Back to Languages

Burmese - Chapter 35 - Fatir

Translation by Ba Sein — Permalink

Verse 1 — Surah Fatir 35:1

၁။ ချီးမွမ်းထောမနာအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အဖို့သာလျှင်ဖြစ်၏၊ အရှင်မြတ်သည် မိုးနှင့်မြေကို ဖန်ဆင်းတော်မူ၏၊ ကောင်းကင်တမန်များကို အတောင်နှစ်ဖက်စီ၊ သုံးဖက်စီလေးဖက်စီပါဝင်သောစေတမန် တော်အရာ၌ ခန့်ထားတော်မူ၏၊ အလိုတော်ရှိရာများကို အရေအတွက်များလှစွာဖန်ဆင်းထားတော်မူ၏၊ မှတ်သား လော့၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို ပြုစွမ်းနိုင်တော်မူ၏။

Verse 2 — Surah Fatir 35:2

၂။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် မိမိ၏ကောင်းကြီးမင်္ဂလာတံခါးတော်ကို ဖွင့်ထားတော်မူလျှင် ထိုတံခါးတော်ကို ပိတ်ဆို့နိုင်သူတစ်စုံတစ်ယောက်မျှမရှိ၊ ထိုကောင်းကြီးမင်္ဂလာတံခါးတော်ကို အရှင်မြတ်ပိတ်ထား ပါလျှင် မည်သူတစ်စုံတစ်ယောက်မျှ ဖွင့်ထားခြင်းငှာမတတ်စွမ်းနိုင်ချေ၊ အလ္လာဟ်အရှင်မြတ်သည် အနန္တ တန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 3 — Surah Fatir 35:3

၃။ အို-လူသားအပေါင်းတို့၊ သင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်သနားတော်မူသောကောင်းကြီးမင်္ဂလာတော်များကို အာရုံပြုကြလော့၊ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့အား မိုးနှင့်မြေမှ အစာရိက္ခာကို ဖန်ဆင်းပေးသူတစ်စုံ တစ်ယောက်ရှိသေးသလော၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားဘုရားသခင်မရှိချေ၊ သို့ပါလျက်သင်တို့သည် အဘယ်ဘက်သို့ လှည့်သွားကြသနည်း။

Verse 4 — Surah Fatir 35:4

၄။ ထို့အပြင် အို-မိုဟမ္မဒ်၊ သူတို့သည် သင့်အား မယုံကြည်ငြင်းပယ်ကြလျှင် သင့်အလျင်ပွင့်လာသောအလ္လာဟ်၏ တမန်တော်များကိုလည်း ယင်းကဲ့သို့ပင်ငြင်းဆန်ကြ၏၊ ခပ်သိမ်းကုန်သောအရာအပေါင်းတို့ကို အလ္လာဟ်အရှင် မြတ်အထံသို့လည်း ပြန်ယူခဲ့သည်သာတည်း။

Verse 5 — Surah Fatir 35:5

၅။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာတော်သည် မှန်ကန်၏၊ ထို့ကြောင့်လောကီစည်းစိမ် က သင်တို့အား မလှည့်စားစေလင့်၊ ထို့အပြင်ရှိုင်တန်မာရ်နတ်သည် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ မဖျား ယောင်းစေကြလင့်။

Verse 6 — Surah Fatir 35:6

၆။ မှတ်သားကြလော့၊ ရှိုင်တန်မာရ်နတ်သည် သင်တို့၏အကြီးမားဆုံးရန်သူကြီးဖြစ်၏၊ ထို့ကြောင့်သူ့ကို ရန်သူကြီး အစစ်ဟု မှတ်ကြလော့၊ သူသည် မိမိဘက်တော်သားများကို မီးတောက်မီးလျှံဟုန်းဟုန်းတောက်လောင်နေသော ငရဲမီးထဲသို့သာ ဖိတ်ခေါ်၏။

Verse 7 — Surah Fatir 35:7

၇။ မိစ္ဆာဒိဋ္ဌိတို့သည် အလွန်ပြင်းပြသောအပြစ်ဒဏ်ကို ခံကြရလတ့ံ၊ သမ္မာတရားတော်ကို ယုံကြည်လျက် သုစရိုက် ကောင်းမှုပွားများသူတို့မူကား အပြစ်လွှတ်ခြင်းနှင့် အောင်ဆုမင်္ဂလာတော်ကြီးကို ရရှိကြလတ့ံ။

Verse 8 — Surah Fatir 35:8

၈။ အကြင်သူအား မိမိပြုကျင့်သောဒုစရိုက်မှုသည် တင့်တယ်လျောက်ပတ်စရာဖြစ်သောကြောင့် ထိုမကောင်းမှုကို သူသည် ကောင်းမြတ်သည်ဟု ထင်မှတ်အ့ံ၊ ထိုသူသည် သုစရိုက်ကောင်းမှုပွားများသူနှင့် ထပ်တူထပ်မျှဖြစ် သလော၊ စင်စစ်အားဖြင့်အလ္လာဟ်အရှင်မြတ်သည် လမ်းမှားသို့ ပို့တော်မူလိုသောသူကို လမ်းမှားသို့ ပို့၏၊ လမ်းမှန်ကို ပြလိုတော်မူသောသူအား လမ်းမှန်ကို ပြတော်မူ၏၊ ထို့ကြောင့် အို-တမန်တော်၊ မိစ္ဆာမိုက်တို့ လမ်းမှားရောက်သောကြောင့် သင်သည် စိတ်နှလုံးမသက်သာ လွန်စွာဝမ်းနည်းခြင်းဖြင့် အသက်မထွက်စေလင့်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုကျင့်မှုအလုံးစုံတို့ကို အကြွင်းမဲ့သိတော်မူ၏။

Verse 9 — Surah Fatir 35:9

၉။ အလ္လာဟ်အရှင်မြတ်သည် လေများကို စေလွှတ်တော်မူ၏၊ ထိုလေတို့သည် တိမ်များကို ဆောင်ကြဉ်း၏၊ ထို့နောက်ငါအရှင်မြတ်သည် ထိုမိုးတိမ်ကို သွေ့ခြောက်သောမြေသေအရပ်ဒေသကို ယူဆောင်၍ မိုးရွာသွန်းစေ တော်မူ၏၊ ယင်းကဲ့သို့ပင်သေသူတို့ကို ရှင်ပြန်ထမြောက်စေတော်မူမည်ဖြစ်၏။

Verse 10 — Surah Fatir 35:10

၁ဝ။ အကြင်သူသည် တန်ခိုးအာဏာကို လိုချင်လျှင် တန်ခိုးအာဏာအားလုံးကို အလ္လာဟ်အရှင်မြတ်စိုးပိုင်တော် မူခြင်းကို ထိုသူသိထိုက်၏၊ မင်္ဂလာရှိသောစကားများသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ တက်ရောက်ကြ၏၊ သုစရိုက်မှုကို အလ္လာဟ်အရှင်မြတ်ချီးမြှောက်တော်မူ၏၊ သို့သော်အကြင်သူတို့သည် ဒုစရိုက်မကောင်းမှုများကို ကြံစည်အားထုတ်အ့ံ၊ ထိုသူတို့သည် အလွန်ကြောက်မက်ဖွယ်သောအပြစ်ဒဏ်ကို ခံစားရကြလတ့ံ၊ ထို့အပြင် ဤသူတို့၏ အကြံအစည်သည် အချီးနှီးအလဟဿဖြစ်ရမည်သာတည်း။

Verse 11 — Surah Fatir 35:11

၁၁။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို ဖုံမှုန့်မှ ဖန်ဆင်းတော်မူ၏၊ ထို့နောက်အရည်စက်တစ်စက်မှ စီရင်တော်မူ၏၊ ထို့နောက်ယောက်ျားမိန်းမစုံတွဲဖန်ဆင်းတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သိတော်မမူပဲ မည်သည့်မိန်းမမျှကိုယ်ဝန် ဆောင်ခြင်း၊ သားဖွားခြင်းမပြုနိုင်ချေ၊ လူသားတစ်ဦးတစ်ယောက်သည် အသက်ရှည်၏၊ သို့မဟုတ်အသက်တို၏၊ တိုရှည်ခြင်းတိုခြင်းကို စာရင်းစာအုပ်ကြီးတွင် တင်ထားတော်မူ၏၊ စင်စစ်အားဖြင့်ဤအမှုသည် အလ္လာဟ်အရှင် မြတ်အဖို့ ခဲယဉ်းသည်မဟုတ်၊ အလွန်လွယ်ကူလှ၏။

Verse 12 — Surah Fatir 35:12

၁၂။ ထို့အပြင်ပင်လယ်နှစ်ပြင်တို့သည် ထပ်တူထပ်မျှမဟုတ်ချေ၊ တစ်ခုသောပင်လယ်ရေသည် ရေချိုရေကောင်းဖြစ်၍ သောက်မျိုးဖို့ရာကောင်း၏၊ အခြားတစ်ခုသောပင်လယ်ရေကား ခါးငံသောဆားငံရေအတိသာဖြစ်၏၊ ထို့အပြင် ထိုပင်လယ်နှစ်ပြင်လုံးမှပင် စားစရာအသားစိမ်း၊ ဝတ်ဆင်စရာအမွှမ်းတန်ဆာကို သင်တို့ရရှိကြ၏ ထို့အပြင် သင်တို့သည် အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို ရှာဖွေစိမ့်သောငှာ ပင်လယ်သမုဒ္ဒရာရေကို မိမိဦးနှင့်ခွဲ၍ ဖြတ်သန်းသွားလာသောသင်္ဘောကို သင်မြင်ရ၏၊ ယင်းသို့သင်္ဘောသွားလာသောကြောင့် သင်တို့သည် အလ္လာဟ် အရှင်မြတ်၏ ကျေးဇူးတော်ကို ချီးကျုးကောင်းချီးကျူးလိမ့်မည်။

Verse 13 — Surah Fatir 35:13

၁၃။ အလ္လာဟ်အရှင်မြတ်သည် ညဉ့်မှသည် နေ့ကို၊ နေ့မှသည် ညဉ့်ကို ပြောင်းလဲစေတော်မူ၏၊ အရှင်မြတ်သည် နေနှင့်လအား ဗျာဒိတ်တော်ကို နာခံစေတော်မူ၏၊ နေလတို့သည် အရှင်မြတ်ပိုင်းခြားသတ်မှတ်ထားသောအချိန် နာရီအတိုင်း သွားလာဝင်ထွက်ရကြ၏၊ ယင်းသို့စီရင်ဖန်ဆင်းတော်မူသောအရှင်သည် သင်တို့၏အရှင်သခင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏၊ အချုပ်အခြာအာဏာပိုင်သတော်မူ၏၊ အရှင်မြတ်မှတပါး သင်တို့ကိုးကွယ်သော ဘုရားတုဘုရားယောင်များသည် စွန်ပလွံစေ့တွင် ငြိကပ်သောအမြှေးကိုမူ အစိုးရကြသည်မဟုတ်ချေ။

Verse 14 — Surah Fatir 35:14

၁၄။ သင်တို့သည် အကယ်၍ထုဘုရားတုတို့ကို ဟစ်ခေါ်၍ ဆုတောင်းသော် သူတို့သည် သင်တို့၏ဆုတောင်းသံ ကို မကြားကြချေ၊ အကယ်၍သူတို့ကြားသော်လည်း သင်တို့တောင်းသောဆုကို မပေးနိုင်ချေ၊ တရားစီရင်တော်မူ သောနေ့တော်ကြီး၌ ထိုဘုရားယောင်တို့က သင်တို့နှင့်ပေါင်းဖော်ခဲ့ခြင်းကို ငြင်ပယ်ကြလတ့ံ၊ သဗ္ဗညုတဉာာဏ် တော်ရှင်အလ္လာဟ်အရှင်မြတ်ကဲ့သို့ အဘယ်သူမျှသင်တို့အား သွန်သင်ဆုံးမနိုင်သည်မဟုတ်ချေ။

Verse 15 — Surah Fatir 35:15

၁၅။ အို-လူသားအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ စောင့်ရှောက်ခြင်းကျေးဇူးတော်ကို အမြဲတစေ လိုကြ၏၊ အရှင်မြတ်မှာမူကား အလိုဆန္ဒကင်းမဲ့၍ ဇာတိပကတိအားဖြင့် ကုံလုံပြည့်စေတော်မူ၏၊ ချီးမွမ်းခြင်း အပေါင်းကို စိုးပိုင်တော်မူ၏။

Verse 16 — Surah Fatir 35:16

၁၆။ အကယ်၍အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် သင်တို့အလုံးစုံကို ဖျက်ဆီးသိမ်းရုပ်တော်မူ၍ သင်တို့အစား လူသစ်ကို ဖန်ဆင်းနိုင်တော်မူ၏။

Verse 17 — Surah Fatir 35:17

၁၇။ ယင်းကဲ့သို့ပြုတော်မူခြင်းသည် အရှင်မြတ်အတွက် တစ်စုံတစ်ရာမျှခဲယဉ်းသည်မဟုတ်ချေ။

Verse 18 — Surah Fatir 35:18

၁၈။ ထို့အပြင်မိမိဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နေရသူသည် သူတပါး၏အထုပ်အပိုးကို မထမ်းနိုင်ချေ၊ အကယ်၍ မိမိဝန်ထုပ်သည် လေးလံသဖြင့် အကူအညီဟစ်အော်တောင်းလျှင် မိမိ၏ဆွေမျိုးရင်းချာထံမှ တောင်းငြားသော် လည်း ထိုလူ၏ အထုပ်ကို စိုးစဉ်းမျှကူရွက်မည်မဟုတ်ချေ၊ သင်တမန်တော်သည် မိမိတို့၏ အရှင်သခင်အား စိတ်နှလုံးဝယ်လျှို့ဝှက်၍ ကြောက်ရွံ့ရိုသေပြီးလျှင် ဆွလားသ်ဝတ်ပြုကြသူတို့ကိုသာလျှင် ဆုံးမပဲ့ပြင်သတိပေး နိုင်၏၊ အကြင်သူသည် ကုသိုလ်ကောင်းမှုပွားများအ့ံ၊ ထိုသူသည် မိမိအကျိုးအတွက်သာ ကောင်းမှုပွားများ၏၊ အလ္လာဟ်အရှင်မြတ်အထံတော်သို့သာ ခရီးရှိ၏။

Verse 19 — Surah Fatir 35:19

၁၉။ မျက်စိအလင်းမရသူနှင့် မျက်စိအလင်းရသူတို့သည် အတူအမျှမဟုတ်ချေ။

Verse 20 — Surah Fatir 35:20

၂ဝ။ အမှောင်ထုနှင့် အလင်းရောင်တို့သည် ထပ်တူထပ်မျှမဟုတ်ချေ။

Verse 21 — Surah Fatir 35:21

၂၁။ အေးချမ်းသောအရိပ်အာဝါသနှင့် ပူပြင်းသောနေရှိန်တို့သည် အတူတူမဟုတ်ချေ။

Verse 22 — Surah Fatir 35:22

၂၂။ သူသေနှင့် သူရှင်တို့သည် ထပ်တူထပ်မျှမဟုတ်ချေ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အလိုတော် ရှိသူအား ကြားနာစေတော်မူ၏၊ သင်တမန်တော်သည် သင်္ချိုင်းအတွင်း မြှုပ်နှံထားသောသူသေများကြားအောင် ဟောပြောနိုင်မည်မဟုတ်ချေ။

Verse 23 — Surah Fatir 35:23

၂၃။ အို-တမန်တော်၊ သင်သည် သတိပေးစကားဟောကြားသူတစ်ဦးသာဖြစ်၏။

Verse 24 — Surah Fatir 35:24

၂၄။ စင်စစ်အားဖြင့် ငါအရှင်မြတ်သည် သင့်အား သမ္မာတရားတော်နှင့်တကွ ဝမ်းမြောက်ဝမ်းသာဖွယ်သတင်းယူ ဆောင်လာသူအဖြစ်ဖြင့်သော်လည်းကောင်း၊ စေလွှတ်တော်မူ၏၊ လောကဓာတ်တွင် တမန်တော်စေလွှတ်တော်မူ ခြင်းမခံရသောလူမျိုးဟူ၍ မရှိချေ။

Verse 25 — Surah Fatir 35:25

၂၅။ သူတို့သည် သင့်အား မယုံကြည်ငြင်းပယ်လျှင် သူတို့ရှေးကျသောလူဟောင်းတို့လည်း ယင်းသို့ငြင်းဆန်ကြလေပြီ၊ ထိုလူဟောင်းများထံသို့ ၎င်းတို့၏တမန်တော်တို့သည် အလ္လာဟ်အရှင်မြတ်သည် အချုပ်အခြာအာဏာပိုင်သသော အထွဋ်အခေါင်ဖြစ်ကြောင်းကို ခိုင်မာထင်ရှားသည့်သက်သေခံချက်များကိုသော်လည်းကောင်း၊ အလင်းပြကျမ်းဂန် တော်များကိုသော်လည်းကောင်း၊ ယူဆောင်လာခဲ့ကြ၏။

Verse 26 — Surah Fatir 35:26

၂၆။ ထို့နောက်မယုံကြည်သူမိစ္ဆာမိုက်များကို ငါအရှင်မြတ်ဖမ်းဆီးတော်မူ၏၊ ငါသည် ထိုသူမိုက်တို့ကို အပြင်းအထန် စက်ဆုပ်ရွံရှာတော်မူ၏။

Verse 27 — Surah Fatir 35:27

၂၇။ အို-တမန်တော်၊ အလ္လာဟ်အရှင်မြတ်သည် အထက်မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူသည်ကို သင်မြင်သည်မဟုတ်လော၊ ထိုမိုးရေ၏ အစွမ်းဖြင့် အရောင်အမျိုးမျိုးကွဲလွဲသောအသီးအဥများကို ဖန်ဆင်းတော် မူ၏၊ တောင်များ၌လည်း လမ်းများကို အချို့ကား အဖြူ၊ အချို့ကား အနီ၊ အချို့ကား လွန်စွာမည်းနက်ခြင်း စသည်တို့ဖြင့် အရောင်အဆင်းအမျိုးမျိုးကွဲလွဲထူးခြားအောင် ငါအရှင်မြတ်ဖန်ဆင်းတော်မူ၏။

Verse 28 — Surah Fatir 35:28

၂၈။ ထို့အတူလူသားတို့၊ တိရိစ္ဆာန်အပေါင်းတို့၌လည်း အရောင်အမျိုးမျိုးကွဲလွဲထူးခြားရှိကြ၏၊ အလ္လာဟ်အရှင်မြတ်အား သာလျှင် ကြောက်ရွံ့ရိုကျိုးကြ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 29 — Surah Fatir 35:29

၂၉။ မှတ်သားကြလော့၊ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ပို့ချပေးသနားတော်မူသော ကျမ်းမြတ် ကုရ်အာန်ကို ဖတ်ရွတ်သရဇ္ဈာယ်ကြ၏၊ ဆွလားသ်ဝတ်ပြုကြ၏၊ ထို့အပြင်ငါအရှင်မြတ်ပေးသနားတော်မူသော ပစ္စည်းဥစ္စာများအနက် အချို့အဝက်ကို တိတ်တိတ်တိုးတိုးသော်လည်းကောင်း၊ လူသိရှင်ကြားသော်လည်းကောင်း၊ လှုဒါန်းကြသည်၊ ထိုသူတို့သည် မပျက်စီးမဆုံးရှုံးသောထာဝရအမြတ်အစွန်းကိုသာ မျှော်လင့်ကြ၏။

Verse 30 — Surah Fatir 35:30

၃ဝ။ ထိုသို့သူတို့ပြုအပ်သောကောင်းမှုများ၏ အဖိုးအခကို အလ္လာဟ်အရှင်မြတ်သည် အပြည့်အစုံပေးသနားတော် မူသည်သာမက အရှင်မြတ်၏ အနန္တကောင်းကြီးမင်္ဂလာတော်မှ ထိုထက်များပြားသောအကျိုးကို ပေးသနား တော်မူလတ့ံ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏၊ ကောင်းကျိုးကို ဆပ်တော် မူ၏။

Verse 31 — Surah Fatir 35:31

၃၁။ အို-တမန်တော်၊ အကြင်ကျမ်းတော်ကို သင့်အား စိတ်နှလုံးတွင် ထင်ရှားစေတော်မူခြင်းဖြင့် ထုတ်ပြန်ချပေး သနားတော်မူ၏၊ ထိုကျမ်းတော်သည် မုချဧကန်မှန်ကန်သောကျမ်းတော်ဖြစ်၏၊ ၎င်းကျမ်းတော်သည် ရှေး ထုတ်ပြန်ပြီးဖြစ်သောကျမ်းတော်ဟောင်းများကို ထောက်ခံသောကျမ်းတော်ဖြစ်၏၊ စင်စစ်အားဖြင့် အလ္လာဟ် အရှင်မြတ်သည် ကျေးတော်မျိုးကျွန်တော်မျိုးတို့၏ အဖြစ်သနစ်ကို အကြွင်းမဲ့သိတော်မူ၏။

Verse 32 — Surah Fatir 35:32

၃၂။ ထို့နောက်ငါအရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်ကို ငါ၏ကျေးကျွန်များအနက် ရွေးကောက်ခြင်းခံရသော သူတို့အား အမွေအနှစ်အဖြစ်ဖြင့် ပေးသနားတော်မူ၏၊ သို့သော်သူတို့အနက် အချို့တို့ကား ကိုယ့်ကိုကိုယ် ပြစ်မှားကြ၏၊ အချို့တို့ကား အလယ်အလတ်လမ်းကို လိုက်ကြ၏၊ အချို့တို့ကား အလ္လာဟ်အရှင်မြတ်၏ အလိုတော်အားဖြင့် ကောင်းကျိုးကောင်းရာဘက်သို့ သူတပါးတို့ထက် သဒ္ဓါစေတနာထူးမြတ်စွာနှင့် ပိုမိုလွန်ကဲ အောင် ကြိုးစားအားထုတ်ကြ၏၊ ယင်းသည် အလွန်ကြီးကျယ်သောကောင်းကြီးမင်္ဂလာတော်ဖြစ်၏။

Verse 33 — Surah Fatir 35:33

၃၃။ နိဗ္ဗဥယျာဉ်တော်များ၊ ထိုသူများသည် ထိုဥယျာဉ်တော်များသို့ ပုလဲစီထားသောရွှေလက်ကောက်၊ လက်ကျပ် ဝတ်ဆင်လျက် ဝင်ကြရ၏၊ သူတို့၏ အဝတ်အစားမှာ ပိုးဖဲအဝတ်များဖြစ်၏။

Verse 34 — Surah Fatir 35:34

၃၄။ ထိုသူတို့သည် နိဗ္ဗာန်ရွှေဘုံ၌ ဥဒါန်းကျူးရင့်ကြသည်မှာ ပူပန်သောကစိတ်ဒုက္ခအပေါင်းတို့ကို အကျွန်ုပ်ထံမှ ဖယ်ရှားတော်မူသောအလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံးဖြစ်တော်မူ၏၊ စင်စစ်အားဖြင့်အကျွနု်ပ်တို့၏ ကျေးဇူး တော်သခင်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်၊ အတိုင်းထက်အလွန်ရက်ရောပေးကမ်းစွန့်ကြဲ မူထသောသခင်ဖြစ်တော်မူ၏။

Verse 35 — Surah Fatir 35:35

၃၅။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မဟာဂရုဏာတော်အားဖြင့် အကျွနု်ပ်တို့အား အစဉ်ထာဝရပျော်စားရမည့် နိဗ္ဗာန်ရွှေဘုံတွင်းသို့ သွတ်သွင်းချီးမြှင့်ပေးတော်မူပေ၏၊ ဤနိဗ္ဗာန်တော်တွင် အကျွန်ုပ်တို့သည် အလုပ်နှင့်သော် လည်းကောင်း၊ မောပန်းခြင်းနှင့်သော်လည်းကောင်း၊ ဝေးကွာကြပြီဟု ဥဒါန်းရင့်ကျူးကြကုန်၏။

Verse 36 — Surah Fatir 35:36

၃၆။ သို့သော်မယုံကြည်သူမိစ္ဆာမိုက်တို့မှာမူကား သူတို့အတွက် ငရဲမီးအသင့်ရှိ၏၊ ထိုမီးသည် သူတို့ကို သေဆုံးအောင် လောင်သည်မဟုတ်၊ ထိုမီး၏ ညှင်းပန်းနှိပ်စက်ခြင်းကို စိုးစဉ်းမျှလျှော့မည်မဟုတ်၊ ဤနည်းအတိုင်းငါအရှင်မြတ် သည် ကျေးဇူးကန်းသူတို့အား အပြစ်ဒဏ်ခပ်နှိပ်တော်မူ၏။

Verse 37 — Surah Fatir 35:37

၃၇။ ထိုငရဲသားတို့ ဟစ်အော်ပန်ကြားကြသည်မှာ အို-အကျွနု်ပ်တို့၏အရှင်သခင်၊ အကျွန်ုပ်တို့ကို လွှတ်တော်မူပါ၊ အကျွန်ုပ်တို့ပြစ်မှားလေ့ရှိသည့်အတိုင်း မမှားပဲ၊ အမှန်ကို ကျင့်ကြံပါမည်၊ ထိုအခါငါအရှင်မြတ်မိန့်တော်မူသည်မှာ ဟယ်-မိစ္ဆာယုတ်တို့၊ စဉ်းစားဆင်ခြင်တတ်သူသည် ဆင်ခြင်သုံးသပ်ဖို့ရာ အချိန်လုံလောက်အောင် နင်တို့အား ငါအသက်ရှင်စေတော်မူခဲ့ပြီမဟုတ်လား၊ ထို့အပြင်နင်တို့ကို ဆုံးမပဲ့ပြင်သတိပေးရန် တမန်တော်သည် နင်တို့ထံ လာခဲ့လေပြီ၊ ယခုမူကား နင်တို့ပြုကျင့်မှုများ၏ အကျိုးဆက်အရသာကို မြိန်ရှက်စွာမြည်းကြလော့၊ အကြောင်း မူကား မကောင်းမှုကျူးလွန်သူဒုစရိုက်ကောင်များမှာ ကူညီသူမရှိချေ။

Verse 38 — Surah Fatir 35:38

၃၈။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေဝယ် မမြင်စွမ်းနိုင်သောအရာအပေါင်း တို့ကို အကြွင်းမဲ့သိတော်မူ၏၊ မှတ်သားကြလော့၊ အရှင်မြတ်သည် လူသားတို့၏ နှလုံးအိမ်တွင် လျှို့ဝှက်ထားသမျှကို အကြွင်းမရှိသိတော်မူ၏။

Verse 39 — Surah Fatir 35:39

၃၉။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကမ္ဘာမြေဝယ်ကိုယ်စားလှယ်တော်ခန့်ထားတော်မူ၏၊ ထို့ကြောင့်အကြင်သူ သည် မိစ္ဆာအယူကို ယူ၏၊ ထိုမယုံကြည်မှု၏ အပြစ်သည် သူ၏ခေါင်းပေါ်သို့ ကျ၏၊ အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်၌ သူတို့၏ မိစ္ဆာအယူဝါဒသည် သူတို့အဖို့အရာ စက်ဆုပ်ရွံရှာခြင်းမှတပါး အခြားမည်သည်ကိုမှ များပြားစေသည်မဟုတ်၊ သူတို့၏ မယုံကြည်မှုသည် သူတို့အတွက်ပျက်စီးဆုံးရှုံးခြင်းမှတပါ အခြားမည်သည်ကိုမှ တိုးပွားစေသည်မဟုတ်ချေ။

Verse 40 — Surah Fatir 35:40

၄ဝ။ အို-တမန်တော်၊ ဟောကြားလော့၊ ဟယ်-မိစ္ဆာမိုက်တို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ် ဝတ်ပြုသောဘုရားတုဘုရားယောင်တို့အကြောင်းကို ဆင်ခြင်စမ်းသပ်ပြီလော၊ ငါ့အား သူတို့ကမ္ဘာပေါ်တွင် ဖန်ဆင်းသောအရာကို ပြကြလော့၊ သို့မဟုတ်သူတို့သည် မိုးကောင်းကင်တွင် ဝေစုတစ်ပုံတစ်ခုရှိသလော၊ သို့မဟုတ်ငါအရှင်မြတ်သည် သူတို့အား ကျမ်းတော်တစ်စောင်ထုတ်ပြန်သနားတော်မူပြီလော၊ ထို့ကြောင့်၎င်း ကျမ်းတော်ကို အကိုးအကားထား၍ သူတို့ကျင့်ကြံကြသလော၊ ယင်းအချက်များမမှန်ချေ၊ ဒုစရိုက်မကောင်းမှု ကျူးလွန်သည့်ဒုစရိုက်ကောင်တို့သည် အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် လှည့်စားရန်သာကတိသစ္စာ ထားကြ၏။

Verse 41 — Surah Fatir 35:41

၄၁။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိုးနှင့်မြေကို သူတို့၏ လမ်းမှ သွေ၍ မသွားအောင် ထိန်းသိမ်း စောင့်ရှောက်တော်မူ၏၊ အကယ်၍သူတို့သွေဖယ်သွားလျှင် သူတို့ကို ထိန်းစောင့်နိုင်သူအရှင်မြတ်မှတပါး တစ်စုံ တစ်ယောက်မျှမရှိချေ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သည်းခံတော်မူသောအရှင်၊ အပြစ်လွှတ် တော်မူသောသခင်ဖြစ်တော်မူ၏။

Verse 42 — Surah Fatir 35:42

၄၂။ ထို့အပြင်မိစ္ဆာမိုက်နှင့် စိတ်နှစ်ခွရှိသူတို့က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ အလွန်ခိုင်မာစွာကျိန်ဆိုကြ သည်မှာ အကျွနု်ပ်တို့ထံ အပြစ်ဒဏ်အကြောင်းသတိပေးဟောပြောသောတမန်တော်တစ်ပါးပါးရောက်လာပါ လျှင် အကျွနု်ပ်တို့သည် လူမျိုးအမျိုးမျိုးထက် သာလွန်၍ သမ္မာတရားတော်ကို ကြည်နူးကြပါမည်၊ သို့ငြား သော်လည်းသူတို့ထံသို့ တမန်တော်ရောက်လာသောအခါ ထိုသူများသည် စက်ဆုပ်ရွံရှာမနာလိုစိတ်ဓာတ်မှတပါး အခြားစိတ်ဓာတ်ကို မပွားများကြချေ။

Verse 43 — Surah Fatir 35:43

၄၃။ ဤမကောင်းသောတရားကို သူတို့၏ မာန်မာနကြီးခြင်းနှင့် မကောင်းမှုကြံစည်ခြင်းက ထင်ရှားစေ၏၊ သို့သော် မကောင်းသောအကြံအစည်သည် ကြံစည်သူကိုသာ ဘေးပေး၏၊ ထို့ကြောင့်သူတို့သည် ရှေးလူဟောင်းများကို ကွပ်မျက်စီရင်တော်မူသကဲ့သို့ စီရင်ခြင်းမှတပါး အခြားစီရင်တော်မူခြင်းကုုိ မျှော်လင့်နိုင်ကြသလော၊ အို--တမန်တော်၊ အလ္လာဟ်အရှင်မြတ်စီရင်တော်မူသောနည်းလမ်းတော်သည် တစ်မျိုးတစ်ဖုံပြောင်းလဲသည်ကို အဘယ်အခါမှ သင်တွေ့ကြံုရမည်မဟုတ်၊ ထို့အပြင်၎င်းနည်းလမ်းတော်ကို ပြောင်းလဲနိုင်သည့်စွမ်းရည်သတ္တိ ရှိသူကို သင်တွေ့နိုင်မည်မဟုတ်ချေ။

Verse 44 — Surah Fatir 35:44

၄၄။ သူတို့သည် ကမ္ဘာမြေပေါ်အနှံ့အပြားသွားလာ၍ မိမိထက်ရှေးကျသောလူဟောင်းတို့သည် အဘယ်ကံဆိုးကို တွေ့ကြသည်ကကို မမြင်ကြဘူးလား၊ ထိုပေါရာဏလူဟောင်းတို့သည် ယခုခေတ်ပေါ်သူများထက် ခွန်အားဗလ စွမ်းရည်သတ္တိစည်းစိမ်ဥစ္စာအရာရာတွင် သာလွန်ကြီးမားကြ၏၊ မိုးနှင့်မြေပေါ်တွင် ရှိသည့်တစ်စုံတစ်ခုမျှ အလ္လာဟ် အရှင်မြတ်၏ တန်ခိုးလက်တော်မှ မလွတ်နိုင်ချေ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သဗ္ဗညုတ ဉာာဏ်တော်ရှင်၊ အနန္တတန်ခုုိးတော်သခင်ဖြစ်တော်မူ၏။

Verse 45 — Surah Fatir 35:45

၄၅။ အကယ်၍အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား မိမိတို့ကျုးလွန်မိသောအပြစ်တိုင်းသာ အပြစ်ပေးစီရင် တော်မူလျှင် မြေပေါ်၌ သတ္တဝါတစ်စုံတစ်ယောက်မျှကြွင်းကျန်ရစ်တော့မည်မဟုတ်ချေ၊ သို့သော်ပိုင်းခြားသတ်မှတ် ထားတော်မူသောအချိန်နေ့ရက်တိုင်အောင် အပြစ်ဒဏ်ခတ်ခြင်းကို ရွှေ့ဆိုင်းထားတော်မူ၏၊ ထိုအချိန်ကျရောက် လာသောအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးတော်မျိုးကျွန်တော်မျိုးတို့ အဖြစ်သနစ်ကို အကုန်အစင် သိတော်မူကြောင်းကို သူတို့ဧကန်အမှန်သိကြရမည်။