Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Ba Sein — Permalink

Verse 1 — Surah Al-Qasas 28:1

၁။ တွာ၊ စင်(န်)၊ မင်(မ်)။

Verse 2 — Surah Al-Qasas 28:2

၂။ ဤဂါထာတော်များသည် ရှင်းလင်းသောကျမ်းမြတ်ကုရ်အာန်၏ ဂါထာတော်များဖြစ်၏။

Verse 3 — Surah Al-Qasas 28:3

၃။ ငါသည် ယုံကြည်သူတို့အဖို့အရာ တမန်တော်မူစာနှင့် ဖွာရောမင်းတို့အကြောင်းအရာအမှန်အစစ်ကို သင် တမန်တော်မိုဟမ္မဒ်အား မိန့်ကြားတော်မူအ့ံ။

Verse 4 — Surah Al-Qasas 28:4

၄။ မှတ်သားကြလော့၊ ဖွာရောမင်းသည် မြေပေါ်၌ အထင်ကြီးထောင်လွှား၍ လူသားတို့အား အဆင့်အတန်းသီးခြား ခွဲခြား၏၊ လူမျိုးငယ်တစ်စုကို မတရားညှင်းဆဲ၏၊ ထိုလူတို့၏ မိန်းမသားများကို ချမ်းသာပေး၏၊ ယောက်ျားများကို သတ်ပစ်၏၊ မှတ်သားကြလော့၊ ထိုမင်းသည် တရားလက်လွတ်ပြုလုပ်သူတို့ဘာင်တွင် ပါဝင်၏။

Verse 5 — Surah Al-Qasas 28:5

၅။ ငါသည် မြေပေါ်တွင် မတရားနှိပ်စက်ခံရသူတို့အား မဟာကရုဏာတော်ပြလိုတော်မူ၏၊ ထိုသူတို့အား အခြား သူများအတုယူဖို့ရာ စံနမူနာဖြစ်လိုတော်မူ၏၊ ထို့အပြင်သူတို့အား အခြားသူများအတုယူဖို့ရာစံနမူနာ ဖြစ်စေ လိုတော်မူ၏။

Verse 6 — Surah Al-Qasas 28:6

၆။ ထို့အပြင်ငါသည် မြေပေါ်တွင် နေရာချထားလိုတော်မူ၏၊ သူတို့ထံမှ ဖွာရောမင်း၏ အမတ်ဟာမန်နှင့်တကွ စစ်သည်တပ်သားအားလုံးတို့အား ၎င်းတို့ကြောက်ရွံ့သောအရာကို ပြလိုတော်မူ၏၊

Verse 7 — Surah Al-Qasas 28:7

၇။ ထို့အပြင်ငါသည် မူစာ၏မိခင်အား ၎င်း၏စိတ်နှလုံးအတွင်းတွင် ဤဗျာဒိတော်ကို ထင်ရှားစေတော်မူ၏၊ သူ့အား နို့ရည်တိုက်ကျွေးလော့၊ သူ့အတွက် စိုးရိမ်ကြောင့်ကြဖြစ်လာသောအခါ သူ့ကို မြစ်ထဲသို့ပစ်ချလော့၊ မစိုးရိမ် ကြလင့်၊ စိတ်မပူပန်လင့်၊ မှတ်သားလော့၊ ငါသည် သင့်သားကို သင့်ထံပြန်ယူခဲ့တော်မူမည်၊ ငါသည် သူ့ကို ငါ၏ တမန်တော်တို့ဘောင်တွင် အပါအဝင်ဖြစ်စေတော်မူကြ၏။

Verse 8 — Surah Al-Qasas 28:8

၈။ ဖွာရောမင်း၏ အိမ်သူအိမ်သားတို့သည် မူစာကို ဆယ်ယူမွေးမြူတော်မူကြ၏၊ ဤသို့ပြုခြင်းကား မိမိတို့၏ ရန်သူဖြစ်လာမည့်သူ၊ မိမိတို့ကို ဝမ်းနည်းစေမည့်သူ၊ ထိုသူအား မွေးမြူးခြင်းဖြစ်သည်၊ မှတ်သားကြလော့၊ ဖွာရောမင်း၊ အမတ်ဟာမန်နှင့်တကွ စစ်သည်တော်အားလုံးတို့သည် အမြဲအပြစ်ကျူးလွန်သူများဖြစ်ကြ၏။

Verse 9 — Surah Al-Qasas 28:9

၉။ ထို့အပြင်ဖွာရောမင်း၏ မိဖုရားကြီးက အရှင်မင်းကြီး၊ ဤသူငယ်သည် အရှင်မင်းကြီးနှင့်ကျွနု်ပ်အဖို့ စိတ်နှစ်သိမ့့် ဖြေဖျော်စရာဖြစ်ပေမည်၊ သူ့အား မသတ်ပါလင့်၊ သူသည် အကျွနု်ပ်တို့အတွက် အသုံးကျကောင်းကျပေမည်၊ သို့မဟုတ် အကျွနု်ပ်တို့သည် သူ့အား သားအဖြစ် မွေးစားကောင်းမွေးစားပေမည်ဟု ပြော၏၊ သို့သော်သူတို့သည် မသိကြချေ။

Verse 10 — Surah Al-Qasas 28:10

၁ဝ။ ထိုအခါမူစာ၏မိခင်သည် စိတ်နှလုံးဟာလာဟင်းလင်းဖြစ်လျက် ပူဆွေးနေလေ၏၊ အကယ်၍ငါသည် သူမကို အားပေးတော်မမူလျှင် သူမသည် မိမိမိသားစုကို သစ္စာဖောက်ချေမည်၊ ထိုမိန်းမသည် ယုံကြည်သူတို့ဘောင်တွင် အပါအဝင်ဖြစ်စိမ့်သောငှာ သူမ၏ စိတ်နှလုံးကို ငါသည် ခိုင်မာစေတော်မူ၏။

Verse 11 — Surah Al-Qasas 28:11

၁၁။ ထို့အပြင်သူမသည် သူ၏အမအား ချစ်သမီး၊ သူသွားရာနောက်သို့ ကြည့်၍ကြည့်လော့၊ ထို့ကြောင့်သူမသည် မနီးမဝေးက လိုက်လံကြည့်ရှု၏၊ သို့သော်ဖွာရောမင်း၏လူတို့သည် သူမကို မမြင်ကြချေ။

Verse 12 — Surah Al-Qasas 28:12

၁၂။ ထိုအခါငါသည် အထက်က မူစာ၌ နို့တိုက်အမိမရှိအောင် စီရင်ထားတော်မူ၏၊ ထို့ကြောင့်သူ၏အစ်မရောက်သော အခါ သူမက သင်တို့အား သူ့ကို နို့တိုက်မွေးမြူမည့်သူကို ညွှန်ပြရမည်လောဟု မေး၏။

Verse 13 — Surah Al-Qasas 28:13

၁၃။ ဤနည်းအားဖြင့် ငါသည် မူစာ၏မိခင်အား ပူပန်သောကကင်းမဲ့ချမ်းသာစေရန်အလို့ငှာ သူ့ကို သူ၏မိခင်ထံ ပြန်ပေးတော်မူ၏၊ ယင်းသို့ပြန်ပေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာတော်သည် မှန်ကန်ကြောင်းကို သူမသိစေခြင်းငှာဖြစ်၏၊ သို့သော်သူတို့အနက် အများအပြားသည် မသိကြချေ။

Verse 14 — Surah Al-Qasas 28:14

၁၄။ ထို့အပြင်မူစာသည် လူလားမြောက်အရွယ်ရောက်လာသောအခါ ငါသည် သူ့အား ဉာာဏ်ပညာပေးသနားတော် မူ၏၊ ယင်းသို့ငါသည် သူတော်ကောင်းတို့အား ဆုပေးသနားတော်မူ၏။

Verse 15 — Surah Al-Qasas 28:15

၁၅။ ထို့အပြင်မူစာသည် မြို့သူမြို့သားတို့သတိလစ်နေကြသောအခါ မြို့တွင်းသို့ အမှတ်မဲ့ဝင်လာရာ အချင်းဖြစ်ပွား စကားများနေသူနှစ်ယောက်ကို တွေ့၏၊ ထိုနှစ်ယောက်အနက် တစ်ယောက်ကား မူစာ၏အမျိုးသားထဲမှဖြစ်၏၊ ကျန်တစ်ယောက်ကား မိမိ၏ ရန်သူအမျိုးသားထဲမှာ ဖြစ်၏၊ သူ၏အမျိုးသားက မူစာအား သူ၏ရန်သူအမျိုးသား မှ ကယ်တင်ရန် တောင်းပန်၏၊ ထို့ကြောင့်မူစာသည် ရန်သူအမျိုးသားကို လက်သီးနှင့်ထိုး၍ သတ်ပစ်လေ၏၊ ထိုအခါသူက ဤလူသတ်မှုသည် ရှိုင်တန်မာရ်နတ်၏အလုပ်တည်း၊ ရှိုင်တန်သည် ရန်သူအမှန်ဖြစ်၏၊ အမှားသို့ သာ သွေးဆောင်ပြသူဖြစ်၏ဟု ညည်းညူ၏။

Verse 16 — Surah Al-Qasas 28:16

၁၆။ မူစာသည် အို-အကျွနု်ပ်၏အရှင်သခင်၊ အကျွန်ုပ်သည် မိမိဝိညာဉ်ကို မိမိပြစ်မှားမိပါပြီ၊ အကျွနု်ပ်ကို အပြစ် လွှတ်တော်မူပါဟု ဆုတောင်း၏၊ ထိုအခါအရှင်မြတ်သည် သူ့ကို အပြစ်လွှတ်တော်မူ၏၊ မှတ်သားလော့၊ အရှင်မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအရှင် ဖြစ်တော်မူ၏။

Verse 17 — Surah Al-Qasas 28:17

၁၇။ တဖန်မူစာက အို-အကျွနု်ပ်၏အရှင်သခင်၊ အရှင်သည် အကျွနု်ပ်အား ကျေးဇူးပြုတော်မူသောကြောင့် အကျွနု်ပ် သည် မည်သည့်အခါမှ အပြစ်ထိုက်သောသူတို့ကို ကူညီသူမဟုတ်ပါဟု တင်လျှောက်၏။

Verse 18 — Surah Al-Qasas 28:18

၁၈။ တဖန်နံနက်မိုးသောက်ရောက်လတ်သော် မူစာသည် စိုးရိမ်ကြောင့်ကျခြင်းနှင့်ပင် မြို့ထဲတွင် သတိဝိရိယနှင့် နေ၏၊ ယမန်နေ့က အကူအညီတောင်းသူသည် ယခုပင်အထောက်အပံ့တောင်းနေ၏၊ မူစာက သူ့အား မှတ်သား လော့၊ သင်သည် စိတ်ဆတ်သောသူမုချဧကန်ဖြစ်၏ဟု ဆို၏။

Verse 19 — Surah Al-Qasas 28:19

၁၉။ ထို့အပြင်သူသည် သူတို့နှစ်ဦး၏ရန်သူအား တိုက်ခိုက်မည်ဟု ကြံစည်အားထုတ်သောအခါ ထိုရန်သူက အို-မူစာ၊ သင်သည် ယမန်နေ့က လူတစ်ယောက်ကို အသေသတ်သကဲ့သို့ အကျွနု်ပ်ကို သတ်မည်လော၊ သင်သည် မြေပေါ်တွင် သူတစ်ပါးကို နိုင်ထက်စီးနင်းနှိပ်စက်ကလူပြုသူမှတပါး အခြားမဟုတ်ချေ၊ သင်သည် လောကကြီးကို ကောင်းအောင် ပြုပြင်သူတို့တွင် အပါအဝင်မဟုတ်ချေဟု ပြော၏။

Verse 20 — Surah Al-Qasas 28:20

၂ဝ။ ထိုအခါမြို့စွန်မြို့ဖျားမှ လူတစ်ယောက်ပြေးလာ၏၊ ဤလူက အို-မူစာ၊ မှတ်သားလော့၊ အကြီးအကဲမှုးမတ် တို့သည် သင့်ကို ကွပ်မျက်ဖို့ရာ တိုင်ပင်နှီးနှောနေကြပြီ၊ သို့အတွက်ပြေးလော့၊ မှတ်သားလော့၊ ငါသည် သင့်အား ကောင်းသောသြဝါဒပေးသူတို့အထဲမှ ဖြစ်၏ဟု ပြော၏။

Verse 21 — Surah Al-Qasas 28:21

၂၁။ ထို့ကြောင့်မူစာသည် စိုးရိမ်ကြောင့်ကျပြီးလျှင် ကောင်းသောသတိဝိရိယနှင့် ထိုမြို့မှ ထွက်ပြေးလေ၏၊ သူက အို--အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်အား ဒုစရိုက်ပြစ်မှုကျူးလွန်သူတို့ထံမှ ကယ်တင်တော်မူပါဟု တင်လျှောက်၏။

Verse 22 — Surah Al-Qasas 28:22

၂၂။ မူစာသည် မဒယန်မြို့ဘက်သို့ မျက်နှာမူသောအခါ သူသည် အကျွနု်ပ်၏အရှင်သခင်သည် အကျွနု်ပ်အား လမ်းမှန်ကို ပြသတော်မူကောင်းပြသတော်မူမည်ဟု ဆို၏။

Verse 23 — Surah Al-Qasas 28:23

၂၃။ ယင်းသို့လာခဲ့ရာ သူသည် မဒယန်မြို့ ရေစခန်းသို့ရောက်သောအခါ ထိုနေရာ၌ လူတစ်စုသည် တိရိစ္ဆာန်များကို ရေတိုက်နေသည်ကို တွေ့၏၊ အမျိုးသမီးနှစ်ယောက်သည် မိမိတို့သိုးများကို အခြားသိုးများနှင့်မရောနှောစေပဲ တားဆီးထားသည်ကို တွေ့ရ၏၊ ထိုအမျိုးသမီးတို့အား သူက သင်တို့ဘာဖြစ်ကြသနည်းဟု မေး၏၊ သူတို့ နှစ်ယောက်က သိုးထိန်းများသည် ရေစခန်းမှ ပြန်သည့်တိုင်အောင် အကျွနု်ပ်တို့သည် မိမိတို့သိုးများကို ရေမချနိုင်ပါ၊ အကျွနု်ပ်တို့အဘလည်း အလွန်အိုမင်းမစွမ်းဖြစ်ပါ၏ဟု ပြန်ပြောကြ၏။

Verse 24 — Surah Al-Qasas 28:24

၂၄။ ထို့ကြောင့်သူသည် ထိုမိန်းမတို့အစား သူတို့၏သိုးများကို ရေတိုက်လေ၏၊ ထို့နောက်သူသည် အရိပ်အောက်သို့ ဝင်ပြီးလျှင် အို--အကျွနု်ပ်၏အရှင်သခင်၊ အကျွနု်ပ်သည် အရှင်ချပေးသနားတော်မူသောမည်သည့်ကောင်းကြီး မင်္ဂလာကိုမဆို လိုလားနေပါသည်ဟု ဆုတောင်း၏။

Verse 25 — Surah Al-Qasas 28:25

၂၅။ ထိုအခါမိန်းမနှစ်ယောက်မှ တစ်ယောက်သည် သူ့ထံသို့ မရဲတရဲလာ၍ ပြောသည်မှာ သင်သည် အကျွနု်ပ်တို့ အစား အကျွနု်ပ်တို့၏ သိုးများကို ရေတိုက်သည့်အတွက် အကျွနု်ပ်တို့၏ဘခင်သည် သင့်အား ကျေးဇူးဆပ်ရန် ဘိတ်ခေါ်ပါ၏ဟု ဆို၏၊ ထို့နောက်သူသည် မိန်းမနှစ်ယောက်၏အဘနှင့်တွေ့သောအခါ မိမိအတ္ထုပ္ပတ္တိအကြောင်း အရာကို အကုန်အစင်ပြောပြ၏၊ အဘိုးကြီးက သင်သည် မကြောက်ရွံ့လင့်၊ သင်သည် မတရားပြုကျင့်သူတို့ထံမှ လွတ်မြောက်လာပြီဟု ပြောဆို၏။

Verse 26 — Surah Al-Qasas 28:26

၂၆။ သမီးနှစ်ယောက်အနက် တစ်ယောက်က အို-ဘခင်၊ သူ့အား စာရင်းငှားအဖြစ် ငှားတော်မူပါ၊ အကြောင်းမူကား ခွန်အားဗလရှိ၍ ရိုးသားဖြောင့်မတ်ယုံကြည်ထိုက်သူသည် အကောင်းဆုံးသောစာရင်းငှားဖြစ်၏။

Verse 27 — Surah Al-Qasas 28:27

၂၇။ အဘဖြစ်သူက အမောင်လုလင်၊ သင်သည် ငါ့ထံတွင် စာရင်းငှား(၈)နှစ်လုံးလုံးလုပ်ရန် သဘောတူလျှင် ငါသည် အမောင်အား ငါ့သမီးနှစ်ယောက်အနက် တစ်ယောက်နှင့် ထိမ်းမြားလက်ထပ်ပေးရန် အကြံရှိ၏၊ အကယ်၍အမောင်သည် (၁ဝ)နှစ်ပြည့်အောင်လုပ်လျှင် အမောင်၏ကျေးဇူးပင်တည်း၊ သို့သော်ငါသည် အမောင် အပေါ်၌ ကျပ်တည်းစွာပြုလုပ်လိုသောဆန္ဒမရှိပါ၊ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် အမောင်သည် ငါ့အား သူမြတ်တို့ဘောင်တွင် ပါဝင်သူဖြစ်ကြောင်းတွေ့ရပါလိမ့်မည်ဟု ပြော၏။

Verse 28 — Surah Al-Qasas 28:28

၂၈။ ထိုအခါမူစာက အို--ဘခင်၊ ဘခင်နှင့်အကျွန်ုပ်၏ အလယ်ကြား၌ ဤစကားတည်ပါစေ၊ ယခုနှုတ်ကတိနှစ်မျိုး၌ တစ်မျိုးမျိုးကို အကျွနု်ပ်ဖြည့်သောအခါ ဘခင်လည်း အကျွန်ုပ်အပေါ်၌ စည်းကမ်းကို ကျူးလွန်၍ အနိုင်အထက် ပြုလိမ့်မည်မဟုတ်၊ အကျွနု်၏ ကတိစကားကို အလ္လာဟ်အရှင်မြတ်သည် အသိသက်သေဖြစ်တော်မူ၏။

Verse 29 — Surah Al-Qasas 28:29

၂၉။ ထို့နောက်မူစာသည် မိမိ၏ကတိအတိုင်း စာရင်းငှားအလုပ်ကို အချိန်ပြည့်အောင် လုပ်ကိုင်ဆောင်ရွက်ပြီး၍ မိမိသားမယားနှင့် ခရီးသွားနေသောအခါ သူသည် မနီးမဝေးတွင် မီးကို မြင်ရ၏၊ ထိုအခါသူ့အိမ်သူအိမ်သား တို့အား ဤသို့ပြော၏၊ သင်တို့သည် ဤအရပ်မှာ ဆိုင်းငံ၍နေဦးလော့၊ ငါသည် မနီးမဝေးတွင် တစ်ခုသောမီးကို မုချဧကန်မြင်ရ၏၊ ထိုနေရာမှ တစ်စုံတစ်ခုသောသတင်းကို ငါသည် သင်တို့ထံ ယူဆောင်ကောင်းယူဆောင်ခဲ့အ့ံ၊ သို့မဟုတ် သင်တို့မီးလှုံဖို့ရာ မီးစတစ်ခုကို ယူခဲ့အ့ံဟု ဆို၏။

Verse 30 — Surah Al-Qasas 28:30

၃ဝ။ သူသည် မီးရှိသောနေရာသို့ ရောက်သောအခါ ကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံသောလယ်ကွင်းရှိ ချိုင့်တစ်ခု၏ လက်ယာဘက်တွင် ပေါက်နေသောသစ်ပင်မှ သူ့အား ခေါ်သံကို ကြားရ၏၊ ထိုအသံက ဤသို့မိန့်တော်မူ၏၊ အို--မူစာ၊ မှတ်သားလော့၊ ငါသည် အနန္တစကြဝဠာများအရှင်၊ အလ္လာဟ်ဖြစ်တော်မူ၏။

Verse 31 — Surah Al-Qasas 28:31

၃၁။ သင်၏ လှံတံတောင်ဝှေးကို ပစ်ချလော့၊ ထို့နောက်လှံတံသည် မြွေနဂါးကဲ့သို့ တွန့်လိမ်နေသည်ကို မြင်သောအခါ သူသည် အတင်းထွက်ပြေး၏၊ ထိုအခါသူ့ထံ ဗျာဒိတ်တော်လာသည်မှာ အို--မူစာ၊ အနားချဉ်းကျပ်လော့၊ မကြောက်လင့်၊ မှတ်သားလော့၊ သင်သည် လုံခြံုချမ်းသာမှုကို ရရှိပြီး သူတို့ဘောင်တွင် ပါဝင်၏။

Verse 32 — Surah Al-Qasas 28:32

၃၂။ သင်၏လက်ကို သင်၏ဝတ်ရုံရင်ဘတ်အတွင်းသို့ သွင်းလော့၊ ထိုလက်သည် တောက်ပသောလက်ဖြူဖြစ်လာ လိမ့်မည်။ သင်၏ စိတ်နှလုံးကို ထိတ်လန့်ခြင်းမှ ကာကွယ်လော့၊ ဤအ့ံဖွယ်နှစ်ပါးသည် သင်တို့၏အရှင်သခင်က ဖွာရောမင်းနှင့် သူ၏မှုးမတ်တို့အား ပြသဖို့ရာ ပေးသနားတော်မူသောသက်သေခံချက်ကြီးနှစ်ချက်ပေတည်း၊ မှတ်သားလော့၊ သူတို့သည် ဒုစရိုက်မကောင်းမှုတွင် နစ်မြောနေသူများဖြစ်ကြ၏။

Verse 33 — Surah Al-Qasas 28:33

၃၃။ ထိုအခါမူစာက အို--အကျွနု်ပ်၏အရှင်သခင်၊ အကျွနု်ပ်သည် ဖွာရောမင်း၏လူတစ်ယောက်ကို အမှန်ဧကန် သတ်ပြီးပါပြီ၊ သူတို့သည် အကျွနု်ပ်ကို သတ်ဖြတ်ကြမည်ကို စိုးရိမ်ပါ၏။

Verse 34 — Surah Al-Qasas 28:34

၃၄။ အကျွနု်ပ်၏အစ်ကိုဟာရွန်သည် အကျွနု်ပ်ထက် စကားပြောကောင်းပါသည်၊ ထို့ကြောင့်အကျွနု်ပ်ကို ကူညီဖို့ရာ သူ့အား အကျွနု်ပ်နှင့်အတူတကွထည့်တော်မူပါ၊ သူတို့သည် အကျွနု်ပ်အား မုသားသမားဟု စွပ်စွဲမည်ကို အကျွနု်ပ်အမှန်ပင်ကြောက်လှပါ၏ဟု လျှောက်၏။

Verse 35 — Surah Al-Qasas 28:35

၃၅။ အလ္လာဟ်အရှင်မြတ်က အို--မူစာ၊ ငါသည် သင့်အား သင်၏အစ်ကိုအားဖြင့် အားဖြည့်တင်းတော်မူမည်၊ ထို့အပြင်ငါသည် သင်တို့ညီနောင်တို့အား ဘုန်းတန်ခိုးပေးသနားတော်မူမည်၊ သင်၏နိမိတ်လက္ခဏာအ့ံဖွယ် တို့ကြောင့် သူတို့သည် သင်တို့အား ဥပါဒ်ပြုရန် သင်တို့အပါးသို့ ချဉ်းကပ်နိုင်ကြမည်မဟုတ်၊ သင်တို့နှစ်ဦး နှင့်တကွ သင်တို့၏နောက်လိုက်တို့သည် အောင်နိုင်သူများဖြစ်ကြလတ့ံဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 36 — Surah Al-Qasas 28:36

၃၆။ သို့သော်တမန်တော်မူစာသည် ငါ၏ထင်ရှားသောနိမိတ်လက္ခဏာတော်များကို သူတို့ထံ ယူဆောင်လာသောအခါ သူတို့က ဤအရာသည် ဘာမျှမဟုတ်၊ သူဖန်ဆင်းသောဝိဇ္ဇာအတတ်သာဖြစ်၏၊ ဤအကြောင်းအရာများကို ရှေးလူကြီးမိဘများလက်ထက်တွင် ရှိကြောင်းကို အကျွနု်ပ်တို့သည် မကြားဖူးချေဟု ဆိုကြ၏။

Verse 37 — Surah Al-Qasas 28:37

၃၇။ ထိုအခါတမန်တော်မူစာသည် ဤသို့ဟောကြား၏၊ အကျွနု်ပ်၏အရှင်သခင်သည် မိမိအထံတော်မှ လမ်းညွှန်တော် ကို ယူဆောင်လာသူအဘယ်သူဖြစ်သည်ကို အသိဆုံးဖြစ်တော်မူ၏၊ ထို့အပြင်အဘယ်သူ၏အကျိုးဆက်သည် သုခနိဗ္ဗာန်ဖြစ်မည်ကိုလည်း အသိဆုံးဖြစ်တော်မူ၏၊ မှတ်သားကြလော့၊ မတရားမှုကျူးလွန်သူတို့သည် အောင်မြင် ကြလိမ့်မည်မဟုတ်ချေ။

Verse 38 — Surah Al-Qasas 28:38

၃၈။ ထိုအခါဖွာရောမင်းက အမတ်တို့ ငါအရှင်မင်းမြတ်မှတပါး သင်တို့၌ ဘုရားရှိသည်ကို ငါမသိချေ၊ ထို့ကြောင့် အို--ဟာမန်၊ မြေကို ဖုတ်ဖို့ရာ ငါ့ကို မီးဖိုပေးလော့၊ ငါသည် မူစာ၏ဘုရားကို ကြည့်ရှုဖို့ရာ ငါ့အား အလွန်မြင့်စွင့်သောမျှော်စင်တစ်ခုကို ဆောက်ပေးလော့၊ မှတ်သားကြလော့၊ ငါသည် သူ့အား လူလိမ်လူကောက် တို့ဘောင်တွင် အပါအဝင်ဟု ယူဆ၏ဟု အမိန့်ပေး၏။

Verse 39 — Surah Al-Qasas 28:39

၃၉။ ထိုမင်းနှင့်တကွ အသင်သားစစ်သည်တပ်အလုံးတို့သည် မြေပေါ်၌ ဝင့်ဝါပလွှားအထင်ကြီး၍ မတရားမှုကိုသာ ပြုနေကြကုန်၏၊ သူတို့သည် သူတို့ကို ငါ့ထံသို့ မည်သည့်အခါမှ ပြန်ယူခဲ့မည်မဟုတ်ဟု ထင်မှတ်ကြ၏။

Verse 40 — Surah Al-Qasas 28:40

၄ဝ။ ထို့ကြောင့်ငါသည် ထိုမင်းနှင့် ၎င်း၏စစ်သည်တော်များကို ဖမ်းဆီးပြီးလျှင် ပင်လယ်ထဲတွင် စွန့်ပစ်ထားတော်မူ၏၊ မတရားမှုကျူးလွန်သူတို့၏ အကျိုးဆက်သည် မည်သည့်ဖြစ်သည်ကို သင်တို့ကြည့်ရှုကြလော့။

Verse 41 — Surah Al-Qasas 28:41

၄၁။ ထို့အပြင်ငါသည် သူတို့အား အဝီစိငရဲမီးထဲသို့ ဖိတ်ခေါ်သောသူတို့၏ စံနမူနာဖြစ်တော်မူ၏၊ သူတို့သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ အကူအညီရကြမည်မဟုတ်ချေ။

Verse 42 — Surah Al-Qasas 28:42

၄၂။ ထို့အပြင်ဤလောက၌ ငါ၏ကျိန်ဆဲတော်မူခြင်းကို ထိုသူတို့နောက်က ထက်ချပ်မကွာလိုက်စေတော်မူ၏၊ ရှင်ပြန် ထမြောက်ရသောနေ့တော်ကြီး၌ ထိုသူတို့သည် မုန်းတီးဖွယ်ကောင်းသောသူတို့ဘောင်တွင် ပါဝင်ကြရလတ့ံ။

Verse 43 — Surah Al-Qasas 28:43

၄၃။ ထို့အပြင်ရှေးအသင်းသားများကို ကွပ်မျက်စီရင်တော်မူပြီးနောက် ငါသည် တမန်တော်မူစာအား ကျမ်းတော် တစ်စောင်ကို ချပေးသနားတော်မူ၏၊ ထိုကျမ်းတော်သည် လူသားတို့အတွက် ခိုင်လုံထင်ရှားသောသက်သေ သာဓကတော်များ၊ လမ်းညွှန်တော်နှင့် ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ ထိုသို့ချပေးတော်မူခြင်းမှာ လူသားတို့ တွေးတောဆင်ခြင်ကောင်း ဆင်ခြင်ဖို့ရာဖြစ်၏။

Verse 44 — Surah Al-Qasas 28:44

၄၄။ အို--မိုဟမ္မဒ်၊ ငါသည် တမန်တော်မူစာအား ပညတ်ဗျာဒိတ်တော်ကို ရှင်းလင်းဖော်ပြတော်မူသောအခါ၌ တူစီနာတောင်၏ အနောက်ဘက်တွင် သင်မရှိချေ၊ ထိုအခါရှိသောသူတို့အထဲတွင် သင်မရှိချေ။

Verse 45 — Surah Al-Qasas 28:45

၄၅။ သို့သော်ငါသည် လူသားအဆက်ဆက်ကို ဖန်ဆင်းတော်မူ၏၊ သူတို့သည် အသက်ရှည်စွာရှင်နေကြကုန်ရကုန်၏၊ ထို့အပြင်သင်တမန်တော်သည် မဒယန်မြို့သူမြို့သားတို့အား ငါ၏ဗျာဒိတ်တော်ကို ရွတ်ဖတ်ပြောဟော၍ သူတို့နှင့် အတူတကွနေခဲ့သူမဟုတ်ချေ၊ သို့သော်ငါသည် လူသားတို့ထံ တမန်တော်များကို ဆက်လက်၍ စေလွှတ် တော်မူ၏။

Verse 46 — Surah Al-Qasas 28:46

၄၆။ ထို့အပြင်ငါခေါ်တော်မူသောအခါ သင်တမန်တော်သည် တူစီနာတောင်အပါးတွင် မရှိချေ၊ သို့သော်ဤအကြောင်း အရာများသည် သိရခြင်းမှာ သင်၏အရှင်သခင်၏ ကောင်းကြီးမင်္ဂလာတော်တစ်ပါးပင်ဖြစ်၏၊ ဤအကြောင်းအရာ များမှာ သင်ပွင့်မလာမီ တမန်တော်တစ်ဦးတစ်ယောက်ကိုမျှ မရသေးသောလူမျိုးအား သင်သည် သတိပေး တရားအမြိုက်ဆေးကို တိုက်ကျွေးဖို့ရာဖြစ်၏၊ သို့ဟောပြောသွန်သင်လျှင် သူတို့သည် တရားအလင်းရောင်ကို ရကောင်းရလိမ့်မည်။

Verse 47 — Surah Al-Qasas 28:47

၄၇။ သို့မဟုတ်လျှင် ထိုသူတို့သည် သူတို့၏လက်များက တင်ကြိုပို့ထားသောအမှုများကြောင့် ဘေးဥပါဒ်အထိခံကြ ရလျှင် အို--အကျွနု်ပ်တို့၏ အရှင်သခင်၊ အကျွနု်ပ်တို့သည် အရှင်၏ ပညတ်တော်များကို လိုက်နာဆောင်ရွက်၍ ယုံကြည်သူများဖြစ်စေခြင်းငှာ အရှင်သည် အကျွနု်ပ်တို့ထံသို့ တမန်တော်ကို အဘယ်ကြောင့်စေလွှတ်တော်မမူပါ သနည်းဟု သူတို့သည် ငါ့အား တင်လျှောက်ခဲ့ချေလတ့ံ။

Verse 48 — Surah Al-Qasas 28:48

၄၈။ သို့သော်ငါ့အထံတော်မှ သစ္စာတရားတော်သည် သူတို့ထံကျရောက်လာသောအခါ သူတို့က တမန်တော်မူစာအား ပေးသနားတော်မူသောကျမ်းတော်မြတ်နှင့်တူသောကျမ်းတော်ကို သူ့အား အဘယ်ကြောင့် ပေးသနားတော် မမူသနည်းဟု ဆိုကြကုန်၏၊ သူတို့သည် ရှေးကာလက မူစာအား ပေးသနားတော်မူသော ကျမ်းတော်ကို မယုံကြည်သည်သာမဟုတ်လော၊ ထိုသူတို့က ဤဝိဇ္ဇာအတတ်နှစ်ခုသည် တစ်ခုကို တစ်ခုက အချင်းချင်း ထောက်ခံကြသည်ဟု ပြောကြ၏၊ ထို့အပြင်သူတို့က မှတ်သားကြလော့၊ ငါတို့သည် ထိုဝိဇ္ဇာအတတ်နှစ်ခုစလုံးကို မယုံကြည်သူများဖြစ်ကြ၏ဟု ဆိုကြကုန်၏။

Verse 49 — Surah Al-Qasas 28:49

၄၉။ အို--မိုဟမ္မဒ၊ သင်သည် ထိုသူတို့အား ဟယ်-အချင်းတို့၊ သင်တို့သည် အမှန်စကားကို ဆိုကြလျှင် ဤကျမ်း တော်မြတ်နှစ်စောင်ထက် သာလွန်ထင်ရှားမွန်မြတ်သောအဆုံးအမတော်တစ်စောင်ကို အကျွနု်ပ်ယုံကြည်လိုက်နာ ဖို့ရာ အလ္လာဟ်အရှင်မြတ်အထံတော်မှ သင်တို့ယူဆောင်ခဲ့လော့ဟု ပြောဆိုလော့။

Verse 50 — Surah Al-Qasas 28:50

၅ဝ။ သူတို့သည် စကားမတုံ့ပြန်လျှင် သူတို့သည် မိမိတို့မက်မောခြင်းများနောက်သို့ တကောက်ကောက်လိုက်သူများ ဖြစ်ကြသည်ဟု သင်မှတ်သားလော့၊ အရှင်မြတ်၏ အဆုံးအမတော်မရှိပဲလျက် မိမိ၏အလိုဆန္ဒကို လိုက်သော သူထက် သာလွန်၍ တရားလမ်းကြောင်းမှ ဝေးကွာသူအဘယ်သူနည်း၊ မှတ်သားလော့၊ အလ္လာဟ့်အရှင်မြတ် သည် မကောင်းမှုပြုကျင့်နေသူတို့အား လမ်းညွှန်ပြတော်မမူချေ။

Verse 51 — Surah Al-Qasas 28:51

၅၁။ သူတို့အသိတရားရရှိစိမ့်သောငှာ ငါသည် စကားတော်ကို သူတို့ထံရောက်စေတော်မူ၏။

Verse 52 — Surah Al-Qasas 28:52

၅၂။ ဤကျမ်းတော်အလျင် အကြင်သူတို့အား ငါသည် စကားတော်ကို သူတို့ထံရောက်စေတော်မူ၏။၊ ထိုသူတို့သည် ကျမ်းမြတ်ကုရ်အာန်၌ ယုံကြည်ကြ၏။

Verse 53 — Surah Al-Qasas 28:53

၅၃။ ထို့အပြင်ကျမ်းမြတ်ကုရ်အာန်ကို သူတို့အား ရွတ်ဖတ်ပြသောအခါ ချပေးတော်မူ၏၊ ထိုသူတို့သည် ကျမ်းမြတ် ကုရ်အာန်၌ ယုံကြည်ကြ၏၊ မှတ်သားကြလော့၊ ထိုကျမ်းတော်သည် အကျွနု်ပ်တို့၏ အရှင်သခင်အထံတော်မှ သစ္စာတရားတော်တည်း၊ မှတ်သားကြလော့၊ ဤကျမ်းတော်ကို ချပေးသနားမမူမီကာလပင်လျှင် အကျွနု်ပ်တို့ သည် အရှင်မြတ်အား ကျိုးနွံနာခံသောသူတို့ဘောင်တွင် ပါဝင်ကြ၏။

Verse 54 — Surah Al-Qasas 28:54

၅၄။ ဤသူတို့သည် ဆုတော်နှစ်ဆထမ်းပိုးရရှိကြလိမ့်မည်၊ အကြောင်းမူကားသူတို့၌ ခန္တီပါရမီရှိကြ၏၊ သူတို့သည် မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ကြ၏၊ ငါအရှင်မြတ်ပေးသနားတော်မူသောစည်းစိမ်ဥစ္စာမှ သုံးစွဲကြ၏။

Verse 55 — Surah Al-Qasas 28:55

၅၅။ သူတို့သည် အကျိုးမရှိ၊ သိမ်ဖျင်းသောစကားကို ကြားရသောအခါ ထိုစကားဖျင်းမှ ထွက်ခွာသွားကြ၏၊ ထို့နောက်ဟယ်-အချင်းတို့၊ အကျွနု်ပ်တို့အတွက် အကျွနု်ပ်တို့၏ပြုကျင့်မှုများ၊ သင်တို့အတွက် သင်တို့၏ပြုကျင့်မှု များဖြစ်ကြ၏၊ သင်တို့အပေါ်သို့ အေးချမ်းသာယာမှုသက်ရောက်ပါစေသော်ဝ်၊ ငါတို့သည် အသိပညာမရှိသူတို့ကို မလိုလားကြဟု ဆိုကြကုန်၏။

Verse 56 — Surah Al-Qasas 28:56

၅၆။ မှတ်သားလော့၊ အို--မိုဟမ္မဒ်၊ သင်သည် သင်ချစ်ခင်စုံမက်သူအား လမ်းပြသသည်မဟုတ်၊ အလ္လာဟ်အရှင် မြတ်သာလျှင် အရှင်လမ်းပြလိုတော်မူသောသူအား လမ်းညွှန်ထား၏၊ ထို့အပြင်အရှင်မြတ်သည် လမ်းမှန်လိုက်သူ တို့ကို အသိဆုံးဖြစ်တော်မူ၏။

Verse 57 — Surah Al-Qasas 28:57

၅၇။ ထို့အပြင်သူတို့က အို--မိုဟမ္မဒ်၊ အကယ်၍ အကျွနု်ပ်တို့သည် သင်နှင့်တကွလမ်းညွှန်တော်ကို လိုက်နာပါလျှင် အကျွနု်ပ်တို့သည် မိမိနေထိုင်ရာအရပ်မှ နှင်ထုတ်ခြင်းကို ခံကြရလတ့ံဟု ဆိုကြ၏၊ ငါသည် သူတို့အဖို့အရာ ဘေးမဲ့ဋ္ဌာနီအစစ်ကို သတ်မှတ်ထားတော်မူပြီးပြီမဟုတ်လော၊ ထိုအရပ်ဒေသသို့ ငါ့အထံတော်မှ စားနပ်ရိက္ခာ တော်ဖြစ်သောထွက်ကုန်အပေါင်းတို့ကို ရောင်းဝယ်ဖောက်ကားဖို့ရာ ယူဆောင်လာကြ၏၊ သူတို့အနက်များလှ စွာသောသူတို့သည် မသိကြချေ။

Verse 58 — Surah Al-Qasas 28:58

၅၈။ မိမိတို့၏ အသက်မွေးဝမ်းကြောင်းအတွက် ကျေးဇူးမသိတတ်သော၊ များလှစွာသောလူမျိုးစုတို့ကို ငါသည် ဖျက်ဆီးတော်မူလေပြီ၊ သူတို့၏နေရာအိုးအိမ်များသည် ထိုမှာဤမှာ ရှိကြ၏၊ သူတို့ပျောက်ကွယ်သွားပြီးသည့် နောက် ထိုနေရပ်၌ လူအနည်းငယ်သာနေထိုင်ကြ၏၊ ငါသာလျှင် သူတို့၏အမွေစားအမွေခံဖြစ်တော်မူ၏။

Verse 59 — Surah Al-Qasas 28:59

၅၉။ အို--တမန်တော်၊ သင်၏အရှင်သခင်သည် မည်သည့်မြို့ရွာနယ်ပယ်တို့မှ ထိုနယ်ပယ်၏ မြို့တော်သို့ ငါ၏ ပညတ်တော်များကို ရွတ်ဖတ်ဟောပြောသည့်တမန်တော်တစ်ပါးမျှ စေလွှတ်တော်မမူပဲ ဖျက်ဆီးတော်မမူချေ၊ ထို့အပြင်ငါသည် မြို့ရွာနယ်ပယ်တစ်ခုကို ၎င်းတွင် မှီတင်းနေထိုင်သူတို့သည် မကောင်းမှုကို မကျူးလွန်ပဲ ဖျက်သိမ်းတော်မမူချေ။

Verse 60 — Surah Al-Qasas 28:60

၆ဝ။ ထို့အပြင်သင်တို့အား ပေးသနားတော်မူသောအရာတို့သည် ဤလောကီဘဝ၏ စည်းစိမ်ချမ်းသာနှင့် တန်ဆာ ပလာသာဖြစ်၏၊ သို့သော်အလ္လာဟ်အရှင်မြတ်အထံတော်၌ရှိသည့်အရာတို့မူကား သာလွန်မြင့်မြတ်၍ တည်မြဲ၏၊ သို့ပါလျက်သင်တို့တွင် အသိဉာာဏ်မရှိကြသလော။

Verse 61 — Surah Al-Qasas 28:61

၆၁။ အကြင်သူအား ငါသည် မြင့်မြတ်သောကတိဗျာဒိတ်တော်ကို ပေးတော်မူအ့ံ၊ ထိုသူသည် ထိုကတိသစ္စာတော် သည် အမှန်အကန်တည်သည်ကို တွေ့ရအ့ံ၊ အကြင်သူအား ငါသည် လောကီစည်းစိမ်ချမ်းသာကို ခေတ္တခဏ ခံစားခွင့်ပြုအ့ံ၊ ထိုသူသည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ အစစ်အဆေးခံရသောသူတို့ထဲတွင် အပါအဝင် ဖြစ်ရလိမ့်မည်၊ ဤလူမျိုးနှစ်ဖုံသည် ထပ်တူထပ်မျှသာဖြစ်ကြသလော။

Verse 62 — Surah Al-Qasas 28:62

၆၂။ ထိုနေ့တော်ကြီး၌ အရှင်မြတ်သည် သူတို့အား ခေါ်တော်မူပြီးလျှင် နင်တို့က ငါ၏ဘက်စပ်သူဟု ယူဆသော ဘုရားတုများသည် အဘယ်မှာနည်းဟု မေးတော်မူလတ့ံ။

Verse 63 — Surah Al-Qasas 28:63

၆၃။ ထိုအခါငါ၏ ကတိဗျာဒိတ်တော်အတိုင်း မှန်ကန်စွာခံရမည့်သူများက အို--အကျွနု်ပ်တို့၏ အရှင်သခင်၊ ဤလူ များသည် အကျွနု်ပ်တို့လမ်းမှားသို့ သွေးဆောင်ယူသွားသောသူများဖြစ်ကြပါ၏၊ အကျွနု်ပ်တို့သည် မိမိကိုယ်ကို လမ်းမှားသို့ ရောက်စေသကဲ့သို့ သူတို့ကိုလည်း လမ်းမှားသို့ သွေးဆောင်ယူသွားကြပါ၏၊ အရှင်မြတ်၏ မျက်မှောက်တော်တွင် အကျွနု်ပ်တို့သည် မိမိတို့အပြစ်ကင်းစင်ကြောင်းကို တင်လျှောက်ပါ၏၊ သူတို့သည် အကျွနု်ပ်တို့အား ခဝပ်ကိုးကွယ်ခြင်းမပြုပါဟု တင်လျှောက်ကြလတ့ံ။

Verse 64 — Surah Al-Qasas 28:64

၆၄။ ထိုအခါသူတို့က ဟယ်-သူမိုက်တို့၊ နင်တို့သည် အရှင်မြတ်နှင့်တွဲဘက်ထားသောသင်တို့၏ဘုရားတုများ၌ ခဝပ်ဆုတောင်းကြလော့ဟု ဗျာဒိတ်တော်ပေးတော် မူလတ့ံ၊ သူတို့လည်း ဆုတောင်းကြလတ့ံ၊ သို့သော်ဘုရား ပျက်တို့က အဖြေမပေးချေ၊ ထိုသူတို့သည် ငရဲမီးကိုသာ မြင်ကြရလတ့ံ၊ သူတို့သည် လမ်းမှန်ကို ရခဲ့လျှင် ကောင်းလေစွ။

Verse 65 — Surah Al-Qasas 28:65

၆၅။ ထို့အပြင်နေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူမိုက်တို့အား ခေါ်တော်မူလျက် မိစ္ဆာမိုက်တို့၊ နင်တို့သည် ငါစေလွှတ်တော်မူသောတမန်တော်တို့အား အဘယ်အဖြေကို ပေးကြလေသနည်းဟု မေးတော်မူလတ့ံ။

Verse 66 — Surah Al-Qasas 28:66

၆၆။ ထိုနေ့တော်ကြီး၌ ထိုသူတို့သည် မည်သည့်အကြောင်းကိုမှ သတိမရ၊ တွေဝေမိန်းမောနေကြလတ့ံ၊ ထို့အပြင် သူတို့သည် အချင်းချင်းမေးမြန်းနှုတ်ဆက်ကြမည်မဟုတ်ချေ။

Verse 67 — Surah Al-Qasas 28:67

၆၇။ သို့သော်အကြင်သူသည် မိမိအပြစ်ကို နောင်တရအ့ံ၊ ဘုရားတရားကို ယုံကြည်အ့ံ၊ အမှန်ကို ပြုအ့ံ၊ ထိုသူသည် အောင်မြင်သူများအထဲမှ ဖြစ်ကောင်းဖြစ်လိမ့်မည်။

Verse 68 — Surah Al-Qasas 28:68

၆၈။ တမန်တော်၊ သင်၏ အရှင်သခင်သည် မိမိအလိုတော်ရှိရာနှင့် ရွေးချယ်နှစ်သက်တော်မူရာကို ဖြစ်စေတော်မူ၏၊ သူတို့မှာ ရွေးချယ်ခွင့်မရှိချေ၊ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့ခြင်းကင်းသောအနန္တဂုဏ်တော်ရှင်ဖြစ်တော်မူပါ၏၊ မိစ္ဆာမိုက်တို့တွဲဖက်သောဘုရားတုဘုရားယောင်များထက် သာလွန်မြင့်မြတ်တော်မူ၏။

Verse 69 — Surah Al-Qasas 28:69

၆၉။ ထို့အပြင်သင်၏အသက်သခင်ကျေးဇူးရှင်သည် ထိုမိစ္ဆာယုတ်တို့၏ မိမိတို့စိတ်နှလုံးတွင် ဖုံးကွယ်ထားသော အရာ၊ သူတို့ထုတ်ဖော်ပြောသောအရာအလုံးစုံကို အကြွင်းမဲ့သိတော်မူ၏။

Verse 70 — Surah Al-Qasas 28:70

၇ဝ။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် အရှင်သခင်ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ ဤဘဝ၊နောင်ဘဝတွင် ချီးမွမ်းခြင်းအပေါင်းတို့သည် အရှင်မြတ်၏ အရာသာလျှင်ဖြစ်၏၊ စိုးမုုိအုပ်ချုပ်ခြင်း တည်ရာသည် အရှင်မြတ်သာလျှင်ဖြစ်ပါ၏၊ သင်တို့အားလုံးသည် အရှင်မြတ်ထံသို့ ပြန်အပို့ခံရကြမည်သာတည်း။

Verse 71 — Surah Al-Qasas 28:71

၇၁။ တမန်တော်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့သည် ဤအကြောင်းကို စဉ်းစားဆင်ခြင်ပြီးကြသလော၊ အကယ်၍အလ္လာဟ်မအရှင်မြတ်သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီးတိုင်အောင် သင်တို့အဖို့ရာ ညဉ့်ကို မပြတ်မလပ်အစဉ်တည်စေတော်မူခဲ့ပါလျှင် အရှင်မြတ်မှတပါး အဘယ်ဘုရားသည် နေ့အလင်းရောင်ကို သင်တို့ အား ပေးနိုင်အ့ံနည်း၊ ထို့ကြောင့်သင်တို့သည် ကြားနာကြမည်မဟုတ်လော။

Verse 72 — Surah Al-Qasas 28:72

၇၂။ တမန်တော်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့သည် ဤအကြောင်းအရာကို စဉ်းစားဆင်ခြင်ပြီး ကြသလော၊ အကယ်၍အလ္လာဟ်အရှင်မြတ်သည် သင်တို့အဖို့အရာနေ့ကို ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး တိုင်အောင် မပြတ်မစဲတည်စေတော်မူပါလျှင် အလ္လာဟ်အရှင်မြတ်မှတပါး အဘယ်ဘုရားသည် သင်တို့အိပ်စက် အမောဖြေရန် ညဉ့်ကို ဖန်ဆင်းနိုင်အံ့နည်း၊ ထို့ကြောင့်သင်တို့သည် မြင်ကြမည်မဟုတ်လော။

Verse 73 — Surah Al-Qasas 28:73

၇၃။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကောင်းကြီးမင်္ဂလာတော်အနန္တများအနက် ညဉ့်နှင့်နေ့ကို သင်တို့အဖို့အရာ ဖန်ဆင်းတော်မူ၏၊ ညဉ့်သည် သင်တို့အိပ်စက်အမောဖြေရန်အတွက်၊ နေ့သည် သင်တို့အရှင်မြတ်၏ ကျေးဇူး တော်ကို ရှာမီးရန်အတွက်ဖြစ်၏၊ ယင်းသို့စီရင်ခြင်းသည် သင်တို့ကျေးဇူးသိကောင်းသိဖို့ရာဖြစ်၏။

Verse 74 — Surah Al-Qasas 28:74

၇၄။ နေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ခေါ်တော်မူပြီးလျှင် အမိုက်ကောင်တို့၊ နင်တို့သည် ငါနှင့်တွဲဖက်သောဘုရားဟု ရမ်းဆထင်မှတ်သောအရာတို့သည် အဘယ်မှာနည်း။

Verse 75 — Surah Al-Qasas 28:75

၇၅။ ထို့အပြင်ငါသည် လူမျိုးတိုင်းလူမျိုးတိုင်းမှ သက်သေတစ်ယောက်စီကို ခေါ်ထုတ်ပြီးလျှင် နင်တို့၏အကိုးအကား သက်သေခံချက်ကို တင်ပြလော့ဟု ဗျာဒိတ်ပေးတော်မူလတံ့၊ ထိုအခါသူတို့သည် သစ္စာတရားတော်မှာ အလ္လာဟ် အရှင်မြတ်၌သာ ရှိကြောင်းကို သိကြရလတ့ံ၊ သူတို့ဖန်တီးသောဘုရားများသည် သူတို့အား အကျိုးလုံးဝပေး လိမ့်မည်မဟုတ်ချေ။

Verse 76 — Surah Al-Qasas 28:76

၇၆။ ကာရွန်ဆိုသူသည် တမန်တော်မူစာ၏ လူများထဲမှ ဖြစ်၏၊ သို့သော်သူသည် မိမိလူများကို နှိပ်စက်၏၊ ထို့ အပြင်ငါသည် သူ့အား အလွန်များပြားလှစွာသောဥစ္စာပစ္စည်းရွှေငွေကို ပေးသနားတော်မူလေ၏၊ ထိုဥစ္စာရတနာ တို့သည် များပြားလှသဖြင့် ၎င်းတို့ကို ခွန်အားဗလကြီးသောစစ်တပ်တစ်တပ်ပင်လျှင် ခဲယဉ်းစွာနှင့်သယ်ပိုး ထမ်းဆောင်ကြရ၏၊ ၎င်း၏အမျိုးသားတို့က သူ့အား အို-ကာရွန်၊ အထူးဝမ်းမြောက်ဝမ်းသာမရှိလင့်၊ မှတ်သား လော့၊ အလ္လာဟ်အရှင်မြတ်သည် ဥစ္စာဂုဏ်မောက်သူကို မြတ်နိုးတော်မမူချေ။

Verse 77 — Surah Al-Qasas 28:77

၇၇။ သို့သော်သင်သည် မိမိိအား အရှင်မြတ်ပေးသနားတော်မူသောစည်းစိမ်ချမ်းသာကို အရင်းအနှီးပြု၍ နောင် တမလွန်ဘဝတွင် နေထိုင်ဖို့ရာ ဗိမာန်ရှာမီးလော့၊ သင်၏လောကီစည်းစိမ်ကာမဂုဏ်ဝေစုကိုလည်း မစွန့်လွှတ် လင့်၊ အလ္လာဟ်အရှင်မြတ်သည် သင့်ကို သနားကြင်နာသကဲ့သို့ သင်လည်း သူတပါးအား ကရုဏာသက်လော့၊ သင်သည် ကမ္ဘာမြေပေါ်တွင် ဒုစရိုက်မကောင်းမှုကို အားမထုတ်လင့်၊ မှတ်သားလော့၊ အလ္လာဟ်အရှင်မြတ်သည် မတရားမှုပွားများသူတို့ကို နှစ်သက်တော်မမူချေဟု ဆုံးမကြ၏။

Verse 78 — Surah Al-Qasas 28:78

၇၈။ ထိုအခါသူက အို-အချင်းတို့၊ ငါသည် မိမိအတတ်ပညာအစွမ်းကြောင့်သာ ထိုဥစ္စာရတနာများကို ရရှိ၏ဟု တုံ့ပြန်ပြောဆို၏၊ သူသည် မိမိထက်သာလွန်ခွန်အားကြီးမား၍ အခြွေအရံပေါများသောသူ့အလျင်ကျသော လူဟောင်းအဆက်အနွယ်အမြောက်အများကို ထောင်းထောင်းကြေအောင်ဖျက်ဆီးတော်မူကြောင်းကို မသိ သလော၊ ဒုစရုက်ကောင်များအား မိမိတို့ကျူးလွန်သောအပြစ်များအကြောင်းကို စစ်ကြောမည်မဟုတ်ချေ။

Verse 79 — Surah Al-Qasas 28:79

၇၉။ ထို့နောက်ကာရွန်သည် မိမိ၏အမျိုးသားတို့ရှေ့သို့ ခမ်းနားကြီးကျယ်စွာတန်ဆာဆင်ယင်၍ ထွက်လာ၏၊ ဤ လောကီစည်းစိမ်ကာမဂုဏ်ကို တပ်မက်မောသောသူတို့က ငါတို့ကို ကာရွန်အား ပေးသနားတော်မူသော စည်းစိမ်ချမ်းသာကဲ့သို့ သနားတော်မူပါလျှင် တော်လေစွ၊ မှတ်သားကြလော့၊ သူသည် အလွန်ထူးချွန်သော ကံရှင်ဖြစ်၏ဟု ချီးကျူးကြ၏။

Verse 80 — Surah Al-Qasas 28:80

၈ဝ။ သို့သော်ပညာဉာာဏ်ရှိသူတို့က ဟယ်-အချင်းတို့၊ သင်တို့သည် ပျက်စီးခြင်းဒုက္ခသို့ ဆိုက်ရောက်ရာသာတည်း၊ ယုံကြည်လျက် ကုသိုလ်ကောင်းမှုအားထုတ်သူအား အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသည့်ဆုတော်သည် ၎င်းဥစ္စာရတနာတို့ထက် မြင့်မြတ်၏၊ ထိုအကျိုးသုခကို ခန္တီပါရမီနှင့် သမာဓိခိုင်မြဲခြင်း၊ ဂုဏ်ရှိသူသာလျှင် ခံစားရမည်ဆိုကြ၏။

Verse 81 — Surah Al-Qasas 28:81

၈၁။ ထို့ကြောင့်ငါသည် ကာရွန်နှင့် ၎င်း၏တိုက်တာနေအိမ်ကို မြေမျိုစေတော်မူ၏၊ ထိုအခါသူ့အား အလ္လာဟ်အရှင် မြတ်၏ အပြစ်ဒဏ်တော်မှ ကယ်နှုတ်မည့်သူတစ်စုံတစ််ယောက်မျှမရှိချေ၊ ထို့အပြင်သူသည် မိမိကိုယ်ကို မိမိကယ်ဆယ်ခြင်းငှာ စွမ်းနိုင်သူတို့ဘောင်တွင် အပါအဝင်မဟုတ်ချေ။

Verse 82 — Surah Al-Qasas 28:82

၈၂။ ယမန်နေ့က သူ၏ချမ်းသာစည်းစိမ်ကို မက်မောသူတို့သည် နံနက်တွင် ဤသို့ဆိုကြကုန်၏၊ အမှန်ကိိုဆိုသော် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးတော်မျိုးကျွန်တော်မျုုိးတို့အနက် အလိုတော်ရှိသူအား ရိက္ခာအစားအစာ ပေါများစေတော်မူ၏၊ အလိုတော်ရှိသူအား ရိက္ခာကျဉ်းမြောင်းစေတော်မူ၏၊ အကယ်၍အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်တို့အား ကရုဏာပြတော်မမူပါလျှင် အရှင်မြတ်သည် အကျွနု်ပ်တို့ကိုလည်း မြေမျိုစေတော်မူမည်၊ အကယ်စင်စစ်မိစ္ဆာဒိဋ္ဌိများသည် မည်သည့်အခါမျှတိုးတက်ကြီးပွားမည်မဟုတ်ချေ။

Verse 83 — Surah Al-Qasas 28:83

၈၃။ နောင်တမလွန်ဗိမာန်ကြီးကိုမူကား ငါသည် ကမ္ဘာမြေအပေါ်ဝယ် ညှင်းပန်းနှိပ်စက်ခြင်းနှင့် မတရားညစ်ပတ်မှုကို မပြုကျင့်သူတို့အဖို့အရာ စီရင်ထားတော်မူ၏၊ ဤဗိမာန်သည် မကောင်းမှုတို့ကို ကြဉ်ရှောင်သူတို့၏ အကျိုးဆက် ပေတည်း။

Verse 84 — Surah Al-Qasas 28:84

၈၄။ အကြင်သူသည် သုစရိုက်ကောင်းမှုတစ်ပါးကို ခံစားရလတ့ံ၊ ထိုသူသည် မိမိကောင်းမှုထက် သာလွန်မြင့်မြတ် သောအကျိုးသုခကို ခံစားရလတ့ံ၊ ဒုစရိုက်မှုကျူးလွန်သူများမှာမူူကား ၎င်းတို့ပြုကျင့်အ့ံသောအကုသိုလ်ကံ အတိုင်းသာအပြစ်ဒုက္ခခံစားရလတံ့။

Verse 85 — Surah Al-Qasas 28:85

၈၅။ တမန်တော်မှတ်သားလော့၊ သင့်အား ကျမ်းမြတ်ကုရ်အာန်ကို ပညတ်တရားတော်အဖြစ်ဖြင့် ထုတ်ပြန်ပို့ချပေး သနားတော်မူသောအရှင်မြတ်သည် သင့်ကို မုချအမှန်သင့်နေရာသို့ တဖန်ပို့ဆောင်တော်မူလတ့ံ၊ တမန်တော် သင်ဟောကြာလော့၊ အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်သည် အဘယ်သူသည် လမ်းညွှန်တရားကို ယူဆောင် လာသည်၊ အဘယ်သူသည် သိသာထင်ရှားသောအမှားတွင် နစ်မွန်းနေသည်ကို အသိဆုံးဖြစ်တော်မူ၏။

Verse 86 — Surah Al-Qasas 28:86

၈၆။ တမန်တော် သင်သည် မိမိနှလုံးအိမ်၌ ကျမ်းမြတ်ကုရ်အာန်ကို ထင်ရှားစေတော်မူပါမည်ဟု မျှော်လင့်ခြင်းမရှိခဲ့ချေ၊ သို့သော်ကျမ်းတော်သည် သင်၏ အရှင်သခင်ထံမှ ကောင်းကြီးမင်္ဂလာတော်တစ်ပါးဖြစ်၏၊ ထို့ကြောင့်သင်သည် မည်သည့်အခါမှ မယုံကြည်သူတို့ကို ကူညီစောင်မသူမဖြစ်လင့်။

Verse 87 — Surah Al-Qasas 28:87

၈၇။ တမန်တော် အရှင်မြတ်၏နှုတ်ကပတ်တော်များမှ သင့်ထံသို့ ကျရောက်လာပြီးမှ မိစ္ဆာယုတ်တို့သည် သင့်အား ထိုနှုတ်ကပတ်တော်များမှ လှည့်မသွားအောင် မလှည့်စားစေလင့်၊ သို့သော်လူသားတို့အား သင်၏အရှင်သခင် ဘက်တော်သို့ ဖိတ်ခေါ်လော့၊ အရှင်မြတ်အား ဘက်စပ်သူတို့ဘောင်တွင် သင်မပါဝင်လင့်။

Verse 88 — Surah Al-Qasas 28:88

၈၈။ ထို့အပြင်သင်သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ မည်သည့်အရာကိုမျှ မကိုးကွယ်လင့်၊ အလ္လာဟ်အရှင်မြတ် မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်၏ မျက်နှာတော်မှတပါး ခပ်သိမ်းကုန်သောအရာဝထ္ထုတို့သည် အကုန်အစင်ပျက်စီးရမည်သာတည်း၊ တစ်ချက်လွှတ်အမိန့်တော်သည် အရှင်မြတ်၏အမိန့်တော်သာတည်း၊ အရှင်မြတ်ထံသို့ သင်တို့ကို ပြန်ပို့မည်သာတည်း။