Verse 1 — Surah Al-Ahqaf 46:1
၁။ ဟာ မီး(မ်)။
Verse 2 — Surah Al-Ahqaf 46:2
၂။ ဤကုရ်အာန်ကျမ်းတော်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်အလ္လာဟ်အရှင်မြတ်၏ အထံ တော်မှ ဖြစ်၏။
Verse 3 — Surah Al-Ahqaf 46:3
၃။ ငါသည် ကမ္ဘာမြေပြင် မိုးကောင်းကင်ကို ကောင်းကျိုးအတွက်မှတပါး အခြားအတွက် ဖန်ဆင်းတော်မမူချေ၊ ထို့အပြင်သတ်မှတ်ထားသောကာလအချိန်အတွက်သာဖြစ်၏၊ သို့သော်မယုံကြည်သူတို့သည် သတိပေးနှိုးဆော် ခြင်းမှ လှည့်သွားကြ၏။
Verse 4 — Surah Al-Ahqaf 46:4
၄။ အို-တမန်တော်၊ ဟောပြောလော့၊ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ကိုးကွယ်သောဘုရားတုဘုရားယောင် များအကြောင်းကို စဉ်းစားကြပြီးပြီလော၊ ထိုဘုရားများ ကမ္ဘာမြေပြင်ဝယ် ဖန်ဆင်းသောအရာများကို ငါ့အား ပြကြလော့၊ သို့မဟုတ် သူတို့သည် အထက်မိုးကောင်းကင်တွင်လည်း တစ်စုံတစ်ခုကို စီမံခန့်ခွဲသလော၊ အကယ်၍သင်တို့သည် အမှန်စကားကို ဆိုသော် ဤကုရ်အာန်ကျမ်းတော်ကို ချပေးတော်မမူမီ သင်တို့အား ချပေးသောကျမ်း၊ သို့မဟုတ် ထိုကျမ်းမှ ကြွင်းကျန်ရစ်သောအစိတ်အပိုင်းကို ငါ့အား တင်ပြကြလော့။
Verse 5 — Surah Al-Ahqaf 46:5
၅။ အလ္လာဟ်အရှင်မြတ်မှတပါး ရှင်ပြန်ထမြောက်ရသောနေ့တိုင်အောင် မိမိတို့ဆုတောင်းချက်ကို ကြားလည်းမကြား၊ သိလည်းမသိသောဘုရားတုများကို ကိုးကွယ်သောသူတို့ထက် သာလွန်လမ်းမှားသူသည် မည်သူနည်း။
Verse 6 — Surah Al-Ahqaf 46:6
၆။ တရားစီရင်တော်မူဖို့ရာ လူသားအပေါင်းတို့ကို စုပေါင်းသောအခါ အတုအယောင်ဘုရားများတို့သည် မိမိတို့ကို ကိုးကွယ်သူများ၏ ရန်သူဖြစ်၍ သူတို့အား ကိုးကွယ်ခြင်းငြင်းပယ်လိမ့်မည်။
Verse 7 — Surah Al-Ahqaf 46:7
၇။ ငါ၏ ရှင်းလင်းထင်ရှားသောနှုတ်ကပတ်တော်များကို သူတို့အား ရွတ်ဖတ်ပြသောအခါ သူတို့သစ္စာတရားတော်ကို ဤအရာသည် မျက်လှည့်အတတ်သာဖြစ်၏ဟု ပြောဆိုကြ၏။
Verse 8 — Surah Al-Ahqaf 46:8
၈။ သို့မဟုတ် သူတို့က ရှင်မိုဟမ္မဒ် မဟုတ်မမှန်ဖန်တီးသောကျမ်းသာတည်းဟု ဆိုကြသလော၊ အေ-တမန်တော်၊ ဟောပြောလော့၊ ငါသည် ဤကျမ်းတော်ကို ဖန်တီးယူခဲ့ပါမူ သင်တို့သည် ငါ့ကို အလ္လာဟ်အရှင်မြတ်နှင့်အန်တု၍ ကူညီနိုင်စွမ်းမရှိချေ၊ အရှင်မြတ်ည် ထိုကျမ်းတော်နှင့်စပ်လျဉ်း၍ သင်တို့အချင်းချင်းပြောဆိုသမျှကို အကုန်အစင် ကြားသိတော်မူပါ၏၊ ငါနှင့်သင်တို့အလယ်ကြားတွင် သက်သေအဖြစ် အလ္လာဟ်အရှင်မြတ်သည် လုံလောက်တော် မူ၏၊ အရှင်မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ် တော်မူ၏။
Verse 9 — Surah Al-Ahqaf 46:9
၉။ အို-တမန်တော်၊ ဟောပြောလော့၊ ဟယ်-အချင်းတို့၊ ကမ္ဘာမြေပြင်ဝယ် ပွင့်တော်မူသောတမန်တော်များအနက် ငါသည် တရားသစ်အယူဝါဒသစ်ကို ယူဆောင်လာသူမဟုတ်၊ ရှေးအနာဂတ်ကာလတွင် ငါသော်လည်းကောင်း၊ သင်တို့သော်လည်းကောင်း မည်ကဲ့သို့ဖြစ်ရမည်ကို ငါလုံးဝမသိချေ၊ ငါသည် မိမိစိတ်အတွင်း၌ ထင်ရှားစေတော် မူသောပညတ်တော်ကိုသာလျှင် လိုက်နာကျင့်သုံး၏၊ ငါသည် သတိပေးနှိုးဆော်သူရိုးရိုးသာဖြစ်၏။
Verse 10 — Surah Al-Ahqaf 46:10
၁ဝ။ အို-တမန်တော်၊ ဟောပြောလော့၊ ဟယ်-အချင်းတို့၊ ဤကုရ်အာန်ကျမ်းတော်သည် အလ္လာဟ်အရှင်မြတ်အထံ တော်မှ ကျမ်းတော်ဖြစ်လျက် သင်တို့သည် ဤကျမ်းတော်ကို မယုံကြည်ငြင်းပယ်ကြ၏၊ အစ္စရာအီလ်အမျိုးသား တစ်ယောက်က ဤကျမ်းတော်သည် ရှေးကျသောကျမ်းတော်နှင့်တူကြောင်းကို သက်သေခံ၍ ဤကျမ်းတော် ၌ ယုံကြည်ပြီး သင်တို့မူကား မော်ကြွားပလွှားတုံးပေစွ၊ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် မတရားသူတို့အား လမ်းညွှန်တော်မမူချေ။
Verse 11 — Surah Al-Ahqaf 46:11
၁၁။ ယုံကြည်သူတို့အား မိစ္ဆာဒိဋ္ဌိတို့ပြောဆိုကြသည်မှာ အကယ်၍ ဤကျမ်းတော်သည် ကောင်းမြတ်ပါလျှင် သူတို့ သည် ကျမ်းတော်အတိုင်း မကျင့်ကြံပဲ ဤကျမ်းသည် အလွန်ဟောင်းမြင်းသောမုသားစကားများသာတည်းဟု ဆိုကြကုန်၏။
Verse 12 — Surah Al-Ahqaf 46:12
၁၂။ ကျမ်းမြတ်ကုရ်အာန်ကျမလာမီ တမန်တော်မူစာအား ကျမ်းတော်တစ်စောင်ကို ချပေးတော်မူ၏၊ ထိုကျမ်းတော် သည် လမ်းပြမီးရှုးမီးတိုင်လည်းဖြစ်၏၊ ကောင်းကြီးမင်္ဂလာတော်လည်းဖြစ်၏၊ ဤကျမ်းတော်မြတ်သည် ရှေး ကျမ်းတော်ကို ထောက်ခံသောအာရဗီဘာသာကျမ်းကြီးဖြစ်၏၊ ဤကျမ်းတော်သည် မသူတော်တို့အား သတိပေး ဆုံးမရန်၊ တရားရှိသူတို့အား သတင်းကောင်းကို ပေးရန်အလို့ငှာဖြစ်၏။
Verse 13 — Surah Al-Ahqaf 46:13
၁၃။ မှတ်သားကြလော့၊ အကြင်သူတို့က အကျွနု်ပ်တို့၏အသက်သခင်ကျေးဇူးရှင်ကြီးသည် အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏ဟု ဝန်ခံ၍ လမ်းမှန်ကို လိုက်ကြအ့ံ၊ ထိုသူတို့စိုးရိမ်ကြောင့်ကျဝမ်းနည်းပူဆွေးစရာမရှိချေ။
Verse 14 — Surah Al-Ahqaf 46:14
၁၄။ ဤသူတို့သည် တရားသဖြင့်ဥယျာဉ်တော်ကို ပိုင်ဆိုင်သူများဖြစ်ကြ၏၊ ထိုဥယျာဉ်တော်၌ အစဉ်အမြဲစံစားကြ ရမည်၊ ဥယျာဉ်တော်သည် သူတို့ဆည်းပူးခဲ့သောကုသိုလ်ကောင်းမှုအတွက် ဆုတော်ဖြစ်၏။
Verse 15 — Surah Al-Ahqaf 46:15
၁၅။ ငါသည် လူသားအား မိဘနှစ်ပါးအား ကြင်နာရန် ပညတ်တော်မူ၏၊ မိခင်သည် သူ့ကို ဆင်းရဲပင်ပန်းစွာဝမ်းတွင်း တွင် လွယ်ပိုက်ထားပြီးလျှင် ဆင်းရဲနာကျင်ခြင်းနှင့် မွေးဖွားရ၏၊ ထို့နောက်ကလေးကို နို့ခွဲသည့်တိုင်အောင် လပေါင်းသုံးဆယ်တိုင်ဒုက္ခကြီးစွာနို့ကျွေးပိုက်ထွေး မွေးမြူရ၏၊ နောက်တရွေ့ရွေ့လူလားမြောက်၍ နှစ်လေးဆယ် စေ့ရောက်သော် သူသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အို-အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်၊ အကျွနု်ပ် နှင့် အကျွနု်ပ်၏မိဘနှစ်ပါးအား အရှင်ချပေးသနားတော်မူသောကောင်းကြီးမင်္ဂလာတော်ကို အာရုံပြု၍ အရှင်အား ချီးမွမ်းထောပနာပြုဖို့ရာ အစွမ်းသတ္တိပေးသနားတော်မူပါ၊ အရှင်နှစ်သက်တော်မူသောကောင်းမှုကုသိုလ်များကို ပွားများဖို့ရာ ခွန်အားပေးသနားတော်မူပါ၊ အကျွနု်ပ်နှင့် အကျွနု်ပ်၏ သားမြေးအဆက်ဆက်တို့သည် အကျွနု်ပ် ၌ ကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါ၊ အမှန်မှာ အကျွနု်ပ်သည် တရားသံဝေဂရလျက် အရှင့်ဘက်တော်သို့ မျက်နှာမူ၏၊ အကျွနု်ပ်သည် အရှင်အား ကျိုးနွံနာခံသူတို့ဘောင်တွင် ပါဝင်ပါ၏ဟု ဆုတောင်း၏။
Verse 16 — Surah Al-Ahqaf 46:16
၁၆။ ငါသည် ဤသူတို့ထံမှ သူတို့၏ ကုသိုလ်ကောင်းမှုများကို လက်ခံတော်မူ၍ သူတို့အကုသိုလ်မကောင်းမှုများကို အရေးမယူလျစ်လျူရှုတော်မူ၏၊ သူတို့သည် နိဗ္ဗာန်ဥယျာဉ်တော်ကို ဝင်ရသူတို့ဘောင်တွင် ပါဝင်၏၊ ဤသို့ ခံစားရခြင်းသည် သူတို့အား လောက၌ ပေးထားတော်မူခဲ့သော မှန်ကန်သောကတိသစ္စာအတိုင်းဖြစ်၏။
Verse 17 — Surah Al-Ahqaf 46:17
၁၇။ သို့သော်အကြင်သူသည် မိမိ၏ မိဘနှစ်ပါးအား ထွီဟုဆို၍ မထီမဲ့မြင်ပြု၏၊ စင်စစ်မှာ အကျွနု်ပ်တို့ထက်အလျင် လူအဆက်ဆက်ကွယ်လွန်သေဆုံးကြလေ၏၊ ထိုသူတို့အနက် တစ်စုံတစ်ယောက်မှ ရှင်ပြန်ထမြောက်လာသည် မရှိချေ၊ သို့ပါလျက်သင်တို့သည် အကျွနု်ပ်ကို သေဆုံးပြီးသည်နောက် ရှင်ပြန်ထမြောက်ရမည်ဟု ခြိမ်းခြောက် ကြသလောဟု ငေါက်ငန်းပြောဆိုပစ်ကြ၏၊ ထိုသူ၏ မိဘနှစ်ပါးသည် အလ္လာဟ်အရှင်မြတ်၌ အစောင့်အရှောက် တော်ကို ပန်ထွာ၍ သင်သည် ပျက်စီးဆုံးရှုံးရလတ့ံ၊ ယုံကြည်လော့၊ အရှင်မြတ်၏ ကတိသစ္စာဗျာဒိတ်ချက်သည် မှန်ကန်၏ဟု သူတို့၏ သားများအား ဆုံးမ၏၊ သို့သောသူက ဤတရားသည် ရှေးလူဟောင်းတို့၏ ပုံပြင်စကား များသာတည်းဟူ၍ တုံ့ပြန်ပြောဆိုလေ၏။
Verse 18 — Surah Al-Ahqaf 46:18
၁၈။ လွန်လေပြီးသောဂျင်နတ်သားနှင့် လူသားများနှင့်စပ်လျဉ်းသောဗျာဒိတ်တော်သည် ယင်းကဲ့သို့မိုက်သောသူတို့ အပေါ်၌ တည်၏၊ မှတ်သားကြလော့၊ သူတို့သည် ပျက်စီးဆုံးရှုံးသူများဖြစ်ကြ၏။
Verse 19 — Surah Al-Ahqaf 46:19
၁၉။ အရှင်မြတ်သည် လူသားအပေါင်းတို့အား သူတို့၏ ပြုကျင့်မှုအတိုင်း အဆင့်အတန်းခြားနားစေ၍ ထိုအကျင့် အတိုင်းအကျိုးအပြစ်ကို ပေးသနားတော်မူမည်၊ သူတို့အား မတရားစီရင်တော်မူမည်မဟုတ်ချေ။
Verse 20 — Surah Al-Ahqaf 46:20
၂ဝ။ မိစ္ဆာဒိဋ္ဌိတို့အား ငရဲမီးမှ မကွယ်မကာပဲထားသောနေ့တော်ကြီး၌ သူတို့အား ဤသို့မိန့်တော်မူလိမ့်မည်၊ သင်တို့ သည် လောက၌ မိမိတို့ပစ္စည်းကောင်းများကို ဖြုန်းတည်းပစ်ခဲ့ကြ၏၊ လောကီချမ်းသာကို ရှာမီးခဲ့ကြ၏၊ သို့သော်ယနေ့၌မူကား သင်တို့အား ဂုဏ်သိမ်ည့ံဖျင်းခြင်းအသရေပျက်ခြင်းဆုတော်ကို ပေးသနားတော်မူ၏၊ အကြောင်းမူကား သင်တို့သည် မဟာပထဝီမြေပေါ်ဝယ် တရားမဲ့မော်ကြွားပြီးလျှင် တရားကို ဖောက်ပြန်ကျူးလွန် ခဲ့ကြ၏။
Verse 21 — Surah Al-Ahqaf 46:21
၂၁။ အို-တမန်တော်၊ အားဒ်လူမျိုးတို့၏ သွေးသားဖြစ်သောတမန်တော်ဟုဒ်အကြောင်းကို သင်ဟောကြားလော့၊ ထိုတမန်တော်သည် သူ၏ လူတို့အား ကောက်ကွေးသောသဲကန္တာရအတွင်း၌ သတိပေးနှိုးဆော်၏၊ မုချဧကန် သူ၏ ရှေးကာလ၊ နောက်ကာလ၌ တမန်တော်များပွင့်ခဲ့ပြီ၊ သူတို့၏ ဓမ္မစကားမှာ ဟယ်-အချင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်မှတပါး တစ်စုံတစ်ရာကိုမျှ မကိုးကွယ်ကြလင့်၊ မုချဧကန်ငါသည် နေ့တော်ကြီး၏ အပြစ်ဒဏ် ကို သင်တို့အတွက် ကြောက်ရွံ့မိ၏။
Verse 22 — Surah Al-Ahqaf 46:22
၂၂။ ထိုသူတို့က ဟယ်-အချင်း၊ သင်သည် ငါတို့အား မိမိတို့ဘုရားများကို ကျောပေး၍ သွားစေခြင်းငှာ သွေးဆောင် ဖို့ရာ လာခဲ့သလော၊ သင်သည် အမှန်စကားကို ဆိုပါလျှင် မိမိခြိမ်းခြောက်ပြောဆိုသောနေ့တော်ကြီးကို ငါ တို့ထံ ဆိုက်ရောက်လာပါစေလော့။
Verse 23 — Surah Al-Ahqaf 46:23
၂၃။ တမန်တော်က ပြန်ပြောသည်မှာ နေ့တော်ကြီးဆိုက်ရောက်လာမည့်အချိန်ကို အလ္လာဟ်အရှင်မြတ်သာလျှင် သိတော်မူ၏၊ ငါသည် မိမိအား ပေးလိုက်တော်မူသောတရားတော်ကို သင်တို့အား ဟောကြား၏၊ သို့သော် သင်တို့သည် အသိပညာကင်းမဲ့သောသူများဖြစ်ကြောင်းကို ငါမြင်ရ၏။
Verse 24 — Surah Al-Ahqaf 46:24
၂၄။ ထို့နောက်အပြစ်ဒဏ်တော်သည် မိုးတိမ်အဖြစ်နှင့် သူတို့မှီတင်းနေထိုင်ရာတောင်ကြားများသို့ ဝှေ့တိုက်လာသည် ကို သူတို့မြင်ရသောအခါ သူတို့က ဤမိုးတိမ်သည် ငါတို့အပေါ်ရွာသွန်းမည့်မိုးတိမ်ဖြစ်၏ဟု ဆိုကြ၏၊ ထိုသို့ မဟုတ်ချေ၊ ထိုမိုးတိမ်သည် သင်တို့အမြန်ရောက်လိုသောဖြစ်၏။ အလွန်ပြင်းပြကြောက်မက်ဖွယ်သော အပြစ်ဒဏ်ပါသောလေပြင်းမုန်တိုင်းသာဖြစ်၏။
Verse 25 — Surah Al-Ahqaf 46:25
၂၅။ ထိုလေသည် မိမိ၏အရှင်သခင်၏ အမိန့်တော်အတိုင်း ခပ်သိမ်းကုန်သောအရာဝထ္ထုတို့ကို တိုက်ခတ်ဖျက်ဆီး၏၊ ထို့နောက်နံနက်ကျရောက်သောအခါ သူတို့နှင့်တကွ ဘာကိုမျှမမြင်ရချေ၊ သို့သော်သူတို့၏ တိုက်ပျက်အိမ်ပျက် များကိုသာ မြင်ရ၏၊ ယင်းကဲ့သို့ငါသည် ဒုစရိုက်ကောင်များကို ဆုလာဘ်ပေးသနားတော်မူ၏။
Verse 26 — Surah Al-Ahqaf 46:26
၂၆။ အေ-ကိုရိုက်ရှ်လူအပေါင်းတို့၊ ငါသည် ထိုအားဒ်လူမျိုးတို့ကို သင်တို့အား ပေးတော်မမူသောစည်းစိမ်ချမ်းသာ ဥစ္စာရတနာအင်အားတို့ကို ပေးသနားတော်မူခဲ့၏၊ ထို့အပြင်၎င်းတို့အဖို့အရာ နား၊ နှာ၊ မျက်စိစသည်တို့ကို လည်း ဖန်ဆင်းတော်မူ၏၊ သို့သော်သူတို့သည် ငါအရှင်မြတ်၏ တရားတော်ကို ပယ်ရှားသောကြောင့် သူတို့၏ နား၊ နှာ၊ မျက်စိ၊ စိတ်နှလုံး၊ ဉာာဏ်ပညာတို့သည် ထိုသူတို့ကို တစ်စုံတစ်ရာအကျိုးမပေးချေ၊ သူတို့အား ၎င်းတို့ပျက်ရယ်သောအရာများကျရောက်ဖျက်ဆီးကြ၏။
Verse 27 — Surah Al-Ahqaf 46:27
၂၇။ ရှေးလွန်လေပြီးသောအခါက ငါသည် သင်တို့နေထိုင်ရာအရပ်ဒေသပတ်ဝန်းကျင်တွင် နေထိုင်သောလူမျိုးများ ကို ဖျက်ဆီးတော်မူခဲ့လေပြီ၊ ထိုသူတို့သည် ငါ့ဘက်တော်သို့ လှည့်လာစိမ့်သောငှာ ငါသည် သူတို့အား တရားတော်ကို နည်းအမျိုးမျိုးအဖုံဖုံတန်ဆာဆင်၍ ပြသတော်မူခဲ့လေပြီ။
Verse 28 — Surah Al-Ahqaf 46:28
၂၈။ အလ္လာဟ်အရှင်မြတ်အထံတော်သို့ ဝင်ရအ့ံသောငှာ သူတို့ဆည်းကပ်မှီဝဲကြသောအတုအယောင်ဘုရားများသည် သူတို့ကို အဘယ်ကြောင့်မကူညီကြသနည်း၊ ကူမည့်အစား ထိုဘုရားပျက်များက သူတို့ကို စွန့်ပစ်ထားခဲ့ကြ၏၊ ထိုဘုရားယောင်တို့သည် သူတို့၏ မုသားစကားသာဖြစ်၏၊ သူတို့ဖန်တီးခြင်းများသာ ဖြစ်ကြ၏။
Verse 29 — Surah Al-Ahqaf 46:29
၂၉။ အို-တမန်တော်၊ ငါသည် ကျမ်းမြတ်ကုရ်အာန်ကို နာယူနားထောင်ရန် ဂျင်နတ်သားတစ်စုကို သင့်ထံသို့ လှည့်လာစေတော်မူ၏၊ သူတို့သည် ကျမ်းတော်ကို ဖတ်ရွတ်သောနေရာသို့ ရောက်သောအခါ သူတို့အချင်းချင်း ဆိတ်ငြိမ်စွာနားထောင်လော့ဟု ဆိုကြ၏၊ ကျမ်းတော်ကို ဖတ်ရွတ်ပြီးသောအခါ သူတို့သည် မိမိတို့လူများထံ ပြန်၍ သတိပေးနှိုးဆော်ကြလေ၏။
Verse 30 — Surah Al-Ahqaf 46:30
၃ဝ။ ထိုဂျင်နတ်သားတို့ပြန်ပြောသည်မှာ အို-အချင်းတို့၊ ငါတို့သည် တမန်တော်မူစာပြန်တော်မူပြီးမှ ချပေးသနားတော် မူသောကျမ်းတော်တစ်စောင်ကို ကြားနာခဲ့ရပြီ၊ ထိုကျမ်းတော်သည် အထက်ထက်က ချပေးသနားတော်မူသော ကျမ်းတော်များကို ထောက်ခံ၏၊ ထိုကျမ်းတော်သည် လူသားတို့အား သမ္မာတရားတော်ကို ပေး၏၊ ဖြောင့်မတ် သောလမ်းကို ညွှန်၏။
Verse 31 — Surah Al-Ahqaf 46:31
၃၁။ အို-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပင့်ဖိတ်သူကို ကြားနာကြလော့၊ အရှင်မြတ်၌ ယုံကြည်ကြ လော့၊ အရှင်မြတ်သည် သင်တို့၏အပြစ်အချို့ကို လွှတ်တော်မူမည်၊ အလွန်ပြင်းပြသောအပြစ်ဒဏ်တော်မှ ကာကွယ်စောင့်ရှောက်တော်မူမည်။
Verse 32 — Surah Al-Ahqaf 46:32
၃၂။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ဆင့်ခေါ်သူအား မနာယူအ့ံ၊ ထိုသူသည် ကမ္ဘာမြေပြင်ပေါ်ဝယ် အရှင်မြတ်၏ လက်တော်မှ မည်သည့်နည်းအားဖြင့််မှ မလွတ်နိုင်ချေ၊ သင်တို့သည် အရှင်မြတ်မှတပါး အခြား ကာကွယ်စောင့်ရှောက်မည့်အဆွေခင်ပွန်းတွေ့ရှိနိုင်မည်မဟုတ်ချေ၊ ယင်းကဲ့သို့လူများသည် ထင်ရှားသောအမှား တွင် ကျက်စားသူများဖြစ်ကြ၏။
Verse 33 — Surah Al-Ahqaf 46:33
၃၃။ မိုးမြေကို ဖန်ဆင်းမွေးမြူတော်မူသော၊ ၎င်းတို့ကို ဖန်ဆင်းတော်မူရခြင်းကြောင့် မောပန်းငြီးငွေ့စေနိုင်တော်မမူ သောအလ္လာဟ်အရှင်မြတ်သည် သေသူတို့ကို ရှင်ပြန်ထမြောက်စေနိုင်တော်မူသည်ကို သူတို့မသိမမြင်ကြသလော၊ ဧကန်အမှန် ရှင်ပြန်ထမြောက်စေတော်မူမည်၊ အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို တန်ခိုးတော်အနန္တ အားဖြင့် ပြုစွမ်းနိုင်တော်မူ၏။
Verse 34 — Surah Al-Ahqaf 46:34
၃၄။ မိစ္ဆာဒိဋ္ဌိအပေါင်းတို့ကို ငရဲမီးရှေ့တွင် ချထားသောနေ့တော်ကြီး၌ သူတို့အား ဤငရဲသည် အမှန်မဟုတ်လောဟု မေးမြန်းတော်မူလိမ့်မည်၊ သူတို့က အကျွနု်ပ်၏အသက်သခင်ကျေးဇူးရှင်ကြီး၏ ဘုန်းတော်ကြောင့် မှန်ပါ၏ဟု ဖြေဆိုကြလိမ့်မည်၊ ထိုအခါအရှင်မြတ်က နင်တို့သည် သမ္မာတရားတော်ကို မယုံကြည်ငြင်းပယ်ခဲ့သောကြောင့် ငရဲမီးဒဏ်တော်ကို ယခုမြည်းကြလော့ဟု မိန့်တော်မူလတ့ံ။
Verse 35 — Surah Al-Ahqaf 46:35
၃၅။ အို-တမန်တော်၊ မပျော့မပြောင်း ခိုင်မာသောရည်ရွယ်ချက်ဖြင့် စိတ်ရှည်လက်ကြိုးစားအားထုတ်သောရှေးတမန် တော်ဟောင်းတို့ကဲ့သို့ သင်လည်း ခန္တီဂုဏ်ရှိလော့၊ မိစ္ဆာဒိဋ္ဌိတို့နှင့်စပ်လျဉ်း၍ လောမကြီးလင့်၊ သူတို့အပြစ်ဒဏ်ကို မမြန်စေလိုလင့်၊ သူတို့ခံစားရမည်ဟု ကတိထားတော်မူသောအပြစ်ဒဏ်ကို မြင်ရသောနေ့တော်ကြီး၌ သူတို့သည် လောကတွင် တစ်နာရီမျှလောက်သာ ကြာခဲ့သည်ဟု ထင်မှတ်ကြလိမ့်မည်၊ သင်၏ တာဝန်မှာ တရားတော်ကို ဟောပြောကြေငြာရန်သာဖြစ်၏၊ တရားတော်ကို ကျူးလွန်သူတို့မှတပါး အခြားသူတို့သည် ဖျက်ဆီးခြင်းခံရ မည်လော။