Verse 1 — Surah Al-Jathiyah 45:1
၁။ ဟာ မီး(မ်)။
Verse 2 — Surah Al-Jathiyah 45:2
၂။ ဤကုရ်အာန်ကျမ်းတော်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်အလ္လာဟ်အရှင်မြတ်၏ အထံ တော်မှ ဖြစ်၏။
Verse 3 — Surah Al-Jathiyah 45:3
၃။ မှတ်သားကြလော့၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၌ ယုံကြည်သူတို့အဖို့အရာ သက်သေသာဓကတော်များ ပါရှိ၏။
Verse 4 — Surah Al-Jathiyah 45:4
၄။ အို-လူသားအပေါင်းတို့၊ သင်တို့ကို ဖန်ဆင်းတော်မူခြင်းနှင့် တိရိစ္ဆာန်သတ္တဝါများကို ကမ္ဘာမြေပေါ်ဝယ် အနှံ့အပြား ကြဲဖြန့်ထားတော်မူခြင်းတို့၌လည်း အမှန်အကန်ယုံကြည်သူတို့အဖို့အရာ သက်သေသာဓကတော်များပါရှိ၏။
Verse 5 — Surah Al-Jathiyah 45:5
၅။ နေ့နှင့်ညဉ့်ကို အလှည့်ကျလဲလှယ်တော်မူခြင်း၊ မိုးကောင်းကင်မှ ရိက္ခာချပေးသနားတော်မူခြင်း၊ မြေသေ မြေဟောင်းတို့ကို ထိုမိုးရေဖြင့် တဖန်ပြန်ရှင်တော်မူခြင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်းများသည် အမျှော်အမြင်စဉ်းစားဉာာဏ်ရှိသူတို့အဖို့အရာ သက်သေသာဓကတော်များဖြစ်ကြ၏။
Verse 6 — Surah Al-Jathiyah 45:6
၆။ အို-တမန်တော်၊ ဤသာဓကများသည် ငါက သင့်အား မှန်ကန်စွာရေရွတ်ပြတော်မူသောသက်သေသာဓကတော် တည်း၊ အလ္လာဟ်နှင့် အရှင်မြတ်၏ သက်သေသာဓကတော်များကို မယုံကြည်ငြင်းသောသူတို့သည် အဘယ် အရာကို ယုံမည်နည်း။
Verse 7 — Surah Al-Jathiyah 45:7
၇။ ဒုစရိုက်မုသားကောင်တိုင်းပင် ပျက်စီးဆုံးရှုံးရမည်သာတည်း။
Verse 8 — Surah Al-Jathiyah 45:8
၈။ ထိုသူသည် မိမိအား ရွတ်ဖတ်ပြသော အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကို ကြားသော်လည်း မကြားသကဲ့သို့ အလေးမပြု မော်ကြွားနေ၏၊ ထို့ကြောင့်အေ-တမန်တော်၊ သင်သည် ထိုသူအား အလွန်ပြင်းပြ နာကျင်ဖွယ်သောအပြစ်ဒဏ်အကြောင်း သတင်းကို ပေးလော့။
Verse 9 — Surah Al-Jathiyah 45:9
၉။ ထိုသူသည် ငါ၏နှုတ်ကပတ်တော်များမှ တစ်စုံတစ်ခုသောဂါထတော်ကို သိရသောအခါ သူသည် ထိုဂါထာတော် ကို ပျက်ရယ်၏၊ ဤလူအမျိုးအစားအဖို့အရာ အလွန်ရှက်ဖွယ်သောအပြစ်ဒဏ်တော်ရှိ၏။
Verse 10 — Surah Al-Jathiyah 45:10
၁ဝ။ ထိုသူတို့ရှေ့၌ ငရဲရှိ၏၊ သူတို့၏ လောကီစည်းစိမ်ဥစ္စာတို့သည်ကား ထိုသူတို့ကို ကျေးဇူးမပြုစွမ်းနိုင်ချေ၊ သူတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ အလ္လာဟ်အရှင်မြတ်မှတပါး ၎င်းတို့ကိုးကွယ်သောဘုရားတုဘုရားယောင် တို့သည် ဘာမျှမတတ်စွမ်းနိုင်ချေ၊ သူတို့ခံစားဖို့ရာ အလွန်ကြီးမားသောအပြစ်ဒဏ်တော်ရှိ၏။
Verse 11 — Surah Al-Jathiyah 45:11
၁၁။ ဤကျမ်းတော်သည် လမ်းညွှန်ကျမ်းတော်ဖြစ်၏၊ အကြင်သူတို့သည် မိမိတို့၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ နှုတ်ကပတ်တော်ကို မယုံကြည်အ့ံ၊ ထိုသူတို့အဖို့အရာ အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်တော်ရှိ၏။
Verse 12 — Surah Al-Jathiyah 45:12
၁၂။ အရှင်မြတ်၏ အမိန့်တော်အားဖြင့် လှေသင်္ဘောစသည်တို့သည် ပင်လယ်သမုဒ္ဒရာများတွင် သွားလာရန်သော် လည်းကောင်း၊ သင်တို့သည် အရှင်မြတ်၏ ကျေးဇူးတော်ကို ရှာဖွေကြရန်သော်လည်းကောင်း၊ သင်တို့သည် အရှင်မြတ်ကျေးဇူးတော်ကို သိကောင်းသိရန်သော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာ ကို သင်တို့အကျိုးရှိဖို့ရာ ဖန်ဆင်းတော်မူ၏။
Verse 13 — Surah Al-Jathiyah 45:13
၁၃။ အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ် ရှိသမျှအရာခပ်သိမ်းတို့ကို သင်တို့အကျိုးရှိဖို့ရာ စီမံ ပြုပြင်ထားတော်မူ၏၊ ဤအရာများသည် အရှင်မြတ်အထံတော်မှ ဖြစ်၏၊ မှတ်သားကြလော့၊ ယင်းအချက်များ တွင် စဉ်းစားဆင်ခြင်တတ်သူတို့အဖို့အရာ သက်သေသာဓကတော်များပါရှိ၏။
Verse 14 — Surah Al-Jathiyah 45:14
၁၄။ ယုံကြည်သူတို့အား အလ္လာဟ်အရှင်မြတ်၏ နေ့ထူးနေ့မြတ်ကို မမျှော်လင့်၊ မကိုးစားသူတို့ကို အပြစ်လွှတ်ရန် ဟောပြောလော့၊ အကြောင်းမူကား အရှင်မြတ်သာလျှင် လူသားတို့ကို မိမိတို့ပြုကျင့်ခဲ့သည့်အလျောက် ကောင်းမှု ဆိုးကျိုးပေးသနားစီရင်တော်မူရန်ဖြစ်၏။
Verse 15 — Surah Al-Jathiyah 45:15
၁၅။ အကြင်သူသည် ကုသိုလ်ကောင်းမှုကို ပြုကျင့်အ့ံ၊ ထိုကောင်းမှုသည် သူ၏ ဝိညာဉ်ကောင်းစားဖို့ရာသာဖြစ်၏၊ အကြင်သူသည် အကုသိုလ်မကောင်းမှုကို ပြုကျင့်အ့ံ၊ ထိုမကောင်းမှုသည် သူ၏ ဝိညာဉ်နစ်နာဖို့ရာဖြစ်၏၊ နောက်ဆုံးစွန်၌ သင်တို့အားလုံးကို မိမိတို့အသက်သခင်ကျေးဇူးရှင်ကြီး၏ အထံတော်သို့ ပြန်ယူဆောင်ခဲ့လိမ့်မည်။
Verse 16 — Surah Al-Jathiyah 45:16
၁၆။ လွန်လေပြီးသောအခါဝယ် ငါသည် အစ္စရာအီလ်လူမျိုးအား ကျမ်းတော်ဘုန်းတန်ခိုးအာဏာတော်တမန်တော် အဖြစ်ဖြင့် ချီးမြှောက်တော်မူ၏၊ သူတို့စားသောက်ဖို့ရာ ကောင်းမွန်သန့်ရှင်းသောအစာအဟာရကိုလည်း ချပေး သနားတော်မူ၏၊ သူတို့အား အခြားအမျိုးသားတို့ထက် သာလွန်၍ ကောင်းကြီးမင်္ဂလာချပေးသနားတော်မူ၏။
Verse 17 — Surah Al-Jathiyah 45:17
၁၇။ ငါသည် သူတို့အား ရှင်းလင်းထင်ရှားသောပညတ်တော်များကို ပေးသနားတော်မူ၏၊ သို့သော်တရားအလင်း ရောင်ကို ချပေးသနားတော်မမူမီ သူတို့၌ အချင်းချင်းကွဲလွဲမှုမရှိချေ၊ တရားတော်ကို ပေးသနားတော်မူပြီး မှသာလျှင် မနာလိုဝန်တိုစိတ်ကြောင့် အချင်းချင်းတကွဲတပြားဖြစ်ကြ၏၊ မုချဧကန်သင်၏ အသက်သခင်ကျေးဇူး ရှင်ကြီးသည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သူတို့စပ်ကြားတွင် သူတို့၏ ကွဲပြားမှုများကို စစ်ကြောစီရင် တော်မူလိမ့်မည်။
Verse 18 — Surah Al-Jathiyah 45:18
၁၈။ အို-တမန်တော်၊ ငါသည် သင့်ကို ငါ၏ပညတ်တရားလမ်းပေါ်၌ ထားတော်မူပြီ၊ ထို့ကြောင့်သင်သည် ထိုလမ်း တော်ကြီးကို လိုက်လော့၊ မိစ္ဆာဒိဋ္ဌိတို့၏ အလိုဆန္ဒသို့ မလိုက်လင့်။
Verse 19 — Surah Al-Jathiyah 45:19
၁၉။ မှတ်သားကြလော့၊ သူတို့သည် အလ္လာဟ်အရှင်မြတ်အား အန်မတုနိုင်ချေ၊ မှတ်သားလော့၊ တရားကျူးလွန်သူ တို့သည် အချင်းချင်းတစ်ဦးနှင့်တစ်ဦး အဆွေခင်ပွန်းဖြစ်ကြ၏၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုကို ရှောင်ကြဉ်သူတို့၏ အဆွေခင်ပွန်းကြီးဖြစ်တော်မူ၏။
Verse 20 — Surah Al-Jathiyah 45:20
၂ဝ။ ဤကုရ်အာန်ကျမ်းတော်သည် လူသားတို့အဖို့အရာ ဝိဇ္ဇာအလင်းရောင်ကြီးဖြစ်၏၊ ယုံကြည်သူအစစ်အမှန်တို့ အဖို့အရာ လမ်းပြကျမ်းတော်ကြီးဖြစ်၏၊ ကောင်းကြီးမင်္ဂလာတော်လည်း ဖြစ်၏။
Verse 21 — Surah Al-Jathiyah 45:21
၂၁။ အကုသိုလ်မကောင်းမှုပြုကျင့်သူတို့က သူတို့နှင့်ယုံကြည်၍ ကုသိုလ်ကောင်းမှုပွားများသူတို့ကို ဤဘဝနောင်ဘဝ၌ ထပ်တူထပ်မျှအရှင်မြတ်ထားတော်မူမည်ဟု ထင်မှတ်ကြသလော၊ သူတို့၏ အယူအဆမှားလေစွ။
Verse 22 — Surah Al-Jathiyah 45:22
၂၂။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေပြင်မိုးကောင်းကင်ကို ကောင်းကျိုးအတွက်သာ ဖန်ဆင်းတော်မူ၏၊ သို့ ဖန်ဆင်းတော်မူခြင်းမှာ လူခပ်သိမ်းတို့သည် မိမိတို့ကြိုးစားမှု၏ အကျိုးအပြစ်ကို ခံစားစိမ့်သောငှာဖြစ်၏၊ သူတို့သည် မတရားပြုခြင်းကို ခံရမည်မဟုတ်ချေ။
Verse 23 — Surah Al-Jathiyah 45:23
၂၃။ အို-တမန်တော်၊ မိမိအလိုဆန္ဒကို အရှင်သခင်အမှတ် ဆည်းကပ်ကိုးကွယ်သူကို သင်မြင်၏လော၊ အလ္လာဟ် အရှင်မြတ်သည် သိလျက်နှင့် သူ့ကို လမ်းမှားတွင် ပစ်ထားတော်မူ၏၊ သူ၏ နားနှင့်နှလုံးကို တံဆိပ်ခတ်နှိပ်ထား တော်မူ၏၊ မျက်စိကိုလည်း အဆီးအကာနှင့်ဖုံးအုပ်ထားတော်မူ၏၊ အလ္လာဟ်အရှင်မြတ်စွန့်ပစ်တော်မူပြီးမှ သူ့ကို အဘယ်သူသည် လမ်းပြမည်နည်း၊ သင်တို့သည် တရားတော်ကို အရေးစိုက်ကြမည်မဟုတ်လော။
Verse 24 — Surah Al-Jathiyah 45:24
၂၄။ သူတို့သည် ဤသို့ပြောကြ၏၊ ဤဘဝမှတပါး အခြားဘဝမရှိချေ၊ ကျွနု်ပ်တို့သည် ဓမ္မတာအတိုင်း သေကြရှင်ကြ ၏၊ အချိန်ကာလမှတပါး အခြားမည်သည့်အရာမျှ ငါတို့ကို မဖျက်ဆီးနိုင်ချေ၊ သူတို့သည် ဤအကြောင်းအရာ ကို မသိပဲ ရမ်းဆ၍သာ ပြောဆိုကြ၏။
Verse 25 — Surah Al-Jathiyah 45:25
၂၅။ ငါချပေးသနားတော်မူသောနှုတ်ကပတ်တော်များကို သူတို့အား ရွတ်ဖတ်ပြသောအခါ သူတို့သည် ဘာမျှအချေ အတင်မပြောနိုင်ပဲ ဤသို့ဆိုကြ၏၊ သင်တို့အမှန်ကို ဆိုသော် ငါတို့၏ သွားလေသူမိဘဘိုးဘွားတို့ကို ပြန်ယူခဲ့ ကြပါ။
Verse 26 — Surah Al-Jathiyah 45:26
၂၆။ အေ-တမန်တော်၊ ဟောပြောလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်သာလျှင် သင်တို့ကို အသက်ရှင် စေတော်မူ၏၊ သေလည်းသေစေတော်မူ၏၊ ထို့နောက်ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သင်တို့ကို ပြန်ရှင် စေတော်မူမည်၊ စုဆောင်းတော်မူမည်၊ ဤအကြောင်းကို ယုံမှားသံသယလုံးဝမရှိနိုင်ချေ၊ သို့သော် များစွာသော လူသားတို့သည် မသိကြချေ။
Verse 27 — Surah Al-Jathiyah 45:27
၂၇။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ကို စိုးပိုင်တော်မူ၏၊ အကြင်နေ့၌ အချိန်တော် ကျရောက်လာ၏၊ ထိုနေ့၌ မိစ္ဆာအယူဝါဒကို လိုက်သောသူတို့သည် ဆုံးရှုံးပျက်စီးရလိမ့်မည်။
Verse 28 — Surah Al-Jathiyah 45:28
၂၈။ ထိုနေ့တော်ကြီး၌ သင်သည် လူမျိုးတိုင်းအား ပဆစ်ဒူးတုပ်လျက် ထိုင်နေကြသည်ကို မြင်ရလိမ့်မည်၊ လူမျိုး အသီးသီးတို့အား သူတို့ပြုကျင့်မှုစာရင်းရှိရာသို့ ဆင့်ခေါ်ပြီးလျှင် ဤသို့မိန့်တော်မူမည်၊ ယနေ့သင်တို့ပြုခဲ့သော အမှုအခင်းများ၏ ကောင်းကျိုးဆိုးကျိုးများကို ပြန်ဆပ်တော်မူလတ့ံ။
Verse 29 — Surah Al-Jathiyah 45:29
၂၉။ ငါ၏ စာရင်းစာအုပ်သည် သင်တို့၏ ပြုကျင့်မှုများကို မှန်ကန်စွာထုတ်ဖော်ပြထား၏၊ မှတ်သားကြလော့၊ ငါ သည် သင်တို့ပြုကျင့်သမျှတို့ကို အကုန်အစင်မှတ်ပုံတင်ထားစေတော်မူ၏။
Verse 30 — Surah Al-Jathiyah 45:30
၃ဝ။ ထိုအခါ အကြင်သူတို့သည် ယုံကြည်ခြင်းတရားရှိလျက် ကုသိုလ်ကောင်းမှုကို ပွားများခဲ့အ့ံ၊ ထိုသူတို့အား သူတို့၏ အသက်သခင်ကျေးဇူးရှင်ကြီးသည် မိမိ၏ ကောင်းကြီးမင်္ဂလာတော်အတွင်းသို့ သွတ်သွင်းတော်မူ လိမ့်မည်၊ ထိုသွတ်သွင်းတော်မူခြင်းသည် ထင်လင်းသောအောင်ဆုမင်္ဂလာတော်ကြီးဖြစ်၏။
Verse 31 — Surah Al-Jathiyah 45:31
၃၁။ သို့သော်အကြင်သူတို့သည် မယုံကြည်ငြင်းပယ်ခဲ့ကြအ့ံ၊ ထိုသူတို့အား ဤသူမိန့်တော်မူလိမ့်မည်၊ ငါ၏ ပညတ် တော်များကို သင်တို့အား ရွတ်ဖတ်ပြခဲ့သည်မဟုတ်လော၊ သို့သော် သင်တို့သည် တရားတော်ကို ရွံရှာ၍ အပြစ်ရှိသူများဖြစ်ကြ၏။
Verse 32 — Surah Al-Jathiyah 45:32
၃၂။ အရှင်မြတ်၏ ကတိသစ္စာတော်သည် မှန်ကန်၏၊ အချိန်ကာလတော်ကြီးကျရောက်လာမည်ကို ယုံမှားသံသယ မရှိနိုင်ချေဟု နင်တို့အား ပြောသောအခါ နင်တို့က ငါတို့သည် ထိုအချိန်မည်သည်ဖြစ်စေကို မသိချေ၊ ထို အရာသည် ထင်မိထင်ရာပြောခြင်းမှတပါး အခြားတရားမဟုတ်ဟု ငါတို့ကြံစည်ယူဆ၏၊ ထိုအကြောင်းကို ငါတို့ယုံမှားသံသယရှိ၏ဟု ပြောကြ၏။
Verse 33 — Surah Al-Jathiyah 45:33
၃၃။ ထိုအခါသူတို့ပြုကျင့်ခဲ့သောဒုစရိုက်အမိုက်တရားများသည် သူတို့မျက်မှောက်၌ ထင်ရှားလာလိမ့်မည်၊ သူတို့ ပြောင်လှောင်ပျက်ချော်ပြုလေ့ရှိသောအရာတို့သည် သူတို့အပေါ်သို့ ကျရောက်လာလိမ့်မည်။
Verse 34 — Surah Al-Jathiyah 45:34
၃၄။ ထို့အပြင် သူတို့အား ဤသို့မိန့်တော်မူလတ့ံ၊ နင်တို့သည် ဤနေ့တော်ကြီး၏ စည်းဝေးပွဲသဘင်ကို မေ့လျော့ သကဲ့သို့ ငါသည်လည်း ငါသည်လည်း သင်တို့ကို ဤနေ့တော်ကြီး၌ မေ့လျော့တော်မူမည်၊ နင်တို့၏ နေထိုင်ရာ ဌာနမှာကား ငရဲမီးဖြစ်၏၊ နင်တို့ကို ကူညီစောင်မမည့်သူဆို၍ တစ်စုံတစ်ယောက်မျှမရှိချေ။
Verse 35 — Surah Al-Jathiyah 45:35
၃၅။ နင်တို့သည် ယင်းကဲ့သို့မရှုမလှခံစားရခြင်းကား အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပတ်တော်များကို ပျက်ချော် ပြောင်လှောင်ကြသောကြောင့်ဖြစ်၏၊ နင်တို့ကို လောကကြီးက လှည့်စားနေသောကြောင့်လည်းဖြစ်၏၊ ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ငရဲမီးထဲမှ ထွက်လာရမည်မဟုတ်ချေ၊ သူတို့သည် မိမိကိုယ်ကို မိမိမပြုပြင်နိုင်ကြချေ။
Verse 36 — Surah Al-Jathiyah 45:36
၃၆။ ထို့ကြောင့်ကောင်းကင်ဘုံများ၏ အရှင်သခင်၊ မဟာပထဝီမြေကြီး၏ အရှင်သခင်၊ အနန္တစကြာဝဠာတို့၏ အရှင်သခင်၊ အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူပါ၏။
Verse 37 — Surah Al-Jathiyah 45:37
၃၇။ မိုးမြေနှစ်ပါး၌ ကြီးကဲမြင့်မြတ်တင့်တယ်ခန့်ငြားခြင်းသည် အရှင်မြတ်အဖို့သာလျှင် ဖြစ်၏၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။