Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Ba Sein — Permalink

Verse 1 — Surah Al-Ahzab 33:1

၁။ အို-တမန်တော်၊ သင်သည် အလ္လာဟ်အရှင်မြတ်၏ ဝတ်ကို ပြေအောင်ပြုလော့၊ မယုံကြည်သူနှင့် ယုံကြည် ဟန်ဆောင်သူများ၏ စကားကို နားမထောင်လင့်၊ မှတ်သားလော့၊ အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူ၏၊ ပညာရှိတော်မူ၏။

Verse 2 — Surah Al-Ahzab 33:2

၂။ ထို့အပြင်သင်သည် မိမိ၏အရှင်သခင်က သင်၏စိတ်နှလုံးတွင် ထင်ရှားစေသောဗျာဒိတ်တော်ကို လိုက်နာကျင့် ဆောင်လော့၊ အလ္လာဟ်အရှင်မြတ်သည် သင်ပြုကျင့်သမျှအပေါင်းတို့ကို အကြွင်းမဲ့မုချဧကန်သိတော်မူ၏။

Verse 3 — Surah Al-Ahzab 33:3

၃။ ထို့အပြင်အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးစားလော့၊ အကြောင်းမူကား အရှင်မြတ်သည် ယုံကြည်ကိုးစားရ သူအဖြစ်ဖြင့် လုံလောက်တော်မူ၏။

Verse 4 — Surah Al-Ahzab 33:4

၄။ အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသားကိုမှ မိမိကိုယ်အတွင်းတွင် စိတ်နှလုံးနှစ်ခုသွင်းပေးတော်မမူချေ၊ သင်တို့သည် မိမိတို့၏ မယားမိန်းမအား မိမိ၏မိခင်ဖြစ်သည်ဟု ကြေငြာသောကြောင့် ထိုမယားသည် အမိ မဖြစ်ချေ၊ သင်တို့သည် သူတပါးသားများအား မိမိသားဖြစ်သည်ဟု ကြေငြာသောကြောင့်လည်း ထိုသားများ သည် သင်တို့၏သားမဖြစ်ချေ၊ ဤကြေငြာခြင်းသည် သင်တို့နှုတ်မှထွက်သောစကားသာတည်း၊ သို့သော် အလ္လာဟ်အရှင်မြတ်သည် သမ္မာတရားလမ်းတော်ကို ပြသတော်မူ၏။

Verse 5 — Surah Al-Ahzab 33:5

၅။ သူတို့၏ အဘရင်း၏နာမည်များကို ဖော်ပြလော့၊ ဤသို့ပြုခြင်းသည် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်တွင် သာလွန်မျှတခြင်းဖြစ်၏၊ သင်တို့သည် သူတို့၏အဘတို့၏ အမည်နာမများကို မသိလျှင် သူတို့သည် ဘာသာ အယူဝါဒအားဖြင့် သင်တို့၏ညီအစ်ကိုများဖြစ်ပေသည်၊ သူတို့သည် သင်တို့အား မှီခိုသူများဖြစ်ကြ၏၊ သင်တို့ သည် မိမိတို့အမှတ်မဲ့ပြုမိသောအမှားများအတွက် အပြစ်မထိုက်ချေ၊ သို့သော်တမင်္ဂလာပြုသောအမှားများအတွက် အပြစ်သင့်၏၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်မူသောအရှင်၊ မဟာဂရုဏာတော်အရှင်ဖြစ်တော်မူ၏။

Verse 6 — Surah Al-Ahzab 33:6

၆။ ယုံကြည်သူတို့သည် တမန်တော်ကို မိမိတို့ကိုယ်ထက် သာလွန်ချစ်ခင်မြတ်နိုးကြ၏၊ တမန်တော်၏ ကြင်ယာ တော်တို့သည် သူတို့၏အမိအရင်းသဖွယ်ဖြစ်၏၊ ထို့အပြင်ဆွေမျိုးရင်းခြာယုံကြည်သူတို့သည် တစ်ဦးနှင့်တစ်ဦး အခြားယုံကြည်သူများထက်သော်လည်းကောင်း၊ သာလွန်ချစ်ခင်စုံမက်ရာသည်ဟု အလ္လာဟ်အရှင်မြတ်၏ ကျမ်း ဂန်တော်၌ လာ၏၊ သို့သော်သင်တို့သည် မိမိတို့အဆွေခင်ပွန်းများကို ထောက်ထားညှာတာကျေးဇူးပြုကြလော့၊ ကျမ်းတော်မြတ်တွင် ထိုသို့ရေးတင်မှတ်သားထား၏။

Verse 7 — Surah Al-Ahzab 33:7

၇။ အို-တမန်တော်မိုဟမ္မဒ်၊ ငါသည် တမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူရာ သင့်ထံမှလည်း ကောင်း၊ တမန်တော်နူဟိုထံမှလည်းကောင်း၊ တမန်တော်အေဗရာဟမ်ထံမှလည်းကောင်း၊ တမန်တော်မူစာထံမှ လည်းကောင်း၊ မရ်ယမ်၏သားတမန်တော်အီစာထံမှလည်းကောင်း၊ ခိုင်မာလုံလောက်သောပဋိညာဉ်ဝန်ခံချက်ကို ငါယူတော်မူ၏။

Verse 8 — Surah Al-Ahzab 33:8

၈။ ထိုသို့ခံဝန်ချက်ယူတော်မူခြင်းအလိုတော်မှာ သစ္စာရှိသူများအား သူတို့၏သစ္စာကို စစ်ကြောစီရင်ရန်အလို့ငှာ ဖြစ်၏၊ သစ္စာမဲ့သူတို့အဖို့အရာ အလွန်ပြင်းပြနာကျယ်ဖွယ်သောအပြစ်ဒဏ်တော်ကို အရှင်မြတ်အသင့်စီရင် ထားတော်မူ၏။

Verse 9 — Surah Al-Ahzab 33:9

၉။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့ကို တိုက်ခိုက်ရန် ရန်သူစစ်သားအမြောက်အမြားချီတက်လာသောအခါ ငါသည် ထိုရန်သူများကို တိုက်ဖျက်ရန် လေပြင်းမုန်တိုင်းနှင့်တကွ သင်တို့မမြင်နိုင်စွမ်းသောရဲမက်တို့အား စေလွှတ်တော်မူ၏၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်ကို အမျိုးမျိုးအဖုံဖုံမတရားတွေးထင်ကြ၏။

Verse 10 — Surah Al-Ahzab 33:10

၁ဝ။ ထိုရန်သူတို့သည် သင်တို့နယ်မြေ၏ အထက်ပိုင်းအောက်ပိုင်းတို့မှ ဝန်းအုံချီတက်လာသောအခါ သင်တို့သည် မျက်လုံးမျက်ဆံဝိုင်းအောင် အ့ံအားသင့်လျက် ကြောက်ရွံ့စိုးရိမ်မငြိမ်သောသင်တို့၏ နှလုံးကား လည်မျိုသို့ ရောက်လုမတတ်ရှိ၏၊ ထိုအခါသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အမျိုးမျိုးအဖုံဖုံမတရာတွေးထင်ကြ၏။

Verse 11 — Surah Al-Ahzab 33:11

၁၁။ ယုံကြည်သူတို့သည် ထိုစစ်မြေပြင်၌ အလ္လာဟ်အရှင်မြတ်၏ကြီးမားသောစုံစမ်းခြင်းကို ခံကြရ၏၊ ပြင်းပြစွာ ကြောက်ရွံ့တုန်လှုပ်ကြ၏။

Verse 12 — Surah Al-Ahzab 33:12

၁၂။ ယုံကြည်သူဟန်ဆောင်သူများနှင့် စိတ်နှလုံး၌ မိစ္ဆာဝေဒနာစွဲကပ်သူတို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်သည် အကျွနု်ပ်တို့အား မဟုတ်မမှန်ဖျားယောင်းလှည့်ပတ်ခြင်းမှတပါး အခြားတစ်စုံတစ်ယောက် ကိုမျှ ကတိသစ္စာမပေးချေဟု ပြောဆိုသောအခါ။

Verse 13 — Surah Al-Ahzab 33:13

၁၃။ ၎င်းတို့အနက် အသင်းတစ်သင်းက အို-ယသရစ်ဗ်မြို့သူမြို့သားအပေါင်းတို့၊ သင်တို့၌ ခုခံတိုက်ခိုက်နိုင်စရာ အကြောင်းမရှိချေ၊ သို့ဖြစ်၍ပြန်ကြလော့ဟု ဆိုကြ၏၊ ထို့အပြင်သူတို့အနက် အချို့သူများက အို-တမန်တော် အကျွနု်ပ်တို့နေအိမ်များကို လူသူမရှိပဲ အိမ်ချည်းသာ ဟာလာပစ်ထားခဲ့ရပါ၏ဟု လျှောက်ထား၍ အိမ်ကို ပြန်ခွင့်တောင်းကြ၏၊ သို့သော်သူတို့၏အိမ်များမှာ ထိုသို့ဟာလာဟင်းလင်းမဟုတ်ချေ၊ သူတို့၌ ထွက်ပြေးလိုသော ဆန္ဒမရှိသာမရှိ၏။

Verse 14 — Surah Al-Ahzab 33:14

၁၄။ အကယ်၍ရန်သူတို့သည် အဘက်ဘက်ဝန်းအုံချီတက်ဝင်လာ၍ သူတို့အား သစ္စာဖောက်ရန် တိုက်တွန်းဖျား ယောင်းသော် သူတို့သည် သစ္စာဖောက်ကြလိမ့်မည်၊ ထိုသို့သစ္စာဖျက်ဖို့ရာ သူတို့သည် အနည်းငယ်မျှလက်နှေး လိမ့်မည်မဟုတ်ချေ။

Verse 15 — Surah Al-Ahzab 33:15

၁၅။ ထို့အပြင်အမှန်ဆိုသော် သူတို့သည် အကျွနု်ပ်တို့သည် စစ်မြေပြင်ဝယ် ရန်သူတို့အား ကျောပေး၍ ထွက်မပြေးပါ ဟု အလ္လာဟ်အရှင်မြတ်အထံတော်၌ သစ္စာခံထားသူများဖြစ်ကြ၏၊ အလ္လာဟ်အရှင်မြတ်အထံတော်၌ ပြသော သစ္စာအကြောင်းနှင့်စပ်လျဉ်း၍ စစ်ကြောစီရင်ခြင်းခံရမည်သာတည်း။

Verse 16 — Surah Al-Ahzab 33:16

၁၆။ အို-တမန်တော်၊ ဆက်လက်၍ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့သည် ရိုးရိုးသေရသောဘေးမှသော် လည်းကောင်း၊ သတ်ဖြတ်၍ သေရသောဘေးမှသော်လည်းကောင်း၊ ရုန်းကန်ထွက်ပြေး၍ မလွတ်နိုင်ချေ၊ သို့ဖြစ်၍လောကီစည်းစိမ်တွင် တစ်ခဏမျှနစ်မွန်းနေကြလော့။

Verse 17 — Surah Al-Ahzab 33:17

၁၇။ အို-တမန်တော်၊ ဆက်လက်၍ဟောပြောလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ဘေးဥပါဒ်ကျတော်မူသည်ဖြစ်၍ ကျေးဇူးကျတော်မူသည်ဖြစ်စေ၊ သင်တို့အား အဘယ်သူသည် အလ္လာဟ်အရှင် မြတ်၏ လက်တော်မှ ကားဆီးထားနိုင်သနည်း၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအဆွေခင်ပွန်းကိုသော် လည်းကောင်း၊ ကူညီစောင့်ရှောက်မည့်သူကိုသော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကိုမှ သူတို့ရှာဖွေရနိုင်မည် မဟုတ်ချေ။

Verse 18 — Surah Al-Ahzab 33:18

၁၈။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် သူတပါးတို့အား စစ်ဝင်မတိုက်ရန် တားဆီးသူတို့ကိုသော်လည်းကောင်း၊ မိမိတို့သားချင်းတို့အား ငါတို့ထံသို့ လာကြပါလော့ဟု ခေါ်ကြသူတို့ကိုသော်လည်းကောင်း၊ သိမြင်နှင့်တော်မူ၏၊ သူတို့သည် ရန်သူတို့ကို စိတ်ပါကိုယ်ရောက်တိုက်ကြသည်မဟုတ်၊ ဝတ်ကျေရုံအနည်းငယ်မျှတိုက်ခိုက်ကြ၏။

Verse 19 — Surah Al-Ahzab 33:19

၁၉။ သူတို့သည် ယုံကြည်သူတို့အား စစ်မက်ရေးရာတွင် မကူညီမထောက်ပ့ံ၊ စေးနဲသူများဖြစ်ကြ၏၊ သို့သော်အို-တမန်တော်၊ ကြောက်ရွံ့စရာပေါ်လာသောအခါ ထိုသူတို့သည် သေခါနီးသတိပညာချွတ်သောသူများကဲ့သို့ မျက်စိမျက်ဆံလည်၍ သင့်ဘက်သို့ ကြည့်နေသည်ကိုသာ သင်မြင်ရလတ့ံ၊ ထို့နောက်ဘေးရန်ကင်းရှင်းကြောက် ရွံ့စရာမရှိသောအခါ လက်ရပစ္စည်းများအတွက် လောဘကြီးသဖြင့် သင်တမန်တော်အား အမျိုးမျိုးပြောဆိုရန် တွေ့ကြလတ့ံ၊ အမှန်ဆိုသော်ဤကဲ့သို့သောလူများသည် ယုံကြည်သူများမဟုတ်ချေ၊ ထို့ကြောင့်အလ္လာဟ်အရှင် မြတ်သည် ၎င်းတို့၏ပြုကျင့်မှုများကို အချည်းနှီးအကျိုးမဲ့ဖြစ်စေတော်မူ၏၊ ထိုကဲ့သို့စီရင်တော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်အဖို့အရာ အလွန်လွယ်ကူလှ၏။

Verse 20 — Surah Al-Ahzab 33:20

၂ဝ။ ထိုသူယုတ်တို့က အမျိုးလိုက်အစုလိုက်မဟာမိတ်ဖွဲ့လာသောစစ်သားသူရဲများသည် အမြဲတစ်ခေါက်သွားသည် မထင်ကြချေ၊ ထို့အပြင်ထိုရန်သူများတဖန်ချီတက်လာသောအခါ ထိုသူယုတ်တို့သည် တောကျေးလက်သို့ပြေး၍ လူရိုင်းတောသာားများနှင့်အတူတကွနေထိုင်ပြီးလျှင် သင်တို့အရှုံးအနိုင်သတင်းကိုသာ လူကြံုတိုင်းမေး၍ နေလို သောဆန္ဒရှိကြလတ့ံ၊ အကယ်၍ ထိုသူမိုက်တို့သည် သင်တို့နှင့်အတူတကွရှိသော် သူတို့သည် ရန်သူတို့ကို ရဲဝ့ံစွာတိုက်ခိုက်ကြမည်မဟုတ်၊ ဝတ်ကျေဝတ်ကုန်အနည်းငယ်မျှသာတိုက်ကြလိမ့်မည်။

Verse 21 — Surah Al-Ahzab 33:21

၂၁။ အို-လူသားအပေါင်းတို့၊ သင်တို့အနက် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို မျှော်လင့်ကိုးစား၍ အလ္လာဟ်အရှင်မြတ်ကို မကြာခဏအာရုံပြုသူအဖို့အရာ အရှင်မြတ်၏ တမန်တော်သည် အလွန်မွန်မြတ်သော စံနမူနာမုချအမှန်ဖြစ်၏။

Verse 22 — Surah Al-Ahzab 33:22

၂၂။ ထို့အပြင်ယုံကြည်သူအစစ်တို့သည် မဟာမိတ်စစ်သည်တော်များကို တွေ့မြင်ရသောအခါ သူတို့က ဤအရေး တော်သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော် ချိန်းချက်ကတိဗျာဒိတ်ခပ်နှိပ်တော်မူသောအရေး တော်ပုံတည်းဟု ဆိုကြ၏၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်သည် ဟုတ်မှန်ရာကိုသာ ဗျာဒိတ်ပေးတော်မူ၏၊ ဤအရေးတော်ပုံသည် သူတို့၏ယုံကြည်မှုအယူဝါဒနှင့် အရှင်မြတ်အား ကျိုးနွံနာခံမှု တို့ကို သာလွန်ထက်သန်စေ၏။

Verse 23 — Surah Al-Ahzab 33:23

၂၃။ ယုံကြည်သူများတွင် အလ္လာဟ်အရှင်မြတ်အား ပြုသည့်ကတိသစ္စာကို တည်သူများရှိကြ၏၊ သူတို့အနက်အချို့ သူတို့သည် စစ်ပွဲတွင် ကျခြင်းအားဖြင့် မိမိတို့ဖွဲ့စည်းထားသောပဋိညာဉ်ကို အတည်ပြုသွားကြ၏၊ အချို့မူကား သာသနာအတွက် အသက်စွန့်သောအာဇာနည်ဘဝသို့ ပြောင်းသွားရန် စောင့်ဆိုင်းကြ၏၊ သူတို့သည် မိမိတို့သစ္စာ ပန္နက်ကို အနည်းငယ်မျှပျက်ကွက်ဖောက်ပြန်ခြင်းမရှိ၊ တည်ကြည်စွာစောင့်ရှောက်သွားသူများဖြစ်ကြ၏။

Verse 24 — Surah Al-Ahzab 33:24

၂၄။ ဤသို့ပြုကျင့်ရခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် သစ္စာရှိသူတို့အား ၎င်းတို့သစ္စာအကျိုးအတွက် အောင်ဆု မင်္ဂလာပေးတော်မူခြင်းငှာသော်လည်းကောင်း၊ ယုံကြည်ဟန်ဆောင်သူတို့အား အပြစ်ဒဏ်ခပ်နှိပ်လိုပါတော် မူလျှင် အပြစ်လွှတ်တော်မူခြင်းငှာသော်လည်းကောင်းဖြစ်၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသောအရှင်၊ အနန္တကျေးဇူးတော်သခင်ဖြစ်တော်မူ၏။

Verse 25 — Surah Al-Ahzab 33:25

၂၅။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့အား မိမိတို့၏ အမျက်ရန်ငြိုးအကျင့်ဆိုးနှင့်ပင် တွန်းလှန်ပစ်တော် မူ၏၊ သူတို့တစ်စုံတစ်ရာအကျိုးမခံစားရချေ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုအပ်သောဘေးရန်ကို ယုံကြည် သူတို့ထံမှ ဖယ်ရှားတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူ၏။

Verse 26 — Surah Al-Ahzab 33:26

၂၆။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် ထိုမိစ္ဆာဒိဋ္ဌိတို့ကို အားပေးကူညီတိုက်ခိုက်သောကျမ်းတော်ရအမျိုးသားယဟူဒီ တို့အား ၎င်းတို့ခုခံတိုက်ခိုက်ရာ မြို့ရိုးခံတပ်ပေါ်မှ အောက်သို့ချတော်မူ၏၊ ထို့အပြင်ထိုယဟူဒီတို့၏ စိတ်နှလုံး အတွင်း၌ ပြင်းပြသောကြောက်လန့်တုန်လှုပ်ခြင်းကိုလည်း ဖြစ်စေတော်၏၊ သူတို့အနက် အချို့ကို သင်တို့ သတ်ဖြတ်ကြ၏၊ အချို့ကို လက်ရဖမ်းဆီးမိကြ၏။

Verse 27 — Surah Al-Ahzab 33:27

၂၇။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သူတို့၏ ကိုင်းကျွန်းလယ်မြေဥယျာဉ်၊ အိုးအိမ်တိုက်တာစည်းစိမ် ဥစ္စာအပေါင်းတို့ကို အမွေပေးတော်မူ၏၊ ထိုလယ်မြေအပေါ်သို့ သင်တို့ခြေမချဖူးသေးချေ၊ အလ္လာဟ်အရှင်မြတ် သည် ခပ်သိမ်းကုန်သောအရာအပေါင်းတို့ကို ပြုစွမ်းနိုင်တော်မူ၏။

Verse 28 — Surah Al-Ahzab 33:28

၂၈။ အို-တမန်တော်၊ သင်၏ကြင်ယာတော်တို့အား ဟောပြောလော့၊ သင်ရှင်မတို့သည် လောကီစည်းစိမ်ဥစ္စာကို တပ်မက်နှစ်သက်လိုလားကြလျှင် လာကြလော့၊ ငါသည် သင်တို့အား ရောင့်ရဲစေမည်၊ ကောင်းသောလွှတ်ခြင်း ဖြင့် လွှတ်ပစ်လတ့ံ။

Verse 29 — Surah Al-Ahzab 33:29

၂၉။ သို့သော်သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ကိုလည်းကောင်း၊ နောင်တမလွန်ရှိ ဗိမာန်တော်တို့ကိုလည်းကောင်း၊ မြတ်နိုးနှစ်သက်လိုလားကြလျှင် သင်တို့အနက်ဖြူစင်သူတို့အတွက် အလွန် ကြီးမားလှသောအောင်မင်္ဂလာတော်ကို အလ္လာဟ်အရှင်မြတ်သည် မုချဧကန်အသင့်စီရင်ထားတော်မူ၏။

Verse 30 — Surah Al-Ahzab 33:30

၃ဝ။ အို-တမန်တော်၏ ကြင်ဘက်တော်အပေါင်းတို့၊ ရှင်မတို့အနက် ကာမပြစ်မှုကျူးလွန်သူအား သာမန်မိန်းမ ကို ပေးသောအပြစ်ဒဏ်၏ ထမ်းပိုနှစ်ဆတပ်ရိုက်တော်မူမည်၊ ဤသို့ဒဏ်ခတ်ခြင်းသည် အလ္လာဟ်အရှင်မြတ် အဖို့အရာ အလွန်လွယ်ကူလှပေ၏။

Verse 31 — Surah Al-Ahzab 33:31

၃၁။ ထို့အပြင်သင်တို့အနက် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အား ကျိုးနွံနာခံအ့ံ၊ ဖြောင့်မတ်မှန်ကန်မှုကို ကျင့်ကြံအ့ံ၊ ထိုသူမအား သာမန်မိန်းမများထက် နှစ်ဆထမ်းပိုးကို ငါအရှင်မြတ်ပေးသနား တော်မူမည်၊ ထို့အပြင်ထိုသူတော်ကောင်းမအဖို့အရာ အလွန်မွန်မြတ်သောဘောဇဉ်ခဲဖွယ်တို့ကို အသင့်ပြင်ဆင် ထားတော်မူ၏။

Verse 32 — Surah Al-Ahzab 33:32

၃၂။ အို-တမန်တော်၏ ကြင်ယာအပေါင်းတို့၊ ရှင်မတို့သည် အခြားမိန်းမတို့နှင့်မတူချေ၊ အကယ်၍သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဝတ္တရားတော်ကို ကျေပွန်အောင် ဆောင်လျှင် ပကတိအသံထက် သာယာနာပျော်နူးည့ံ သောအသံနှင့်စကားမပြောကြလင့်၊ သို့မပြောရခြင်းမှာ စိတ်နှလုံးတွင် မိစ္ဆာဝေဒနာမကင်းသူတို့သည် သင်တို့အား စိတ်ထားမဖောက်ပြန်၊ မကောင်းမကြံစေလိုခြင်းငှာဖြစ်၏၊ ထို့ကြောင့်စကားကို ပင်ကိုယ်အသံဖြင့် ရိုးရိုးသာ ပြောကြလော့။

Verse 33 — Surah Al-Ahzab 33:33

၃၃။ ထို့အပြင် သင်တို့သည် မိမိတို့အိမ်အတွင်း နေကြလော့၊ သာသနာမတောက်ထွန်းမီ အချိန်ကာလမှာကဲ့သို့ မိန်းမယောက်ျားလူအများမြင်အောင် ကိုယ်ကို တင့်တယ်စွာတန်ဆာဆင်ယင်မွမ်းမံခြင်းကို မပြုကြလင့်၊ ဆွလဝသ် ကို မှန်မှန်ပြုကြလော့၊ ပညတ်ထားတော်မူသောဇကားသ်အလှုကို လှုကြလော့၊ ထို့အပြင်အလ္လာဟ်အရှင်မြတ် နှင့် အရှင်မြတ်၏ တမန်တော်ကို ကျိုးနွံနာခံကြလော့၊ အို-တမန်တော်၏ အိမ်တော်သူအပေါင်းတို့၊ အလ္လာဟ် အရှင်မြတ်၏ အလိုတော်မှာ ဒုစရိုက်ညစ်ညမ်းမှုများကို သင်တို့ထံမှ ဝေးကွာစွာဖယ်ရှား၍ သင်တို့ကို ကောင်းစွာ သန့်ရှင်းဖြူစင်စေဖို့ရာဖြစ်၏။

Verse 34 — Surah Al-Ahzab 33:34

၃၄။ ထို့အပြင် သင်တို့သည် မိမိတို့အိမ်တွင် ရွတ်ဖတ်သရဇ္ဈာယ်ျသောအလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်နှင့် အရှင်မြတ်၏ သဗ္ဗညုဉာာဏ်တော်အကြောင်းကို နှလုံးကောင်းစွာသွင်းလော့၊ မှတ်သားလော့၊ အလ္လာဟ်အရှင် မြတ်သည် လျှို့ဝှက်နက်နဲခြင်းနှင့် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူ၏။

Verse 35 — Surah Al-Ahzab 33:35

၃၅။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်ကို ကျိုးနွံနာခံသူယောက်ျားမိန်းမများ၊ ယုံကြည်သူယောက်ျားမိန်းမများ၊ အမိန့်ကို နာခံသူယောက်ျားမိန်းမများ၊ အမှန်ကို ဆိုသူယောက်ျားမိန်းမများ၊ တရားအားထုတ်သူယောက်ျား မိန်းမများ၊ မိမိကိုယ်ကို နှိမ့်ချသူယောက်ျားမိန်းမများ၊ မတရားသောကာမမှုကို ရှောင်ကြဉ်သူယောက်ျားမိန်းမများ၊ အလ္လာဟ်အရှင်မြတ်ကို များစွာအာရုံပြုသူယောက်ျားမိန်းမများ၊ ထိုအသီးသီးသောယောက်ျားမိန်းမများအဖို့အရာ အပြစ်လွှတ်တော်မူခြင်းနှင့် ကြီးမားသောဆုတော်လာဘ်တော်ကို အလ္လာဟ်အရှင်မြတ်အသင့်ထားတော်မူ၏။

Verse 36 — Surah Al-Ahzab 33:36

၃၆။ ထို့အပြင်ယုံကြည်သူယောက်ျားအဖို့ဖြစ်စေ၊ ယုံကြည်သူမိန်းမဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ တမန်တော်တို့က အခွင့်အရေးတစ်ခုခုကို စီရင်ဆုံးဖြတ်တော်မူပြီးသည့်နောက် ထိုယောက်ျားမိန်းမတို့သည် ထိုကိစ္စတွင် ထုချေခွင့် တောင်းခြင်းသည် လုံးဝမလျှောက်ပတ်ချေ၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ထောင်ထားခြားနားအ့ံ၊ ထိုသူသည် ထင်ရှားသောလမ်းမှားကြီးတွင် မုချဧကန်ကျနေသူဖြစ်၏။

Verse 37 — Surah Al-Ahzab 33:37

၃၇။ ထို့အပြင်အို-တမန်တော်၊ အကြင်သူအား အလ္လာဟ်အရှင်မြတ်ကျေးဇူးပြုတော်မူ၏၊ သင်လည်း ကျေးဇူးပြု၏၊ ထိုသူအား သင်က သင်သည် မိမိမယားမိန်းမကို မကွာပဲ မိမိနှင့်အတူတကွထားလော့၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးလော့ဟု ဆုံးမသြဝါဒပေးသောအခါ အလ္လာဟ်အရှင်မြတ်ဖော်ထုတ်မည့်အမှုတစ်ခုကို သင်သည် မိမိ၏စိတ်နှလုံးတွင် လျှို့ဝှက်ဖုံးကွယ်ထား၏၊ ထိုသို့ဖုံးကွယ်ထားခြင်းမှာ သင်သည် လူအပေါင်းကဲ့ရဲ့ပြစ်တင် မည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်၏၊ သို့သော်သင်သည် အလ္လာဟ်အရှင်မြ်တ်ကို လူအပေါင်းထက် သာလွန် ကြောက်ရွ့ံထိုက်၏၊ ထို့ကြောင့်ဇိုက််ဒ်သည် မိမိ၏မယားကို တရားတော်အတိုင်း ကွာရှင်းပြီးသောအခါ ငါအရှင် မြတ်သည် ထိုမိန်းမကို သင်နှင့်ပင်ထိမ်းမြားလက်ထပ်ပေးအပ်တော်မူပြီ၊ ထိုသို့ထိမ်းမြားပေးတော်မူခြင်းအကြောင်း သည်ကား မိမိတို့မွေးစားသောကိတ္တိမသားတို့က တရားတော်အတိုင်းကွာရှင်းလိုက်သောမယားများကို အဘအရာ ဖြစ်သောမွေးစားသူတို့သည် သိမ်းပိုက်ရာ၌ အပြစ်တစ်စုံတစ်ရာမထိုက်ကြောင်းကို ပညတ်တော်မူရန်အလို့ငှာ ဖြစ်၏၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်သည် ပြည့်စုံရမည်သာတည်း။

Verse 38 — Surah Al-Ahzab 33:38

၃၈။ အလ္လာဟ်အရှင်မြတ်ခွင့်ပြုတော်မူသာအမှုကို ပြုလုပ်သောကြောင့် တမန်တော်အပေါ်၌ အပြစ်အလျဉ်းမထိုက်ပေ၊ ရှေးလွန်လေပြီးသောတမန်တော်များကို အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင်ပြုကျင့်စေတော်မူ၏၊ အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်သည် မုချဧကန်ရှေးမဆွက ရည်မှတ်ထားသောပညတ်တော်တည်း။

Verse 39 — Surah Al-Ahzab 33:39

၃၉။ ထိုလွန်လေပြီးသောတမန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်များကို ဟောပြောကြေငြာ၍ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးကြ၏၊ အရှင်မြတ်မှတပါး အခြားတစ်စုံတစ်ယောက်မျှ မကြောက်ရွံ့ ကြချေ၊ အလ္လာဟ်အရှင်မြတ်သည် ကျင့်မှုများကို ကျနသေသပ်စွာစာရင်းတင်ထားတော်မူ၏။

Verse 40 — Surah Al-Ahzab 33:40

၄ဝ။ တမန်တော်မိုဟမ္မဒ်သည် သင်တို့အနက် တစ်စုံတစ်ယောက်သောသူ၏ အဘမဟုတ်ချေ၊ အလ္လာဟ်အရှင်မြတ် ၏ တမန်တော်ဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူ၏။

Verse 41 — Surah Al-Ahzab 33:41

၄၁။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်ကို များစွာအာရုံပြုကြလော့။

Verse 42 — Surah Al-Ahzab 33:42

၄၂။ ထို့အပြင်နံနက်ညနေတွင် အရှင်မြတ်အား ဝတ်ပြု၍ ဂုဏ်ကျေးဇူးတော်ကို ကျူးရင့်ကြလော့။

Verse 43 — Surah Al-Ahzab 33:43

၄၃။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကောင်းကြီးမင်္ဂလာပြုတော်မူသောအရှင်ဖြစ်တော်မူ၏၊ အရှင်မြတ်၏ ကောင်းကင်တမန်များလည်း သင်တို့ကို ကောင်းကြီးမင်္ဂလာမေတ္တာပို့သကြ၏၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ကို အဝိဇ္ဇာအမှောင်တွင်းမှ ဝိဇ္ဇာအလင်းရောင်သို့ ကယ်တင်တော်မူဖို့အလို့ငှာ ယင်းသို့ကောင်းကြီးမင်္ဂလာပြုခြင်း ဖြစ်သည်၊ အလ္လာဟ်အရှင်မြတ်သည် အယူမှန်သူတို့အား ကောင်းကြီးမင်္ဂလာပေူးသနားတော်မူ၏။

Verse 44 — Surah Al-Ahzab 33:44

၄၄။ အလ္လာဟ်အရှင်မြတ်အား ဒိဋ္ဌမျက်မြင်ဖူးမျော်ရမည့်နေ့တော်ကြီး၌ အရှင်မြတ်သည် သူတို့အား ငြိမ်သက်ချမ်းသာ စေကုန်ဟု နှုတ်ခွန်းဆက်တော်မူလတ့ံ၊ အရှင်မြတ်သည် သူတို့အဖို့အရာ အလွန်မွန်မြတ်သောအောင်ဆုမင်္ဂလာ ကို အသင့်စီရင်ထားတော်မူပြီ။

Verse 45 — Surah Al-Ahzab 33:45

၄၅။ အို-တမန်တော်၊ ငါသည် သင့်အား သက်သေတော်အဖြစ်ဖြင့်သော်လည်းကောင်း၊ နိဗ္ဗာန်မင်္ဂလာသတင်းကောင်း ကို ယူဆောင်ကြေငြာသူအဖြစ်ဖြင့်လည်းကောင်း၊ အပြစ်ဒဏ်အမင်္ဂလာသတင်းဆိုးနှင့် ငြိမ်းခြောက်သတိပေးသူ အဖြစ်ဖြင့်သော်လည်းကောင်း၊ စေလွှတ်တော်မူ၏။

Verse 46 — Surah Al-Ahzab 33:46

၄၆။ ထို့အပြင်အလ္လာဟ်အရှင်မြတ်၏ အလိုတော်အားဖြင့် လူသားတို့ကို အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ခေါ်သူ အဖြစ်ဖြင့်သော်လည်းကောင်း၊ အလင်းရောင်ပေးသောမီးရှုးမီးတိုင်ကြီးအဖြစ်ဖြင့်သော်လည်းကောင်း၊ စေလွှတ် တော်မူ၏။

Verse 47 — Surah Al-Ahzab 33:47

၄၇။ ထို့အပြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ အလွန်ကြီးမားသောကောင်းကြီးမင်္ဂလာတော်ကို ရရှိမည့်အကြောင်း သတင်းကောင်းကို ယုံကြည်သူအပေါင်းတို့အား ဟောကြားကြေငြာလော့။

Verse 48 — Surah Al-Ahzab 33:48

၄၈။ ထို့အပြင်မိစ္ဆာဒိဋ္ဌိနှင့် ယုံကြည်ဟန်ဆောင်သူများဘက်သို့ မယိမ်းမယိုင်လင့်၊ သူတို့၏ အကျိုးဆုတ်ယုတ်ဘေး ဥပါဒ်ဖြစ်စေတတ်သောစကားကို ဂရုမစိုက်ပဲ လျစ်လျူရှုလော့၊ အလ္လာဟ်အရှင်မြတ်ကို ကိုးစားကြလော့၊ကိုးစား အားထားရသူအဖြစ်ဖြင့် အရှင်မြတ်သည် လုံလောက်တော်မူ၏။

Verse 49 — Surah Al-Ahzab 33:49

၄၉။ အို-ယုံကြည်သူအပေါင်းတို့၊ အကယ်၍သင်တို့သည် မိန်းမများနှင့်ထိမ်းမြားလက်ထပ်၍ ထိုမိန်းမများထံမဝင် သေးမီ ကွာရှင်းကြလျှင် လင်ကွာမိန်းမတို့စောင့်ဆိုင်းရသောကျင့်စဉ်ပညတ်တော်သည် ထိုမိန်းမများနှင့်မသက် ဆိုင်ချေ၊ သို့သော်သူတို့အား ခန်းဝင်ပစ္စည်းများကို ကျေနပ်စွာပေး၍ ကောင်းမွန်စွာလွတ်လပ်ခွင့်ပေးလိုက် ကြလော့။

Verse 50 — Surah Al-Ahzab 33:50

၅ဝ။ အို-တမန်တော်၊ သင်သည် တရားဝင်ကြင်ဘက်တော်အဖြစ်ဖြင့် သိမ်းပိုက်နိုင်ဖို့ရာ ငါအရှင်မြတ်ခွင့်ပြုသတ်မှတ် တော်မူသောမိန်းမများမှာ သင် ခန်းဝင်ပစ္စည်းပေးပြီးသောမိန်းမများ၊ သင့်အား အရှင်မြတ်ပေးသနားူတော်မူသော သုံ့လက်ရမိန်းမများ၊ ငွေဝယ်ကျွန်မများ၊ သင်နှင့်အတူတကွထွက်ပြေးပြောင်းရွှေ့လာသောသင်၏ ဘကြီးဘထွေး တို့၏ သမီးများ၊ သင်၏ အရီးကြီးအရီးလေးတို့၏ သမီးများ၊ သင်၏ ဦးရီးဦးလေးတို့၏ သမီးများ၊ သင်၏ မိကြီးမိထွေးတို့၏ သမီးများ၊ မိမိကိုယ်ကို မိမိတမန်တော်အား အပ်နှံ၍ တမန်တော်ကလည်း လက်ထပ်ရန် သဘောတူထားသောယုံကြည်သူမိန်းမတို့အသီးသီးဖြစ်ကြသည်။ အို-တမန်တော်၊ ဤပညတ်တော်များသည် အခြားယုံကြည်သူများနှင့်မသက်ဆိုင်၊ သင်၏အတွက်သက်သက်မျှဖြစ်၏၊ စင်စစ်အားဖြင့်ထိုသူများအတွက် ၎င်းတို့၏လက်ထပ်မယား၊ သုံ့လက်ရမယား၊ ငွေဝယ်ကျွန်မယားများနှင့်စပ်လျဉ်း၍ ကျင့်စဉ်ပညတ်တော်များ ကို ပြဋ္ဌာန်းတော်မူပြီးကြောင်းကို ငါအရှင်မြတ်ကောင်းစွာသိတော်မူ၏၊ အို-တမန်တော်၊ ကိုယ့်ကိုကိုယ်အပ်နှင်း သောမိန်းမများကို ခန်းဝင်ပစ္စည်းတစ်စုံတစ်ရာမပေးပဲ ထိမ်းမြားလက်ထပ်ခွင့်ပြုတော်မူခြင်းမှာ သင့်အပေါ်၌ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူထသောမဟာဂရုဏာတော်သခင်ဖြစ်တော်မူ၏။

Verse 51 — Surah Al-Ahzab 33:51

၅၁။ အို-တမန်တော်၊ သင်၏ကြင်ဘက်တော်များအနက် သီးခြားထားလိုသူကို သီးခြားထားလော့၊ မိမိအပါးတွင် ထားလိုသူကို အပါးတွင် ထားလော့၊ သင်သီးခြားထားသောမြောက်သားတော်များအနက် အလိုရှိသူကို မိမိ အပါးတွင် ပြန်ထားလော့၊ ဤသို့စီမံခြင်းသည် သာလွန်ကောင်းမွန်၏၊ သို့မှသာလျှင်သင်၏ကြင်ဘက်တော် များသည် စိတ်ပူဆွေးခြင်းမရှိပဲ ဝမ်းသာအားရရှိကြလိမ့်မည်၊ သို့မှသာလျှင်သူတို့သည် သင်ပေးသောအခွင့်အရေး များကို နှစ်သက်ကျေနပ်ကြလိမ့်မည်၊ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူသော၊ သနားညှာတာတော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 52 — Surah Al-Ahzab 33:52

၅၂။ အို-တမန်တော်၊ သင်သည် ဤလက်ထပ်ပြီးသောမိန်းမတို့အနက် အခြားမိန်းမများနှင့်တဖန် လက်မထပ်လင့်၊ အခြားမိန်းမ၏ ရုပ်ဆင်းအင်္ဂါကို သင်အဘယ်မျှပင် နှစ်ခြိုက်သော်လည်း ထိုမိန်းမတို့အား သင်သည် လက်ရှိ မယားများကို ကွာရှင်း၍ အစားထိုးသဘောဖြင့် မယူလင့်၊ သို့သော်ငွေဝယ်ကျွန်မများကို သင်နှစ်သက်မူကား ယူငင်သိမ်းပိုက်လော့၊ စင်စစ်အားဖြင့်အလ္လာဟ်အရှင်မြတ်သည် အရာရာကို စောင့်ကြည့်နေတော်မူ၏။

Verse 53 — Surah Al-Ahzab 33:53

၅၃။ အို-အယူမှန်သူအပေါင်းတို့၊ သင်တို့သည် ထမင်းမှီဝဲစားသောက်ဖို့အလို့ငှာ အချိန်မကျရောက်မီ အခွင့်မရပဲလျက် တမန်တော်၏အိမ်အတွင်းသို့ မဝင်ကြလင့်၊ သို့သော်သင်တို့ကို ဝင်ရန်ဖိတ်ခေါ်လျှင် ဝင်ကြလော့၊ စားသောက်ပြီး သောအခါ ထွက်ခွာသွားကြလော့၊ စကားစမြည်ပြောဆိုဖို့ရာ ဆိုင်းလင့်မနေကြလင့်၊ မှတ်သားကြလော့၊ ဤသို့ စကားစမြည်ဆို၍ ကြာမြင့်စွာနေထိုင်ခြင်းသည် တမန်တော်ကို နှောင့်ယှက်ရာမည်၏၊ တမန်တော်ကလည်း အားနာသောကြောင့် သင်တို့အား ပြန်သွားရန် ထုတ်ဖော်ပြောမည်မဟုတ်ချေ၊ သို့သော်အလ္လာဟ်အရှင်မြတ် မူကား အမှန်ကို ဗျာဒိတ်ပေးတော်မူဖို့ရာ အားနာတော်မမူချေ၊ ထို့အပြင်သင်တို့သည် တမန်တော်၏ခင်ပွန်း များထံမှ တစ်စုံတစ်ခုတောင်းရမ်းလျှင် ကန့်လန့်ကာအပြင်ဘက်မှနေ၍ တောင်းကြလော့၊ ယင်းသို့ပြုလုပ်ခြင်း သည် သင်တို့၏စိတ်နှလုံး၊ တမန်တော်၏မိန်းမတို့၏ စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေ၏၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ကို အနှောင့်အယှက်အလျဉ်းမပေးထိုက်ချေ၊ တမန်တော်ပရိနိဗ္ဗာန်စံတော် မူသည်ရှိသော် တမန်တော်၏ဇနီးများကို လက်ထပ်သိမ်းပိုက်ခြင်းအလျဉ်းမပြုထိုက်ချေ၊ အမှန်မှာ ယင်းကဲ့သို့ ပြုလုပ်ခြင်းကား အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန်ဆိုးသွမ်းစက်ဆုတ်ဖွယ်ရာဖြစ်၏။

Verse 54 — Surah Al-Ahzab 33:54

၅၄။ သင်တို့သည် တစ်စုံတစ်ခုသောအကြောင်းအရာကို ဖွင့်ထုတ်ပြောဆိုသည်ဖြစ်စေ၊ ထိမ်ချိန်ဝှက်ထားသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မကြွင်းမကျန်မုချဧကန်သိထားတော်မူ၏။

Verse 55 — Surah Al-Ahzab 33:55

၅၅။ မိန်းမတို့သည် မိမိတို့အဘနှင့်သော်လည်းကောင်း၊ မိ်မိတို့သားချင်းနှင့်သော်လည်းကောင်း၊ မိမိတို့မောင်များနှင့် သော်လည်းကောင်း၊ မောင်အစ်ကိုက မွေးသောသားများနှင့်သော်လည်းကောင်း၊ အမညီမက မွေးသောသားများ နှင့်သော်လည်းကောင်း၊ အမညီမက မွေးသောသားများနှင့်သော်လည်းကောင်း၊ မိန်းမအချင်းချင်းသော် လည်းကောင်း၊ အစေခံကျွန်များနှင့်သော်လည်းကောင်း၊ လွတ်လပ်စွာစကားပြောဆိုနိုင်ကြ၏၊ အပြစ်မဆိုထိုက် ချေ၊ အို-မိန်းမအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဝတ်ကို ကျေကြလော့၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ဒိဗ္ဗစက္ခုဖြင့် အရာခပ်သိမ်းတို့ကို မြင်တော်မူ၏။

Verse 56 — Surah Al-Ahzab 33:56

၅၆။ မှတ်သားကြလော့၊ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် ကောင်းကင်တမန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်အပေါ်သို့ ကောင်းကြီးမင်္ဂလာမေတ္တာပို့သကြ၏၊ သင်တို့သည် တမန်တော် အပေါ်သို့ ကောင်းကြီးမင်္ဂလာပြုတော်မူရန် ဆုတောင်းကြလော့၊ တမန်တော်အား တွေ့သောအခါ ရိုသေ လေးမြတ်စွာနှုတ်ဆက်ကြလော့။

Verse 57 — Surah Al-Ahzab 33:57

၅၇။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အား မရိုမသေကဲ့ရဲ့စော်ကားကြမူ ထိုသူ တို့ကို့ အလ္လာဟ်အရှင်မြတ်သည် ဤဘဝနောင်ဘဝ၌ ကျိန်ဆဲတော်မူပြီ၊ အရှင်မြတ်သည် ထိုသူတို့အဖို့အရာ အလွန်ယုတ်ည့ံသိမ်ဖျင်းသောအပြစ်ဒဏ်ကို အသင့်စီရင်ထားတော်မူ၏။

Verse 58 — Surah Al-Ahzab 33:58

၅၈။ ထို့အပြင်အကြင်သူတို့သည် ယုံကြည်သူယောက်ျားမိန်းမတို့အား မတရားကဲ့ရဲ့စော်ကားကြအ့ံ၊ ထိုသူတို့သည် ဂုံးချောအတင်းပြောသောအပြစ်၊ အလွန်ကြီးကျယ်ထင်ရှားသောအပြစ်ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်သူဖြစ်၏။

Verse 59 — Surah Al-Ahzab 33:59

၅၉။ အို-တမန်တော်၊ သင်သည် မိမိဇနီးများ၊ သမီများနှင့်ယုံကြည်သူအမျိုးသမီးများအား အိမ်ပြင်သို့ ထွက်သောအခါ မိမိတို့ကိုယ်ရုံများကို လုံခြံုစွာခြံုရုံကြရန် ဟောပြောလော့၊ ယင်းကဲ့သို့အပြုအမူများသည် မွန်မြတ်၍ သူတို့ကို ခွဲခြားသိနိုင်ပြီးလျှင် မနှောင့်ယှက်ဖို့ရာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူထသော အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။

Verse 60 — Surah Al-Ahzab 33:60

၆ဝ။ အို-တမန်တော်၊ အယူဖောက်ပြားစိတ်နှစ်ခွထားသောယုံကြည်ဟန်ဆောင်သူများ၊ စိတ်နှလုံး၌ မိစ္ဆာဝေဒနာ စွဲကပ်သူများ၊ မဒီနာမြို့တွင် မဟုတ်မလျားကြောက်ဖွယ်သတင်းလွှင့်သူများ၊ ထိုသူတို့သည် မိမိတို့အကျင့်ဆိုး ကို မစွန့်လွှတ်လျှင် ငါသည် သင်တမန်တော်အား ထိုသူမိုက်တို့ကို မုချဧကန်လုပ်ကြံစေတော်မူလိမ့်မည်၊ ထိုအခါသူတို့သည် သင်၏အိမ်နီးချင်းအဖြစ်ဖြင့် ထိုမြို့၌ ကာလအနည်းငယ်မျှသာနေထိုင်ကြရလိမ့်မည်။

Verse 61 — Surah Al-Ahzab 33:61

၆၁။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျိန်ဆဲခြင်းကို ခံကြရလတ့ံ၊ တွေ့ရာအရပ်မှာ ဖမ်းဆီးခြင်းခံကြရလတ့ံ၊ အပြင်းအထန်သတ်ဖြတ်ခြင်းကို ခံကြရလတ့ံ။

Verse 62 — Surah Al-Ahzab 33:62

၆၂။ ရှေးလွန်လေပြီးသောလူမိုက်တို့ကိုလည်း ဤနည်းလမ်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်စီရင်တော်မူ၏၊ အလ္လာဟ် အရှင်မြတ်စီရင်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်၏ နည်းလမ်းတော်ကို ပြောင်းလဲပြုပြင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိချေ။

Verse 63 — Surah Al-Ahzab 33:63

၆၃။ အို-တမန်တော်၊ လူသားတို့သည် သင့်အား နေ့တော်ကြီးအဘယ်ခါ ဆိုက်ရောက်မည်နည်းဟု မေးကြ၏၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်သာလျှင် ဤအကြောင်းကို သိတော်မူ၏၊ စင်စစ် အားဖြင့် ဤအကြောင်းကို အဘယ်မှာလျှင်သင်သိနိုင်မည်၊ သို့ရာတွင်ထိုအချိန်ကား အလွန်နီးကပ်ကောင်း နီးကပ်လိမ့်မည်။

Verse 64 — Surah Al-Ahzab 33:64

၆၄။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့အား ကျိန်ဆဲတော်မူပြီး သူတို့အဖို့အရာအလျှံပြောင် ပြောင်တောက်လောင်သောငရဲမီးကို အသင့်ပြင်ဆင်ထားရှိတော်မူပြီ။

Verse 65 — Surah Al-Ahzab 33:65

၆၅။ ထိုငရဲတွင် သူတို့သည် အမြဲခံကြရလတ့ံ၊ ထိုအခါသူတို့သည် စောင့်ရှောက်သူကိုသော်လည်းကောင်း၊ အဆွေ ခင်ပွန်းကိုသော်လည်းကောင်း၊ တစ်စုံတစ်ယောက်မျှရှာ၍ ရရှိမည်မဟုတ်ချေ။

Verse 66 — Surah Al-Ahzab 33:66

၆၆။ သူတို့၏မျက်နှာကို ငရဲမီးထဲသို့ လှည့်ထားသောနေ့တော်ကြီး၌ သူတို့က ငါတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်၏ သြဝါဒကို နာခံနားထောင်ခဲ့လေလျှင် ကောင်းလေစွဟု ညည်းညူကြ၏။

Verse 67 — Surah Al-Ahzab 33:67

၆၇။ ထို့အပြင်သူတို့က အို-အကျွနု်ပ်တို့၏အရှင်သခင်၊ အကျွနု်ပ်တို့သည် မိမိတို့၏ဘုရင်များ၊ အကြီးအကဲများ၏ စကားကို နားထောင်မိခဲ့ပါပြီ၊ ထိုသူတို့သည် အကျွနု်ပ်တို့အား သမ္မာတရားလမ်းတော်မှ သွေ၍ သွားစေပါ၏ဟု တင်လျှောက်ကြ၏။

Verse 68 — Surah Al-Ahzab 33:68

၆၈။ အို-အကျွနု်ပ်တို့၏အရှင်သခင်၊ ထိုသူတို့အား အကျွနု်ပ်တို့ထက် နှစ်ဆထမ်းပိုးတိုး၍ ညှင်းပန်းတော်မူပါ၊ အလွန်ပြင်းထန်သောကျိန်ဆဲခြင်းနှင့်လည်း ကျိန်ဆဲတော်မူပါဟု ဆက်လက်တင်လျှောက်ကြ၏။

Verse 69 — Surah Al-Ahzab 33:69

၆၉။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် တမန်တော်မူစာအား မဟုတ်မမှန်စွပ်စွဲသူများကဲ့သို့မဖြစ်စေလင့်၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် သူတို့၏မဟုတ်မလျားစွပ်စွဲချက်များမှ တမန်တော်မူစာသည် ကင်းလွတ် သန့်ရှင်းကြောင်းကို ထင်ရှားစေတော်မူ၏၊ စင်စစ်အားဖြင့်တမန်တော်မူစာသည် အလ္လာဟ်အရှင်မြတ်အထံတော် ၌ ကြီးစွာချီးမြှောက်ခြင်းခံရ၏။

Verse 70 — Surah Al-Ahzab 33:70

၇ဝ။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ပြုအပ်သောဝတ်တရားကို မမေ့မလျော့စောင့်ရှောက် ကြလော့၊ ထို့အပြင်စကားပြောဆိုရာ၌ ဖြောင့်မတ်တည်ကြည်စွာပြောဆိုကြလော့။

Verse 71 — Surah Al-Ahzab 33:71

၇၁။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ကုသိုလ်ကောင်းမှုများကို အကျိုးရှိစေတော်မူမည်၊ သင်တို့၏အပြစ်များကို လွှတ်တော်မူမည်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်၏ သြဝါဒကို နာယူ နားထောင်အ့ံ၊ ထိုသူသည် အလွန်ထင်ရှားမွန်မြတ်သောအောင်မြင်ခြင်းကို အမှန်ရရှိ၏။

Verse 72 — Surah Al-Ahzab 33:72

၇၂။ ငါအရှင်မြတ်သည် မိုးကောင်းကင်ကိုသော်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုသော်လည်းကောင်း၊ တောင်များကို သော်လည်းကောင်း၊ အာဏာဝတ်တရားကို အပ်တော်မူ၏၊ သို့သော်၎င်းတို့သည် ထိုတာဝန်ကြီးကို အလွန် ကြောက်ရွံ့လှသောကြောင့် လက်မခံငြင်းဆန်ကြ၏၊ လူသားက ထိုကြီးလေးသောတာဝန်ကြီးကို လက်ခံရ၏၊ ကြည့်ကြလော့၊ သူသည် ညှင်းပန်းနှိပ်စက်တတ်သောအာဏာရှင်သူရူးသူနှမ်းတစ်ယောက်ဖြစ်လာ၏။

Verse 73 — Surah Al-Ahzab 33:73

၇၃။ ထို့ကြောင့်ဟန်ဆောင်သူယောက်ျားမိန်းမများ၊ ဘုရားတုဘုရားယောင်များကို ကိုးကွယ်ဝတ်ပြုသူယောက်ျား မိန်းမများကို အပြစ်ဒဏ်ခပ်နှပ်တော်မူ၏၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူယောက်ျားမိန်းမအပေါင်း တို့ကို အပြစ်လွှတ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲအပြစ်ဒဏ်လွှတ်တော်မူထသောအရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။