Verse 1 — Surah Al-Hujurat 49:1
၁။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မည်သည့်ရေးခွင့်ကိစ္စမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်၏ ရှေ့သို့ မတိုးကြလင့်၊ သင်တို့သည် အရှင်မြတ်၏ အမှုတော်ကို စောင့်ထိန်းကြလော့၊ စင်စစ်မှာ အရှင်မြတ်သည် ကြားတော်မူသောအရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Verse 2 — Surah Al-Hujurat 49:2
၂။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့၏ အသံများကို တမန်တော်၏အသံထက် မကျယ်စေကြလင့်၊ သင်တို့သည် တစ်ဦးနှင့်တစ်ဦးကျယ်လောင်စွာစကားပြောဆိုသကဲ့သို့ တမန်တော်အား ကျယ်လောင်စွာမပြောဆိုကြလင့်၊ အကယ်၍ယင်းသို့ပြောဆိုလျှင် သင်တို့ပြုကျင့်မှုအားလုံးသည် အချည်းနှီးဖြစ်ကြလိမ့်မည်၊ သင်တို့သည် မသိ ကြချေ။
Verse 3 — Surah Al-Hujurat 49:3
၃။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်အပါး၌ တိုးတိုးပြောကြအ့ံ၊ ထိုသူတို့၏ စိတ်နှလုံးအပြစ် ရှောင်ကြဉ်ကြောင်းကို အရှင်မြတ်သိတော်မူပြီးပြီ၊ အရှင်မြတ်သည် သူတို့ကို အပြစ်လွှတ်တော်မူ၍ အလွန်ကြီး ကျယ်မြင့်မြတ်သောဆုတော်ကို ပေးသနားတော်မူလိမ့်မည်။
Verse 4 — Surah Al-Hujurat 49:4
၄။ အို-တမန်တော်၊ အကြင်သူတို့သည် သင့်အား အဆောင်တော်၏ အပြင်မှ ခေါ်ဝေါ်ကြားလျှောက်ကြအ့ံ၊ ထို သူတို့အနက် များစွာသောသူတို့သည် အသိဉာာဏ်သေးသူတို့ဖြစ်ကြ၏။
Verse 5 — Surah Al-Hujurat 49:5
၅။ အကယ်၍ထိုသူတို့သည် မိမိတို့ထံ သင်အလိုအလျောက်ထွက်လာသည့်တိုင်အောင် စိတ်ရှည်လက်ရှည်စောင့်ဆိုင်း နေလျှင် သူတို့အနက် သာလွန်လျှောက်ပတ်ချေ၏၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးတော်မူ၏။
Verse 6 — Surah Al-Hujurat 49:6
၆။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့ထံသို့ ဆိုးသွမ်းသူတစ်ဦးက တစ်စုံတစ်ခုသောသတင်းစကားကို အကယ်၍ ဆောင်လာခဲ့သော် ထိုသတင်းမှန်မမှန်ကို စုံစမ်းထောက်လှမ်းကြလော့၊ မေးမြန်းစုံစမ်းခြင်းမပြုလျှင် သင်တို့သည် မှားယွင်းပြီးလျှင် အခြားအသင်းသားတို့ပျက်ပြားဆုံးရှုံးရာဖြစ်တတ်၏၊ ယင်းကဲ့သို့မှားမိခြင်းကြောင့် သတိနောင်တ ကြီးစွာရတတ်၏။
Verse 7 — Surah Al-Hujurat 49:7
၇။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်၏ တမန်တော်သည် သင်တို့အထဲတွင် ရှိကြောင်းကို စိတ်နှလုံး ပိုက်ကြလော့၊ အကယ်၍တမန်တော်သည် များစွာသောအမှုအခင်းကို စီမံခန့်ခွဲရာ၌ သင်တို့အလိုကို လိုက်ခဲ့လျှင် သင်တို့သည် မုချဧကန်ဆင်းရဲဒုက္ခကျကြရမည်သာတည်း၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ယုံကြည်ခြင်း တရားကို နှစ်သက်မြတ်နိုးစေ၍ ထိုတရားကို သင်တို့၏ စိတ်နှလုံးတွင် တင့်တယ်စွာတန်ဆာဆင်ယင်ထားတော် မူ၏၊ အရှင်မြတ်သည် သင်တို့အား မိစ္ဆာအယူဝါဒ၊ ဆိုးသွမ်းမိုက်မဲမှုနှင့် ပုန်ကန်ထကြွမှုတို့ကို စက်ဆုတ်ရွံရှာ စေတော်မူ၏၊ ယင်းသို့ပြုကျင့်သူတို့သည် လမ်းမှန်ညွှန်ခြင်းခံရသူများဖြစ်ကြ၏။
Verse 8 — Surah Al-Hujurat 49:8
၈။ ယင်းကျေးဇူးတော်ကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ အလ္လာဟ်အရှင် မြတ်သည် သိတော်မူ၏၊ ဉာာဏ်ပညာရှင်ဖြစ်တော်မူ၏။
Verse 9 — Surah Al-Hujurat 49:9
၉။ အကယ်၍ယုံကြည်သူတို့သည် တသင်းနှင့်တသင်းရန်စစ်ဖြစ်ပွားသည်ရှိသော် သူတို့၏ရန်ကို ဖြန်ဖြေ၍ ငြိမ်းစေ ကြလော့၊ သို့ဖြန်ဖြေရာကို မယူမနာတသင်းကို တသင်းအနိုင်အထက်ကျူးလွန်စော်ကားခဲ့သော် သင်တို့အားလုံး သည် ထိုကျူးလွန်စော်ကားသောအသင်းသားတို့ကို အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ လှည့်လာသည့်တိုင် အောင် ဝိုင်းဝန်းတိုက်ခိုက်ဆုံးမကြလော့၊ ယင်းကဲ့သို့ဆုံးမနှိပ်ကွပ်ကြရာ အလ္လာဟ်အရှင်မြတ်၏ အာဏာစက် အောက်သို့ ဝင်ရောက်တုံ့လှည့်လာပါလျှင်၊ ထိုနှစ်သင်းတို့အလည်ကြားစည်းအချိန်အလား မှန်ကန်စွာဖြန်ဖြေ ဆုံးဖြတ်ကြလော့၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့်ဆုံးဖြတ်ပြုကျင့်သူတို့ကို မုချဧကန်မြတ်နိုး တော်မူ၏။
Verse 10 — Surah Al-Hujurat 49:10
၁ဝ။ အမှန်မှာ ယုံကြည်သူတို့သည် ညီရင်းအစ်ကိုများဖြစ်ကြခြင်းမှတပါး မည်သည်မှ မဟုတ်ချေ၊ ထို့ကြောင့်ညီရင်း အစ်ကိုအချင်းချင်း သင့်တင့်ညီညွတ်စွာနေကြလော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဝတ်ကို စောင့်ထိန်း ကြလော့၊ သို့မှသာ သင်တို့သည် ကောင်းကြီးမင်္ဂလာတော်ကို ရကောင်းရလိမ့်မည်။
Verse 11 — Surah Al-Hujurat 49:11
၁၁။ အေ-ယုံကြည်သူအပေါင်းတို့၊ လူတစ်စုက အခြားလူတစ်စုကို မပျက်ချော်မပြောလှောင်စေကြလင့်၊ အပြောင်ခံရ သူတို့က မြင့်မြတ်ကောင်းမြင့်မြတ်ပေလိမ့်မည်၊ မိန်းမတို့လည်း ယောက်ျားနည်းတူအချင်းချင်း တစ်ဦးကို တစ်ဦးပျက်ချော်ခြင်းမပြုကြစေလင့်၊ ပြောင်လှောင်ခံရသူမိန်းမတို့သည် ပျက်ချော်သူမိန်းမတို့ထက် သာလွန် မြင့်မြတ်ကောင်းမြင့်မြတ်ပေလိမ့်မည်၊ ယုံကြည်သူတို့သည် အချင်းချင်းတစ်ဦးက တစ်ဦးကို အသရေမဖျက် ကြသင့်၊ ယုတ်ညံ့သောအမည်နာမခေါ်ခြင်းအားဖြင့် အမည်နာမသည် အလွန်ဆိုးသွမ်းသောအရာဖြစ်၏၊ သို့ ဖြစ်၍ အကြင်သူသည် မိမိမှားယွင်းမှုများကို သံဝေဂမရလျှင် ထိုသူသည် ဒုစရိုက်ကောင်ဖြစ်၏။
Verse 12 — Surah Al-Hujurat 49:12
၁၂။ အို-ယုံကြည်သူအပေါင်းတို့၊ သူတပါးအပေါ်၌ သင်္ကာမကင်းမရှိကြလင့်၊ အကြောင်းမူကား အချို့သောသင်္ကာ မကင်းမှုသည် အပြစ်ထိုက်၏၊ ထို့အပြင်သူလျှိုမလုပ်ကြလင့်၊ ''အချင်းချင်းကုံးမချောကြလင့်''၊ အတင်းစကား မပြောကြလင့်၊ သင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ သေသူညီအစ်ကို၏ အသားကို စားလိုသော ဆန္ဒရှိသလော၊ စားခြင်းကို ရွံရှာစက်ဆုတ်ကြ၏၊ ထိုနည်းအတူ အတင်းပြောခြင်းကိုလည်း မုန်းတီးရွံရှာကြလော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဝတ်ကို စောင့်ထိန်းကြလော့၊ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 13 — Surah Al-Hujurat 49:13
၁၃။ အို-လူသားအပေါင်းတို့၊ ငါသည် သင်တို့ကို ယောက်ျားမိန်းမဟူ၍ ဖန်ဆင်းတော်မူ၏၊ လူအမျိုးမျိုးလူစုအမျိုးမျိုး ကိုလည်း ဖန်ဆင်းတော်မူ၏၊ ယင်းကဲ့သို့စီရင်တော်မူခြင်းသည် သင်တို့အချင်းချင်းမည်သူမည်ဝါဟု ခွဲခြားသိစေ ရန် အလို့ငှာဖြစ်၏၊ အမှန်မှာ အလ္လာဟ်အရှင်မြတ်အထံတော်၌ အကျင့်အကြံအကောင်းဆုံးသောသူသာလျှင် အမြင့်မြတ်ဆုံးသူဖြစ်၏၊ စစ်စစ်အားဖြင့် အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့သိမြင်တော်မူ၏။
Verse 14 — Surah Al-Hujurat 49:14
၁၄။ ကျေးတောသားအာရဗ်လူမျိုးတို့က အကျွနု်တို့သည် ယုံကြည်ပါ၏ဟု ဆိုကြ၏၊ အေ-တမန်တော်မိုဟမ္မဒ်၊ ဟောပြောလော့၊ ဟယ်-အချင်းတို့၊ သင်တို့သည် မယုံကြည်ကြသေး၊ အကျွနု်ပ်တို့သည် အရှင်မြတ်၏ အမိန့် တော်ကို နာယူပါပြီဟုသာ ဆိုကြလော့၊ အကြောင်းမူကား သင်တို့၏စိတ်နှလုံးအတွင်းသို့ ယုံကြည်ခြင်းတရား မဝင်ရောက်သေးချေ၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို နာခံကြလျှင် သင်တို့ ပြုကျင့်သမျှကုသိုလ်ကောင်းမှု၏ အကျိုးများကို အနည်းငယ်မျှပင် လျှော့ပေါ့တော်မူမည်မဟုတ်ချေ။
Verse 15 — Surah Al-Hujurat 49:15
၁၅။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ အရှင်မြတ်၏ တမန်တော်ကိုသော်လည်းကောင်း၊ ယုံကြည်ကြ၏၊ ထို့နောက်သံသယမရှိ၊ အရှင်မြတ်၏ သာသနာအရေးတော်အတွက် မိမိအသက်၊ စည်းစိမ်ဥစ္စာ အားဖြင့် အားထုတ်ကြိုးစားကြ၏၊ ထိုသူသာလျှင် ယုံကြည်သူအစစ်ဖြစ်ကြ၏၊ ဤသူများသာလျှင် သစ္စာရှိသူများ ဖြစ်ကြ၏။
Verse 16 — Surah Al-Hujurat 49:16
၁၆။ အို-မိုဟမ္မဒ်၊ သူတို့အား ဟောပြောလော့၊ ဟယ်-အချင်းတို့၊ အထက်မိုးကောင်းကင်နှင့် အောက်မဟာပထဝီ မြေကြီးပေါ်တွင် ရှိရှိသမျှအလုံးစုံကို သိတော်မူသောဉာာဏ်တော်ရှင် အလ္လာဟ်အရှင်မြတ်အား သင်တို့သည် မိမိတို့၏ ဘာသာအယူဝါဒကို သွန်သင်ကြမည်လော၊ အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူ၏။
Verse 17 — Surah Al-Hujurat 49:17
၁၇။ အို-တမန်တော်၊ သူတို့သည် အရှင်မြတ်အား ကျိုးနွံနာခံပါသည်ဟု ဆိုခြင်းအားဖြင့် သင့်ကို ကျေးဇူးပြုသည်ဟုု ယူဆကြ၏၊ သင်ဟောပြောလော့၊ အချင်းတို့၊ သင်တို့သည် မိမိတို့၏ ယုံကြည်ခြင်းဖြင့် ငါ့ကို ကျေးဇူးပြုသည်ဟု ထင်မှတ်ကြသလော၊ ယင်းသို့မဟုတ်ချေ၊ သို့သော်သင်တို့သည် စိတ်အားထက်သန်လျှင် အရှင်မြတ်သည် သင်တို့ကို ယုံကြည်ခြင်းတရားသို့ ညွှန်ပြခြင်းအားဖြင့် သင်တို့အား ကောင်းကြီးမင်္ဂလာပေးတော်မူပြီ။
Verse 18 — Surah Al-Hujurat 49:18
၁၈။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေတစ်ခွင် မိုးကောင်းကင်ဝယ် လျှို့ဝှက်ဖုံးအုပ်၍ ရှိနေကုန်သော အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူ၏၊ အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှအရာများကို အကြွင်းမဲ့သိမြင် တော်မူ၏။