Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Ba Sein — Permalink

Verse 1 — Surah Al-Maidah 5:1

၁။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် မိမိတို့ဂတိသစ္စာများကို စောင့်ထိန်းကြလော့။ ဤစူရာဟ် တော်တွင် မစားသုံးရဟု တားမြစ်ထားသော ခြေလေးချောင်းတိရစ္ဆာန်များမှတစ်ပါး၊ အခြား ခြေလေချောင်းတိရစ္ဆာန်များ၏အသားကို သင်တို့အဖို့ တရားဝင် မင်္ဂလာရှိသော အစားအစာ ဖြစ်သည်ဟု ပြဌာန်းတော်မူ၏။ သင်တို့သည် ကအ်ဘာကျောင်းတော်သို့ ဟဂျ်ပြုသွားနေစဉ် အမဲလိုက်ခြင်းသည် တရားမဝင်။ အမင်္ဂလာဖြစ်၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် မိမိနှစ်သက်တော်မူသောကျင့်စဉ်ကို ပညတ်တော်မူ၏။

Verse 2 — Surah Al-Maidah 5:2

၂။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ အမှတ်သညာကျောင်းတိုင်များ၊ လထူး-လမြတ် ပူဇော်သက္ကာရများ၊ ပန်းကုံးများ၊ အလ္လာဟ်အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်နှင့် နှစ်သက်မြတ်နိုးတော်မူခြင်းများကို လိုလား၍ ကအ်ဘာကျောင်းတော်သို့ ဝတ်တက်ရန်သွားသူများကို မရိုမသေ၊ မထီလေးစား ရှုံ့ချပြောဆိုခြင်းကိုမပြုကြလင့်။ သို့သော် သင်တို့သည် ထူးမြတ်လှသော အောင်မြေမှ ထွက်ခွာသွားပြီးသောအခါ အမဲလိုက်ခွင့်ရှိကြ၏။ သင်တို့အား ဘေးမဲ့ပလီကျောင်းတို့သို့ ဝတ်တက်ရန်မသွားရန်၊ လွန်လေပြီးသောအချိန်တစ်ချိန်က တားမြစ်ပိတ်ပင်ဘူးသူတို့ကို မုန်းတီးသော စိတ်သဘောက သင်တို့အား တရားကျူးလွန်အောင် သွေးမဆောင်ကြစေလင့်။ သို့သော် သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သုစရိုက်ကောင်းမှုအားထုတ်ရန်နှင့် အသျှင်မြတ်နှင့် တရားတော်ကိုကြည်ညိုရန် တိုက်တွန်းကူညီကြလော့။ သင်တို့သည် ဒုစရိုက်မကောင်းမှုနှင့် ပြစ်မှုကျူးလွန်မှုပြုလုပ်ရန်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မရိုင်းပင်းကြလင့်။ အလ္လာဟ် အသျှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ဒဏ်ခတ်တော်မူရာ၌ ပြင်းထန်တော်မူ၏။

Verse 3 — Surah Al-Maidah 5:3

၃။ သင်တို့သည် အစားရဟုတားမြစ်တော်မူသော အစားအစာများမှာ အသေသား၊ သွေး၊ ဝက်သား၊ အလ္လာဟ်အသျှင်မြတ်၏နာမတော်မှတစ်ပါး အခြားနာမည်ကို အာရုံပြု၍သတ်သောတိရစ္ဆာန်၏ အသား၊ အမြင့်မှလိမ့်ကျ၍သေသောတိရစ္ဆာန်သား၊ ဦးချိုဖြင့်ခွေ့၍သေသော တိရစ္ဆာန်သား၊ မသေမီ တရားဝင်ဖြစ်အောင် သင်တို့မသတ်ဖြတ်ရဘဲ သားရဲတိရစ္ဆာန်တိုက်သော တိရစ္ဆာန်သား၊ ရုပ်ပွား ဆင်းတုများကို ပူဇော်သောယဇ်ကောင်သားတို့ဖြစ်၏။ မြှားနှိုက်၍ ကံစမ်းခြင်းတည်းဟူသော အယူဝါဒကိုလည်း တားမြစ်တော်မူ၏။ ဤအယူဝါဒသည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်း၏။ ဤနေ့၌ မိစ္ဆာဒိဌိတို့သည် သင်တို့၏ ဘာသာအယူဝါဒကို ဖျက်ဆီးမှုတွင် စိတ်ပျက်လက်လျှော့ရပြီ။ ထို့ကြောင့် သူတို့ကို မကြောက်လန့်ကြလင့်။ ငါအသျှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလော့။ ဤနေ့၌ ငါသည် သင်တို့အတွက် သင်တို့၏ဘာသာအယူဝါဒကို စုံလင်စေတော်မူပြီ။ သင်တို့အပေါ်၌ ငါ၏ ကောင်းချီးမင်္ဂလာတော်သည် ပြည့်စုံပြီ။ သင်တို့အတွက် အစ္စလာမ်ကို ဘာသာအယူဝါဒအဖြစ်ဖြင့် ရွေးချယ်တော်မူပြီ။ အကြင်သူသည် စားလိုသောဆန္ဒကြောင့်မဟုတ်ဘဲ ဆာလောင်ငတ်မွတ်သိမ့် ခြင်းကြောင့် တရားမဝင်၊ အမင်္ဂလာအစားအစာကိုစားရလျှင် အလ္လာဟ်အသျှင်မြတ်သည် အမှန်ပင် အပြစ်လွှတ်တော်မူ၏။ ကောင်းချီးမင်္ဂလာပေးသနားတော်မူ၏။

Verse 4 — Surah Al-Maidah 5:4

၄။ အို-မိုဟမ္မဒ် သူတို့သည် သင်အား သူ့အတို့အတွက် အဘယ်အရာဝထ္ထုများသည် တရားဝင်သနည်း ဟု မေးမြန်းကြ၏။ သင်ဟောကြားလော့။ ဟယ် အချင်းတို့ ကောင်းမြတ်သန့်ရှင်းသောအရာများ သည် တရားဝင်မင်္ဂလာရှိသော အစားအစာဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား သွန်သင်ပြသတော်မူသောအရာကို သင်တို့သည် အမဲလိုက်ခွေးများကို သွန်သင်လေ့ကျင့်သကဲ့သို့ မိမိတို့ တိရစ္ဆာန်နှင့် ငှက်များကို အမဲလိုက်ဖမ်းခြင်းကို သွန်သင်လေ့ကျင့်ထား၏။ ထိုတိရစ္ဆာန်များ ဖမ်းဆီးပေးသောအမဲ၏အသားကိုလည်းကောင်း၊ အမဲပေါ်တွင် အလ္လာဟ်အသျှင်မြတ်၏ နာမတော်ကို ရွတ်ဖတ်ပြီးလျှင် သုံးစွဲမှီဝဲကြလော့။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ကြေပြွန်အောင် ထမ်းဆောင်ကြလော့။ မှတ်သားကြလော့။ ---အလ္လာဟ်အသျှင်မြတ်သည် စစ်ကြော စီရင်ခြင်း၌ ထက်မြတ်လျင်မြန်တော်မူ၏။

Verse 5 — Surah Al-Maidah 5:5

၅။ ဤနေ့၌ မွန်မြတ်သောအရာဝထ္ထုများအားလုံးကို သင်တို့အဖို့ရာ တရားဝင်မင်္ဂလာရှိသောပစ္စည်း အဖြစ်ဖြင့် ပြဌာန်းတော်မူပြီ။ ရှေးကျမ်းတော်များကို ရရှိသောအမျိုးသားတို့၏အစားအစာသည် သင်တို့အတွက် တရားဝင်မင်္ဂလာရှိသောအစာအဟာရဖြစ်၏။ သင်တို့၏အစားအစာသည် သူတို့အတွက် တရားဝင်မင်္ဂလာရှိသောအစာဖြစ်၏။ ထိုနည်းတူ အသျှင်မြတ်နှင့်တရားတော်ကို ကြည်ညိုယုံကြည်သူ အမျိုးသမီးများနှင့် သင်တို့အလျင် ကျမ်းတော်များကို ရရှိသူအမျိုးသားတို့ထဲမှ အသျှင်မြတ်နှင့်တရားတော်ကို ကြည်ညိုသူအမျိုးသမီးများကို သင်တို့စုံဘက်ဖို့ရာ တရားသဖြင့် လက်ထပ်နိုင်သောမိန်းမများဖြစ်ကြ၏။ သို့သော် သင်တို့သည် သူတို့အား ခန်းဝင်ပစ္စည်းပေး၍ လက်ထပ်ယူကြလော့။ တင့်တယ်သိုက်မြိုက်ဂုဏ်ရှိစွာ ပေါင်းသင်းကြလော့။ ခေတ္တခဏ မေထုံမှီဝဲ ကြဖို့ရာ မယူကြလင့်။ တိတ်တဆိတ် အမြှောင်မယားအဖြစ်နှင့်လည်း မယူကြလင့်။ အကြင်သူသည် တရားတော်ကို မယုံကြည်၊ ငြင်းပယ်၏။ ထိုသူ၏ ကြိုးစားပြုလုပ်မှုသည် အကျိုးမရှိ အလဟဿသာ ဖြစ်၏။ ထိုသူသည် နောင်ဘဝ၌ ဆုံးရှုံးပျက်စီးသူတို့ဘောင်တွင် အပါအဝင်ဖြစ်၏။

Verse 6 — Surah Al-Maidah 5:6

၆။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် ဆွလာသ်ဝတ်ပြုရန် ထကြသောအခါ သင်တို့၏မျက်နှာ များ၊ လက်များကို တတောင်ဆစ်များအထိ ဆေးကြောကြလော့။ သင်တို့၏ဦးခေါင်းများကို ဖြည်းညှင်းသာယာစွာ ပွတ်သပ်ကြလော့။ သင်တို့၏ခြေများကို ခြေမျက်စိများအထိ ဆေးကြောကြ လော့။ အကယ်၍ သင် မသန့်ရှင်းညစ်ပတ်နေလျှင် ရေချိုးပြီး သန့်စင်အေင်ပြုကြလော့။ ထို့ပြင် သင်တို့သည် မကျန်းမာသောအခါ၌လည်းကောင်း၊ ခရီးသွားသောအခါ၌လည်းကောင်း၊ ကျင်ကြီး ကျင်ငယ်စွန့်ကြသောအခါ၌လည်းကောင်း၊ မိန်းမများနှင့် ထိခိုက်ကြသောအခါ၌လည်းကောင်း ရေမရနိုင်ကြလျှင် သန့်ရှင်းစင်ကြယ်သောမြေမြင့်ပေါ်ကိုသွား၍ မြေမှုန့်အချို့နှင့် မျက်နှာနှင့် လက်များကို ပွတ်သပ်ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ကြီးလေးသောတာဝန်ကို ပေးလိုတော်မူပေ။ သို့သောည် သင်တို့သည် အသျှင်မြတ်ဂုဏ်ကျေးဇူးတော်တို့ကို ချီးကျူးစေရန် အသျှင်မြတ်သည် သင်တို့အား သန့်ရှင်းစေတော်မူ၍ သင်တို့အပေါ်တွင် ကောင်းချီးမင်္ဂလာတော်ကို စုံလင်စေလိုတော်မူ၏။

Verse 7 — Surah Al-Maidah 5:7

၇။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ဂုဏ်ကျေးဇူးတော်ကို ချီးကျူးကြလော့။ သင်တို့သည် အကျွနု်ပ်တို့သည် ကြားကြပါ၏။ နာယူလိုက်နာကြပါ၏ဟု တင်လျှောက်သောအခါ သင်တို့သည် အသျှင်မြတ်နှင့် ယုံကြည်မှုပဋိညာဉ်စာချုပ် ချုပ်ဆိုလေပြီ။ ထိုစာချုပ်ကို စောင့်ထိန်းကြလော့။ အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ကောင်းစွာထမ်းဆောင်ကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏စိတ်နှလုံးများအတွင်း ရှိသည်တို့ကို အကြွင်းမဲ့သိမြင်တော် မူ၏။

Verse 8 — Surah Al-Maidah 5:8

၈။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အတွက် မှန်ကန်ဖြောင့်မတ် တည်ကြည်သောသက်သေများ ဖြစ်ကြလော့။ သင်တို့၏မုန်းတီးမှုက သင်တို့အား သူတစ်ပါးကို မတရားပြုဖို့ရာ သွေးဆောင်မှုကို မပြုမိစေလင့်။ တရားသဖြင့်ပြုကြလော့။ ယင်းပြုကျင့်မှုသည် ကောင်းသောအကျင့်သီလနှင့် ပိုမိုနီးကပ်၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ထမ်းဆောင်ကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ပြုသမျှကို အကြွင်းမဲ့ သိမြင်တော်မူ၏။

Verse 9 — Surah Al-Maidah 5:9

၉။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်လျှက် သုစရိုက်ကောင်းမှုပွားများသူတို့အား ဂတိဗျာဒိတ် ပေးတော်မူပြီ။ အပြစ်လွှတ်ခြင်းနှင့် အောင်ဆုမင်္ဂလာကြီးသည် သူတို့အဖို့ဖြစ်၏။

Verse 10 — Surah Al-Maidah 5:10

၁ဝ။ မယုံကြည်ဘဲ ငါအသျှင်မြတ်၏ ဗျာဒိတ်တော်များကို ငြင်းငယ်သူများသည် အဝီစိငရဲကို တရားသဖြင့် ပိုင်ဆိုင်သူများဖြစ်ကြ၏။

Verse 11 — Surah Al-Maidah 5:11

၁၁။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ကျေးဇူးတော်ကိုလည်းကောင်း၊ အသင်းတစ်သင်းသည် သင်တို့အား ဘေးအန္တရာယ်ပြုရန် သူတို့၏လက်များကို သင်တို့အပေါ် မိုးထားဖို့ရာ၊ စိတ်ရှိတ်သောအခါ အသျှင်မြတ်သည် ထိုလက်များကို ဆွဲငင်ဖယ်ရှားတော်မူသည်ကို လည်းကောင်း သတိရကြလော့။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ထမ်းရွက်ကြ လော့။ ယုံကြည်သူတို့သည် အလ္လာဟ်အသျှင်မြတ်ကိုသာလျှင် ယုံကြည်ကိုးစားကြလော့။

Verse 12 — Surah Al-Maidah 5:12

၁၂။ ရှေးအခါက အလ္လာဟ်အသျှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ၏။ ငါအသျှင်မြတ်သည် သူတို့အထဲမှ အကြီးအကဲ ရှေ့ဆောင်ဆယ့်နှစ်ယောက်ကို ရွေးချယ်တော်မူ၍ ဤသို့ ဗျာဒိတ်ပေးတော်မူ၏။ အို-ခေါင်းဆောင်တို့ မှတ်သားကြလော့။ ငါသည် သင်တို့နှင့်အတူ ရှိတော်မူ၏။ သင်တို့သည် ဆွလာသ်ဝတ်ပြုခြင်း၊ ဇကာသ်အလှူဒါနကိုပေးကမ်းခြင်း၊ ငါ၏ တမန်တော်များကိုယုံကြည်ခြင်း၊ ကူညီထောက်ခံခြင်း၊ အလ္လာဟ်အသျှင်မြတ်အား သဒ္ဒါကြည်ညို သော စေတနာဖြင့် ကြွေးမြီချခြင်းတို့ကို ပြုလုပ်ကြလျှင် ငါအသျှင်သည် မုချဧကန် သင်တို့၏ အပြစ်များကို လွှတ်တော်မူမည်။ အောက်တွင် အသွယ်သွယ်စီးဆင်းလျှက်ရှိသော ဥယျာဉ်တော်ကြီး အတွင်းသို့ သင်တို့ကို အမှန်ပင်ပို့ဆောင်တော်မူမည်။ သင်တို့အနက် အကြင်သူသည် ငါ့အထံတော် ၌ ပဋိညာဉ်ခံပြီးသည့်နောက် မယုံကြည် ဖောက်ပြန်၏။ ထိုသူသည် ထင်ရှားသောလမ်းတော်ကြီးမှ တိမ်းစောင်းသွားမည်သာတည်း။

Verse 13 — Surah Al-Maidah 5:13

၁၃။ သူတို့သည် ဂတိသစ္စာဖောက်ဖျက်ကြသောကြောင့် ငါသည် သူတို့ကို ကျိန်ဆဲတော်မူ၏။ သူတို့ စိတ်နှလုံးကို ရိုင်းစိုင်းမာပြင်းစေတော်မူ၏။ သူတို့သည် စကားလုံးများကို ရှိရင်းစွဲနေရာမှ အဓိပ္ပါယ် မှောက်မှားအောင် ရွှေ့ပြောင်းကြ၍ သူတို့အား ဆုံးမသွန်သင်သော စကားအချို့တို့ကို မေ့လျှော့ ပစ်ကြ၏။ သူတို့အထဲမှ အနည်းငယ်သောသူတို့မှတစ်ပါး အခြားသူတို့အားလုံးပင် သစ္စာဖောက်ပြန် သည်ကို မဆုံးနိုင်အောင် သင် တွေ့ကြံုရမည်သာတည်း။ သို့သော် သင်သည် သူတို့အား သည်းခံ၍ အပြစ်လွှတ်လော့။ မှတ်သားလော့။ အလ္လာဟ်အသျှင်သည် သနားကျင်နာတတ်သူတို့ကို ချစ်ခင် မြတ်နိုးတော်မူ၏။

Verse 14 — Surah Al-Maidah 5:14

၁၄။ အကျွနု်ပ်တို့သည် ခရစ်ယာန်ဘာသာဝင်များအမှန်ပင်ဖြစ်ပါသည်ဟုဆိုသူများနှင့် ငါအသျှင်မြတ်သည် ပဋိညာဉ်ပြုတော်မူ၏။ သို့သော်သူတို့သည် ၎င်းတို့အား ဆုံးမသွန်သင်ချက်များ တစ်စိတ်တစ်ဒေသကို မေ့လျော့ပစ်ကြ၏။ ထို့ကြောင့် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီးတိုင်အောင် သူတို့အထဲ၌ မသင့်မတင့် စိတ်နှလုံးမုန်းတည်းအငြိုးထားစိတ်ကို လှုံ့ဆော်ပေးတော်မူ၏။ ထိုနေ့တော်ကြီး၌ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား သူတို့၏လက်ရာခြေရာများကို ပြတော်မူလိမ့်မည်။

Verse 15 — Surah Al-Maidah 5:15

၁၅။ အို-ရှေးကျမ်းတော်ရရှိသူအပေါင်းတို့ ဤအချိန်ကာလတွင် ငါ၏တမန်တော်သည် သင်တို့ထံသို့ ရောက်ရှိလာပြီ။ ဤတမန်တော်သည် သင်တို့ဖုံးကွယ်ထားလေ့ရှိသော ပညတ်တရားတော် အမြောက်အများကို ရှင်းလင်းဟောကြား၏။ များစွာသောပြစ်မှုများကိုလည်းလွှတ်၏။ ယခုမူကား အလ္လာဟ်အသျှင်မြတ်အထံတော်မှ သင်တို့ထံသို့ ရောင်ခြည်တော်နှင့် ရှင်းလင်းထင်ရှားသော ကျမ်းတော်တစ်စောင်ရောက်ရှိလာပြီ။

Verse 16 — Surah Al-Maidah 5:16

၁၆။ ထိုကျမ်းတော်အားဖြင့် အလ္လာိဟ်အသျှင်မြတ်သည် မိမိနှစ်သက်မြတ်နိုးတော်မူခြင်းကို ရှာမှီးသူတို့ အား အေးချမ်းသာယာရေးလမ်းများသို့ ညွှန်ပြတော်မူ၏။ အသျှင်မြတ်သည် မိမိ၏ပညတ်တော် အားဖြင့် သူတို့ကို အမှောင်ထုမှ အလင်းရောင်အတွင်းသို့ ကယ်မတော်မူ၏။ သူတို့အား သမ္မာ ဖြောင့်မတ်သောလမ်းကို ပြသတော်မူ၏။

Verse 17 — Surah Al-Maidah 5:17

၁၇။ အလ္လာဟ်အသျှင်မြတ်သည် မရယမ်၏သား မေရှိယခရစ်တော်အမှန်ပင်ဖြစ်သည်ဟုဆိုသောသူတို့ သည် မိစ္ဆာဒိဌိမုချဖြစ်၏။ အို-တမန်တော် ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့ဆိုသည့်အတိုင်း ဖြစ်မူ အလ္လာဟ်အသျှင်မြတ်သည် မရယမ်၏သား မေရှိခရစ်တော် သူ၏မယ်တော်နှင့် ကမ္ဘာပေါ်ရှိ လူတိုင်းကို ဖျက်ဆီးလိုတော်မူပါလျှင် အဘယ်သူသည် အလ္လာဟ်အသျှင်မြတ်ကို တားဆီးနိုင်သနည်း။ အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်ကမ္ဘာမြေကြီးနှင့် မိုးမြေစပ်ကြားရှိသမျှအပေါင်းတို့ကို အစိုးရတော်မူ၏။ အလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ အရာခပ်သိမ်းကုန်တို့ကို ပြုစွမ်းနိုင်တော် မူ၏။

Verse 18 — Surah Al-Maidah 5:18

၁၈။ ရဟူဒီအမျိုးသား၊ ခရစ်ယာန်ဘာသာဝင်အမျိုးသားတို့က အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်၏ သားတော်များဖြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်၏အချစ်တော်များ ဖြစ်ကြ၏ဟုဆိုကြ၏။ အို-တမန်တော် သင်ဟောကြားလော့။ ဟယ်-အချင်းတို့ အသျှင်မြတ်သည် သင်တို့ကို သင်တို့၏ အပြစ်များအတွက် အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ သင်တို့ပြောသည့်အတိုင်း မဟုတ်ပေ။ သင်တို့သည် အသျှင်မြတ်ဖန်ဆင်းတော်မူသော သေတတ်သည့်လူသားများသာဖြစ်၏။ အသျှင်မြတ်သည် အပြစ်လွှတ်လိုတော်မူသောသူများကို အပြစ်လွှတ်တော်မူ၏။ အပြစ်ပေးလိုတော် မူသောသူများကို အပြစ်ပေးတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အထက်ကောင်းကင်ဘုံ၊ အောက် မဟာပထဝီမြေကြီးနှင့် မိုးမြေစပ်ကြား ရှိရှိသမျှအပေါင်းတို့ကို သိမ်းရုံးစိုးပိုင်တော်မူ၏။ သင်တို့အားလုံးသည် အသျှင်မြတ်အထံတော်သို့ ပြန်ရမည်သာတည်း။

Verse 19 — Surah Al-Maidah 5:19

၁၉။ အို-ရှေးကျမ်းတော်ရရှိသူအပေါင်းတို့ အကျွနု်ပ်ထံသို့ မင်္ဂလာရှိသောသတင်းကိုသော်လည်းကောင်း၊ မင်္ဂလာမရှိသောသတင်းကိုသော်လည်းကောင်း မေးကြားဖို့ရာ တမန်တော်တစ်ပါးမှ မရောက်လာချေ ဟု သင်တို့ မပြောနိုင်စိမ့်သောငှာ ငါ၏တမန်တော်သည် သင်တို့ထံသို့ ယခုပွင့်လာပြီ။ တမန်တော်များ အဆက်ဖြတ်ပြီးမှ ဤတမန်တော်ပွင့်လာ၏။ သူသည် သင်တို့အား အရာရာကို ရှင်းလင်းဟောကြား ၏။ ယခုမူကား ဝမ်းမြောက်ဘွယ်သတင်း၊ ကြောက်လန့်တုန်လှုပ်ဘွယ်သတင်းပေးသူ တမန်တော် သည် သင်တို့ထံသို့ရောက်လာပြီ။ အလ္လာဟ်အသျှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။

Verse 20 — Surah Al-Maidah 5:20

၂ဝ။ တမန်တော်မူဆာအကြောင်းကို သတိရလော့။ သူသည် မိမိအမျိုးသားတို့အား အို-အကျွနု်ပ်၏ သားချင်းအပေါင်းတို့ သင်တို့သည် မိမိတို့အား အလ္လာဟ်အသျှင်မြတ်ပြုတော်မူသော ဂုဏ်ကျေးဇူး တော်များကို ချီးကျူးကြလော့။ အသျှင်မြတ်သည် သင်တို့အထဲမှ တမန်တော်များကို ရွေးကောက် ခန့်တော်မူ၏။ သင်တို့ကို ပြည့်ရှင်ဘုရင်ရာထူးများနှင့် မြှောက်စားတော်မူ၏။ အသျှင်မြတ်သည် အခြားကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ကို ပေးသနားတော်မမူသောအရာဝထ္ထုများကို သင်တို့အား ပေးသနားတော်မူ၏။

Verse 21 — Surah Al-Maidah 5:21

၂၁။ အို-အကျွနု်ပ်၏အမျိုးသားအပေါင်းတို့ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အဖို့အရာ အသီးသီး သတ်မှတ်ထားတော်မူသည့် ထူးမြတ်လှသောအောင်မြေကို ဝင်ရောက်နေထိုင်ကြလော့။ ထွက်ပြေး လာခြင်းမပြုကြလင့်။ အမှန်မှာ သင်တို့ထွက်ပြေးလျှင် ဆုံးရှုံးသူကဲ့သို့သာ ပြန်လာရသည်ဖြစ်၏။

Verse 22 — Surah Al-Maidah 5:22

၂၂။ သူတို့က အို-မူဆာ အလွန်ကြီးမားသောလူမျိုးသည် ထိုအရပ်ဒေသ၌ အမှန်နေထိုင်ကြ၏။ သူတို့သည် ထိုနေရာမှထွက်မသွားသည့်ကာလအတွင်း အကျွနု်ပ်တို့သည် အမှန်ပင် ထိုနေရာကို ဝင်ကြမည် မဟုတ်ပေ။ သူတို့ထွက်ခွာသွားသောအခါ အကျွနု်ပ်တို့ ဝင်ကြမည်ဟုဆိုကြ၏။

Verse 23 — Surah Al-Maidah 5:23

၂၃။ ထိုအခါ သူတို့အထဲမှ အလ္လာဟ်အသျှင်မြတ်ကို ကြောက်ရွံ့ရိုကျိုး၍ အသျှင်မြတ် ကျေးဇူးပြုတော် မူခြင်းခံရသူနှစ်ဦးက ဟယ်-အချင်းတို့ သင်တို့သည် မြို့တံခါးပေါက်မှ ဝင်ကြလော့။ ယင်းသို့ ဝင်ကြလျှင် သင်တို့အမှန်ပင် အောင်နိုင်ကြပါမည်။ သင်တို့သည် ယုံကြည်သူများ မုချဧကန်ဖြစ်ကြ ပါလျှင် အသျှင်မြတ်ကို ယုံကြည်ကိုးစားကြပါလော့ဟု ပြောကြားကြ၏။

Verse 24 — Surah Al-Maidah 5:24

၂၄။ သူတို့က အို-မူဆာ ထိုကြီးမားသောသူတို့ ရှိသေးသမျှကာလပတ်လုံး အကျွနု်ပ်တို့သည် ထိုအရပ်ဒေသ ကို ဝင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် သင်နှင့် သင်၏အသျှင်သခင်သွား၍ စစ်မက်ဆိုင်ပြိုင် တိုက်ခိုက်ကြပါလော့။ အကျွနု်ပ်တို့သည် ဤနေရာ၌ အမှန်ပင်ထိုင်၍နေမည်ဟု ဆိုကြ၏။

Verse 25 — Surah Al-Maidah 5:25

၂၅။ ထိုအခါ မူဆာက အို-အကျွနု်ပ်၏အသျှင်သခင်၊ အကျွနု်ပ်သည် မိမိကိုယ်နှင့် မိမိအစ်ကိုမှတစ်ပါး အခြားသူတို့ကို သြဇာမပေးနိုင်ပါ။ ထို့ကြောင့် အကျွနု်ပ်တို့နှင့် အပြစ်ကျုးလွန်သူတို့ကို ခွဲခြားတော် မူပါဟု ဆုတောင်း၏။

Verse 26 — Surah Al-Maidah 5:26

၂၆။ သူတို့၏အသျှင်သခင်က အို-မူဆာ ထို့ကြောင့် သူတို့သည် ထိုမြေထူးမြေမြတ်ကို နှစ်ပေါင်းလေးဆယ် မုချဧကန် ဝင်ကြရမည်မဟုတ်ပေ။ သူတို့သည် ကမ္ဘာမြေပေါ်ဝယ် အယောင်ယောင်အမှားမှား လှည့်ပတ်သွားလာရမည်။ သို့ဖြစ်၍ ဒုစရိုက်မှုပြုကျင့်သူများကြောင့် စိတ်ပူဆွေးခြင်း မရှိလင့်။

Verse 27 — Surah Al-Maidah 5:27

၂၇။ သို့သော် သူတို့အား တမန်တော်အာဒမ်နှင့် သားနှစ်ယောက်တို့၏အကြောင်းအရာကို မှန်ကန်စွာ ဟောကြားလော့။ သူတို့နှစ်ယောက်သည် အလ္လာဟ်အသျှင်မြတ်ထံ ကိုယ်စီကိုယ်ငှ ပူဇော်သက္ကာရ ပြုကြ၏။ တစ်ယောက်ထံမှ လက်ခံတော်မူ၏။ အခြားတစ်ယောက်ထံမှ လက်ခံတော်မမူပေ။ ထိုသူက သင့်ကို ငါအမှန်သတ်မည်ဟု ကြိမ်းမောင်း၏။ အခြားတစ်ယောက်က အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်အမှုအခင်းများကို ရှောင်ကြဉ်သူထံမှသာ လက်ခံတော်မူ၏ဟု ပြောကြား၏။

Verse 28 — Surah Al-Maidah 5:28

၂၈။ အကယ်၍ သင်သည် ငါ့ကကိုသတ်ရန် သင်၏လက်ကို ငါ့ဘက်သို့ ဆန့်သော်လည်း ငါသည် သင့်ကိုသတ်ရန် ငါ့လက်ကို သင့်ထံသို့ဆန့်မည်မဟုတ်ပေ။ ငါသည် စကြာဝဠာများအရှင် အလ္လာဟ်အသျှင်မြတ်ကို ကြောက်ရွံ့ရိုကျိုး၏။

Verse 29 — Surah Al-Maidah 5:29

၂၉။ သင်သည် ငါ၏အပြစ်ဒဏ်၊ သင်၏အပြစ်ဒဏ်များကိုခံစား၍ အဝီစိငရဲမီး၏ ပိုင်ရှင်များဘောင်တွင် အပါအဝင်ဖြစ်လိုလျှင် ဖြစ်စေတော့။ ငါကား မဖြစ်လို ငရဲမီးသည် ဒုစရိုက်မှုကျုးလွန်သူတို့၏ ဆုလာဘ်ဖြစ်၏ဟု ပြောပြ၏။

Verse 30 — Surah Al-Maidah 5:30

၃ဝ။ သို့သော် တစခြားသူမှာ မိမိ၏စိတ်လှုံ့ဆော်မှုကြောင့် မိမိညီကိုသတ်ပြီးလျှင် ဆုံးရှုံးပျက်စီးသူတို့တွင် တစ်ဦးဖြစ်သွားလေ၏။

Verse 31 — Surah Al-Maidah 5:31

၃၁။ ထိုအခါ အလ္လာဟ်အသျှင်မြတ်သည် သူ့အား မိမိညီ၏အလောင်းကို မည်သို့ဖုံးကွယ်ထားဖို့နည်းကို ပြသရန် တောကျီးကန်းတစ်ကောင်ကို စေလွှတ်တော်မူ၏။ ထိုကျီးကန်းသည် မြေကြီးကို တူးဆွပြ၏။ ထိုအခါ သူက ငါ့မှာဒုက္ခရောက်စေသော် ငါသည် ဤကျီးကန်းလောက်မှ မစွမ်းဆောင်နိုင်သလော။ ငါ့ညီ၏အလောင်းကိုမှ ဝှက်မထားနိုင်သလောဟု ညည်းညူ၏။ ထို့နောက်သူသည် သတိသံဝေဂ ရ၏။

Verse 32 — Surah Al-Maidah 5:32

၃၂။ ထိုအကြောင်းကြောင့် ငါအသျှင်မြတ်သည် အစ္စရာအီလ်အမျိုးသားတို့အပေါ်တွင် အကြင်သူသည် လူသတ်မှုကြောင့်သော်လည်းကောင်း၊ မြေပေါ်ဝယ် ဖျက်ဆီးဆုံးရှုံးစေမှုကြောင့်သော်လည်းကောင်း၊ မဟုတ်ဘဲ တစ်ပါးသူကိုသတ်အံ့။ ထိုသူသည် လူသားအပေါင်းတို့ကို သတ်ဖြတ်သည်ဟုမှတ်ယူကြ လော့။ အကြင်သူသည် သူတစ်ပါး၏အသက်ကို ကယ်ဆယ်အံ့။ ထိုသူတို့သည် လူသားအပေါင်းတို့၏ အသက်ကို ကယ်ဆယ်သည်ဟု ပညတ်တော်မူ၏။ ရှေးကာလက ငါအသျှင်မြတ်၏တမန်တော်များ သည် သူတို့ထံသို့ ငါသည် အချုပ်အခြာအာဏာပိုင်သတော်မူသော အထွဋ်အခေါင်ဖြစ်ကြောင်း ထင်ရှားသောသက်သေသာဓကများကို ယူဆောင်လာကြ၏။ သို့ပါလျက် သူတို့အနက် များလှစွာသောသူတို့သည် ကမ္ဘာမြေတစ်လျှောက် လွန်ကျူးပြစ်မှားသူများဖြစ်ကြ၏။

Verse 33 — Surah Al-Maidah 5:33

၃၃။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်ကို စစ်ခင်း၍ ကမ္ဘာမြေ တစ်ခွင် ပျက်စီးဆုံးရှုံးမှုများကို ကြိုးပမ်းအားထုတ်ကြ၏။ ထိုသူတို့၏ အကျိုးဆုလာဘ်မှာ သူတို့ကို သတ်ဖြတ်ခြင်းသော်လည်းကောင်း၊ လက်ဝါးကပ်တိုင်တွင် တင်သတ်ခြင်းသော်လည်းကောင်း၊ သူတို့၏ လက်ခြေများကို အလှည့်ကျ တစ်ဖက်စီ ဖြတ်ပစ်ခြင်းသော်လည်းကောင်း၊ သူတို့ကို မိမိတို့၏ အရပ်ဒေသမှ နှင်ထုတ်ခံကြရခြင်းသော်လည်းကောင်း ဖြစ်လိမ့်မည်။ ဤလောက၌ သူတို့သည် ဤကဲ့သို့အပြစ်ဒဏ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသောအပြစ်ဒဏ်ဖြစ်၏။

Verse 34 — Surah Al-Maidah 5:34

၃၄။ သို့သော် သင်တို့သည် သူတို့အား မလွှမ်းမိုးမိအောင် သူတို့အနက် သတိသံဝေဂရသူတို့အား ချမ်းသာပေးချေမည်။ အကြောင်းမူကား အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသော အသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 35 — Surah Al-Maidah 5:35

၃၅။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အောင်ဆုမင်္ဂလာရရှိစိမ့်သောငှာ အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြလော့။ အသျှင်မြတ်၏အထံတော်နှင့် နီးကပ်ရာလမ်းကို ရှာမှီးကြ လော့။ အသျှင်မြတ်၏လမ်းဝယ် အပတ်တကုတ် ကြိုးစားအားထုတ်ကြလော့။

Verse 36 — Surah Al-Maidah 5:36

၃၆။ မယုံကြည်သူ မိစ္ဆာဒိဌိတို့မှာမူကား အကယ်၍ ကမ္ဘာမြေပေါ်တစ်ဝှမ်း ရှိရှိသမျှအပေါင်းနှင့် ထို့ထက် တစ်ဆကို သူတို့ပိုင်ဆိုင်ကြ၍ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ ခံစားရမည့်အပြစ်ဒဏ်တော် ကြီးမှ လွတ်မြောက်ဖို့ရာ ထိုပစ္စည်းအားလုံးကို လျော်ကြေးပေးငြားသော်လည်း ၎င်းတို့ထံမှ လက်ခံတော်မူမည်မဟုတ်ပေ။ သူတို့၏အပြစ်ဒဏ်သည် အလွန်နာကျင်ဖွယ်ကောင်းလှ၏။

Verse 37 — Surah Al-Maidah 5:37

၃၇။ သူတို့သည် ငရဲမီးမှထွက်လာလိုကြ၏။ သို့သော် သူတို့သည် ထွက်လာရမည်မဟုတ်ပေ။ သူတို့၏ အပြစ်ဒဏ်သည် ထာဝရဖြစ်၏။

Verse 38 — Surah Al-Maidah 5:38

၃၈။ သူခိုးမှာမူကား ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ သူတို့၏လက်များကို ဖြတ်ပစ်ကြလော့။ ဤအပြစ် ဒဏ်သည် သူတို့ပြုလုပ်မှု၏ အကျိုးဆုလာဘ်ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်အထံတော်မှ လူသား အများ မှတ်လောက်သော ပြစ်ဒဏ်တော်ဖြစ်၏။ အသျှင်မြတ်သည် အနန္တဘုန်းတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 39 — Surah Al-Maidah 5:39

၃၉။ သို့သော် အကြင်သူသည် ပြစ်မှုကျူးလွန်ပြီးနောက် သတိသံဝေဂရပြီးလျှင် မိမိကိုယ်ကိုမိမိ ပြုပြင်၏။ အလ္လာဟ်အသျှင်မြတ်သည် သူ့အပေါ်၌ အမှန်ပင်အပြစ်လွှတ်တော်မူလိမ့်မည်။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော် မူသောအသျှင်ဖြစ်တော်မူ၏။

Verse 40 — Surah Al-Maidah 5:40

၄ဝ။ အလ္လာဟ်အသျှင်မြတ်သည် မိုးမြေ၌ အချုပ်အခြာအာဏာပိုင်သတော်မူသော အထွဋ်အခေါင် ဖြစ်တော်မူသည်ကို သင်မသိသလော။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ပေးလိုတော်မူသောသူကို အပြစ်ပေးတော်မူ၏။ အပြစ်လွှတ်လိုတော်မူသောသူကို အပြစ်လွှတ်တော်မူ၏။ အရာခပ်သိမ်းကုန် တို့ကို ပြုစွမ်းနိုင်တော်မူ၏။

Verse 41 — Surah Al-Maidah 5:41

၄၁။ အို-တမန်တော် မယုံကြည်မှုဆီသို့ အချင်းချင်းပြိုင်ဆိုင်ပြေးနေသောသူတို့ကို သင့်အား စိတ်ပူဆွေး အောင် မပြုစေလင့်။ ထိုသူတို့သည် မိမိတို့၏နှုတ်အားဖြင့် အကျွနု်ပ်တို့ ယုံကြည်ကြသည်ဟု ဆိုကြ၏။ သို့သော် သူတို့၏စိတ်နှလုံးက မယုံကြည်ပေ။ သူတို့သည် ရဟူဒီများအထဲကဖြစ်၍ မုသားမှုကို နားထောင်သူများ၊ သင့်ထံသို့မလာသောသူများကို နားထောင်သူများ၊ တရားစကားများရှိရင်း အစီအစဉ်မှ လွှဲပြောင်းသူများဖြစ်ကြ၏။ သူတို့က ''ဤအရာကို သင်တို့အားပေးလျှင် ၎င်းကို လက်ခံ ကြလော့။ သို့သော် ဤအရာကို မင်းတို့အား မပေးလျှင် သတိထားကြတော်မူအံ့။ ထိုသူအား သင်သည် အလ္လာဟ်နှင့်ဆန့်ကျင်၍ အကျိုးတစ်စုံတစ်ရာ မပြုနိုင်ပေ။ ထိုသူတို့သည် အလ္လာဟ်က သူတို့၏စိတ်နှလုံးများကို သန့်ရှင်းစေတော်မမူဟု ဆုံးဖြတ်ထားတော်မူသောလူများ ဖြစ်ကြ၏။ ဤဘဝ၌ သူတို့သည် အရှက်တကွဲဖြစ်ကြရမည်။ နောင်ဘဝ၌ ကြောက်မက်ဘွယ်သော အပြစ်ဒဏ် ကို ခံစားကြရမည်။

Verse 42 — Surah Al-Maidah 5:42

၄၂။ ထိုသူတို့သည် မုသားစကားကြားရမလားဟု နားထောင်ကြ၏။ မတရားသောအကျိုးစီးပံားကို တပ်မက်မောကြ၏။ အကယ်၍ သူတို့သည် သင့်ထံ ခစားလာကြလျှင် လူတို့အလယ်တွင် စစ်ကြော စီရင်ပေးလော့။ သို့မဟုတ် ငြင်းပယ်လော့။ အကယ်၍ သင်သည် သူတို့ကိုလက်မခံလျှင် သူတို့သည် သင့်အား လုံးဝဘေးမပြုနိုင်ကြပေ။ သို့သော် သင်သည် သူတို့စပ်ကြားတွင် စီရင်လျှင် တရားမျှတ ဖြောင့်မတ်စွာ စီရင်လော့။ မှတ်သားလော့။ အလ္လာဟ်အသျှင်မြတ်သည် တရားမျှတမှန်ကန်သူတို့ကို ချစ်မြတ်နိုးတော်မူ၏။

Verse 43 — Surah Al-Maidah 5:43

၄၃။ မိမိတို့ထံတွင် တောင်ရတ်ကျမ်းတော်ရှိပ်လျှက် သူတို့သည် သင့်ထံသို့ အဘယ်ကြောင့် တရားဆုံးဖြတ် ဖို့ရာ လာကြသနည်။ ထိုကျမ်းတော်တွင် သူတို့အတွက် အလ္လာဟ်အသျှင်မြတ်သည် စီရင်ချက် ချပေးသနားတော်မူပြီ။ ထိုသို့ ကျေးဇူးကြီးပါလျက် သူတို့သည် တရားတော်ကို ကျောခိုင်းသွားကြ၏။ ဤလူများသည် ယုံကြည်သူများမဟုတ်ကြပေ။

Verse 44 — Surah Al-Maidah 5:44

၄၄။ မှတ်သားကြလော့။ ငါအသျှင်မြတ်သည် တောင်ရတ်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနားတော်မူ ၏။ ထိုကျမ်းတော်၌ နည်းပြလမ်းညွှန်ချက်နှင့် အလင်းရောင်ပါရှိ၏။ ငါ့ကို ယုံကြည်ကျိုးနွံသော တမန်တော်များသည် ရဟူဒီတို့၏တရားကို ထိုကျမ်းတော်အားဖြင့် စီရင်ကြ၏။ ရဟူဒီဓမ္မဆရာများ ဘုန်းကြီးများလည်း ထိုကျမ်းတော်အားဖြင့် တရားဆုံးဖြတ်ကြ၏။ သူတို့အား တရားတော်အတိုင်း ကျင့်ကြံရန် ပညတ်တော်မူ၏။ သူတို့သည် ကျမ်းတော်ကို သက်သေခံကြ၏။ ထို့ကြောင့် လူသားတို့ကို မကြောက်လန့်ကြလင့်။ ငါအသျှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလော့။ ငါ၏နှုတ်ကပတ်တော်များ ကို လောကီအမြတ်အစွန်းအနည်းငယ်နှင့် မလဲလှယ်ကြလင့်။ အကြင်သူတို့သည် အလ္လာဟ်အသျှင် မြတ်၏ ကျမ်းတော်အတိုင်း တရားမစီရင်ကြ။ ထိုသူတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။

Verse 45 — Surah Al-Maidah 5:45

၄၅။ ငါအသျှင်မြတ်သည် သူတို့အတွက် ထိုကျမ်းတော်၌ အသက်အစား အသက်ကို၊ မျက်စိအစား မျက်စိကို၊ နှာခေါင်းအစား နှာခေါင်းကို ၊ နားအစား နားကို၊ သွားအစား သွားကို၊ အနာဒဏ်ရာများ အတွက် လက်စားချေရန် ပြဌာန်းပညတ်တော်မူ၏။ သို့သော် အကြင်သူသည် လက်စားချေမှုကို အလှူဒါနအဖြစ်ဖြင့်လွှတ်သော် ထိုသို့ ခွင့်လွှတ်ခြင်းသည် သူ၏အပြစ်ကို ဖြေခြင်းဖြစ်၏။ အကြင်သူ တို့သည် အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသောကျမ်းတော်အတိုင်း မစီရင် မဆုံးဖြတ်ကြ။ ထိုသူတို့သည် မတရားပြုသူများဖြစ်ကြ၏။

Verse 46 — Surah Al-Maidah 5:46

၄၆။ ငါအသျှင်မြတ်သည် မရယမ်၏သား တမန်တော်အီဆာကို သူတို့နောက်တွင် ပွင့်စေတော်မူ၏။ အီဆာသည် မိမိမပွင့်မီ ချပေးသနားတော်မူသောကျမ်းတော်ကို ထောက်ခံအတည်ပြု၏။ ငါသည် သူအား နည်းပြလမ်းညွှန်နှင့် အလင်းရောင်ပါသော အင်ဂျီလ်ကျမ်းတော်ကို ထုတ်ပြန်ချပေးသနား တော်မူ၏။ ထိုကျမ်းတော်သည် အရင်ချပေးသနားတော်မူသော တောင်ရတ်ကျမ်းတော်ပါ ဗျာဒိတ်တော်များကို ထောက်ခံအနည်ပြု၏။ အင်ဂျီလ်ကျမ်းတော်သည် ဒုစရိုက်အမှုအခင်းကို ရှောင်ကြဉ်သူတို့အဘို့အရာ လမ်းပြနှင့် အဆုံးအမတော်ဖြစ်၏။

Verse 47 — Surah Al-Maidah 5:47

၄၇။ အင်ဂျီလ်ကျမ်းတော်ရရှိသူအပေါင်းတို့သည် ထိုကျမ်းတော်တွင်ပါရှိသော အသျှင်မြတ်၏ဗျာဒိတ်တော် အတိုင်း ကျင့်ကြံဆုံးဖြတ်ရမည်။ အကြင်သူတို့သည် အသျှင်မြတ်ချပေးသနားတော်မူသော ထိုကျမ်းတော်အတိုင်း မစီရင်မဆုံးဖြတ်ကြ။ ထိုသူများသည် ဒုစရိုက်မှုများကို ကျုးလွန်သူတို့ ဖြစ်ကြ၏။

Verse 48 — Surah Al-Maidah 5:48

၄၈။ အို-တမန်တော် သင့်အား ငါအသျှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်ပင်ထုတ်ပြန် ချပေးတော်မူ၏။ ဤကျမ်းတော်သည် ရှေးကျမ်းတော်များကို ထောက်ခံအတည်ပြု၏။ ရှေးကျမ်းတော်များကို စောင့်ထန်းရ၏။ ထို့ကြောင့် သင်သည် သူတို့စပ်ကြားတွင် ကုရ်အာန်ကျမ်းပါ တရားတော်အတိုင်း စီရင်ဆုံးဖြတ်လော့။ မိမိအထံရောက်ရှိလာသောတရားတော်ကိုပယ်၍ ထိုသူတို့၏အလိုများသို့ မလိုက်လင့်။ လူမျိုးအသီးသီးတို့အား ငါအသျှင်မြတ်သည် ကျမ်းတော် တစ်စောင်နှင့် တရားလမ်းကြောင်းတစ်ကြောင်းစီ ပေးသနားတော်မူပြီ။ အလ္လာဟ်အသျှင်မြတ် အလိုတော်ရှိခဲ့အခါလျှင် အသင်တို့အားလုံးကို လူမျိုးတစ်မျိုး၊ အသင်းတစ်သင်းတည်းဖြစ်အောင် စီရင်စွမ်းနိုင်တော်မူ၏။ သို့သော် သင်တို့ကို သင်တို့အား ပေးသနားတော်မူသော ကျမ်းတော်အားဖြင့် စုံစမ်းဖို့ရာ သင်တို့ကို ယခုအတိုင်း လူမျိုးခွဲခြားထားတော်မူ၏။ ထို့ကြောင့် သင်တို့သည် သုစရိုက် ကောင်းမှုများ၌ ပြိုင်ဆိုင်ကြိုးစားအားထုတ်ကြလော့။ အလ္လာဟ်အသျှင်မြတ်၏အထံတော်သို့ သင်တို့ အားလုံး ပြန်ကြရလိမ့်မည်။ ထိုအခါ ကွဲခြားခြားနားမှုကို ရှင်းလင်းပြတော်မူလိမ့်မည်။

Verse 49 — Surah Al-Maidah 5:49

၄၉။ ထို့ကြောင့် သူတို့အလယ်၌ အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသည့်ကျမ်းတော်အတိုင်း စီရင်ဆုံးဖြတ်လော့။ ၎င်းတို့၏ဆန္ဒအလိုသို့ မလိုက်စားလင့်။ သို့သော် သင့်အား အလ္လာဟ်အသျှင် မြတ် ချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်မြတ်၏ဂါထာအချို့မှ သင့်ကို သူတို့ဖြားယောင်း သွေးဆောင်မသွားရအောင် အထူးသတိပြုလော့။ အကယ်၍ သူတို့သည် တရားတော်ကို လက်မခံဘဲ လှည့်သွားကြလျှင် အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ အပြစ်အချို့များအတွက် အပြစ်ဒဏ်ခတ်တော်မူရန် ရည်ရွယ်တော်မူသည်ကို သိနားလည်လော့။ မှတ်သားလော့။ လူသားတို့ အနက် များစွာသောသူတို့သည် ဒုစရိုက်မှု ကျူးလွန်သူများဖြစ်ကြ၏။

Verse 50 — Surah Al-Maidah 5:50

၅ဝ။ ၎င်းတို့သည် မိစ္ဆာဒိဌိအယူဝါဒခေတ်က စီရင်ဆုံးဖြတ်ချက်ကို ရှိမှီးနေကြသလော။ ယုံကြည်မှု အကယ်စင်စစ်ရှိသူတို့အတွက် အလ္လာဟ်အသျှင်မြတ်ထက် သာလွန်မြင့်မြတ်သော တရားသူကြီး အဘယ်သူရှိသနည်း။

Verse 51 — Surah Al-Maidah 5:51

၅၁။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် ရဟူဒီအမျိုးသားနှင့် ခရစ်ယာန်ဘာသာဝင်တို့အား အဆွေခင်ပွန်းများဟု မမှတ်ကြလင့်။ သူတို့သည် အချင်းချင်း မိတ်ဆွေများဖြစ်ကြ၏။ သင်တို့အနက် အကြင်သူသည် သူတို့နှင့် မိတ်ဖွဲ့၏။ ထိုသူသည် သူတို့ဘောင်တွင် အပါအဝင်ဖြစ်၏။ မှတ်သားကြ လော့။ အလ္လာဟ်အသျှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့ကို လမ်းညွှန်တော်မမူချေ။

Verse 52 — Surah Al-Maidah 5:52

၅၂။ အကျွနု်ပ်တို့သည် ဘေးဒုက္ခထိမည်ကို စိုးရိမ်ကြောင့်ကြ၏ဟုဆိုသော မိမိတို့စိတ်နှလုံးများအတွင်း မိစ္ဆာဝါဒရောဂါစွဲကပ်နေသောသူတို့သည် ထိုရဟူဒီခရစ်ယာန်ဘာသာဝင် အမျိုးသားတို့ထံ ပြေးလွှား သွားသည်ကို သင်မြင်ရ၏။ အလ္လာဟ်အသျှင်မြတ်သည် အထံတော်မှ သင့်အား စစ်ရေးသား၍ အောင်နိုင်ခြင်းကိုသော်လည်းကောင်း၊ အမိန့်ဗျာဒိတ်တော်တစ်ပါးကိုသော်လည်းကောင်း၊ ပေးသနား တော်မူကောင်း ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သူတို့သည် မိမိတို့၏ လျှို့ဝှက်ကြသော အကြံ အစည်များအတွက် ယူကြံုးမရ သတိနောင်တရကြလိမ့်မည်။

Verse 53 — Surah Al-Maidah 5:53

၅၃။ ထိုအခါ ယုံကြည်သူများက ရှေးကျမ်းတော်ရရှိသူတို့အား ဤလူများသည် သင်တို့ဘက်သို့ မုချအမှန် ပါဝင်သည်ဟု အလ္လာဟ်အသျှင်မြတ်ကိုတိုင်တည်၍ သင်တို့အား အကျိန်ကြီးကျိန်ဆိုပြောသူတို့ ဖြစ်ကြသလောဟု ပြောဆိုကြလိမ့်မည်။ သူတို့၏ပြုကျင့်မှုများသည် အယဟဿအကျိုးမဲ့ ဖြစ်သွားပြီ။ သူတို့သည် ဆုံးရှုံးသူများ ဖြစ်ကြပြီ။

Verse 54 — Surah Al-Maidah 5:54

၅၄။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့အနက် အကြင်သူသည် မိမိဘာသာအယူဝါဒကို ပစ်ပယ်၍ မိစ္ဆာဒိဌိဖြစ်အံ့။ အလ္လာဟ်အသျှင်မြတ်သည် ထိုသူအစား အခြားလူမျိုးကို ဖန်ဆင်းတော်မူလိမ့်မည်။ ထိုလူမျိုးသစ်ကို အလ္လာဟ်အသျှင်မြတ် ချစ်ခင်မြတ်နိုးတော်မူမည်။ သူတို့လည်း အသျှင်မြတ်ကို ခင်မင်စုံမက်ကြလိမ့်မည်။ သူတို့သည် ယုံကြည်သူတို့အပေါ်တွင် နှိမ့်ချသောသဘေဘာရှိ၍ မယုံကြည်သူတို့အပေါ်တွင် ခက်ထန်ကြ၏။ သူတို့သည် အလ္လာဟ်အသျှင်မြတ်၏လမ်းတော်၌ ကြိုးစားအားထုတ်၍ ကဲ့ရဲ့ပြစ်တင်သူ၏ ကဲ့ရဲ့မှုကို အရေးမစိုက်ကြပေ။ အလ္လာဟ်အသျှင်မြတ်သည် အလိုရှိတော်မူသောသူအား ပြုသောဂုဏ်ကျေးဇူးတော်သည် ဤအရာပင်ဖြစ်၏။ အလ္လာဟ်အသျှင် မြတ်သည် ပေးကမ်းစွန့်ကြဲတော်မူသောအသျှင် အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 55 — Surah Al-Maidah 5:55

၅၅။ သင်တို့၏အဆွေခင်ပွန်းသည် အလ္လာဟ်သာဖြစ်၏။ ၄င်းပြင် အသျှင်မြတ်၏တမန်တော်နှင့် ဆွလာသ်ဝတ်ပြုသော၊ ဇကာသ်အလှူပေးသော၊ ဦးညွတ်သော၊ ယုံကြည်သူများလည်းဖြစ်၏။

Verse 56 — Surah Al-Maidah 5:56

၅၆။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်၊ အသျှင်မြတ်၏တမန်တော်နှင့် ယုံကြည်သူတို့အား မိတ်ဖွဲ့၏။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်၏ ဘက်တော်သားတို့ဖြစ်၍ ဧကန်အောင်နိုင်သူများဖြစ်ကြ၏။

Verse 57 — Surah Al-Maidah 5:57

၅၇။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် မိမိ၏ဘာသာတရားကို ပြောင်လှောင်ပြက်ရယ်ခြင်းပြုသော သင်တို့အရင် ကျမ်းတော်ရရှိသူတို့ကိုသော်လည်းကောင်း၊ မိစ္ဆာဒိဌိတို့ကိုသော်လည်းကောင်း၊ မိတ်ဆွေအဖြစ်ဖြင့် မရွေးကြလင့်။ သင်တို့သည် ယုံကြည်သူအမှန်ပင်ဖြစ်ကြလျှင် အလ္လာဟ် အသျှင်မြတ်၏အမှုတော်ကို ကောင်းစွာထမ်းရွက်ကြလော့။

Verse 58 — Surah Al-Maidah 5:58

၅၈။ သင်တို့သည် ဆွလာသ်ဝတ်တက်ဖို့ရာ ဖိတ်ခေါ်သောအခါ သူတို့သည် သင်တို့ဖိတ်ခေါ်ခြင်းကို ကစားစရာ၊ ပြောင်လှောင်စရာဟုယူကြ၏။ ယင်းသို့ ပြုကျင့်ခြင်းမှာ သူတို့သည် အသိဉာဏ် ကင်းမဲ့သူများဖြစ်သောကြောင့်ဖြစ်၏။

Verse 59 — Surah Al-Maidah 5:59

၅၉။ အို-တမန်တော် ဟောကြားလော့။ အို-ရှေးကျမ်းတော်ရရှိသူအပေါင်းတို့ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်ကိုသော်လည်းကောင်း၊ အကျွနု်ပ်တို့ချပေးသနားတော်မူသော ကုရ်အာန် ကျမ်းတော်ကိုသော်လည်းကောင်း၊ ရှေးအထက်က ချပေးသနားတော်မူသော ကျမ်းတော်များကိုသော် လည်းကောင်း ယုံကြည်ခြင်းမှတစ်ပါး အခြားအကြောင်းတစ်စုံတစ်ရာကြောင့် သင်တို့သည် အကျွနု်ပ်တို့အား အပြစ်တင်ကြသလော။ သင်တို့အနက် များစွာသောသူတို့သည် ဒုစရိုက်ပြစ်မှုကို ကျုးလွန်သူများဖြစ်သောကြောင့်လည်း သင်တို့သည် အကျွနု်ပ်တို့အား ကဲ့ရဲ့ပြစ်တင်ကြသလော။

Verse 60 — Surah Al-Maidah 5:60

၆ဝ။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ပေးတော်မူဖို့ရာ သူတို့၏အမှုထက် ဆိုးဝါးသောအမှုကို သင်တို့အား အကျွနု်ပ်ပြောပြရမည်လော။ အလ္လာဟ်အသျှင်မြတ် ကျိန်ဆဲတော်မူခြင်းနှင့် အမျက်ရှ တော်မူခြင်းခံရသောသူ၏အမှုသည် ပိုမိုဆိုးဝါး၏။ အကြင်သူသည် သူ၏အမျိုးအစားထဲမှ အချို့ သူတို့ကို အသျှင်မြတ်က ဝက်များနှင့် မျောက်များဘဝသို့ ပြောင်းစေတော်မူ၏။ ဆင်းထုရုပ်ပွားများ ကို ခဝပ်ကိုးကွယ်၏။ ထိုသူတို့သည် ပိုမိုယုတ်ညံ့ဆိုးဝါးသူတို့ဖြစ်၏။ ဤလူများသည် အလွန်ကြီးမား ဆိုးယုတ်သောအခြေအနေသို့ ဆိုက်ရောက်ကြ၏။ တရားလမ်းကြောင်းမှ ဝေးစွာတိမ်းစောင်းသွား ကြ၏။

Verse 61 — Surah Al-Maidah 5:61

၆၁။ သူတို့သည် ယုံကြည်သူ သင့်ထံသို့လာကြသောအခါ သူတို့က အချင်းတို့ အကျွနု်ပ်တို့သည် ယုံကြည် ကြပါ၏ဟုဆိုကြ၏။ သို့သော် သူတို့သည် မိစ္ဆာအယူဝါဒနှင့်လာ၍ မိစ္ဆာအယူဝါဒနှင့်ပင် ပြန်သွား ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် သူတို့ လျှို့ဝှက်ထားသည်ကို အသိဆုံးဖြစ်တော်မူ၏။

Verse 62 — Surah Al-Maidah 5:62

၆၂။ သူတို့သည်အပြစ်၌သော်လည်းကောင်း၊ ပြစ်မှုကျုးလွန်ခြင်း၌သော်လည်းကောင်း၊ မတရားအမြတ် ထုတ်ခြင်း၌သော်လည်းကောင်း၊ အချင်းချင်း တစ်ယောက်ထက်တစ်ယောက်သာအောင် ပြိုင်ဆိုင် အားထုတ်နေသည်ကို သင်မြင်ရ၏။ အမှန်မှာ ဒုစရိုက်မကောင်းမှုသည် သူတို့၏ လက်ရာခြေရာ ဖြစ်၏။

Verse 63 — Surah Al-Maidah 5:63

၆၃။ ရဟူဒီဆရာများနှင့် ဓမ္မကထိကတို့သည် သူတို့မတရားဆိုခြင်း၊ မတရားအမြတ်ထုတ်ခြင်းတို့ကို အဘယ်ကြောင့် မတားမြစ်၊ မပိတ်ပင်ကြသနည်း။ အမှန်မှာ ဒုစရိုက်မကောင်းမှုသည် သူတို့၏ လက်ရာခြေရာဖြစ်၏။

Verse 64 — Surah Al-Maidah 5:64

၆၄။ ရဟူဒီအမျိုးသားများက အလ္လာဟ်အသျှင်မြတ်၏လက်ကို လက်ထိပ်ခတ်ထား၏ဟုဆိုကြ၏။ သူတို့၏ လက်များကိုသာ လက်ထိပ်ခတ်ထား၏။ ယင်းစကားမိုက်ကို ပြောကြားသောကြောင့် သူတို့သည် ကျိန်ဆဲတော်မူခြင်းခံကြရ၏။ အသျှင်မြတ်သည် လက်တော်ကို ဆုပ်ထားမည့်အစား နှစ်ဖက်စလုံးကို ပေးကမ်းစွန့်ကြဲခြင်း၌ ကောင်းစွာ ဖြန့်ကြဲထားတော်မူ၏။ အသျှင်မြတ်သည် အလိုတော်အတိုင်း ပေးကမ်းတော်မူ၏။ သင်၏အသျှင်သခင်အထံတော်မှ ကျရောက်လာသော ကုရ်အာန်ကျမ်းတော် ကြောင့် သူတို့အနက် များလှစွာသောသူတို့၏ ထောင်ထားခြားနားမှုနှင့် မယုံကြည်မှုသည် အမှန်ပင် များပြားလာလိမ့်မည်။ ငါအသျှင်မြတ်သည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီးတိုင်အောင် သူတို့စပ်ကြား၌ ရန်ငြိုးထားမှု၊ မုန်းတီးမှုများကို ချထားတော်မူ၏။ သူတို့သည် စစ်မီးကိုမွှေးတိုင်း ထိုမီးကို အလ္လာဟ်အသျှင်မြတ် ငြိမ်းတော်မူ၏။ သူတို့သည် မဟာပထဝီမြေပေါ်ဝယ် မတရား ဖျက်ဆီးမှုကိုသာ ကြိုးစားကြ၏။ အလ္လာဟ်အသျှင်မြတ်သည် မတရားဖျက်ဆီးသူတို့ကို နှစ်သက်တော် မမူပေ။

Verse 65 — Surah Al-Maidah 5:65

၆၅။ အကယ်၍ ရှေးကျမ်းတော်ရရှိသောလူတို့သည် ယုံကြည်၍ ဒုစရိုက်မှုများကို ရှောင်ရှားခဲ့ပါလျှင် ငါအသျှင်မြတ်သည် အမှန်ပင် သူတို့၏အပြစ်များကိုလွတ်၍ သူတို့ မွေ့လျော်ပျော်ရွှင်ဖွယ်ကောင်း သော ဥယျာဉ်တော်များအတွင်း ဧကန်မုချ သွင်းတော်မူမည်။

Verse 66 — Surah Al-Maidah 5:66

၆၆။ အကယ်၍ သူတို့သည် တောင်ရတ်ကျမ်းတော်၊ အင်ဂျီလ်ကျမ်းတော်နှင့် သူတို့အား ၎င်းတို့၏ အသျှင်သခင် ပေးသနားတော်မူသည့် ပညတ်တရားတော်များကို လိုက်နာဆောင်ရွက်ကြလျှင် သူတို့သည် မိမိတို့အထက် ကောင်းကင်ဘုံမှသော်လည်းကောင်း၊ မိမိတို့ခြေများအောက် ကမ္ဘာမြေကြီးမှသော်လည်းကောင်း၊ စားနပ်ရိက္ခာများ မုချဧကန်ရရှိကြလိမ့်မည်။ သူတို့အနက် မယုတ်မလွန် အယူညီမျှသူများလည်း ရှိကြ၏။ သို့သော် ၎င်းတို့မှ အများအပြားသောသူတို့သည် အကျင့်ဆိုးကြ၏။

Verse 67 — Surah Al-Maidah 5:67

၆၇။ အို-တမန်တော် သင်တို့သည် မိမိထံသို့ မိမိ၏အသျှင်သခင် ချပေးသနားတော်မူသော ဗျာဒိတ်တော် ကို လူသိရှင်ကြား ကြေညာလော့။ အကယ်၍ သင်သည် ယင်းကဲ့သို့ မပြုလုပ်လျှင် သင်သည် အသျှင်မြတ်၏ တရားဒေသနာတော်ဟောကြားရမည့် တာဝန်ဝတ္တရား ပျက်ကွက်ပေလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် သင့်ကို လူသားတို့၏ဘေးရန်မှ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ မှတ်သားလော့။ အလ္လာဟ်အသျှင်မြတ်သည် မယုံကြည်သူ မိစ္တာဒိဌိတို့ကို ညွှန်ပြတော်မမူပေ။

Verse 68 — Surah Al-Maidah 5:68

၆၈။ အို-တမန်တော်၊ ဟောကြားလော့။ ရှေးကျမ်းတော်ရရှိသူအပေါင်းတို့ သင်တို့သည် တောင်ရတ်ကျမ်း တော်၊ အင်ဂျီလ်ကျမ်းတော်နှင့် သင်တို့အား သင်တို့၏အသျှင်သခင် ချပေးသနားတော်မူသော ပညတ်တရားတော်များကို မလိုက်နာသည့်ကာလပတ်လုံး သင်တို့မှာ အဆုံးအမတရားတော် တစ်စုံတစ်ရာမျှမရှိပေ။ အို-မိုဟမ္မဒ် သင်၏ကျေးဇူးတော်သခင်က သင့်ထံသို့ ချပေးသနားတော်မူ သော တရားတော်သည် သူတို့အနက် အမြောက်အများသောသူတို့၏ ထောင်ထားခြားနားမှုနှင့် မိစ္ဆာအယူဝါဒကို အမှန်ပင် တိုးပွားစေ၏။ သို့သော် သင်သည် မိစ္ဆာမိုက်တို့အတွက်ကြောင့် စိတ်ညှိုးငယ်ပူဆွေးခြင်းမရှိလင့်။

Verse 69 — Surah Al-Maidah 5:69

၆၉။ မှတ်သားကြလော့။ ယုံကြည်သူများ၊ ရဟူဒီအမျိုးသားများ၊ ဆာဘီယင်အမျိုးသားများ၊ ခရစ်ယာန် ဘာသာဝင်များ၊ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်လျှက် ဖြောင့်မတ်မှန်ကန်မှုကို ကျင့်ကြံ၏။ သူတို့အပေါ် စိုးရိမ်ကြောင့်ကြမှု ကျရောက်မည် မဟုတ်။ သူတို့သည် ပူဆွေးကြမည်လည်းမဟုတ်ပေ။

Verse 70 — Surah Al-Maidah 5:70

၇ဝ။ ငါအသျှင်မြတ်သည် ရှေးအခါက အစ္စရာအီလ်အမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ၏။ ငါသည် သူတို့ထံသို့ တမန်တော်များစေလွှတ်တော်မူ၏။ သူတို့မနှစ်သက်သော ကျင့်စဉ်တရားဥပဒေကို တမန်တော်တစ်ပါး ယူဆောင်လာလျှင်လာခြင်း သူတို့သည် ထောင်ထားခြားနားကြ၏။ အချို့ တမန်တော်များကို သူတို့လက်မခံ ငြင်းဆန်ကြ၏။ အချို့တမန်တော်များကို သူတို့ သတ်ဖြတ်ပစ် ကြ၏။

Verse 71 — Surah Al-Maidah 5:71

၇၁။ သူတို့သည် ယင်းကျုးလွန်ခြင်းကြောင့် ဘေးဒုက္ခတစ်စုံတစ်ရာခံစားရမည်မဟုတ်ဟု ထင်မှတ်ကြ၏။ ထို့ကြောင့် သူတို့သည် အမင်္ဂလာ မျက်စိကန်း၊ နားပင်းများဖြစ်ကြ၏။ ထို့နောက် အလ္လာဟ်အသျှင် မြတ်သည် သူတို့ဘက်သို့ သနားကြင်နာခြင်းဖြင့် ရှုတော်မူ၏။ ယင်းသို့ ကျေးဇူးပြုတော်မူပြီးနောက် သူတို့အနက် များလှစွာသောသူတို့သည် ယခုပင် အလိုအလျောက် မျက်ကန်း၊ နားပင်းများ ဖြစ်ကြသေး၏။ အလ္လာဟ်အသျှင်မြတ်သည် သူတို့ပြုလုပ်မှုအလုံးစုံကို အကြွင်းမဲ့မြင်တော်မူသော အသျှင်တည်း။

Verse 72 — Surah Al-Maidah 5:72

၇၂။ အကြင်သူတို့က အလ္လာဟ်အသျှင်မြတ်သည် မရယမ်၏သား မေရှိယာခရစ်တော်ဖြစ်၏ဟု ဆိုကြ၏။ သူတို့သည် မိစ္ဆာဒိဌိစင်စစ်ဖြစ်ကြ၏။ အမှန်ပင် မယုံကြည်ကြပေ။ မေရှိယာကိုယ်တိုင်ပင်လျှင် အို-အစ္စရာအီလ်အမျိုးသားအပေါင်းတို့ အကျွနု်ပ်၏အသျှင်သခင်၊ သင်တို့၏အသျှင်သခင် အလ္လာဟ် အသျှင်မြတ်ကိုသာလျှင် ကိုးကွယ်ကြလော့။ မှတ်သားကြလော့။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ် ၌ ဘက်စပ်တွဲဖက်သော ဘုရားများရှိသည်ဟု ပြောကြားအံ့။ ထိုသူသည် ဂျန္နတ်သုခဘုံသို့ မဝင်ရဟု အလ္လာဟ်အသျှင်မြတ် ပိတ်ပင်တားမြစ်ထားတော်မူ၏။ သူ၏ ဗိမာန်သည် ငရဲမီးဖြစ်၏။ ဒုစရိုက် မကောင်းမှုကျူးလွန်သူတို့၌ ကူညီရိုင်းပင်းသူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။

Verse 73 — Surah Al-Maidah 5:73

၇၃။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်သည် ဘုရားသုံးပါးအနက် တတိယဘုရားဖြစ်၏ဟု ဆိုကြ၏။ ထိုသူတို့သည် အမှန်ပင် မယုံကြည်ကြပေ။ တစ်ဆူတည်းသော အလ္လာဟ်အသျှင်မြတ်မှ တစ်ပါး အခြားအသျှင်သခင်မရှိပေ။ သူတို့သည် ယင်းအပြောအဆိုကို မရပ်တန့်လျှင် သူတို့အနက် မိစ္ဆာမိုက်တို့သည် အလွန်ပြင်းပြနာကျင်ဖွယ်ကောင်းသော အပြစ်ဒဏ်ကြီးကို ခံစားကြရလိမ့်မည်။

Verse 74 — Surah Al-Maidah 5:74

၇၄။ သူတို့သည် အလ္လာဟ်အသျှင်မြတ်ဘက်တော်သို့မျက်နှာမူ၍ အသျှင်မြတ်အထံတော်မှ အပြစ်လွတ် ခြင်း ကျေးဇူးတော်ကို ရှာကြမည်မဟုတ်လော။ အကြောင်းမူကား အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာပေးတော်မူ၏။

Verse 75 — Surah Al-Maidah 5:75

၇၅။ မရယမ်၏သား မေရှိရာသည် တမန်တော်တစ်ပါးမှတစ်ပါး အခြားတစ်စုံတစ်ရာ မဖြစ်ပေ။ သူမပွင့်မီ သူကဲ့သို့သောတမန်တော်များ အနိစ္စရောက်ကြလေပြီ။ သူ၏မယ်တော်သည် သန့်ရှင်းဖြူစင်သော မိန်းမမြတ်တစ်ပါးဖြစ်၏။ သားအမိနှစ်ဦးစလုံးပင် လောကီအစာအဟာရကို မည်သို့ရှင်းလင်းစေ တော်မူသည်ကို ကြည့်ကြလော့။ သူတို့သည် တရားတော်ကို မည်သို့ ကျောပေးသွားကြသည်ကို ကြည့်ရှုကြလော့။

Verse 76 — Surah Al-Maidah 5:76

၇၆။ အို-တမန်တော် ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အစား သင်တို့ကို အကျိုးဆုတ်ယုတ်ခြင်းကိုသော်လည်းကောင်း၊ အကျိုးဖြစ်ထွန်းခြင်းကိုသော်လည်းကောင်း၊ မပြုစွမ်းနိုင်သောအရာများကို ခဝပ်ကိုးကွယ်ကြသလော။ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအသျှင်၊ အကြွင်းမဲ့သိတော်မူသောအသျှင်တည်း။

Verse 77 — Surah Al-Maidah 5:77

၇၇။ အို-တမန်တော် ဟောပြောလော့။ အို-ရှေးကျမ်းတော်ရရှိသူအပေါင်းတို့ သင်တို့ဘာသာအယူဝါဒတွင် သစ္စာတရားမှတစ်ပါး အခြားအရာ အရေးမပေးကြလင့်။ ရှေးလွန်လေပြီးသောအခါ၌ လမ်းမှားသို့ မိမိကိုယ်တိုင်ရောက်ပြီးလျှင် လမ်းမှားကို ညွှန်ပြလျက် တရားလမ်းမှန်မှ တိမ်းစောင်းသွားသူတို့၏ အကျိုးမဲ့အချည်းအနှီးဖြစ်သည့် လိုအင်ဆန္ဒများနောက်သို့ သင်တို့မလိုက်ကြလင့်။

Verse 78 — Surah Al-Maidah 5:78

၇၈။ အစ္စရာအီလ်အမျိုးသားတို့အနက် လမ်းလွဲသွားသူတို့သည် တမန်တော် ဒါဝတ်၊ ၎င်းပြင် မရယမ်၏ သား ခရစ်တော်တို့၏ ကျိန်ဆဲခြင်းကိုခံရ၏။ အကြောင်းမူကား သူတို့သည် ထောင်ထားခြားနား၍ တရားတော်ကို ကျုးလွန်ဖောက်ချိုးလေ့ရှိသောကြောင့်တည်း။

Verse 79 — Surah Al-Maidah 5:79

၇၉။ သူတို့သည် မိမိတို့ပြုကျင့်သော မိုက်မဲမှုမှ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဟန့်တားခြင်းကို မပြုကြပေ။ အကယ်စင်စစ်သူတို့သည် မကောင်းမှုကိုသာပွားများလေ့ရှိကြ၏။

Verse 80 — Surah Al-Maidah 5:80

၈ဝ။ သူတို့အနက် အများအပြားတို့သည် မိစ္ဆာဒိဌိတို့နှင့် မိတ်ဖွဲ့ကြသည်ကို သင် သိမြင်ရ၏။ အမှန်မှာ သူတို့သည် မိမိတို့အတွက် အကျိုးဆုတ်ယုတ်စေသော မကောင်းမှုများကိုသာ တင်ကြိုပို့ထားနှင့် ကြ၏။ ထို့ကြောင့် အလ္လာဟ်အသျှင်မြတ်သည် သူတို့ကို အမျက်ရှတော်မူလိမ့်မည်။ သူတို့သည် ငရဲတွင် ခံစားကြရလိမ့်မည်။

Verse 81 — Surah Al-Maidah 5:81

၈၁။ အကယ်၍ သူတို့ အလ္လာဟ်အသျှင်မြတ်အားသော်လည်းကောင်း၊ အသျှင်မြတ်၏ တမန်တော်ကို လည်းကောင်း၊ တမန်တော်အား ချပေးသနားတော်မူသော ကျမ်းတော်ကိုလည်းကောင်း၊ ယုံကြည်ကြလျှင် သူတို့သည် မိစ္ဆာဒိဌိကို အဆွေခင်ပွန်းပြုကြမည်မဟုတ်ပေ။ သို့သော် သူတို့အနက် များလှစွာသောသူတို့သည် အကျင့်ယုတ်ညံ့ကြ၏။

Verse 82 — Surah Al-Maidah 5:82

၈၂။ လူသားအပေါင်းတို့၌ ယုံကြည်သူတို့အား အမျက်ရန်ငြိုးပြင်းစွာထားသူတို့သည် ရဟူဒီအမျိုးသားနှင့် ဆင်းတုရုပ်ပွားများကို ကိုးကွယ်သူတို့ဖြစ်ကြောင်းကို သင်တွေ့ရှိရလိမ့်မည်။ လူသားတို့အနက် ယုံကြည်သူတို့ကို ချင်ခင်နီးစပ်ဆုံးသောသူတို့ကား မှတ်သားကြလော့။ အကျွနု်ပ်တို့သည် ခရစ်ယာန် ဘာသာဝင်များဖြစ်ကြသည်ဟု ဆိုသူများဖြစ်ကြောင်းကို သင်တွေ့ရှိရလိမ့်မည်။ သို့ဖြစ်ခြင်းကား၊ သူတို့အနက် ပညာရှိသုခမိန်များနှင့် ဓမ္မဆရာဘုန်းကြီးများရှိသောကြောင့်ဖြစ်၏။ သူတို့သည် မာန်မာန မကြီးသောကြာင့်လည်းဖြစ်၏။

Verse 83 — Surah Al-Maidah 5:83

၈၃။ ထိုခရစ်ယာန်ဘာသာဝင်တို့သည် တမန်တော်ထံသို့ ချပေးတော်မူသော တရားဒေသနာတော်ကို နာခံရသောအခါ သူတို့သည် ထိုတရားတော်သည် ဟုတ်မှန်ကြောင်း သိရသောကြောင့် စိတ်နှလုံး နူးညွတ်၍ မျက်လုံးများမှ မျက်ရည်ထွက်လာသည်ကို သင်မြင်ရ၏။ သူတို့ကို အို-အကျွနု်ပ်တို့၏ အသျှင်သခင်၊ အကျွနု်ပ်တို့သည် ယုံကြည်ကြပါ၏။ အကျွနု်ပ်တို့အား သက်သေတော်၏အထဲတွင် မှတ်ပုံတင်ထားတော်မူပါဟု တင်လျှောက်ကြ၏။

Verse 84 — Surah Al-Maidah 5:84

၈၄။ ထို့ပြင် သူတို့က အလ္လာဟ်အသျှင်မြတ်နှင့်တကွ အသျှင်မြတ်ထံမှ မိမိတို့အား ချပေးသနားတော် မူသော တရားမှန်ကို အကျွနု်ပ်တို့ အဘယ်ကြောင့် မယုံကြည်ဘဲနေရအံ့နည်း။ မိမိတို့၏ အသျှင် သခင်သည် အကျွနု်ပ်တို့အား အပြစ်ကင်းသော သူတော်ကောင်းတို့နှင့်အတူတကွ ယူဆောင်တော် မူမည်ဟု အကျွနု်ပ်တို့သည် အဘယ်ကြောင့် မမျှော်ကိုးဘဲ နေရအံ့နည်းဟု ဥဒါန်းကျူးကြ၏။

Verse 85 — Surah Al-Maidah 5:85

၈၅။ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ ရင့်ကျူးခြင်းကြောင့် ဆုတော်နှင့် ချီးမြှင့်တော်မူပြီ။ အောက်တွင် မြစ်အသွယ်သွယ်စီးဆင်းလျှက်ရှိသော ဥယျာဉ်တော်များ၊ ထိုဥယျာဉ်တော်များအတွင်း ၌ ထိုသူတို့သည် အမြဲထာဝစဉ် စံမြန်းနေထိုင်ရကြလိမ့်မည်။ ဤဆုတော်သည် သူတော်ကောင်းတို့၏ အောင်ဆုမင်္ဂလာတော်ကြီးဖြစ်၏။

Verse 86 — Surah Al-Maidah 5:86

၈၆။ သို့သော် အကြင်သူတို့သည်မယုံကြည်၍ ငါအသျှင်မြတ်၏ ဗျာဒိတ်တော်များကို ငြင်းပယ်ကြ၏။ ထိုသူတို့သည် အဝီစိငရဲမီး၏ပိုင်ရှင်များဖြစ်ကြ၏။

Verse 87 — Surah Al-Maidah 5:87

၈၇။ အို-ယုံကြည်သူအပေါင်းတို့ အလ္လာဟ်အသျှင်မြတ်က တရားဝင်မင်္ဂလာရှိသည်ဟု သတ်မှတ်ထား တော်မူသော ကောင်းမြတ်သည့်အရာဝထ္ထုများကို မတားမြစ်ကြလင့်။ တရားတော်ကို မကျူးလွန်ကြ လင့်။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် တရားတော်ကို ကျူးလွန်သူများကို ချစ်ခင် မြတ်နိုးတော်မမူပေ။

Verse 88 — Surah Al-Maidah 5:88

၈၈။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်ပေးသနားတော်မူသော တရားဝင်သော မွန်မြတ်သော အစာအဟာရကို မှီဝဲသုံးစွဲကြလော့။ သင်တို့သည် မိမိယုံကြည်ကြသော အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။

Verse 89 — Surah Al-Maidah 5:89

၈၉။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား မိမိတို့စိတ်ပါကိုယ်ရောက်မဟုတ်ဘဲ ကျိန်ဆိုသော သစ္စာပြု ချက်များကို စစ်ကြောစီရင်တော်မူမည်မဟုတ်။ သို့သော် သင်တို့ စိတ်အားထက်သန်စွာကျိန်ဆိုသော ကျိန်ဆိုချက်များကို စစ်ကြောတော်မူလိမ့်မည်။ ထိုကျိန်ဆိုသောအပြစ်ကိုဖြေသော ပူဇောသက္ကာရ မှာကား သင်တို့သည် မိမိတို့ အိမ်သူ၊ အိမ်သားများကို ကျွေးမွေးလေ့ရှိသော အစားအစာအားဖြင့် သူဆင်းရဲဆယ်ယောက်ကို ကျွေးမွေးခြင်းသော်လည်းကောင်း၊ သူတို့ကို အဝတ်အစားပေးခြင်းသော် လည်းကောင်း၊ ကျွန်တစ်ယောက်ကို လွှတ်ပေးခြင်းသော်လည်းကောင်း ဖြစ်၏။ ယင်း ပူဇော် သက္ကာရကို ပြုလုပ်ရန် ဥစ္စာငွေကြေးမရှိသူသည် ဥပုသ်သုံးရက်ဆောက်တည်ရလိမ့်မည်။ ဤသည်ကား သင်တို့၏ကျိန်ဆိုချက်ကို ဖြေဖို့ရာကျင့်စဉ်တရားဖြစ်၏။ သင်တို့သည် ကတိသစ္စာတည် ကြလော့။ သင်တို့သည် အသျှင်မြတ်၏ ဂုဏ်ကျေးဇူးများကို ချီးကျူးဖို့ရာ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏တရားတော်များကို သင်တို့အား ရှင်းလင်းထင်ရှားစွာ ဗျာဒိတ်ပေးတော်မူ၏။

Verse 90 — Surah Al-Maidah 5:90

၉ဝ။ အို-ယုံကြည်သူအပေါင်းတို့ သေရည်၊ သေရက်သောက်ကြူးခြင်း၊ လောင်းကစားခြင်း၊ ဆင်းတု ရုပ်ပွားကိုးကွယ်ခြင်း၊ မြှားပစ်၍ နိမိတ်ဖတ်ခြင်းတို့သည် ရှိုင်တန်မာရ်နတ်၏ အလွန်ယုတ်ညံ့သော လက်ရာခြေရာသာဖြစ်၏။ သင်တို့အောင်မြင်ဖို့ရာ ထိုအရာများကို ရှောင်ရှားကြလော့။

Verse 91 — Surah Al-Maidah 5:91

၉၁။ ရှိုင်တန်မာရ်နတ်သည် သင်တို့အား သေရည်၊ သေရက်သောက်စားခြင်း၊ လောင်းကစားခြင်းအားဖြင့် အချင်းချင်း ညှိုးထားမုန်းတီးစေဖို့ရာကိုသာ ကြိုးစား၏။ အလ္လာဟ်အသျှင်အား အာရုံပြုလျှက် ဆွလာသ်ဝတ်ပြုခြင်းမှ သင်တို့လှည့်သွားရန်လည်း ကြိုးပမ်း၏။ ထို့ကြောင့် သင်တို့သည် ထို ဒုစရိုက်မှု များကို ရှောင်ကြဉ်ကြမည်လော။

Verse 92 — Surah Al-Maidah 5:92

၉၂။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏ တမန်တော်ကို နာယူကြလော့။ သတိတရား ရှိကြလော့။ သို့သော် သင်တို့သည် မနာယူကျောခိုင်းသွားကြလျှင် ငါအသျှင်မြတ်၏ တမန်တော် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားမှာ ငါ၏ဒေသနာတော်ကြီးကို ဟောကြားရန်သာဖြစ်၏။

Verse 93 — Surah Al-Maidah 5:93

၉၃။ ရှေးအခါကစားမိသောအစာများကြောင့် ယုံကြည်လျက် သုစရိုက်ကောင်းမှုများကိုပြုကျင့်သော သူတော်ကောင်းတို့သည် အပြစ်မသင့်ပေ။ ထို့ကြောင့် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို မလစ်ဟင်းရအောင် သတိထားကြလော့။ သုစရိုက်ကောင်းမှုပွားများကြလော့။ တစ်ဖန် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို မပျက်ကွက်စေရန် သတိကောင်းစွာထားကြလော့။ ယုံကြည် ကြလော။ နောက်တစ်ဖန် အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြ လော့။ မှန်ကန်မှုကို ပြုလုပ်ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သူတော်စင်တို့ကို ချစ်မြတ်နိုးတော် မူ၏။

Verse 94 — Surah Al-Maidah 5:94

၉၄။ အို-ယုံကြည်သူအပေါင်းတို့ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား သင်တို့လက်နက်များနှင့် ဖမ်းဆီးရသောအမဲများနှင့်စပ်လျဉ်း၍ အမှန်ပင်စုံစမ်းတော်မူလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အနက် အဘယ်သူသည် အသျှင်မြတ်အား တိတ်တဆိတ်ကြောက်ရွံ့ရိုကျိုးသည်ကို သိစိမ့် သောငှာ ယင်းကဲ့သို့ စုံစမ်းတော်မူမည်။ ယင်းသို့ စုံစမ်းတော်မူပြီးနောက် တရားတော်ကို ချိုးဖောက် ကျူးလွန်သူသည် အလွန်ပြင်းပြနာကျင်သော အပြစ်ဒဏ်ကို ခံစားရလိမ့်မည်။

Verse 95 — Surah Al-Maidah 5:95

၉၅။ ပို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် ဟဂျ်ဝတ်ကို ပြုကျင့်နေစဉ် တိရစ္ဆာန်အမဲကို မလိုက်ကြလင့်။ မသတ်ကြလင့်။ အကြင်သူသည် အမဲကိုသတ်လိုသောစိတ်သဘောနှင့်သတ်အံ့။ ထိုသူသည် တိရစ္ဆာန်အယဉ်ထဲမှသတ်သော တိရစ္ဆာန်အရိုင်းနှင့်တူမျှသော တိရစ္ဆာန်ကို လျှော်ရမည်။ ဤကိစ္စကို ဆုံးဖြတ်ရမည့်တရားသူကြီးမှာ သင်တို့အထဲက ရိုးသားဖြောင့်မတ်တရားသည်ဟု ကျော်ကြားသော ပုဂ္ဂိုလ်နှစ်ဦးဖြစ်စေရမည်။ လျော်ကောင်တိရစ္ဆာန်ကို ကအ်ဘာကျောင်းတော်သို့ သတ်လှူရန် ယူဆောင်ခဲ့ရမည်။ သို့မဟုတ် အမဲလိုက်မှုအပြစ်ကိုဖြေရန် ထိုသူသည် အမဲကောင်၏တန်ဖိုးအားဖြင့် ဝယ်ယူ၍ သူဆင်းရဲများကို စားဖွယ်သောက်ဖွယ် တည်ခင်းကျွေးရမည်။ သို့မဟုတ် အစာအာဟာရ တည်ခင်းကျွေးရမည်ဖြစ်သော သူဆင်းရဲဦးရေနှင့်အမျှ ဥပုသ်သီလ ကျင့်သုံးဆောက်တည်ရမည်။ သို့မှသာလျှင် ထိုသူသည် မိမိပြုကျင့်မှု၏အရသာဆိုးကို မြည်းစမ်းရလိမ့်မည်။ အလ္လာဟ်အသျှင်မြတ် သည် လွန်ပြီးသော ဤပြစ်မှုမျိုးကို ခွင့်လွှတ်တော်မူ၏။ သို့သော် အကြင်သူသည် ဤနောက်မှ ထိုပြစ်မှုမျိုးကို တစ်ဖန်ကျူးလွန်ခဲ့လျှင် ထိုသူကို အလ္လာဟ်အသျှင်မြတ် လက်စားချေတော်မူလိမ့် မည်။ အလ္လာဟ်အသျှင်မြတ်သည် အနန္တဘုန်းတန်ခိုးတော်နှင့်ပြည့်စုံတော်မူ၏။ ပြစ်မှုကို လက်စားချေ စွမ်းနိုင်တော်မူ၏။

Verse 96 — Surah Al-Maidah 5:96

၉၆။ ပင်လယ်သားငါးများကို ရှာဖွေဖမ်းဆီးစားသောက်ခြင်းသည် သင်တို့အတွက် တရားဝင်သော ပြုလုပ်မှု ဖြစ်၏။ ၎င်းတို့သည် သင်တို့နှင့် ပင်လယ်ကျောတွင် သွားလာနေသူတို့အဖို့ အစာရိက္ခာဖြစ်၏။ သို့သော် သင်တို့သည် ဟဂျ်ဝတ်ပြုနေစဉ် မြေပေါ်တွင် အမဲမလိုက်ရဟု ပညတ်တော်မူ၏။ သင်တို့ သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို မပျက်မကွက်ရအောင် သတိထားကြလော့။ အသျှင်မြတ် အထံတော်၌ သင်တို့ကို စုရုံးစေတော်မူလိမ့်မည်။

Verse 97 — Surah Al-Maidah 5:97

၉၇။ အလ္လာဟ်အသျှင်မြတ်သည် ကအ်ဘာဝတ်ကျောင်းတော်ကို လူသားတို့၏ အောင်လံအဖြစ်ဖြင့် ဖန်ဆင်းထားတော်မူ၏။ လထူးလမြတ် ပူဇော်သက္ကာရနှင့် ပန်းကုံးများကိုလည်း ဖန်ဆင်းတော်မူ၏။ ယင်းသို့စီရင်ထားတော်မူခြင်းအကြောင်းကား အလ္လာဟ်အသျှင်မြတ်သည် အထက်ကောင်းကင်ဘုံ နှင့် အောက်မဟာပထဝီမြေပေါ်ရှိသမျှအပေါင်းတို့ကို အကြွင်းမဲ့သိမြင်တော်မူကြောင်း၊ အရာခပ်သိမ်းကုန်တို့ကို သိတော်မူသောအသျှင်ဖြစ်ကြောင်းတို့ကို သင်တို့ သိနားလည်ဖို့ရာဖြစ်၏။

Verse 98 — Surah Al-Maidah 5:98

၉၈။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ဒဏ်ပေးရ၌ ပြင်းထန်သည်ကို မှတ်သားကြလော့။ သို့သော် အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသည်။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသည် တို့ကိုလည်း မှတ်သားကြလော့။

Verse 99 — Surah Al-Maidah 5:99

၉၉။ တမန်တော်၏တာဝန်မှာ အသျှင်မြတ်၏တရားဒေသနာကို ဟောကြားရန်သာဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ထုတ်ဖော်ပြောသည်ကိုသော်လည်းကောင်း၊ ထိန်ချန်ထားသည် ကိုသော်လည်းကောင်း အကြွင်းမဲ့သိတော်မူ၏။

Verse 100 — Surah Al-Maidah 5:100

၁ဝဝ။ အို-တမန်တော် ဟောကြားလော့။ များပြားသောမကောင်းမှုများက သင်ကို ဆွဲငင်သော်လည်း မကောင်းမှုနှင့် ကောင်းမှုသည် ထပ်တူထပ်မျှမဟုတ်ပေ။ ထို့ကြောင့် အို-ပညာရှိအပေါင်းတို့ သင်တို့သည် အောင်မြင်မှုရစေခြင်းငှား အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို မပျက်မကွက်ရအောင် သတိမူကြလော့။

Verse 101 — Surah Al-Maidah 5:101

၁ဝ၁။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့အား အသိပေးလျှင် သင်တို့ကို ဒုက္ခပေးမည့် အမှုအခင်း အကြောင်းကို မမေးမြန်းမစုံစမ်းကြလင့်။ သို့သော် အကယ်၍ သင်တို့သည် ထိုအကြောင်းအရာများ ကို ကုရ်အာန်ကျမ်းတော်ကို ထုတ်ပြန်ပြဌာန်းနေစဉ် မေးမြန်းလျှင် သင်တို့အား ထိုအကြောင်းများ ကို သိစေတော်မူလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် ဤအမှုကို ခွင့်လွှတ်တော်မူ၏။ အကြောင်းမူကား အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ထောက်ထားညှာတာတော် မူ၏။

Verse 102 — Surah Al-Maidah 5:102

၁ဝ၂။ သင်တို့ထက် ရှေးကျသောလူမျိုးတစ်မျိုးက ယင်းအကြောင်းအရာများကို ဖော်ပြရန် တောင်းပန်ကြ ၏။ သို့သော် ထုတ်ဖော်ပြသောအခါ သူတို့သည် ထိုအကြောင်းအရာများကို မယုံကြည်ကြချေ။

Verse 103 — Surah Al-Maidah 5:103

၁ဝ၃။ အလ္လာဟ်အသျှင်မြတ်သည် နတ်ပူဇောသော ဗဟီးရာ၊ သို့မဟုတ် ဆိုင်ဘား၊ သို့မဟုတ် ဝသီးလား၊ သို့မဟုတ် ဟမီးခေါ် ယဇ်ကောင်ကို ပညတ်တော်မမူပေ။ သို့သော် မိစ္ဆာဒိဌိတို့သည် အလ္လာဟ် အသျှင်မြတ်နှင့် ဆန့်ကျင်မှုကို မဟုတ်မလျား ဖန်တီးကြ၏။ သူတို့အနက် များလှစွာသောသူတို့သည် အသိအလိမ္မာ၊ ဉာဏ်ပညာ ခေါင်းပါးကြ၏။

Verse 104 — Surah Al-Maidah 5:104

၁ဝ၄။ ထို့ပြင် သူတို့အား သင်တို့သည် အလ္လာဟ်အသျှင်မြတ်ချပေးသနားတော်မူသော ကုရ်အာန်ကျမ်းမြတ် နှင့် အသျှင်မြတ်၏ တမန်တော်ဘက်သို့ ဝင်လာကြလော့ဟု ဟောကြားသောအခါ သူတို့က ''အကျွနု်ပ်တို့အတွက် မိရိုးဖလာထုံးစံတရားသည် လုံလောက်၏''ဟု ပြန်ပြောကြ၏။ သူတို့၏ မိဘ၊ ဘိုးဘွားတို့သည် ပညာအလင်းရောင်နှင့် အဆုံးအမတရားတော်ကို မရငြားလည်း သူတို့သည် မိရိုးဖလာကို လိုက်ကြမည်လော။

Verse 105 — Surah Al-Maidah 5:105

၁ဝ၅။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် မိမိတို့ဝိညာဉ်ကို ထိန်းသိမ်းကြရ၏။ အကယ်၍ သင်တို့သည် လမ်းမှန်ကို ညွှန်ပြခြင်းခံကြရလျှင် အယူမှားသူသည် သင်တို့ကို နစ်နာအောင် မပြုလုပ်နိုင်ပေ။ သင်တို့အားလုံးသည် အလ္လာဟ်အသျှင်မြတ်အထံတော်သို့ ပြန်ကြရလိမ့်မည်။ ထိုအခါ အသျှင်မြတ် သည် သင်တို့အား မိမိတို့ပြုကျင့်လေ့ရှိသောအမှုအခင်းများကို ပြောပြတော်မူလိမ့်မည်။

Verse 106 — Surah Al-Maidah 5:106

၁ဝ၆။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့အနက် တစ်စုံတစ်ယောက်သည် အသက်ကုန်ချိန် နီးကပ်လာ၍ သေတမ်းစာရေးသောအခါ သက်သေများရှိစေရမည်။ သက်သေမှာ သင်တို့အနက် သစ္စာသမာဓိ ရှိသူနှစ်ဦးဖြစ်ရမည်။ အကယ်၍ သင်တို့သည် တိုင်းတစ်ပါးတွင် စစ်တိုက်နေသောအခါ အသက် ကုန်လျှင် သက်သေမှာ အခြားအမျိုးသားထဲမှဖြစ်နိုင်၏။ သက်သေများမှာ ဆွလာသ်ဝတ်ပြုပြီးမှ သက်သေခံရမည်။ သင်တို့သည် သူတို့ကို ယုံမှားသံသယရှိကြလျှင် သူတို့အား အလ္လာဟ်အသျှင်မြတ် ကို တိုင်တည်၍ အကျွနု်ပ်တို့သည် မိမိတို့ဆွေဆမျိုးနီးစပ်အတွက်ဖြစ်သော်လည်း တံစိုးလက်ဆောင် စားမည်မဟုတ်ပါ။ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်၏ သက်သေခံချက်တော်ကို ထိန်ချန် ထားမည်မဟုတ်ပါ။ အကျွနု်ပ်တို့သည် တံစိုးစားကြပါလျှင် သက်သေခံချက်ကို ဝှက်ထားကြပါလျှင် အကျွနု်ပ်တို့သည် အပြစ်ရှိသူများဘောင်တွင် အမှန်ပင် ပါဝင်ကြပါမည်ဟု ကျမ်းကျိန်ဆိုကြစေလော့။

Verse 107 — Surah Al-Maidah 5:107

၁ဝ၇။ သို့သော် ထိုသက်သေများသည် မယုံကြည်ရသူများဖြစ်သည်ဟု သင်တို့နောက်မှသိကြလျှင် အမွေတောင်းသူများနှင့် အနီးဆုံးသောဆွေမျိုးတို့အစား အခြားသူနှစ်ယောက်ကို ခေါ်ကြလော့။ သူတို့ကိုလည်း အလ္လာဟ်အသျှင်မြတ်ကို တိုင်တည်၍ အကျွနု်ပ်တို့၏ သက်သေထွက်ချက်သည် ထိုသူနှစ်ဦး၏ သက်သေထွက်ချက်ထက် သာလွန်မှန်ကန်ပါသည်။ အကျွနု်ပ်တို့သည် မိမိတို့ ဝတ္တရားကို မပျက်မကွက်ကြပါ။ ပျက်ကွက်ပါလျှင် အကျွနု်ပ်တို့သည် မုချဧကန် ဒုစရိုက်မှု ကျူးလွန် သူတို့ဘောင်တွင် ပါဝင်ရမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုစေကြလော့။

Verse 108 — Surah Al-Maidah 5:108

၁ဝ၈။ သို့မှသာလျှင် သူတို့သည် မှန်သောသက်သေခံစရာအကြောင်းရှိ၏။ သို့မဟုတ် သူတို့သည် မိမိတို့ သစ္စာကျိန်ဆိုပြီးမှ အခြားသူများကို ကျမ်းသစ္စာကျိန်ဆို၍ သက်သေခံရန်ခိုင်းမည်ကို စိုးရိမ်စရာ အကြောင်းလည်းရှိ၏။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ထမ်းဆောင်၍ တရားတော်ကို နားထောင်ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သြဝါဒတော်မခံ ခေါင်းမာသော သူတို့ကို လမ်းညွှန်တော်မူမည်မဟုတ်ပေ။

Verse 109 — Surah Al-Maidah 5:109

၁ဝ၉။ အလ္လာဟ်အသျှင်မြတ်သည် တမန်တော်တို့ကို စုရုံးတော်မူသော နေ့တော်ကြီး၌ သူတို့အား ''အို-တမန်တော် သင်တို့သည် လူသားတို့ထံမှ အဘယ်အားပေးတုန့်ပြန်ခြင်းကို ရခဲ့ကြပါသနည်း''ဟု ဗျာဒိတ်ရှိတော်မူ၏။ သူတို့က ''အို-ကျေးဇူးတော်သခင် အကျွနု်ပ်တို့မသိပါ'' ''အသျှင်မြတ် အသျှင်သာလျှင် လျှို့ဝှက်နက်နဲသောအရာများကို အကြွင်းမဲ့သိမြင်တော်မူပါ၏''ဟု တင်လျှောက် ကြ၏။

Verse 110 — Surah Al-Maidah 5:110

၁၁ဝ။ အလ္လာဟ်အသျှင်မြတ်က အို-မရယမ်၏သား အီဆာ၊ သင်သည် မိမိနှင့် မိမိမယ်တော်တို့အား ငါအသျှင်မြတ်ပေးသနားတော်မူသော ကောင်းကြီးမင်္ဂလာတော်ကြီးကို အောက်မေ့သတိရလော့။ သင်သည် ပုခက်တွင်းမှ လူသားတို့အား လူကြီးတစ်ယောက်ကဲ့သို့ စကားပြောဆိုနိုင်ရန် ငါသည် သင်အား ဝိညာဉ်တော်အားဖြင့် အင်အားတောင့်စေတော်မူ၏။ ငါသည် သင့်အား တရားတော် ပညာအလင်းရောင် တောင်ရတ်ကျမ်းတော်၊ အင်ဂျီလ်ကျမ်းတော်စသည်တို့ကို သင်ကြားပေးတော် မူ၏။ ငါ၏အမိန့်တော်အားဖြင့် သင်သည် ရွံ့မြေစေးမှ ငှက်ရုပ်တစ်ရုပ်ကို ပြုလုပ်ပြီးလျှင် ထိုအရုပ် ထဲသို့ လေမှုတ်သွင်းသောအခါ ငါ၏ခွင့်ပြုတော်မူခြင်းကြောင့် ထိုငှက်ရုပ်သည် ပကတိငှက်ဖြစ်သွား၏။ ငါ၏တန်ခိုးတော်ကြောင့် သင်သည် ဝမ်းတွင်းမျက်စိကန်းသူအား မျက်စိမြင်အောင်၊ ကုဌနူနာ ရောဂါပျောက်အောင် ကုသနိုင်၏။ ငါ၏တန်ခိုးတော်ကြောင့် သင်သည် သေသူများအား ပြန်ရှင်စေ ၏။ သင်သည် အစ္စရာအီလ်အမျိုးသားတို့ထံသို့ ထင်ရှားကျော်စောသော သက်သေသာဓကများကို ပြသရာ သူတို့အနက် မိစ္ဆာမိုက်များက ဤသာဓကသည် ထင်ရှားသော ပယောဂဝိဇ္ဇာအတတ်မှတပါး အခြားအရာမဖြစ်နိုင်ချေဟု ကြွေးကြော်၏။ ထိုသူမိုက်တို့သည် သင်အား ဘေးအန္တရာယ်မပြုနိုင်ရန် သူတို့ကို ငါ တားဆီးထား၏။ ဤဂုဏ်ကျေးဇူးတော်များကို ချီးကျူးတသလော့ဟု မိန့်တော်မူ၏။

Verse 111 — Surah Al-Maidah 5:111

၁၁၁။ ငါအသျှင်မြတ်သည် သာဝကကြီးများအား အို-သာဝကတို့ သင်တို့သည် ငါနှင့် ငါ၏တမန်တော်ကို ယုံကြည်လေးစားကြလော့ဟု ဗျာဒိတ်ပေးတော်မူ၏။ ထိုအခါ သူတို့က အို-အလ္လာဟ်အသျှင် အကျွနု်ပ်တို့သည် ယုံကြည်ကြပါ၏။ အကျွန်ုပ်တို့သည် အသျှင်ကိုသာလျှင် ယုံကြည်ကျိုးနွံကြသည်ကို သက်သေခံတော်မူပါဟု တင်လျှောက်ကြ၏။

Verse 112 — Surah Al-Maidah 5:112

၁၁၂။ သာဝကကြီးတို့က အို-မရယမ်၏သား အီဆာ သင်၏အသျှင်သခင်သည် ကောင်းကင်ဘုံမှ အစာအဟာရအပြည့်အစုံနှင့် ခင်ကျင်းထားသော စားပွဲတစ်ခုကို အကျွနု်ပ်တို့အား ချပေးစွမ်းနိုင် သလောဟုမေးကြသောအခါ တမန်တော်အီဆာက သင်တို့သည် ယုံကြည်သူအမှန်ဖြစ်ကြပါလျှင် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ကြေပြွန်အောင် ထမ်းဆောင်ကြလော့ဟု ပြန်ပြော၏။

Verse 113 — Surah Al-Maidah 5:113

၁၁၃။ သူတို့က အို-အီဆာ အကျွနု်ပ်တို့သည် ထိုစားပွဲမှ အစားအစာကို မှီဝဲသုံးစွဲချင်လှကြ၏။ သို့မှသာလျှင် အကျွနု်ပ်တို့၏စိတ်များ ရှင်းသွားပြီးလျှင် သင်သည် အကျွနု်ပ်တို့အား မှန်သောစကားဆိုကြောင်းကို သိရပါမည်။ ဤအကြောင်းကို သက်သေလည်းခံနိုင်ပါမည်ဟု ပြောဆိုကြ၏။

Verse 114 — Surah Al-Maidah 5:114

၁၁၄။ မရယမ်၏သား တမန်တော်အီဆာက အို-အကျွနု်ပ်တို့၏အသျှင်သခင် အလ္လာဟ်အသျှင် စားဖွယ် သောက်ဖွယ်တို့နှင့် ခင်းကျင်းထားသောစားပွဲတစ်ခုကို အကျွနု်ပ်တို့အတွက် အထက်ကောင်းကင်ဘုံမှ ချပေးသနားတော်မူပါ။ အကျွနု်ပ်တို့၏ အစကနဦးလူများအတွက်သော်လည်းကောင်း၊ နောင်လာ နောက်သား နောက်ဆုံးလူများအတွက်သော်လည်းကောင်း၊ ထိုစားပွဲသလင်သည် အသျှင်၏ လက္ခဏာတော်ဖြစ်စေတော်မူပါ။ အကျွနု်ပ်တို့အား ရိက္ခာအစားအစာကို ချပေးသနားတော်မူပါ။ အသျှင်သည် စားဖွယ်၊ သောက်ဖွယ်တည်ခင်းကျွေးမွေးသူအပေါင်းတို့တွင် အထွဋ်အခေါင် ဖြစ်စေတော်မူပါ၏ဟု တင်လျှောက်ပန်ထွာ၏။

Verse 115 — Surah Al-Maidah 5:115

၁၁၅။ အလ္လာဟ်အသျှင်မြတ်က အို-အီဆာ မှတ်သားလော့။ ငါသည် သင်တို့အာ ရိက္ခာအစားအစာ ချပေးသနားတော်မူ၏။ ထို့နောက် သင်တို့အနက် အကြင်သူသည် ဆန့်ကျင်တော်လှန် မယုံကြည်အံ့။ ထိုသူအား ငါသည် မိမိ၏ကျေးကျွန်တစ်ယောက်ကိုမှ ပေးတော်မမူသေးသော အပြစ်ဒဏ်ကြီးကို မုချပေးတော်မူမည်။

Verse 116 — Surah Al-Maidah 5:116

၁၁၆။ ၎င်းနောက် အလ္လာဟ်အသျှင်မြတ်က အို-မရယမ်၏သား အီဆာသင်သည် လူသားအပေါင်းတို့အား ဟယ်-အချင်းတို့ အကျွနု်ပ်တို့နှင့် အကျွနု်ပ်၏မယ်တော်တို့ ထိုအလ္လာဟ်အသျှင်မြတ်အပြင် ဘုရား နှစ်ဆူအဖြစ်ဖြင့် သဒ္ဒါကြည်ညိုကြလော့ဟု ဟောကြားသလောဟု မိန့်တော်မူ၏။ သူက ကျေးဇူးတော် သခင်အသျှင်သည် ချို့တဲ့ခြင်းကင်းတော်မူပါ၏။ အကျွနု်ပ်သည် မိမိမပြောအပ်သောစကားကို မပြောမဆိုပါ။ အကယ်၍ အကျွနု်ပ်သည် ထိုစကားကို ပြောကြားလေ့ရှိပါလျှင် ထိုအကြောင်းကို အသျှင်သည် သိတော်မူပါ၏။ အကျွနု်ပ်မှာမူကား အသျှင်စိတ်နှလုံးတော်အတွင်းရှိသည်များကို မသိစွမ်းနိုင်ပါ။ အို-အသျှင် အသျှင်သာလျှင် လျှို့ဝှက်နက်နဲသောအရာအပေါင်းတို့ကို အကြွင်းမဲ့ သိတော်မူပါ၏။

Verse 117 — Surah Al-Maidah 5:117

၁၁၇။ အကျွနု်ပ်သည် သူတို့အား အသျှင်မြတ် ပညတ်တော်မူသည်ကိုသာ ဟောကြားပါ၏။ သူတို့အား ဟယ်-အချင်းတို့ သင်တို့သည် အကျွနု်ပ်၏အသျှင်သခင် သင်တို့၏ အသျှင်သခင်အလ္လာဟ်အား ခဝပ်ကိုးကွယ်ကြလော့ဟုဟောပြောပါ၏။ အကျွနု်ပ်သည် သူတို့နှင့် အတူတကွရှိနေစဉ် သူတို့၏ အကြောင်းကိုသိသော သက်သေတပါးဖြစ်ပါ၏။ အသျှင်သည် အကျွနု်ပ်ကို သိမ်းတော်မူပြီးနောက် အသျှင်သာလျှင် သူတို့ကို ရှုစားစောင့်ရှောက်နေတော်မူပါ၏။ အသျှင်သာလျှင် အရာခပ်သိမ်းကုန် တို့ကို သိမြင်တော်မူသော သက်သေတော်ကြီးဖြစ်ပါ၏။

Verse 118 — Surah Al-Maidah 5:118

၁၁၈။ အို...အလ္လာဟ်အသျှင်ကိုယ်တော်သည် သူတို့အား အပြစ်ဒဏ်ပေးတော်မူပါလျှင် သူတို့သည် ကိုယ်တော်၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုးများ အမှန်ပင်ဖြစ်ပါ၏။ ကိုယ်တော်သည် သူတို့အား အပြစ်လွှတ်တော်မူပါလျှင်လည်း သူတို့သည် အသျှင်၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုးများသာ ဖြစ်ပါ၏။ အို...အသျှင် ကိုယ်တော်သာလျှင် အနန္တတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင် ဖြစ်တော်မူပါ၏ဟု တင်လျှောက်၏။

Verse 119 — Surah Al-Maidah 5:119

၁၁၉။ အလ္လာဟ်အသျှင်မြတ်က ဤနေ့တော်ကြီးအား သစ္စာတရားရှင်တို့အား မိမိတို့သစ္စာတရားက အကျိုးပေးသောနေ့တော်ကြီးဖြစ်၏။ သူတို့အတွက် အောက်တွင် မြစ်ချောင်းအသွယ်သွယ် စီးဆင်းလျှက်ရှိသော သုခဥယျာဉ်တော်များရှိကြ၏။ သူတို့သည် ထိုဥယျာဉ်တော်များအတွင်း၌ အသျှင်မြတ်အား နှစ်သက်ကြလျှက် စံမြန်းနေထိုင်ကြရလတ္တံ့။ ဤခံစားရခြင်းသည် အောင်ဆု မင်္ဂလာတော်ကြီးဖြစ်၏။

Verse 120 — Surah Al-Maidah 5:120

၁၂ဝ။ အလ္လာဟ်အသျှင်မြတ်သည် မိုးမြေနှင့် မိုးမြေပေါ်တွင် ရှိရှိသမျှအပေါင်းတို့ကို သိမ်းရုံးစိုးပိုင်တော် မူ၏။ အသျှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။