Verse 1 — Surah As-Sajdah 32:1
၁။ ''အလိ(ဖ်)လာမ်မီး(မ်)''။
Verse 2 — Surah As-Sajdah 32:2
၂။ ယုံမှားသံသယကင်းသောကျမ်းမြတ်ကုရ်အာန်ကို အနန္တစကြဝဋ္ဌာများ၏ အရှင်သခင်ထုတ်ပြန်ချပေးသနားတော် မူ၏။
Verse 3 — Surah As-Sajdah 32:3
၃။ သို့မဟုတ်ဤမိစ္ဆာဒိဋ္ဌိတို့က ဤကျမ်းသည် ရှင်မိုဟမ္မဒ်၏ လက်ဖြစ်ကျမ်းသာဖြစ်၏ဟု ဆိုကြသလော၊ ဤစကား အလျင်းမမှန်ချေ၊ သို့သော်ကျမ်းမြတ်ကုရ်အာန်သည် သင်၏အသက်သခင်ကျေးဇူးရှင်၏ အထံမှ သစ္စာတရား တော်ဖြစ်၏၊ သင်မပွင့်မီရှေးကာလက တရားဟောပြောသတိပေးသူတမန်တော်ဟူ၍ မလာမရောက်ဖူးသော လူစုလူမျိုးတို့အား သင်သည် တရားသွန်သင်ဆုံးမသတိပေးဖို့ရာအတွက်ဖြစ်၏၊ သို့မှသာလျှင် သူတို့သည် လမ်းမှန်ကို သွားကောင်းသွားလိမ့်မည်။
Verse 4 — Surah As-Sajdah 32:4
၄။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေပြင်မိုးကောင်းကင်နှင့်တကွ ထိုနှစ်ရပ်အကြားရှိ အရာဝထ္ထုအပေါင်းတို့ကို ခြောက်ရက်ကာလမျှနှင့် ပြီးစီးအောင်ဖန်ဆင်းတော်မူ၏၊ ထို့နောက်အရှင်မြတ်သည် ရာဇပလ္လင်တော်ကြီးအပေါ်သို့ တက်၍ စံမြန်းတော်မူ၏၊ အို-လူသားအပေါင်းတို့၊ သင်တို့၌ အရှင်မြတ်မှတပါး အခြားကာကွယ်စောင့်ရှောက်သူ အဆွေခင်ပွန်းသော်လည်းကောင်း၊ ရန်ဖြေဖြန်သူသော်လည်းကောင်း၊ တစ်စုံတစ်ယောက်မျှမရှိချေ၊ ထို့ကြောင့် သင်တို့သည် တရားတော်ကို အာရုံပြုကြမည်မဟုတ်လော။
Verse 5 — Surah As-Sajdah 32:5
၅။ အလ္လာဟ်အရှင်မြတ်သည် အထေက်အကောင်းကင်ဘုံမှ မြေပြင်သို့ အခွင့်ကိစ္စဟူသမျှတို့ကို စီစဉ်ပေးတော်မူ၏၊ ထို့နောက်တဖန်ထိုအခွင့်ကိစ္စများသည် အရှင်မြတ်အထံတော်သို့ နေ့ခြင်းပင် ပြန်တက်ကြရ၏၊ ထိုနေ့တစ်နေ့သည် လောကီနှစ်ပေါင်းတစ်ထောင်နှင့်ညီမျှ၏။
Verse 6 — Surah As-Sajdah 32:6
၆။ ထိုသို့အခွင့်ကိစ္စအဝဝကို စီမံခန့်ခွဲတော်မူသောအရှင်မြတ်သည် မမြင်ရသောအရူပ၊ မြင်ရသောရှုပအပေါင်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အနန္တတန်ခိုးတော်သခင်၊ မဟာကရုဏတော်အရှင်ဖြစ်တော်မူ၏။
Verse 7 — Surah As-Sajdah 32:7
၇။ အရှင်မြတ်သည် မိမိဖန်ဆင်းတော်မူသောအရာဝထ္ထုအလုံးစုံတို့ကို မင်္ဂလာဖြစ်စေတော်မူ၏၊ လူသားကို ရွှံ့စေးမှ စတင်ဖန်ဆင်းတော်မူ၏။
Verse 8 — Surah As-Sajdah 32:8
၈။ ထို့နောက်လူသားမျိုးစေ့ကို အလွန်စက်ဆုပ်ရွံရှာဖွယ်သုက်ရည်စက်မှ ဖန်ဆင်းတော်မူ၏။
Verse 9 — Surah As-Sajdah 32:9
၉။ ထို့နောက်လူ့ပုံကို စီရင်တော်မူပြီးလျှင် ထိုပုံအတွင်းသို့ ဝိညာဉ်တော်မှ မှုတ်သွင်းတော်မူ၏၊ အို-လူသားအပေါင်း တို့၊ ငါသည် ကြားနာဖို့ရာ နား၊ ကြည့်မြင်ဖို့ရာမျက်စိ၊ အာရုံခံဖို့ရာ စိတ်နှလုံးစသည်တို့ကို ဖန်ဆင်းတော်မူ၏၊ သို့ပါလျက်သင်တို့သည် ငါ၏ကျေးဇူးတော်ကို အနည်းငယ်မျှသာသိကြ၏။
Verse 10 — Surah As-Sajdah 32:10
၁ဝ။ ထို့အပြင်အယူလွဲသူတို့က ငါတို့သည် မြေကြီးထဲတွင် ဆွေးမြေ့ပျက်စီးပျောက်ပျက်ပြီးနောက် ငါတို့ကို အဘယ်သို့ တဖန်ထပ်မံဖန်ဆင်းမည်နည်းဟု မေးမြန်းကြ၏၊ အမှန်ဆိုသော်ထိုသူတို့သည် သူတို့ကို ဖန်ဆင်းမွေးမြူတော် မူသောကျေးဇူးတော်သခင်အား မျက်ဝါးထင်ထင်ဖူးမျော်ရမည်ကို မယုံကြည်သူများဖြစ်ကြ၏။
Verse 11 — Surah As-Sajdah 32:11
၁၁။ အို-တမန်တော်ဟောကြားလော့၊ သင်တို့၏ အသက်ဝိညာဉ်ကို နှုတ်သိမ်းရန် ခန့်ထားသောသေမင်းသည် သင်တို့ကို စုဆောင်းလိမ့်မည်၊ ထို့နောက်သင်တို့သည် မိမိတို့၏အသက်သခင်ကျေးဇူးရှင်အထံတော်သို့ ပြန်ပို့ခြင်း ခံကြရလတ့ံ။
Verse 12 — Surah As-Sajdah 32:12
၁၂။ အို-တမန်တော်၊ အပြစ်ထိုက်သည့်ဒုစရိုက်ကောင်များသည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူထသောကျေးဇူး တော်သခင်၏ မျက်မှောက်ဝယ် ဦးခေါင်းနှိမ့်ချလျက် အို-အကျွနု်ပ်တို့၏အရှင်သခင်၊ အကျွနု်ပ်တို့သည် ယခု မျက်ဝါးထင်ထင်မြင်ရကြားနာရပါပြီ၊ အကျွနု်ပ်တို့ကို ပြန်ပို့တော်မူပါ၊ အကျွနု်ပ်တို့သည် တရားမှန်ကို စောင့်ထိန်း ပါမည်၊ ယခုအကျွနု်ပ်တို့အမြင်မှန်ကို ရကြပါပြီဟု လျှောက်ထားသည်ကို သင်မြင်ရလျှင် ကောင်းလေစွ။
Verse 13 — Surah As-Sajdah 32:13
၁၃။ ငါသည် အလိုတော်ရှိလျှင် ဝိညာဉ်တိုင်းကို လမ်းပြတော်မူနိုင်၏၊ ဒုစရိုက်ကောင်များနှင့်စပ်လျဉ်း၍ ပေးတော် မူသောဗျာဒိတ်သစ္စာတော်သည် အမှန်ဖြစ်၏၊ ထိုကတိသစ္စာတော်ကား ငါသည် ငရဲပြည်ကို ဂျင်နတ်သားနှင့် လူသားတို့နှင့် ဖြည့်တော်မူမည့်အကြောင်းဖြစ်၏။
Verse 14 — Surah As-Sajdah 32:14
၁၄။ အို-မိစ္ဆာမိုက်တို့၊ နင်တို့ကျုးလွန်ခဲ့သောအကုသိုလ်မကောင်းမှုများ၏ အပြစ်ဒုက္ခကို မြည်းကြလော့၊ အကြောင်း မူကား နင်တို့သည် ဤတရားစီရင်တော်မူသောနေ့တော်ကြီးကို ရင်ဆိုင်ရမည်ကို သတိမမူမေ့လျော့ခဲ့ကြ၏၊ ယခုမူကားငါသည် နင်တို့ကို မေ့လျော့၏၊ နင်တို့သည် ဒုစရိုက်မကောင်းမှုကို ပြုကျင့်ခဲ့သောကြောင့် ထာဝရ ခံစားရသည့်ငရဲအပြစ်ဒဏ်ကို မြည်းစမ်းကြလော့။
Verse 15 — Surah As-Sajdah 32:15
၁၅။ ငါ၏တရားတော်များကို ယုံကြည်သူများသာလျှင် တရားတော်ကို ကြားနာရသောအခါ ဦးညွှတ်ချကြ၏၊ သူတို့ သည် သူတို့၏အရှင်သခင်၏ ဂုဏ်ကျေးဇူးတော်ကို ရင့်ကျုးကြ၏၊ ဤသူတို့သည် မာန်မာနခက်ထန်သူများ မဟုတ်ချေ။
Verse 16 — Surah As-Sajdah 32:16
၁၆။ ထိုသူတို့သည် မအိပ်စက်ပဲ သူတို့၏အရှင်သခင်အား ကြောက်ရွံ့ရိုကျိုးခြင်း၊ ကျေးဇူးတော်မျှော်လင့်ခြင်းတို့ဖြင့် အရှင်မြတ်အား ဝတ်ပြုကြ၏၊ ငါအရှင်မြတ်ချပေးသနားတော်မူသောစည်းစိမ်ဥစ္စာများမှ အချို့အဝကို လှုဒါန်း စွန့်ကြဲကြ၏။
Verse 17 — Surah As-Sajdah 32:17
၁၇။ ဝိညာဉ်သည် မိမိဆည်းပူးခဲ့သောကုသိုလ်ကောင်းမှု၏ ဆုတော်လာဘ်တော်ဖြစ်သောမည်သည် ဝမ်းမြောက် ပျော်ရွှင်မှုကို မိမိထံမှ ဖုံးကွယ်ထားသည်ကို မသိချေ။
Verse 18 — Surah As-Sajdah 32:18
၁၈။ ယုံကြည်သူ၊ သူတော်ကောင်းနှင့် မယုံကြည်သူသူယုတ်မာတို့သည် ထပ်တူထပ်မျှပင် ဖြစ်သလော၊ မဖြစ်ချေ။
Verse 19 — Surah As-Sajdah 32:19
၁၉။ သို့သော်အကြင်သူတို့သည် သမ္မာတရားတော်ကို ယုံကြည်လျက် သုစရိုက်ကောင်းမှုများကို ပွားများကြအ့ံ၊ ထိုသူတို့နေထိုင်ခံစားဖို့ရာ သာယာကြည်နူးဖွယ်ရာဥယျာဉ်ဗိမာန်တော်ကြီးအသင့်ရှိ၏၊ သူတို့သည် ဆည်းပူး ခဲ့သောကုသိုလ်ကောင်းမှု၏ အကျိုးဆက်ပေတည်း။
Verse 20 — Surah As-Sajdah 32:20
၂ဝ။ အကြင်သူတို့သည် ဒုစရိုက်မကောင်းမှုများကို ကျူးလွန်ကြအ့ံ၊ ထိုသူတို့နေထိုင်စံစားဖို့ရာ ငရဲမီးအသင့်ရှိ၏၊ သူတို့သည် ငရဲမီးမှ ထွက်ပြေးသောအခါတိုင်း သူတို့ကို မီးအတွင်းသို့ ပြန်ယူခဲ့၏၊ ထိုသူညစ်တို့အား မိန့်တော် မူသည်မှာ သင်တို့မရှိဟု ငြင်းသောငရဲမီး၏နှိပ်စက်ညှင်းပန်းခြင်းကို မြည်းကြလော့။
Verse 21 — Surah As-Sajdah 32:21
၂၁။ ထို့အပြင်သူတို့သည် သမ္မာတရားလမ်းတော်သို့ ပြန်ရောက်ကောင်းရောက်စေခြင်းငှာ သူတို့အား အပြစ်ဒဏ်ကြီး ကို မပေးမီ အပြစ်ဒဏ်ငယ်ကိုလည်း မုချဧကန်မြည်းစေတော်မူ၏။
Verse 22 — Surah As-Sajdah 32:22
၂၂။ မိမိအရှင်သခင်၏ ပညတ်တရားတော်ကို ကြားရသောအခါ မနာယူပဲ ကျောပေးသွားသူထက် အဘယ်သူသည် ပြစ်မှုကို ကျူးကျော်သနည်း၊ မှတ်သားလော့၊ ငါအရှင်မြတ်သည် အပြစ်ထိုက်သူဒုစရိုက်ကောင်ကို လက်စားချေ တော်မူမည်။
Verse 23 — Surah As-Sajdah 32:23
၂၃။ ငါအရှင်မြတ်သည် တမန်တော်မူစာအား ကျမ်းတော်ချပေးသနားတော်မူခြင်းကို ဒွိဟသံသယမရှိကြလင့်၊ ထို့ အပြင်ငါသည် ထိုကျမ်းတော်ကို အစ္စရာအီလ်လူမျိုးတို့အဖို့အရာ အဆုံးအမအလင်းပြကျမ်းဖြစ်စေတော်မူ၏။
Verse 24 — Surah As-Sajdah 32:24
၂၄။ ထို့အပြင်ထိုသူများသည် သမာဓိတည်ကြည်ခြင်းရှိ၍ ငါချပေးသနားတော်မူသောကျမ်းတော်ကို စိတ်အားထက် သန်စွာယုံကြည်ကြသောအခါ ငါသည် သူတို့အနက် အချို့ကို အကြီးအကဲခန့်ထားလေ၏၊ ထိုအကြီးအကဲတို့ သည် ငါ၏အမိန့်တော်အားဖြင့် ထိုအမျိုးသားတို့အား ခေါင်းဆောင်လမ်းပြကြလေ၏။
Verse 25 — Surah As-Sajdah 32:25
၂၅။ မှတ်သားကြလော့၊ သင်၏အရှင်သခင်သည် ရှင်ပြန်ထမြောက်သောနေ့တော်ကြီး၌ သူတို့အလယ်ကြားတွင် ၎င်းတို့အချင်းချင်းကွဲပြားနေသောအမှုများနှင့်စပ်လျဉ်း၍ စစ်ကြောစီရင်တော်မူမည်။
Verse 26 — Surah As-Sajdah 32:26
၂၆။ သူတို့မဖြစ်ပေါ်မသေးမီ များလှစွာသောရှေးလူဟောင်းအဆက်ဆက်တို့သည် ပယ်ရှားသုတ်သင်ခဲ့လေပြီ၊ ထိုသို့ ပယ်ရှားသုတ်သင်သောသူတို့၏ နေရာထိုင်ခင်းများတွင် ဤသူတို့သည် လှည့်ပတ်သွားလာနေကြ၏၊ ထိုအခြင်း အရာများကို ကြည့်ရှုခြင်းအားဖြင့် ဤသူတို့သည် တရားသံဝေဂရသူဖို့ရာမဟုတ်ပေလော၊ မှတ်သားကြလော့၊ ထိုအခြင်းအရာများတွင် သာဓကတော်များအမှန်အကန်ပါရှိ၏၊ သို့ပါလျက်သူတို့ဂရုမစိုက်ကြဘူးလော။
Verse 27 — Surah As-Sajdah 32:27
၂၇။ ငါသည် သွေ့ခြောက်သယောင်းနေသောမြေသို့ မြစ်ရေချောင်းရေများကို စိမ့်ဝင်စီးဆင်းစေတော်မူ၏၊ ထိုရေ အားဖြင့် ကောက်ပဲသီးနှံကို ပေါက်ရောက်ဖြစ်ထွန်းစေတော်မူ၏၊ ထိုအသီးအနှံများကို သူတို့၏ကျွဲနွားတိရိစ္ဆာန် နှင့်တကွ သူတို့မှီဝဲသုံးဆောင်ကြ၏၊ ဤအကြောင်းအရာများကို သူတို့မဆင်ခြင်မသုံးသပ်ကြသလော၊ သို့ဖြစ်၍ သူတို့သည် မြင်ကြမည်မဟုတ်ပေလော။
Verse 28 — Surah As-Sajdah 32:28
၂၈။ ထို့အပြင်သူတို့က သင်တို့အမှန်ကို ဆိုလိုလျှင် သင်တို့ပြောဆိုသည့်အောင်မင်္ဂလာနေ့တော်ကြီးသည် အဘယ် အခါဆိုက်ရောက်မည်နည်းဟု မေးကြ၏။
Verse 29 — Surah As-Sajdah 32:29
၂၉။ အို-တမန်တော်၊ သူတို့အား ဟောကြားလော့၊ အောင်လံစိုက်ထူသောနေ့တော်ကြီးတွင် သမ္မာတရားတော်ကို မယုံကြည်သောမိစ္ဆာဒိဋ္ဌိတို့၏ ယုံကြည်ခြင်းတရားသည် သူတို့ကို တစ်စုံတစ်ရာအကျိုးပေးမည်မဟုတ်၊ ထို့အပြင် သူတို့၏အပြစ်ဒဏ်ရွှေ့ဆိုင်းထားတော်မူမည်မဟုတ်ချေ။
Verse 30 — Surah As-Sajdah 32:30
၃ဝ။ ထို့ကြောင်အို-မိုဟမ္မဒ်၊ ထိုသူယုတ်မာတို့ထံမှ ခွဲထွက်သွားလော့၊ သူတို့ကို လျစ်လျူရှုလော့၊ အဖြစ်အပျက် တော်ကြီးကို စောင့်စားမျှော်လင့်နေလော့၊ မှတ်သားလော့၊ သူတို့လည်း စောင့်စားမျှော်လင့်နေကြ၏။