Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Ba Sein — Permalink

Verse 1 — Surah Al-Fath 48:1

၁။ အို-တမန်တော်၊ ငါသည် သင့်အား အလွန်ထင်ရှားသောအောင်နိုင်ခြင်းကို ပေးသနားတော်မူပြီ။

Verse 2 — Surah Al-Fath 48:2

၂။ သို့ပေးသနားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် သင့်အား သင်၏ အတိတ်အနာဂတ်အဖြစ်များကို ခွင့်လွှတ်တော်မူရန်၊ သင့်အား ချပေးသနားတော်မူသောကောင်းကြီးမင်္ဂလာတော်ကို စုံလင်စေတော်မူရန်၊ သင့်အား လမ်းသို့ ညွှန်တော်မူရန်အလို့ငှာဖြစ်၏။

Verse 3 — Surah Al-Fath 48:3

၃။ အလ္လာဟ်အရှင်မြတ်သည် သင့်အား အင်အားကြီးမားသောစောင်မခြင်းဖြင့် မစတော်မူရန် အလို့ငှာဖြစ်၏။

Verse 4 — Surah Al-Fath 48:4

၄။ အရှင်မြတ်သည် ယုံကြည်သူတို့၏ စိတ်နှလုံးအတွင်း၌ အားရငြိမ်သက်ခြင်းသဘောကို ထည့်သွင်းပေးသနား တော်မူ၏၊ သို့ပေးတော်မူခြင်းကား သူတို့၏ ယုံကြည်ခြင်းတရားကြီးမားလာစေရန်အလို့ငှာဖြစ်၏၊ အလ္လာဟ် အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးဗိုလ်ခြေတို့၏ သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 5 — Surah Al-Fath 48:5

၅။ ယုံကြည်သောယောက်ျားမိန်းမတို့ကို နိဗ္ဗာန်ဥယျာဉ်တော်များအတွင်း သွတ်သွင်းချီးမြှင့်တော်မူရနန် အလို့ငှာလည်း ဖြစ်၏၊ ထိုဥယျာဉ်တော်များအောက်၌ မြစ်ချောင်းအယဉ်အထွေထွေစီးဆင်းလျက်ရှိ၏၊ ထိုဥယျာဉ်တော်များ၌ သူတို့သည် အစဉ်စံစားရလိမ့်မည်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူလိမ့် မည်၊ ဤဆုတော်တို့သည်ကား အလ္လာဟ်အရှင်မြတ်ရှေ့တော်ဝယ် အမြင့်မြတ်ဆုံးသောအောင်ဆုမင်္ဂလာတော် ကြီးဖြစ်၏။

Verse 6 — Surah Al-Fath 48:6

၆။ ယုံကြည်ဟန်ဆောင်သူယောက်ျားမိန်းမတို့နှင့် ဆင်းတုများကို ကိုးကွယ်သူယောက်ျားမိန်းမတို့ကို အပြစ်ဒဏ်ခတ် ရန် အလို့ငှာလည်းဖြစ်၏၊ သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် အထင်အမြင်မှောက်မှားကြ၏၊ သူတို့ အတွက် ဆင်းရဲဒုက္ခကြီးရှိ၏၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အမျက်ရှတော်မူ၍ ကျိန်ဆဲတော်မူပြီ၊ သူ တို့အတွက် အဝီစိငရဲကို အသင့်ထားတော်မူ၏၊ ဤငရဲသည် အလွန်ဆိုးဝါးသောခရီးဆုံးတည်း။

Verse 7 — Surah Al-Fath 48:7

၇။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးဗိုလ်ခြေအပေါင်းတို့ကို စိုးပိုင်တော်မူ၏၊ အနန္တ တန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 8 — Surah Al-Fath 48:8

၈။ မှတ်သားလော့၊ အေ-တမန်တော်၊ ငါသည် သင့်ကို သက်သေတော်အဖြစ်ဖြင့်သော်လည်းကောင်း၊ ဝမ်းမြောက် ဖွယ်သတင်းကောင်းကို ပေးကြားရန်သော်လည်းကောင်း၊ အပြစ်ဒဏ်တော်အကြောင်းသတိပေးရန်သော် လည်းကောင်း စေလွှတ်တော်မူ၏။

Verse 9 — Surah Al-Fath 48:9

၉။ သို့စေလွှတ်တော်မူသည်မှာ သင်လူသားတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ယုံကြည် ကြစေရန် အရှင်မြတ်သည် သိဒ္ဓိတင်၍ ရိုသေကိုင်းရှိုင်းကြစေရန်၊ အရှင်မြတ် ကျေးဇူးတော်ဂုဏ်တော်ကို နေ့ညဉ့်မခြားချီးမွမ်းစေရန် အလို့ငှာဖြစ်၏။

Verse 10 — Surah Al-Fath 48:10

၁ဝ။ အို-တမန်တော်၊ မဖောက်မပြန်အမှုတော်ကို ထမ်းရွက်ပါမည်ဟု သင့်ထံ သစ္စာခံယူကြသောသူတို့သည် အရှင် မြတ်ထံ သစ္စာခံယူသူများပင်ဖြစ်ကြ၏၊ အလ္လာဟ်အရှင်မြတ်၏ လက်တော်သည် သူတို့၏လက်ပေါ်၌ ထပ်လျက် ရှိ၏၊ အကြင်သူသည် သစ္စာကတိဖျက်အ့ံ၊ ထိုသူသည် မိမိဝိညာဉ်ကို နစ်နာစေဖို့ရာ ကတိဖျက်သည်သာမည်၏၊ အကြင်သူသည် အရှင်မြတ်အပေါ်၌ ကတိသစ္စာစောင့်အ့ံ၊ ထိုသူကို အလ္လာဟ်အရှင်မြတ်သည် ကြီးမြတ်သော အောင်ဆုမင်္ဂလာတော်နှင့် ချီးမြှင့်တော်မူလိမ့်မည်။

Verse 11 — Surah Al-Fath 48:11

၁၁။ အို-တမန်တော်၊ နောက်ချန်နေရစ်သောအာရဗ်လူမျိုးကျေးတောသားတို့သည် သင့်အား ဤသို့ပြောဆိုကြလတ့ံ၊ အို-သခင်၊ အကျွနု်ပ်တို့သည် မိမိတို့အလုပ်အကိုင်နှင့် အိမ်ထောင်အမှုအခင်းများကြောင့် မအားမလပ်ပါ၊ ထို့ကြောင့် အကျွန်ုပ်တို့ကို အပြစ်လွှတ်ရန် ဆုတောင်းတော်မူပါ၊ သူတို့၏ စိတ်နှလုံးတွင် မရှိသောအရာကို အပြစ်ခွင့်လွှတ်ရန် ဆုတောင်းတော်မူပါ၊ သူတို့၏ စိတ်နှလုံးတွင် မရှိသောအရာကို သူတို့၏နှုတ်က ဆို၏၊ အေ-တမန်တော်၊ ဟောပြောလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို နစ်နာဆုံးရှုံးစေ ရန်သော်လည်းကောင်း အလိုတော်ရှိပါလျှင် အဘယ်သူသည် အရှင်မြတ်ကို တားဆီးနိုင်မည်နည်း၊ မတားဆီး နိုင်ချေ၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိတော်မူပါ၏။

Verse 12 — Surah Al-Fath 48:12

၁၂။ အမှန်မှာ သင်တို့က တမန်တော်နှင့် ယုံကြည်သူတို့သည် ၎င်းတို့၏ အသင်းသားများထံ ပြန်လာတော့မည် မဟုတ်ဟု ထင်မှတ်ကြ၏၊ ဤသို့တွေးတောခြင်းသည် မှန်ကန်လျှောက်ပတ်သည်ဟု သင်တို့ယူဆကြ၏၊ မ လျောက်ပတ်ချေ၊ အလွန်ဆိုးဝါးသောအယူအဆသာဖြစ်၏၊ သင်တို့သည် အနှစ်မရှိ၊ ယုတ်မာသောသူတို့သာ ဖြစ်ကြ၏။

Verse 13 — Surah Al-Fath 48:13

၁၃။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို မယုံကြည်ကြအ့ံ၊ ထိုမိစ္ဆာဒိဋ္ဌိများ အတွက် ငါသည် မီးတောက်မီးလျှံကို အသင့်စီရင်ထားတော်မူ၏။

Verse 14 — Surah Al-Fath 48:14

၁၄။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စိုးပိုင်တော်မူ၏၊ အပြစ်လွှတ်တော်မူလိုသောသူကို အပြစ်လွှတ်တော်မူ၏၊ အပြစ်ဒဏ်ခတ်လိုတော်မူသောသူကို ဒဏ်ခတ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူသောသခင်၊ အနန္တကောင်းကြီးမင်္ဂလာတော်အရှင်ဖြစ်တော်မူ၏။

Verse 15 — Surah Al-Fath 48:15

၁၅။ အို-တမန်တော်၊ သင်သည် သုံ့လက်ရပစ္စည်းများကို သိမ်းပိုက်ရရှိမည့်စစ်မြေပြင်သို့ ချီတက်သောအခါ နောက် ချန်ရစ်သောသူတို့က အကျွနု်ပ်တို့လည်း လိုက်ပါရစေဟု သင့်အား ပြောဆိုကြလတ့ံ၊ သို့သော်ဤသူများသည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်ကို ပြုပြင်ပြောင်းလဲလိုသောဆန္ဒရှိသူများဖြစ်ကြ၏၊ အေ-မိုဟမ္မဒ်၊ သူတို့ အား အချင်းတို့၊ မလိုက်ကြလင့်၊ အရှင်မြတ်သည် ငါ့အား ယင်းသို့တင်ကြိုဗျာဒိတ်ပေးထားတော်မူ၏၊ ဟောပြော လော့၊ ထိုအခါသူတို့က အို-သခင်၊ သင်သည် အကျွနု်ပ်တို့ကို မနာလိုမုန်းထားပါ၏ဟု ဆိုကြလတ့ံ၊ သင်သည် မနာလိုဝန်တိုသည်မဟုတ်ချေ၊ သူတို့သည် အသိအလိမ္မာခေါင်းပါးသူများဖြစ်ကြ၏။

Verse 16 — Surah Al-Fath 48:16

၁၆။ အို-တမန်တော်၊ နောက်ချန်ရစ်သောအာရဗ်ကျေးတောသားတို့အား ဤသို့ဟောပြောလော့၊ ဟယ်-အချင်းတို့၊ ခွန်အားဗလကြီးမားသောအသင်းသာတို့နှင့် ကြီးကျယ်စွာပြိုင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်သောစစ်ရေးရှိသေး၏၊ ထိုစစ်ရေးတွင် သင်တို့ကို ဆင့်ခေါ်ရလိမ့်မည်၊ သင်တို့သည် ထိုစစ်ရေးတွင် ရန်သူတို့လက်နက်ချသည့်တိုင်အောင် ပြိုင်ဆိုင်တိုက်ခိုက်ကြရမည်၊ ထိုအခါသင်တို့သည် အမိန့်ကို နာခံနားထောင်လျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ထွဋ်မြတ်သောအောင်ဆုမင်္ဂလာကြီးကို ပေးတော်မူအ့ံ၊ သို့သော်သင်တို့သည် အထက်က ပြုကျင့် သည့်နည်းအတိုင်း အမိန့်မနာခံ ကျောပေးသွားကြလျှင် အလ္လာဟ်အရှင်မြတ်သည် အလွန်ပြင်းပြနာကျယ်ဖွယ် သောအပြစ်ဒဏ်ကို ခတ်တော်မူလိမ့်မည်။

Verse 17 — Surah Al-Fath 48:17

၁၇။ မျက်စိကန်းသူ၊ ခြေဆွံ့သူ၊ နာနေသူတို့သည် စစ်တိုက်ရန်မလိုက်ကြလျှင် သူတို့၌ အပြစ်မထိုက်ချေ၊ အကြင်သူ သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်တို့ကို နာခံနားထောင်လျှင် ထိုသူအား အရှင်မြတ်သည် မြစ်ရေအထွေထွေစီးဆင်းလျက်ရှိသော ဥယျာဉ်တော်ကြီးများအတွင်းသို့ သွတ်သွင်းတော်မူလတ့ံ၊ သို့သော် အမိန့်တော်ကို မနာခံထွက်ပြေးသူတို့မူကား အလ္လာဟ်အရှင်မြတ်သည် အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ် ကို တပ်ရိုက်စီရင်တော်မူလိမ့်မည်။

Verse 18 — Surah Al-Fath 48:18

၁၈။ ယုံကြည်သူတို့သည် သစ်ပင်အောက်တွင် သင့်ထံ အမှုတော်ကို မဖောက်မပြန်ထမ်းရွက်ပါမည်ဟု သစ္စာခံယူသော အခါ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို နှစ်ထောင်းအားရတော်မူ၏၊ အရှင်မြတ်သည် သူတို့၏စိတ်နှလုံးအတွင်း ရှိသမျှကို အကြွင်းမဲ့သိမြင်တော်မူ၏၊ အရှင်မြတ်သည် သူတို့အပေါ်သို့ တည်ကြည်ငြိမ်ဝပ်ခြင်းချပေးသနား တော်မူ၏၊ စစ်အောင်နိုင်သောအခြေအနေတည်းဟူသောဆုတော်ကို ပေးသနားတော်မူ၏။

Verse 19 — Surah Al-Fath 48:19

၁၉။ ထိုစစ်သည်တော်များသည် များစွာသောသု့ံလက်ရပစ္စည်းများကို သိမ်းယူရရှိကြလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 20 — Surah Al-Fath 48:20

၂ဝ။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် စစ်အောင်မြင်၍ များစွာသောသုံ့လက်ရပစ္စည်းများကို သိမ်းယူရရှိ လိမ့်မည်ဟု အလ္လာဟ်အရှင်မြတ်တင်ကြိုကတိဗျာဒိတ်ခတ်နှိပ်ထားတော်မူ၏၊ ရန်သူတို့လက်သည် သင်တို့အပေါ် သို့ မရောက်နိုင်အောင် ကာဆီးထားတော်မူ၏၊ ယင်းသို့ပြုတော်မူခြင်းကား ယုံကြည်သူတို့အဖို့အရာ သက်သေ သာဓကတော်တစ်ပါးဖြစ်စေရန်အလို့ငှာဖြစ်၏၊ ထို့အပြင်သင်တို့အား သမ္မာတရားတော်ကို ညွှန်ပြတော်မူရန် အလို့ငှာလည်းဖြစ်၏။

Verse 21 — Surah Al-Fath 48:21

၂၁။ သင်တို့မရသေးသောအောင်မြင်မှုများကိုလည်း အရှင်မြတ်သည် သင်တို့အား ပေးသနားတော်မူလိမ့်မည်၊ အရှင် မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။

Verse 22 — Surah Al-Fath 48:22

၂၂။ မယုံကြည်သူတို့သည် သင်တို့ကို စစ်တိုက်လျှင် သူတို့သည် စစ်မြေပြင်မှ ထွက်ပြေးကြလိမ့်မည်၊ ထို့နောက် သူတို့၌ စောင့်ရှောက်ကူညီသူရှိမည်မဟုတ်ချေ။

Verse 23 — Surah Al-Fath 48:23

၂၃။ လွန်လေပြီးသောအတိတ်ကာလဝယ် အလ္လာဟ်အရှင်မြတ်၏ ပညတ်တရားတော်သည် တည်လေ၏၊ ထိုပညတ် တော်သည် မည်သည့်အခါမျှ တနည်းတဖုံပြောင်းလဲသည်ကို သင်တွေ့ရမည်မဟုတ်ချေ။

Verse 24 — Surah Al-Fath 48:24

၂၄။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သင်တို့၏ရန်သူများကို မက္ကာဟ်ချိုင့်ဝှမ်း၌ အောင်နိုင်စေတော်မူ၏၊ ထို့နောက်သင်တို့၏ လက်ကို ရန်သူတို့အပေါ်သို့ မရောက်အောင် တားဆီးထားတော်မူ၏၊ ရန်သူတို့လက်ကိုလည်း သင်တို့အပေါ်သို့ မရောက်အောင် ဆွဲထားတော်မူ၏၊ အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှကို အကြွင်းမဲ့သိတော် မူ၏။

Verse 25 — Surah Al-Fath 48:25

၂၅။ ဤလူများသည် ယုံကြည်ခြင်းတရားမရှိပဲ သင်တို့အား မြင့်မြတ်သောမကျူးလွန်အပ်သောဗလီဝတ်ကျောင်းတော် သို့ ဝင်၍ ဝတ်မတက်ရန် တားဆီးကန့်ကွက်ကြ၏၊ ထို့အပြင်သင်တို့ယူဆောင်လာသောပူဇော်သက္ကာရများကို လည်း ပူဇော်ရာဌာနသို့ မယူရန် ဟန့်တားကြ၏၊ ယင်းကဲ့သို့ရိုင်းပြစော်ကားမိုက်အားကြီးပါလျက် အလ္လာဟ် အရှင်မြတ်သည် ၎င်းတို့ကို လျင်မြန်စွာမတိုက်ခိုက်စေပဲ ဆိုင်းတွဲ့၍ ထားတော်မူ၏၊ သို့ဆိုင်းတွဲ့၍ ဖြန်ဖြေတော်မူ သည့်အကြောင်းရင်းမှာ မက္ကာဟ်မြို့တွင် တိတ်တဆိတ်လျှို့ဝှက်ယုံကြည်သူယောက်ျားမိန်းမတို့ကို ငဲ့ညှာခြင်း အားဖြင့် လတ်တလောတွေ့ကြံုရမည်ဖြစ်သောရန်ကို ဖြန်ဖြေကျေအေးစေတော်မူ၏၊ အို-တမန်တော်၊ အကယ်၍ မက္ကာဟ်မြို့တွင်း၌ ယုံကြည်သူယောက်ျားမိန်းမတို့သာ မရှိမူ ထိုမြို့ကို လျင်မြန်တိုက်ခိုက်ရန် သင့်အား ငါ ခွင့်ပြုတော်မူလိမ့်မည်၊ ယခုမှာ ယင်းကဲ့သို့ခွင့်ပြုတော်မမူခြင်းကား မြို့တွင်းရှိ တိတ်တဆိတ်တရားမှန်ရသူတို့ကို တိုက်ရာ သေချာစွာသင်မသိနိုင်ခြင်းကြောင့်တည်း၊ မကွဲမပြားထင်ယောင်ထင်မှားသတ်ဖြတ်မိငြားက သင့်အား မသိမှားယွင်းမိသောအပြစ်သင့်လိမ့်မည်ဖြစ်သောကြောင့် ရန်စကျေအေးစေတော်မူ၏၊ ယင်းအချက်တော်များကို ငါစီမံတော်မူသည်မှာ ငါ၏ ကောင်းကြီးမင်္ဂလာနိုင်ငံတော်တွင်းသို့ အလိုတော်ရှိသူတို့အား သွတ်သွင်းချီးမြှင့်တော် မူရန် အလို့ငှာဖြစ်၏၊ အကယ်၍မက္ကာဟ်မြို့တွင်း၌ မိစ္ဆာဒိဋ္ဌိတို့မှ သမ္မာတရားရှိသူတို့သီးခြားနေကြမူ မိစ္ဆာဒိဋ္ဌိ အားလုံးတို့ကိ သိမ်းရုံးကုန်စင်အောင် ပြင်းပြနာကျယ်ဖွယ်သောအပြစ်ဒဏ်ကို ငါတပ်ရိုက်စီရင်တော်မူလိမ့်မည်။

Verse 26 — Surah Al-Fath 48:26

၂၆။ အစ္စလာမ်သာသနာတော်ကြီးမထွန်းလင်းမီ အမိုက်မောဟနှင့် မတရားစိတ်ထက်သန်ခြင်းတို့သည် သာသနာပလူ တို့အား ဖိစီးနှိပ်စက်လျက်ရှိ၏၊ ထိုအခါအလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်နှင့် ယုံကြည်သူအပေါင်း တို့စိတ်နှလုံးတွင် တည်ကြည်ငြိမ်သက်ခြင်းကို ချပေးသနားတော်မူ၏၊ ထို့အပြင်သူတို့အား သူတို့ကိုယ်ကို သူတို့ချုပ်တည်းရန် ပညတ်တော်မူ၏၊ အမှန်မှာ ထိုယုံကြည်သူတို့သည် ယင်းမြင့်မြတ်သောဆုလာဘ်နှင့် လွန်စွာထိုက်တန်သူများဖြစ်ကြ၏၊ စင်စစ်မှာ အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမရှိသိတော်မူ၏။

Verse 27 — Surah Al-Fath 48:27

၂၇။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်မြင်ရသောပုဗ္ဗနိမိတ်ကို ပြည့်စုံစေတော်မူပြီး အရှင်မြတ်သည် အလိုတော်ရှိပါလျှင် သင်တို့သည် စိုးရိမ်ကြောင့်ကျခြင်းကင်းမဲ့စွာနှင့် မိမိတို့ဆံကို ရိတ်သိမ်း၍သော်လည်းကောင်း၊ ဖြတ်၍သော်လည်းကောင်း၊ ချမ်းချမ်းသာသာကအ်ဘာဗလီကျောင်းတော်ကြီးကို မုချဧကန်ဝင်ကြရလိမ့်မည်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့မသိမမြင်သောအရာကို သိမြင်တော်မူ၏၊ သင်တို့အား လုံးဝအောင်မြင်ခြင်းနှင့် အလွန်နီးကပ်သောရှေ့ပြေးအောင်ဆုမင်္ဂလာကို ပေးသနားတော်မူပြီ။

Verse 28 — Surah Al-Fath 48:28

၂၈။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်အား အဆုံးအမကျမ်းတော်၊ မှန်ကန်သောဘာသာအယူဝါဒတို့နှင့် တကွ စေလွှတ်တော်မူ၏၊ သို့စေလွှတ်တော်မူခြင်းမှာကား ဤဘာသာအယူဝါဒသည် အခြားဘာသာအယူဝါဒ အမျိုးမျိုးတို့ကို လွှမ်းမိုးစေရန် အလို့ငှာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် သက်သေတော်အဖြစ်ဖြင့် လုံလောက် တော်မူပြီ။

Verse 29 — Surah Al-Fath 48:29

၂၉။ ရှင်မိုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်စစ်စစ်ဖြစ်၏၊ သူနှင့်အတူတကွနေသောသာဝကတို့သည် မိစ္ဆာဒိဋ္ဌိတို့အပေါ်၌ ခက်ထန်၍ မိမိတို့အချင်းချင်းချင်ခင်ကြင်နာကြ၏၊ အေ-တမန်တော်၊ သင်သည် ထိုသာဝက တို့အား အလ္လာဟ်အရှင်မြတ်ကို ဦးညွှတ်ချ၍ ဝတ်ပြုနေသည်ကို မြင်ရ၏၊ သို့ဝတ်ပြုလျက် သူတို့သည် အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်နှင့် အားရနှစ်သက်ခြင်းရတနာတော်ကိုသာ ရှားမှီးကြ၏၊ သူတို့ကို ခွဲခြားသိနိုင်သောအမှတ်သည် ဦးညွှတ်ချသောကြောင့် သူတို့၏နဖူးတွင် ဖြစ်ပေါ်လာသည့်အမှတ်ဖြစ်၏၊ သောင်ရသ်ကျမ်းတွင်လည်း သူတို့ကို ယင်းသို့ရေးသားဖော်ပြထား၏၊ အင်ဂျီလ်ကျမ်းမှာလည်း ထိုနည်းအတူ ရေးသားပါရှိ၏၊ ထိုသူမြတ်တို့ကြီးပွားပုံကို ပမာဆိုသည်ရှိသော်လယ်ယာမြေကောင်းတွင် ကောင်းစွာစိုက်ပျိုး ထားသောကောက်ပင်နှင့်သဏ္ဍာန်တူ၏၊ ၎င်းကောက်ပင်သည် မြေမှ အညွှန့်အညှောက်ပေါက်ထွက်လာပြီးလျှင် ကြီးပြင်းခိုင်မာလာ၏၊ မြစ်ရင်းမှ အထက်သို့ အညွှန့်အညှောက်ရင့်သန်တည့်မတ်စွာထောင်တက်လာကြ၏၊ ယင်းသို့ရင့်သန်သောအားနှင့် တည့်မတ်စွာအညွန့်အညှောက်ထောင်တက်လာသည်များကို လယ်ရှင်တို့မြင်ရသော် လွန်စွာဝမ်းမြောက်ဝမ်းသာရှိ၏၊ ထို့အတူတမန်တော်မိုဟမ္မဒ်၏ သာဝကကြီးများသည် သာသနာတော်၌ တရွေ့ရွေ့ကြီးမားလာသည်ကို လယ်ရှင်ယောက်ျားနှင့်တူသောတမန်တော်သခင်မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိ၏၊ အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့ယုံကြည်သူတို့ကို တစ်နေ့တခြားကြီးပွားလာစေတော်မူခြင်း အကြာင်းရင်းကား ထိုကြီးပွားလာသည်ကို မြင်ရခြင်းအားဖြင့် မိစ္ဆာဒိဋ္ဌိတို့အမျက်ဒေါသထွက်စေရန်အလို့ငှာ ဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်၍ ကုသိုလ်ကောင်းမှုပွားများသူတို့အား သူတို့၏အပြစ်များကို ခွင့်လွှတ်တော်မူ၍ အလွန်ကြီးကျယ်မွန်မြတ်သောအကျိုးကို ပေးသနားတော်မူမည်ဟု ကတိဗျာဒိတ်ခတ်နှိပ် တော်မူ၏။