည် သူတို့အား သူတို့၏ပြုကျင့်မှုများကို ကောင်းသည်ဟု ထင်မှတ်စေပါ၏၊ သစ္စာလမ်းတော်ကို သွေဖီသွားစေပါ၏၊ ထို့ကြောင့်သူတို့သည် လမ်းမှန်ကို မလျှောက်ကြပါ။
Verse 25 — Surah An-Naml 27:25
၂၅။ ထို့ကြောင့်သူတို့သည် အလ္လာဟ်အရှုင်မြတ်အား မကိုးကွယ်ကြပါ၊ အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာ မြေပေါ်ဖုံးကွယ်ထားသောအရာများကို ဆွဲထုတ်ဖော်ပြတော်မူပါ၏၊ သင်တို့ဝှက်ထားသောအရာ၊ ဖော်ပြသော အရာအားလုံးကို သိတော်မူ၏။
Verse 26 — Surah An-Naml 27:26
၂၆။ အလ္လာဟ်အရှင်မြတ်၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်သည် အလွန်ကြီးကျယ် မြင့်မြတ်သောရာဇပလ္လင်တော်ကြီးကို စိုးပိုင်တော်မူပါ၏။
Verse 27 — Surah An-Naml 27:27
၂၇။ ထိုအခါတမန်တော်စိုလိုင်မာန်က သင်သည် အကျွနု်ပ်အား အမှန်စကားကို တင်လျှောက်သည်၊ သို့မဟုတ် မုသားစကားကို တင်လျှောက်သည်ကို သိကြရလတ့ံ။
Verse 28 — Surah An-Naml 27:28
၂၈။ သင်သည် အကျွနု်ပ်၏ သဝဏ်လွှာကို ရှီဗာပြည်သို့ ယူသွားပြီးလျှင် သူတို့အတွင်းသို့ ပစ်ချလော့၊ ထို့နောက် လှည့်လာပြီးလျှင် သူတို့မည်သည့်အဖြေကို ပေးသည်ကို ကြည့်ရှုလော့ဟု မိန့်တော်မူ၏။
Verse 29 — Surah An-Naml 27:29
၂၉။ ရှီဗာပြည့်ရှင်ဘုရင်မက အို-မှုးမတ်တို့၊ အကျွနု်ပ်၏ သလွန်ထက်သို့ တန်ခိုးအာနုဘော်နှင့်ပြည့်စုံသောအမိန့်စာချွန် တော်တစ်စောင်ကို ပစ်ချ၏။
Verse 30 — Surah An-Naml 27:30
၃ဝ။ မှတ်သားကြလော့၊ ထိုစာချွန်မှာ စိုလိုင်မာန်ဘုရင်ထံမှ ဖြစ်သည်၊ ထိုစာချွန်အဆိုမှာ မဟာကရုဏာတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်အားဖြင့် အစပြုပါအ့ံ။
Verse 31 — Surah An-Naml 27:31
၃၁။ အို-ရှီဗာပြည်ကြီးရှင်မ၊ သင်တို့သည် အကျွနု်ပ်အပေါ်သို့ မာနမကြီးကြလင့်၊ ဂုဏ်မမောက်ကြလင့်၊ သို့သော် အကျွနု်ပ်ထံသို့ ကျိုးနွံနာခံသူအဖြစ်ဖြင့် လာကြလော့။
Verse 32 — Surah An-Naml 27:32
၃၂။ ရှင်ဘုရင်မက အို-အမတ်မင်းတို့၊ သင်တို့သည် အကျွနု်ပ်အား ဤအရေးအရာတွင် အကြံဉာာဏ်ပေးကြလော့၊ သင်တို့သည် အကျွနု်ပ်နှင့်အတူတကွမရှိပဲ မည်သည့်ကိစ္စကိုမျှ အကျွနု်ပ်သည် မဆုံးဖြတ်ဖူးချေဟု မိန့်တော်မူ၏။
Verse 33 — Surah An-Naml 27:33
၃၃။ မှုးမတ်တို့က အကျွနု်ပ်တို့သည် စစ်မက်အင်အားကြီးမား၍ တန်ခိုးအာဏာခွန်အားဗလနှင့် ပြည့်စုံကြပါ၏၊ သို့သော်သခင်မသာ အမိန့်ပေးတော်မူရပါမည်၊ ထို့ကြောင့်သခင်မသည် မည်သည့်အမိန့်ပေးမည်ကို ဆင်ခြင်တော် မူပါဟု ပြန်လျှောက်၏။
Verse 34 — Surah An-Naml 27:34
၃၄။ ထိုအခါဘုရင်မက မှတ်သားလော့၊ ပြည့်ရှင်ဘုရင်မင်းတို့မည်သည် သူတစ်ပါးတိုင်းပြည်တွင်းသို့ ဝင်ရောက်သော အခါ ၎င်းပြည်ကို ဖျက်ဆီးကြ၏၊ ထိုပြည်သူပြည်သားတို့ကို အရှက်တကွဲဖြစ်စေကြ၏၊ ဤကဲ့သို့ရှင်ဘုရင်တို့ ပြုလုပ်ကြမည်သာတည်း။
Verse 35 — Surah An-Naml 27:35
၃၅။ သို့သော်မှတ်သားကြလော့၊ အကျွန်ုပ်သည် သူတို့ထံသို့ လက်ဆောင်ပဏ္ဍာဆက်သစေတော်မူမည်၊ အကျွနု်ပ်၏ သံတမန်များသည် အဘယ်စကားလက်ဆောင်နှင့် ပြန်လာသည်ကို စောင့်ကြည့်ကြစို့ဟု မိန့်တော်မူ၏။
Verse 36 — Surah An-Naml 27:36
၃၆။ ထို့ကြောင့်ဘုရင်မ၏ သံတမန်များသည် စိုလိုင်မာန်ထံသို့ ရောက်သောအခါ ပြည့်ရှင်ဘုရင်က အို--အမတ်တို့၊ သင်တို့သည် အကျွန်ုပ်အား ဥစ္စာပစ္စည်းနှင့်ထောက်ပ့ံမည်ကြံကြသလော၊ သို့သော်အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်အား ပေးသနားတော်မူသောအရာတို့သည် သင်တို့အား အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသော အရာများထက် သာလွန်ကောင်းမြတ်ချေ၏၊ သို့သော်အကျွန်ုပ်မဟုတ်ပဲ သင်တို့သာလျှင် မိမိတို့၏လက်ဆောင် ပစ္စည်းကို အထင်ကြီးကြ၏။
Verse 37 — Surah An-Naml 27:37
၃၇။ အို-သံအမတ်တို့၊ သင်တို့သည် မိမိတို့တိုင်းပြည်သို့ ပြန်ကြလော့၊ အကယ်စင်စစ်အကျွနု်ပ်တို့သည် သင်တို့ပြည်သူ ပြည်သားထံသို့ သူတို့မခုခံနိုင်သောစစ်တပ်ကြီးများနှင့်ချီတက်လာမည်၏၊ အကျွနု်ပ်တို့သည် သူတို့အား ထိုပြည်မှ အရှက်တကွဲနှင့်နှင်ထုတ်တော်မူမည်၊ သူတို့သည် ဂုဏ်သိမ်ပြတ်ကင်း ဆင်းရဲကြီးစွာဖြစ်ရလိမ့်မည်ဟု မိန့်တော် မူလိုက်၏။
Verse 38 — Surah An-Naml 27:38
၃၈။ ထို့အပြင်စိုလိုင်မာန်က အမတ်ကြီးတို့၊ ထိုရှင်ဘုရင်မသည် အကျွနု်ပ်ထံ ကျိုးနွံစွာချဉ်းကပ်မလာမီ သူမ၏ ရာဇပလ္လင်ကို အကျွန်ုပ်ထံသို့ သင်တို့အနက် အဘယ်သူယူဆောင်လာမည်နည်းဟု မေးတော်မူ၏။
Verse 39 — Surah An-Naml 27:39
၃၉။ ထိုအခါဂျင်နတ်သားများအနက် သတ္တိကောင်းတစ်ဦးက အို-ပြည့်ရှင်မင်းကြီး၊ ကိုယ်တော်သည် မိမိနေရာမှ ထတော်မမူနိုင်မီ အကျွနု်ပ်သည် ထိုပလ္လင်ကို ကိုယ်တော့်ထံသို့ ယူဆောင်လာပါမည်၊ အကျွနု်ပ်သည် အမှန် ခွန်အားဗလကောင်း၍ ထိုအလုပ်ကို ဆောင်ရွက်ဖို့ရာ ယုံကြည်လောက်သူဖြစ်ပါ၏ဟု လျှောက်၏။
Verse 40 — Surah An-Naml 27:40
၄ဝ။ အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်၌ တတ်ကျွမ်းလိမ္မာသူတစ်ယောက်က အို-တရားမင်းမြတ်၊ ထိုပလ္လင်ကို မျက်စိတမှိတ်လျှပ်တစ်ပြက်မျှနှင့် အထံတော်သို့ ရောက်အောင် အကျွနု်ပ်ယူဆောင်ဆက်သပါမည်ဟု တင် လျှောက်၏၊ ထို့နောက်ရာဇပလ္လင်တော်ကို မိမိရှေ့တော်တွင် ချထားသည်ကို မြင်ရသောအခါ ဤအရာသည် ငါ၏အရှင်သခင်၏ ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ ယင်းသို့သနားတော်မူခြင်းမှာ အကျွနု်ပ်သည် ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်း၊မချီးမွမ်းကို စုံစမ်းဖို့ရဖြစ်သည်၊ အကြင်သူသည် ဂုဏ်ကျေးဇူးတော်ကို ချီးကျူးအ့ံ၊ ထိုသူသည် မိမိအကျိုးရစေဖို့ရာ ချီးကျူးသည်မည်၏၊ အကြင်သူသည် ကျေးဇူးကန်းအ့ံ၊ ထိုုသူသည် မိမိအပြစ်ရစေဖို့ရာ ကျေးဇူးကန်းသည်မည်၏၊ အကြောင်းမူကားအကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူပါ၏၊ အနန္တကောင်းကြီးမင်္ဂလာသခင်မုချအမှန်ဖြစ်တော်မူပါ၏ဟု ဆို၏။
Verse 41 — Surah An-Naml 27:41
၄၁။ တဖန်စိုလိုင်မာန်တမန်တော်က အို-အမတ်တို့၊ ဘုရင်မသည် လမ်းမှန်ရသူ(သို့မဟုတ်) မရသူဖြစ်သောကြောင့် အကျွနု်ပ်တို့သိစိမ့်သောငှာ သူမ၏ရာဇပလ္လင်ကို တနည်းတဖုံပြောင်းလဲထားကြလော့။
Verse 42 — Surah An-Naml 27:42
၄၂။ ထို့နောက်ဘုရင်မကြွလာသောအခါ သူမအား ဤရာဇပလ္လင်သည် သင်၏ရာဇပလ္လင်လောဟု မေး၏၊ ဘုရင်မက ဤရာဇပလ္လင်သည် အစစ်ကဲ့သို့ဖြစ်၏ဟု ပြန်ပြော၏၊ ထိုအခါတမန်တော်စိုလိုင်မာန်က တရားအလင်းရောင်တော် ကို ဤဘုရင်မအား မသနားမီ အကျွနု်ပ်တို့အား သနားတော်မူ၍ အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံယုံကြည်သူများဖြစ်ကြပြီ။
Verse 43 — Surah An-Naml 27:43
၄၃။ ထို့အပြင်အလ္လာဟ်အရှင်မြတ်အစား ဤဘုရင်မခဝပ်ကိုးကွယ်လေ့ရှိသောဘုရားတုများသည် သူမအား လမ်းမှန်မှ ဆီးတားထား၏၊ အကြောင်းမူကားဘုရင်မသည် မိစ္ဆာဒိဋ္ဌိတို့ဘောင်မှ ဖြစ်၏ဟု မိန့်တော်မူ၏။
Verse 44 — Surah An-Naml 27:44
၄၄။ ဘုရင်မအား အဆောင်တော်သို့ ဝင်ရန်ညွှန်၏၊ အဆောင်တော်သို့ ဝင်သောအခါ သူမသည် အဆောင်တော်ကို ရေအိုင်ဟုထင်မှတ်သဖြင့် မိမိ၏ဝတ်လုံတော်ကို ခြေသလုံးအထက်သို့ ပင့်သောကြောင့် ခြေသလုံးသားဖွေးဖွေး ပေါ်လေ၏၊ ထိုအခါစိုလိုင်မာန်က မှတ်သားလော့၊ ဤအရာသည် ကြည်လင်သောဖန်မှန်တို့ကို ခင်ထားသော အဆောင်ဘုံနန်းကြီးတစ်ခုပင်တည်းဟု ဆို၏၊ ထိုအခါဘုရင်မသည် အလ္လာဟ်အရှင်မြတ်အား အို-အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်သည် မိမိကိုယ်ကို မိမိပြစ်မှားမိခဲ့ပါပြီ၊ အကျွနု်ပ်သည် တမန်တော်စိုလိုင်မာန်နှင့်အတူတကွ အနန္တစကြာဝဠာများသခင်၊ အလ္လာဟ်အရှင်မြတ်အား ကျိုးနွံနာခံပါ၏ဟု တင်လျှောက်၏။
Verse 45 — Surah An-Naml 27:45
၄၅။ ထို့အပြင်အရှင်မြတ်သည် စမုဒ်လူမျိုးတို့ထံ သူတို့၏အမျိုးသားချင်းတမန်တော်ဆွာလေ(ဟ်)ကို တမန်တော်အရာ၌ မုချဧကန်ခန့်ထားစေလွှတ်တော်မူ၏၊ တမန်တော်က ၎င်းတို့အား ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြလော့ဟု ဟောကြား၏၊ မှတ်သားကြလော့၊ ထိုအခါစမုဒ်အမျိုးသားတို့သည် နှစ်သင်းကွဲပြီးလျှင် ခိုက်ရန်ဒေါသပွားများကြ၏။
Verse 46 — Surah An-Naml 27:46
၄၆။ တမန်တော်က ဟယ်-အချင်းတို့၊ သင်တို့သည် ကုသိုလ်ကောင်းမှုထက် အကုသိုလ်မကောင်းမှုကို အရေးတကြီး အဘယ်ကြောင့် ကြိုးပမ်းကြသနည်း၊ သင်တို့သည် ကောင်းကြီးမင်္ဂလာရရှိစေခြင်းငှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ အဘယ်ကြောင့်ဆုမတောင်းကြသနည်းဟု မေး၏။
Verse 47 — Surah An-Naml 27:47
၄၇။ သူတို့က ဟယ်-ဆွာလေဟ်၊ အကျွန်ုပ်တို့သည် သင်နှင့်သင့်အပေါင်းအဖော်တို့ကြောင့် နိမိတ်ဆိုးကို မြင်ကြ၏ဟု ဆိုကြ၏၊ တမန်တော်က ဟယ်-သူမိုက်တို့၊ သင်တို့၏နိမိတ်ဆိုးသည် အလ္လာဟ်အရှင်မြတ်နှင့်ရှိ၏၊ သို့သော် သင်တို့သည် စမ်းသပ်ခြင်းခံနေရသူတို့အမှန်ဖြစ်ကြ၏။
Verse 48 — Surah An-Naml 27:48
၄၈။ ထို့အပြင်သူတို့၏နေရာမြို့တော်၌ လူကိုးယောက်ရှိ၏၊ သူတို့သည် မြေပေါ်၌ တရားလက်လွတ်မှုကို ပွားများစေ၍ မိမိကိုယ်ကို မပြုပြင်ကြချေ။
Verse 49 — Surah An-Naml 27:49
၄၉။ သူတို့က ဟယ်-အချင်းတို့၊ အကျွနု်ပ်တို့သည် ဆွာလေ(ဟ်)နှင့် သူ၏အိမ်သူအိမ်သားတို့ကို ညဉ့်တွင် အမှန် တိုက်ခိုက်သတ်ဖြတ်ပြီးနောက် သူ၏မိတ်ဆွေတို့အား သူတို့အား သတ်ဖြတ်ဖျက်ဆီးနေသည်ကို အကျွနု်ပ်တို့သည် မမြင်ကြချေ၊ မှတ်သားကြလော့၊ အကျွနု်ပ်တို့သည် မှန်ကန်သောစကားကို ဆိုသူများအမှန်ဖြစ်ကြ၏ဟု အကျွနု်ပ် တို့သည် အလ္လာဟ်အား တိုင်တည်၍ အချင်းချင်းသစ္စာဆိုကြအ့ံဟု ပြောကြ၏။
Verse 50 — Surah An-Naml 27:50
၅ဝ။ သူတို့သည် အကြံတစ်ခုကို ကြံဖန်ကြ၏၊ ငါလည်း အကြံထုတ်တော်မူ၏၊ သို့သော်သူတို့သည် မသိမမြင်ကြချေ။
Verse 51 — Surah An-Naml 27:51
၅၁။ ထို့နောက်သူတို့အကြံအစည်၏ အကျိုးဆက်ကို ကြည့်လော့၊ ငါသည် သူတို့နှင့်သူတို့လူစုအားလုံးကို တစ်ယောက် မကျန်ဖျက်ဆီးတော်မူ၏။
Verse 52 — Surah An-Naml 27:52
၅၂။ ကြည့်ရှုကြလော့၊ ထိုမှာ သူတို့၏အိုးအိမ်တိုက်တာများဟာလာဟင်းလင်းပျက်စီးယိုယွင်းလျက်ရှိ၏၊ အကြောင်း မူကား သူတို့သည် မကောင်းမှုကို ပြုကြသောကြောင့်တည်း၊ မှတ်သားကြလော့၊ ဤအဖြစ်အပျက်တွင် အသိအလိမ္မာရှိသူတို့အဖို့အရာ လက္ခဏာထူးတစ်ပါးပါရှိ၏။
Verse 53 — Surah An-Naml 27:53
၅၃။ ထို့အပြင်ငါသည် ယုံကြည်၍ အကုသိုလ်ကောင်းမှုကို ရှောင်ရှားသူတို့ကို ကယ်နှုတ်တော်မူမည်။
Verse 54 — Surah An-Naml 27:54
၅၄။ တဖန်တမန်တော်လွဒ်၊ သူသည် မိမိအမျိုးသားတို့အား သင်တို့သည် စက်ဆုတ်ရွံရှာဖွယ်သောဒုစရိုက်အမှုအခင်း ကို သိလျက်နှင့် ကျူးလွန်ကြမည်လောဟု ဟောကြား၏။
Verse 55 — Surah An-Naml 27:55
၅၅။ သင်တို့သည် မိန်းမများနှင့် ကာမမစပ်ယှက်ပဲ ယောက်ျားများကိုသာ လိုလားကြသလော၊ သို့သော်သင်တို့သည် အစဉ်းစားဉာာဏ်မဲ့သူများအမှန်ဖြစ်ကြ၏ဟုလည်း ဟော၏။
Verse 56 — Surah An-Naml 27:56
၅၆။ သို့သော်သူ၏လူများက ဘာမျှပြန်မပြောပဲ သူတို့အချင်းချင်း ဟယ်-အချင်းတို့၊ လွဒ်၏အိမ်အိမ်သားတို့သည် သန့်ရှင်းလိုကြ၏၊ ထို့ကြောင့်ထိုသူတို့ကို သင်တို့နယ်ပယ်မှ နှင်ထုတ်ကြလော့ဟု ပြောကြ၏။
Verse 57 — Surah An-Naml 27:57
၅၇။ ထိုအခါငါသည် သူ၏မိန်းမမှတပါး သူနှင့်တကွ သူ့အိမ်သူအိမ်သားတို့ကို ကယ်နှုတ်တော်မူ၏၊ ငါသည် ထိုမိန်းမ ကို ကျန်ရစ်သူတို့ထဲတွင် ပါဝင်စေတော်မူ၏။
Verse 58 — Surah An-Naml 27:58
၅၈။ ထို့နောက်ငါသည် ထိုကျန်ရစ်သူတို့အပေါ်သို့ မိုးရွာသွန်းစေတော်မူ၏၊ သတိပေးခံရသူတို့၏ မိုးသည် အလွန် ကြောက်ရွ့ံဖွယ်ကောင်း၏။
Verse 59 — Surah An-Naml 27:59
၅၉။ အို-မိုဟမ္မဒ်၊ ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူပါ၏၊ အရှင်မြတ် ရွေးကောက်တော်မူခြင်းခံရသောအရှင်မြတ်၏ ကျေးတော်မျိုးကျွန်တော်မျိုးတို့အပေါ်သို့ အေးချမ်းသာယာခြင်း သက်ရောက်ပါစေသောဝ်၊ အလ္လာဟ်အရှင်မြတ်သည် အမြတ်ဆုံးလော၊ သို့မဟုတ်သင်တို့အရှင်မြတ်နှင့်တွဲဖက် သောဘုရားပျက်များအမြတ်ဆုံးလော။
Verse 60 — Surah An-Naml 27:60
၆ဝ။ မိုးမြေကို ဖန်ဆင်းတော်မူသောမိုးကောင်းကင်မှ မိုးရေချပေးသနားတော်မူသောအရှင်မြတ်သည် အမြတ်ဆုံး မဟုတ်လော၊ ထိုမိုးရေအားဖြင့် ငါသည် လှပတင့်တယ်ပျော်ရွှင်ဖွယ်သောဥယျာဉ်ပန်းမန်တို့ကို ပေါက်ရောက် စေတော်မူ၏၊ သင်တို့သည် ထိုဥယျာဉ်များရှိ အသီးသီးသောအပင်တို့ကို ပေါက်ရောက်စေနိုင်ကြသည်မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိတော်မူသလော၊ မရှိချေ၊ သို့သော်ထိုသူတို့သည် ဘုရားတုများကို အလ္လာဟ်အရှင်မြတ်နှင့် တန်းတူထားသူတို့ဖြစ်ကြ၏။
Verse 61 — Surah An-Naml 27:61
၆၁။ မဟာပထဝီမြေကြီးကို လူသားတို့နေထိုင်ဖို့ရာ မြဲမြံခိုင်ခန့်စွာတည်နေစေတော်မူသောအရှင်၊ မြစ်ချောင်းအင်းအိုင် အသွယ်သွယ်၊ တောင်ကြီးတောင်ငယ်အသီးသီးတို့ကို ဖန်ဆင်းထားတော်မူသောအရှင်၊ ပင်လယ်နှစ်ခုတို့၏ အလယ်ကြား၌ အဆီးအကာကို စီရင်ထားတော်မူသောအရှင်၊ ထိုအရှင်သည် အမြတ်ဆုံးမဟုတ်ချေလော၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိတော်မူသလော၊ မရှိချေ၊ သို့သော်သူတို့အနက် အများအပြားတို့သည် မသိကြချေ။
Verse 62 — Surah An-Naml 27:62
၆၂။ ညှင်းပန်းနှိပ်စက်၊ မတရားမှုကို ခံရသူဆုပန်သောအခါ ကြားတော်မူ၍ ထိုမတရားမှုကို ဖယ်ရှားပစ်တော်မူသော အရှင်၊ သင်လူသားတို့အား ကမ္ဘာမြေကြီးကို စိုးမိုးအုပ်ချုပ်ဖို့ရာ အရှင်မြတ်၏ ကိုယ်စားလှယ်တော်အဖြစ်ဖြင့် ချီးမြှောက်တော်မူသောအလ္လာဟ်အရှင်မြတ်သည် အမြတ်ဆုံးမဟုတ်ချေလော၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိသလော၊ သူတို့သည် အနည်းငယ်မျှဆင်ခြင်စဉ်းစားသူများမဟုတ်ချေ။
Verse 63 — Surah An-Naml 27:63
၆၃။ သင်တို့အား ကမ္ဘာမြေပြင်မိုးကောင်းကင်တို့၏ အမှောင်ထုအတွင်းတွင် လမ်းပြသတော်မူထသောအရှင်၊ လေများ ကို အရှင်မြတ်၏ကောင်းကြီးမင်္ဂလာတော်ရှေ့ပြေးအဖြစ်ဖြင့် တိုက်ခတ်စေတော်မူထသောအရှင်၊ ကျေးဇူးတော် သခင်သည် အမြတ်ဆုံးမဟုတ်ချေလော၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိသလော၊ အလ္လာဟ် အရှင်မြတ်သည် မိစ္ဆာမိုက်တို့တွဖက်စပ်ထားသောဘုရားတုဘုရားယောင်များထက် သာလွန်မြင့်မြတ်တော်မူ၏။
Verse 64 — Surah An-Naml 27:64
၆၄။ ဖန်ဆင်းခြင်းကို ဖြစ်စေတော်မူသောအရှင်၊ ထို့နောက်တဖန်ဖြစ်စေတော်မူသောအရှင်၊ သင်တို့အား မိုးမြေမှ အစားအစာပေးသနားတော်မူသောအရှင်၊ အလ္လာဟ်အရှင်မြတ်သည် အမြတ်ဆုံးမဟုတ်ချေလော၊ အလ္လာဟ် အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိသလော၊ တင်ပြလော့။
Verse 65 — Surah An-Naml 27:65
၆၅။ အို-မိုဟမဒ်၊ သင်ဟောကြားလော့၊ အလ္လာဟ်အရှင်မြတ်မှတပါး မိုးမြေတွင် ရှိရှိသမျှတို့သည် မမြင်နိုင်စွမ်းသော အရာတို့ကို မသိကြချေ၊ ထို့အပြင်၎င်းတို့သည် မိမိတို့အား ဘယ်သောအခါတွင် ရှင်ပြန်ထမြောက်စေတော်မူ သည်ကိုလည်း မသိကြချေ။
Verse 66 — Surah An-Naml 27:66
၆၆။ အမှန်မသိကြချေ၊ သူတို့၏အသိဉာာဏ်သသည် နောင်တမလွန်ဘဝကို ထိုးဖောက်စူးရှသလော၊ ထိုသို့မစူးရှချေ၊ အကြောင်းမူကား သူတို့သည် နောင်ဘဝကို ယုံမှားသံသယရှိနေကြသောကြောင်ဖြစ်၏၊ တဖန်ထိုသို့မပြုနိုင်ချေ၊ အကြောင်းမူကား သူတို့သည် နောင်တမလွန်ဘဝကို မမြင်စွမ်းနိုင်သောကြောင့်ဖြစ်၏။
Verse 67 — Surah An-Naml 27:67
၆၇။ သို့ပါလျက်မယုံကြည်သူတို့သည် ဤသို့ဆိုကြ၏၊ အကျွနု်ပ်တို့သည် မိမိတို့၏မိဘဘိုးဘွားကဲ့သို့ မြေမှုန့်အတိ ဖြစ်ပြီးမှ ရှင်ပြန်ထမြောက်ရဦးမည်လော။
Verse 68 — Surah An-Naml 27:68
၆၈။ ထိုသို့ရှင်ပြန်ထမြောက်ရမည်ဟု အကျွန်ုပ်တို့အား ကတိပေး၏၊ အကျွနု်ပ်တို့၏ မိဘဘိုးဘွားကိုလည်း ကတိ ပေးလေ၏၊ ဤဟောကြားချက်များသည် ရှေးလူဟောင်းတို့တီထွင်လိုက်သောဒဏ္ဍာရီဝထ္ထုမှတပါး အခြားတစ်စုံ တစ်ရာမျှမဖြစ်ချေ။
Verse 69 — Surah An-Naml 27:69
၆၉။ အို-မိုဟမ္မဒ်၊ သင်သည် သူတို့အား ဟောကြားလော့၊ ဟယ်-အချင်းတို့၊ ကမ္ဘာမြေပြင်ဝယ် လှည့်ပတ်သွားလာ၍ အပြစ်ကျူးလွန်သူအပေါင်းတို့သည် အဘယ်အဖြစ်သို့ ရောက်ကြသည်လေသည်ကို ကြည့်ရှုလော့။
Verse 70 — Surah An-Naml 27:70
၇ဝ။ အို-တမန်တော်၊ သင်သည် သူတို့အတွက် စိတ်မပူလင့်၊ သို့မဟုတ် သူတို့သည် သင်ပျက်စီးရာပျက်စီးကြောင်း ကို ကြံစည်သောကြောင့် စိတ်ဒုက္ခမရောက်လင့်။
Verse 71 — Surah An-Naml 27:71
၇၁။ တဖန်ထိုသူတို့က သင်တို့အမှန်ကို ဟောကြားလျှင် ဤကတိသည် မည်သည့်အခါ၌ အကောင်အထည်ပေါ် မည်နည်းဟု မေးကြ၏။
Verse 72 — Surah An-Naml 27:72
၇၂။ အို-တမန်တော်၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့မြန်မြန်ဖြစ်စေလိုသောအရာ၏ တစ်စိတ် တစ်ဒေသသည် သင်တို့နှင့်အလွန်နီးကပ်ကောင်းနီးကပ်နေချေမည်။
Verse 73 — Surah An-Naml 27:73
၇၃။ မှတ်သားကြလော့၊ သင်၏အသက်သခင်ကျေးဇူးရှင်သည် လူသားအပေါင်းတို့ကို အတိုင်းမသိပေးကမ်းစွန့်ကြဲ တော်မူ၏၊ သို့သော်လူသားများအနက် များစွာသောသူတို့သည် ကျေးဇူးမတင်ကြချေ။
Verse 74 — Surah An-Naml 27:74
၇၄။ မှတ်သားကြလော့၊ သင်တို့၏အသက်သခင်ကျေးဇူးရှင်သည် လူသားအပေါင်းတို့ကို အတိုင်းမသိပေးကမ်းစွန့် ကြဲတော်မူ၏၊ သို့သော်လူသားများအနက် များလှစွာသောသူတို့သည် ကျေးဇူးမတင်ကြချေ။
Verse 75 — Surah An-Naml 27:75
၇၅။ အလွန်ရှင်းလင်းထင်ရှားသောမှတ်ပုံတင်စာရင်းစာအုပ်ကြီးတွင် မပါဝင်ပဲ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ် ဖုံးအုပ်ထားသောအရာတစ်စုံတစ်ရာမျှမရှိချေ။
Verse 76 — Surah An-Naml 27:76
၇၆။ မှတ်သားကြလော့၊ ဤကျမ်းမြတ်ကုရ်အာန်သည် အစ္စရာအီလ်အမျိုးသားတို့အား မိမိတို့အချင်းချင်းကွဲပြား နေသောပြဿနာအရပ်ရပ်ကို တင်ပြ၏။
Verse 77 — Surah An-Naml 27:77
၇၇။ ထို့အပြင်ကျမ်းတော်သည် ယုံကြည်သူတို့အဖို့ရာ လမ်းညွှန်တော်နှင့်ကောင်းကြီးမင်္ဂလာတော်အမှန်ဖြစ်၏။
Verse 78 — Surah An-Naml 27:78
၇၈။ သင်၏အရှင်သခင်သည် သူတို့၏အလယ်ကြားတွင် သဗ္ဗညုတဉာာဏ်တော်အားဖြင့် စီရင်ဆုံးဖြတ်တော်မူလိမ့်မည်၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 79 — Surah An-Naml 27:79
၇၉။ ထို့ကြောင့်အို-မိုဟမ္မဒ်၊ သင်သည် မိမိ၏အသက်သခင်ကျေးဇူးရှင်၌ ယုံကြည်ကိုးစားလော့၊ အကြောင်းမူကား သင်သည် ရှင်းလင်းသောသစ္စာတရားတော်ကို ကိုင်ထားသူဖြစ်၏။
Verse 80 — Surah An-Naml 27:80
၈ဝ။ မှတ်သားကြလော့၊ သင်တမန်တော်သည် သေသူများကို ကြားအောင်မပြုစွမ်းနိုင်ချေ၊ သို့မဟုတ် နားပင်းသူ တို့သည် ထွက်ပြေးရန် လှည့်သွားသောအခါ သင်သည် သူတို့ကို တရားစာကြားအောင် မပြုစွမ်းနိုင်ချေ။
Verse 81 — Surah An-Naml 27:81
၈၁။ ထို့အပြင်သင်သည် မျက်စိကန်းသူတို့အား သူတို့၏အမှားမှ အမှန်သို့ လမ်းမညွှန်နိုင်ချေ၊ သင်သည် ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်၍ ကျိုးနွံနာခံသူတို့မှတပါး အခြားသူတို့အား တရားတော်ကို ကြားစေခြင်းငှာ မတတ်စွမ်းနိုင်ချေ။
Verse 82 — Surah An-Naml 27:82
၈၂။ ငါသည် မိစ္ဆာမိုက်တို့အပေါ်တွင် ထားတော်မူသောကတိဗျာဒိတ်တော်ကို အကောင်အထည်ဖော်တော်မူသောအခါ ငါသည် သူတို့အား စကားစမြည်ပြောဆိုဖို့ရာ မြေမှ ခြေလေးချောင်းတိရိစ္ဆာန်တစ်ကောင်ကို ထွက်စေတော်မူမည်၊ အကြောင်းမူကားလူသားတို့သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်ကြချေ။
Verse 83 — Surah An-Naml 27:83
၈၃။ အို-တမန်တော်၊ လူမျိုးတိုင်းလူမျိုးတိုင်းမှ ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်သောသူတို့ကို ငါသည် စုရုံး၍ စီတန်းထားမည့်နေ့တော်ကြီးအကြောင်းကို သူတို့အား သင်သတိပေးလော့။
Verse 84 — Surah An-Naml 27:84
၈၄။ ထိုသူတို့သည် မိမိတို့၏အရှင်သခင်၏ ရှေ့တော်မှောက်သို့ ရောက်ရှိသောအခါ အရှင်မြတ်သည် သူတို့အား သင်တို့သည် ငါ၏ကျမ်းမြတ်ကုရ်အာန်ကို ကျနသေသပ်စွာနားမလည်ပဲလျက် ကျမ်းတော်ကို မယုံကြည်ဖယ်ရှားခဲ့ ကြသလော၊ သို့မဟုတ်သင်တို့သည် အဘယ်အရာကို ပြုခဲ့ကြသနည်းဟု မေးမြန်းတော်မူလတ့ံ။
Verse 85 — Surah An-Naml 27:85
၈၅။ ထို့အပြင်သူတို့အပေါ်၌ ဗျာဒိတ်တော်ကို တည်စေတော်မူမည်၊ အကြောင်းမူကားသူတို့သည် ပြစ်မှုကျူးလွန်ခဲ့ခြင်း ကြောင့်တည်း၊ ထို့အပြင်သူတို့သည် ချေပလျှောက်လဲကြမည်မဟုတ်ချေ။
Verse 86 — Surah An-Naml 27:86
၈၆။ ငါသည် ညဉ့်ကို သူတို့အိပ်စက်အမောအပန်းဖြေဖို့ရာ နေ့ကို သူတို့အား အလင်းရောင်ပေးဖို့ရာ ဖန်ဆင်းတော်မူ သည်ကို သူတို့မမြင်ကြသလော၊ ဤအချင်းအရာများတွင် ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာထူးများ မုချအမှန်ပါရှိကြ၏။
Verse 87 — Surah An-Naml 27:87
၈၇။ ထို့အပြင်တံပိုးကြီးမှုတ်မည့်နေ့တော်ကြီးအကြောင်းကို သင်သည် သူတို့အား သတိပေးလော့၊ ထိုအခါအလ္လာဟ် အရှင်မြတ်အလိုတော်ရှိသူမှတပါး မိုးကောင်းကင်နှင့်ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှတို့သည် ပြင်းထန်စွာထိတ်လန့် တုန်လှုပ်ကြောက်ရွံ့ကြလတ့ံ၊ ထိုနေ့တော်ကြီး၌ ခပ်သိမ်းကုန်သောသူအပေါင်းတို့သည် တုပ်ပြတ်ကျိုးနွံရိုသေ ကိုင်းရှိုင်းစွာ အလ္လာဟ်အရှင်မြတ်ရှေ့တော်မှောက်သို့ လာကြလတ့ံ။
Verse 88 — Surah An-Naml 27:88
၈၈။ ထိုနေ့တော်ကြီး၌ သင်တို့က အလွန်မြဲမြံခိုင်မာသည်ဟု ယူဆရသောတောင်ကြီးတောင်ငယ်များသည် မိုးတိမ် မိုးသားကဲ့သို့ လေတွင် လွင့်ပါးသွားသည်ကို သင်တို့မြင်ရကြရမည်၊ ထိုသို့ဖြစ်ရခြင်းသည် အရာခပ်သိမ်းတို့ကို အပြစ်ကင်းမဲ့ချောမောစုံလင်စေတော်မူထသောအလ္လာဟ်အရှင်မြတ်၏ စီရင်တော်မူခြင်းကြောင့်တည်း၊ မှတ်သား ကြလော့၊ အရှင်မြတ်သည် သင်တို့ပြုသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူ၏။
Verse 89 — Surah An-Naml 27:89
၈၉။ အကြင်သူသည် ကုသိုလ်ကောင်းမှုကို ယူဆောင်လာအ့ံ၊ ထိုသူသည် မိမိ၏ကုသိုလ်ကောင်းမှုထိုက်တန်သည်ထက် သာလွန်မြင့်မြတ်သောဆုကို ရရှိလိမ့်မည်၊ ဤကဲ့သို့သောသူမြတ်တို့သည် ထိုနေ့တော်ကြီး၌ ထိတ်လန့်ကြောက်ရွံ့ ခြင်းဘေးရန်မှ ကင်းလွတ်ကြ၏။
Verse 90 — Surah An-Naml 27:90
၉ဝ။ ထို့အပြင်အကြင်သူတို့သည် အကုသိုလ်မကောင်းမှုကို ယူဆောင်လာအ့ံ၊ ထိုသူတို့အား မျက်နှာမှောက်ခုံဆွဲ၍ အဝီစိငရဲမီးထဲသို့ ပစ်ချလတ့ံ၊ သင်တို့အား မိမိတို့ပြုကျင့်သည့်အတိုင်း ကောင်းကျိုးဆိုးပြစ်မှတပါး အခြား ဆုလာဘ်ပေးတော်မူသလော။
Verse 91 — Surah An-Naml 27:91
၉၁။ အို-တမန်တော်မိုဟမ္မဒ်၊ သင်ဟောကြားလော့၊ ဤမြေကို အထွဋ်အမြတ်ဖြစ်စေတော်မူသော ဤမြေ၏အရှင် သခင်အားသာလျှင် ခဝပ်ကိုးကွယ်ဖို့ရာ အကျွနု်ပ်အား ပညတ်တော်မူ၏၊ အရာခပ်သိမ်းတို့ကို အရှင်မြတ်သာလျှင် စိုးပိုင်တော်မူ၏၊ အရှင်မြတ်အား ကျိုးနွံနာခံသူတို့ဘောင်တွင် အပါအဝင်ဖြစ်ဖို့ရာ အကျွနု်ပ်အား ပညတ်တော်မူ၏။
Verse 92 — Surah An-Naml 27:92
၉၂။ ထို့အပြင်ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်ဖို့ရာလည်း ပညတ်တော်မူ၏၊ ထို့အပြင်အကြင်သူသည် လမ်းမှန်ကို လိုက်၏၊ ထိုသူသည် မိမိဝိညာဉ်အကျိုးဖြစ်ဖို့ရာသာ ယင်းသို့လိုက်၏၊ ထို့အပြင်အကြင်သူသည် လမ်းမှားကို လိုက်အ့ံ၊ ထိုသူအား မှတ်သားလော့၊ အကျွနု်ပ်သည် သတိပေးသူသာဖြစ်၏ဟု သင်ဟောပြောလော့။
Verse 93 — Surah An-Naml 27:93
၉၃။ ထို့အပြင်သူတို့နားလည်ဖို့ရာ နိမိတ်လက္ခဏာအ့ံဖွယ်တော်တို့ကို သင်တို့အား ပြသတော်မူသည့်အလ္လာဟ်အရှင် မြတ်၏ ကျေးဇူးတော်၊ ဂုဏ်တော်ကို ချီးကျူးတသကြလော့ဟု သင်တမန်တော်ဟောကြားလော့၊ သင်၏အသက် သခင်ကျေးဇူးရှင်သည် သင် သေမျိုးအပေါင်းတို့ပြုကျင့်မှုအလုံးစုံကို သိတော်မူ၏။