Verse 1 — Surah Saba 34:1
၁။ အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူ၏၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်တွင် ရှိသမျှအားလုံး တို့ကို သိမ်းရုံးစိုးပိုင်တော်မူ၏၊ နောင်တမလွန်ဘဝ၌ ချီးမွမ်းခြင်းသည် အရှင်မြတ်အဖို့သာလျှင်ဖြစ်၏၊ အရှင်မြတ် သည် ဉာာဏ်ပညာအလင်းရောင်တော်အရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 2 — Surah Saba 34:2
၂။ အရှင်မြတ်သည် မြေထဲသို့ ဝင်သွားသောအရာဝထ္ထုများ၊ မြေမှ ထွက်ပေါ်လာသောအရာဝထ္ထုများ၊ အထက် ကောင်းကင်ဘုံမှ သက်သောအရာဝထ္ထုများ၊ ကောင်းကင်ဘုံမှ တက်သောအရာဝထ္ထုများကို သိတော်မူ၏၊ စင်စစ်အားဖြင့်အရှင်မြတ်သည် အနန္တကောင်းကြီးမင်္ဂလာတော်သခင်၊ အပြစ်လွှတ်တော်မူထသောအရှင်ဖြစ်တော် မူ၏။
Verse 3 — Surah Saba 34:3
၃။ မိစ္ဆာဒိဋ္ဌိတို့က အချိန်နာရီတော်ကြီးသည် ငါတို့ထံသို့ ဘယ်သောအခါမျှကျရောက်လာမည်မဟုတ်ဟု ဆိုကြ၏၊ ထိုသို့မဟုတ်ချေ၊ ငါ၏အရှင်သခင်၏ တန်ခိုးတော်ကြောင့် ထိုအချိန်နာရီသည် သင်တို့အပေါ်၌ ကျရောက်လာမည် သာတည်း၊ အရှင်မြတ်သည် မမြင်စွမ်းနိုင်သောအရာဝထ္ထုအပေါင်းတို့ကို သိတော်မူ၏၊ ကောင်းကင်နှင့်မိုးမြေ ရှိသမျှအထွေထွေဝထ္ထုများသည် အဏုမြူပမာဏသေးဖွလှသော်လည်းကောင်း၊ အဏုမြူထက်သေးငယ်သော် လည်းကောင်း၊ အဏုမြူထက်ကြီးသော်လည်းကောင်း၊ တစ်စုံတစ်ခုမျှအရှင်မြတ်၏ ဒိဗ္ဗစက္ခုတော်မှ ဖုံးကွယ်လွတ် မြောက်သည်မရှိ၊ ထင်ရှားကြီးကျယ်သောစာရင်းစာအုပ်တော်ကြီးတွင် အကုန်အစင်မှတ်ပုံတင်ပြီးရှိ၏။
Verse 4 — Surah Saba 34:4
၄။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်လျက် သုစရိုက်ကောင်းမှုပွားများသောသူတို့အား အောင်ဆုမင်္ဂလာတော် ဖြင့် ချီးမြှင့်တော်မူဖို့ရာ ဖြစ်၏၊ ထိုသူတို့အဖို့အရာ အပြစ်လွှတ်ခြင်းနှင့်ပေါများကြွယ်ဝသောဘောဇဉ်ရိက္ခာတို့ အသင့်ရှိ၏။
Verse 5 — Surah Saba 34:5
၅။ သို့သော်ငါအရှင်မြတ်ကို ရန်ဘက်ပြု၍ ငါ၏ပညတ်တော်များကို ဆန့်ကျင်သူတို့အဖို့မှာကား အလွန်ပြင်းပြ နာကျင်ဖွယ်သောအပြစ်ဒဏ်အသင့်ရှိ၏။
Verse 6 — Surah Saba 34:6
၆။ အကြင်သူတို့သည် အသိတရားကို ပေးသနားတော်မူခြင်းခံရအ့ံ၊ ထိုသူတို့သည် သင်၏အသက်သခင်ကျေးဇူးရှင် က သင့်အား ချပေးသနားတော်မူသောကျမ်းတော်မြတ်ကို မုချဧကန်မှန်ကန်သည်ဟူ၍ သိမြင်ကြ၏၊ ထိုကျမ်း တော်သည် အနန္တတန်ခိုးတော်အရှင်၊ အနန္တချီးမွမ်းထောပနာတော်သခင်၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်သို့ ညွှန်ပို့သည်ဟုလည်း သိမြင်ကြ၏။
Verse 7 — Surah Saba 34:7
၇။ မယုံကြည်သူမိစ္ဆာမိုက်တို့က ငါတို့သည် ကွယ်လွန်သွားပြီး မြေမှုန့်အတိဖြစ်၍ ပြန့်ကြဲပြီးသည်နောက် တဖန် ရှင်ပြန်ထမြောက်ရမည်ဟု ဟောပြောသူကို သင်တို့အား ငါတို့ပြန်ရမည်လောဟု အချင်းချင်းပြောဆိုမေးမြန်း ကြ၏။
Verse 8 — Surah Saba 34:8
၈။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မမှန်လုပ်ကြံစွပ်စွဲလေသလော၊ သို့တည်းမဟုတ်သူရူးသူနှမ်းပင် ဖြစ်လေသလောဟုလည်း ပြောဆိုကြသေး၏၊ သို့မဟုတ်ချေ၊ နောင်တမလွန်ဘဝကို မယုံကြည်သူတို့သည် အပြစ်ဒဏ်ညှင်းပမ်းနှိပ်စက်ခြင်း၌သော်လည်းကောင်း၊ လမ်းမှားလမ်းလွဲ၌သော်လည်းကောင်း၊ နစ်မွန်းမျောပါ သူများသာဖြစ်ကြ၏။
Verse 9 — Surah Saba 34:9
၉။ ၎င်းတို့သည် မိမိတို့ထက် အောက်-ရှေ့-နောက်-ဝဲယာမှ ဝန်းဝိုင်းထားသောမိုးနှင့်မြေကို မမြင်ကြသလော၊ အကယ်၍ငါအရှင်မြတ်အလိုတော်ရှိလျှင် ထိုသူတို့အား မြေမျိုစေတော်မူခြင်း၊ သို့မဟုတ်သူတို့အပေါ်သို့ မိုး ကောင်းကင်ပဲ့ကျခြင်းများကို စီရင်တော်မူနိုင်၏၊ စင်စစ်အားဖြင့်၎င်းအချက်များ၌ တရားသံဝေဂရ၍ ငါအရှင်မြတ် ဘက်တော်သို့ လှည့်ကြသောကျေးတော်များအဖို့အရာ နိမိတ်လက္ခဏာအ့ံဖွယ်တော်တစ်ပါးပါရှိ၏။
Verse 10 — Surah Saba 34:10
၁ဝ။ ငါအရှင်မြတ်သည် တမန်တော်ဒါဝတ်အား ကြီးမားသောဂရုဏာတော်ကို ပြတော်မူ၏၊ တောင်များနှင့် ငှက် တိရိစ္ဆာန်များကို အမိန့်ပေးတော်မူသည်မှာ အို-တောင်တို့ ငှက်အပေါင်းတို့၊ သင်တို့သည် တမန်တော်ဒါဝတ်နှင့် အတူ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းကြလော့၊ ထို့အပြင်ငါအရှင်မြတ်သည် သံကိုလည်း တမန်တော်အလိုတော် ရှိတိုင်း သုံးဖို့ရာ ဖယောင်းကဲ့သို့ ပျော့ပျောင်းစေတော်မူ၏။
Verse 11 — Surah Saba 34:11
၁၁။ ငါသည် တမန်တော်အား အို-ဒါဝတ်၊ သင်သည် သံချပ်အကျႌများပြုလုပ်လော့၊ ထိုအကျႌပြုလုပ်ရန် သံကွင်း များကို တစ်ကွင်းနှင့်တစ်ကွင်းအတက်အဆင်းမကျဉ်းမကျယ်တင့်တယ်ညီမျှစွာ ပြုလုပ်လော့၊ သင်သည် ကောင်း မြတ်သောအကျင့်သီလကို ကျင့်သုံဆောက်တည်လော့၊ ငါသည် သင်ပြုကျင့်သမျှအပေါင်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်ဖြစ်တော်မူ၏ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 12 — Surah Saba 34:12
၁၂။ ထို့အပြင်ငါသည် လေကို တမန်တော်စိုလိုင်မနာ်၏ သြဇာခံအဖြစ်ဖြင့် ဖန်ဆင်းတော်မူ၏၊ ထိုလေသည် နေတက် ချိန်တွင် သွားသောခရီးသည် တစ်လခရီးနှင့်ညီမျှ၏၊ ညနေအချိန်တွင် သွားသော ခရီးသည်လည်း တစ်လခရီးနှင့်တူမျှ၏၊ ထို့အပြင်ငါသည် သူ့အဖို့အရာ ကြေးနီစမ်းကို ပန်းထွက်စီးဆင်းစေတော် မူ၏၊ ထို့အပြင်ငါသည် သူ့အား ဂျင်နတ်သားအချို့ကို ပေးသနားတော်မူ၏၊ ထိုဂျင်များသည် ငါ၏အလိုတော် အားဖြင့် သူ့အား ခစားလုပ်ကျွေးကြ၏၊ ငါ၏အမိန့်တော်ကို သွေဖီသောဂျင်များအား ဟုန်းဟုန်းတောက်လောင် နေသောငရဲမီးဒဏ်ကို ငါမြည်းစေတော်မူ၏။
Verse 13 — Surah Saba 34:13
၁၃။ ထိုဂျင်တို့သည် တမန်တော်စိုလိုင်မာန် အလိုရှိသမျှကို လုပ်ပေးကြ၏၊ သူတို့ပြုလုပ်ကြသည့်အလုပ်များမှာ ယဟူဒီဝတ်ကျောင်းများ၊ ရုပ်တုများ၊ ရေတွင်းသဖွယ်ကြီးသောအိုးခွက်များ၊ မြေအတွင်းထိုးဖောက်ပြုလုပ်ထား သောအိုးကြီးများဖြစ်ကြ၏၊ အို-ဒါဝတ်၏ အမျိုးအနွယ်အပေါင်းတို့၊ ငါ၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးကြလော့၊ ငါ၏ ကျေးတော်မျိုးကျွန်တော်မျိုးများအနက် အနည်းငယ်မျှသာ ကျေးဇူးတော်ကို သိကြ၏။
Verse 14 — Surah Saba 34:14
၁၄။ ထို့အပြင်ငါသည် တမန်တော်စိုင်လိုင်မာန်၏ အသက်ဝိညာဉ်ကို နှုတ်သိမ်းရန် ဗျာဒိတ်ချတော်မူသောအခါ ဂျင်များသည် သူအနိစ္စရောက်ကြောင်းကို မသိကြချေ၊ သူ၏ လှံတံတောင်ဝှေးကို ခြစားဆွေးမြေ့၍ သူ့မြေသို့ လဲကျ၏၊ ထိုအခါမှသာ ဂျင်တို့သည် တမန်တော်ကွယ်လွန်ကြောင်းကို သိကြ၏၊ အကယ်၍ ထိုဂျင်တို့သည် တမန်တော်ကွယ်လွန်စက ထိုအကြောင်းကို သိကြလျှင် မုချဧကန်တမန်တော်ပေးသောသေးသိမ်နုံခြာသည့် အလုပ်ကို ဆက်လက်လုပ်နေကြမည်မဟုတ်ချေ။
Verse 15 — Surah Saba 34:15
၁၅။ မုချဧကန်ရှိသောအမျိုးသားတို့အဖို့အရာ ၎င်းတို့နေထိုင်ရာမြို့ရွာအရပ်တွင် နိမိတ်လက္ခဏာအ့ံဖွယ်တော်တစ်ပါး ရှိ၏၊ ၎င်းတို့နေထိုင်ရာဝဲယာနှစ်ဖက်၌ သာယာစည်ပင်သောဥယျာဉ်နှစ်ခုရှိ၏၊ ထိုအမျိုးသားတို့အား ငါမိန့်တော် မူသည်မှာ သင်တို့၏အရှင်သခင်ပေးသနားတော်မူသောဘောဇဉ်ရိက္ခာများကို ချီးကျူးလော့၊ အရှင်မြတ်သည် နှစ်သက်မွေ့လျော်ဖွယ်သောနယ်မြေကို သနားတော်မူသောအရှင်၊ အလိုလိုက်တတ်သောကျေးဇူးတော်သခင် ဖြစ်တော်မူ၏။
Verse 16 — Surah Saba 34:16
၁၆။ သို့သော်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို မထီမဲ့မြင်ကျောပေးသူများဖြစ်ကြ၏၊ ထို့ကြောင့်ငါသည် သူတို့အား အီရမ်ရေလွှမ်းမိုးခြင်းကို လွှမ်းမိုးစေတော်မူ၏၊ သူတို့၏ ဥယျာဉ်လယ်ယာများကို ဖျက်ဆီးတော်မူ၏၊ ထို့နောက် ၎င်းတို့အား အလွန်အကျိုးကျေးဇူးခံရသောဥယျာဉ်နှစ်ခုအစား အသုံးမဝင်ကောင်းကျိုးမဖြစ်သောဥယျာဉ်နှစ်ခုကို လဲလှယ်ချထားတော်မူ၏၊ ဤဥယျာဉ်သစ်ထွက်အသီးများကား စပ်ခါးသောအရသာရှိ၏၊ ထို့အပြင်ထင်းရူးပင် များ၊ သေးငယ်သောဆီးချဉ်ပင်များအနည်းငယ်ပေါက်ရောက်ကြ၏။
Verse 17 — Surah Saba 34:17
၁၇။ ငါ၏ ကျေးဇူးတော်ကို မသိ၊ မချီးကျူးခြင်းကြောင့် ငါသည် သူတို့အား ဤပြစ်ဒဏ်တော်ကြီးကို ခပ်နှိပ်တော် မူ၏၊ ငါသည် ကျေးဇူးကန်းသောမိစ္ဆာမိုက်မှတပါး အခြားသူတို့ကို အပြစ်ဒဏ်ပေးတော်မူဖူးသဘော။
Verse 18 — Surah Saba 34:18
၁၈။ ထို့အပြင်ငါသည် ထိုသူတို့မှီတင်းနေထိုင်သောမြို့ရွာနယ်မြေနှင့် ကောင်းကြီးမင်္ဂလာပေးသနားတော်မူခြင်းခံရသော မြို့ရွာများ၏ အလယ်ကြား၌ လွယ်လင့်တကူမြင်နိုင်သောရွာငယ်ရွာကြီးများကို ဆက်ကာဆက်ကာ ဖန်ဆင်း တော်မူ၏၊ ယင်းသို့ပြုလုပ်ထားတော်မူရာတစ်ရွာနှင့်တစ်ရွာခရီးထောက်မဝေး လွယ်ကူစေရန်ဖြစ်၏၊ ၎င်းတို့အား ငါက အို-အသင်းသားတို့၊ သင်တို့နေ့ညမရွေး ရန်ဘေးကင်းကွာချမ်းချမ်းသာသာသွားလာကြလော့ဟု မိန့်တော် မူ၏။
Verse 19 — Surah Saba 34:19
၁၉။ သို့သော်သူတို့က အို-အကျွနု်ပ်တို့၏ အသက်သခင်၊ အကျွနု်ပ်တို့လမ်းခရီးကို တထောက်နှင်တထောက်အလှမ်း ပိုမိုဝေးကွာအောင် ပြုတော်မူပါဟု အရှင်မြတ်ထံ ဆုပန်ကြ၏၊ သူတို့သည် မိမိကိုယ်ကို မိမိပြစ်မှားသူများ ဖြစ်ကြသည်၊ ထို့ကြောင့်ငါသည် မိုက်ကန်းလှသော၎င်းမြို့သူရွာသားတို့ကို ထုံးတမ်းရာဇဝင်အစဉ်ဖြစ်အောင် စီရင်တော်မူသည်မှာ ထိုသူတို့အားလုံးတို့ကို ကစဉ့်ကလျားအစည်းပြေဝါးသကဲ့သို့ တကွဲတပြားစီဖြစ်အောင် ကြဲဖြန့်တော်မူလိုက်၏၊ မှတ်သားကြလော့၊ ဤအချက်အရာများ၌ တည်ကြည်သမာဓိရှိ၍ ကျေးဇူးတော်ကို သိတတ်သူအတွက် နိမိတ်လက္ခဏာအံ့ဖွယ်တော်များမုချဧကန်ပါရှိ၏။
Verse 20 — Surah Saba 34:20
၂ဝ။ စင်စစ်အားဖြင့်ထိုသူတို့နှင့်စပ်လျဉ်း၍ ရှိုင်တန်မာရ်နတ်၏ ရည်ရွယ်ချက်သည် ပြည့်စုံ၏၊ အကြောင်းမူကား ယုံကြည်သူအစစ်တစ်စုမှတပါး အခြားသူတုုိ့သည် မာရ်နတ်၏ နောက်သို့ တကောက်ကောက်လိုက်ကြ၏။
Verse 21 — Surah Saba 34:21
၂၁။ အမှန်ဆိုသော်ရှိုင်တန်မာရ်န်တ်၌ ထိုသူတို့ကို ဖျက်ဆီးရန် အခွင့်မရှိချေ၊ ငါသည် နောင်တမလွန်ဘဝကိုယုံကြည် သူများအား ၎င်းဘဝကို မယုံကြည်သူတို့မှ ခွဲထုတ်ရန် စုံစမ်းခြင်းကြောင့် ရှိုင်တန်မာရ်နတ်သည် မိစ္ဆာတို့အား ဖျက်ဆီးနိုင်လေ၏၊ အို-မိုဟမ္မဒ်၊ သင်၏အရှင်သခင်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့မှတ်ထားတော်မူ၏။
Verse 22 — Surah Saba 34:22
၂၂။ အို-မိုဟမ္မဒ်၊ မိစ္ဆာယုတ်တို့အား ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ကိုးကွယ် သောဘုရားတုများထံတွင် ဆုပန်ကြားကြလော့၊ သူတို့သည် မိုးကောင်းကင်မှာသော်လည်းကောင်း၊ ကမ္ဘာမြေကြီး မှာသော်လည်းကောင်း၊ ဝေစုတစ်စုံတစ်ခုမျှမရှိချေ၊ သူတို့အနက် တစ်စုံတစ်ယောက်မျှ အရှင်မြတ်၏ အရံ၊ သို့မဟုတ် လက်ထောက်ဘုရားမဟုတ်ချေ။
Verse 23 — Surah Saba 34:23
၂၃။ အရှင်မြတ်ခွင့်ပြုတော်မူသူမှတပါး အဘယ်သူမျှအရှင်မြတ်ရှေ့တော်ဝယ် သူတပါးူကို တောင်းပန်ကယ်နှုတ်နိုင် သည်မဟုတ်ချေ၊ သို့သော် ထိုမိစ္ဆာဒိဋ္ဌိတို့ထံမှ ကြောက်ရွ့ံခြင်းဒုက္ခကို ဖယ်ရှားတော်မူသည့်အခါ သူတို့က မေးကြသည်မှာ သင်တို့၏ကျေးဇူးတော်သခင်ကို မည်သည်ကို ဗျာဒိတ်တော်ပေးတော်မူသနည်း၊ ပြန်ပြောမည်မှာ သမ္မာတရားတော်တည်း၊ စင်စစ်အားဖြင့်အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မြတ်ကြီးကျယ်တော်မူ၏။
Verse 24 — Surah Saba 34:24
၂၄။ အို-တမန်တော်၊ မိစ္ဆာဒိဋ္ဌိအား မေးလော့၊ ဟယ်-အချင်းတို့၊ သင်တို့အား မိုးကောင်းကင်နှင့် ပထဝီမြေပြင်မှ ရိက္ခာအစာများကို အဘယ်သူပေးသနည်း၊ အို-တမန်တော်၊ သင်ပြောလော့၊ အလ္လာဟ်အရှင်မြတ် ပေးသနား တော်မူ၏၊ ဟယ်-အချင်းတို့၊ သင်တို့နှင့်ငါသည် အဘယ်သူတရားလမ်းမှန်ကို မုချဧကန်ရသနည်း၊ အဘယ် သူသည် ထင်ရှားသောလမ်းမှားကို ရောက်သနည်း။
Verse 25 — Surah Saba 34:25
၂၅။ တဖန်ဟောပြောလော့၊ ဟယ်-အချင်းတို့၊ ငါတို့ပြုကျင့်သောဒုစရိုက်မှုများအတွက် သင်တို့ကို စစ်ကြောမည် မဟုတ်ချေ၊ သင်တို့ကျူးလွန်မိသောဒုစရိုက်မှုများအတွက် ငါတို့ကို စစ်ကြောမည်မဟုတ်။
Verse 26 — Surah Saba 34:26
၂၆။ တဖန်ဟောကြားလော့၊ အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်ကြီးသည် ငါတို့အားလုံးကို စုရုံးစေတော်မူမည်၊ ထိုအခါငါတို့စပ်ကြားတွင် အရှင်မြတ်သည် တရားသဖြင့်မှန်ကန်စွာစီရင်ဆုံးဖြတ်တော်မူမည်၊ အလ္လာဟ်အရှင်မြတ် သည် အကြွင်းမဲ့သိတော်မူထသောတရားသူကြီးဖြစ်တော်မူ၏။
Verse 27 — Surah Saba 34:27
၂၇။ တဖန်ဟောကြားလော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပူးတွဲ၍ ကိုးကွယ်ဝတ်ပြုသောဘုရားယောင်များကို ငါ့အား ပြကြလော့၊ သင်တို့မပြရဲချေ၊ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်အရှင်၊ ပညာအလင်းရောင်တော်အရှင်ဖြစ်တော်မူ၏။
Verse 28 — Surah Saba 34:28
၂၈။ အို-တမန်တော်မိုဟမ္မဒ်၊ ငါအရှင်မြတ်သည် သင့်အား လူသားအပေါင်းတို့ထံသို့ သတင်းကောင်းကို ဆောင်လာ သူ၊ သတင်းဆိုးနှင့်ငြိမ်းခြောက်သတိပေးသူအဖြစ်မှတပါး အခြားအဖြစ်ဖြင့် စေလွှတ်တော်မမူချေ၊ သို့သော်အရေ အတွက်များစွာသောလူသားတို့သည် မသိကြချေ။
Verse 29 — Surah Saba 34:29
၂၉။ ထို့အပြင်ထိုသူတို့က အို-မိုဟမ္မဒ်၊ သင်သည် အမှန်စကားကိုဆိုသော် ထိုချိန်းချက်သောနေ့တော်ကြီးသည် ဘယ်အခါဆိုက်ရောက်မည်နည်းဟု မေးမြန်းကြ၏။
Verse 30 — Surah Saba 34:30
၃ဝ။ အို-တမန်တော်မိုဟမ္မဒ်၊ ဟောပြောလော့၊ သင်တို့အား ချိန်းဆိုသောနေ့တော်ကြီးသည် သင်တို့တစ်နာရီမျှပင် နောက်ဆိုင်း၍သော်လည်းကောင်း၊ ရှေ့တိုး၍သော်လည်းကောင်း မရသောနေ့ဖြစ်၏။
Verse 31 — Surah Saba 34:31
၃၁။ ထို့အပြင်အယူလွဲသူများဆိုကြသည်မှာ ငါတို့သည် ဤကုရ်အာန်ကျမ်းတော်ကိုသော်လည်းကောင်း၊ ထိုကျမ်း အလျင် ချပေးသနားတော်မူသောကျမ်းတော်များကိုသော်လည်းကောင်း၊ ယုံကြည်သည်မဟုတ်ချေ၊ အို---တမန်တော်၊ မကောင်းမှုကျူးလွန်သူများကို ၎င်းတို့၏ အသက်သခင်ကျေးဇူးရှင်ရှေ့တော်သို့ ယူဆောင်လာသော အခါ သူတို့အချင်းချင်းအပြစ်တင်ပြောဆိုနေပုံ၊ လောကဓာတ်တွင် အထင်သေးအမြင်သေးခံရ၍ အောက်ကျ နောက်ကျဖြစ်သူတို့က မာန်မာနထောင်လွှားသူတို့အား သင်တို့ကြောင့်သာ မဟုတ်ခဲ့လျှင် ငါတို့သည် အယူမှန်သူ၊ ယုံကြည်သူများဖြစ်ခဲ့ကြလတ့ံဟု ပြောပုံဆိုပုံကို သင်မြင်ရလျှင် တော်လေစွ။
Verse 32 — Surah Saba 34:32
၃၂။ ထို့အပြင်အထက်တန်းစားမာနကြီးသူတို့က အောက်တန်းစားသူဆင်းရဲတို့အား ပြောကြသည်မှာ တရားအလင်း ရောင်ထွန်းတောက်ပြီးသည်နောက် သင်တို့ကို ငါတို့က မိစ္ဆာလမ်းသို့ မောင်းပို့ခဲ့ကြသလော၊ မမောင်းကြချေ၊ သို့သော်သင်တို့သည် အပြစ်ထိုက်သူဒုစရိုက်ကောင်များဖြစ်ကြ၏။
Verse 33 — Surah Saba 34:33
၃၃။ ထို့အပြင်အောက်တန်းစားသူဆင်းရဲတို့က အထက်တန်းစားမာနရှင်တို့အား တုံ့ပြန်ပြောသည်မှာ ယင်းသို့ မဟုတ် ချေ၊ သင်တို့သည် နေ့ညမပြတ်ကြိုးပမ်းအားထုတ်၍ ငါတို့အား အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ပဲ ပြိုင်ဘက် များတင်မြှောက်ကိုးကွယ်ဖို့ရာ သင်တို့သည် အမှန်အကန်အမိန့်ပေးခဲ့ကြသည်၊ ထို့အပြင်ထိုမိစ္ဆာယုတ်တို့သည် ငရဲအပြစ်ဒဏ်ကို မြင်ရသောအခါ ကြောက်လန့်၍ သံဝေဂရကြ၏၊ သို့သော်ငါအရှင်မြတ်သည် သူတို့၏လည်ပင်း ၌ မီးသည် ထိပ်မီးသံကြိုးဖွဲ့နှောင်ထား၏၊ သူတို့အား ၎င်းတို့ကျုးလွန်ခဲ့သောပြစ်မှုများမှတပါး အခြားအမှုများ အတွက် လက်စားချေအပြစ်ပေးခြင်းခံရကြသလော။
Verse 34 — Surah Saba 34:34
၃၄။ ထို့အပြင်ငါအရှင်မြတ်သည် မြို့ရွာတစ်ခုခုသို့ အပြစ်ဒဏ်အကြောင်းဟောပြောသတိပေးသောတမန်တော်စေလွှတ် တော်မူသောအခါ ထိုမြို့ရွာတွင် ရှိနေသောသူဌေးသူကြွယ်စသည်တို့က အချင်းတို့၊ အကျွနု်ပ်တို့သည် သင်တို့ ယူဆောင်လာသောတရားကို မယုံကြည်ကြဟု ကြွေးကြော်ကြ၏။
Verse 35 — Surah Saba 34:35
၃၅။ ထို့အပြင်ဆိုကြပြန်သည်မှာ ငါတို့သည် သင်တို့ထက် စည်းစိမ်ဥစ္စာ၊ သားသမီးမှစ၍ သာလွန်ပေါများကြွယ်ဝ ကြ၏၊ ထို့ကြောင့်ငါတို့သည် အပြစ်ဒဏ်သင့်သူများမဟုတ်ချေ။
Verse 36 — Surah Saba 34:36
၃၆။ အို-မိုဟမ္မဒ်၊ ဟောကြားလော့၊ အမှန်မှာငါ၏အရှင်သခင်သည် ရိက္ခာအာဟာရကို ကျယ်ဝန်းစေလိုတော်မူသောသူ အတွက် ကျယ်ဝန်းစေတော်မူ၏၊ ရိက္ခာအာဟာရကို ကျဉ်းကြပ်စေလိုတော်မူသောသူအတွက် ကျဉ်းကြပ်စေ တော်မူ၏၊ သို့သော်လူသားတို့အနက် အရေအတွက်များလှသောသူတို့သည် မသိကြချေ။
Verse 37 — Surah Saba 34:37
၃၇။ ထို့အပြင် သင်တို့၏ စည်းစိမ်ဥစ္စာသည်သော်လည်းကောင်း၊ သားသမီးအခြွေအရံသည်သော်လည်းကောင်း၊ သင်တို့အား ငါအရှင်မြတ်နှင့်နီးကပ်အောင်ပြုနိုင်သည်မဟုတ်ချေ၊ သို့သော်အကြင်သူသည် သမ္မာတရားတော်ကို ယုံကြည်လျက် ဖြူစင်မြင့်မြတ်သောအကျင့်သီလကို ဖြည့်ကျင့်အ့ံ၊ ထိုသူသည် ငါအရှင်မြတ်နှင့်နီးကပ်ရလတ့ံ၊ ဤသို့ပြုကျင့်သူများသည် မိမိတို့ကောင်းမှုအစား အကျိုးနှစ်ဆထမ်းပိုးကြရလတ့ံ၊ စင်စစ်အားဖြင့်ထိုသူတို့သည် စိုးရိမ်ကြောင့်ကျကင်းမဲ့ရာနိဗ္ဗာန်ဘုံတွင် စံမြန်းကြရလတ့ံ။
Verse 38 — Surah Saba 34:38
၃၈။ ထို့အပြင်ငါအရှင်မြတ်ကို ရန်မူ၍ ငါ၏ပညတ်တော်များကို ဆန့်ကျင်သူတို့သည် ငရဲမီးထဲသို့ သွတ်သွင်းခြင်းကို ခံကြရလတ့ံ။
Verse 39 — Surah Saba 34:39
၃၉။ အို-တမန်တော် ဟောကြားလော့၊ မှတ်သားကြလော့၊ ငါ၏အရှင်သခင်သည် မိမိကျေးတော်မျိုးကျွန်တော်မျိုး အနက် စီးပွားတိုးစေလိုတော်မူသောသူအား စီးပွားဥစ္စာတိုးတက်စေတော်မူ၏၊ စီးပွားဆုတ်ယုတ်စေလိုတော် မူသောသူအား စီးပွားဥစ္စာဆုတ်ယုတ်စေတော်မူ၏၊ ထို့အပြင်သင်တို့သည် အကြင်စည်းစိမ်ဥစ္စာကို သုစရိုက် ကောင်းမှုအတွက် သုံးစွဲအ့ံ၊ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာကို အစားထိုးပေးတော်မူ၏၊ အလ္လာဟ်အရှင်မြတ် သည် စည်းစိမ်ဥစ္စာပေးသူပေါင်းတို့၌ အထွဋ်အခေါင်ဖြစ်တော်မူ၏။
Verse 40 — Surah Saba 34:40
၄ဝ။ လူသားအပေါင်းတို့ကို စုဆောင်းတော်မူသောနေ့တော်ကြီး၌ အရှင်မြတ်သည် ကောင်းကင်တမန်တို့အား ဤ လူသားတို့သည် သင်တို့ကိုးကွယ်ဝတ်ပြုကြလေသလောဟု မေးမြန်းတော်မူလတ့ံ။
Verse 41 — Surah Saba 34:41
၄၁။ သူတို့ပြန်လျှောက်ကြမည်မှာ အို-အရှင်မြတ်၊ အရှင်မြတ်သည် ကုံလုံမွန်မြတ်အ့ံချီးမဆုံးဖြစ်တော်မူပါ၏၊ အကျွနု်ပ် တို့ကို သူတို့၏ဘေးရန်မှ ကာကွယ်တော်မူထသောအရှင်ဖြစ်တော်မူပါ၏၊ သူတို့သည် အကျွနု်ပ်တို့ကို ဝတ်မပြုပါ၊ ဂျင်နတ်သားတို့ကို ကိုးကွယ်ဝတ်ပြုကြပါ၏၊ သူတို့အနက် များစွာသောသူတို့သည် ဂျင်တို့ကို ဘုရားဟူ၍ ယုံကြည်ကိုးကွယ်ကြပါ၏။
Verse 42 — Surah Saba 34:42
၄၂။ ထိုနေ့တော်ကြီး၌ သင်တို့အချင်းချင်း တစ်ဦးကို တစ်ဦးက ကောင်းကျိုးဆိုးကျိုးမပေးနိုင်ကြချေ၊ ထို့အပြင် ငါအရှင်မြတ်သည် မတရာပြုကျင့်ခဲ့သူတို့အား မိန့်တော်မူမည်မှာ ဟယ်-မိစ္ဆာမိုက်တို့၊ နင်တို့မယုံကြည်ငြင်းပယ် လေ့ငရဲမီးကို မြည်းကြလော့။
Verse 43 — Surah Saba 34:43
၄၃။ ထို့အပြင်ငါအရှင်မြတ်၏ ပညတ်တရားတော်များကို ထိုမိစ္ဆာယုတ်တို့အား ရှင်းလင်းစွာရွတ်ဖတ်သရဇ္ဈာယ်ပြသော အခါ သူတို့က ဤသူသည် သင်တို့အား မိရိုးဖလာကိုးကွယ်သည့်တရားမှ သွေဖီအောင်ပြုမည့်သူမှတပါး အခြားသူမဟုတ်ချေဟု ပြောကြ၏၊ ထို့အပြင်သူတို့သည် ဤကျမ်းသည် မဟုတ်မမှန်လုပ်ကြံရေးသားသော ကျမ်းမှတပါး အခြားတစ်စုံတစ်ရာမျှမဟုတ်ဟုဆိုကြ၏၊ ထို့အပြင်မိစ္ဆာဒိဋ္ဌိတို့သည် မိမိတို့ထံသို့ သမ္မာတရားတော် ရောက်လာသောအခါ ဤတရားတော်သည် မျက်လှည့်အတတ်စင်စစ်မှတပါး အခြားဘာသာမဟုတ်ဟု ပုတ်ခတ် ပြောဆိုကြ၏။
Verse 44 — Surah Saba 34:44
၄၄။ ထို့အပြင်အို-တမန်တော်၊ သင်မပွင့်မီထိုသူတို့ထံသို့ ငါအရှင်မြတ်သည် သူတို့လေ့လာဖို့ရာ ကျမ်းတော်ထုတ်ပြန် ပို့ချပေးသနားတော်မမူခဲ့ချေ၊ သူတို့ကို သွန်သင်ဆုံးမသတိပေးဖို့ရာ တမန်တော်ကိုလည်း စေလွှတ်တော်မမူခဲ့ချေ။
Verse 45 — Surah Saba 34:45
၄၅။ ထိုသူတို့ထက် ရှေးကျသောသူတို့လည်း တရားတော်ကို မယုံကြည်ငြင်းဆန်ကြ၏၊ ဤလူများသည် ရှေး လူဟောင်းတို့အား ငါအရှင်မြတ်ပေးသနားတော်မူသောစည်းစိမ်ဥစ္စာဆယ်ပုံတစ်ပုံမျှသော စီးပွားဥစ္စာမရတတ် သေးချေ၊ သို့ငြားသော်လည်းသူတို့သည် ငါအရှင်မြတ်၏ တမန်တော်များကို မယုံကြည်မထီမဲ့မြင်ပြုကြ၏၊ ထို့ကြောင့်ငါသည် သူတို့အား အလွန်စက်ဆုတ်ရွံရှာတော်မူ၏။
Verse 46 — Surah Saba 34:46
၄၆။ အို-တမန်တော်၊ သူတို့အား ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့အား ငါသည် တစ်ခုသောသြဝါဒကို ပေးကြားအ့ံ၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ရည်သန်၍ အိပ်ရာမှထပြီးလျှင် တစ်ယောက်စီဖြစ်စေ၊ သို့မဟုတ်နှစ်ယောက်စီဖြစ်စေ၊ တရားအားထုတ်ကြလော့၊ သင်တို့၏ အဆွေတော်သည် သူရူးသူနှမ်းမဟုတ်၊ အလွန်ကြောက်မက်ဖွယ်ကောင်းသောအပြစ်ဒဏ်ကြီးကို မျက်မှောက်ထား၍ သင်တို့အား သွန်သင်ဆုံးမသတိ ပေးသော တမန်တော်မှတပါး အခြားသူမဟုတ်ချေ။
Verse 47 — Surah Saba 34:47
၄၇။ တဖန်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အကယ်၍ငါသည် သင်တို့ထံမှ ဆုလာဘ်တောင်းလျှင် ထိုဆုလာဘ် သည် သင်တို့အဖို့အရာဖြစ်၏၊ အရှင်မြတ်သာလျှင် ငါ့ကို ဆုလာဘ်ပေးသနားတော်မူ၏၊ အလ္လာဟ်အရှင်မြတ် သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိမြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 48 — Surah Saba 34:48
၄၈။ တမန်တော်၊ သင်ဟောကြားလော့၊ မှတ်သားကြလော့၊ ငါ၏ ကျေးဇူးတော်သခင်သည် တရားမှန်တရာစစ်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် လျှို့ဝှက်နက်နဲသောအရာအပေါင်းတို့ကို အကြွင်းမဲ့ သိတော်မူ၏။
Verse 49 — Surah Saba 34:49
၄၉။ တဖန်ဟောကြားလော့၊ သမ္မာတရားအလင်းရောင်တော်သည် ထွန်းလင်းတောက်ပနေပြီ၊ မိစ္ဆာတရားသည် မျက်နှာမပြရဲ ကွယ်ပျောက်သွားပြီ၊ တဖန်ပြန်ပေါ်လာမည်မဟုတ်ချေ။
Verse 50 — Surah Saba 34:50
၅ဝ။ တဖန်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ ငါ့အမှားကို ပြုမိပါလျှင် ငါသည် မိမိဆုံးရှုံးဖို့ရာမှား၏၊ အကယ်၍ ငါသည် လမ်းမှန်ကို ပြသခြင်းခံရပါလျှင် ထိုအောင်မြင်ခြင်းသည် ငါ၏အရှင်သခင် ထုတ်ပြန်ချပေးသနားတော် မူသောအလင်းပြကျမ်းတော်ကြောင့်ဖြစ်၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ကြားတော်မူ၏၊ ကျေးတော်မျိုးကျွန်တော်မျိုးတို့နှင့် အလွန်နီးကပ်လျက်ရှိတော်မူ၏။
Verse 51 — Surah Saba 34:51
၅၁။ အို-တမန်တော်၊ မိစ္ဆာမိုက်တို့သည် ပြေးမလွတ်နိုင်သောဘေးဒုက္ခကြောင့် ကြောက်ရွံ့တုံလှုပ်နေရကြသောအခါ သင်အကယ်၍ မြင်ရလျှင် သူတို့အကြောင်းကောင်းစွာသိရအ့ံ၊ သူတို့သည် နီးကပ်သည့်နေရာမှာပင် အဖမ်းအဆီး ခံကြရလတ့ံ။
Verse 52 — Surah Saba 34:52
၅၂။ ထိုအခါ၎င်းတို့က အကျွနု်ပ်တို့သည် သမ္မာတရားတော်ကို ယခုယုံကြည်ပါသည်ဟု ဆိုကြ၏၊ သို့သော်သူတို့ သည် ဤသို့ခရီးကြီးစွာလွန်ပြီးမှ ယုံကြည်ခြင်းသို့ အဘယ်သို့ရောက်နိုင်မည်နည်း။
Verse 53 — Surah Saba 34:53
၅၃။ သူတို့သည် လွန်လေပြီးသောအခါတွင် မယုံကြည်ခဲ့ခြင်းကြောင့် ယင်းသို့ဖြစ်၏။
Verse 54 — Surah Saba 34:54
၅၄။ ယခုမှာ မယုံကြည်သူရှေးလူဟောင်းအဆက်ဆက်တို့အား ပြုတော်မူသည့်နည်းလမ်းအတိုင်း ထိုသူတို့အား ၎င်းတို့အလိုတော်ရှိသောအရာများမှ ချောက်ကြီးတစ်ခုက ကာဆီးထား၏၊ မှတ်သားကြလော့၊ သူတို့သည် သမ္မာတရားတော်ကို မိုက်လုံးကြီးစွာနှင့် ယုံမှားသံသယရှိလေ၏။