Back to Languages

Burmese - Chapter 47 - Muhammad

Translation by Ba Sein — Permalink

Verse 1 — Surah Muhammad 47:1

၁။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ပဲ လူသားတို့အား အရှင်မြတ်၏ လမ်းတော်မှ တားဆီး ထားအ့ံ၊ အရှင်မြတ်သည် ထိုသူတို့၏ ပြုလုပ်မှုများကို အချည်းနှီးဖြစ်စေတော်မူ၏။

Verse 2 — Surah Muhammad 47:2

၂။ အကြင်သူတို့သည် ယုံကြည်ခြင်းတရားရှိ၏၊ သုစရိုက်ကောင်းမှုပွားများ၏၊ တမန်တော်မိုဟမ္မဒ်အား ချပေးသနား တော်မူသောကျမ်းတော်ကိုလည်း ယုံကြည်အ့ံ၊ (ထိုကျမ်းတော်သည် သူတို့၏အသက်သခင်ကျေးဇူးရှင်ကြီးထံမှ သစ္စာတရားကျမ်းတော်တည်း၊) အရှင်မြတ်သည် ထိုသူတို့၏ အကုသိုလ်အညစ်အကြေးများကို ဆေးကြောပစ် တော်မူပြီ၊ သူတို့၏ အခြေအနေကို တိုးပွားသာယာစေတော်မူ၏။

Verse 3 — Surah Muhammad 47:3

၃။ ယင်းသို့ဖြစ်ရခြင်းမှာ မယုံကြည်သူတို့သည် မိစ္ဆာတရားသည် တပ်မက်၍ ယုံကြည်သူတို့သည် မိမိတို့အသက် သခင်ကျေးဇူးရှင်ကြီးထံမှ ကျရောက်လာသောသမ္မာတရားတော်ကို မြတ်နိုးလိုက်နာကြသောကြောင့်တည်း၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အဖို့ ဥပမာဥပမေယျများကို ဆောင်တော်မူ၏။

Verse 4 — Surah Muhammad 47:4

၄။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိစ္ဆာဒိဋ္ဌိတို့ကို စစ်မြေပြင်၌ တွေ့သောအခါ သူတို့၏လည်ကိုခုတ်ပိုင်း သတ်ဖြတ်ကြလော့၊ ထို့နောက်သူတို့ကို ဖရိုဖရဲပြေးစေပြီးသောအခါ ကြွင်းကျန်ရစ်သောသူတို့ကို ကောင်းစွာ ချုပ်နှောင်ထားကြလော့၊ စစ်ပြီးမှသာလျှင် သူတို့ကို လျှော်ကြေးယူ၍သော်လည်းကောင်း၊ မယူပဲ သနား၍သော် လည်းကောင်း၊ လွှတ်နိုင်ကြ၏၊ ဤညွှန်ကြားချက်သည် ပညတ်တော်တည်း၊ အလ္လာဟ်အရှင်မြတ်အလိုတော် ရှိပါလျှင် အရှင်မြတ်သည် သူတို့ကို မုချဧကန်အပြစ်ဒဏ်ပေးနိုင်စွမ်းတော်မူ၏၊ သို့သော် သင်တို့အား စစ်မက် တိုက်ခိုက်ရန် ပညတ်တော်မူခြင်းအကြောင်းရင်းကား သင်တို့အနက် အချို့သောသူတို့ကို အချို့သောသူတို့အား ဖြင့် စုံစမ်းတော်မူဖို့ရာဖြစ်၏၊ အကြင်သူတို့သည် အရှင်မြတ်၏ လမ်းတော်၌ သတ်ဖြတ်ခြင်းခံရကြအ့ံ၊ အရှင် မြတ်သည် သူတို့၏စွန့်စားမှုကို ဆုံးရှုံးစေတော်မူသည်မဟုတ်ချေ။

Verse 5 — Surah Muhammad 47:5

၅။ အရှင်မြတ်သည် သူတို့ကို လမ်းညွှန်တော်မူမည်၊ သူတို့၏အခြေအနေကို တိုးပွားကောင်းမွန်လာစေတော်မူမည်။

Verse 6 — Surah Muhammad 47:6

၆။ ထို့အပြင်ကြေငြားထားတော်မူသည့်နိဗ္ဗာန်ဥယျာဉ်တော်အတွင်းသို့ သူတို့ကို ဝင်စေတော်မူလိမ့်မည်။

Verse 7 — Surah Muhammad 47:7

၇။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကူညီထောက်ပ့ံလျှင် အရှင်မြတ်ကလည်း သင်တို့ကို မစတော်မူလိမ့်မည်၊ သင်တို့၏ ခြေကုပ်ကို မြဲမြံစေတော်မူလိမ့်မည်။

Verse 8 — Surah Muhammad 47:8

၈။ သို့သော်အကြင်သူတို့သည် မယုံကြည်ကြအ့ံ၊ ထိုသူတို့အဖို့ငှာ ပျက်စီးဆုံးရှုံးခြင်းသာရှိ၏၊ အရှင်မြတ်သည် သူတို့၏ ကြိုးပမ်းမှုကို အချည်းနှီးဖြစ်စေတော်မူလိမ့်မည်။

Verse 9 — Surah Muhammad 47:9

၉။ ယင်းသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်ကို မုန်းတီးသောကြောင့်တည်း၊ ထို့ကြောင့် အရှင်မြတ်သည် သူတို့၏ ပြုကျင့်မှုများကို အကျိုးမဲ့ဖြစ်စေတော်မူ၏။

Verse 10 — Surah Muhammad 47:10

၁ဝ။ သူတို့သည် မဟာပထဝီမြေပေါ်တွင် လည်ပတ်၍ သူတို့ထက် ရှေးကျသောမိစ္ဆာဒိဋ္ဌိတို့သည် ၎င်းတို့၏ဘဝဇာတ် ကို မည်သို့သိမ်းသွားကြသည်ကို မကြည့်ရှုကြသလော၊ အလ္လာဟ်အရှင်မြတ်သည် ထိုလူဟောင်းတို့အားပျက်စီး ခြင်းမကပျက်စီးစေတော်မူလေ၏၊ အယူမှားသူတို့သည် ယင်းကဲ့သို့ပျက်စီးဆုံးရှုံးရမည်သာတည်း။

Verse 11 — Surah Muhammad 47:11

၁၁။ သို့ဖြစ်ရခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့ကို အထူးကြည့်ရှုထောက်ပံ့တော်မူ၍ မယုံကြည်သူ တို့၌မူကား စောင့်ရှောက်မည့်သူမရှိခြင်းကြောင့်ဖြစ်၏။

Verse 12 — Surah Muhammad 47:12

၁၂။ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ယုံကြည်၍ ကုသိုလ်ကောင်းမှုပြုကျင့်သူတို့အား မြစ်ချောင်းအယဉ်အထွေထွေ စီးဆင်းလျက်ရှိသောနိဗ္ဗာန်ဥယျာဉ်တော်များအတွင်းသို့ ဝင်စေတော်မူလိမ့်မည်၊ မိစ္ဆာအယူဝါဒကို စွဲလမ်းသော သူတို့မှာမူကား လောကီစည်းစိမ်၌ မြူးထူးလျက် တိရိစ္ဆာန်များကျင့်သကဲ့သို့ ကျင့်ကြံသဖြင့် အဝီစိငရဲမီးထဲတွင် နေထိုင်ကြရလိမ့်မည်။

Verse 13 — Surah Muhammad 47:13

၁၃။ အို-တမန်တော်၊ သင့်ကို မောင်းထုတ်လိုက်သောနယ်ပယ်ထက်သာလွန်ကြီးမားတောင့်တင်းသောမြို့ရွာနယ်ပယ် မြောက်မြားစွာကို ငါဖျက်ဆီးတော်မူလေပြီ၊ ထိုမြို့များကို ကာကွယ်စောင့်ရှောက်မည့်သူမရှိချေ။

Verse 14 — Surah Muhammad 47:14

၁၄။ မိမိ၏ အရှင်သခင်အထံတော်မှ ထင်ရှားသောသက်သေသာဓကတော်ကို လိုက်နာသူသည် မတရားမှုကို နှစ်သက် သူထက်သော်လည်းကောင်း၊ တဏှာရာဂနောက်သို့ တကောက်ကောက်လိုက်သူထက် သော်လည်းကောင်း၊ သာလွန်ကောင်းမွန်သည်မဟုတ်လော။

Verse 15 — Surah Muhammad 47:15

၁၅။ အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်သောသူတို့အား ပေးသနားတော်မူမည်ဟု ကတိထားတော်မူသောဥယျာဉ် တော်၏ ဥပမာကား ဤသို့ဖြစ်၏၊ ထိုဥယျာဉ်တော်၌ မညစ်ပတ်စင်ကြယ်သောရေ စီးဆင်းနေသည့်မြစ်ချောာင်း များ၊ အနံ့အရသာလုံးဝမပျက်သောနို့ရည်စီးဆင်းနေသည့်မြစ်ချောင်းများရှိကြ၏၊ သောက်စားသူတို့အလွန်နှစ် သက်ဖွယ်ရာဖြစ်သော အရက်စီးဆင်းနေသည့်မြစ်ချောင်းများ၊ ကြည်လင်သောပျားရည်အစစ်စီးဆင်းနေသည့် မြစ်ချောင်းများလည်းရှိကြ၏၊ ထိုဥယျာဉ်တော်၌ နိဗ္ဗာန်သားတို့အတွက် သစ်သီးသစ်ဥအမျိုးမျိုးရှိ၏၊ ထို့အပြင် သူတို့၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ အပြစ်လွှတ်တော်မူခြင်းလည်းရှိ၏၊ ဤကဲ့သို့ပြောမဆုံးနိုင်သောချမ်းသာ သုခကို စံစားရသူတို့သည် ငရဲမီးတွင် အစဉ်ခံစားရသူတို့နှင့် ထပ်တူထပ်မျှဖြစ်ကြသလော၊ ငရဲသားတို့သည် မိမိတို့အူသိမ်အူမအားလုံးကို အပိုင်းပိုင်းအစစကြေမွစေသော ပွက်ပွက်ဆူသည့်ရေပူကို သောက်မျိုရလိမ့်မည်။

Verse 16 — Surah Muhammad 47:16

၁၆။ အို-တမန်တော်၊ ထိုသူတို့အနက် အချို့တို့သည် သင်၏ဒေသနာတရားတော်ကို နာကြပြီးလျှင် သင့်ထံမှ ထွက်သွားသောအခါ သူတို့သည် ဝိဇ္ဇာအလင်းရောင်ရရှိသူတို့အား အချင်းတို့၊ သူသည် ယခုမည်သည့်အကြောင်း ကို ဟောပြောသနည်းဟု ဆိုကြ၏၊ ယင်းသူတို့သည် မိမိတို့၏ စိတ်နှလုံးကို အလ္လာဟ်အရှင်မြတ်တံဆိပ်ခတ်နှိပ် ထားတော်မူခြင်းခံရ၍ မိမိတို့၏ တဏှာရာဂနောက်သို့ လိုက်သောသူများဖြစ်ကြ၏။

Verse 17 — Surah Muhammad 47:17

၁၇။ အကြင်သူတို့သည် လမ်းမှန်ကို လိုက်ကြအ့ံ၊ အရှင်မြတ်သည် ထိုသူတို့အား လမ်းမှန်ကို ပိုမိုညွှန်ပြတော်မူ၍ မကောင်းမှုမှ ကာကွယ်စောင့်ရှောက်တော်မူ၏။

Verse 18 — Surah Muhammad 47:18

၁၈။ ဤမိစ္ဆာဒိဋ္ဌိတို့သည် မိမိတို့အပေါ်၌ ရုတ်တရက်ရှောင်တခင်ကျရောက်လာမည့်အချိန်တော်ကြီးမှတပါး အဘယ် အရာကို စောင့်ဆိုင်းနေကြသနည်း၊ သို့သော်ထိုနေ့တော်ကြီး၏ ပုဗ္ဗနိမိတ်တို့သည် ထင်လာပြီး ထိုနေ့တော်ကြီး သည် သူတို့အပေါ်သို့ ဆိုက်ရောက်လာသောအခါ တရားတော်သည် သူတို့အား မည်သို့အကျိုးပေးနိုင်မည်နည်း။

Verse 19 — Surah Muhammad 47:19

၁၉။ အေ-တမန်တော်၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိကြောင်းကို သိလော့၊ သင်၏ အပြစ်နှင့် ယုံကြည်သူယောက်ျားမိန်းမတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူရန် တောင်းပန်လော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ထကြွလှုပ်ရှားရာဌာနေ၊ သင်တို့လဲလျောင်းအပန်းဖြေရာဌာန၊ နှစ်ဌာနစလုံးကို အကြွင်းမဲ့သိမြင်တော် မူ၏။

Verse 20 — Surah Muhammad 47:20

၂ဝ။ ယုံကြည်ခြင်းရှိသူများက ကုရ်အာန်ကျမ်းတော်၏ စူရာဟ်တစ်ပါးကို ချပေးသနားတော်မူပါလျှင် ကောင်းလေစွဟု ဆိုကြ၏၊ သို့သော်အဓိပ္ပါယ်ရှင်းလင်းသောစူရာဟ်တစ်စောင်ကို ချပေးတော်မူ၍ ထိုစူရာဟ်တွင် စစ်ရေးစစ်ရာ အကြောင်းဖော်ပြသောအခါ စိတ်နှစ်ခွရောဂါစွဲကပ်နေသောသူတို့သည် သေမည့်ဆဲဆဲအခါ၌ ပြင်းပြစွာမိန်းမော တွေဝေသူကြည့်သကဲ့သို့ သင်တမန်တော်ကို ကြည့်ကြသည်ကို သင်မြင်ရလိမ့်မည်၊ ထို့ကြောင့်သူတို့ပျက်စီးရာ သည်သာတည်း။

Verse 21 — Surah Muhammad 47:21

၂၁။ အမိန့်တော်နာခံခြင်း၊ သာယာနာပျော်ဖွယ်သောစကားကို ဆိုခြင်းသည် မင်္ဂလာဖြစ်၏၊ အမှုတစ်ခုကို ဆုံးဖြတ်ပြီး သောအခါ သူတို့သည် အရှင်မြတ်အား သစ္စာရှိလျက် သူတို့အတွက် ကောင်း၏။

Verse 22 — Surah Muhammad 47:22

၂၂။ အို-သစ္စာကင်းမဲ့သောစိတ်နှစ်ခွရှိသူအပေါင်းတို့၊ သင်တို့အား စိုးပိုင်အုပ်စိုးခြင်းအခွင့်အာဏာပေးသနားတော် မူလျှင်၊ သင်တို့သည် ကမ္ဘာမြေပြင်ဝယ် ဒုစရိုက်မကောင်းမှုပြုကြမည်မဟုတ်လော၊ မိမိတို့ဆွေမျိုးရင်းခြာတို့နှင့် ဆက်ဆံပေါင်းသင်းခြင်းကို ဖြတ်တောက်ကြမည်မဟုတ်လော။

Verse 23 — Surah Muhammad 47:23

၂၃။ ဤလူအမျိုးအစားကို အလ္လာဟ်အရှင်မြတ်ကျိန်ဆဲတော်မူ၏၊ ထို့ကြောင့်အရှင်မြတ်သည် သူတို့အား နားပင်း မျက်မမြင်ဖြစ်စေတော်မူ၏။း

Verse 24 — Surah Muhammad 47:24

၂၄။ ထို့ကြောင့်ဤသူများသည် ကျမ်းမြတ်ကုရ်အာန်ကို ကမ္မဋ္ဌာန်းရှုကြသည်မဟုတ်လော၊ သို့မဟုတ် သူတို့၏စိတ် နှလုံးများပေါ်တွင် သော့ခပ်ထားခြင်းရှိသလော။

Verse 25 — Surah Muhammad 47:25

၂၅။ မှတ်သားကြလော့၊ အကြင်သူတို့သည် သူတို့အား လမ်းညွှန်ထင်ရှားစေတော်မူပြီးသည့်နောက် ကျောပေးသွား ကြအ့ံ၊ ထိုသူတို့အား ရှိုင်တန်မာရ်နတ်သည် ဖျားယောင်းသွေးဆောင်ပြီး အရှင်မြတ်သည် သူတို့အား လွတ်လပ် စွာမှားခွင့်ပေးတော်မူ၏။

Verse 26 — Surah Muhammad 47:26

၂၆။ ဤသို့ဖြစ်ရခြင်းအကြောင်းမူကား သူတို့သည် အလ္လာဟ်အရှင်မြတ်ချပေးတော်မူသောတရားတော်ကို မနှစ်သက် မုန်းတီးသူတို့အား ကိစ္စအချို့အဝက်တွင် ငါတို့သည် သင်တို့စကားကို နားထောင်မည်ဟု ဆိုကြသောကြောင့် ဖြစ်၏၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် သူတို့၏ လျှို့ဝှက်ပြောဆိုခြင်းကို အကြွင်းမဲ့သိတော်မူ၏။

Verse 27 — Surah Muhammad 47:27

၂၇။ ကောင်းကင်တမန်တို့သည် သူတို့၏အသက်ကို နှုတ်ယူ၍ မျက်နှာနှင့်ကျောကို ရိုက်နှက်သောအခါ သူတို့သည် မည်သို့ဖြစ်မည်နည်း။

Verse 28 — Surah Muhammad 47:28

၂၈။ ဤသို့ဖြစ်ရခြင်းအကြောင်းကား သူတို့သည် အလ္လာဟ်အရှင်မြတ်အမျက်ရှတော်မူသောလမ်းမှားကို လိုက်ပြီးလျှင် အရှင်မြတ်နှစ်သက်တော်မူရာကို မုန်းတီးကြသောကြောင့်ဖြစ်၏၊ ထို့ကြောင့်အရှင်မြတ်သည် သူတို့ပြုမူသမျှ အားလုံးကို အချည်းနှီးဖြစ်စေတော်မူ၏။

Verse 29 — Surah Muhammad 47:29

၂၉။ သို့မဟုတ် စိတ်နှစ်ခွရောဂါဖိစီးသူတို့က အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ လျှို့ဝှက်သောမုန်းတီးမှုများကို ထင်ရှားစေတော်မူမည်မဟုတ်ဟူ၍ တွေးထင်ကြသလော။

Verse 30 — Surah Muhammad 47:30

၃ဝ။ ငါသည် အလိုတော်ရှိလျှင် ထိုသူတို့ကို သင်တမန်တော်အား ပြစွမ်းနိုင်တော်မူ၏၊ ထိုအခါသင်သည် သူတို့ကို ၎င်းတို့၏ မျက်နှာထားကို မြင်ရခြင်းဖြင့် အမှန်ပင်သိနိုင်လိမ့်မည်၊ သင်သည် သူတို့ကို ၎င်းတို့၏သံနေသံထား အားဖြင့် ခွဲခြားသိနိုင်သိနိုင်လိမ့်မည်၊ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူသမျှများကို အကြွင်းမဲ့ သိတော်မူ၏။

Verse 31 — Surah Muhammad 47:31

၃၁။ အေ-ယုံကြည်သူအပေါင်းသူတော်ကောင်းတို့၊ သင်တို့အနက် မည်သူသည် ငါ၏ လမ်းတော်ဝယ်အစွမ်းကုန် ကြိုးစားအားထုတ်တည်တ့ံခိုင်မြဲသည်ကို သိတော်မူသည့်တိုင်အောင် ငါသည် သင်တို့ကို စုံစမ်းတော်မူမည်၊ သင်တို့၏ စွမ်းရည်သတ္တိကိုလည်း စုံစမ်းတော်မူမည်။

Verse 32 — Surah Muhammad 47:32

၃၂။ မှတ်သားကြလော့၊ လမ်းညွန်တရားတော်ထွန်းလင်းတောက်ပပြီးသည့်နောက် ယုံကြည်မှုတရားမရှိပဲ အလ္လာဟ် အရှင်မြတ်၏ လမ်းတော်မှ လှည့်ထွက်သွားပြီးလျှင် တမန်တော်ကို ဆန့်ကျင်ခုခံသောသူတို့သည် အရှင်မြတ်အား တစ်စုံတစ်ရာမျှဆုံးရှုံးနစ်နာစေသည်မဟုတ်ချေ၊ အရှင်မြတ်သည် ထိုသူတို့၏ ပြုကျင့်မှုများကို အကျိုးမဲ့အချည်းနှီး ဖြစ်စေတော်မူလိမ့်မည်။

Verse 33 — Surah Muhammad 47:33

၃၃။ အို-ယုံကြည်သူအပေါင်းသူတော်ကောင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို နာခံကြလော့၊ သင်တို့၏ ပြုကျင့်မှုများကို အကျိုးမဲ့မဖြစ်စေကြလင့်။

Verse 34 — Surah Muhammad 47:34

၃၄။ မှတ်သားကြလော့၊ အကြင်သူတို့သည် မယုံကြည်သူဖြစ်ကြ၏၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ လှည့်သွား ကြ၏၊ မိစ္ဆာအယူဝါဒ၌ အသက်ကုန်ဆုံးကြ၏၊ ထိုသူတို့အား အလ္လာဟ်အရှင်မြတ်သည် မုချဧကန်အပြစ်လွှတ် တော်မူမည်မဟုတ်ချေ။

Verse 35 — Surah Muhammad 47:35

၃၅။ အို-ယုံကြည်သူတို့ သင်တို့သည် စစ်ရေးသာမည့်အခါ တွန့်ဆုတ်၍ ရန်သူတို့ထံ စစ်မက်ပြေအေးကြောင်းကို မတောင်းဆိုကြလင့်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ဘက်တွင် ရှိတော်မူ၏၊ သင်တို့၏ မွန်မြတ်သောပြုကျင့်မှု များကို ဆုတော်လာဘ်တော်ချတော်မူရန် တွန့်တိုတော်မူမည်မဟုတ်ချေ။

Verse 36 — Surah Muhammad 47:36

၃၆။ ဤလောကီဘဝသည် ကစားပျော်ရွှင်စရာကဲ့သို့ အသိမ်အဖျင်းအနှစ်သာရကင်းမဲ့၏၊ သင်တို့သည် ဒုစရိုက် မကောင်းမှုကို ရှောင်လျက် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အကျိုးသုခပေးသနားတော်မူလတ့ံ၊ အရှင် မြတ်သည် သင်တို့အား သင်တို့၏ စည်းစိမ်ဥစ္စာများကို စွန့်ပစ်ရန် ပညတ်တော်မူသည်မဟုတ်ချေ။

Verse 37 — Surah Muhammad 47:37

၃၇။ အကယ်၍အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သင်တို့၏စည်းစိမ်ဥစ္စာအားလုံးကို တောင်းတော်မူသည်ဖြစ်စေ၊ သို့တောင်းတော်မူရာ၌ အကျပ်အတည်းပြုတော်မူခဲ့သည်ဖြစ်စေ၊ ထိုအခါသင်တို့သည် မပေးရက်မကမ်းရက် ပြုကြလိမ့်မည်၊ အရှင်မြတ်သည် သင်တို့၏ မကောင်းသောစိတ်အားလုံးကို ထင်ရှားစေတော်မူလိမ့်မည်။

Verse 38 — Surah Muhammad 47:38

၃၈။ အေ-ကြားနာရသူတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် ပေးကမ်းလှုဒါန်းရမည်ဟု ပညတ် တော်မူ၏၊ သင်တို့အနက် အချို့သောသူတို့သည် မလှုရက်စေးနဲသူတို့ဖြစ်ကြ၏၊ အကြင်သူတို့သည် မသုံးရက် မလှုရက်ပဲ စည်းစိမ်ဥစ္စာစုဆောင်းမြှုပ်နှံထားကြအ့ံ၊ ထိုသူတို့သည် စေးနဲခြင်းအားဖြင့် မိမိကိုယ်ကို နစ်နာစေသည် မျှသာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် ဥစ္စာပစ္စည်းကြွယ်ဝတော်မူလှ၏၊ သင်တို့သာ ဆင်းရဲကြ၏၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မကိုးကွယ်ကျောပေးလျှင် အရှင်မြတ်သည် သင်တို့ကို ဖျက်ဆီး၍ သင်တို့အစား အခြားသူတို့ကို ဖန်ဆင်းတော်မူလိမ့်မည်၊ ထိုသူတို့သည် သင်တို့နှင့်တူကြမည်မဟုတ်ချေ။