Back to Languages

Burmese - Chapter 3 - Al-Imran

Translation by Ba Sein — Permalink

Verse 1 — Surah Al-Imran 3:1

၁။ အလီဖ်၊ လာမ် မီမ်

Verse 2 — Surah Al-Imran 3:2

၂။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိပေ။ အရှင်မြတ်သည် အသက်ရှင်နေတော် မူသောအရှင်၊ နိစ္စထာဝရ တည်ရှိတော်မူသော အရှင်မြတ်တော်မူ၏။

Verse 3 — Surah Al-Imran 3:3

၃။ အို - မုဟမ္မဒ် အလ္လာဟ်အရှင်မြတ်သည် လွန်လေပြီးသောအခါကာလ၌ လူသားတို့အား နည်းလမ်း ညွှန်ဖို့ရာ တောင်ရတ်ကျမ်းတော်နှင့် အင်ဂျီလ်ကျမ်းတော်ကို မုချဧကန် ပြဋ္ဌာန်းပေးသနားတော်မူ၏။ ထိုနည်းတူ ကုရ်အာန်ကျမ်းတော်ကို သင့်အား အမှန်ပင်ချပေးသနားတော်မူ၏။ ဤကျမ်းတော်သည် ရှေးကျသောကျမ်းတော်များကို ထောက်ခံအတည်ပြု၏။

Verse 4 — Surah Al-Imran 3:4

၄။ အရှင်မြတ်သည် အမှန်နှင့်အမှား၊ အကောင်းနှင့်မကောင်း၊ ခွဲခြားပိုင်းဖြတ်ဖို့ရာ စံနှုန်းတော်ကို ချပေးတော်မူ၏။ မှတ်သားကြလော့။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်များကို မယုံကြည်အ့ံ။ ထိုသူတို့သည် အလွန်ကြီးလေးသော အပြစ်ဒဏ်တော်ကို ခံစားရကြလတ္တံ့။ အရှင်မြတ် သည် တန်ဖိုးအလွန်ကြီးမား၏။ မကောင်းမှုကို အပြစ်ပေးနိုင်တော်မူ၏။

Verse 5 — Surah Al-Imran 3:5

၅။ မှတ်သားကြလော့။ ကမ္ဘာမြေပေါ်၌သော်လည်းကောင်း၊ မိုးကောင်းကင်၌သော်လည်းကောင်းရှိသော အရာဝထ္ထုတစ်စုံတစ်ခုကိုမျှ အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖုံးကွယ်၍ မရပေ။

Verse 6 — Surah Al-Imran 3:6

၆။ အရှင်မြတ်သည် အလိုတော်အတိုင်း အမိ၏သားအိမ်များအတွင်း၌ သင်တို့၏ရုပ်သွင်ကို ပြုပြင် ဖန်ဆင်းတော်မူ၏။ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိပေ။ အရှင်မြတ်သည် အနန္တဘုန်း တန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 7 — Surah Al-Imran 3:7

၇။ အို - မုဟမ္မဟ်၊ အရှင်မြတ်သည် သင့်အား ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနား တော်မူ၏။ ထိုကျမ်းတော်၌ အဓိပ္ပါယ်ရှင်းလင်းသော ဂါထာတော်များ ပါရှိ၏။ ဤဂါထာတော်များ သည် ကုရ်အာန်ကျမ်းတော်မြတ်၏ အခြေခံအုတ်မြစ်ဖြစ်၏။ အခြားဂါထာတော်များကား ပုံဆောင်၍ ဖော်ပြထားသော ဂါထာတော်များဖြစ်ကြ၏။ သို့သော် အကြင်သူတို့၏နှလုံးများ၌ ဒွိဟရှိ၏။ ထိုသူတို့သည် ထိုအဓိပ္ပါယ်ရှုပ်ထွေးနေသော ဂါထာတော်များကို လိုက်နာကြ၏။ သူတို့ရှုပ်ထွေး သော အဓိပ္ပါယ်ကို ရှင်းလင်းအောင်လုပ်ခြင်းအားဖြင့် ဂိုဏ်းဂဏကွဲအောင်ပြုလုပ်ကြ၏။ ဤဂါထာ တော်များ၏ အနက်အဓိပ္ပါယ်ကို အလ္လာဟ်အရှင်မှတပါး မည်သူမျှမသိနိုင်ချေ။ သို့သော် ပညာရှိ တို့က အကျွန်ုပ်တို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်ကြပါ၏။ ကျမ်းတော် တစ်စောင်လုံး သည် အကျွန်ုပ်တို့၏ အရှင်သခင်ထံမှ ကျရောက်လာ၏ဟု ဆိုကြ၏။ သို့သော် ပညာရှိတို့သာလျှင် ကျမ်းတော်ကို အမှန်ပင်အရေးစိုက်ကြ၏။

Verse 8 — Surah Al-Imran 3:8

၈။ အို - အကျွန်ုပ်တို့၏ အရှင်သခင်၊ အရှင်သည် အကျွန်ုပ်တို့အား လမ်းမှန်ကို ညွှန်ပြတော်မူပြီးမှ အကျွန်ုပ်တို့၏စိတ်နှလုံးများကို လမ်းမှားစေတော်မမူပါနှင့်။ အကျွန်ု်ပ်တို့အပေါ်သို့ အထံတော်မှ ကောင်းချီးမင်္ဂလာချပေးတော်မူပါအရှင်၊ အရှင်သာလျှင် ပေးကမ်းစွန့်ကြံတော်မူသောအရှင် ဖြစ်တော် မူပါ၏အရှင်။

Verse 9 — Surah Al-Imran 3:9

၉။ အို - အကျွန်ုပ်တို့၏ အရှင်သည် လူသားတို့ကို နေ့တနေ့၌ စုရုံးတော်မူမည့်အရှင်ဖြစ်တော်မူပါ၏။ ထိုနေ့တော်ကြီး ဆိုက်ရောက်လာမည်ကို ယုံမှားသံသယလုံးဝမရှိနိုင်ပါ။ အလ္လာဟ်အရှင်မြတ်သည် ချိန်းဆိုထားတော်မူသည်ကို ဘယ်သောအခါမှ ဖျက်တော်မမူပေ။

Verse 10 — Surah Al-Imran 3:10

၁ဝ။ ထိုနေ့တော်ကြီး၌ မိစ္ဆာဒိဋ္ဌိတို့၏ ဥစ္စာပစ္စည်းသော်လည်းကောင်း၊ သားသမီး အခြွေအရံတို့သော် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ မျက်မှောက်ဝယ် ထိုသူတို့ကို အကျိုးမပြုစွမ်းနိုင်ပေ။ သူတို့သည် ငရဲမီးအတွက် ထင်းသာဖြစ်ကြရမည်။

Verse 11 — Surah Al-Imran 3:11

၁၁။ သူတို့သည် ဖာရောမင်း၏လူများနှင့် သူတို့ထက်ရှေးကျသော ရှေးလူဟောင်းများကဲ့သို့ ငါအသျှင်၏ ဗျာဒိတ်တော်များကို မယုံကြည်ကြပေ။ ထို့ကြောင့် အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ အပြစ်များကြောင့် ဖမ်းဆီးတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ဒဏ်ခတ်ရာ၌ ခက်ထန်တော်မူ၏။

Verse 12 — Surah Al-Imran 3:12

၁၂။ အို...မိုဟမ္မဒ် သင်သည် အယူမှားသူတို့အား ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့ကို နှိမ်နင်းပြီးလျှင် ငရဲထဲတွင် စုဆောင်းလတ္တံ့။ ငရဲသည် အလွန်ဆိုးဝါးသော နေရာထိုင်ခင်းဖြစ်၏။

Verse 13 — Surah Al-Imran 3:13

၁၃။ ပြိုင်ဆိုင်တိုက်ခိုက်ကြသော စစ်တပ်ကြီးနှစ်တပ်၌ သင်တို့အဘို့ သက်သေသာဓကတော်တပါး ပါရှိ၏။ တပ်တတပ်က အလ္လာဟ်အသျှင်မြတ်၏လမ်းတော်အတွက် တိုက်ခိုက်ကြ၏။ အခြားတတပ်မှာ မယုံကြည်ကြ၊ အယူမှားကြ၏။ အသျှင်မြတ်၏တပ်သားတော်တို့က သူတို့၏ရန်သူစစ်သည် အလုံးအရင်းသည် ၎င်းတို့ထက် နှစ်ဆရှိကြောင်းကို မျက်ဝါးထင်ထင်မြင်ကြ၏။ ယင်းသို့ အလ္လာဟ်အသျှင်မြတ်သည် အလိုရှိတော်မူသောသူတို့အား အသျှင်၏ စောင့်ရှောက်ခြင်း ကျေးဇူးတော်အားဖြင့် အင်အားထောင့်တင်းစေတော်မူ၏။ မှတ်သားကြလော့။ ဤအကြောင်းအရာ၌ မျက်စိရှိသူတို့အဘို့အရာ သင်ခန်းစာတစောင်ပါရှိ၏။

Verse 14 — Surah Al-Imran 3:14

၁၄။ ဇနီး၊ မိန်းမ၊ သားသမီး၊ အချွေအရံများ စုဆောင်းထားသော ရွှေပုံ၊ ငွေပုံများ၊ အမျိုးကောင်းသော မြင်းများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များနှင့် လယ်ယာဥယျာဉ်များကို ပိုင်ဆိုင်ခြင်းမှရသော သာယာ ပျော်ရွှင်မှုကို လူသားတို့အား တင့်တယ်လှပေစေ၏။ ဤအရာဝထ္ထုများသည် လောကီစည်းစိမ်းသာ ဖြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်၊ အသျှင်မြတ်နှင့်မူကား သာလွန်မြင့်မြတ်သော နေရာထိုင်ခင်းရှိ၏။

Verse 15 — Surah Al-Imran 3:15

၁၅။ အို...တမန်တော် သင်ဟောကြားလော့။ ဟယ်အချင်းတို့ ထိုအရာထက်သာ၍ မွန်မြတ်သော အရောအကြောင်းကို သင်တို့အား ငါပြောပြရမည်လော။ ဒုစရိုက်မကောင်းမှုကို ကြဉ်ရှောင်သူတို့ အတွက် သူတို့၏ အသျှင်သခင်အထံတော်၌ မြစ်ချောင်းအသွယ်သွယ် စီးဆင်းလျှက်ရှိသော သုခဥယျာဉ်တော်များ၊ သန့်ရှင်းဖြူစင်သော အပေါင်းအဖော်များ၊ အသျှင်မြတ်သနားတော်မူသော ရောင့်ရဲတင်းတိမ်ခြင်းများ ရှိကြ၏။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုး တို့ကို မြင်တော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 16 — Surah Al-Imran 3:16

၁၆။ ထိုသူတို့သည် အို...အကျွနု်ပ်တို့၏အသျှင်သခင်၊ အကျွနု်ပ်တို့သည် မုချဧကန် ယုံကြည်ကြပါ၏။ အကျွနု်ပ်တို့ကို အပြစ်လွှတ်တော်မူပါ။ အကျွနု်ပ်တို့အား ငရဲမီးဘေးဒဏ်မှလည်း ကာကွယ်တော် မူပါဟု ဆုတောင်းကြ၏။

Verse 17 — Surah Al-Imran 3:17

၁၇။ ထိုသူတို့သည် သည်းခံကြ၏။ အမှန်စကားကိုသာဆိုကြ၏။ ကျိုးနွံ့နာခံကြ၏။ ထိုသူတို့သည် ဥစ္စာပစ္စည်းများကို သုံးစွဲလှူဒါန်းကြ၏။ အာရုံတက်၌ အပြစ်လွှတ်ဘို့ရာ ဆုတောင်းကြ၏။

Verse 18 — Surah Al-Imran 3:18

၁၈။ အလ္လာဟ်အသျှင်မြတ်မှတပါး အခြားအသျှင်သခင်မရှိကြောင်းကို အသျှင်မြတ်ကိုယ်တော်တိုင်ပင် သက်သေခံတော်မူ၏။ ကောင်းကင်တမန်တော်များ၊ ဉာဏ်ပညာရှင်တို့လည်း သက်သေများဖြစ်ကြ ၏။ အလ္လာဟ်အသျှင်မြတ်သည် စကြာဝဠာများကို တရားသဖြင့် ဖန်ဆင်းမွေးမြူထားတော်မူ၏။ အနန္တတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်မှတပါး အခြားအသျှင်သခင်မရှိပေ။

Verse 19 — Surah Al-Imran 3:19

၁၉။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ် ပြဌာန်းတော်မူသော ဘာသာတရားကား အသျှင်မြတ်အား ကျိုးနွံ့ခြင်းဖြစ်၏။ ရှေးကျမ်းတော်များကိုရရှိသောသူတို့သည် အချင်းချင်း ပြစ်မှားကြခြင်းကြောင့် ပညာအလင်းရောင်ကိုရရှိပြီးနောက်မှသာလျှင် ကွဲပြားခြားနားကြ၏။ အကြင်သူတို့သည် အသျှင်မြတ်၏ ဗျာဒိတ်တော်များကို မယုံကြည်အံ့။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်အား စစ်ကြောစီရင်ခြင်း၌ အလွန်ထက်မြက် မြန်ဆန်တော်မူသည်ကို တွေ့ကြရမည်။

Verse 20 — Surah Al-Imran 3:20

၂ဝ။ ထို့ပြင်၊ အို-မိုဟမ္မဒ်၊ သူတို့သည် သင်နှင့်စကားအချေအတင်ပြောဆိုလျှင် သင်ဟောကြားလော့။ ဟယ်အချင်းတို့၊ အကျွနု်ပ်နှင့် အကျွနု်ပ်နောက်လိုက်သည် အလ္လာဟ်အသျှင်မြတ်ကို ကျိုးနွံ့နာခံပါ ၏။ ထို့ပြင် သင်သည် ကျမ်းတော်ရရှိပြီးသူတို့နှင့် စာမတတ်သောသူတို့အား ဟယ်အချင်းတို့၊ သင်တို့လည်း အသျှင်မြတ်ကို ကျိုးနွံ့နာခံလျှင် သူတို့သည် လမ်းမှန်ကို အမှန်ညွှန်ပြခြင်းခံကြရ၏။ သူတို့သည် အကျိုးနွံ့ဘဲ ကျောခိုင်းသွားလျှင် သင်၏ဝတ္တရားမှာမူကား သူတို့အား တရားဟောကြား ရန်သာဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် မိမိဘဏ္ဍတို့ကို မြင်တော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 21 — Surah Al-Imran 3:21

၂၁။ အို...တမန်တော် အလ္လာဟ်အသျှင်မြတ်၏ ဗျာဒိတ်တော်များကို မယုံကြည်သူများ၊ တမန်တော် များကို မတရားသတ်ဖြတ်သူများ၊ တရားမျှတမှုကိုဆင့်ဆိုသော လူသားများ သတ်ဖြတ်သူများ၊ ဤမိစ္ဆာမိုက်တို့အား သူတို့သည် အလွန်နာကျင်ဘွယ်သောအပြစ်ဒဏ်ကို ခံစားရမည်ဟု သင် ဂတိပြုလော့။

Verse 22 — Surah Al-Imran 3:22

၂၂။ ထိုသူများသည် မိမိကြိုးပမ်းမှုများ၊ ဤဘဝ၊ နောင်ဘဝ နှစ်ဖြာသောဘဝ၌ အကျိုးမဲ့ အချည်းနှီး ဆုံးရှုံးရသောသူများသာတည်း။ ထို့ပြင် သူတို့မှာ ကူညီစောင်မသူတို့ မရှိချေ။

Verse 23 — Surah Al-Imran 3:23

၂၃။ အို...တမန်တော် သင်သည် ရှေးကျမ်းတော်ရသူများအကြောင်းကို မမြင်သလော။ သူတို့သည် အချင်းချင်း ငြင်းခုံကွဲပြားကြ၏။ သူတို့၏ ကွဲပြားမှုကို ကျမ်းတော်အတိုင်းဆုံးဖြတ်ရန် ပြုလုပ်သော အခါ သူတို့အနက် ဂိုဏ်းတဂိုဏ်းက ကျမ်းတော်ကို ကန့်ကွက်ပြီးလျှင် ထွက်သွားကြ၏။

Verse 24 — Surah Al-Imran 3:24

၂၄။ ယင်းသို့ဖြစ်ရခြင်းသည် သူတို့က ငရဲမီးသည် အကျွနု်ပ်တို့အား ရက်အနည်းငယ်မှတပါး ထိခိုက်မည် မဟုတ်ချေဟု ပြောရဲခြင်းကြောင့်ဖြစ်၏။ သူတို့လုပ်ကြလေ့ရှိသောအရာများသည် သူတို့အား ဘာသာအယူဝါဒနှင့်စပ်လျဉ်း၍ လှည့်စားထားကြ၏။

Verse 25 — Surah Al-Imran 3:25

၂၅။ ယုံမှားသံသယကင်းသောနေ့တော်ကြီး၌ ထိုသူများသည် အဘယ်သို့ဖြစ်ရလတ္တံ။ ထိုနေ့တော်ကြီး၌ ငါအသျှင်မြတ်သည် သူတို့အားလုံးကို စုရုံးတော်မူမည်။ ထိုနေ့တော်ကြီး၌ သူတို့အား မိမိပြုကျင့်ခဲ့ သည့်အတိုင်း အကျိုးအပြစ်ကို ပြည့်စုံစွာပေးတော်မူလတ္တံ။ သူတို့သည် မတရားညှင်းဆဲခြင်းခံရမည် မဟုတ်ပေ။

Verse 26 — Surah Al-Imran 3:26

၂၆။ ဟောကြားလော့။ အို...အလ္လာဟ်၊ အချုပ်အခြာပိုင်သတော်မူသောအသျှင်၊ အသျှင်သည် ပေးသနားတော်မူလိုသောသူအား အချုပ်အခြာအာဏာကို ပေးသနားတော်မူပါ၏။ ရုတ်သိမ်းတော် မူလိုသောသူထှံ အချုပ်အခြာအာဏာကို ရုတ်သိမ်းတော်မူပါ၏။ အသျှင်သည် ချီးမြှင့်တော်မူလိုသော သူကို ချီးမြှင့်တော်မူပါ။ နှိမ့်ချတော်မူလိုသောသူကို နှိမ့်ချတော်မူပါ၏။ အသျှင်၏ လက်ဝယ်တော်ဝယ် ကောင်းကြီးမင်္ဂလာအဖြာဖြာပါရှိပါ၏။ အသျှင်သည် အရာရာကို မုချပြုစွမ်းနိုင်တော်မူပါ၏။

Verse 27 — Surah Al-Imran 3:27

၂၇။ အသျှင်သည် ညဉ့်ကို နေ့အတွင်းသို့ ဝင်စေတော်မူပါ၏။ နေ့ကိုလည်း ညဉ့်အတွင်းသို့ ဝင်စေတော် မူပါ၏။ သက်ရှိကို သက်မဲ့မှ ဖန်ဆင်းတော်မူပါ၏။ သက်မဲ့ကို သက်ရှိမှ ဖြစ်စေတော်မူပါ၏။ အလိုတော်ရှိသူအား စားနပ်ရိက္ခာကို အတိုင်းအထွာ ပမာဏမရှိ မတွန့်တိုဘဲ ပေးသနားတော်မူပါ၏။

Verse 28 — Surah Al-Imran 3:28

၂၈။ ယုံကြည်သူတို့သည် မယုံကြည်သူတို့အား ယုံကြည်သူတို့ထက် သာလွန်နှစ်သက်၍ အဆွေခင်ပွန်း မဖွဲ့ကြလင့်။ အကြင်သူတို့သည် ယင်းသို့ပြုကျင့်အံ့။ ထိုသူတို့ကို အလ္လာဟ်အသျှင်မြတ် စောင့်ရှောက်တော်မူမည်မဟုတ်ပေ။ သို့သော် ထိုမိစ္ဆာဒိဌိတို့ထံမှ အကာအကွယ်ယူထားဘိသကဲ့ သို့ မိမိကိုယ်ကိုမိမိ စောင့်ရှောက်သူတို့အား အလ္လာဟ်အသျှင်မြတ် စောင့်ရှောက်တော်မူမည်။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား အသျှင်မြတ်အားသာလျှင် အာရုံပြုဘို့ရာ ပညတ်တော်မူ၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အထံတော်သို့ လာနေကြရ၏။

Verse 29 — Surah Al-Imran 3:29

၂၉။ အို...မိုဟမ္မဒ်၊ သင်ဟောကြားလော့။ ဟယ်အချင်းတို့ သင်တို့သည် မိမိတို့စိတ်နှလုံးအိမ်အတွင်း ရှိသည်ကို ထိမ်ဝှက်ထားသော်၎င်း၊ ထုတ်ဖော်သော်၎င်း၊ အလ္လာဟ်အသျှင်သည် ထိုအရာကို သိတော်မူ၏။ အသျှင်မြတ်သည် အထက်ကောင်းကင်ဘုံတွင်ရှိသောအရာကို သိတော်မူ၏။ အောက်ကမ္ဘာမြေပေါ်ဝယ်ရှိသောအရာကိုလည်း သိတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို ပြုစွမ်းနိုင်တော်မူ၏။

Verse 30 — Surah Al-Imran 3:30

၃ဝ။ ဝိညာဉ်တိုင်းသည် မိမိဆည်းပူးခဲ့သော သုစရိုက် ကောင်းမှုအားလုံးနှင့်သော်လည်းကောင်း၊ မိမိကျူးလွန်ခဲ့သော ဒုစရိုက် မကောင်းမှုအားလုံးနှင့်သော်လည်းကောင်း၊ ရင်ဆိုင်တွေ့ရသော နေ့တော်ကြီး၌ ထိုသူတိုင်းသည် ထိုအကုသိုလ်မကောင်းမှုနှင့် လွန်စွာကွားဝေးဘို့ကို တောင့်တကြ လိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် မိမိအား အာရုံပြုရန် သင်တို့ကို ပညတ်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ကို အတိုင်းထက်အလွန် သနားကြင်နာတော်မူ၏။

Verse 31 — Surah Al-Imran 3:31

၃၁။ အို...မိုဟမ္မဒ် သင်သည် လူသားတို့အား ဟောကြားလော့။ ဟယ်အချင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်ကို ကြည်ညိုမြတ်နိုးလျှင် ငါဆုံးမသြဝါဒကို နာခံကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ကို ချစ်ခင်မြတ်နိုးတော်မူမည်။ သင်တို့၏အပြစ်များကို လွှတ်တော် မူမည်။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 32 — Surah Al-Imran 3:32

၃၂။ အို...တမန်တော်ဟောကြားလော့။ ဟယ်အချင်းတို့ အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏ တမန်တော်ကို လေးစားနားထောင်ကြလော့။ သို့သော် သူတို့သည် နားမထောင် ကျောခိုင်းသွားမူ အလ္လာဟ်အသျှင်မြတ်သည် မိစ္ဆာမိုက်တို့အား မြတ်နိုးတော်မမူကြောင်းကို မှတ်သားကြလော့။

Verse 33 — Surah Al-Imran 3:33

၃၃။ အလ္လာဟ်အသျှင်မြတ်သည် တမန်တော်အာဒမ်၊ တမန်တော်နူဟို၊ တမန်တော်အီဗရာဟီမ်၏ အဆက်အနွယ်နှင့် အင်မရာန်၏အဆက်အနွယ်တို့ကို မိမိ၏ အခြားကျေးတော်မျိုး၊ ကျွန်တော်မျိုး များထက် သာလွန်နှစ်သက်မြတ်နိုးတော်မူကြောင်းကို မှတ်သားကြလော့။

Verse 34 — Surah Al-Imran 3:34

၃၄။ သူတို့သည် တစ်ဦးမှတစ်ဦး ဆင်းသက်လာကြ၏။ အလ္လာဟ်အသျှင်မြတ်သည် ကြားတော်မူသော အသျှင်၊ သိတော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 35 — Surah Al-Imran 3:35

၃၅။ အင်မရာန်၏ဇနီးမိန်းမက အို အကျွနု်ပ်၏အသျှင်သခင် အကျွနု်ပ်၏ဝမ်းတွင်း ကိန်းအောင်းလျှက် ရှိသောသူငယ်အား အသျှင်မြတ်၏အမှုတော်ကို ကောင်းစွာထမ်းဆောင်သူအဖြစ်ဖြင့် အသျှင့်ထံ သစ္စာဆို၍ အပ်ပါ၏။ ထိုအပ်နှံခြင်းကို အကျွနု်ပ်ထံမှ လက်ခံတော်မူပါ အသျှင်မြတ်။ အသျှင်မြတ်သာလျှင် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင် အမှန်ပင်ဖြစ်တော်မူပါ၏ဟု ဆုတောင်းသည်ကို မှတ်သားကြလော့။

Verse 36 — Surah Al-Imran 3:36

၃၆။ ထို့နောက် ထိုမိန်းမသည် သမီးမိန်းကလေးကို ဘွားမြင်သောအခါ သူမသည် အို အကျွနု်ပ်၏ အသျှင်သခင် အကျွနု်ပ်သည် သမီးကိုသာ ဘွားမြင်ပါ၏။ အလ္လာဟ်အသျှင်မြတ်သည် သူမကို ဘွားမြင်သည်ကို ကောင်းစွာသိမြင်တော်မူပါ၏။ ယောကျ်ားနှင့် မိန်းမ မတူပါ။ အကျွနု်ပ်သည် ထို သတို့သမီးအား မရယမ် အမည်ကိုပေးပါ။ သူမနှင့် သူမ၏သားမြေးအဆက်ဆက်ကို အသျှင်မြတ် ကျိန်ဆဲနှင်ထုတ်တော်မူခြင်းခံရသော ရှိုင်တန်မာရ်နတ်၏ဘေးရန်မှ စောင့်ရှောက်တော်မူပါဟု ဆုတောင်း၏။

Verse 37 — Surah Al-Imran 3:37

၃၇။ သူမ၏အသျှင်သခင်သည် သူမအား ကောင်းစွာ လက်ခံတော်မူ၏။ သူမအား ကောင်းမွန် သန့်ရှင်းစွာ ကြီးပြင်လာစေတော်မူမည်ဟု သနားကြင်နာခြင်းဖြင့် ဂတိဗျာဒိတ်ပေးတော်မူ၏။ တမန်တော် ဇကရီယာအား သူမကို အုပ်ထိန်းသူအဖြစ်ဖြင့် ခန့်တော်မူ၏။ တမန်တော် ဇကရီယာသည် သူမရှိသော သန့်ရှင်းထူးမြတ်သည့် တိုက်ခန်းထဲသို့ဝင်သောအခါတိုင်း သူမထံ၌ အစားအစာ ရှိသည်ကို တွေ့မြင်ရ၏။ ထို့ကြောင့် သူက အို-မရယမ် ဤအစားအစာသည် ဘယ်ကလာသနည်းဟု မေး၏။ သူမက အလ္လာဟ်အသျှင်မြတ်အထံတော်မှဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် အလိုတော် ရှိသူအား မတွန့်မတို ရက်ရောစွာ ပေးကမ်းတော်မူပါ၏ဟု ပြန်ပြော၏။

Verse 38 — Surah Al-Imran 3:38

၃၈။ ထိုအခါ တမန်တော် ဇကရီယာသည် မိမိ၏ အသျှင်သခင်အား ဝတ်ပြုပြီးလျှင် အို အကျွနု်ပ်၏ အသျှင်သခင် အသျှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်အထဲမှ သားကောင်းရတနာ ပေးသနားတော် မူပါ။ အသျှင်သည် ဆုတောင်းခြင်းကို ကြားတော်မူသောအသျှင်ဖြစ်တော်မူပါ၏ဟု ဆုတောင်း၏။

Verse 39 — Surah Al-Imran 3:39

၃၉။ တမန်တော် ဇကရီယာသည် ထူးမြတ်သောအဆောင်အတွင်း၌ ဆွလာသ်ဝတ်ပြုနေစဉ် ကောင်းကင် တမန်တော်များပေါ်လာ၍ အို-ဇကရီယာ အလ္လာဟ်အသျှင်မြတ်သည် သင့်အား ယဟယာမည်သော သားရတနာတစ်ဦးရမည့်အကြောင်း သတင်းကောင်းကို ပေးသနားတော်မူ၏။ သူသည် အသျှင်မြတ်၏ ဗျာဒိတ်တော်ကို အတည်ပြုရန်လာမည်။ မြင့်မြတ်သန့်စင်၍ သူတော်ကောင်းတို့၏ တမန်တော်တစ်ပါးဖြစ်မည်ဟု ပြောကြ၏။

Verse 40 — Surah Al-Imran 3:40

၄ဝ။ ထိုအခါ တမန်တော် ဇကရီယာက အို အကျွနု်ပ်၏အသျှင်သခင် အကျွနု်ပ်သည် အသက်ကြီးပါပြီ။ အကျွနု်ပ်၏ ဇနီးမိန်းမလည်း အမြံုဖြစ်ပါ၏။ သို့ကြောင့် အကျွနု်ပ်သည် သားရတနာကို အဘယ်သို့ ရနိုင်ပါမည်နည်းဟုလျှောက်၏။ ကောင်းကင်တမန်တော်က သင် သားရတနာရမည်မှာ အမှန်ပင် ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် အလိုတော်ရှိရာကို စီရင်တော်မူ၏ဟုဆို၏။

Verse 41 — Surah Al-Imran 3:41

၄၁။ တမန်တော်က အို...အကျွနု်ပ်၏အသျှင်သခင် အကျွနု်ပ်အား အတိတ်နမိတ်တပါးပေးတော်မူပါ ဟု ဆုတောင်း၏။ ကောင်းကင်တမန်တော်က သင့်အားပေးသောအတိတ်နမိတ်မှာ သင်သည် သုံးရက သုံးရက်တိုင်တိုင် လူသားတို့အား လက်ပြ၊ ခြေပြ၊ မျက်ရိပ်ပြ၍မှတပါး စကားတခွန်း တပါဒမှ ပြောမရခြင်းဖြစ်၏။ သင်သည် မိမိ၏အသျှင်သခင်ကို ကောင်းစွာအာရုံပြုလော့။ နံနက်ရောညပါ အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးလော့ဟု ပြော၏။

Verse 42 — Surah Al-Imran 3:42

၄၂။ ကောင်းကင်တမန်တော်တို့က အို...မရယမ် မှတ်သားလော့။ အလ္လာဟ်အသျှင်မြတ်သည် သင့်အား ရွေးကောက်တော်မူပြီး သန့်ရှင်းဖြူစင်စေတော်မူပြီး အသျှင်မြတ် ဖန်ဆင်းတော်မူသော မိန်းမများတို့တွင် သင်မအား အလ္လာဟ်အသျှင်မြတ်သည် သာလွန်နှစ်သက်တော်မူပြီ။

Verse 43 — Surah Al-Imran 3:43

၄၃။ အို-မရယမ် သင်မသည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ်ကို ကျိုးနွံ့နာခံလော့။ ဝပ်တွားလော့။ အသျှင်မြတ်အား ညွတ်တွားခစားလော့ဟုပြောကြ၏။

Verse 44 — Surah Al-Imran 3:44

၄၄။ အို...မိုဟမ္မဒ် ဤအတ္ထုပ္ပတ်အကြောင်းအရာတော်များသည် သင်၏မျက်ကွယ်၌ဖြစ်သော ရှေးအဖြစ်နောက်ဟောင်းများတည်း။ အဘယ်သူသည် မရယမ်ကို အုပ်ထိန်းရမည်ဟုသိရှိရန် မိမိတို့ ကလောင်တံများကိုပစ်၍ မဲချကြသောအခါ သင်သည် မဲချသူတို့နှင့် အတူမရှိပေ။ ထိုအကြောင်းနှင့် ပတ်သက်၍ သူတို့ အငြင်းအခုံဖြစ်သောအခါလည်း သင်သည် သူတို့နှင့်အတူ မရှိပေ။

Verse 45 — Surah Al-Imran 3:45

၄၅။ ကောင်းကင်တမန်များက မရယမ်အား ဤသို့ပြောသည်ကိုလည်း သတိပြုလော့။ အို-မရယမ် အလ္လာဟ်အသျှင်မြတ်က သင်မသည် သားရတနာတစ်ဦးရမည့် သတင်းကောင်းစကား ပေးကြား တော်မူ၏။ ထိုသား၏အမည်မှာ မစီဟာအီဆာဖြစ်၏။ ထိုသူသည် ဤဘဝ၊ နောင်ဘဝ နှစ်ဖြသော ဘဝ၌ ထင်ရှားကျော်စော၍ အသျှင်မြတ်ကို နီးကပ်စွာ ဖူးမြော်ရသောသူတို့၏ ဘောင်တွင် အပါအဝင်ဖြစ်ရမည်သာတည်း။

Verse 46 — Surah Al-Imran 3:46

၄၆။ သူသည် ပုခက်ထဲကပင် လူသားတို့အား စကားပြောမည်။ လူလားမြောက်၍ အရွယ်ရောက်သော အခါလည်း စကားပြောမည်။ သူသည် အသျှင်မြတ်နှင့် တရားတော်တို့ ကြည်ညိုသူတို့ဘောင်တွင် အပါအဝင်ဖြစ်၏။

Verse 47 — Surah Al-Imran 3:47

၄၇။ မရယမ်က အို...အကျွနု်ပ်၏အသျှင်သခင် လူယောကျ်ားတစ်ဦးတစ်ယောက်မှ အကျွနု်ပ်ကိုမထိဘဲ အကျွနု်ပ်သည် အဘယ်သို့ သားရတနာရပါမည်နည်းဟု တင်လျှောက်၏။ အသျှင်မြတ်က သို့ဖြစ်သော်ငြားလည်း သင်မသည် သားရတနာရမည်သာတည်းဟု မိန့်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ အသျှင်မြတ်သည် ဝထ္ထုတစ်စုံတစ်ရာကို ကြံတော်မူသောအခါ ထိုအရာအား ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအခါ ၎င်းအရာသည် ဖြစ်ပေါ်လာရ၏။

Verse 48 — Surah Al-Imran 3:48

၄၈။ အလ္လာဟ်အသျှင်မြတ်သည် သူ့အား တရားတော်၊ ပညာအလင်းရောင် တောင်ရတ်ကျမ်း၊ အင်ဂျီလ်ကျမ်း စသည်တို့ကို သင်ကြားပေးတော်မူမည်။

Verse 49 — Surah Al-Imran 3:49

၄၉။ အသျှင်မြတ်သည် သူ့အား အစ္စရာအီလ်အမျိုးသားတို့ထံသို့ တမန်တော်တစ်ပါးအဖြစ်ဖြင့် စေလွှတ်တော်မူမည်။ တမန်တော်အီဆာသည် သူတို့အား ဤသို့ဟောကြား၏။ ဟယ် အချင်းတို့ မှတ်သားကြလော့။ ငါသည် သင်တို့၏အသျှင်သခင်ထံမှ သက်သေသာဓကတော်တစ်ပါးကို ယူဆောင်လာ၏။ မှတ်သားကြလော့။ ငါသည် ရွှံ့မြေစေးမှ ငှက်နှင့်တူသောအရုပ်ကို သင်တို့အဘို့ လုပ်၏။ ထိုငှက်ရုပ်တွင်းမှ အကန်းမွေးထုတ်သူအား မျက်စိအလင်းရောင်ရအောင် ကုသနိုင်၏။ ကုဌနူနာစွဲကပ်သူတို့အား ထိုရောဂါပျောက်ကင်းအောင်ကုသပေးနိုင်၏။ အသျှင်မြတ်၏ အမိန့်တော် အားဖြင့် သေသူများကို ပြန်ရှင်စေနိုင်၏။ ထို့ပြင် သင်တို့သည် မည်သည့်အစာကို စားကြသည်။ မည်သည့်ပစ္စည်းကို အိမ်တွင်စုဆောင်းသိုလှောင်ထားသည်ကို ငါပြောနိုင်၏။ မှတ်သားကြလော့။ သင်တို့သည် ယုံကြည်သူများအဖြစ်ကို ရမည်ဖြစ်ပါလျှင် ဤအချင်းအရာများ၌ သင်တို့အတွက် ဆန်းကြယ်သော သက်သေသာဓကတော်တစ်ပါးရှိ၏။

Verse 50 — Surah Al-Imran 3:50

၅ဝ။ တဖန် ငါမလာမီ ကျရောက်လာသော တောင်ရတ်ကျမ်းတော်ကို ထောက်ခံအတဘ်ပြုရန် ငါလာ၏။ သင်တို့အား တရားမဝင်ဟု တားမြစ်ထားသောအချက်တစ်ချို့တို့ကို တရားဝင်ပြုရန် ငါလာ၏။ ငါသည် သင်တို့၏ အသျှင်သခင်အထံတော်မှ နိမိတ်လက္ခဏာတော်တစ်ပါးကို ယူဆောင်လာ၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အား ဝတ်ကြေလော့။ ငါ၏ သြဝါဒကို နာခံကြလော့။

Verse 51 — Surah Al-Imran 3:51

၅၁။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် ငါ၏အသျှင်သခင်ဖြစ်တော်မူ၏။ သင်တို့၏ အသျှင်သခင်ကလည်း ဖြစ်တော်မူ၏။ ထို့ကြောင့် အသျှင်မြတ်အား ခဝပ်ကိုးကွယ်ကြလော့။ ယင်းအယူသည် လမ်းမှန်ဖြစ်၏။

Verse 52 — Surah Al-Imran 3:52

၅၂။ သို့သော် တမန်တော်အီဆာသည် သူတို့၏ မယုံကြည်မှုကိုသိသောအခါ အဘယ်သူသည် အလ္လာဟ်အသျှင်မြတ်၏ဘက်တော်၌ ငါ့အား ကူညီသူများဖြစ်ကြမည်နည်းဟု ညည်းညူ၏။ သာဝကများက အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်အား ကူညီသူများဖြစ်ကြပါမည်။ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်ကို ယုံကြည်ကြပါ၏။ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်အား ကျိုးနွံ့နာခံကြောင်းကို အသျှင်တမန်တော် သက်သေခံပါ။

Verse 53 — Surah Al-Imran 3:53

၅၃။ အို-အကျွနု်ပ်တို့၏အသျှင်သခင် အကျွနု်ပ်တို့သည် အသျှင်ထုတ်ပြန်တော်မူသော ကျမ်းတော်မြတ်ကို ယုံကြည်ကြပါ၏။ အကျွနု်ပ်တို့သည် အသျှင်စေလွှတ်တော်မူသော တမန်တော်ကို လိုက်နာပါ၏။ အကျွနု်ပ်တို့အား သက်သေခံသူတို့စာရင်းတွင် ထည့်သွင်းမှတ်သားတော်မူပါဟု ဆုတောင်း၏။

Verse 54 — Surah Al-Imran 3:54

၅၄။ မိစ္ဆာဒိဌိတို့သည် ကြံစည်ကြ၏။ အလ္လာဟ်အသျှင်မြတ်လည်း ကြံစည်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ကြံစည်သူအပေါင်းတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူ၏။

Verse 55 — Surah Al-Imran 3:55

၅၅။ အလ္လာဟ်အသျှင်မြတ် မိန့်ကြားတော်မူသည်မှာ အို-အီဆာ မှတ်သားလော့။ ငါသည် သင့်အား သိမ်းတော်မူမည်။ သင့်ကို ငါ့အထံတော်သို့ တက်စေတော်မူမည်။ ငါသည် သင့်အား မယုံကြည်သူ တို့၏ အညစ်အကြေးမှ ကင်းစင်စေတော်မူမည်။ ငါသည် သင်၏နောက်လိုက်များအား ရှင်ပြန် ထမြောက်ရသောနေ့တော်ကြီးတိုင်အောင် အယူမှားသူတို့ကို လွှမ်းမိုးစေတော်မူမည်။ ထိုနေ့တော်ကြီး၌ သင်တို့အားလုံး ငါ့ထံသို့ ပြန်လာကြရမည်။ ထိုအခါ ငါသည် သင်တို့အလည်တွင် သင်တို့၏ ကွဲလဲငြင်းခုံလေ့ရှိသောအမှုကို စစ်ကြော စီရင်တော်မူမည်။

Verse 56 — Surah Al-Imran 3:56

၅၆။ အယူမှားသူတို့အား ငါသည် ဤဘဝ၊ နောင်ဘဝ နှစ်ဘဝလုံး၌ အလွန် ပြင်းထန်ကြီးလေးသော အပြစ်ဒဏ်တော်ကိုခတ်မည်။ သူတို့၌ ကူညီစောင်မသူများရှိကြမည်မဟုတ်ပေ။

Verse 57 — Surah Al-Imran 3:57

၅၇။ အကြင်သူတို့သည် ယုံကြည်၍ ကောင်းမှုပွားများ၏။ ထိုသူတို့အား ငါသည် သူတို့၏ လုပ်ခများကို ပြည့်စုံစွာ ပေးသနားတော်မူမည်။ အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်မှုများကို ကျူးလွန်းသူများအား နှစ်ခြိုက်တော်မမူပေ။

Verse 58 — Surah Al-Imran 3:58

၅၈။ အို...တမန်တော် ငါသည် သင့်အား ယခုရွတ်ဖတ်ပြတော်မူသော ဂါထာတော်များသည် နှုတ်ကပတ်တော်နှင့် နက်နဲသိမ်မွေ့သော သတိပေးသြဝါဒတော်တည်း။

Verse 59 — Surah Al-Imran 3:59

၅၉။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်အထံတော်၌ တမန်တော်အီဆာသည် တမန်တော် အာဒမ်ကဲ့သို့ပင်ဖြစ်၏။ အသျှင်မြတ်သည် သူ့အား မြေမှုန့်မှ ဖန်ဆင်းတော်မူ၏။ အသျှင်မြတ်သည် သူ့အား သင်ဖြစ်ပေါ်လာလော့ဟု မိန့်တော်မူ၏။ ထိုအခါ သူဖြစ်ပေါ်လာရ၏။

Verse 60 — Surah Al-Imran 3:60

၆ဝ။ အို...မိုဟမ္မဒ် ဤအတ္ထုပတ္တိသည် သင်၏အသျှင်သခင်ထံမှ အမှန်ပင်ကျရောက်လာ၏။ ထို့ကြောင့် သင်သည် ဒွိဟဖြစ်သူတို့၏ဘောင်တွင် မပါဝင်လင့်။

Verse 61 — Surah Al-Imran 3:61

၆၁။ အကြင်သူသည် သင့်ထံသို့ အလင်းပြကျမ်းတော်ရောက်လာပြီးမှ ဤအကြောင်းနှင့်စပ်လျဉ်း၍ သင်နှင့်ငြင်းခုံခြင်းပြု၏။ ထိုသူအား သင်ဟောကြားလော့။ ဟယ် အချင်းတို့ လာကြလော့။ ငါတို့သည် ငါတို့သားများ၊ သင်တို့သားများ၊ ငါတို့မိန်းမများ၊ သင်တို့မိန်းမများ၊ ငါတို့၊ သင်တို့အားလုံးကို ခေါ်ပြီးလျှင် အကျွနု်ပ်တို့၏အသျှင်သခင်အား ကျိုးနွံ့ရိုသေလေးမြတ်စွာဝတ်ပြု၍ မုသားဆိုသူတို့အပေါ်သို့ အသျှင်မြတ်၏ ကျိန်ဆဲတော်မူခြင်း ဆိုက်ရောက်စေသော်ဟု ဆုတောင်းကြစို့။

Verse 62 — Surah Al-Imran 3:62

၆၂။ မှတ်သားကြလော့။ ဤအကြောင်းအရာသည် အမှန်ပင် မှန်ကန်သောအကြောင်းအရာတော်များ တည်း။ အလ္လာဟ်အသျှင်မြတ်မှတပါး အခြားအသျှင်သခင်မရှိပေ။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အနန္တဘုန်းတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင် ဖြစ်တော်မူ၏။

Verse 63 — Surah Al-Imran 3:63

၆၃။ အကယ်၍ ထိုသူတို့သည် မယုံကြည် ကျောခိုင်းသွားလျှင် အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက် မတရားမှုကို ကျူးလွန်သူများကို ကောင်းစွာသိတော်မူ၏။

Verse 64 — Surah Al-Imran 3:64

၆၄။ အို...တမန်တော် ဟောကြားလော့။ အို...ရှေးကျမ်းတော်ရရှိသူတို့ သင်တို့နှင့် ငါတို့သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားတစ်စုံတစရာကို မကိုးကွယ်ကြောင်း အသျှင်မြတ်နှင့် ဘက်စပ်သူမထားကြောင်း၊ အကျွနု်ပ်တို့အထဲမှ တစ်စုံတစ်ယောက်မှ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားသူများကို အသျှင်သခင်ဟု မယူကြောင်း ဂတိစာချုပ် ချုပ်ဆိုကြပါစို့။ အကယ်၍ သူတို့သည် သဘောမတူ ကျောခိုင်းသွားကြလျှင် သူတို့အား ဟောကြားလော့။ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်အား ကျိုးနွံ့နာခံသူများဖြစ်ကြောင်းကို သက်သေခံကြလော့။

Verse 65 — Surah Al-Imran 3:65

၆၅။ အို...ရှေးကျမ်းတော်ရရှိသူတို့ တောင်ရတ်ကျမ်းတော်၊ အင်ဂျီလ်ကျမ်းတော်တို့ကို တမန်တော် အီဗရာဟီမ်၏လက်ထက်တော်အတွင်း ချပေးတော်မမူငြားသော်လည်း သင်တို့သည် ထိုတမန်တော်အကြောင်းကို အဘယ်ကြောင့် အငြင်းအခုံပြုလုပ်မည်နည်း။ သင်တို့၌ အသိဉာဏ် မရှိသလော။

Verse 66 — Surah Al-Imran 3:66

၆၆။ မှတ်သားကြလော့။ သင်တို့သည် မိမိအနည်းငယ်မျှသိသောအကြောင်းအရာကို အခြေအတင် ပြောဆိုငြင်းခုံကြသူများဖြစ်ကြ၏။ သင်တို့လုံးဝမသိသော အကြောင်းအရာကို အဘယ့်ကြောင့် ငြင်းခုံကြသနည်း။ အလ္လာဟ်အသျှင်မြတ်သည် သိတော်မူ၏။ သင်တို့ကား မသိကြပေ။

Verse 67 — Surah Al-Imran 3:67

၆၇။ တမန်တော် အီဗရာဟီမ်သည် ရဟူဒီအမျိုးသားလည်းမဟုတ်။ ခရစ်ယာန်ဘာသာဝင်မျိုးသားလည်း မဟုတ်။ သို့သော် သူသည် အလ္လာဟ်အသျှင်မြတ်ကို ကျိုးနွံ့ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော သူမြတ်ဖြစ်၏။ ထို့ပြင် သူသည် ဆင်းတုရုပ်ပွားကိုးကွယ်သောသူတို့ဘောင်တွင် မပါဝင်ပေ။

Verse 68 — Surah Al-Imran 3:68

၆၈။ တမန်တော် အီဗရာဟီမ်နှင့် အနီးစပ်ဆုံးသောသူတို့မှာ သူ့ကို လိုက်နာသူများ၊ တမန်တော် မိုဟမ္မဒ်၊ သူနှင့်အတူ ယုံကြည်သူများဖြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူများအား ကာကွယ် စောင့်ရှောက်သော အဆွေခင်ပွန်းဖြစ်တော်မူ၏။

Verse 69 — Surah Al-Imran 3:69

၆၉။ ရှေးကျမ်းတော်ကိုရရှိသူများအနက် လူတစ်စုသည် သင်တို့အား လမ်းလွဲသွားဘို့ရာ လိုလားကြ၏။ သူတို့သည် မိမိတို့ကိုယ်မှတပါး မည်သူ့ကိုမှ လမ်းမှားသို့မသွားစေနိုင်ပေ။ သို့သော် သူတို့သည် မသိမမြင်နိုင်ပေ။

Verse 70 — Surah Al-Imran 3:70

၇ဝ။ အို-ရှေးကျမ်းတော်ကိုရရှိသူတို့ သင်တို့သည် အလ္လလာဟ်၏နှုတ်ကပတ်တော်များ မှန်ကန်ကြောင်းကို ဝန်ခံပြီးနောက် အဘယ်ကြောင့် ထိုနှုတ်ကပတ်တော်များကို မယုံကြည်ကြသနည်း။

Verse 71 — Surah Al-Imran 3:71

၇၁။ အို-ရှေးကျမ်းတော်ကိုရရှိသူတို့ သင်တို့သည် အဘယ်ကြောင့် အမှားနှင့်အမှန်ကို ရှုပ်ထွေးရောနှော ကြသနည်း။ အဘယ်ကြောင့် အမှန်တရားသိလျှက်နှင့် ကွယ်ဝှက်ထားကြသနည်း။

Verse 72 — Surah Al-Imran 3:72

၇၂။ ရှေးကျမ်းတော်ရရှိသူများအနက် လူတစ်စုက အချင်းတို့ အသင်တို့သည် နံနက်အချိန်၌ ယုံကြည်သူတို့အား ချပေးတော်မူသောကျမ်းတော်ကို ယုံကြည်ကြလော့။ ညနေချမ်းအချိန်၌မူကား ထိုကျမ်းတော်ကို ဖယ်ရှားစွန့်ပစ်ကြလော့။ သို့မှသာလျှင် သူတို့သည် ၎င်းတို့ဘာသာကိုစွန့်၍ ငါတို့ဘက်သို့ ပြန်လာကြလတ္တံ။

Verse 73 — Surah Al-Imran 3:73

၇၃။ သင်တို့သည် မိမိတို့ဘာသာအယူဝါဒကို လိုက်နာသူမှတစ်ပါး အခြားသူတို့ကို မယုံကြည်ကြလင့်ဟြု ပြောဆိုကြ၏။ အို-မိုဟမ္မဒ် သင်ဟောကြားလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်၏ ညွှန်ပြချက်သာလျှင် ညွှန်ပြချက်အစစ်အမှန်ဖြစ်၏။ ရှေးကျမ်းတော်ရရှိသူများက အချင်းတို့ သင်တို့အားပေးသနားတော်မူသော တရားတော်ကို အခြားသူတို့အား ပေးသနားတော်မူသည် မယုံကြည်ကြလင့်။ သူတို့သည် သင်တို့နှင့် သင်တို့၏ အသျှင်သခင်ရှေ့တော်ဝယ် ငြင်းခုံကြမည်ကို လည်း မယုံကြည်ကြလင့်ဟု ဆိုကြ၏။ အို-မိုဟမ္မဒ် ဟောကြားလော့။ ဟယ် အချင်းတို့ ကောင်းကြီး မင်္ဂလာတော်သည် အလ္လာဟ်အသျှင်တမြတ်၏ တန်ခိုးလက်တော်၌သာရှိ၏။ အသျှင်မြတ်သည် အလိုရှိတောည်မူသောသူအား ပေးကမ်းစွန့်ကြဲတော်မူ၏။ အရာခပ်သိမ်းကုန်တို့ကို အရေးစိုက်တော် မူသောအသျှင်ဖြစ်တော်မူ။

Verse 74 — Surah Al-Imran 3:74

၇၄။ အသျှင်မြတ်သည် ရွေးချယ်တော်မူလိုသောသူကို မိမိ၏ကောင်းကြီးမင်္ဂလာတော်အတွက် ရွေးချယ် တော်မူ၏။ အလ္လာဟ်သည် အတိုင်းအတာမရှိသော ဆုတော်ရှင်ဖြစ်တော်မူ၏။

Verse 75 — Surah Al-Imran 3:75

၇၅။ ရှေးကျမ်းတော်ရရှိသူများအနက် ယုံကြည်ရသူလည်းရှိ၏။ သူအား သင်ရွှေငွေရတနာ အမြောက် အများကို အပ်နှံလျှင် ထိုသူသည် သင်အား ထိုပစ္စည်းဥစ္စာကို ပြန်ပေးမည်။ သူတို့အနက် မယုံကြည် ရသူလည်းရှိ၏။ ထိုသူအား သင်သည် ရွှေစကလေးကို အပ်နှံထားသော် သူသည် ၎င်းအား သင် စောင့်ကြည့်မနေလျှင် ထိုရွှေကို သင့်အားပြန်ပေးမည်မဟုတ်ပေ။ သူတို့က ယင်းသို့ပြုကျင့်သည့် အကြောင်းကား ရဟူဒီလူမျိုးမဟုတ် သူတို့အပေါ်တွင် အကျွနု်ပ်တို့၏ ဝတ္တရားမရှိပေဟု ပြောဆိုခြင်း ကြောင့်ဖြစ်၏။ သူတို့သည်သိလျက်နှင့် အလ္လာဟ်အသျှင်မြတ်နှင့် စပ်လျဉ်း၍ မဟုတ်မလျား ပြောဆိုကြ၏။

Verse 76 — Surah Al-Imran 3:76

၇၆။ အမှန်မှာ အလ္လာဟ်အသျှင်မြတ်ရွေးကောက်တော်မူသောသူသည် မိမိ၏ဂတိသစ္စာကို စောင့်ထိန်း၍ ဒုစရိုက်မကောင်းမှုကို ရှောင်ရှားသောသူဖြစ်၏။ အကြောင်းမူကား အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်မှုကို ရှောင်ကြဉ်သူအား မြတ်နိုးတော်မူ၏။

Verse 77 — Surah Al-Imran 3:77

၇၇။ မှတ်သားကြလော့။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့်ထားသည့် ပဋိညာဉ်ကိုသော် လည်းကောင်း၊ မိမိတို့ဂတိသစ္စာများကိုသော်လည်းကောင်း၊ အဘိုးမထားဘဲ လောကီအကျိုး စီးပွားအနည်းငယ်ကို ထိုဂတိသစ္စာများနှင့် ဝယ်ချမ်း၏။ ထိုသူသည် နောင်ဘဝအကျိုး၌ တစ်စုံတစ်ရာ ဝေစုရှိမည်မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သူတို့ကို စကားပြောတော်မူမည်မဟုတ်။ ရှုစားတော်မူမည်လည်းမဟုတ်ပေ။ သန့်ရှင်းစင်ကြယ်စေတော်မူမည် လည်းမဟုတ်ပေ။ သူတို့သည် အလွန်ပြင်းထန်နာကျင်သောဒဏ်တော်ကို ခံစားရမည်သာတည်း။

Verse 78 — Surah Al-Imran 3:78

၇၈။ ထို့ပြင် မှတ်သားကြလော့။ ရှေးကျမ်းတော်ရရှိသူများအနက် လူတစ်စုသည် တရားတော်ကို မှောက်လှန်ပြောဆိုကြ၏။ သူတို့သည် မိမိတို့ပြောဆိုချက်သည် ကျမ်းတော်မှဖြစ်သည်ဟု သင် ယူဆစေရန် ယင်းသို့လုပ်ကြံပြောဆိုကြ၏။ သူတို့ပြောဆိုချက်သည် ကျမ်းတော်မှမဟုတ်ပေ။ ထို့ပြင် သူတို့က ကျွနု်ပ်တို့ဟောပြောချက်သည် အလ္လာဟ်အသျှင်မြတ်၏ ဗျာဒိတ်တော်ဖြစ်၏ဟူ၍ ဆိုကြ၏။ သို့သော် ယင်းသို့မဟုတ်ပေ။ သူတို့သည် သိလျက်နှင့် အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မုသား ပြောကြ၏။

Verse 79 — Surah Al-Imran 3:79

၇၉။ အကြင်သူအား အလ္လာဟ်အသျှင်မြတ်သည် ကျမ်းတော်မြတ်၊ ပညာအလင်းရောင်၊ တမန်တော် ဂုဏ်ထူးတို့ဖြင့် ချီးမြှင့်တော်မူအံ့။ ထိုသူသည် လူသားတို့အား ဟယ် အချင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုးမဟုတ်ဘဲ ငါ၏ကျေးကျွန်ဖြစ်ကြလော့ဟု မည်သည့်နည်းနှင့်မှ ပြောဆိုမည်မဟုတ်ပေ။ သို့သော် သူသည် ဟယ် အချင်းတို့ သင်တို့သည် ကျမ်းတော်ကို သွန်သင်ပေးခြင်းခံရသောကြောင့်သော်လည်းကောင်း၊ ကျမ်းတော်ကို အမြဲလေ့လာ ခြင်းကြောင့်သော်လည်းကောင်း၊ သင်တို့သည် အသျှင်သခင် အလ္လာဟ်အသျှင်မြတ်၏ သစ္စာရှိသော ကျေးကျွန်များဖြစ်ကြလော့ဟု ဟောကြား၏။

Verse 80 — Surah Al-Imran 3:80

၈ဝ။ ထို့ပြင် ထိုသူမြတ်သည် သင်တို့အား ကောင်းကင်တမန်တော်များနှင့် လူသားတမန်တော်များကို အသျှင်သခင်အဖြစ်ဖြင့် ကိုးကွယ်ခိုင်းမည်မဟုတ်ပေ။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အား ကျိုးနွံ့ပြီးနောက် သင်တို့အား မယုံကြည်ရန် ဆင့်ဆိုမည်လော။

Verse 81 — Surah Al-Imran 3:81

၈၁။ အလ္လာဟ်အသျှင်မြတ်သည် တမန်တော်တို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ အသျှင်မြတ်က အို-တမန်တော်တို့ သင်တို့သည် ငါပေးသနားတော်မူသော ကျမ်းတော်နှင့် ပညာအလင်းရောင်ကို ကြည့်ရှု့ကြလော့။ နောင်ကာလတွင် သင်တို့ထံသို့ တမန်တော်တစ်ပါးလာလိမ့်မည်။ ထိုတမန်တော် သည် သင်တို့ရရှိပြီးသောကျမ်းတော်ကို ထောက်ခံအတည်ပြုသူဖြစ်မည်။ သင်တို့သည် ယုံကြည်ကြ လော့။ ဒိဌဆက်ဆက် ကူညီရိုင်းပင်းကြလော့ဟု မိန့်တော်မူ၏။ ထို့နောက် အသျှင်မြတ်က ဟယ် တမန်တော်တို့ သင်တို့ သဘောတူကြသလော။ ဤကိစ္စ၌ ငါသည် သင်တို့အား ပေးကမ်းတော်မူသော ငါ၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကြမည်လောဟု မိန့်တော်မူ၏။ သူတို့က အကျွနု်ပ်တို့ သဘောတူ ကြပါ၏ဟု တင်လျှောက်ကြ၏။ တဖန် အသျှင်မြတ်က သင်တို့သည် သက်သေခံကြလော့။ ငါလည်း သင်တို့နှင့်အတူတကွ သက်သေခံသူဖြစ်တော်မူမည်ဟု မိန့်တော်မူ၏။

Verse 82 — Surah Al-Imran 3:82

၈၂။ ထို့နောက် အကြင်သူတို့သည် မိမိတို့ ဂတိသစ္စာကို ဖျက်အံ့။ ထိုသူတို့သည် မယုံကြည်သူများ ဖြစ်ကြမည်သာတည်း။

Verse 83 — Surah Al-Imran 3:83

၈၃။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှတို့သည် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အလ္လာဟ်အသျှင်မြတ်ကို ကျိုးနွံ့နာခံပါလျက် ထိုသူတို့သည် အသျှင်မြတ်၏ သာသနာတော်မှတစ်ပါး အခြားသောသာသနာကို ရှာမှီးကြသလော။ သူတို့သည် အသျှင်မြတ်အထံတော်သို့ ပြန်ကြရမည်သာ တည်း။

Verse 84 — Surah Al-Imran 3:84

၈၄။ အို-မိုဟမ္မဒ် ဟောကြားလော့။ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်က အကျွနု်ပ်တို့အား ချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်အီဗရာဟီမ်၊ တမန်တော် အစ္စလာအီလ်၊ တမန်တော်အစ္စဟတ်၊ တမန်တော်ရာကွတ်၊ တမန်တော်ရာကွတ်၏ သား,မြေး,မြစ် တို့အား ချပေးတော်မူသော ကျမ်းတော်များကို ယုံကြည်ကြပါ၏။ တမန်တော်မူဆာ၊ တမန်တော် အီဆာနှင့် အခြားတမန်တော်များကို သူတို့၏အသျှင်သည် ချပေးသနားတော်မူသော ကျမ်းတော် များကိုလည်း ယုံကြည်ကြ၏။ အကျွနု်ပ်တို့သည် တမန်တော်တို့စပ်ကြား၌ ခွဲခြားပြုကြပါ။ အကျွနု်ပ်တို့သည် မိမိကိုယ်ကို အလ္လာဟ်အသျှင်မြတ်အား ပုံအပ်ကြပါ၏။ ကျိုးနွံ့နာခံကြပါ၏။

Verse 85 — Surah Al-Imran 3:85

၈၅။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်အား ကျိုးနွံ့နာခံခြင်းမှတစ်ပါး အခြားဘာသာအယူဝါဒကို ရှာမှီးအံ့။ အသျှင်မြတ်သည် ထိုသူ၏အယူဝါဒကို နှစ်ခြိုက်တော်မမူပေ။ ထိုသူသည် နောင်တမလွန် ဘဝ၌ ပျက်စီးဆုံးရှုံးရသူဖြစ်မည်သာတည်း။

Verse 86 — Surah Al-Imran 3:86

၈၆။ အကြင်လူမျိုးတစ်မျိုးသည် မှန်သောတရားတော်ကို ယုံကြည်ပြီးသော်လည်းကောင်း၊ တမန်တော် မိုဟမ္မဒ်သည် တမန်တော်အစစ်ဖြစ်ကြောင်းကို သက်သေခံပြီးမှသော်လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်သည် အချုပ်အခြာအာဏာပိုင်သတော်မူခြင်းကို ထင်ရှားသော သက်သေ သာဓကများရပြီးမှသော်လည်းကောင်း၊ မိစ္ဆာအယူဝါဒဘက်သို့ လွှဲပြောင်းသွားကြ၏။ ထိုသူတို့ကို အလ္လာဟ်အသျှင်မြတ်သည် အဘယ်သို့ လမ်းညွှန်တော်မူမည်နည်း။ အလ္လာဟ်အသျှင်မြတ်သည် မတရားမှုပြုကျင့်သည့်လူစုကို လမ်းပြတော်မမူပေ။

Verse 87 — Surah Al-Imran 3:87

၈၇။ ဤသူမိုက်တို့မူကား သူတို့ခံစားရမည့် လက်စားဒဏ်သည် သူတို့အပေါ်သို့ အလ္လာဟ်အသျှင်မြတ်၏ ကျိန်ဆဲတော်မူခြင်း၊ ကောင်းကင်တမန်တော်များနှင့် လူသားတို့၏ ကျိန်ဆဲခြင်းစသည့် ကျိန်ဆဲခြင်းများ စုပေါင်းကျရောက်ခြင်းဖြစ်၏။

Verse 88 — Surah Al-Imran 3:88

၈၈။ သူတို့သည် ထိုကျိန်ဆဲခြင်း၊ လက်စားဒဏ်ကို ခံစားရမည်။ သူတို့၏ အပြစ်ဒဏ်ကို လျှော့ပေါ့မည် မဟုတ်ပေ။ သူတို့၏အပြစ်ဒဏ်ကို ရွှေ့ဆိုင်းထားမည်လည်းမဟုတ်ပေ။

Verse 89 — Surah Al-Imran 3:89

၈၉။ သို့သော် တရားသံဝေဂရရှိပြီးနောက် မှန်ကန်မှုကို ကြိုးပမ်းအားထုတ်သူတို့ကား ယင်းသို့ မခံစားရ ပေ။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသော ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူသောအသျှင်ဖြစ်တော်မူ၏။

Verse 90 — Surah Al-Imran 3:90

၉ဝ။ မှတ်သားကြလော့။ အကြင်သူတို့သည် ယုံကြည်ပါသည်ဟု သစ္စာဆိုပြီးနောက် မယုံကြည်သူ ဖြစ်ကြ၏။ ထိုသူတို့၏ မယုံကြည်မှုသည် ကြီးမားပြင်းတန်လာ၏။ ထိုသူတို့၏ ဝန်ချတောင်းပန်ခြင်းကို လက်ခံမည်မဟုတ်ပေ။ ဤသူများသည် လမ်းမှားသွားသူများဖြစ်ကြ၏။

Verse 91 — Surah Al-Imran 3:91

၉၁။ မှတ်သားကြလော့။ အကြင်သူတို့သည် မယုံကြည်သူများဖြစ်ကြ၍ မိစ္ဆာအယူဝါဒ၌ပင် အသက်ကုန် ကြ၏။ ထိုသူတို့သည် မိမိအပြစ်လွတ်အောင် ရွှေသားပကတိကို ကမ္ဘာမြေကြီးနှင့်ချိန်စက်၍ လျော်ကြေးပေးသော်လည်း ထိုလျော်ကြေးကို လက်ခံမည်မဟုတ်ပေ။ သူတို့၏ အပြစ်ဒဏ်မှာ အလွန်ပြင်းပြနာကျင်ဘွယ်ဖြစ်လတ္တံ။ ထို့ပြင် သူတို့၌ ကူညီစောင်မသူများရှိမည်မဟုတ်ပေ။

Verse 92 — Surah Al-Imran 3:92

၉၂။ သင်တို့သည် မိမိတို့မြတ်နိုးသော ဥစ္စာပစ္စည်းများမှ မပေးကမ်းမစွန့်ကြဲသမျှ ကာလပတ်လုံး အသျှင်မြတ်နှင့် တရားတော်ကို ကြည်ညိုသည့် ကောင်းမြတ်ခြင်းကိုရမည်မဟုတ်။ သင်တို့ လှူဒါန်းသမျှကို အလ္လာဟ်အသျှင်မြတ်သည် သိမြင်တော်မူ၏။

Verse 93 — Surah Al-Imran 3:93

၉၃။ တောင်ရတ်ကျမ်းတော်ကို ပြဌာန်းချပေးတော်မမူမီ အစ္စရာအီလ်သည် မိမိအား တားမြစ်ထားသော အစားအစာမှတစ်ပါး အခြားအစားအစာများသည် အစ္စရာအီလ်အမျိုးသားတို့အဘို့အရာ တရားဝင်သော အစာအဟာရဖြစ်ကြလေ၏။ အို-တမန်တော် ဟောကြားလော့။ ဟယ် အချင်း အစ္စရာအီလ်အမျိုးသားတို့ သင်တို့သည် အမှန်ကိုဆိုပါလျှင် တောင်ရတ်ကျမ်းတော်ကို ယူဆောင်၍ ဖတ်ပြကြပါလော့။

Verse 94 — Surah Al-Imran 3:94

၉၄။ ထို့ပြင် အကြင်သူတို့သည် တောင်ရတ်ကျမ်းတော် ကျရောက်လာပြီးမှ အလ္လာဟ်အသျှင်မြတ်နှင့် စပ်လျဉ်း၍ မိစ္ဆာမှုကို လုပ်ကြံအံ့။ ထိုသူတို့သည် မတရားမှုကို ပြုကျင့်သူများ ဖြစ်ကြမည်။

Verse 95 — Surah Al-Imran 3:95

၉၅။ တမန်တော် ဟောကြားလော့။ ဟယ် အချင်းတို့ အလ္လာဟ်အသျှင်မြတ်သည် အမှန်ကို မိန့်တော်မူ၏။ ထို့ကြောင့် ဖြောင့်မတ်မှန်ကန်သော တမန်တော်အီဗရာဟီမ်၏ဘာသာပယူဝါဒကို ယုံကြည်လိုက်နာ ကြလော့။ သူသည် ဆင်းတုကို ကိုးကွယ်သူတို့ဘောင်တွင် မပါဝင်ပေ။

Verse 96 — Surah Al-Imran 3:96

၉၆။ မှတ်သားကြလော့။ လူသားတို့အတွက် ရှေးဦးပထမသတ်မှတ်ထားတော်မူသော သန့်ရှင်းသော ဘေးမဲ့သောဌာနမှာမူကား မက္ကာမြို့၌ရှိ၏။ ကောင်းကြီးမင်္ဂလာရှိသောဌာန၊ လူသားတို့အား လမ်းညွှန်ဌာနဖြစ်၏။

Verse 97 — Surah Al-Imran 3:97

၉၇။ ထိုထူးမြတ်သောဌာန၌ အလ္လာဟ်အသျှင်မြတ်၏ ညွှန်ပြတော်မုခြင်းကို ထင်ရှားစေသော အမှတ်အသားများရှိကြ၏။ တမန်တော်အီဗရာဟီမ်သည် ဆွလာသ်ဝတ်ပြုရန် မတ်တပ်ရပ်သော နေရာ ကျောင်းတော်လည်းရှိ၏။ အကြင်သူသည် ထိုအရပ်ဒေသကို ဝင်အံ့။ ထိုသူသည် လုံခြံု၍ ဘေးကင်း၏။ ထိုကျောင်းတော်သို့ ဟာဂျ်ပြုသွားခြင်းသည် အလ္လာဟ်အသျှင်မြတ်အား လူသားတို့ ပြုအပ်သော ဝတ္တရားတော်ကြီးဖြစ်၏။ ခရီးစရိတ်တတ်နိုင်သူသည် ထိုဝတ်ကိုပြုအပ်၏။ အကြင်သူသည် မယုံကြည်။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ကျေးကျွန်များကို လုံးဝမှီခိုတော် မမူကြောင်းကို ထိုသူမိုက်သိစေလော့။

Verse 98 — Surah Al-Imran 3:98

၉၈။ အို-တမန်တော် ဟောကြားလော့။ အို-ရှေးကျမ်းတော်ကိုရရှိသူတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ် ထုတ်ပြန်ချပေးသနားတော်သော ကုရ်အာန်ကျမ်းတော်မြတ်ကို အဘယ်ကြောင့် မယုံကြည်ကြ သနည်း။ အလ္လာဟ်အသျှင်မြတ်ကို ကိုယ်တော်တိုင် သင်တို့ပြုကျင့်သမျှကို အသိသက်သေဖြစ်တော် မူ၏။

Verse 99 — Surah Al-Imran 3:99

၉၉။ အို-တမန်တော် ဟောကြားလော့။ ရှေးကျမ်းတော်ကိုရရှိသူတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ် နည်းပြလမ်းညွှန်တော်မူကြောင်းကို သက်သေခံသူများဖြစ်ကြ၏။ သို့သော် သင်တို့သည် အလ္လာဟ် အသျှင်မြတ်၏လမ်းတော်ကို မဖြောင့်မတန်း ကွေ့ကောက်အောင်ပြုလုပ် ရန်လိုသောဆန္ဒဖြင့် ယုံကြည်သူတို့အား အလ္လာဟ်အသျှင်မြတ်၏လမ်းတော်မှ အဘယ်ကြောင့် မောင်းထုတ်ကြသနည်း။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏ပြုကျင့်မှုကို သိတော်မမူမဟုတ်ပေ။

Verse 100 — Surah Al-Imran 3:100

၁ဝဝ။ အို-ယုံကြည်သူတို့ သင်တို့သည် ရှေးကျမ်းတော်ကိုရရှိသူများမှ အသင်းတသင်း၏စကားကို နားထောင်ကြလျှင် သူတို့သည် သင်တို့အား ယုံကြည်သူဘဝမှ မယုံကြည်သူဘဝသို့ လွှဲပြောင်းသွား စေကြမည်။

Verse 101 — Surah Al-Imran 3:101

၁ဝ၁။ အလ္လာဟ်၏ သက်သေသာဓကတော်များကို ရွတ်ပြပါလျှက် အသျှင်မြတ်၏တမန်တော်သည် သင်တို့အထဲ၌ရှိပါလျက် သင်တို့သည် အဘယ်ကြောင့် မယုံကြည်နိုင်သနည်း။ အကြင်သူသည် အလ္လာဟ်အား မြဲစွာဆည်းကပ်၏။ ထိုသူသည် လမ်းမှန်ကို ညွှန်ပြခြင်းခံရ၏။

Verse 102 — Surah Al-Imran 3:102

၁ဝ၂။ အို-ယုံကြည်သူတို့ အလ္လာဟ်အား အရေးစိုက်အပ်သမျှနှင့် အသျှင်မြတ်အား ပြုအပ်သောဝတ်ကို အရေးစိုက်ကြလော့။ အသျှင်မြတ်အား ကျိုးနွံ့သူများမဟုတ်ဘဲ အသက်ကုန်ကြလင့်။

Verse 103 — Surah Al-Imran 3:103

၁ဝ၃။ ထို့ပြင် သင်တို့သည် အတူတကွညီညွတ်စွာ အလ္လာဟ်အသျှင်မြတ်၏ တရားကြိုးတော်ကြီးကို မြဲမြံစွာ ဆုပ်ကိုင်ထားကြလော့။ သင်တို့မခွဲကြလင့်။ အလ္လာဟ်အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးကြလော့။ သင်တို့သည် အချင်းချင်း မသင့်မတင့် ရန်သူများဖြစ်ခဲ့ကြငြားသော်လည်း အလ္လာဟ်အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကြောင့် သင်တို့၏ မသင့်မတင့်မှုပျောက်ကွယ်၍ သင်တို့သည် အဆွေခင်ပွန်းဖြစ်ပြီးလျှင် ညီအစ်ကိုတမျှ ချစ်ခင်လာကြရကြောင်း၊ သင်းတို့အား မီး၊ ချောက်ကမ်းပါးကြီးမှ ကယ်ဆယ်တော်မူကြောင်း စသည့် ကျေးဇူးတော်များကို ချီးကျူးကြလော့။ သင်တို့သည် လမ်းညွှန်ပြခြင်းခံခရသောငှာ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ဗျာဒိတ်တော်များကို ဤကဲ့သို့ ထင်ရှားရှင်းလင်းစေတော်မူ၏။

Verse 104 — Surah Al-Imran 3:104

၁ဝ၄။ ထို့ပြင် သုစရိုက်မှုသို့ ဖိတ်ခေါ်သောတရားသဖြင့် ကျင့်ကြံမှုကိုဆင့်ဆိုသော ညစ်ပတ်မှုကို တားမြစ်သော အမျိုးအနွယ်တို့သည် သင်တို့ထံမှ ဆင်းသက်ပေါက်ဖွားလာရန်လည်းဖြစ်၏။ ဤသူများသာလျှင် အောင်ဆုမင်္ဂလာတော်ကို ရရှိကြ၏။

Verse 105 — Surah Al-Imran 3:105

၁ဝ၅။ မိမိထံသို့ ထင်ရှားသော သက်သေသာဓကများရောက်ရှိလာပြီးမှ အချင်းချင်းငြင်းခုံကြပြီးလျှင် အကွဲကွဲအပြားပြားဖြစ်သူတို့ကဲ့သို့ သင်တို့မဖြစ်ကြလင့် ဤသူများအတွက် အလွန်နာကျင်ဖွယ်သော အပြစ်ဒဏ်အသင့်ရှိ၏။

Verse 106 — Surah Al-Imran 3:106

၁ဝ၆။ မျက်နှာအချို့ကို ဖြူစင်တောက်ပစေမည့်နေ့၊ အချို့မျက်နှာကို မည်းနက်စေမည့်နေ့၌ မျက်နှာ မည်းနက်ရသောသူတို့အား သင်တို့သည် ယုံကြည်ပြီးမှ မယုံကြည်သူများမဟုတ်ကြလော့။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ မယုံကြည်မှုကြောင့် အပြစ်ဒဏ်တော်ကို ခံစားကြလော့ဟု မိန့်တော်မူ၏။

Verse 107 — Surah Al-Imran 3:107

၁ဝ၇။ မျက်နှာဖြူစင်တောက်ပလာရသောသူတို့မူကား အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်၌ အမြဲခံစားနေထိုင်ကြ၏။

Verse 108 — Surah Al-Imran 3:108

၁ဝ၈။ ဤဂါထာတော်များသည် အလ္လာဟ်အသျှင်မြတ်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ငါအသျှင်သည် ဤဂါထာတော်များကို သင့်အား မှန်ကန်စွာ ဖတ်ပြတော်မူ၏။ ပလ္လာဟ်သည် မိမိ၏ ကျေးကျွန်များကို မတရားနစ်နာစေတော်မူလိုသည်မဟုတ်ပေ။

Verse 109 — Surah Al-Imran 3:109

၁ဝ၉။ အလ္လာဟ်အသျှင်မြတ်သည် အထက်ကောင်းကင်ဘုံ၊ အောက်မဟာပထဝီမြေပေါ်ဝယ် ရှိရှိသမျှကို သိမ်းရုံးစိုးပိုင်တော်မူ၏။ အရာခပ်သိမ်းကုန်တို့သည် အလ္လာဟ်အသျှင်မြတ်အထံတော်သို့ ပြန်ကြ ရသည်သာတည်း။

Verse 110 — Surah Al-Imran 3:110

၁၁ဝ။ လူသားတို့အတွက် အသျှင်မြတ်ဖန်ဆင်းသော လူမျိုးတို့တွင် သင်တို့သည် အထွဋ်မြတ်ဆုံး ဖြစ်ကြသော လူစုဖြစ်၏။ သင်တို့သည် မှန်ကန်သော အကျင့်အကြံကို ဆင့်ဆိုကြ၏။ ယုတ်မာညစ်ပတ်မှုကို တားမြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်အား ယုံကြည်ကြ၏။ အကယ်၍ ရှေးကျမ်းတော်ရရှိသူတို့သည် ယုံကြည်ခဲ့ကြလျှင် သူတို့အဖို့ ကောင်းလေစွ။ သူတို့အနက် အချို့သူတို့၌ ယုံကြည့်ခြင်းတရားရှိ၏။ သို့သော် သူတို့အနက် အများအပြားတို့သည် မကောင်းမှုကျူးလွန်သူများ ဖြစ်ကြ၏။

Verse 111 — Surah Al-Imran 3:111

၁၁၁။ အနည်းငယ်နစ်နာမှုမှတစ်ပါး သူတို့သည် သင်တို့အား ဘေးပြုနိုင်မည်မဟုတ်ပေ။ သူတို့သည် သင်တို့အား တိုက်ခိုက်ကြလျှင် သူတို့သည် ကျောခိုင်းလျက်ထွက်ပြေးကြလိမ့်မည်။ ထို့နောက် သူတို့သည် အသျှင်မြတ်၏ အကူအညီတော်ကို ရမည်မဟုတ်ပေ။

Verse 112 — Surah Al-Imran 3:112

၁၁၂။ အလ္လာဟ်အသျှင်မြတ်အထံတော်မှသော်လည်းကောင်း၊ လူသားများထံမှသော်လည်းကောင်း ကာကွယ်စောင့်ရှောက်မည်ဟု ပဋိညာဉ်ရရှိသူတို့မှတစ်ပါး သူတို့အနက် အခြားသူတို့ သူသည် သွားလေရာတိုင်း၌ပင် အရှက်တကွဲဖြစ်ကြရမည်။သူတို့သည် မိမိတို့အသျှင်သခင်၏ အမျက်တော်ရှခြင်းကိုခံရပြီး သူတို့သည် အတိဒုက္ခဆင်းရဲခံကြရ၏။ ယင်းသို့့ဖြစ်ရခြင်း၏ မူလ အကြောင်းရင်းကား သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ ဗျာဒိတ်တော်များကို မယုံကြည်ခြင်း၊ မိမိတို့တမန်တော်တို့ကို မတရားသတ်ဖြတ်ခြင်းတို့ကြောင့်ဖြစ်၏။ သူတို့သည် ထောက်ထားခြားနား ခြင်း၍ တရားတော် ကျူးလွန်ချိုးဖောက်သောကြောင့်လည်းဖြစ်၏။

Verse 113 — Surah Al-Imran 3:113

၁၁၃။ ထိုသူတို့အားလုံးသည် ထပ်တူထပ်မျှမဟုတ်ပေ။ ရှေးကျမ်းတော်ကိုရရှိသူများအနက် လူတစ်စုသည် စိတ်ထက်သန် ခိုင်မာပြီးလျှင် ဦးချလျက် အလ္လာဟ်အသျှင်မြတ်၏ နှုတ်ကပတ်တော်များကို ညဉ့်အခါ ရွတ်ဖတ်သရဇ္ဈာယ်ကြ၏။

Verse 114 — Surah Al-Imran 3:114

၁၁၄။ သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်ကြ၏။ မတရားသဖြင့် ပြုကျင့်ရန် ဆင့်ဆိုကြ၏။ ယုတ်မာညစ်ပတ်မှုကို တားမြစ်ပိတ်ပင်ကြ၏။ သုစရိုက်ကောင်းမှုများ၌ အချင်းချင်းပြိုင်ဆိုင်ကြ၏။ သူတို့သည် သူတော်ကောင်းတို့ဘောင်တွင် အပါအဝင်ဖြစ်ကြ၏။

Verse 115 — Surah Al-Imran 3:115

၁၁၅။ အကြင်ကောင်းမှုကို သူတို့သည်ပြုအံ့။ ထိုကောင်းမှု၏အကျိုးသုခကို သူတို့အား ငြင်းပယ်မည် မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်မှုကို ရှောင်ကြဉ်၍ သုစရိုက်ပြုသူတို့အား အကြွင်းမဲ့ သိမြင်တော်မူ၏။

Verse 116 — Surah Al-Imran 3:116

၁၁၆။ မှတ်သားကြလော့။ မိစ္ဆာဒိဌိတို့၏ စည်းစိမ်ဥစ္စာများ၊ သားသမီးအချွေအရံများသည် သူတို့အား အလ္လာဟ်အသျှင်မြတ်နှင့်ဆန့်ကျင်၍ အဘယ်အကျိုးမှ မပေးနိုင်ပေ။ ဤသူတို့သည် အဝီစီငရဲကို တရားသဖြင့် ပိုင်ဆိုင်သူများဖြစ်ကြ၏။ သူတို့သည် ငရဲတွင်နေထိုင်ရမည်သာတည်း။

Verse 117 — Surah Al-Imran 3:117

၁၁၇။ ဤသူတို့၏လောကဘဝ၌ သုံးစွဲလှူဒါန်းခြင်း၏ ဥပမာသည် အလွန်အေးမြပြင်းထန်သောလေနှင့် တူ၏။ ထိုလေသည် မိမိကိုယ်ကို မိမိပြစ်မှားသူတို့၏ ကောက်ပဲသီးနှံများကို တိုက်ခတ်ဖျက်ဆီး၏။ အလ္လာဟ်အသျှင်မြတ်သည် သူတို့ကို ပြစ်မှားတော်မမူချေ။ သူတို့သည် မိမိကိုယ်ကို မိမိတို့ ပြစ်မှား ကြ၏။

Verse 118 — Surah Al-Imran 3:118

၁၁၈။ အို...ယုံကြည်သူတို့ သင်တို့သည် မိမိတို့၏အသင်းသားများမှတစ်ပါး အခြားသူတို့ကို ရင်းနှီးစွာ မပေါင်းဖော်ကြလင့်။ ထိုအခြားသူတို့သည် သင်တို့ပျက်စီးရာ ပျက်စီးကြောင်းကို မဆုတ်မနစ် အားထုတ်ကြ၏။ ထိုသူတို့သည် သင်တို့အား တားဆီးနှောင့်ယှက်လိုကြ၏။ ထိုသူတို့၏ ပါးစပ်မှ ထွက်သောစကားက ထိုသူတို့၏ မုန်းတီးမှုကို ဖော်ပြ၏။ သို့သော် ထိုသူတို့၏စိတ်တွင်းရှိ မုန်းတီးမှု သည် သာလွန်ကြီးမား၏။ ငါအသျှင်မြတ်သည် သင်တို့အား နှုတ်ကပတ်တော်များကို ထင်ရှား ရှင်းလင်းစေတော်မူပြီ။ သင်တို့နားလည်လျှင် ကောင်းလေစွ။

Verse 119 — Surah Al-Imran 3:119

၁၁၉။ မှတ်သားကြလော့။ သူတို့သည် အသင်တို့အား မချစ်ခင်သော်လည်း သင်တို့သည် သူတို့အား မြတ်နိုးကြသူများဖြစ်ကြ၏။ သင်တို့သည် ကျမ်းတော်အားလုံးကို ယုံကြည်ကြ၏။ သူတို့သည် သင်တို့နှင့် တွေ့ဆုံသောအခါ သူတို့က အကျွနု်ပ်တို့ ယုံကြည်ပါ၏ဟုဆိုကြ၏။ သို့သော် သူတို့သည် သင်တို့ထံမှထွက်သွားသောအခါ သင်တို့ကို အမျက်ဒေါသထွက်ပြီးလျှင် လက်ချောင်းထိပ်များကို ကိုက်ကြ၏။ အို-တမန်တော်၊ ဟယ် အချင်းတို့ သင်တို့သည ်မိမိတို့ဒေါသမီးတွင် လောင်ကျွမ်း သေကုန်ကြလော့ဟုဆိုလော့ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏နှလုံးအိမ် တွင်း၌ သိုဝှက်ထားသည်များကို အကြွင်းမဲ့သိမြင်တော်မူ၏။

Verse 120 — Surah Al-Imran 3:120

၁၂ဝ။ သင်တို့သည် ကံကောင်းမှုတစ်စုံတစ်ရာကို ခံစားရသောအခါ ထိုအမှုသည် သူတို့အတွက် အမင်္ဂလာ ဖြစ်၏။ သင်တို့သည် အတိဒုက္ခရောက်သောအခါ သူတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ သို့သော် သင်တို့သည် မဆုတ်မနစ် ကြိုးစားအားထုတ်လျှက် မကောင်းမှုကို ရှောင်ရှားလျှင် သူတို့၏ လှည့်စားမှုသည် သင်တို့အား ဘယ်သောအခါမျှ မနစနာစေနိုင် မှတ်သားကြလော့။ အသျှင်မြတ် သည် သူတို့ပြုသမျှတို့ကို ဝိုင်းထားတော်မူ၏။

Verse 121 — Surah Al-Imran 3:121

၁၂၁။ ထို့ပြင် နံနက်မိုးသောက်သောအခါ၌ သင်သည် မိမိအိမ်သူ၊ အိမ်သားတို့ထံမှ စစ်တိုက်ရန်အတွက် ယုံကြည်သူတို့အား နေထားကျနစွာချထားဘို့ရန် ထွက်သွားသောအခါ အလ္လာဟ်အသျှင်မြတ်သည် အရာရာကို အကြွင်းမဲ့ ကြားသိမြင်တော်မူသောအသျှင်ဖြစ်သည်ကို သင်မှတ်သားလော့။

Verse 122 — Surah Al-Imran 3:122

၁၂၂။ သူတို့အနက် အသင်းနှစ်သင်းတို့သည် လက်လျှော့၍ ထွက်သွားလုမတတ်ရှိသောအခါ အလ္လာဟ် အသျှင်မြတ်သည် သူတို့ကို ကာကွယ်တော်မူသော အဆွေခင်ပွန်းဖြစ်တော်မူ၏။ ယုံကြည်သူတို့သည် အလ္လာဟ်အသျှင်မြတ်ကို ယုံကြည်ကိုးစားကြ၏။

Verse 123 — Surah Al-Imran 3:123

၁၂၃။ ဘဒါရ်စစ်မြေပြင်၌ သင်တို့၏စစ်တပ်သည် သေးငယ်၍ ရန်သူမမှုလောက်ဖြစ်ငြားသော်လည်း အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား အရေးသာ အောင်နိုင်စေတော်မူပြီ။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးခြင်းငှာ၊ အသျှင်မြတ်၏အမှုတော်ကို ထမ်းဆောင်ကြလော့။

Verse 124 — Surah Al-Imran 3:124

၁၂၄။ ထိုအခါ သင်သည် ယုံကြည်သူ စစ်သည်တော်တို့အား ဟယ်-အချင်းတို့ သင်တို့၏အသျှင်သခင်သည် သင်တို့ထံ ကောင်းကင်တမန် စစ်သည်တော် သုံးထောင်ကို ချပေးခြင်းအားဖြင့် ကူညီမှိုင်းမခြင်းသည် သင်တို့အတွက် မလုံလောက်သေးဘူးလားဟု မေးမြန်း၏။

Verse 125 — Surah Al-Imran 3:125

၁၂၅။ ထိုမျှပင်မဟုတ်သေး သင်တို့သည် ဝီရိယဂုဏ်ရှိ၍ မကောင်းမှုကို ကြဉ်ရှောင်လျှင် ရန်သူတို့သည် သင်တို့ကို ရုတ်တရက်တိုက်ခိုက်သော် သင်တို့၏ အသျှင်သခင်သည် သင်တို့အား ရန်သူတို့ကို နှိမ်နင်းဖို့ရာ ကောင်းကင်တမန် စစ်သည်တော်ငါးထောင်နှင့် ကူညီတော်မူမည်။

Verse 126 — Surah Al-Imran 3:126

၁၂၆။ အလ္လာဟ်အသျှင်မြတ်သည် ဤဗျာဒိတ်တော်ကို ဝမ်းမြောက်ဘွယ်သတင်းအဖြစ်ဖြင့်သာ သင်တို့အား ချပေးတောါ်မူ၏။ ထိုသတင်းသည် သင်တို့၏ စိတ်နှလုံးငြိမ်သက်ချမ်းသာဘို့ရာဖြစ်၏။ အနန္တ တန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်မှသာလျှင် အောင်ဆုမင်္ဂလာတော် ကျရောက်လာ၏။

Verse 127 — Surah Al-Imran 3:127

၁၂၇။ ယင်းတို့စောင်မတော်မူခြင်းမှာ မိစ္ဆာဒိဌိရန်သူအချို့တို့ကို သုတ်သင်ရှင်းလင်းဖို့သော်လည်းကောင်း၊ ရန်သူတို့ စစ်ရေးနိမ့် စိတ်ပျက်ပြီးလျှင် အရှက်တကွဲ ဗရမ်းဗတာ ဆုတ်ခွာထွက်ပြေးဖို့ရာသော် လည်းကောင်း ဖြစ်၏။

Verse 128 — Surah Al-Imran 3:128

၁၂၈။ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား အပြစ်လွှတ်တော်မူသည်ဖြစ်စေ၊ အပြစ်ဒဏ်ခတ်တော်မူသည် ဖြစ်စေ၊ သင်တို့၏အမှုမဟုတ်ပေ။ အကြောင်းမူကား သူတို့သည် မကောင်းမှုပြုကျင့်သူများ ဖြစ်ကြ၏။

Verse 129 — Surah Al-Imran 3:129

၁၂၉။ အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်၌ ရှိရှိသမျှအပေါင်းတို့ကို အစိုးရတော် မူ၏။ အသျှင်မြတ်သည် အလိုတော်ရှိသူအား အပြစ်လွှတ်တော်မူ၏။ အပြစ်ပေးလိုတော်မူသော သူအား အပြစ်ပေးတော်မူ၏။ အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 130 — Surah Al-Imran 3:130

၁၃ဝ။ အို-ယုံကြည်သူတို့ သင်တို့သည် ငွေရင်းနှစ်ဆ လေးဆဖြစ်အောင် အတိုးငွေကို မစားကြလင့်။ သင်တို့သည် အောင်မြင်စေခြင်းငှား အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြလော့။

Verse 131 — Surah Al-Imran 3:131

၁၃၁။ မိစ္ဆာမိုက်သူတို့အတွက် စီရင်ထားတော်မူသော ငရဲမီးကို ရှောင်ကြဉ်ကြလော့။

Verse 132 — Surah Al-Imran 3:132

၁၃၂။ သင်တို့ ကောင်းကြီးမင်္ဂလာတော်ရရှိဖို့ရာ အလ္လာဟ်အသျှင်မြတ်၏ ဗျာဒိတ်တော်၊ တမန်တော်၏ သြဝါဒများကို လိုက်နာကျင့်သုံးကြလော့။

Verse 133 — Surah Al-Imran 3:133

၁၃၃။ သင်တို့သည် မိမိတို့၏အသျှင်သခင်ထံတော်မှ အပြစ်လွှတ်ခြင်းကျေးဇူးတော်ကိုရရန်နှင့် သုခဥယျာဉ်တော်သို့ဝင်ရအောင် အချင်းချင်း ပြိုင်ဆိုင်ကြိုးပန်းကြလော့။ သုခဘုံတော်သည် မိုးမြေအမျှ ကျယ်ဝန်း၍ ဒုစရိုက်မှုကို ရှောင်ရှားသော သူတော်ကောင်းတို့အဖို့အရာဖြစ်၏။

Verse 134 — Surah Al-Imran 3:134

၁၃၄။ ထိုသူတို့သည် ချမ်းသာဆင်းရဲမဟူ အသျှင်မြတ်ပေးသနားတော်မူသော ဥစ္စာပစ္စည်းမှ အလှူဒါန ပေးကြ၏။ မိမိတို့စိတ်ဒေါသကို ချုပ်တည်းကြ၏။ သူတစ်ပါးကို အပြစ်လွှတ်ကြ၏။ အလ္လာဟ် အသျှင်မြတ်သည် သူတော်ကောင်းတို့ကို ချစ်မြတ်နိုးတော်မူ၏။

Verse 135 — Surah Al-Imran 3:135

၁၃၅။ ထိုသူသည် မိမိတို့မကောင်းမှုတခုခုကို ကျူးလွန်မိသောအခါသော်လည်းကောင်း၊ မိမိကိုယ်ကို ပြစ်မှားိသောအခါသော်လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်ကို သတိရပြီးလျှင် မိမိတို့အပြစ်များကို ဝန်ချတောင်းပန်ကြ၏။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အဘယ်သူသည် အပြစ်များကိုလွှတ်သနည်း။ ထိုသူတို့သည် သိလျက်နှင့် မိမိပြုသောအပြစ်ကို တဖန်ပြုကျင့်ကြမည်မဟုတ်ပေ။

Verse 136 — Surah Al-Imran 3:136

၁၃၆။ ဤသူတို့၏ဆုလာဘ်သည် သူတို့၏အသျှင်သခင်ထံမှ အပြစ်လွှတ်ခြင်းရတနာနှင့် သုခဥယျာဉ်တော် များဖြစ်၏။ ထိုဥယျာဉ်များအောက်တွင် မြစ်ချောင်းအသွယ်သွယ် စီးဆင်းလျက်ရှိကြ၏။ ထိုဥယျာဉ်များ၌ သူတို့သည် စံမြန်းနေထိုင်ကြရမည်။ တရားသဖြင့် ကြိုးစားသူတို့အဖို့ အလွန် ရက်ရောသော ဆောင်ဆုမင်္ဂလာတော်ကြီးဖြစ်၏။

Verse 137 — Surah Al-Imran 3:137

၁၃၇။ သင်တို့မဖြစ်မီ အယူဝါဒအဖုံဖုံ၊ လူအမျိုးမျိုးပေါ်လာ ပျောက်ကွယ်သွားကြပြီ။ ကမ္ဘာမြေပေါ်ဝယ် အနှံ့အပြားသွားလာ၍ မိမိတို့တမန်တော်များကို မယုံကြည်၊ ငြင်းပယ်သူတို့သည် အဘယ် အကျိုးဆက်ကို ခံစားရလေသည်ကို စုံစမ်းကြည့်ရှုကြလော့။

Verse 138 — Surah Al-Imran 3:138

၁၃၈။ ဤကျမ်းသည် လူသားတစ်မျိုးလုံးအတွက် ပြဌာန်းချက်ဖြစ်သည်။ မကောင်းမှုကို ရှောင်ကြဉ်သူတို့ အဖို့ လမ်းညွှန်ပြချက်နှင့် အဆုံးအမတော်ဖြစ်သည်။

Verse 139 — Surah Al-Imran 3:139

၁၃၉။ စိတ်မပျက်ကြလင့်။ စိတ်မပူကြလင့်။ အကြောင်းမူကား သင်တို့သည် ယုံကြည်သူ အစစ်အမှန် ဖြစ်ကြလျှင် သူတို့အား အောင်နိုင်မည်သာတည်း။

Verse 140 — Surah Al-Imran 3:140

၁၄ဝ။ သင်တို့သည် ဆုံးရှုံးခြင်းအမင်္ဂလာတစ်ခုကို ခံစားရလျှင် မိစ္ဆာဒိဌိတို့လည်း အလားတူ အမင်္ဂလာတို့ တွေ့ကြပြီ။ ယင်းဖြစ်ပျက်ခြင်းသည် လူသားတို့အား ငါအသျှင် ပေးသနားတော်မူသော လောကဓံ တရားအတိုင်းဖြစ်၏။ နောက်ဆုံးစွန်၌ သင်တို့အနက် ယုံကြည်သူနှင့် မယုံကြည်သူတို့ကို အလ္လာဟ် အသျှင်မြတ် ခွဲခြားသိတော်မူရန်ဖြစ်၏။ သက်သေတော်ကြီးများ ရွေးချယ်ဖို့ရာလည်းဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်မှု ကျူးလွန်သူတို့ကို နှစ်သက်တော်မမူချေ။

Verse 141 — Surah Al-Imran 3:141

၁၄၁။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတိုအား စမ်းသပ်တော်မူရန်လည်းဖြစ်၏။ မယုံကြည်သူတို့ အား အမင်္ဂလာပေးတော်မူရန်လည်းဖြစ်၏။

Verse 142 — Surah Al-Imran 3:142

၁၄၂။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အနက် အဘယ်သူသည် မုချဧကန် ကြိုးပမ်းအားထုတ်သည်။ အဘယ်သူသည် တည်ကြည်ခိုင်မြဲသည်ကို သိတော်မမူဘဲ သင်တို့သည် သုခဘုံနန်းသို့ ဝင်ကြရမည် ထင်မှတ်ကြသလော။

Verse 143 — Surah Al-Imran 3:143

၁၄၃။ အမှန်မှာ သင်တို့သည် စစ်မြေပြင်ပေါ်တွင် မသေခင်ပင်လျှင် သေချင်လိုသောဆန္ဒရှိကြ၏။ ယခု သင်တို့သည် သေခြင်းတရားကို မျက်ဝါးထင်ထင်တွေ့မြင်ရပြီ။

Verse 144 — Surah Al-Imran 3:144

၁၄၄။ မိုဟမ္မဒ်သည် တမန်တော်တစ်ပါးသာဖြစ်၏။ သူမပွင့်ပီ သူ့ကဲ့သို့ တမန်တော်များပွင့်ခဲ့ပြီ။ အနိစ္စ ရောက်ခဲ့ပြီ။ သူသော်လည်းကောင်း၊ အသတ်ခံရသော်လည်းကောင်း သင်တို့သည် မိမိတို့၏ ခြေဖနောင့်များပေါ်မှာ လှည့်ပြေးကြမည်လော။ ယင်းသို့လှည့်သောသူသည် အလ္လာဟ်အား နစ်နာစေသည်မဟုတ်ပေ။ ငါအသျှင်သည် ကျေးဇူးတော်ကို သိတတ်သူအား ဆုချတော်မူမည်။

Verse 145 — Surah Al-Imran 3:145

၁၄၅။ အလ္လာဟ်အသျှင်မြတ်၏အမိန့်တော်မရှိဘဲ သတ်မှတ်ထားသောအချိန်မစေ့ဘဲ မည်သူမှ အသက် မကုန်နိုင်ချေ။ အကြင်သူသည် လောကီဆုကို မက်မော၏။ ထိုသူအား ထိုဆုကို ပေးတော်မူ၏။ အကြင်သူသည် နောင်ဘဝဆုကိုလိုလား၏။ ထိုဆုကို ထိုသူအား ငါအသျှင်ပေးတော်မူ၏။ ငါသည် ကျေးဇူးတော်သိသူတို့အား ဆုပေးသနားတော်မူမည်။

Verse 146 — Surah Al-Imran 3:146

၁၄၆။ များပြားလှစွာသောတမန်တော်တို့နှင့်အတူတကွ စစ်ဆင်နွှဲသော သစ္စာရှိသူတို့ များစွာရှိကြ၏။ သူတို့သည် အလ္လာဟ်အသျှင်မြတ်၏လမ်းတော်တွင် ရင်ဆိုင်ရသော ဘေးဥပါဒ်ကို မကြောက်ရွံ့ကြ ချေ။ သူတို့သည် အားမပျော့ကြချေ။ သူတို့ကို ဖိနှိပ်၍မရချေ။ အလ္လာဟ်အသျှင်မြတ်သည် သည်းခံသောသူတို့ကို မြတ်နိုးတော်မူ၏။

Verse 147 — Surah Al-Imran 3:147

၁၄၇။ သူတို့၏ကြွေးကြော်သံမှာ အို-အကျွနု်ပ်တို့၏အသျှင်သခင် အကျွနု်ပ်တို့အား မိမိတို့၏အပြစ်များနှင့် အကျိုးမရှိသော ကြိုးပမ်းမှုများကို ခွင့်လွှတ်တော်မူပါ။ အကျွနု်ပ်တို့အား ခြေလှမ်းမှန်ကန် ခိုင်မြဲစေ တော်မူပါဟု ဆုတောင်းခြင်းသာဖြစ်၏။

Verse 148 — Surah Al-Imran 3:148

၁၄၈။ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ဤဘဝ၏ဆုကိုလည်းကောင်း၊ နောင်ဘဝ၏ဆုတို့ကို လည်းကောင်း ပေးသနားတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ကောင်းမှုပြုသူတို့အား နှစ်သက် မြတ်နိုးတော်မူ၏။

Verse 149 — Surah Al-Imran 3:149

၁၄၉။ အို-ယုံကြည်သူတို့ သင်တို့သည် မိစ္ဆာဒိဌိတို့၏ သြဝါဒကို လိုက်နာဆောင်ရွက်လျှင် သူတို့သည် သင်တို့အား သင်တို့၏ခြေဖနောင့်များပေါ် လှည့်ပြေးစေမည်။ သင်တို့သည် ဆုံးရှုံးပျက်စီးကြမည်သာ တည်း။

Verse 150 — Surah Al-Imran 3:150

၁၅ဝ။ သို့သော် အလ္လာဟ်အသျှင်မြတ်သည် သင်တို့ကို ကာကွယ်စောင့်ရှောက်တော်မူသောအသျှင် ဖြစ်တော်မူ၏။ အသျှင်မြတ်သည် ကူညီစောင်မသူအပေါင်းတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူ၏။

Verse 151 — Surah Al-Imran 3:151

၁၅၁။ သူတို့သည် အကိုးအကားတစ်စုံတစ်ရာချပေးတော်မမူဘဲ အသျှင်မြတ် ဘက်စပ်သူများပေးသော ကြောင့် ငါအသျှင်သည် မိစ္ဆာဒိဌိတို့စိတ်တွင်း၌ ထိတ်လန့်တုန်လှုပ်ခြင်းကို သွတ်သွင်းတော်မူမည်။ သူတို့နေထိုင်ရမည့်ဌာနမူကား အဝီစိငရဲဖြစ်၏။ ဒုစရိုက်မှုကျူးလွန်သူတို့၏ အလွန်ဆိုးဝါးသော နေရာထိုင်ခင်းဖြစ်၏။

Verse 152 — Surah Al-Imran 3:152

၁၅၂။ သင်တို့မက်မော်သော အောင်နိုင်ခြင်းကို အလ္လာဟ်အသျှင်မြတ် ပြသတော်မူပြီးမှ သင်တို့သည် သတ္တိနည်းလာ၍ တမန်တော်မ၏အမိန့်ကို သဘောမတူ၊ မနာခံသည့်တိုင်အောင် သင်တို့သည် အသျှင်မြတ်၏အမိန့်တော်အားဖြင့် ရန်သူစစ်သည်တော်များကို ဗရမ်းဗတာထွက်ပြေးအောင် တိုက်ခိုက်နိုင်ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ပေးထားတော်မူသော ဂတိ သစ္စာတော်ကို ပြည့်စုံစေတော်မူ၏။ သင်တို့အနက် အချို့သည် ဤဘဝကို တပ်မက်ကြ၏။ အချို့ကား နောင်ဘဝကို မက်မောကြ၏။ သင်တို့ကို စမ်းသပ်ရန် အသျှင်မြတ်သည် သင်တို့အား သူတို့ထံမှ ထွက်ပြေးစေတော်မူ၏။ ယခုအချိန်ကာလတွင် အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား အပြစ်လွှတ် တော်မူပြီ။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတို့အဖို့ ဂရုဏာတော်အသျှင်သခင် ဖြစ်တော်မူ၏။

Verse 153 — Surah Al-Imran 3:153

၁၅၃။ သင်တို့သည် တောင်ကုန်းပေါ်သို့တက်ကြ၍ မည်သူ့ကိုမှ အရေးမစိုက်ကြပေ။ ထိုအခါ တမန်တော်က သင်တို့နောက်မှနေ၍ တိုက်ခိုက်ရန်ခေါ်နေလေ၏။ ထိုကြောင့် တမန်တော် စိတ်ပင်ပန်းသကဲ့သို့ သင်တို့ကိုလည်း အလ္လာဟ်အသျှင်မြတ်က စိတ်ပူဆွေးခြင်းဆုကို ချပေးတော်မူ၏။ အသျှင်မြတ်သည် သင်တို့အား သင်တို့မရလိုက်သော လာဘ်လာဘအတွက်သော်လည်းကောင်း၊ သင်တို့တွေ့ကြံုရ သော ဆုံးရှုံးခြင်းအတွက်ကိုသော်လည်းကောင်း၊ ဝမ်းနည်းပက်လက်မရှိစေဖို့ရာ ယင်းသို့ ဆုံးမတော် မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ပြုလုပ်သမျှတို့ကို သတင်းရတော်မူ၏။

Verse 154 — Surah Al-Imran 3:154

၁၅၄။ ထို့ပြင် ဝမ်းနည်းရပြီးနောက် သင်တို့အား လုံခြံုခြင်းကို ချပေးသနားတော်မူ၏။ သင်တို့အနက် လူတစ်စုသည် အိပ်ငိုက်သွားကြ၏။ အခြားတစ်စုက မိမိကိုယ်ရေးကိုယ်တာအတွက် စိုးရိမ်ကြောင့်ကြ လာပြီးလျှင် အလ္လာဟ်အသျှင်မြတ်ကို မိစ္ဆာဒိဌိတို့၏အတွေးနှင့် မတရားတွေးတောနေကြ၏။ သူတို့က ဤစစ်ပွဲတွင် အကျွနု်ပ်တို့ ဆုံးဖြတ်ခွင့်တစ်စုံတစခုရှိခဲ့သလောဟု ဆိုကြ၏။ အို-မိုဒမ္မဒ် ဆုံးဖြတ်ခြင်း သည် အသျှင်နှင့်သာဆိုင်၏ဟု သင်ပြောကြားလော့။ သူတို့သည် သင့်အား ထုတ်ဖော်မပြောဘဲ သူတို့ဝမ်းတွင်းတွင် မျိုသိပ်ထားသော တွေးတောချက်တစ်ခုရှိ၏။ ထိုတွေးတောချက်ကား အကျွနု်ပ်တို့တွင် ဆုံးဖြတ်ခွင့်ရှိခဲ့ကြလျှင် အကျွနု်ပ်တို့သည် ဤစစ်ပွဲတွင် သတ်ဖြတ်ခြင်းခံခဲ့ကြရမည် မဟုတ်ချေဟူ၍ဖြစ်၏။ အို-တမန်တော် ဟောကြားလော့။ သင်တို့သည် မိမိတို့အိမ်တွင်းတွင် ရှိငြားသော်လည်း အသတ်အဖြတ်ခံရမည်သာဟု အသျှင်မြတ်ပြဌာန်းတော်မူခြင်းခံရသူတို့သည် မိမိတို့သေရမည့်နေရာများသို့ သွားကြရမည်သာတည်း။ ဤအခြင်းအရာအားလုံးသည် သင်တို့ ဝမ်းတွင်းရှိသည်တို့ကို စုံစမ်း၍ သင်တို့စိတ်နှလုံးအတွင်းရှိသည်တို့ကို ထုတ်ဖော်ပြရန်ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် လူသားတို့၏ စိတ်နှလုံးများအတွင်းရှိ လျှို့ဝှက်နက်နဲသောအရာများကို အကြွင်းမဲ့သိမြင်တော်မူ၏။

Verse 155 — Surah Al-Imran 3:155

၁၅၅။ မှတ်သားကြလော့။ စစ်တပ်ကြီးနှစ်တပ်ယှဉ်ပြိုင်တိုက်ခိုက်သောအခါ သင်တို့အနက် ထွက်ပြေးသော သူတို့သည် ရှိုင်တန်မာရ်နတ်၏ လှည့်စားခြင်းကြောင့် အယူဖောက်ပြန်ကြ၏။ သူတို့သည် မိမိတို့ ပြုကျင့်မှု၏အကျိုးကြောင့် ယင်းသို့ ဖောက်ပြန်ကြ၏။ ယခုအခါ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား အပြစ်လွှတ်တော်မူပြီ။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော် မူသော ထောက်ထားညှာတာတော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 156 — Surah Al-Imran 3:156

၁၅၆။ အို-ယုံကြည်သူတို့ သင်တို့သည် မိစ္ဆာဒိဌိတို့ကဲ့သို့ မဖြစ်ကြလင့်။ ထိုသူတို့သည် မိမိတို့၏ ခရီးသွား နေသော သားချင်းတို့ကိုဖြစ်စေ၊ စစ်မြေပြင်တွင် တိုက်ခိုက်နေသော သားချင်းတို့ကိုဖြစ်စေ၊ သူတို့သည် အကျွနု်ပ်တို့နှင့်အတူတကွ ဤမှာရှိကြလျှင် သူတို့သည် သေရမှာလည်းမဟုတ်၊ အသတ်ခံရမှာလည်း မဟုတ်ဟု ပြောကြ၏။ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ယင်းသို့ ပူဆွေးစေတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သာလျှင် အသက်ရှင်စေတော်မူ၏။ အသက်သေစေတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ပြုသမျှတို့ကို မြင်တော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 157 — Surah Al-Imran 3:157

၁၅၇။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်၌ အသတ်ခံရခြင်းကိုသော်လည်းကောင်း၊ သေရခြင်းကိုသော်လည်းကောင်း၊ မနှစ်သက်ကြဘူးလော့။ အမှန်မှာ အလ္လာဟ်အသျှင်မြတ်၏ အပြစ်လွှတ်ခြင်းနှင့် ကောင်းကြီးမင်္ဂလာတော်သည် သူတို့ရှာဖွေစုဆောင်းထားသော ဥစ္စာပစ္စည်းများ အားလုံးထက် သာလွန်ကောင်းမြတ်၏။

Verse 158 — Surah Al-Imran 3:158

၁၅၈။ အသတ်ခံရသော်လည်းကောင်း၊ အလိုအလျောက်သေသော်လည်းကောင်း၊ သင်တို့သည် အမှန်ပင် အလ္လာဟ်အသျှင်မြတ်အထံတော်သို့ ပြန်လည်စုကြရသည်သာတည်း။

Verse 159 — Surah Al-Imran 3:159

၁၅၉။ အို-မိုဟမ္မဒ် အလ္လာဟ်အသျှင်မြတ်၏ဂုဏ်ကျေးဇူးတော်ကြောင့် သင်တို့သည် သူတို့အား ထောက်ထား ညှာတာ၏။ အကြောင်းမူကား အကယ်၍ သူတို့အပေါ်၌ ခက်ထန်ရက်စက်ခဲ့လျှင် သူတို့သည် သင်၏ ပတ်ဝန်းကျင်မှ ထွက်ခွာသွားကြလေမည်။ ထို့ကြောင့် သင်သည် သူတို့အား အပြစ်လွှတ် လော့။ အသျှင်မြတ်အထံတော်၌ သူတို့အတွက် အပြစ်လွှတ်ဆုကို တောင်းလော့။ အုပ်ချုပ်စီမံ ခန့်ခွဲရာ၌ သူတို့နှင့် တိုင်ပင်နှီးနှောလော့။ ဆုံးဖြတ်ချက်ချပြီးနောက် အလ္လာဟ်အသျှင်မြတ်အား ယုံကြည်ကိုးစားလော့။ မှတ်သားလော့။ မိမိအားယုံကြည်ကိုးစားသူတို့ကို အလ္လာဟ်အသျှင်မြတ်သည် နှစ်သက်မြတ်နိုးတော်မူ၏။

Verse 160 — Surah Al-Imran 3:160

၁၆ဝ။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ကူညီစောင့်ရှောက်တော်မူပါလျှင် သင်တို့အား မည်သူမျှ မနိုင်နိုင်ပေ။ အသျှင်မြတ်သည် မိမိ၏အစောင့်အရှောက်တော်ကို သင်တို့ထံမှ ရုတ်သိမ်းတော် မူပါလျှင် သင်တို့ကို ကူညီနိုင်သူ အဘယ်သူရှိသနည်း။ ယုံကြည်သူတို့သည် အလ္လာဟ်အသျှင်မြတ် အားသာ ယုံကြည်ကိုးစားစေကြလော့။

Verse 161 — Surah Al-Imran 3:161

၁၆၁။ မည်သည့်တမန်တော်မှ လူသားတို့ကို လှည့်စားသည်မဟုတ်ပေ။ အကြင်သူသည် လိမ်လည် ကောက်ကျစ်အံ့။ ထိုသူသည် မိမိ၏ လိမ်လည်မှုကို မိမိနှင့်အတူတကွ ရှင်ပြန်ထမြောက်ရသော နေ့တော်ကြီး၌ ယူလာရမည်။ ထိုနေ့တော်ကြီး၌ ဝိညာဉ်တိုင်းကို မိမိဆည်းပူးခဲ့သော ကောင်းကျိုး ဆိုးပြစ်ကို ပြည့်စုံစွာပေးတော်မူလတ္တံ။ သူတို့သည် မတရားပြုကျင့်ခြင်းခံကြရမည်မဟုတ်ပေ။

Verse 162 — Surah Al-Imran 3:162

၁၆၂။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်၏ နှစ်သက်တော်မူခြင်းကိုရှာမှီး၏။ ထိုသူသည် အလ္လာဟ် အသျှင်မြတ် ကျိန်ဆဲတော်မူခြင်းခံရသော အလွန်ယုတ်သော ခရီးဆုံးဖြစ်သည့် ငရဲတွင် နေရသောသူနှင့် ထပ်တူထပ်မျှဖြစ်မည်လော။

Verse 163 — Surah Al-Imran 3:163

၁၆၃။ အလ္လာဟ်အသျှင်မြတ်အထံတော်၌ အဆင့်အတန်းအမျိုးမျိုးရှိ၏။ အလ္လာဟ'်အသျှင်မြတ်သည် သင်တို့ ပြုသည်တို့ကို မြင်တော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 164 — Surah Al-Imran 3:164

၁၆၄။ အကယ်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတို့အား သူတို့ထံ ထိုသူတို့၏ သားချင်း တစ်ဦးကို တမန်တော်အဖြစ် စေလွှတ်တော်မူခြင်းဖြင့် ချီးမြှင့်တော်မူပြီး တမန်တော်သည် သူတို့အား အာယတ်တော်များကို ရွတ်ဖတ်ပြ၏ သူတို့ကို တရားပွားများ သန့်ရှင်းစေ၏။ သူတို့အား ကျမ်းတော်ကို သင်ပြ၏။ ပညာအလင်းရောင်ကိုပေး၏။ ထိုတမန်တော်မပွင့်လာမီ သူတို့သည် အလွန် ထင်ရှားသောအမှားတွင် နစ်မြှုပ်နေကြ၏။

Verse 165 — Surah Al-Imran 3:165

၁၆၅။ ရန်သူတို့အား သင်တို့ဆုံးရှုံးသည်ထက် နှစ်ဆဆုံးရှုံးစေတော်မူ၏။ သို့ပါလျက် သင်တို့သည် ဆုံးရှုံးခြင်းခံရသောအခါ အဘယ်သို့ဖြစ်သနည်းဟု ညည်းညူကြသလော။ အို-မိုဟမ္မဒ် သင်သည် လူသားတို့အား ဟောကြားလော့။ ထိုဆုံးရှုံးခြင်းသည် သင်တို့ကြောင့်ဖြစ်၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။

Verse 166 — Surah Al-Imran 3:166

၁၆၆။ စစ်တပ်ကြီးနှစ်တပ် ရင်ဆိုင်တိုက်ခိုက်သောနေ့၌ သင်တို့ခံရသောဒဏ်သည် အလ္လာဟ်အသျှင်မြတ် ၏အမိန့်တော်ကြောင့်ဖြစ်၏။ အသျှင်မြတ်သည် အမှန်ယုံကြည်သူတို့ကို ခွဲခြားသိတော်မူရန် ယင်းသို့ စီရင်တော်မူ၏ဟု ဟောကြားလော့။

Verse 167 — Surah Al-Imran 3:167

၁၆၇။ ထို့ပြင် အသျှင်မြတ်သည် ယုံကြည်သူဟန်ဆောင်သောသူတို့ကို သိမြင်စေစိမ့်ငှာ သူတို့အား ဟယ် အချင်းတို့ လာကြလော့။ အလ္လာဟ်အသျှင်မြတ်၏ဘက်တော်၌ စစ်တိုက်ကြလော့။ သို့မဟုတ် မိမိတို့ကိုယ်ကို မိမိတို့ ကာကွယ်ကြလော့ဟု မိန့်တော်မူ၏။ သူတို့က အကယ်၍ အကျွနု်ပ်တို့သည် စစ်တိုက်အတတ် တစ်စုံတစ်ခုကို တတ်ပါလျှင် အကျွနု်ပ်တို့သည် သင်တို့နှင့်အတူ လိုက်ခဲ့ပါမည်ဟု ပြန်ပြောကြ၏။ ထိုနေ့၌ သူတို့သည် ယုံကြည်မှုထက် မယုံကြည်မှုနှင့်သာ နီးစပ်ကြ၏။ (သူတို့သည် မိမိတို့စိတ်နှလုံးတွင်မရှိသောအရာကို မိမိတို့ပါးစပ်များဖြင့်ဆိုကြ၏။) အလ္လာဟ်အသျှင်မြတ်သည် သူတို့လျှို့ဝှက်ထားသည်ကို အသိမြင်ဆုံးဖြစ်တော်မူ၏။

Verse 168 — Surah Al-Imran 3:168

၁၆၈။ အကြင်သူတို့သည် မိမိတို့အိမ်များတွင်နေကြစဉ် အလ္လာဟ်အသျှင်မြတ်ဘက်တော်၌ စစ်ခင်းနေသော မိမိတို့သားချင်းအကြောင်းကို ဤသို့ဆိုကြ၏။ သူတို့သည် အကျွနု်ပ်တို့၏စကားကို နားထောင်ခဲ့လျှင် သတ်ဖြတ်ခြင်းကို ခံကြရမည်မဟုတ်ပေ။ အို-မိုဟမ္မဒ် ထိုသူတို့အား ဟယ် အချင်းတို့ သင်တို့ အမှန်စကားကိုဆိုကြလျှင် သင်တို့သည် မိမိတို့ထံမှ သေခြင်းကို လွဲသွားစေကြလော့ဟု သင်ပြောကြား လော့။

Verse 169 — Surah Al-Imran 3:169

၁၆၉။ အလ္လာဟ်အသျှင်မြတ်၏လမ်းတော်၌ အသတ်ခံရသောသူတို့ကို သေဆုံးသည်ဟု မယူဆကြလင့်။ သူတို့သည် သေလွန်သည်မဟုတ် အသက်ရှင်နေကြ၏။ သူတို့၏အသျှင်သခင်အထံတော်၌ သူတို့သည် ရိက္ခာပစ္စည်းများရရှိကြ၏။

Verse 170 — Surah Al-Imran 3:170

၁၇ဝ။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ကောင်းကြီးမင်္ဂလာတော်မှ သူတို့အား ပေးသနားတော်မူသော ကြောင့် သူတို့သည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြ၏။ သူတို့သည် သူတို့နှင့်အတူ တကွမရှိဘဲ ကျန်ရစ်ခဲ့သောသူတို့အတွက်ကြောင့် ရွှင်မြူးကြ၏။ သူတို့အပေါ်သို့ ကြောက်ရွံ့စရာ ကျရောက်မည်မဟုတ်ပေ။ သူတို့သည် ပူဆွေးကြမည်မဟုတ်ပေ။

Verse 171 — Surah Al-Imran 3:171

၁၇၁။ အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်၊ ကရုဏာတော်တို့ကြောင့် သူတို့သည် ရွှင်လန်းပျော်မြူးကြရ၏။ အသျှင်မြတ်သည် ယုံကြည်သူတို့၏ ကုသိုလ်အကျိုးကို အနည်းငယ်မျှ ဆုံးရှုံးစေတော်မမူ။ ထို့ကြောင့် သူတို့ ဝမ်းမြောက်ဝမ်းသာကြရ၏။

Verse 172 — Surah Al-Imran 3:172

၁၇၂။ အကြင်သူတို့သည် စစ်မြေပြင်၌ ဒဏ်ရာရပြီးနောက် အသျှင်မြတ်နှင့် တမန်တော်၏ စစ်တိုက်ရန် အမိန့်တော်ကို နာခံကြ၏။ ထိုသူတို့အနက် တရားမှုကိုပြုကျင့်၍ မတရားမှုကို ရှောင်ရှားသော သူတို့အဖို့ရာ အောင်ဆုမင်္ဂလာတော်ကြီးရှိ၏။

Verse 173 — Surah Al-Imran 3:173

၁၇၃။ ထိုသူတို့အား အခြားလူတို့က လူအမြောက်အများသည် သင်တို့ကို တိုက်ခိုက်ရန် တာစူနေကြပြီ။ သူတို့ကို ကြောက်ရွံ့ကြလော့ဟုဆိုကြ၏။ ဘေးဥပါဒ်နီးကပ်လာသောကြောင့် သူတို့၏ယုံကြည်မှုသည် ကြီးမားပြင်းထန်တိုးတက်လာ၍ သူတို့က အလ္လာဟ်အသျှင်တြ်သည် အကျွနု်ပ်တို့အဖို့ လုံလောက် တော်မူပါ၏။ အကျွနု်ပ်တို့ ယုံကြည်ကိုးစားသောအသျှင်မြတ်သည် အမွန်မြတ်ဆုံးဖြစ်တော်မူပါ၏ဟု ရင့်ကျုးကြ၏။

Verse 174 — Surah Al-Imran 3:174

၁၇၄။ ထို့ကြောင့် သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီးမဂွလာတော်၊ ဂုဏ်ကျေးဇူးတော်နှင့် ပြန်လာကြရ၏။သူတို့အား ဘေးမသီရန်မခပေ။ သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ နှစ်သက်တော် မူခြင်းရတနာကို ရှာမှီးလိုက်နာကြ၏။ အလ္လာဟ်အသျှင်မြတ်သည် အနန္တကောင်းကြီးမင်္ဂလာတော် သခင်ဖြစ်တော်မူပါ၏။

Verse 175 — Surah Al-Imran 3:175

၁၇၅။ ရှိုင်တန်မရ်နတ်သည် လူသားတို့အား သူ၏ဘက်သားများကို ထိတ်လန့်စေ၏။ သူတို့ကို မကြောက်ရွံ့ ကြလင့်။ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် ငါအသျှင်မြတ်ကိုသာ ကြောက်ရွံ့ရိုးကျိုးကြလော့။

Verse 176 — Surah Al-Imran 3:176

၁၇၆။ အို-တမန်တော် မိစ္ဆာအယူဝါဒကို လွယ်ကူစွာလက်ခံသောသူတို့၏ အပြုအမူကြောင့် သင်သည် မပူဆွေးလင့်။ သူတို့သည် အလ္လာဟ်အသျှင်မြတ်သည် သူတို့အား နောင်ဘဝ၌ ဝေစုပေးလိုတော် မမူပေ။ သူတို့၏အပြစ်ဒဏ်သည် အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်၏။

Verse 177 — Surah Al-Imran 3:177

၁၇၇။ အကြင်သူတို့သည် ယုံကြည်မှုကိုပေး၍ မယုံကြည်မှုကို ဝယ်ယူအံ့။ ထိုသူတို့သည် အလ္လာဟ် အသျှင်မြတ်ကို စိုးစဉ်းမျှမနစ်နာစေနိုင်ချေ။ သို့သော် သူတို့သည် အလွန်ပြင်းထန်နာကျင်ဖွယ် ကောင်းသော အပြစ်ဒဏ်ကို ခံစားရလတ္တံ။

Verse 178 — Surah Al-Imran 3:178

၁၇၈။ ငါအသျှင်သည် မယုံကြည်သူတို့အား ပေါက်လွှတ်ပဲစား လွှတ်ထားတော်မူခြင်းသည် သူတို့အတွက် နိမိတ်ကောင်းဟု သူတို့မထင်ထိုက်ချေ။ ငါအသျှင်သည် သူတို့အား အပြစ်ကျူးလွန်ခြင်း၌ ပိုမို ကျူးလွန်စေရန် လွှတ်ထားတော်မူ၏။

Verse 179 — Surah Al-Imran 3:179

၁၇၉။ အလ္လာဟ်အသျှင်မြတ်သည် မသူတော်များကို သူတော်ကောင်းတို့ထံမှ ခွဲထုတ်သည့်အချိန်ကာလ တိုင်အောင် သင်တို့အား ဤအခြေအနေ၌ထားဖို့ရန် ကြံရွယ်တော်မမူပေ။ သင်တို့အား မမြင်စွမ်းနိုင် သောအရာများကို သိမြင်စေရန်လည်း ကြံရွယ်တော်မမူပေ။ ထိုအရာများကိုသိဖို့ရာ မိမိအလိုတော် ရှိသောသူတို့ကို မိမိ၏ တမန်တော်များထဲက ရွေးကောက်တော်မူ၏။ ထို့ကြောင့် အလ္လာဟ်နှင့် အသျှင်၏ တမန်တော်များအား ယုံကြည်ကြလော့။ သင်တို့သည် ယုံကြည်လျက် မကောင်းမှုကို ရှောင်ရှားလျှင် သင်တို့၏ဆုလာဘ်သည် အလွန်ကြီးကျယ်များပြား၏။

Verse 180 — Surah Al-Imran 3:180

၁၈ဝ။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ အနန္တကောင်းကြီးမင်္ဂလာတော်မှ ပေးသနားတော်မူ သော ဥစ္စာပစ္စည်းများကို ကပ်စည်းနည်းစွာ စုဆောင်းသိုလှောင်ထားကြ၏။ ထိိုသူတို့က ၎င်းပစ္စည်းများသည် မိမိတို့အဖို့ သာလွန်ကောင်းသည်ဟု မယူဆကြလင့်။ မဟုတ်ပေ။ မိုမိုဆိုးဝါး၏။ ရှင်ပြန်ထမြောက်သောနေ့တော်ကြီး၌ ထိုပစ္စည်းများသည် သူတို့၏လည်ဂုပ်ကို ခွစီးလျက်ရှိကြလတ္တံ့။ အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အမွေခံတော်မူ၏။ အလ္လာဟ်သည် သင်တို့ပြုလုပ်သမျှကို သတင်းရတော်မူ၏။

Verse 181 — Surah Al-Imran 3:181

၁၈၁။ စစ်စရိတ်အတွက် အလှူခံရသောအခါ အလ္လာဟ်အသျှင်မြတ်သည် မုချဆင်းရဲ၏။ အကျွနု်ပ်တို့သည် ကြွယ်ဝ၏ဟုဆိုသော သူတို့၏စကားကို အလ္လာဟ်အသျှင်မြတ်သည် ဧကန်ကြားတော်မူ၏။ ငါအသျှင်မြတ်သည် သူတို့၏ပြောဆိုချက်ကိုသော်လည်းကောင်း၊ သူတို့၏တမန်တော်များကို မတရား သတ်ဖြတ်မှုကိုသော်လည်းကောင်း ရေးမှတ်ထားတော်မူ၏။ ထို့ပြင် သူတို့အား ဟယ်-အမိုက်တို့ သင်တို့သည် မီးလောင်ကျွမ်းခြင်းအပြစ်ဒဏ်ကို မြည်းကြလော့ဟု ငါအသျှင်မြတ် မိန့်တော်မူမည်။

Verse 182 — Surah Al-Imran 3:182

၁၈၂။ ယင်းအပြစ်ဒဏ်မှာသင်သည် တရားစီရင်တော်မူသောနေ့တော်ကြီးအတွက် တင်ကြိုပို့ထားနှင့်သော သင်တို့၏ပြုကျင့်မှုများကြောင့်တည်း။ အလ္လာဟ်အသျှင်မြတ်သည် မိမိကျေးတော်မျိုး၊ ကျွန်တော်မျိုး တို့ကို နှိပ်စက် ညှင်းပန်းတော်မူသောအသျှင် ဖြစ်တော်မမူပေ။

Verse 183 — Surah Al-Imran 3:183

၁၈၃။ ထိုသူများပင် ဤသို့ပြောကြ၏။ မှတ်သားကြလော့။ တမန်တော်တစ်ပါးပွင့်လာလျှင် သင်တို့ထံသို့ တမန်တော်ဆိုသူသည် အလှူပစ္စည်းတစ်ခုယူခဲ့၍ ထိုပစ္စည်းကို ကောင်းမီးမမျိုးသမျှ သင်တို့ သူ့ကို မယုံကြလင့်ဟု အသျှင်မြတ်သည် ဗျာဒိတ်ပေးတော်မူ၏။ အို-မိုဟမ္မဒ် သင်သည် သူတို့အား ဟောပြောလော့။ ဟယ်-အချင်းတို့ ငါမပွင့်မီ သင်တို့ထံသို့ တမန်တော်များသည် အံဘွယ်သူရဲများကို ယူဆောင်လာခဲ့၏။ သင်တို့ပြောဆိုသော ထိုအံ့ဘွယ်ကိုလည်း ယူဆောင်ခဲ့၏။ အဘယ်ကြောင့် သင်တို့သည် သူတို့ကို သတ်ဖြတ်ကြသနည်။ သင်တို့သည် သစ္စာစကားဆိုသူများဖြစ်လျှင် ငါ၏ မေးခွန်းကိုဖြေကြလော့။

Verse 184 — Surah Al-Imran 3:184

၁၈၄။ အကယ်၍ ဤသူတို့သည် သင့်အား ငြင်းပယ်ကြလျှင် သင့်အရင် ပွင့်လာသော တမန်တော်များ ကိုလည်း မယုံကြည်၊ ငြင်းဆန်ခဲ့၏။ ထိုတမန်တော်များသည် အံ့ဘွယ်သူရဲများ၊ ကျမ်းငယ်အစောင် စောင်၊ ပညာအလင်းရောင်ပေးသောကျမ်းကြီးများကို ယူဆောင်လာခဲ့ကြ၏။

Verse 185 — Surah Al-Imran 3:185

၁၈၅။ လူတိုင်းပင် သေဆုံးရမည်။ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သင်တို့အား မိမိတို့ ပြုကျင့်ခဲ့ သောအမှုများအတွက်သာလျှင် ကောင်းကျိုးဆိုးပြစ်ပေးတော်မူလတ္တံ့။ အကြင်သူသည် အောင်ဆု မင်္ဂလာတော်ကြီးရသူဖြစ်၏။ ဤလောကီရှင်ခြင်း၏စည်းစိမ်သည် စည်းသိမ်မဟုတ်။ မှောက်မှားခြင်းသာဖြစ်၏။

Verse 186 — Surah Al-Imran 3:186

၁၈၆။ အကယ်စင်စစ် သင်တို့အား မိမိတို့ဥစ္စာပစ္စည်းများ၄သော်လည်းကောင်း၊ ကိုယ်ကာယများ၌သော် လည်းကောင်း စုံစမ်းခြင်းခံကြရမည်။ ရှေးကျမ်းတော်များကို ရရှိသူများမှသော်လည်းကောင်း၊ ဆင်းတု ရုပ်ပွား ရှိခိုးပူဇော်သူများမှသော်လည်းကောင်း၊ များစွာသော မတရားမှုများကို သင်တို့ ကြားကြရ လတ္တံ့။ သို့သော် သင်တို့သည် ကြိုးစားအားထုတ်၍ မကောင်းမှုကို ရှောင်ကြဉ်လျှင် သင်တို့သည် အရာရာများတွင် တည်တံ့ခိုင်မြဲသူများဖြစ်ကြ၏။

Verse 187 — Surah Al-Imran 3:187

၁၈၇။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် ရှေးကျမ်းတော်ရရှိသူတို့အား တာဝန်ဝတ္တရား ပေးတော်မူသောအခါ ဤသို့ ဗျာဒိတ်ချတော်မူ၏။ သင်တို့သည် ကျမ်းတော်ကို လူသားတို့အား ရှင်းလင်းဟောပြောကြလော့။ ဖုံးဝှက်မထားကြလင့်။ သို့သော် သူတို့သည် ကျမ်းတော်ကို (သူတထူး ကွယ်ရာ၌)စွန့်ပစ်ခြင်းအားဖြင့် အကျိုးစီးပွားအနည်းငယ်ကို ဝယ်ယူကြ၏။ ယင်းသို့ ကျင့်ကြံသော ကြောင့် သူတို့သည် မကောင်းမှုကိုသာ အမှန်ရကြ၏။

Verse 188 — Surah Al-Imran 3:188

၁၈၈။ အကြင်သူတို့သည် မိမိတို့ပြုကျင့်မှု၌ ဂုဏ်ယူကြ၏။ မိမိတို့မပြုသောအမှုအတွက် ချီးမွမ်းခံလိုကြ၏။ ထိုသူတို့သည် အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာသည်ဟုမထင်မှတ်ကြလင့်။ အလွန်ပြင်းပြသော အပြစ်ဒဏ်သည် သူတို့၏အပြစ်ဒဏ်ဖြစ်၏။

Verse 189 — Surah Al-Imran 3:189

၁၈၉။ အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စိုးမိုးအုပ်ချုပ်တော်မူ၏။ အလ္လာဟ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။

Verse 190 — Surah Al-Imran 3:190

၁၉ဝ။ မှတ်သားကြလော့။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူခြင်း၌သော်လည်းကောင်း၊ ညဉ့်နှင့်နေ့ကို ခြားနားတော်မူခြင်း၌သော်လည်းကောင်း၊ ဉာဏ်ပညာရှင်တို့အဖို့ရာ သက်သော သာဓကများပါရှိ၏။

Verse 191 — Surah Al-Imran 3:191

၁၉၁။ သူတို့သည် အလ္လာဟ်အသျှင်မြတ်အားရပ်၍သော်လည်းကောင်း၊ ထိုင်၍သော်လည်းကောင်း၊ လဲလျောင်း၍သော်လည်းကောင်း ဆွလာသ်အာရုံပြုကြ၏။ သူတို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေကြီးတို့ကို ဖန်ဆင်းတော်မူခြင်းကို ဆင်ခြင်ပြီးလျှင် ဤသို့ရင့်ကျုးကြ၏။ အို-အကျွနု်ပ်တို့၏ အသျှင်သခင် အသျှင်သည် ဤအရာများကို အချည်းအနှီး၊ အလဟဿ ဖန်ဆင်းတော်မူမည် မဟုတ်ပါ။ အသျှင်သည် ချို့တဲ့ခြင်းကင်းတော်မူပါ၏။ အကျွနု်ပ်တို့အား ငရဲမီးဒဏ်မှ ကာကွယ် စောင့်ရှောက်တော်မူပါ။

Verse 192 — Surah Al-Imran 3:192

၁၉၂။ အို-အကျွနု်ပ်တို့၏အသျှင်သခင် အကြင်သူကို အသျှင်သည် ငရဲမီးထဲသို့ ဝင်စေတော်မူအံ့။ ထိုသူကို အသျှင်သည် အရှက်တကွဲဖြစ်စေတော်မူပါ၏။ ဒုစရိုက်ကောင်းများ၌ ကူညီစောင်မသူများ ရှိကြမည် မဟုတ်ပေ။

Verse 193 — Surah Al-Imran 3:193

၁၉၃။ အို၊ အကျွနု်ပ်တို့အသျှင်သခင် တရားဟောဆရာက ''ဟယ်-အချင်းတို့ သင်တို့သည် သင်တို့၏ အသျှင်သခင်အား ယုံကြည်ကြလော့''ဟုဟောကြား၍ တရားတော်ဘက်သို့ ခေါ်ငင်သူ၏အသံကို အကျွနု်ပ်ကြားရပါ၏။ ထို့ကြောင့် အကျွနု်ပ်တို့သည် ယုံကြည်ကြပါပြီ။ အို-အသျှင်သခင် အကျွနု်ပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ အကျွနု်ပ်တို့ထံမှ အကျွနု်ပ်တို့၏ မကောင်းမှုများကို ချေပြစ်တော် မူပါ။ အကျွနု်ပ်တို့အား သူတော်ကောင်းတို့အဖြစ်နှင့် သေစေတော်မူပါ။

Verse 194 — Surah Al-Imran 3:194

၁၉၄။ အို-အကျွနု်ပ်တို့၏အသျှင်သခင် အသျှင်သည် မိမိ၏တမန်တော်တို့အားဖြင့် အကျွနု်ပ်တို့အား ဂတိ ဗျာဒိတ်ထားတော်မူသည်တို့ကို အကျွနု်ပ်တို့အား ပေးသနားတော်မူပါ။ ရှင်ပြထမြောက်ရသော နေ့တော်ကြီး၌ အသျှင်သည် အကျွနု်ပ်တို့ကို အရှက်ခွဲတော်မမူပါနှင့်အသျှင်၊ အသျှင်သည် မိမိ၏ ချိန်းဆိုချက်ထားတော်မူခြင်းကို မုချဖျက်တော်မမူပါ။

Verse 195 — Surah Al-Imran 3:195

၁၉၅။ ထိုအခါ သူတို့၏အသျှင်သခင်သည် သူတို့ကို နားထောင်တော်မူ၍ မှတ်သားကြလော့။ ငါအသျှင်သည် မည်သည့်ယောကျ်ား၊ မိန်းမ မဟူ မည်သည့်ကျေးကျွန်၏ ပြုကျင့်မှုကိုမျှ ဆုံးရှုံးစေ တော်မူသည်မဟုတ်။ သင်တို့သည် တစ်ယောက်မှတစ်ယောက် ဆင်းသက်လာကြ၏။ အကြင်သူတို့ သည် ထွက်ပြေးကြရ၏။ မိမိတို့အိုးအိမ်စည်းစိမ်မှ မောင်းထုတ်ခြင်းခံကြရ၏။ ငါအသျှင်၏ သာသနာရေး၌ ဆုံးရှုံးနစ်နာခြင်းခံကြရ၏။ စစ်ဆင်ကြရ၏။ အသတ်အဖြတ်ခံကြရ၏။ ငါသည် ထိုသူတို့အား ၎င်းတို့၏အပြစ်များကို အမှန်ပင်လွှတ်တော်မူမည်။ သူတို့အား ငါအသျှင်မြတ်သည် မုချဧကန် သုခဥယျာဉ်တော်များသို့ ဝင်စေတော်မူမည်။ ထိုဥယျာဉ်တော်များအောက်တွင် မြစ်ချောင်း အသွယ်သွယ် စီးဆင်းလျက်ရှိကြ၏။ အလ္လာဟ်အသျှင်မြတ်အထံတော်မှ အမြတ်ဆုံးသောဆုတော် ရှိ၏။

Verse 196 — Surah Al-Imran 3:196

၁၉၆။ အို-မိုဟမ္မဒ် ကမ္ဘာမြေပေါ်ဝယ် အယူဝါဒမှောက်မှားသူတို့၏ အောင်မြင်မှုသည် သင့်အား မလှည့်စားစေလင့်။

Verse 197 — Surah Al-Imran 3:197

၁၉၇။ ထိုအောင်မြင်မှုသည် ခေတ္တခဏအတွက်သာဖြစ်၏။ ထို့နောက် သူတို့၏နေထိုင်ရာဌာနသည် ငရဲ ဖြစ်လိမ့်မည်။ အလွန်ဆင်းရဲလှသောဗိမာန်ဖြစ်၏။

Verse 198 — Surah Al-Imran 3:198

၁၉၈။ သို့သော် အကြင်သူတို့သည် မိမိတို့၏အသျှင်သခင်၏အမှုတော်ကို ကြေကုန်အောင် ထမ်းထောင်၏။ ထို့အဖို့ရာ သုခဥယျာဉ်တော်များရှိကြ၏။ ထိုဥယျာဉ်တော်များအောက်တွင် မြစ်ချောင်းအသွယ်သွယ် စီးဆင်းလျှက်ရှိကြ၏။ သူတို့သည် ထိုဥယျာဉ်တော်ျမားအတွင်း အမြဲထာဝရစံမြန်းကြရ၏။ သူတို့၏ အသျှင်သခင်၏အထံတော်မှ ဝမ်းသာရွှင်လန်းစွာ နှုတ်ဆက်လက်ခံတော်မူခြင်း လက်ဆောင်တော် ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်အထံတော်၌ရှိသော အောင်ဆုင်္ဂလာသည် သူတော်ကောင်းတို့ အတွက် သာလွန်မွန်မြတ်၏။

Verse 199 — Surah Al-Imran 3:199

၁၉၉။ မှတ်သားကြလော့။ ရှေးကျမ်းတော်များကိုရရှိသောသူတို့အနက် အချို့သောသူတို့သည် အလ္လာဟ်အသျှင်မြတ်ကို ယုံကြည်ကြ၏။ သင်တို့ထံချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော် ကို ယုံကြည်ကြ၏။ သူတို့ထံ ချပေးသနားတော်မူသော ကျမ်းတော်များကိုလည်း ယုံကြည်ကြ၏။ အလ္လာဟ်အသျှင်မြတ်၏ရှေ့တော်ဝယ် မိမိကိုယ်ကိုမိမိ နှိမ့်ချကြ၏။ သူတို့သည် အလ္လာဟ်အသျှင်မြတ် ထုတ်ပြန်ချပေးသနားတော်မူသော ကျမ်းတော်များကိုပေး၍ သေးသိမ်းသောအကျိုးစီးပွားကို မဝယ်ကြပေ။ မုချဧကန် သူတို့၏ဆုတော်လာဘ်တော်သည် သူတို့၏အသျှင်သခင်အထံတော်၌ရှိ၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် လျှင်မြန်စွာ စစ်ကြောတော်မူ၏။

Verse 200 — Surah Al-Imran 3:200

၂ဝဝ။ အို-ယုံကြည်သူတို့ ခန္တီပါရမီဖြည့်ကြလော့။ သည်းခံခြင်း၌ သူများထက်သာကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲကြလော့။ အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။ သို့မှသာလျှင် သင်တို့သည် အောင်ဆုပန်းကို ဆွတ်ခူးကြရမည်။