Verse 1 — Surah Ad-Dukhan 44:1
၁။ ဟာ မီး(မ်)။
Verse 2 — Surah Ad-Dukhan 44:2
၂။ အရာခပ်သိမ်းကုန်တို့ကို ရှင်းလင်းစေသောကျမ်းမြတ်ကုရ်အာန်အားဖြင့် ငါအရှင်မြတ်၏ ဘုန်းတော်ဂုဏ်တော်ကို အာရုံပြုကြလော့။
Verse 3 — Surah Ad-Dukhan 44:3
၃။ မှတ်သားကြလော့၊ ငါသည် ထိုကျမ်းမြတ်ကို မင်္ဂလာရှိသောညဉ့်တစ်ညဉ့်၌ ထုတ်ပြန်ချပေးသနားတော်မူ၏၊ မှတ်သားကြလော့၊ ငါသည် အမြဲတစေသတိပေးနေတော်မူ၏။
Verse 4 — Surah Ad-Dukhan 44:4
၄။ ထိုညဉ့်မြတ်၌ နက်နဲသိမ်မွေ့သောပညတ်တော်တိုင်းကို ထင်ရှားရှင်းလင်းစေတော်မူ၏။
Verse 5 — Surah Ad-Dukhan 44:5
၅။ ငါ၏အထံတော်မှ ပညတ်တော်ဖြစ်၏။
Verse 6 — Surah Ad-Dukhan 44:6
၆။ ကျမ်းတော်သည် သင်၏ အရှင်သခင်အထံတော်မှ ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ မှတ်သားလော့၊ အရှင်မြတ် သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 7 — Surah Ad-Dukhan 44:7
၇။ အရှင်မြတ်သည် မိုးကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် မိုးမြေအကြားရှိသမျှအရာဝထ္ထုခပ်သိမ်းကုန်တို့၏ အရှင် သခင်ဖြစ်တော်မူ၏၊ အို-လူသားတို့၊ သင်တို့၌ ယုံကြည်မှုတရားအမှန်အကန်ရှိလျှင် ကောင်းလေစွ။
Verse 8 — Surah Ad-Dukhan 44:8
၈။ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ အလ္လာဟ်အရှင်မြတ်သာလျှင် အသက်ရှင်စေတော်မူ၏၊ အသက် သေစေတော်မူ၏၊ အရှင်မြတ်သည် သင်နှင့် သင်၏ မိဘဘိုးဘွားရှေးလူဟောင်းတို့၏ အသက်သခင်ကျေးဇူး ရှင်ကြီးဖြစ်တော်မူ၏။
Verse 9 — Surah Ad-Dukhan 44:9
၉။ သို့ပါလျက် သူတို့သည် ဒွိဟသံသယမှု၌ နစ်မွန်းနေကြ၏။
Verse 10 — Surah Ad-Dukhan 44:10
၁ဝ။ အို-တမန်တော်၊ သင်သည် မိုးကောင်းကင်မှ တစ်ခဲနက်သောအခိုးအလျှံတို့ထင်ရှားစွာထွက်ပေါ်လာမည့်နေ့ကို စောင့်ဆိုင်းနေလော့။
Verse 11 — Surah Ad-Dukhan 44:11
၁၁။ ထိုအခိုးအလျှံတို့သည် လူသားတို့ကို ဝိုင်းဝန်းဖုံးအုပ်ထားလိမ့်မည်၊ ဤသည်ကား အလွန်ပြင်းပြနာကျယ်ဖွယ်သော အပြစ်ဒဏ်တော်ကြီးဖြစ်၏။
Verse 12 — Surah Ad-Dukhan 44:12
၁၂။ ထိုအခါမယုံကြည်သူတို့က ဟစ်အော်လျှောက်တင်ကြမည်မှာ အို-အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အကျွန်ုပ်တို့ကို အပြစ်ဒဏ်တော်မှ ကယ်နှုတ်တော်မူပါ၊ အကျွနု်ပ်တို့သည် ယုံကြည်သူအမှန်ပင်ဖြစ်ကြပါ၏။
Verse 13 — Surah Ad-Dukhan 44:13
၁၃။ စင်စစ်မှာ သူတို့သည် အဘယ်မှာလျှင် တရားတော်ကို သတိရကြမည်နည်း၊ အမှန်ကိုဆိုသော် တရားတော်ကို ရှင်းလင်းဟောပြောသောတမန်တော်သည် သူတို့ထံ၌ ပွင့်လာခဲ့ပြီ။
Verse 14 — Surah Ad-Dukhan 44:14
၁၄။ သို့ပါလျက် ထိုသူတို့သည် ထိုတမန်တော်ကို မျက်နှာလွှဲကျောခိုင်းကြပြီးလျှင် သူတပါးသင်ကြားခြင်းခံရသော အရူးသာတည်းဟူ၍ ဆိုကြ၏။
Verse 15 — Surah Ad-Dukhan 44:15
၁၅။ မှတ်သားကြလော့၊ ငါသည် အပြစ်ဒဏ်ကို ခေတ္တခဏဖယ်ရှားထားတော်မူ၏၊ မှတ်သားကြလော့၊ သင်တို့သည် မိစ္ဆာဒိဋ္ဌိအယူဝါဒသို့ ပြန်ကြ၏။
Verse 16 — Surah Ad-Dukhan 44:16
၁၆။ ငါသည် မိစ္ဆာဒိဋ္ဌိတို့အား အလွန်ကြီးမားသောဖမ်းဆီးခြင်းဖြင့် ဖမ်းဆီးတော်မူသောနေ့တော်ကြီး၌ ငါသည် သူတို့ကို မုချဧကန်အပြစ်ဒဏ်ခတ်တော်မူမည်။
Verse 17 — Surah Ad-Dukhan 44:17
၁၇။ ငါသည် သူတို့ထက်ရှေးကျသောဖွာရော၏ အသင်းသားများကို စုံစမ်းတော်မူ၏၊ သူတို့ထံသို့ အလွန်မြင့်မြတ်သော တမန်တော်တစ်ပါးရောက်လာ၏။
Verse 18 — Surah Ad-Dukhan 44:18
၁၈။ ထိုတမန်တော်က သူတို့အား ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်များကို ငါ့အား ပြန်အပ် ကြလော့၊ ငါသည် သင့်တို့အဖို့အရာ သစ္စာရှိသောတမန်တော်သာတည်း။
Verse 19 — Surah Ad-Dukhan 44:19
၁၉။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား ငါတကောမလုပ်ကြလင့်၊ မှတ်သားကြလော့၊ ငါသည် သင်တို့ထံသို့ ထင်ရှားသောသက်သေခံချက်တော်ကို ယူဆောင်လာ၏။
Verse 20 — Surah Ad-Dukhan 44:20
၂ဝ။ မှတ်သားကြလော့၊ သင်တို့သည် ငါ့ကို ခဲပေါက်၍ သတ်ခြင်းကို မပြုစေခြင်းငှာ ငါသည် ငါ၏အရှင်သခင်၊ သင်တို့၏အရှင်သခင်၌ ခိုလှုံ၏။
Verse 21 — Surah Ad-Dukhan 44:21
၂၁။ အကယ်၍သင်တို့သည် ငါ့ကို မယုံကြည်လျှင် ငါသွားပါရစေ။
Verse 22 — Surah Ad-Dukhan 44:22
၂၂။ သူသည် မိမိ၏ အသက်သခင်ကျေးဇူးရှင်ကြီးအား ဤသူ ဤသူတို့သည် အပြစ်ရှိသူများဖြစ်ကြပါ၏ဟု ငိုကြွေး တိုင်တန်း၏။
Verse 23 — Surah Ad-Dukhan 44:23
၂၃။ ထိုအခါသူ၏ အရှင်သခင်က အို-တမန်တော်မူစာ၊ ငါ၏ ကျေးကျွန်များကို ညတွင်ခေါ်ငင်ထွက်ပြေးလော့၊ မှတ်သားလော့၊ သင်တို့ကို လိုက်ဖမ်းလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူ၏။
Verse 24 — Surah Ad-Dukhan 44:24
၂၄။ ထို့အပြင်ပင်လယ်ကို သင်တို့နောက်တွင် စွန့်ထားခဲ့ကြလော့၊ သင်၏ ရန်သူတို့သည် ရေနစ်မြုပ်သေရသော စစ်သည်တော်များဖြစ်ကြ၏။
Verse 25 — Surah Ad-Dukhan 44:25
၂၅။ ထိုသူတို့သည် မြောက်မြားစွာသောဥယျာဉ်ပန်းမာလ်နှင့် စိမ့်စမ်းရေတွင်းများကို စွန့်ပစ်ထားခဲ့ကြရ၏။
Verse 26 — Surah Ad-Dukhan 44:26
၂၆။ ထို့အပြင် ကိုင်းကျွန်းလယ်ယာ၊ ဥစ္စာခမ်းနား၊ အလွန်ကြီးကျယ်သောအဆောက်အဦးများကိုလည်း စွန့်ပစ်ထားခဲ့ ကြရ၏။
Verse 27 — Surah Ad-Dukhan 44:27
၂၇။ ထို့အပြင်လည်း ၎င်းတို့အလွန်မွေ့လျော်ပျော်ပါးစံစားသည့်လောကီစည်းစိမ်ရိပ်ငြိမ်ချမ်းသာစသည်တို့ကိုလည်း စွန့်လွှတ်ပစ်ထားခဲ့ကြရ၏။
Verse 28 — Surah Ad-Dukhan 44:28
၂၈။ ၎င်းတို့သည် ဤကဲ့သို့ပင် ဘဝပြောင်းသွားကြရ၏၊ နောက်သူတို့ပိုင်ပစ္စည်းဥစ္စာများကို အခြားအသင်းသား တို့အား အမွေပစ္စည်းဖြစ်စေတော်မူ၏။
Verse 29 — Surah Ad-Dukhan 44:29
၂၉။ ၎င်းတို့သေကြေပျက်စီးသောကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်က ဝမ်းနည်းကြေကွဲခြင်းမပြုချေ၊ သူတို့၏ အပြစ်ဒဏ်ကို ရွှေ့ဆိုင်းထားတော်မမူချေ။
Verse 30 — Surah Ad-Dukhan 44:30
၃ဝ။ ငါသည် အစ္စရာအီလ်အမျိုးသားတို့အား ရှက်ဖွယ်သောအပြစ်ဒဏ်မှ ကယ်နှုတ်တော်မူ၏။
Verse 31 — Surah Ad-Dukhan 44:31
၃၁။ ငါသည် သူတို့ကို ဖွာရောမင်းလက်မှ ကယ်နှုတ်တော်မူ၏၊ သူသည် မသူတော်တို့၏ အာဏာရှင်ဖြစ်၏။
Verse 32 — Surah Ad-Dukhan 44:32
၃၂။ ငါသည် အစ္စရာအီလ်အမျိုးသားတို့ကို လူမျိုးတကာတို့အထဲမှ ရွေးကောက်ချီးမြှောက်တော်မူ၏။
Verse 33 — Surah Ad-Dukhan 44:33
၃၃။ ငါသည် သူတို့အား ငါ၏ သက်သေသာဓကတော်များကို ချပေးသနားတော်မူ၏၊ ထိုသာဓကတော်များသည် ထင်ရှားကြီးမားသောစုံစမ်းခြင်းလည်းဖြစ်၏။
Verse 34 — Surah Ad-Dukhan 44:34
၃၄။ မှတ်သားကြလော့၊ ဤကိုရိုက်ရ်ှအမျိုးသားတို့သည် အမှန်ပင် ဤသို့ဆိုကြ၏။
Verse 35 — Surah Ad-Dukhan 44:35
၃၅။ ငါတို့သည် ပထမသေလွန်ကွယ်ပျောက်ပြီးသည့်နောက် ဘာမျှမဖြစ်နိုင်ချေ၊ ငါတို့သည် ပြန်ရှင်ရမည်မဟုတ်ချေ။
Verse 36 — Surah Ad-Dukhan 44:36
၃၆။ သင်တို့အမှန်ကိုဆိုလျှင် ငါတို့မိဘဘိုးဘွားတို့ကို ပြန်ယူခဲ့ပါ။
Verse 37 — Surah Ad-Dukhan 44:37
၃၇။ သူတို့သည် တူဘာလူမျိုးနှင့် ၎င်းတို့ထက်ရှေးကျသောလူဟောင်းများထက် သာလွန်ကောင်းမြတ်ကြသလော၊ ငါသည် ထိုသူတို့အားလုံးကို သူတို့၏အပြစ်များကြောင့် ကွပ်မျက်စီရင်တော်မူ၏။
Verse 38 — Surah Ad-Dukhan 44:38
၃၈။ ငါသည် ကမ္ဘာမြေပြင်မိုးကောင်းကင်နှင့်တကွ မိုးမြေအကြားရှိရှိသမျှအရာများကို အချည်းနှီးအကျိုးမဲ့ဖန်ဆင်း တော်မူသည်မဟုတ်ချေ။
Verse 39 — Surah Ad-Dukhan 44:39
၃၉။ ငါသည် ၎င်းတို့ကို တရားတော်အတွက်သာ ဖန်ဆင်းတော်မူ၏၊ သို့သော်အရေအတွက်များစွာသောသူတို့သည် မသိကြချေ။
Verse 40 — Surah Ad-Dukhan 44:40
၄ဝ။ မုချဧကန်တရားစီရင်ဆုံးဖြတ်တော်မူသောနေ့တော်ကြီးကို သူတို့အားလုံးအတွက် သတ်မှတ်ချိန်းချက်ထားတော် မူ၏။
Verse 41 — Surah Ad-Dukhan 44:41
၄၁။ ထိုနေ့တော်ကြီး၌ မိတ်ဆွေတစ်ဦးက အခြားမိတ်ဆွေတစ်ဦးကို ကျေးဇူးမပြုနိုင်ချေ၊ သူတို့ကို ကူညီရိုင်းပင်း မည်မဟုတ်ချေ။
Verse 42 — Surah Ad-Dukhan 44:42
၄၂။ သို့ရာတွင် အလ္လာဟ်အရှင်မြတ် ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောသူများကား ယင်းသို့မဟုတ်ချေ၊ မှတ်သားကြလော့၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။
Verse 43 — Surah Ad-Dukhan 44:43
၄၃။ မှတ်သားကြလော့၊ ရှားစောင်းပင်သည်သာလျှင်။
Verse 44 — Surah Ad-Dukhan 44:44
၄၄။ အပြစ်ထိုက်သင့်သူတို့စားမျိုရန် အစာအာဟာရဖြစ်၏။
Verse 45 — Surah Ad-Dukhan 44:45
၄၅။ ထိုရှားစောင်းပင်သည် ငရဲသားတို့ဝမ်းတွင်း၌ အရည်ကျိုထားသောကြေးနီရည်ကဲ့သို့ ပွက်ပွက်ဆူနေ၏။
Verse 46 — Surah Ad-Dukhan 44:46
၄၆။ ရေနွေးပွက်ပွက်ဆူနေသကဲ့သို့လည်း ဖြစ်၏။
Verse 47 — Surah Ad-Dukhan 44:47
၄၇။ ထိုနေ့တော်ကြီး၌ မိန့်တော်မူမည်မှာ ဤသူကို ဖမ်းဆီး၍ ငရဲမီးအတွင်းသို့ ဆွဲသွင်းလော့။
Verse 48 — Surah Ad-Dukhan 44:48
၄၈။ ထို့နောက်သူ၏ ဦးခေါင်းထိပ်ထက် ပွက်ပွက်ဆူသောရေပူကို လောင်းချလော့။
Verse 49 — Surah Ad-Dukhan 44:49
၄၉။ ထို့အပြင်၎င်းအား ဤသို့ပြောလော့၊ နင်သည် ဤအပြစ်ဒဏ်၏ အရသာကို မြိန်ရှက်စွာမြည်းလော့၊ စင်စစ်မှာ နင်သည် လောကတွင် တန်ခိုးဂုဏ်သိမ်မြင့်မြတ်၏။
Verse 50 — Surah Ad-Dukhan 44:50
၅ဝ။ မှတ်သားလော့၊ ယနေ့သည် နင်ယုံမှားသံသယရှိသောနေ့တော်ကြီးအမှန်ပင်ဖြစ်၏။
Verse 51 — Surah Ad-Dukhan 44:51
၅၁။ မှတ်သားကြလော့၊ ဆွလားသ်ဝတ်ကို စောင့်ထိန်းသောသူတို့သည် လုံခြံုသာယာသောနေရာ၌ စံစားရလိမ့်မည်။
Verse 52 — Surah Ad-Dukhan 44:52
၅၂။ ပန်းမလ်ဥယျာဉ်စိမ့်စမ်းချောင်းမြောင်းတို့အလယ်တွင် စံစားရလိမ့်မည်။
Verse 53 — Surah Ad-Dukhan 44:53
၅၃။ နူးည့ံပြေပြစ်သောပိုးထည်အဝတ် ပန်းအမျိုးမျိုးထိုးထား၍ ချောမောထူထပ်သောပိုးထည်အဝတ်များကို ဝတ်ဆင် လျက် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်၍ နေထိုင်စံစားရလိမ့်မည်။
Verse 54 — Surah Ad-Dukhan 44:54
၅၄။ ယင်းကဲ့သို့ မွေ့လျော်စံစားစေတော်မူမည်၊ ၎င်းအပြင်ငါသည် ၎င်းတို့အား မျက်လုံးမျက်ဆံပြည့်ဝသောနတ် ကညာတို့နှင့် ထိမ်းမြားပေးတော်မူလိမ့်မည်။
Verse 55 — Surah Ad-Dukhan 44:55
၅၅။ သူတို့သည် နိဗ္ဗာန်ဥယျာဉ်တော်၌ ဘေးမရှိ လုံခြံုစွာနှင့် အလိုရှိရာအထူးထူးအထွေထွေသောသီးမျိုးဥမျိုးများကို တောင်းယူနိုင်ကြ၏။
Verse 56 — Surah Ad-Dukhan 44:56
၅၆။ သူတို့သည် ပထမသေခြင်းမှတပါး နိဗ္ဗာန်တွင် သေခြင်းကို မတွေ့ကြံုရတော့ချေ၊ ထို့အပြင်အရှင်မြတ်သည် သူတို့ကို ငရဲဘေးဒဏ်မှ ကယ်နှုတ်တော်မူပြီ။
Verse 57 — Surah Ad-Dukhan 44:57
၅၇။ ယင်းကယ်နှုတ်ခြင်းသည် သင်၏အသက်သခင်ကျေးဇူးရှင်ကြီး၏ ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ အထွဋ်မြတ်ဆုံး သောအောင်မြင်ခြင်းတည်း။
Verse 58 — Surah Ad-Dukhan 44:58
၅၈။ အို-တမန်တော်၊ သူတို့တရားရစေဖို့ရာ ငါသည် ဤကျမ်းမြတ်ကုရ်အာန်ကို လွယ်ကူစွာသိနိုင်ရန် သင်၏ ဘာသာစကားဖြင့် ထုတ်ပြန်ပို့ချပေးသနားတော်မူ၏။
Verse 59 — Surah Ad-Dukhan 44:59
၅၉။ သို့ဖြစ်၍ သင်သည် စောင့်ဆိုင်းနေလော့၊ သူတို့လည်း စောင့်ဆိုင်းနေကြ၏။