Back to Languages

Burmese - Chapter 41 - Fussilat

Translation by Ba Sein — Permalink

Verse 1 — Surah Fussilat 41:1

၁။ ဟာ မီး(မ်)။

Verse 2 — Surah Fussilat 41:2

၂။ မဟာကရုဏာတော်အရှင် အနန္တကောင်းကြီးမင်္ဂလာတော်သခင်၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ကျမ်းတော် မြတ်။

Verse 3 — Surah Fussilat 41:3

၃။ ထိုကျမ်းမြတ်၌ ဂါထာများကို အသေးစိတ်ရှင်းလင်းပြထား၏၊ ပညာဉာဏ်ရှိသူများအတွက် (အာရဗီ)ဘာသာ တရားဒေသနာတော်မြတ်ဖြစ်၏။

Verse 4 — Surah Fussilat 41:4

၄။ ထိုကျမ်းတော်မြတ်တွင် ဝမ်းမြောက်ဖွယ်သောသတင်းကောင်းနှင့် သတိပေးဗျာဒိတ်တော်များပါရှိ၏၊ သို့သော် များစွာသောလူသားတို့သည် လှည့်သွားကြ၏၊ မကြားကြချေ။

Verse 5 — Surah Fussilat 41:5

၅။ ထိုသူမိုက်တို့က ဆိုကြသည်မှာ အို-ရှင်မိုဟမ္မဒ်၊ အကျွနု်ပ်တို့၏ နှလုံးများကို သင်ကြီးသောအသံဖြင့် ဟောပြော သောတရားမှ ကာကွယ်ထား၏၊ အကျွနု်ပ်တို့နားများ၌လည်း နားပင်းခြင်းရှိ၏၊ အကျွနု်ပ်တို့နှင့် သင်၏ အလည် ကြား၌လည်း ကန့်လန့်ကာဆီတားထား၏၊ ထို့ကြောင့်သင်သည် ပြုလိုရာကို ပြုကုန်လော့၊ ငါတို့လည်း ပြုလိုရာ ကို ပြုမည်သာတည်း။

Verse 6 — Surah Fussilat 41:6

၆။ အို-တမန်တော်၊ သင်ဟောပြောလော့၊ ငါသည် သင်တို့ကဲ့သို့ လူသားသာဖြစ်၏၊ ငါ့ထံသို့ သင်တို့၏ အရှင် သခင်မှာကား တစ်ဆူတည်းအထီးထီးဖြစ်တော်မူ၏ဟု ဗျာဒိတ်တော်လာ၏၊ ထို့ကြောင့်အရှင်မြတ်အထံတော်သို့ ဖြောင့်တန်းစွာသွားသောလမ်းတော်ကြီးကို လိုက်ကြ၍ အရှင်မြတ်၏အပြစ်လွှတ်ခြင်းကို ရှာမှီးကြလော့၊ ဆင်းတု ဝါဒီများသည် ပျက်စီးဆုံးရာသည်သာတည်း။

Verse 7 — Surah Fussilat 41:7

၇။ ထိုသူယုတ်မာတို့သည် ဇကားသ်အလှုကို မပေး၊ နောင်တမလွန်ဘဝကိုလည်း မယုံကြည်ကြချေ။

Verse 8 — Surah Fussilat 41:8

၈။ သို့သော်ယုံကြည်ခြင်းတရားရှိ၍ ကောင်းမှုပွားများသူတို့အတွက်မူကား သုံးစွဲ၍ မကုန်နိုင်သောဆုတော်ရှိ၏။

Verse 9 — Surah Fussilat 41:9

၉။ အို-တမန်တော်၊ ဟောပြောလော့၊ မဟာပထဝီမြေကြီးကို နှစ်ရက်အချိန်တွင် ဖန်ဆင်းတော်မူသောအရှင်မြတ် အား သင်တို့မယုံကြည်ကြသလော၊ အရှင်မြတ်နှင့်ပြိုင်ဘက်များထားကြသလော၊ အရှင်မြတ်သည် အနန္တစကြ ဝဠာအပေါင်းတို့၏ အရှင်သခင်ဖြစ်တော်မူ၏။

Verse 10 — Surah Fussilat 41:10

၁ဝ။ အရှင်မြတ်သည် ကမ္ဘာမြေကြီးပေါ်၌ တောင်ကြီးတောင်ငယ်အသွယ်သွယ်ကို ခိုင်မြဲမြင့်မားစွာဖန်ဆင်းထားတော် မူ၏၊ မြေကြီးကို ကောင်းကြီးမင်္ဂလာနှင့် ပြည့်စုံစေတော်မူ၏၊ ထိုမြေပေါ်တွင် နေထိုင်သူတို့အဖို့အရာ စားနပ် ရိက္ခာများကို အချင့်အခန့်နှင့် စီရင်ထားတော်မူ၏၊ ဤဖန်ဆင်းစီရင်တော်မူခြင်းတို့ကို လေးရက်နှင့်အပြီး ပြု တော်မူ၏။

Verse 11 — Surah Fussilat 41:11

၁၁။ ထို့နောက်အရှင်မြတ်သည် ကောင်းကင်ဘက်သို့ လှည့်တော်မူ၏၊ ကောင်းကင်သည် မီးခိုးကဲ့သို့ ရှိနေ၏၊ ထိုအခါအရှင်မြတ်သည် မိုးနှင့်မြေအား အို-မိုးမြေတို့၊ သင်တို့သည် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ၊ အတူတကွလာကြလော့ဟု မိန့်တော်မူ၏၊ ထိုအခါ မိုးနှင့်မြေကို အို-အရှင်မြတ်၊ အကျွနု်ပ်တို့သည် အမိန့်တော်ကို နာခံ၍ လာကြပါသည်ဟု လျှောက်ထားကြကုန်၏။

Verse 12 — Surah Fussilat 41:12

၁၂။ ထို့နောက်အရှင်မြတ်သည် မိုးခုနစ်ထပ်ကို နှစ်ရက်အတွင်းဖန်ဆင်းတော်မူ၏၊ ထို့အပြင်မိုးတစ်ထပ်တစ်ထပ်အား ၎င်း၏ တာဝန်ဝတ္တရားကို ပညတ်တော်မူ၏၊ ထို့အပြင်ငါအရှင်မြတ်သည် လူသားတို့နှင့်အနီးဆုံးဖြစ်သောအောက် ဆုံးထပ်မိုးကောင်းကင်ကို မီးအိမ်များနှင့်ဆင်ယင်တော်မူ၏၊ ထိုအောက်ထပ်ဆကောင်းကင်ကို မဖျက်ဆီးနိုင် အောင် စီရင်ထားတော်မူ၏၊ အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်သည် ယင်းသို့စီရင်တော်မူ၏။

Verse 13 — Surah Fussilat 41:13

၁၃။ အို-တမန်တော်၊ သူတို့သည် အကယ်၍လှည့်သွားကြအ့ံ၊ သူတို့အား ဟယ်-အချင်းတို့၊ အထက်ကျော်ကာလက (အားဒ်)နှင့် (စမူးဒ်)တို့အား မိုးကြိုးအပြစ်ဒဏ်ထိသကဲ့သို့ ထိုအပြစ်ဒဏ်သည် သင်တို့အပေါ်၌လည်း ရောက်လာ မည့်အကြောင်း ငါသည် သင်တို့အား သတိပေး၏ဟု သင်ပြောကြားလော့။

Verse 14 — Surah Fussilat 41:14

၁၄။ ရှေးလူဟောင်းမိစ္ဆာဝါဒီထံ သူတို့၏တမန်တော်များသည် သူတို့၏ရှေ့နောက်ဝဲယာက လာ၍ ''ဟယ်-အချင်းတို့၊ သင်တုုိ့သည် အလ္လာဟ်အရှင်မြတ်မှတပါး မည်သည့်တစ်စုံတစ်ရာကိုမျှ မခဝပ်မကိုးကွယ်ကြကုန်လင့်''ဟု ဟောပြောသောအခါ သူတို့က အကျွနု်ပ်တို့၏ အရှင်သခင်အလိုတော်ရှိပါလျှင် အရှင်မြတ်သည် မုချဧကန် ကောင်းကင်တမန်များကိုသာ စေလွှတ်တော်မူလ့ံ၊ သင်တို့အား တမန်တော်အဖြစ် စေလွှတ်တော်မူသည်ဟု အကျွနု်ပ်တို့လုံးဝမယုံကြည်ဟု ပြန်ပြောကြ၏။

Verse 15 — Surah Fussilat 41:15

၁၅။ (အားဒ်)အသင်းသားတို့သည် မြေပေါ်၌ မတရားမောက်မာပလွှား၍ ဤလောကတွင် ငါတို့ထက် ခွန်အားဗလ စွမ်းရည်သတ္တိသာလွန်သူ အဘယ်မှာရှိသနည်းဟု ပြောလေ့ရှိ၏၊ သူတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ် သည် သူတို့ထက် သာလွန်၍ ခွန်အားဗလရှိတော်မူသည်ကို သူတို့မမြင်ကြသလော၊ သူတို့သည် ငါအရှင်မြတ်၏ ကျမ်းတော်များကို ငြင်းပယ်ဖီဆန်ကြကုန်၏။

Verse 16 — Surah Fussilat 41:16

၁၆။ ထို့ကြောင့်ငါသည် မင်္ဂလာမရှိသောနေ့များတွင် အလွန်သည်းထန်သောလေပြင်းမုန်တိုင်းကို လာစေတော်မူလိုက် ၏၊ သို့လာစေတော်မူခြင်းကား ငါသည် သူတို့အား ဤလောကတွင် အသက်ရှင်နေစဉ်အခါ အရှက်ကွဲခြင်း အပြစ်ဒဏ်ကို မြည်းစေရန်ဖြစ်၏၊ သို့သော်တမလွန်ဘဝတွင် တွေ့ရမည့်အပြစ်ဒဏ်သည် သာလွန်အရှက်ကွဲရာ ဖြစ်လတ့ံ၊ ထိုအခါသူတို့သည် စောင်မခြင်းခံရမည်မဟုတ်ချေ။

Verse 17 — Surah Fussilat 41:17

၁၇။ (ဆမွတ်ဒ်)အသင်းသားတို့အကြောင်းမူကား ငါသည် သူတို့အား အဆုံးအမကျမ်းတော်ကို ပေးသနားတော်မူ၏၊ သို့သော်သူတို့သည် တရားအလင်းရောင်ထက် အဝဇ္ဇာအမှောင်အမိုက်ကို သာလွန်လိုလားနှစ်သက်ကြ၏၊ ထို့ကြောင့်သူတို့သည် သူတို့ပြုကျင့်ခဲ့သောကံအတိုင်း အလွန်ပြင်းပြသောအပြစ်းဒဏ်ကို ခံကြရ၏။

Verse 18 — Surah Fussilat 41:18

၁၈။ သို့သော်ယုံကြလျက် တရားသဖြင့်ကျင့်သူအပေါင်းတို့ကို စုရုံး၍ ငရဲမီးသို့ ယူဆောင်လာသောနေ့တော်ကြီး၌ သူတို့ကို စီတန်း၍ လာစေတော်မူမည်။

Verse 19 — Surah Fussilat 41:19

၁၉။ အလ္လာဟ်အရှင်မြတ်၏ ရန်သူအပေါင်းတို့ကို စုရုံး၍ ငရဲမီးသို့ ယူဆောင်လာသောနေ့တော်ကြီး၌ သူတို့ကို စီတန်း၍ လာစေတော်မူမည်။

Verse 20 — Surah Fussilat 41:20

၂ဝ။ ထိုနေ့တော်ကြီး၌ သူတို့သည် ငရဲမီးသို့ ရောက်လာသောအခါ သူတို့၏နားမျက်စိနှင့်တကွ အသားအရေကိုယ် အင်္ဂါအစိတ်အပိုင်းစသည်တို့ကပါ ၎င်းတို့လောကတွင် ပြုကျင့်ခဲ့သောအကျင့်အကြံများကို ဖော်ထုတ်၍ သက်သေ ခံကြလတ့ံ။

Verse 21 — Surah Fussilat 41:21

၂၁။ ထိုအခါ၎င်းတို့က သူတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို သင်တို့သည် အဘယ်ကြောင့်ငါတို့အပေါ်မှာ သက်သေ ခံကြသနည်းဟု ပြောဆိုကြ၏၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့က အရာခပ်သိမ်းကုန်တို့ကို စကားပြောဆိုတတ်သော သတ္တိကို ပေးသနားတော်မူသောအလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်တို့အား စကားပြောစေတော်မူ၏၊ အရှင် မြတ်သည် သင်တို့အား ပထမအကြိမ်ဖန်ဆင်းတော်မူလေ၏၊ သင်တို့သည် အရှင်မြတ်ထံ ပြန်ကြရ၏။

Verse 22 — Surah Fussilat 41:22

၂၂။ မိမိတို့၏ နားမျက်စိအရေအသားကိုယ်အင်္ဂါအစိတ်အပိုင်းတို့က သင်တို့အပေါ်သက်သေမခံစေခြင်းငှာ သင်တို့ သည် လျှို့ဝှက်စွာမပြုကျင့်ကြချေ၊ သင်တို့သည် မိမိတို့ပြုလေ့ရှိသောအရာများကို အလ္လာဟ်အရှင်မြတ်သိမြင် တော်မမူဟု ထင်မှတ်ခဲ့ကြ၏။

Verse 23 — Surah Fussilat 41:23

၂၃။ သင်တို့၏ အရှင်သခင်အား ယင်းသို့တွေးတောထင်မြင်ခြင်းသည် သင်တို့ကို ဖျက်ဆီးခဲ့ပြီ၊ ယခုမှာမူကား သင်တို့သည် ပျက်စီးခြင်းမကပျက်စီးသောသူတို့ဘောင်တွင် ပါဝင်ကြပြီဟု ပြောကြ၏။

Verse 24 — Surah Fussilat 41:24

၂၄။ သူတို့သည် ထိုအခါသည်းခံသော်လည်း ငရဲမီးသည် သူတို့အမြဲနေထိုင်ရာသာဖြစ်၏၊ သူတို့သည် ကောင်းကြီး မင်္ဂလာတော်ကို တောင်းသော်လည်း သူတို့သည် ကောင်းကြီးမင်္ဂလာရထိုက်သူများမဟုတ်ချေ။

Verse 25 — Surah Fussilat 41:25

၂၅။ ငါသည် လောက၌ ထိုအယူမှားသူတို့အဖို့အရာ အဆွေခင်ပွန်းအပေါင်းအဖော်များကို စီရင်ထားတော်မူ၏၊ ထိုအဆွေခင်ပွန်းတို့သည် ထိုအယူလွဲသူတို့အား မိမိတို့၏ အတိတ်ပစ္စုပ္ပန်ကာလတို့ကို သင့်တင့်လျောက်ပတ်စေ ကြ၏၊ ထို့ကြောင့်၎င်းတို့ထက်ရှေးကျသောမယုံကြည်သူလူဂျင်န်အမျိုးမျိုးတို့အပေါ်တွင် စီရင်တော်မူသောအပြစ် ဒဏ်သည် ဤသူတို့အပေါ်ကိုလည်း ကျရောက်၏၊ အကြောင်းမူကား သူတို့သည် ဧကန်အမှန်ဆုံးရှုံးပျက်စီး သူများဖြစ်ကြ၏။

Verse 26 — Surah Fussilat 41:26

၂၆။ မယုံကြည်သူတို့က ဤကုရ်အာန်ကို အရေးမစိုက်ကြနှင့်၊ မကြားရအောင် အသံကျယ်လောင်စွာပြုကြလော့၊ သင်တို့အောင်မြင်ကောင်း အောင်မြင်လိမ့်မည်ဟု ပြောကြ၏။

Verse 27 — Surah Fussilat 41:27

၂၇။ သို့သော်ငါသည် မယုံကြည်သူတို့အား အလွန်ပြင်းပြနာကျင်သောအပြစ်ဒဏ်ကို အမှန်ခတ်တော်မူမည်၊ ထို့အပြင် ငါသည် သူတို့၏ အဆိုးဆုံးသောအပြုအမူများကို လက်စားချေတော်မူမည်။

Verse 28 — Surah Fussilat 41:28

၂၈။ ဤဒဏ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရန်သူတော်များ၏ ဆုလာဘ်တည်း၊ ငရဲမီးပူထဲတွင် သူတို့၏ ထာဝရနေအိမ်ရှိ၏၊ သူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ငြင်းပယ်မှုအတွက် ပေးသောဆုလာဘ်ဖြစ်၏။

Verse 29 — Surah Fussilat 41:29

၂၉။ ထိုအခါအယူလွဲသူတို့က အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ ဂျင်နတ်သားနှင့် လူသားတို့အထဲမှ အကျွနု်ပ်တို့အား လှည့်ဖြားသောသူတို့ကို ပြတော်မူပါ။ အောက်ဆုံးငရဲဘုံသို့ ရောက်အောင် အကျွနု်ပ်တို့သည် သူတို့အား ခြေဖဝါးအောက်သို့ သွင်းနင်းပါမည်ဟု လျှောက်ကြ၏။

Verse 30 — Surah Fussilat 41:30

၃ဝ။ မှတ်သားကြလော့၊ အကျွနု်ပ်တို့၏ အရှင်သခင်သည် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏ဟု ပြောဆို၍ တည်ကြည် ဖြောင့်မတ်သူတို့မှာမူကား သူတို့ထံသို့ ကောင်းကင်တမန်များသက်ဆင်းလာ၍ ဤသို့အကြောင်းကြားအ့ံ၊ အို-သူတော်ကောင်းအပေါင်းတို့၊ မကြောက်ရွံ့ကြလင့်၊ မပူဆွေးကြလင့်၊ သင်တို့အား ကတိထားတော်မူသော နိဗ္ဗာန်ဘုံနန်းတော်အကြောင်းသတင်းကောင်းကို ကြားနာကြလော့။

Verse 31 — Surah Fussilat 41:31

၃၁။ ငါတို့သည် သင်တို့အား ဤဘဝနောင်ဘဝ၊ ဘဝနှစ်ပါးတွင်ပင် ကာကွယ်စောင့်ရှောက်သည့်အဆွေတော်များ ဖြစ်ကြ၏၊ နောင်ဘဝ၌ သင်တို့လိုသမျှကို အကြွင်းမဲ့ရကြလတ့ံ၊ သင်တို့တောင်းဆိုသမျှကိုလည်း အကြွင်းမဲ့ ရကြလတ့ံ။

Verse 32 — Surah Fussilat 41:32

၃၂။ ထိုဘုံနန်းသည် အပြစ်လွှတ်တော်မူသောအရှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအရှင်၊ အထံတော်မှ ဧည့်ခံလက်ဆောင်တော်ဖြစ်၏။

Verse 33 — Surah Fussilat 41:33

၃၃။ အကြင်သူသည် မိမိတို့၏ အရှင်သခင်အား ဝတ်ပြု၏၊ သုစရိုက်ကောင်းမှုကို ပြကျင့်၏၊ အကျွနု်ပ်သည် ယုံ ကြည်ကျိုးနွံသူတို့ဘောင်တွင် ပါဝင်ပါသည်ဟု ဆို၏၊ ထိုသူ၏ စကားထက် အဘယ်သူ၏စကားသည် သာလွန် သာယာနာပျော်ဖွယ်ဖြစ်သနည်း။

Verse 34 — Surah Fussilat 41:34

၃၄။ အမှန်ကိုဆိုသော ကောင်းမှုနှင့် မကောင်းမှုသည် ထပ်တူထပ်မျှမဖြစ်နိုင်ချေ၊ မကောင်းမှုကို ကောင်းမှုအားဖြင့် တုံ့ပြန်ကြလော့၊ ထိုအခါသင့်ကို ရန်ငြိုးဖွဲ့သူသည် သင်၏ရင်းနှီးချစ်ခင်သောအဆွေခင်ပွန်းကဲ့သို့ ဖြစ်မလာနိုင်ချေ။

Verse 35 — Surah Fussilat 41:35

၃၅။ ယင်းသို့ကောင်းမြတ်သောဂုဏ်ထူးကို သည်းခံခြင်းတရားရှိ၍ မိမိကိုယ်ကို မိမိချုပ်တည်းသောသူတို့မှတပါး အခြားလူသာမန်တို့ရနိုင်ကြမည်မဟုတ်၊ ထိုဂုဏ်ထူးကို ကံအလွန်ထူးချွန်သူမှတပါး အခြားသူများမရရှိနိုင်ချေ။

Verse 36 — Surah Fussilat 41:36

၃၆။ အကယ်၍ရှိုင်တန်မာရ်နတ်သည် သင့်အား လှည့်ဖြားလာသောအခါ သင်သည် အလ္လာဟ်အရှင်မြတ်၌ ခိုလှုံလော့၊ အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာတို့ကို အကြွင်းမဲ့ကြားတော်မူသော၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 37 — Surah Fussilat 41:37

၃၇။ အလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကတော်များအနက် အချို့သောသာဓကတော်များအာ နေနှင့်လ၊ နေ့နှင့် ညများဖြစ်ကြ၏၊ သင်တို့သည် နေကိုသော်လည်းကောင်း၊ လကိုသော်လည်းကောင်း၊ ဦးညွတ်ကိုးကွယ်ခြင်းကို မပြုကြလင့်၊ သို့သော်သင်တို့သည် အရှင်မြတ်အား အမှန်ကို ကိုးကွယ်လိုလျှင် နေလတို့ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အား ဦးညွတ်ဝတ်ပြုကြလော့။

Verse 38 — Surah Fussilat 41:38

၃၈။ မိစ္ဆာဒိဋ္ဌိတို့သည် မာမာနထောင်လွှားနေလျှင် သူတို့ကို ဂရုမပြုလင့်၊ သင်၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ အပါးတော်တွင် ခစားနေသောသူတို့သည် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို နေ့ညမပြတ်ချီးကျုးလျက်ရှိကြ၏၊ လုံးဝမမောပန်းကြချေ။

Verse 39 — Surah Fussilat 41:39

၃၉။ အလ္လာဟ်အရှင်မြတ်၏ နိမိတ်လက္ခဏာတော်များအနက် တပါးကား သင်တို့သည် ပထဝီမြေကြီးသွေ့ခြောက် ယောင်းနေသည်ကို မြင်ရကြ၏၊ သို့သော်ငါသည် ထိုမြေပေါ်သို့ မိုးရွာသွန်းစေတော်မူသောအခါ ထိုမြေသေသည် အသက်နှင့် လှုပ်လှုပ်ရွရွဖြစ်လာ၏၊ ထိုမြေမှ အပင်အမျိုးမျိုးပေါက်ရောက်လာ၏၊ အသီးအမျိုးမျိုးလည်းသီး၏၊ မုချဧကန်မြေသေကို ရှင်စေတော်မူသောအရှင်မြတ်သည် သေသူကိုလည်း အမှန်အကန်ရှင်ပြန်ထမြောက်စေနိုင် တော်မူသောအရှင်ဖြစ်တော်မူ၏၊ မှတ်သားကြလော့၊ အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာတို့ကို ပြုစွမ်း နိုင်တော်မူ၏။

Verse 40 — Surah Fussilat 41:40

၄ဝ။ မှတ်သားကြလော့၊ ငါ၏တရားတော်များကို မှောက်လှန်လွဲချော်ပြုသူတို့ကို ငါ့ထံတော်မှ ဖုံးကွယ်၍ မထားနိုင်ချေ၊ ငရဲမီးထဲသို့ ပစ်ချခံရသူနှင့် ပြန်ရှင်ရသောနေ့တော်ကြီး၌ စိုးရိမ်ကြောင့်ကျကင်းမဲ့ချမ်းသာစွာ ထလာရသူတို့တွင် အဘယ်သူသည် သာလွန်မြင့်မြတ်သနည်း၊ သင်တို့သည် မိမိတို့လိုရာကို ပြုကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှကို အကြွင်းမဲ့မြင်တော်မူ၏။

Verse 41 — Surah Fussilat 41:41

၄၁။ မိမိတို့ထံသို့ သတိပေးကျမ်းတော်မြတ်ကျရောက်လာသောအခါ ထိုကျမ်းတော်ကို မယုံကြည်ပယ်ရှားသောသူ တို့သည် အပြစ်ရှိကြ၏၊ စင်စစ်အားဖြင့်ထိုကျမ်းတော်သည် ဆင်ခြေမဝင်သော၊ အလွန်နက်နဲစုံလင်သောကျမ်း မြတ်ကုရ်အာန်ဖြစ်၏။

Verse 42 — Surah Fussilat 41:42

၄၂။ မုသားစကားသည် ထိုကျမ်းတော်ကို ရှေ့မှသော်လည်းကောင်း၊ နောက်မှသော်လည်းကောင်း၊ မချဉ်းကပ်နိုင်ချေ၊ ထိုကျမ်းတော်သည် သဗ္ဗညုတဉာာဏ်တော်ရှင်၊ ချီးမွမ်းခြင်းတည်ရာအရှင်၏ အထံတော်မှ ဖြစ်၏။

Verse 43 — Surah Fussilat 41:43

၄၃။ အို-တမန်တော်၊ သင်မပွင့်မီ ပွင့်လာကြသောရှေးတမန်တော်အသီးသီးတို့အား မပေးခဲ့ဘူးသောဗျာဒိတ်တော်ကို သင့်အား ပေးတော်မူသည်မုဟုတ်၊ မှတ်သားကြလော့၊ သင်၏ အရှင်သခင်သည် အပြစ်လွှတ်တော်မူသောအရှင်၊ အတိဒုက္ခဖြစ်သောအပြစ်ဒဏ်ကို ပိုင်တော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 44 — Surah Fussilat 41:44

၄၄။ ငါသည် ကျမ်းမြတ်ကုရ်အာန်ကို အာရဗီဘာသာစကားနှင့်မဟုတ်ပဲ အခြားဘာသာာတစ်ခုခုဖြင့် ပြဋ္ဌာန်းတော် မူခဲ့လျှင် သူတို့က ဤကဲ့သို့ကဲ့ရဲ့ကြလတ့ံ၊ ကျမ်းတော်၏ ဂါထာများကို အဘယ်ကြောင့်အသေးစိတ်ရှင်းလင်း မပြသနည်း၊ ထူးဆန်းလှချည်ရဲ့၊ ကျမ်းကို အာရဗီဘာသာနှင့်မပြဋ္ဌာန်း၊ သို့သော်ကျမ်းတော်ကို ယူဆောင်လာသူ တမန်တော်မှာမူကား အာရဗီအမျိုးသားဖြစ်၏၊ အေ တမန်တော်ဟောပြောလော့၊ ကုရ်အာန်ကျမ်းမြတ်သည် ယုံကြည်သူတို့အဖို့အရာ လမ်းပြကျမ်းဖြစ်၏၊ ဝေဒနာပျောက်ဆေးကြီးလည်းဖြစ်၏၊ သို့သော်မယုံကြည်သူတို့ မှာမူကား နားပင်းမျက်စိကန်းသူတို့ဖြစ်ကြ၏၊ သူတို့သည် အလွန်ဝေးကွာသောနေရာမှ အခေါ်ခံရသူများဖြစ်ကြ၏။

Verse 45 — Surah Fussilat 41:45

၄၅။ ငါသည် တမန်တော်(မူစာ)အား ကျမ်းတော်တစ်ဆူမုချဧကန်ချပေးသနားတော်မူ၏၊ သို့သော်၎င်းကျမ်းတော် နှင့်စပ်လျဉ်း၍ အငြင်းအခုံဖြစ်ပွားကြ၏၊ သင်၏ အရှင်သခင်ကသာလျှင် ကတိဗျာဒိတ်တော်တစ်ပါး ခပ်နှိပ် ထားတော်မမူခဲ့ပါလျှင် သူတို့၏ ကွဲပြားချက်ကို စီရင်ဆုံးဖြတ်ငြိမ်းစေခဲ့ချေမည်၊ သို့သော်သူတို့သည် ထိုကျမ်း တော်၌ ယုံမှားသံသယဒွိဟကြီးစွာရှိကြ၏။

Verse 46 — Surah Fussilat 41:46

၄၆။ သုစရိုက်ကောင်းမှုပွားများသူသည် မိမိဝိညာဉ်ကို အကျိုးပြု၏၊ ဒုစရိုက်မကောင်းမှုကို ပြုကျင့်သူတို့မှာမူကား မိမိဝိညာဉ်နစ်နာစေ၏၊ သင်၏အရှင်သခင်သည် မိမိ၏ ကျေးကျွန်များကို မည်သည့်အခါမှ မတရားနှိပ်စက် တော်မမူချေ။

Verse 47 — Surah Fussilat 41:47

၄၇။ အချိန်တော်ကြီးအကြောင်းကို အလ္လာဟ်အရှင်မြတ်သာလျှင် သိတော်မူ၏၊ အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့သိမြင်တော်မူ၏၊ အရှင်မြတ်သိတော်မမူပဲ စွန်ပလွံသီးသည် အဖူးထဲမှ မပေါ်လာနိုင်ချေ၊ မိန်းမသည် လည်း ကိုယ်ဝန်မဆောင်နိုင်ချေ၊ မမွေးဖွားနိုင်ချေ၊ အရှင်မြတ်ခေါ်တော်မူသောနေ့တော်ကြီး၌ အရှင်မြတ်က သူတို့အား ယခုငါနှင့်ဖက်စပ်သူများ အဘယ်မှာရှိကြသနည်းဟု မေးမြန်းတော်မူမည်၊ သူတို့က အို-အသက် သခင်ကျေးဇူးရှင်၊ အကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှ ထိုသူတို့၏ သက်သေမဟုတ်ကြောင်း အရှင်ထံ ဝန်ခံပါ၏ဟု တင်လျှောက်ကြလိမ့်မည်။

Verse 48 — Surah Fussilat 41:48

၄၈။ ရှေးအခါက သူတို့ကိုးကွယ်ခဲ့သောဘုရားများသည် သူတို့အား ဘေးအန္တရာယ်အတွင်းဝယ် စွန့်ပစ်ထားခဲ့လိမ့်မည်၊ သူတို့သည် မိမိတို့ခိုလှုံစရာမရှိကြောင်းကို ကောင်းစွာသိကြရလိမ့်မည်။

Verse 49 — Surah Fussilat 41:49

၄၉။ လူသားသည် ကောင်းကြီးမင်္ဂလာတော်ပန်ထွာခြင်း၌ မမောပန်းမငြီးငွေ့ချေ၊ သို့သော်ဆင်းရဲဒုက္ခထိသောအခါ မျှော်လင့်ကိုးစားခြင်းကို မပြုပဲ စိတ်ပျက်ပူဆွေးတတ်၏။

Verse 50 — Surah Fussilat 41:50

၅ဝ။ ငါသည် လူသားအား ဘေးဒုက္ခထိပြီးနောက် ကောင်းကြီးမင်္ဂလာတော်ကို မြည်းစေတော်မူသောအခါ သူသည် မုချဧကန်ဤသို့ဆိုလတ့ံ၊ ဤအရာသည် ငါ့အစွမ်းကြောင့်ဖြစ်၏၊ အချိန်တော်ကြီးမရှိဟု ငါထင်သည်၊ သို့သော် အကယ်၍ ငါ၏ အရှင်သခင်အထံတော်သို့ ငါ့အား ပြန်ပို့လျှင်လည်း ငါ့မှာ အရှင်မြတ်ရှေ့တော်ဝယ် သာ၍ ချမ်းသာမည်တည်း၊ သို့သော်ငါအရှင်မြတ်သည် မယုံကြည်သူတို့အား သူတို့ပြုကျင့်သမျှအလုံးစုံကို မိန့်တော် မူလတ့ံ၊ ပြင်းပြသောအပြစ်ဒဏ်ကို မြည်းစေတော်မူလတ့ံ။

Verse 51 — Surah Fussilat 41:51

၅၁။ ငါသည် လူသာအား ကျေးဇူးပြုတော်မူသောအခါ လူသားသည် ငါ့ဘက်တော်သို့ ချဉ်းကပ်လာမည့်အစား ဝေးသည်ထက်ဝေးအောင် ကျောပေးသွား၏၊ သို့သော်ဘေးဥပါဒ်ထိသောအခါ သူ၌ ဆုတောင်းပတ္တနာများပြား ကြွယ်ဝ၏။

Verse 52 — Surah Fussilat 41:52

၅၂။ အို-တမန်တော်၊ ဟောပြောလော့၊ အို-အချင်းတို့၊ ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ မဟုတ်ဟု စဉ်းစားဆင်ခြင်ကြသလော၊ အရှင်မြတ်အား တော်လှန်သူထက် အဘယ်သူသည် ပိုမိုလမ်းလွဲသနည်း။

Verse 53 — Surah Fussilat 41:53

၅၃။ ကုရ်အာန်ကျမ်းမြတ်သည် သစ္စာတရားကျမ်းတော်ဖြစ်ကြောင်း ထင်ရှားသည့်တိုင်အောင် ငါသည် ငါ၏သက်သေ သာဓကတော်များကို မိုးမြေမြေစပ်စက်ဝိုင်းများ၌သော်လည်းကောင်း၊ သူတို့၏ အတွင်းများ၌သော်လည်းကောင်း၊ အနှံ့အပြားပြသတော်မူမည်၊ အို-တမန်တော်၊ သင်၏ အရှင်သည် သင်တို့အဖို့ဖို့ လုံလောက်တော်မူသည်မဟုတ် လော၊ အရှင်မြတ်သည် အကြောင်းအရာအားလုံးကို အကြွင်းမဲ့သိတော်မူသောသက်သေတော်ကြီးဖြစ်တော်မူ၏။

Verse 54 — Surah Fussilat 41:54

၅၄။ မည်သို့နည်း၊ သူတို့သည် သူတို့၏ အရှင်သခင်အား တွေ့ဆုံဖူးမြင်ရမည်ကို ယုံမှားသံသယရှိသေးသလော၊ မုချဧကန်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာများကို ဝိုင်းဝန်းထားတော်မူသည်မဟုတ်လော။