Verse 1 — Surah Al-Ankabut 29:1
၁။ ''အလိ(ဖ်)လာမ်မီး(မ်)''။
Verse 2 — Surah Al-Ankabut 29:2
၂။ အကျွနု်ပ်တို့သည် ယုံကြည်ကြပါသည်ဟု ဆိုရုံမျှနှင့် လူသားတို့အား မစမ်းသပ်ပဲ ချမ်းသာသုခတွင် စံစားစေတော် မူမည်ဟု သူတို့ထင်မှတ်ကြသလော။
Verse 3 — Surah Al-Ankabut 29:3
၃။ မှတ်သားကြလော့၊ ငါသည် သင်တို့ထက်ရှေးကျသောလူဟောင်းများကို စုံစမ်းတော်မူ၏၊ ဤနည်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် ဟုန်မဆောင်သူများနှင့် ယုံကြည်ဟန်ဆောင်သူများကို ခြားနားသိတော်မူ၏။
Verse 4 — Surah Al-Ankabut 29:4
၄။ သို့မဟုတ်မကောင်းမှုကျူးလွန်သူတို့သည် ငါအရှင်မြတ်အထံတော်မှ လွတ်အောင် ပြေးနိုင်မည်ဟု အထင်ရှိ ကြသလော၊ သူတို့ကြံစည်ဆုံးဖြတ်သမျှသည် သူတို့အတွက် မကောင်းမှုသာဖြစ်၏။
Verse 5 — Surah Al-Ankabut 29:5
၅။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို မျက်ဝါးထင်ထင်ဖူးမြင်ဖို့ရာ မျှော်လင့်အ့ံ၊ ထိုသူအား အရှင်မြတ်၏ စစ်ကြောစီရင်တော်မူခြင်းမှာ အမှန်ပင်နီးကပ်လာသည်ကို သိစေလော့၊ အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 6 — Surah Al-Ankabut 29:6
၆။ ထို့အပြင်အကြင်သူသည် ကြိုးစားအားထုတ်အ့ံ၊ ထိုုသူသည် မိမိအဖို့သာ ကြိုးစားသည်မည်၏၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဘဏ္ဍာတော်များအား လုံးဝမှီခိုတော်မမူချေ။
Verse 7 — Surah Al-Ankabut 29:7
၇။ အကြင်သူတို့သည် ယုံကြည်၍ ကုသိုလ်ကောင်းမှုပြုကျင့်အ့ံ၊ ငါသည် ထိုသူအား သူတို့၏ အကုသိုလ်မကောင်းမှု ကို လျော်ပစ်၍ မြင့်မြတ်သောကောင်းမှု၏ အကျိုးသုခကို ပေးသနားတော်မူမည်။
Verse 8 — Surah Al-Ankabut 29:8
၈။ ငါသည် လူသားအား မိမိ၏မိဘနှစ်းပါးကို သနားကြင်နာရမည်ဟု ပညတ်တော်မူ၏၊ သို့သော်သူတို့က သင့်အား မိမိမသိသောအရာတို့ကို ငါနှင့်တွဲဖက်ရှိခိုးပူဇော်ခိုင်းသော် သင်သည် သူတို့စကားကို နားမထောင်လင့်၊ သင်တို့ အားလုံးသည် ငါ့အထံတော်သို့ ပြန်လာကြရမည်သာတည်း၊ ထိုအခါသင်တို့အား သင်တို့ပြုကျင့်လေ့ရှိသော အရာများကို ငါမိန့်ကြားတော်မူလတ့ံ။
Verse 9 — Surah Al-Ankabut 29:9
၉။ ထို့အပြင်အကြင်သူတို့သည် ယုံကြည်၍ ကုသိုလ်ကောင်းမှုပြုကျင့်အ့ံ၊ ငါသည် ထိုသူတို့အား သူတော်စင်တို့ ဘောင်တွင် အမှန်ပင်ပါဝင်စေတော်မူမည်။
Verse 10 — Surah Al-Ankabut 29:10
၁ဝ။ လူသားတို့တွင် အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ပါ၏ဟု ဆိုသူရှိ၏၊ သို့သော်အကယ်၍ ငါအလ္လာဟ်အရှင်မြတ်အတွက် သူ့အား အနစ်နာခံစေလျှင် သူသည် လူသားတို့၏ ညှင်းဆဲနှိပ်စက်မှုကို အလ္လာဟ် အရှင်မြတ်ပေးတော်မူသောအပြစ်ဒဏ်ဟု ထင်မှား၏၊ ထို့နောက်သင်၏ အရှင်သခင်အထံတော်မှ အောင်နိုင်ခြင်း ကျရောက်လာသောအခါ သူတို့က ရှင်မိုဟမ္မဒ်၊ အကျွနု်ပ်တို့သည် သင်နှင့်ထက်ကြပ်မကွာအတူတကွမုချရှိကြ၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်တို့၏ စိတ်နှလုံးအတွင်း ရှိရှိသမျှကို အကြွင်းမဲ့သိတော်မူသည် မဟုတ်လော။
Verse 11 — Surah Al-Ankabut 29:11
၁၁။ အကယ်စင်စစ်အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့ကို မုချသိတော်မူ၏၊ ယုံကြည်ဟန်ဆောင်သူတို့ကိုလည်း အမှန်သိတော်မူ၏။
Verse 12 — Surah Al-Ankabut 29:12
၁၂။ မိစ္ဆာဒိဋ္ဌိတို့က ယုံကြည်သူတို့အား ဟယ်-အချင်းတို့၊ ငါတို့အယူဝါဒကို လိုက်နာကျင့်ကြံလော့၊ ငါတို့သည် သင်တို့အစား သင်တို့၏အပြစ်ကို မုချဧကန်ခံကြမည်ဟု ဆိုကြ၏၊ သူတို့သည် သူတို့၏အပြစ်အနည်းငယ်မျှ မခံနိုင်ကြချေ၊ မှတ်သားကြလော့၊ သူတို့သည် မုသားကောင်များဖြစ်ကြ၏။
Verse 13 — Surah Al-Ankabut 29:13
၁၃။ သို့သော်ထိုသူတို့သည် မိမိတို့၏ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်ကြရမည်၊ မိမိတို့ဝန်ထုပ်အပြင် အခြားအထုပ် အပိုးများကိုလည်း မုချဧကန်ထမ်းဆောင်ကြရမည်၊ ထို့အပြင်ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သူတို့သည် ၎င်းတို့ဖန်တီးသောအမှုများနှင့်စပ်လျဉ်း၍ စစ်ကြောစီရင်တော်မူခြင်းကို အမှန်အကန်ခံကြရလိမ့်မည်။
Verse 14 — Surah Al-Ankabut 29:14
၁၄။ ငါသည် တမန်တော်နူဟိုအား သူ၏အမျိုးသားတို့ထံ ငါ၏ တမန်တော်အဖြစ်ဖြင့် မုချစေလွှတ်တော်မူ၏၊ သူ သည် ထိုသူများနှင့်အတူတကွ နှစ်ပေါင်းတစ်ထောင်တွင် ငါးဆယ်လျော့တိုင်အောင်နေ၏၊ ထို့နောက်သူတို့သည် အကုသိုလ်မကောင်းမှုကျူးလွန်သူများဖြစ်သောကြောင့် သူတို့ကို ရေမျို၏။
Verse 15 — Surah Al-Ankabut 29:15
၁၅။ ထိုအခါငါသည် တမန်တော်နူဟိုကိုလည်းကောင်း၊ သူနှင့်အတူ သင်္ဘောပေါ်ရှိသူတို့ကိုလည်းကောင်း၊ ကယ်ဆယ် တော်မူ၏၊ ဤအဖြစ်အပျက်ကို လူသားအပေါင်းတို့အဖို့အရာ နိမိတ်လက္ခဏာအ့ံဖွယ်တော်တစ်ပါးဖြစ်စေ တော်မူ၏။
Verse 16 — Surah Al-Ankabut 29:16
၁၆။ ထို့အပြင်တမန်တော်အေဗရာဟမ်၊ မှတ်သားကြလော့၊ သူသည် မိမိအမျိုးသားတို့အား ဤသို့ဟောကြား၏၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြလော့၊ အရှင်မြတ်၏ အမှုတော်ကို ကျေကုန်အောင် ထမ်းဆောင်ကြလော့၊ ဤအကျင့်အကြံသည် သင်တို့အဖို့ သာလွန်မွန်မြတ်၏၊ သင်တို့သိလျှင် တော်လေစွ။
Verse 17 — Surah Al-Ankabut 29:17
၁၇။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အစား ရုပ်ပွားဆင်းတုများကိုသာ ရှိခိုးပူဇော်ကြ၏၊ သင်တို့သည် မိစ္ဆာဝါဒကိုသာ ဖန်တီးကြ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်အစား သင်တို့ကိုးကွယ်သောဘုရားတုများသည် သင်တို့ အတွက် ရိက္ခာဥစ္စာမပိုင်ချေ၊ ထို့ကြောင့်သင်တို့သည် မိမိတို့ရိက္ခာပစ္စည်းကို အလ္လာဟ်အရှင်မြတ်အထံတော် မှာသာ ရှာမီးကြလော့၊ အရှင်မြတ်အား ကိုးကွယ်ကြလော့၊ အရှင်မြတ်အား ကျေးဇူးတင်ကြလော့၊ အကြောင်း မူကား သင်တို့ကို အရှင့်အထံတော်သို့ ပြန်ပို့မည်သာတည်း။
Verse 18 — Surah Al-Ankabut 29:18
၁၈။ သို့သော်သင်တို့သည် ငြင်းဆန်ကြလျှင် သင်တို့အလျင်ရှေးလူမျိုးဟောင်းများစွာတို့သည်လည်း ငြင်းပယ်ကြ၏၊ တမန်တော်မှာမူကား တရားဒေသနာတော်ကို ထင်ထင်ရှားရှားဟောကြားဖို့ရာဖြစ်၏။
Verse 19 — Surah Al-Ankabut 29:19
၁၉။ အလ္လာဟ်အရှင်မြတ်သည် စတင်ဖန်ဆင်းတော်မူ၏၊ နောက်ထပ်တဖန်ဖန်ဆင်းတော်မူမည်ကို သူတို့သည် မသိ မမြင်ကြသလော၊ ၎င်းဖန်ဆင်းတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်အဖို့အရာ အလွန်လွယ်ကူ၏။
Verse 20 — Surah Al-Ankabut 29:20
၂ဝ။ တမန်တော်မိုဟမ္မဒ်၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့သည် ကမ္ဘာမြေပေါ်ဝယ် လှည့်လည် သွားလာ၍ အရှင်မြတ်သည် ဖန်ဆင်းမှုကို မည်သို့စတင်စီရင်တော်မူသည်၊ နောင်ကိုလည်း မည်သို့ထပ်မံဖန်ဆင်း တော်မူသည်တို့ကို ကြည့်ရှုလော့၊ အလ္လာဟ်အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။
Verse 21 — Surah Al-Ankabut 29:21
၂၁။ အလ္လာဟ်အရှင်မြတ်သည် အပြစ်ဒဏ်ခတ်လိုတော်သောသူကို ဒဏ်ခတ်တော်မူ၏၊ အလိုတော်ရှိသူကို ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏၊ သင်တို့အလုံးစုံသည် အရှင်မြတ်အထံတော်သို့ ပြန်ကြရမည်သာတည်း။
Verse 22 — Surah Al-Ankabut 29:22
၂၂။ ကမ္ဘာမြေပြင်ပေါ်၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ လွတ်အောင် မပြေးနိုင်ချေ၊ ထို့အပြင်အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့၌ အဆွေခင်ပွန်းသော်လည်းကောင်း၊ ကူညီရိုင်းပင်းသူသော်လည်းကောင်း မရှိချေ။
Verse 23 — Surah Al-Ankabut 29:23
၂၃။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကိုလည်းကောင်း၊ အရှင်မြတ်အား တွေ့ဆုံ ဖူးမြော်ရမည်ကိုလည်းကောင်း၊ မယုံကြည်အ့ံ၊ ထိုသူတို့၌ ငါ၏ ကောင်းကြီးမင်္ဂလာတော်ကို မျှော်လင့်စရာမရှိချေ၊ ထိုသူများအတွက် နာကျင်ဖွယ်သောအပြစ်ဒဏ်ရှိ၏။
Verse 24 — Surah Al-Ankabut 29:24
၂၄။ သို့သော်တမန်တော်၏ အမျိုးသားများက သူ့ုကို သတ်ပစ်ကြလော့(သို့မဟုတ်) မီးရှို့ပစ်ကြလော့ဟုသာ ပြန်ပြော ကြ၏၊ ထိုအခါအလ္လာဟ်အရှင်မြတ်သည် သူ့အား မီးမသန်းစေပဲ ကယ်နှုတ်တော်မူ၏၊ မှတ်သားကြလော့၊ ဤအကြောင်းအရာများတွင် ယုံကြည်သူတို့အဖို့ နိမိတ်လက္ခဏာအ့ံဖွယ်များအမှန်ပင်ပါရှိ၏။
Verse 25 — Surah Al-Ankabut 29:25
၂၅။ တမန်တော်က ဟယ်-အချင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အစား ဆင်းတုများကို ခဝပ်ကိုးကွယ်ကြ၏၊ သင်တို့အချင်းချင်းသည် ဤဘဝအတွက်သာဖြစ်၏၊ ထို့နောက်ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သင်တို့ သည် အချင်းချင်တစ်ဦးကို တစ်ဦးက ငြင်းပယ်ကျိန်ဆဲကြလတ့ံ၊ ထို့အပြင်သင်တို့၏ဗိမာန်သည်ကား အဝီစိ ငရဲမီးဖြစ်၏၊ သင်တို့၌ ကယ်ဆယ်စောင်မသူများရှိမည်မဟုတ်ချေဟု ပြောကြား၏။
Verse 26 — Surah Al-Ankabut 29:26
၂၆။ ထို့အပြင်လွဒ်သည် သူ၌ ယုံကြည်၏၊ တမန်တော်အေဗရာဟမ်က ဟယ်-လွဒ်၊ မှတ်သားလော့၊ ငါသည် မိမိ၏ အရှင်သခင်အထံတော်သို့ ထွက်ပြေးသူဖြစ်၏၊ မှတ်သားလော့၊ အရှင်မြတ်၊ အရှင်မြတ်သာလျှင် အနန္တ တန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 27 — Surah Al-Ankabut 29:27
၂၇။ ထို့အပြင်ငါအရှင်မြတ်သည် အေဗရာဟမ်အား အစ်စဟတ်(က်)နှင့် ယာကူး(ဗ်)ကို ပေးသနားတော်မူ၏၊ ထို့အပြင် သူမှ ဆင်းသက်ပေါက်ပွားသောသားမြေးတို့အထဲတွင် တမန်တော်ရာထူးနှင့် ကျမ်းတော်မြတ်ကို တည်ထားတော် မူ၏၊ ထို့အပြင်ငါသည် တမန်တော်အေဗရာဟမ်အား ဤလောကတွင် သူ၏ဆုကို ပေးတော်မူ၏၊ မှတ်သား ကြလော့၊ နောင်တမလွန်ဘဝ၌ သူသည် သူတော်သူမြတ်တို့ဘောင်တွင် အမှန်ပင်ပါဝင်၏။
Verse 28 — Surah Al-Ankabut 29:28
၂၈။ တဖန်တမန်တော်လွဒ်၊ မှတ်သားကြလော့၊ သူသည် မိမိအမျိုးသားတို့အား မှတ်သားကြလော့၊ သင်တို့အလျင် လာသောလူဟောင်းတို့မပြုကျင့်ခဲ့သောကာမရာဂညစ်ညမ်းမှုကို သင်တို့သည် ပြုကြ၏။
Verse 29 — Surah Al-Ankabut 29:29
၂၉။ အကြောင်းမူကားသင်တို့သည် ယောက်ျားအချင်းချင်းမေထုံအမှုကို ပြုကြသည်မဟုတ်လော၊ သင်တို့သည် ခရီးသွားရာလမ်းကို ဖျက်ဆီးသည်မဟုတ်လော၊ သင်တို့သည် မိမိတို့အစည်းအဝေးများ၌ လွန်စွာညစ်ညမ်း ကြသည်မဟုတ်လောဟု ပြော၏၊ သို့သော်သူ၏အမျိုးသားတို့က ဤသို့သာတုံ့ပြန်ပြောဆိုကြ၏၊ သင်အမှန် ဆိုသူဖြစ်ပါလျှင် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်ကို အကျွနု်ပ်တို့ထံ ယူဆောင်ခဲ့လော့။
Verse 30 — Surah Al-Ankabut 29:30
၃ဝ။ ထိုအခါတမန်တော်လွဒ်က အို-အကျွနု်ပ်၏ အရှင်သခင်၊ မတရားညစ်ညမ်းမှုကို ပွားများနေသူတို့ကို အကျွနု်ပ် အား အောင်စေတော်မူပါဟု ဆုတောင်းပဌနာပြု၏။
Verse 31 — Surah Al-Ankabut 29:31
၃၁။ ထို့အပြင်ငါ၏ ကောင်းကင်တမန်တော်တို့သည် တမန်တော်အေဗရာဟမ်ထံသို့ သတင်းကောင်းကို ယူဆောင် လာ၍ အို-တမန်တော်သခင်၊ အကျွနု်ပ်တို့သည် ထိုမြို့ရွာနယ်ပယ်ကို မုချဖျက်ဆီးတော့မည်၊ အကြောင်းမူကား ထိုဒေသတွင် မှီတင်းနေထိုင်သူတို့သည် မတရားမှုကျူးလွန်သူများဖြစ်ကြ၏ဟု ဆိုကြ၏။
Verse 32 — Surah Al-Ankabut 29:32
၃၂။ ထိုအခါအေဗရာဟမ်က မှတ်သားကြလော့၊ တမန်တော်လွဒ်သည် ထိုအရပ်တွင်ရှိ၏ဟု ပြော၏၊ ကောင်းကင် တမန်တော်တို့ပြန်ပြောသည်မှာ တမန်တော်၊ အကျွနု်ပ်တို့သည် သူ၏မိန်းမမှတပါး သူနှင့်တကွ သူ့အိမ်သူ အိမ်သားတို့ကို ကယ်တင်ကြရပါမည်၊ သူ၏မိန်းမသည် ထိုအရပ်တွင် ကျန်ရစ်သူတို့အထဲတွင် ပါဝင်ပါ၏ဟု ပြော၏။
Verse 33 — Surah Al-Ankabut 29:33
၃၃။ ထို့အပြင် ငါ၏ ကောင်းကင်တမန်တော်တို့သည် တမန်တော်လွဒ်ထံသို့ ရောက်ရှိသောအခါ သူသည် ထို ကောင်းကင်တမန်တော်တို့အတွက် စိတ်ညစ်၏၊ သူသည် တမန်တော်တို့ကို မစောင့်ရှောက်မကာကွယ်နိုင်သော ကြောင့်တည်း၊ သို့သော်ကောင်းကင်တမန်တော်တို့က အို-တမန်တော်သခင်၊ စိတ်မတုန်လှုပ်ပါလင့်၊ စိတ်မပူ ဆွေးပါလင့်၊ အကျွနု်ပ်တို့သည် သခင်၏ကြင်ယာတော်မှတပါး သခင်နှင့်တကွ အိမ်သူအိမ်သားအားလုံးကို ကယ်နှုတ်ယူရပါမည်၊ သခင်၏ကြင်ယာတော်မူကား ကျန်ရစ်သူတို့ဘောင်တွင် ပါဝင်ပါ၏။
Verse 34 — Surah Al-Ankabut 29:34
၃၄။ အို-တမန်တော်သခင်၊ ဤအရပ်ဒေသသူဒေသသားတို့သည် မတော်မတရားဒုစရိုက်အညစ်အညမ်းတို့ကို ကျူးလွန်ပြုကျင့်သောကြောင့် အကျွနု်ပ်တို့သည် ထိုသူယုတ်မာတို့အပေါ်သို့ ကောင်းကင်မှ ပြင်းထန်သောအမျက် ဒေါသကို ပစ်ချကြပါမည်ဟု ပြောကြ၏။
Verse 35 — Surah Al-Ankabut 29:35
၃၅။ ဉာာဏ်ပညာရှိသူတို့အဖို့ ငါသည် ဤအဖြစ်အပျက်၌ ထင်ရှားသောအတိတ်နိမိတ်လက္ခဏာတော်တစ်ပါးထားခဲ့ တော်မူ၏။
Verse 36 — Surah Al-Ankabut 29:36
၃၆။ ထို့အပြင်မဒယန်မြို့သူမြို့သားတို့ထံ သူတို့၏သားချင်းတမန်တော်ရှုအိုက်ဗ်ကို ငါစေလွှတ်တော်မူ၏၊ သူဟောကြား သည်မှာ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြလော့၊ နောက်ဆုံးနေ့တော်ကြီးကို မျှော်လင့် ကြလော့၊ မြေပေါ်၌ ပျက်စီးမှုများပြားသောအကုသိုလ်မကောင်းမှုကို မပြုကြလင့်ဟု ပြော၏။
Verse 37 — Surah Al-Ankabut 29:37
၃၇။ သို့သော်ထိုမြို့နေလူတို့သည် တမန်တော်ကို မယုံကြည်ငြင်းဆန်ကြ၏၊ ထိုအခါအလွန်ပြင်းထန်ကြောက်မက်ဖွယ် သောမြေငလျင်လှုပ်၏၊ နံနက်မိုးသောက်သောအခါ ထိုသူတို့အား မိမိတို့တိုက်တာအိမ်ရာအတွင်း၌ ကျွမ်းထိုး မှောက်ခုံသေကြေပျက်စီးလျက် တွေ့ရ၏။
Verse 38 — Surah Al-Ankabut 29:38
၃၈။ ထို့အပြင်အားဒ်နှင့် စမုဒ်လူမျိုးစုများ သူတို့၏ ကြွင်းကျန်ယိုယွင်းသောအဆောက်အအုံများမှ သူတို့သည် အဘယ်ဘဝသို့ ဆိုက်ရောက်ကြသည်ကို သင်တို့ကောင်းစွာသိနိုင်၏၊ ရှိုင်တန်မာရ်နတ်သည် သူတို့အား မိမိတို့ ပြကျင့်မှုများကို အကောင်းထင်မှတ်စေ၏၊ လမ်းမှန်မှ တားဆီးထား၏၊ ထိုသူများသည် ဉာာဏ်ပညာထက်မြက် သော်လည်း လှည့်စားခြင်းကို ခံကြရ၏။
Verse 39 — Surah Al-Ankabut 29:39
၃၉။ ထို့အပြင်ကာရွန်၊ ဖွာရောနှင့်ဟာမန်၊ တမန်တော်မူစာတို့ထံသို့ အလ္လာဟ်၏ အချုပ်အခြာအာဏာကို ထောက်ခံ သော၊ ထင်ရှားခိုင်မာသောသက်သေခံချက်များကို ယူဆောင်လာ၏၊ သို့သော် သူတို့သည် ကမ္ဘာမြေပေါ်၌ ဝါကြွားထောင်လွှားသူများဖြစ်ကြ၏၊ သူတို့သည် ငါ့အထံတော်မှ လွတ်အောင်ပြေးနိုင်သူများမဟုတ်ချေ။
Verse 40 — Surah Al-Ankabut 29:40
၄ဝ။ ထို့ကြောင့်ငါအရှင်မြတ်သည် တစ်ယောက်စီကို သူ၏ပြစ်မှုအတွက် ဖမ်းဆီးတော်မူသည်၊ သူတို့အနက်သူ့အပေါ် သို့ ငါ လေနီကြမ်းလွှတ်တော်မူ၏၊ သူတို့အနက်ကြောက်မက်ဖွယ်သောအသံကြီးဖမ်းဆီးခံရသူလည်း ရှိ၏၊ သူတို့အနက် ငါမြေမျိုစေတော်မူခြင်းခံရသူလည်းရှိ၏၊ ငါရေမျိုစေတော်မူခြင်းခံရသူလည်း ရှိ၏၊ အလ္လာဟ်အရှင် မြတ်သည် သူတို့ကို မတရားပြစ်မှားတော်မူသည်မဟုတ်ချေ၊ သို့သော်သူတို့သည် မိမိကိုယ်ကို မိမိပြစ်မှားကြ၏။
Verse 41 — Surah Al-Ankabut 29:41
၄၁။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားကိုးကွယ်သူရှာသောသူတို့၏ပမာကို ဆိုသော် ထိုသူတို့အတွက် မိမိအတွက် အိမ်ဆောက်သောပင့်ကူနှင့်တူ၏၊ မှတ်သားကြလော့၊ အိမ်အပေါင်းတို့တွင် အပျော့ဆုံး၊အပျက်လွယ်ဆုံးသောအိမ် သည်ကား ပင့်ကူအိမ်ဖြစ်၏၊ ဤအကြောင်းကို သူတို့သိလျှင် တော်လေစွ။
Verse 42 — Surah Al-Ankabut 29:42
၄၂။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိမိအစား သူတို့သည် အဘယ်အရာကို ကိုးကွယ်သည်ကို အကြွင်းမဲ့သိတော်မူ၏၊ အရှင်မြတ်သည် အနန္တတန်းခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 43 — Surah Al-Ankabut 29:43
၄၃။ ငါသည် ဤဥပများကို လူသားတို့အတွက် စီရင်တော်မူ၏၊ သို့သော်သူတို့အနက်ပညာရှိတို့မှတပါး မည်သူမျှ ထိုဥပမာများ၏ ဆိုလိုချက်အဓိပ္ပါယ်ကို နားလည်ကြမည်မဟုတ်ချေ။
Verse 44 — Surah Al-Ankabut 29:44
၄၄။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေကြီးကို မုချဖန်ဆင်းတော်မူ၏၊ မှတ်သားကြလော့၊ ဤအကြောင်းအရာတွင် ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာအ့ံဖွယ်တော်တစ်ပါးရှိ၏။
Verse 45 — Surah Al-Ankabut 29:45
၄၅။ တမန်တော်၊ သင်၏နှလုံးအိမ်တွင် ထင်ရှားစေခြင်းဖြင့် ချပေးသနားတော်မူသောကျမ်းမြတ်ကုရ်အာန်ကို ဖတ်ရွတ် လော့၊ အရှင့်ဆွလဝသ်၌ တည်တ့ံခိုင်မြဲလော့၊ မှတ်သားလော့၊ ဆွလဝသ်ပြုခြင်းသည် မတရားဆိုးသွမ်းမှုနှင့် ကာမယုတ်ည့ံမှုတို့မှ လူသားကို ကာကွယ်ထား၏၊ သို့သော်အလ္လာဟ်အရှင်မြတ်ကို အာရုံပြုခြင်းသည် သာလွန် အရေးကြီး၏၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှကို သိတော်မူ၏။
Verse 46 — Surah Al-Ankabut 29:46
၄၆။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ရှေးကျမ်းတော်ကြီးများကို ယုံကြည်သူတို့နှင့် တရားစကားအငြင်းအခုံ မပြုကြလင့်၊ သို့သော်သူတို့အနက် မတရားမှုကို ပြုကျင့်သူတို့အား တရားရရှိစေရန် ဆွေးနွေးဟောပြောကြလော့၊ ထို့အပြင်သင်တို့က ဟယ်-အချင်းတို့၊ အကျွနု်ပ်တို့သည် သင်တို့နှင့် မိမိတို့ထံချပေးသနားတော်မူသောကျမ်းတော် အသီးသီးကို ယုံကြည်ကြ၏၊ အကျွနု်ပ်တို့၏ အရှင်သခင်နှင့် သင်တို့၏ အရှင်သခင်သည် တစ်ဆူတည်းဖြစ်တော် မူ၏၊ အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံနာခံကြ၏။
Verse 47 — Surah Al-Ankabut 29:47
၄၇။ တမန်တော်၊ ထိုနည်းတူငါသည် သင့်ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို ချပေးသနားတော်မူ၏၊ ထို့အပြင်ရှေးလွန်လေ ပြီးသောအခါ၌ ကျမ်းတော်မြတ်နှင့် ချီးမြှောက်ခြင်းခံရသူတို့သည် ကုရ်အာန်ကျမ်းတော်ကို သက်ဝင်ယုံကြည် ကြလိမ့်မည်၊ မယုံကြည်သူတို့မှတပါး မည်သူတစ်စုံတစ်ယောက်မှ ငါ၏ကျမ်းဂန်တော်ကို တွန်းလှန်ဖယ်ရှား ကြမည်မဟုတ်။
Verse 48 — Surah Al-Ankabut 29:48
၄၈။ တမန်တော်မိုဟမ္မဒ်၊ ကျမ်းမြတ်ကုရ်အာ်န်မကျရောက်လာမီ ကျဆင်းလာသောကျမ်းတော်ဟောင်းတို့ကို သင် ဖတ်ဖူးသည်မဟုတ်၊ ကုရ်အာန်ကျမ်းတော်ကို သင်သည် မိမိလက်ဖြင့် ရေးတတ်သည်လည်းမဟုတ်၊ အကယ်၍ ကုရ်အာန်ကျမ်းတော်ကို သင်ရေးထုတ်ခဲ့လျှင် မိစ္ဆာလမ်းကို လိုက်သောသူသည် ထိုကျမ်းတော်ကို မယုံကြည်၊ ယုံမှားသံသယရှိချေမည်။
Verse 49 — Surah Al-Ankabut 29:49
၄၉။ သို့သော်အသိအလိမ္မာပညာဉာာဏ်ပေးသနားတော်မူခြင်းခံရသူ ပညာရှိတို့၏ စိတ်နှလုံးများတွင်မူကား ကုရ်အာန် ကျမ်းတော်သည် ထင်ရှားတောက်ပလျက် ရှိ၏၊ ဒုစရိုက်မှုပြုကျင့်သူများမှတပါး အဘယ်သူတစ်ဦးတစ်ယောက်မှ ငါ၏ကျမ်းတော်ကို မငြင်းခုံမဖယ်ရှားချေ။
Verse 50 — Surah Al-Ankabut 29:50
၅ဝ။ ထို့အပြင်၎င်းမိစ္ဆာမိုက်တို့က သူ၏အရှင်သခင်သည် သူ့အား အဘယ်ကြောင့်နိမိတ်လက္ခဏာအ့ံဖွယ်တော်များကို ချပေးတော်မမူသနည်းဟု ဆိုကြ၏၊ တမန်တော် သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ နိမိတ်လက္ခဏာအ့ံဖွယ် သရဲတော်များသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိ၏၊ အကျွနု်ပ်မှာမူကား တရားဟောသတိပေးသူတမန်တော် ရိုးရိုးသာဖြစ်၏။
Verse 51 — Surah Al-Ankabut 29:51
၅၁။ သူတို့အား ရွတ်ဖတ်ပြသောကုရ်အာန်ကျမ်းတော်ကို သင့်အား ထုတ်ပြန်ချပေးသနားတော်မူခြင်သည် ထိုမိစ္ဆာ များအဖို့အရာ လုံလောက်သောနိမိတ်လက္ခဏာအ့ံဖွယ်တော်မဟုတ်ချေလော၊ မှတ်သားကြလော့၊ ဤကျမ်းတော် မြတ်သည် ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ ယုံကြည်သူအပေါင်းတို့အား သတိပေးအဆုံးအမတရားတော်ဖြစ်၏။
Verse 52 — Surah Al-Ankabut 29:52
၅၂။ မိုဟမ္မဒ်၊ သင်သည် သူတို့အား ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အကျွနု်ပ်နှင့် သင်တို့အလယ်ကြားတွင် အလ္လာဟ်အရှင်မြတ်သည် သက်သေတော်အဖြစ်ဖြင့် လုံလောက်၏၊ အလ္လာဟ်အရှင်မြတ်သည် အထက်ကောင်း ကင်ဘုံနှင့် အောက်မဟာပထဝီမြေပေါ်ရှိရှိသမျှအပေါင်းတို့ကို အကြွင်းမဲ့သိတော်မူ၏၊ အကြင်သူတို့သည် ဝါကြွားမောက်မာလျက် အလ္လာဟ်အရှင်မြတ်အား မယုံကြည်ကြအ့ံ၊ ထိုသူတို့သည် ဆုံးရှုံးပျက်စီးသူများဖြစ်ကြ၏။
Verse 53 — Surah Al-Ankabut 29:53
၅၃။ သူတို့သည် သင့်အား အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်တော်ကို အဆောတလျင်ပြသရန် တောင်းဆိုကြ၏၊ အကယ်၍ငါသည် အချိန်သတ်မှတ်ထားတော်မမူခဲ့လျှင် အပြစ်ဒဏ်တော်သည် သူတို့အပေါ်သို့ မုချဧကန်ကျ ရောက်လေပြီးအ့ံ၊ အမှန်မှာ အပြစ်ဒဏ်တော်သည် သူတို့မသိမမြင်ပဲလျက် ၎င်းတို့အပေါ်သို့ လတ်တလော ရှောင်တခင်ရောက်လာအ့ံ။
Verse 54 — Surah Al-Ankabut 29:54
၅၄။ သူတို့သည် သင့်အား အပြစ်ဒဏ်တော်ကို အလျင်စလိုပေးရန် တောင်းကြ၏၊ မှတ်သားကြလော့၊ အမှန်ကို ဆိုသော်ငရဲမီးသည် မိစ္ဆာမိုက်တို့အား အဘက်ဘက်မှ ဝိုင်းဝန်းလွှမ်းမိုးလတ့ံ။
Verse 55 — Surah Al-Ankabut 29:55
၅၅။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ အပြစ်ဒဏ်တော်သည် သူတို့အပေါ်သို့ ခေါင်းပေါ်မှသော်လည်းကောင်း၊ ခြေအောက်မှသော်လည်းကောင်း၊ အထက်အောက်ကျရောက်လွှမ််းမိုးလတံ့၊ ထိုအခါအရှင်မြတ်က သင်တို့ပြုကျင့် လေ့ရှိသောအမှုုတို့ကို ကြည့်လော့ဟု ဗျာဒိတ်စကားမိန့်တော်မူလတဲ့။
Verse 56 — Surah Al-Ankabut 29:56
၅၆။ ငါ၏ယုံကြည်သူအပေါင်းတို့၊ မှတ်သားကြလော့၊ ငါ၏မဟာပထဝီမြေကြီးသည် ပြန့်ပြောကျယ်ဝန်းလှ၏၊ ထို့ ကြောင့်ငါ့ကိုသာလျှင် ကိုးကွယ်ကြလော့။
Verse 57 — Surah Al-Ankabut 29:57
၅၇။ ဝိညာဉ်တိုင်းသည် သေခြင်းကို မြည်းရမည်သာတည်း၊ ထို့နောက်ငါ့ထံသို့ သင်တို့ကို ပြန်ပို့မည်။
Verse 58 — Surah Al-Ankabut 29:58
၅၈။ အကြင်သူတို့သည် ယုံကြည်လျက် သုစရိုက်ကောင်းမှုကို အားထုတ်ပွားများအ့ံ၊ ငါသည် ထိုသူတို့အား နိဗ္ဗာန် ဥယျာဉ်တော်များ၌ ဘုံဗိမာန်တော်များတွင် စံစားနေထိုင်စေတော်မူမည်၊ ထိုဥယျာဉ်တော်အောက်တွင် စိမ့်စမ်း ရေမြောင်းတို့လည်း အယဉ်ထွေထွေစီးဆင်းလျက်ရှိနေကြ၏၊ ထိုသူတို့သည် ထိုဥယျာဉ်တော်များ၌ စိုးရိမ်ကြောင့် ကျခြင်းမရှိပဲ စိတ်ချလက်ချစံမြန်းရကြမည်၊ ခြိုးခြံစွာကျင့်သူတို့၏ အကျိုးဆက်သည် ကောင်းလေစွ။
Verse 59 — Surah Al-Ankabut 29:59
၅၉။ သူတို့သည် ကြိုးစားအားထုတ်ကြ၏၊ မိမိတို့၏ အရှင်သခင်အား ယုံကြည်ကိုးစားကြ၏။
Verse 60 — Surah Al-Ankabut 29:60
၆ဝ။ မိမိတို့စားဖို့ရာ ရိက္ခာအစားအစာကို ထမ်းဆောင်သယ်ပိုးသိမ်းဆည်း၍ မထားနိုင်သောတိရိစ္ဆာန်တို့သည် များ ပြားလေစွ၊ ငါသည် ထိုတိရိစ္ဆာန်များနှင့် သင်တို့ကို ကျွေးမွေးတော်မူ၏၊ အရှင်မြတ်သည် ကြားတော်မူသော အရှင်၊ သိတော်မူသောအရှင်တည်း။
Verse 61 — Surah Al-Ankabut 29:61
၆၁။ တမန်တော်၊ သင်သည် အယူမှားသူတို့အား ဟယ်-အချင်းတို့၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အဘယ်သူ ဖန်ဆင်းသနည်း၊ နေနှင့်လတို့အား မိမိတို့သက်ဆိုင်ရာဝတ္တရားကို အဘယ်သူဆောင်ရွက်စေသနည်းဟု မေးခဲ့လျှင် သူတို့က အလ္လာဟ်အရှင်မြတ်ဟု ဖြေဆိုကြလတံ့၊ သို့ပါလျက်သူတို့သည် သစ္စာတရားတော်ကို ကျောပေးသွားရန် လှည့်စားခြင်းကို အဘယ်သို့ခံကြသနည်း။
Verse 62 — Surah Al-Ankabut 29:62
၆၂။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်တို့အနက် ရိက္ခာအစားအစာကို ပေါများကျယ်ဝန်းစေလိုတော်မူသူအဖို့ ပေါများကျယ်ဝန်းစေတော်မူ၏၊ ရိက္ခာအစားအစာကိုလည်း ကျဉ်းကျပ်နည်းပါးစေလိုတော်မူသောသူအဖို့ နည်းပါး စေတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာအပေါင်းတို့ကို အကြွင်းမဲ့ သိတော်မူ၏။
Verse 63 — Surah Al-Ankabut 29:63
၆၃။ တမန်တော်၊ သင်သည် သူတို့အား မိုးကောင်းကင်မှ မိုးရွာသွန်းစေခြင်း၊ ထိုမိုးရေအားဖြင့် သွေ့ခြောက်နေသော မြေသေကို တဖန်စိမ်းစိမ်းစိုစိုအသက်ဝင်လာစေခြင်းတို့ကို အဘယ်သူပြုလုပ်သနည်းဟု မေးလျှင် သူတို့က မုချဧကန်အလ္လာဟ်အရှင်မြတ်ဟု ဖြေဆိုလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံးဖြစ်တော်မူပါ၏ဟု သင် ချီးကျူးလော့၊ သို့သော်သူတို့အနက် များလှစွာသောသူတို့၌ ဉာာဏ်ပညာမရှိကြချေ။
Verse 64 — Surah Al-Ankabut 29:64
၆၄။ ဤလောကီဘဝသည် အနှစ်သာရမရှိသောကစားပျော်ရွှင်မှုသာဖြစ်၏၊ မှတ်သားကြလော့၊ နောင်တမလွန်ဘဝ၏ ဘုံဗိမာန်တို့သည် ဘဝအစစ်အမှန်ဖြစ်၏၊ သူတို့သိလျှင် တော်လေစွ။
Verse 65 — Surah Al-Ankabut 29:65
၆၅။ သူတို့သည် သင်္ဘောစီးနင်းခရီးသွားသောအခါ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းဖြစ်တော်မူကြောင်းကို ယုံကြည် ကြ၏၊ အရှင်မြတ်ထံ ဆုတောင်းကြ၏၊ သို့သော်အရှင်မြတ်သည် သူတို့အား ပင်လယ်ဆိပ်ကမ်းသို့ ယူဆောင် လာတော်မူသောအခါ သူတို့သည် အလ္လာဟ်အရှင်မြတ်အား ဘက်စပ်သူများပေးကြ၏။
Verse 66 — Surah Al-Ankabut 29:66
၆၆။ ထိုသို့ဘုရားတုများဘုရားယောင်များကို ဝတ်ပြုခြင်းမှာ ငါ၏ကျေးဇူးတော်ကို မသိ၊ မယုံကြည်ဖို့ရာနှင့် လောကီ စည်းစိမ်ကာမဂုဏ်တွင် နစ်မွန်းနေဖို့ရာဖြစ်၏၊ သို့သော်သူတို့သည် အစစ်အမှန်ကို သိကြရမည်သာတည်း။
Verse 67 — Surah Al-Ankabut 29:67
၆၇။ သူတို့၏ပတ်ဝန်းကျင်အရပ်ဒေသများ၌ လူသားတို့ကို အနိုင်အထက်လုယက်သတ်ဖြတ်နေသော်လည်း အရှင် မြတ်သည် ဘေးမဲ့ပြည်နယ်တစ်ခုသတ်မှတ်ထားသည်ကို သူတို့မမြင်ကြသလော၊ သို့ပါလျက်သူတို့သည် မိစ္ဆာ အယူဝါဒကို ယုံကြည်ကြသလော၊ အလ္လာဟ်အရှင်မြတ်၏ ရက်ရောပေးကမ်းခြင်းကျေးဇူးတော်ကို မယုံကြည် ကြသလော။
Verse 68 — Surah Al-Ankabut 29:68
၆၈။ အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မတော်မလျားမုသားစကားလုပ်ကြံဆိုသူထက်သော်လည်းကောင်း၊ မိမိထံသို့ ရောက်လာသောတရားတော်ကို ပုတ်ခတ်ပြောဆိုငြင်းပယ်သူထက်သော်လည်းကောင်း၊ အပြစ်ကြီးလေးသောသူ သည် အဘယ်သူနည်း၊ မိစ္ဆာမိုက်တို့နေထိုင်ဖို့နေရာသည် အဝီစိငရဲတွင် ရှိသည်မဟုတ်လော။
Verse 69 — Surah Al-Ankabut 29:69
၆၉။ ငါ၏သာသနာတော်တွင် ကြိုးစားအားထုတ်သူတို့ကိုမူကား ငါသည် သူတို့အား ငါ၏လမ်းတော်ကို မုချဧကန် ညွှန်ပြတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သူတော်ကောင်းတို့နှင့်အတူတကွရှိတော်မူ၏။