Back to Languages

Burmese - Chapter 31 - Luqman

Translation by Ba Sein — Permalink

Verse 1 — Surah Luqman 31:1

၁။ ''အလိ(ဖ်)လာမ်မီး(မ်)''။

Verse 2 — Surah Luqman 31:2

၂။ ဤဂါထာတော်များသည် သိမ်မွေ့နက်နဲသောကုရ်အာန်ကျမ်းတော်မြတ်၏ ဂါထာတော်များတည်း။

Verse 3 — Surah Luqman 31:3

၃။ ဤကျမ်းတော်မြတ်သည် သူတော်ကောင်းတို့အဖို့အရာ အဆုံးအမတော်နှင့် ကောင်းကြီးမင်္ဂလာတော်ဖြစ်၏။

Verse 4 — Surah Luqman 31:4

၄။ ထိုသူတော်ကောင်းတို့သည် ဆွလားသ်ဝတ်ပြုကြ၏၊ ဇကားသ်အလှုကို ပေးကြ၏၊ နောင်တမလွန်ဘဝ၌ ဧကန် ယုံကြည်ကြ၏။

Verse 5 — Surah Luqman 31:5

၅။ ဤသူတို့သည် သူတို့၏ အသက်သခင်ကျေးဇူးတော်ရှင်အထံတော်မှ လမ်းညွှန်မှုရရှိကြ၏၊ စင်စစ်အားဖြင့် ဤသူတို့သာ အောင်မြင်သူများဖြစ်ကြ၏။

Verse 6 — Surah Luqman 31:6

၆။ လူသားတို့အနက် အသိတရားမရှိပဲလျက် အလ္လာဟ်အရှင်မြတ်တော်၏ လမ်းတော်မှ သူတပါးကို ဖြားယောင်းခြင်း အလို့ငှာသော်လည်းကောင်း၊ လမ်းတော်ကို ပြောင်လှောင်ခြင်းအလို့ငှာသော်လည်းကောင်း၊ အနှစ်သာရကင်းမဲ့ သည့်အပျင်းဖြေစကားများကို ဟောကြားခြင်း၌ ငွေကုန်ငွေကျခံ၍ ကြိုးစားအားထုတ်သောသူရှိ၏၊ ဤကဲ့သို့သော သူတို့အတွက် အရှက်တကွဲပျက်စီးဆုံးရှုံးခြင်းရှိ၏။

Verse 7 — Surah Luqman 31:7

၇။ ထို့အပြင် ငါ၏ပညတ်တော်များကို ရွတ်ဖတ်ပြသောအခါ ထိုသူသည် မကြားသကဲ့သို့၊ နားပင်းနေသကဲ့သို့ တစ်ဘက်သို့ကြီးစွာသောမာနဖြင့် လှည့်သွား၏၊ ထို့ကြောင့်ထိုသူအား အလွန်ပြင်းပြနာကျင်ဖွယ်ရှိသောအပြစ်ဒဏ် တော်သတင်းကို အကြောင်းကြားလော့။

Verse 8 — Surah Luqman 31:8

၈။ မှတ်သားလော့၊ အကြင်သူတို့သည် သမ္မာတရားတော်ကို ယုံကြည်လျက် သုစရိုက်ကောင်းမှုများကို ပြုကျင့်အ့ံ၊ ထိုသူတို့အတွက် သုခဥယျာဉ်တော်များရှိ၏။

Verse 9 — Surah Luqman 31:9

၉။ ထိုသူတို့သည် ထိုဥယျာဉ်တော်များ၌ စံစားနေထိုင်ကြရလတ့ံ၊ ဤသတင်းသည်ကား ထိုဥယျာဉ်တော်များ၌ စံစားနေထိုင်ကြရလတံ့၊ ဤသတင်းသည်ကား အလ္လာဟ်အရှင်မြတ်၏ ကတိဗျာဒိတ်တော်အမှန်ဖြစ်၏၊ အရှင် မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 10 — Surah Luqman 31:10

၁ဝ။ သင်တို့မြင်ရသည့်အတိုင်း အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ကို အမှီအထောက်မရှိပဲ ဖန်ဆင်းထား တော်မူ၏၊ ကမ္ဘာမြေကြီးသည် သင်တို့နှင့်အတူတကွမလှုပ်ရှားစေရန် မြေပေါ်တွင် တောင်ကြီးတောင်ငယ် အသီးသီးကို မြဲမြံစွာစီရင်ထားတော်မူ၏၊ အရှင်မြတ်သည် မဟာပထဝီမြေပေါ်တွင် တိရိစ္ဆာန်အမျိုးမျိုးကို ကြဲဖြန့်စီရင်ထားတော်မူ၏၊ ငါအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူ၏၊ ထိုမိုးရေဖြင့် မြေပေါ်တွင် အကျိုးရှိသောသစ်ပင်အမျိုးမျိုးတို့ကို ပေါက်ရောက်စေတော်မူ၏။

Verse 11 — Surah Luqman 31:11

၁၁။ ဤအရာဝထ္ထုခပ်သိမ်းကုန်တို့ကို အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူ၏၊ အို-လူသားတို့၊ အလ္လာဟ်အရှင်မြတ်မှအပ သင်တို့ကိုးကွယ်သောဘုရားယောင်များဖန်ဆင်းသောအရာတစ်စုံတစ်ခုကို အကျွနု်ပ်အား ပြသကြလော့၊ တစ်စုံတစ်ရာမျှ ၎င်းတို့မဖန်ဆင်းနိုင်ချေ၊ မတရားမှုပြုသူတို့သည် ထင်ရှားသောအမှားသို့ ရောက်ကြသည် သာတည်း။

Verse 12 — Surah Luqman 31:12

၁၂။ ငါအရှင်မြတ်သည် လု(က်)မာန်သုခမိန်အား မုချဧကန်ပညာအလင်းရောင်ကို သနားတော်မူ၏၊ သူ့အား ဗျာဒိတ် ပေးတော်မူသည်မှာ အို-လုက်မာန်၊ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ဂုဏ်တော်ကို ချီးကြူးလော့၊ အကြင်သူသည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းအ့ံ၊ ထိုသူသည် မိမိအကျိုးအဖို့အရာ ချီးမွမ်း၏၊ အကြင်သူသည် အရှင်မြတ်၏ ကျေးဇူးတော်ကို ဝန်မခံ၊ ကျေးစွပ်အ့ံ၊ မှတ်သားလော့၊ အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူ၏၊ အ့ံချီးဖွယ်အပေါင်းကို ပိုင်တော်မူ၏။

Verse 13 — Surah Luqman 31:13

၁၃။ မှတ်သားကြလော့၊ လု(က်)မာန်သုခမိန်သည် မိမိသားအား ဤသို့ဆုံးမ၏၊ အို-ချစ်သား၊ သင်သည် အလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်၍ အခြားအရာများကို မကိုးကွယ်လင့်၊ မှတ်သားကြလော့၊ အရှင်မြတ်နှင့်အခြားအရာများကို တွဲဘက်ခြင်းသည် အလွန်ဆိုးသွမ်းသောပြစ်မှုတည်း။

Verse 14 — Surah Luqman 31:14

၁၄။ ငါအရှင်မြတ်သည် လူသားအား မိမိ၏ မိဘတို့နှင့်စပ်လျဉ်း၍ ပညတ်တော်မူသည်မှာ သူ၏မိခင်သည် သူ့အား ဒုက္ခအမျိုးမျိုနှင့် မွေးဖွား၏၊ နှစ်နှစ်စေ့၍ နို့ဖြတ်သည့်တိုင်အောင် ယုယပိုက်ထွေး၊ နို့ချိုတိုက်ကျွေး၏၊ အို-လူသား၊ ငါ၏ကျေးဇူးတော်နှင့် မိဘနှစ်ပါး၏ ကျေးဇူးရပ်ကို အာရုံပြု၍ ချီးမွမ်းလော့၊ ငါ့အထံတော်သို့ သာ ခရီးရှိ၏။

Verse 15 — Surah Luqman 31:15

၁၅။ သို့သော်အကယ်၍ သင်၏ မိဘနှစ်ပါးက သင်မသိသောဘုရားယောင်များကို ငါအရှင်မြတ်နှင့်တန်းတူထား၍ ကိုးကွယ်ဖို့ရာ သင့်အား အနိုင်အထက်စေခိုင်းခဲ့လျှင် သင်သည် သူတို့၏စကားကို နားမထောင်လင့်၊ လောကီမှု တွင် သူတို့ကို သနားကြင်နာစွာပေါင်းဖော်ပြုစုလော့၊ ထို့အပြင်ငါ့အထံတော်၌ မိမိ၏ အပြစ်များကို ဝန်ချ တောင်းပန်သောသူ၏လမ်းကို လျှောက်လိုက်လော့၊ ထို့နောက်သင်တို့အားလုံးသည် ငါ့အထံတော်သို့ ပြန်ကြရ မည်သာတည်း၊ ထိုအခါသင်တို့ပြုကျင့်လေ့ရှိသမျှအပေါင်းကို သင်တို့အား ငါမိန့်တော်မူမည်။

Verse 16 — Surah Luqman 31:16

၁၆။ လု(က်)မာန်က ဆက်လက်၍ သြဝါဒပေးသည်မှာ အို-ချစ်သား၊ ဆိုးကောင်းမဟူ လူတို့ပြုကျင့်အပ်သောအမှုသည် မုန်ညင်းစေ့ခန့်မျှပင် လေးသော်လည်း ကျောက်ခဲကျောက်တုံးကြီးအတွင်း၌ဖြစ်စေ၊ မိုးကောင်းကင်၌ဖြစ်စေ၊ မဟာပထဝီမြေအတွင်း၌ဖြစ်စေ၊ ရှိသော်ငြားလည်း အလ္လာဟ်အရှင်မြတ်သည် ထိုအမှုကို ဆွဲထုတ်တော်မူလိမ့် မည်၊ စင်စစ်အားဖြင့်အလ္လာဟ်အရှင်မြတ်သည် သိမ်မွေ့နက်နဲသောအမှုများကို မြင်တော်မူ၏၊ အကြွင်းမဲ့သိတော် မူ၏။

Verse 17 — Surah Luqman 31:17

၁၇။ အို-ချစ်သား၊ ဆွလားသ်ဝတ်ပြုလော့၊ သနားကြင်နာမှုကို ဆင့်ဆိုလော့၊ မကောင်းမှုဒုစရိုက်ကို တားမြစ်လော့၊ မည်သည့်အခြေအနေသို့ ဆိုက်ရောက်ငြားသော်လည်း ကြိုးစားမြဲကြိုးစားလော့၊ အကြောင်းမူကား ဤသို့ပြုကျင့် ခြင်းသည် စိတ်ဓာတ်ခိုင်ခန့်မြဲမြံခြင်းဖြစ်၏။

Verse 18 — Surah Luqman 31:18

၁၈။ အို-ချစ်သား၊ မလေးမခန့်စိတ်ထားမြင့်မောက်၍ သင့်မျက်နှာကို သူတို့ဘက်မှ အခြားဘက်သို့ လှည့်၍ မထားနှင့်၊ မဟာပထမဝီမြေပေါ်၌ စွာတာတာဆောင့်ကြွကြွနှင့် မသွားမလာလင့်၊ အလ္လာဟ်အရှင်မြတ်သည် မာနထောင်လွှား ဝါကြွားပြောဆိုသူကို နှစ်သက်တော်မမူချေ။

Verse 19 — Surah Luqman 31:19

၁၉။ အို-ချစ်သား၊ အသွားအလာအပြုအမူတွင် အလယ်အလတ်လမ်းကို လိုက်လော့၊ မိမိအသံကိုလည်း မကျယ် စေပဲ ဖြည်းညှင်းသာယာစေလော့၊ စင်စစ်အားဖြင့်အသံဟူသမျှတွင် နာခံဖွယ်မရှိ၊ အစူးရှဆုံးအသံသည် မြည်း တိရိစ္ဆာန်၏ အသံဖြစ်၏။

Verse 20 — Surah Luqman 31:20

၂ဝ။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှသောအရာ ခပ်သိမ်းကုန်တို့ကို သင်တို့သုံးစွဲအကျိုးရှိဖို့ရာ အဘယ်သို့ပြုပြင်စီမံထားတော်မူသည်ကို မမြင်ကြသလော၊ အရှင်မြတ်သည် သင်တို့အတွင်းအပြင်နှစ်ဌာနစလုံး၌ပင် ကောင်းကြီးမင်္ဂလာတော်များနှင့် အပြည့်ဖြည့်ထား တော်မူ၏၊ သို့ဖြစ်ပါလျက်လူသားတို့အနက် အသိဉာာဏ်သော်လည်းကောင်း၊ အဆုံးအမသော်လည်းကောင်း၊ အလင်းရောင်ပေးသည့်ကျမ်းတော်သော်လည်းကောင်း မရှိပဲလျက် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ ငြင်းခုံသူ လည်းရှိသေး၏။

Verse 21 — Surah Luqman 31:21

၂၁။ ထို့အပြင်အကယ်၍ ထိုသူတို့အား အလ္လာဟ်အရှင်မြတ်ချပေးသနားတော်မူသောကျမ်းတော်ကို ယုံကြည်လိုက်နာ ကြလော့ဟု ဟောပြောသောအခါ သူတို့က မလိုက်နာနိုင်၊ ငါတို့သည် မိရိုးဖလာကိုသာ လိုက်ကြ၏ဟု တုံ့ ပြန်ပြောဆိုကြ၏၊ ရှိုင်တန်မာရ်နတ်သည် သူတို့၏မိဘဘိုးဘွားကို ငရဲမီးထဲသို့ ဖြားယောင်းသွေးဆောင်သွားခဲ့ သော်ငြားလည်း သူတို့သည် မိရိုးဖလာကို လိုက်ကြမည်လော။

Verse 22 — Surah Luqman 31:22

၂၂။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံနာခံသောရည်ရွယ်ချက်ဖြင့် ကုသိုလ်ကောင်းမှုပြုအ့ံ၊ ထိုသူသည် တောင့်တင်းခိုင်မာသောကြိုးစကို မုချအမှန်ဆုပ်ကိုင်ဆွဲမိသည်မည်၏၊ အရာခပ်သိမ်းကုန်တို့၏ အကျိုးဆက်ကို အလ္လာဟ်အရှင်မြတ်စိုးပိုင်တော်မူ၏။

Verse 23 — Surah Luqman 31:23

၂၃။ အို-တမန်တော်၊ အကြင်သူသည် သမ္မာတရားတော်ကို မယုံကြည်အ့ံ၊ ထိုသူ၏ မိစ္ဆာအယူဝါဒသည် သင်၏ စိတ်ကို မထိခိုက်စေလင့်၊ ထိုအယူမှားသူတို့သည် ငါ့အထံတော်သို့ ပြန်ကြရမည်သာတည်း၊ ထိုအခါငါသည် သူတို့အား သူတို့ပြုကျင့်မှုများကို မိန့်ကြားတော်မူမည်၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် လူသား တို့၏ စိတ်နှလုံးအတွင်းရှိရှိသမျှအပေါင်းကို အကြွင်းမဲ့သိတော်မူ၏။

Verse 24 — Surah Luqman 31:24

၂၄။ ငါသည် ထိုမိစ္ဆာတို့အား ခေတ္တခဏစည်းစိမ်ချမ်းသာပေးသနားတော်မူ၏၊ ထို့နောက်သူတို့ကို အလွန်ကြီးလေး သောအပြစ်ဒဏ်တော်အတွင်းသို့ မောင်းသွင်းတော်မူမည်။

Verse 25 — Surah Luqman 31:25

၂၅။ အို-တမန်တော်၊ သင်သည် ထိုအယူလွဲသူတို့အား မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ကို အဘယ်သူဖန်ဆင်း သနည်းဟု မေးသောအခါ သူတို့က အလ္လာဟ်အရှင်မြတ်ဟု ပြန်ဖြေလတ့ံ၊ သို့ပြောဆိုလျှင် ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူ၏ဟု သူတို့အား သင်ဟောပြောလော့၊ သို့သော်သူတို့ အနက်များလှစွာသောသူတို့သည် အသိဉာာဏ်ကင်းမဲ့သူများဖြစ်ကြ၏။

Verse 26 — Surah Luqman 31:26

၂၆။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ်ရှိရှိသမျှအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်စိုးပိုင်တော်မူ၏၊ မှတ်သား ကြလော့၊ အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူ၏၊ ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူ၏။

Verse 27 — Surah Luqman 31:27

၂၇။ ဤကမ္ဘာမြေပြင်တွင် ပေါက်ရောက်သည့်သစ်ပင်အားလုံးတို့သည် မင်တံများဖြစ်၍ သမုဒ္ဒရာရေကို မင်ရည်ပြု လျက် အလ္လာဟ်အရှင်မြတ်၏ စကာတော်များကို အက္ခရာရေးတင်မှတ်သားလျှင် သမုဒ္ဒရာရေကုန်ခန်း၍ နောက် သမုဒ္ဒရာခုနစ်ခုထပ်ပေးငြားသော်လည်း ထိုသမုဒ္ဒရာများ၏ ရေသာကုန်ခန်းမည်၊ အရှင်မြတ်၏ ဗျာဒိတ်တော် များကား ရေး၍ မကုန်ဆုံးနိုင်ချေ၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင် မုချဧကန်ဖြစ်တော်မူ၏။

Verse 28 — Surah Luqman 31:28

၂၈။ ဟယ်-မိစ္ဆာယုတ်တို့ သင်တို့ကို ဖန်ဆင်းတော်မူခြင်း်၊ ရှင်ပြန်ထမြောက်စေတော်မူခြင်းတို့သည် ဝိညာဉ်တစ်ခု ကို ဖန်ဆင်းတော်မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်းသာဖြစ်၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာတို့ကို အကြွင်းမဲ့ကြားသိတော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 29 — Surah Luqman 31:29

၂၉။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် ညဉ့်ကို နေ့အတွင်းသို့၊ နေ့ကို ညဉ့်အတွင်းသို့ သွင်းတော် မူသည်ကို သင်တို့မမြင်ကြသလော၊ အလ္လာဟ်အရှင်မြတ်သည် နေနှင့်လကို အစိုးရတော်မူ၏၊ ၎င်းတို့အား ၎င်းတို့အဖို့အရာ အသီးသီးသတ်မှတ်ထားသောအချိန်တိုင်အောင် သွားလာဝင်ထွက်ခြင်းကို ပြုစေတော်မူ၏၊ သင်တို့ပြုကျင့်သမျှအလုံးစုံတို့ကို အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသည်ကိုလည်း သင်တို့မသိ ကြသလော။

Verse 30 — Surah Luqman 31:30

၃ဝ။ ဤသို့တန်ခိုးတော်ရှင်ဖြစ်ရခြင်းအကြောင်းရင်းကား အလ္လာဟ်အရှင်မြတ်သည် အရှင်သခင်အစစ်အမှန်ဖြစ်တော် မူ၍ အရှင်မြတ်မှတပါး မိစ္ဆာဒိဋ္ဌိတို့ကိုးကွယ်ရာတို့မှာမူကား ဘုရားအစစ်အမှန်မဟုတ်၊ အတုအပမျှသာဖြစ်သော ကြောင့်တည်း၊ အလ္လာဟ်အရှင်မြတ်သည် အတိုင်းမသိကြီးကဲမြင့်မြတ်တော်မူ၏။

Verse 31 — Surah Luqman 31:31

၃၁။ အလ္လာဟ်အရှင်မြတ်သည် အ့ံဖွယ်သရဲတော်များကို သင်တို့အား ပြသတော်မူစိမ့်သောငှာ မိမိ၏ကောင်းကြီး မင်္ဂလာတော်အားဖြင့် သမုဒ္ဒရာပင်လယ်ကျောတွင် လှေသင်္ဘောများကို ကူးသန်းသွားလာစေတော်မူ၏၊ ဤအရာ ကို သင်တို့မမြင်ကြသလော၊ စင်စစ်အားဖြင့်၎င်းအချက်အရာများ၌ တည်ကြည်၍ ဂုဏ်ကျေးဇူးသိတတ်သူများ အတွက် သက်သေသာဓကတော်များပါရှိ၏။

Verse 32 — Surah Luqman 31:32

၃၂။ အကယ်၍သမုဒ္ဒရာလှိုင်းတံပိုးများသည် သူတို့ကို အမိုးအကာကဲ့သို့ လွှမ်းမိုး၍ လာရှိသော် လူသားတို့သည် ထက်သန်သောသဒ္ဓါစေတနာဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ ယုံကြည်ကိုးစားပြီးလျှင် အထံတော်၌ ငိုကြွေး ဆုတောင်းကြ၏၊ သို့သော်အရှင်မြတ်သည် ၎င်းတို့အား ဘေးကင်းကွာချမ်းသာစွာဆိပ်ကမ်းမြေသို့ ဆိုက်ရောက် စေတော်မူသောအခါ ၎င်းတို့အနက်အချို့သောသူတို့သည် ယုံကြည်သူမမည်၊ မိစ္ဆာဒိဋ္ဌိမည်၊ အလယ်ကြား၌ ရှိနေကြ၏၊ အမှန်မှာ သစ္စာဖောက်ကျေးဇူးကန်းတို့မှတပါး ငါအရှင်မြတ်၏ သာဓကတော်များကို ပယ်ရှားသူ မရှိချေ။

Verse 33 — Surah Luqman 31:33

၃၃။ အို-လူသားအပေါင်းတို့၊ သင်တို့၏အသက်သခင်ကျေးဇူးရှင်၏ အမှုတော်ကို ထမ်းရွက်ကြလော့၊ မိဘတို့ကလည်း သားသမီးတို့ကို၊ သားသမီးတို့ကလည်း မိဘတို့ကို မကယ်ဆယ်နိုင်သောနေ့တော်ကြီးကို ကြောက်ရွံ့ကြလော့၊ မှတ်သားကြလော့၊ အရှင်မြတ်၏ ကတိသစ္စာတော်သည် မုချဧကန်မှန်ကန်၏၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ သင်တို့ကို လောကီစည်းစိမ်ကာမဂုဏ်က မလှည့်စားစေလင့်၊ ရှိုင်တန်မာရ်နတ်ကိုလည်း ဖြားယောင်းခြင်းကို မပြုစေလင့်။

Verse 34 — Surah Luqman 31:34

၃၄။ မှတ်သားကြလော့၊ အချိန်တော်ကို အလ္လာဟ်အရှင်မြတ်သာလျှင် သိတော်မူ၏၊ အရှင်မြတ်သည် မိုးကို ရွာသွန်း စေတော်မူ၏၊ အမိဝမ်းတွင်းကိန်းအောင်းသောအရာများကို သိတော်မူ၏၊ လူသားသည် မနက်ဖြန်မည်သည့် စီးပွားဥစ္စာရမည်ကိုလည်းကောင်း၊ မည်သည့်အရပ်တွင် သေရမည်ကိုလည်းကောင်း မသိချေ၊ အမှန်ဆိုသော် အလ္လာဟ်အရှင်သာလျှင် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ကြားတော်မူ၏၊ သိတော်မူ၏။