Verse 1 — Surah Adh-Dhariyat 51:1
၁။ မြူမှုန့်သစ်ရွက်စသောအရာဝထ္ထုများကို ကစင့်ကလျားဖြစ်အောင် တိုက်ခတ်သောလေများ။
Verse 2 — Surah Adh-Dhariyat 51:2
၂။ ထို့အပြင်လေးလံလှသောမိုးတိမ်ကို ထမ်းရွက်သောလေများ။
Verse 3 — Surah Adh-Dhariyat 51:3
၃။ ထို့အပြင်သမုဒ္ဒရာပင်လယ်များတွင် ဖြည်းညှင်းသာယာစွာသွားလာသောလှေကြီးလှေငယ်သင်္ဘောများ။
Verse 4 — Surah Adh-Dhariyat 51:4
၄။ ထို့အပြင်ငါ၏ အမိန့်တော်အရ ကောင်းကြီးမင်္ဂလာများကို ဝေချမ်းပေးသောကောင်းကင်တမန်များ၊ ဤအရာ အပေါင်းတို့ကို သုံးသပ်ဆင်ခြင်၍ ငါ၏ တန်ခိုးတော်ဂုဏ်တော်များကို တသအောက်မေ့ကြလော့။
Verse 5 — Surah Adh-Dhariyat 51:5
၅။ မှတ်သားကြလော့၊ သင်တို့အား ခြိမ်းခြောက်ထားတော်မူသောအရာသည် မုချဧကန်မှန်ကန်၏။
Verse 6 — Surah Adh-Dhariyat 51:6
၆။ စစ်ကြောစီရင်တော်မူခြင်းသည် မုချဧကန်ဖြစ်လိမ့်မည်။
Verse 7 — Surah Adh-Dhariyat 51:7
၇။ သွားလာဖို့ရာ လမ်းအသွယ်သွယ်ရှိသောမိုးကောင်းကင်ကို ဆင်ခြင်၍ ငါ၏ တန်ခိုးတော်ဂုဏ်တော်တို့ကို အာရုံပြုကြလော့။
Verse 8 — Surah Adh-Dhariyat 51:8
၈။ မှတ်သားကြလော့၊ သင်တို့သည် သမ္မာတရားတော်ကို အမျိုးမျိုးအဖုံဖုံဝိဝါဒများဖြစ်ကြ၏။
Verse 9 — Surah Adh-Dhariyat 51:9
၉။ တရားတော်ကို မနှစ်သက်သူအား တရားတော်ကို ကျောပေးသွားစေတော်မူ၏။
Verse 10 — Surah Adh-Dhariyat 51:10
၁ဝ။ တရားတော်နှင့်စပ်လျဉ်း၍ ထင်မိထင်ရာရမ်းဆပြောဆိုသူတို့သည် ပျက်စီးဆုံးရှုံးရမည်သာတည်း။
Verse 11 — Surah Adh-Dhariyat 51:11
၁၁။ ၎င်းတို့သည် အမှောင်အမိုက်တွင် မိုက်မဲတွေဝေသတိမေ့လျော့နေကြ၏။
Verse 12 — Surah Adh-Dhariyat 51:12
၁၂။ ထိုသူမိုက်တို့က တရားစီရင်တော်မူသောနေ့တော်ကြီးသည် အဘယ်အခါကျရောက်လိမ့်မည်နည်းဟု မေးကြ၏။
Verse 13 — Surah Adh-Dhariyat 51:13
၁၃။ ထိုနေ့တော်ကြီးကား ထိုသူယုတ်မာတို့အား ငရဲမီးဖြင့် ညှင်းဆဲမည့်နေ့ဖြစ်၏။
Verse 14 — Surah Adh-Dhariyat 51:14
၁၄။ ထိုသူမိုက်တို့အား သင်တို့သည် မိမိကိုယ်ကို မိမိနှိပ်စက်ညှင်းပန်းခြင်း၏ အရသာကို မြည်းကြလော့၊ ဤပြစ်ဒဏ် တော်သည် သင်တို့အလျင်စလိုတောင်းကြသောဒဏ်တော်ဖြစ်၏ဟု မိန့်တော်မူလတ့ံ။
Verse 15 — Surah Adh-Dhariyat 51:15
၁၅။ သို့သော်ဒုစရိုက်မကောင်းမှုကို ရှောင်သူတို့မူကား ဥယျာဉ်တော်နှင့် စိမ့်စမ်းချောင်းမြောင်းအလယ်တွင် စံစား နေထိုင်ရကြလိမ့်မည်။
Verse 16 — Surah Adh-Dhariyat 51:16
၁၆။ ထိုနိဗ္ဗန်သားတို့သည် မိမိတို့၏ အသက်သခင်ကျေးဇူးရှင်ကြီးပေးသနားတော်မူသောအောင်ဆုမင်္ဂလာတော်ကို ခံယူနေကြရလိမ့်မည်၊ အကြောင်းမူကား သူတို့သည် အထက်ကျော်ကာလက ကောင်းမှုပြုသူများဖြစ်ကြ၏။
Verse 17 — Surah Adh-Dhariyat 51:17
၁၇။ ထိုသူတို့သည် ညဉ့်အချိန်၌ အနည်းငယ်သာအိပ်လေ့ရှိကြ၏။
Verse 18 — Surah Adh-Dhariyat 51:18
၁၈။ ထို့အပြင်နေ့တိုင်းအာရုံမတက်မီ အပြစ်လွှတ်တော်မူခြင်းကို ရှာမှီးကြ၏။
Verse 19 — Surah Adh-Dhariyat 51:19
၁၉။ ထို့အပြင်သူတို့၏ စည်းစိမ်ဥစ္စာမှ သူတောင်းစား၊ ဆင်းရဲသားနှင့် အခြားအောက်ကျနောက်ကျသူဆင်းရဲတို့ အတွက် သူတို့ရအပ်သောဝေစုရှိ၏။
Verse 20 — Surah Adh-Dhariyat 51:20
၂ဝ။ ထို့အပြင်ဤကမ္ဘာမြေပေါ်တွင်ကား ယုံကြည်သူအစစ်အမှန်တို့အဖို့ သက်သေသာဓကတော်များရှိကြ၏။
Verse 21 — Surah Adh-Dhariyat 51:21
၂၁။ ထို့အပြင် သင်တို့၏ ကိုယ်တွင်း၌လည်း သာဓကတော်များရှိကြ၏၊ သို့ပါလျက် သင်တို့သည် မမြင်နိုင်ကြသလော။
Verse 22 — Surah Adh-Dhariyat 51:22
၂၂။ ထို့အပြင် အထက်ကောင်းကင်ဘုံတွင် သင်တို့အဖို့အရာ စားနပ်ရိက္ခာများရှိ၏၊ ထို့အပြင် သင်တို့အား ကတိထား တော်မူသောအရာများလည်းရှိ၏။
Verse 23 — Surah Adh-Dhariyat 51:23
၂၃။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အရှင်သခင်၏တန်ခိုးတော်ကြောင့် အထက်အဆိုပါတရားစကားအရပ်ရပ်သည် သင်တို့စကားပြောဆိုသကဲ့သို့ မှန်ကန်ချေ၏၊ ယုံမှားသံသယလုံးဝမရှိနိုင်ချေ။
Verse 24 — Surah Adh-Dhariyat 51:24
၂၄။ အို-တမန်တော်မိုဟမ္မဒ်၊ တမန်တော်အေဗရာဟမ်၏ မြင့်မြတ်သည့်ဧည့်သည်တော်အကြောင်းအရာများကို သင် ကြားနာရပြီမဟုတ်လား။
Verse 25 — Surah Adh-Dhariyat 51:25
၂၅။ သူတို့သည် သူ့အပါးသို့ရောက်သောအခါ အေးချမ်းသာယာပါစေသော်ဝ်ဟု နှုတ်ဆက်မေတ္တာဆိုကြ၏၊ သူ ကလည်း အေးချမ်းသာယာပါစေသော်ဝ်ဟု ပြန်၍ မေတ္တာပို့ပြီးလျှင် ငါမသိသောသူစိမ်းများဖြစ်ကြ၏ဟု စိတ်တွင် တွေးမိ၏။
Verse 26 — Surah Adh-Dhariyat 51:26
၂၆။ ထို့နောက်သူသည် အိမ်သူအိမ်သားများထံ ထွက်သွား၍ အဆီတစ်ထပ်အသားတစ်ထပ်နူးနပ်မွှေးကြိုင်သော အမဲကင်များကို ယူဆောင်လာစေ၏။
Verse 27 — Surah Adh-Dhariyat 51:27
၂၇။ ထိုအမဲကင်ကို သူတို့ရှေ့တွင် ကောင်းမွန်စွာပြင်ဆင်၍ အဆွေတို့သုံးဆောင်တော်မူမည်မဟုတ်လောဟု ဆို၍ တည်ကျွေး၏။
Verse 28 — Surah Adh-Dhariyat 51:28
၂၈။ ထို့နောက်သူသည် သူတို့ကို ကြောက်လန့်လာ၏။ သူတို့ကလည်း မကြောက်လင့်ဟု ဆို၍ လိမ်မာရေးခြား ရှိသောသားကောင်းရတနာတစ်ယောက်ရမည့် သတင်းကောင်းကို ပေးလေ၏။
Verse 29 — Surah Adh-Dhariyat 51:29
၂၉။ ထိုအခါသူ၏ ကြင်ဘက်တော်ထွက်လာ၍ မိမိ၏ ပါးပြင်နှစ်ဘက်ကို လက်ဖြင့် သုံးသပ်၍ ကြီးသောအသံဖြင့် ငိုကြွေးပြောဆိုသည်မှာ ငါသည် သက်ရွယ်ကြီးသောအမြံုမဖြစ်၏။
Verse 30 — Surah Adh-Dhariyat 51:30
၃ဝ။ သူတို့က ပြန်ပြောသည်မှာ အမြံုဖြစ်စေကာမူ ရှင်မ၏ အရှင်သခင်က ယင်းသို့ဗျာဒိတ်တော်ခတ်နှိပ်တော်မူ၏၊ မုချဧကန်အရှင်မြတ်သည် လိမ်မာတော်မူသောအရှင်၊ သိတော်မူသောအရှင် ဖြစ်တော်မူ၏။
Verse 31 — Surah Adh-Dhariyat 51:31
၃၁။ ထိုအခါတမန်တော်အေဗရာဟမ်က အို-အလ္လာဟ်အရှင်မြတ်၊ စေလွှတ်တော်မူသောတမန်တို့၊ ထို့နောက် သင် တို့မှာ မည်သည့်အမိန့်တော်ပါလာပါသနည်းဟု ဆို၏။
Verse 32 — Surah Adh-Dhariyat 51:32
၃၂။ ကောင်းကင်တမန်တို့က အကျွနု်ပ်တို့ကို အပြစ်ရှိသောသူတို့ထံ စေလွှတ်တော်မူ၏ဟု ပြန်ပြော၏။
Verse 33 — Surah Adh-Dhariyat 51:33
၃၃၊၃၄။ သို့စေလွှတ်တော်မူခြင်းမှာ ၎င်းသူဆိုးသူညစ်တို့ကို ဖျက်ဆီးဖို့ရာ သင်၏ အသက်သခင်ကျေးဇူးရှင်ကြီး တံဆိပ် ခတ်နှိပ်ပြီးဖြစ်သောရွှံ့လုံးများကို သူတို့အပေါ်သို့ ပစ်ချဖို့အလို့ငှာဖြစ်၏ဟု ဆက်လက်၍ ပြော၏။
Verse 34 — Surah Adh-Dhariyat 51:34
၃၃၊၃၄။ သို့စေလွှတ်တော်မူခြင်းမှာ ၎င်းသူဆိုးသူညစ်တို့ကို ဖျက်ဆီးဖို့ရာ သင်၏ အသက်သခင်ကျေးဇူးရှင်ကြီး တံဆိပ် ခတ်နှိပ်ပြီးဖြစ်သောရွှံ့လုံးများကို သူတို့အပေါ်သို့ ပစ်ချဖို့အလို့ငှာဖြစ်၏ဟု ဆက်လက်၍ ပြော၏။
Verse 35 — Surah Adh-Dhariyat 51:35
၃၅။ ထို့နောက် ငါသည် ထိုနေရာတွင်ရှိသောယုံကြည်သူ သူတော်ကောင်းတို့ကို အပြင်သို့ ထုတ်ဆောင်တော်မူ၏။
Verse 36 — Surah Adh-Dhariyat 51:36
၃၆။ သို့သော် ထိုအရပ်တွင် ယုံကြည်ကျိုးနွံနာခံသူတို့၏ အိမ်တစ်ဆောင်သာ ငါတွေ့တော်မူ၏။
Verse 37 — Surah Adh-Dhariyat 51:37
၃၇။ ထိုအရပ်ဒေသတွင် အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်တော်ကို ကြောက်ရွံ့သောသူတို့အဖို့အရာ သင်ခန်းစာတော်တစ်ပါးကို ငါအထင်အရှားထားခဲ့တော်မူ၏။
Verse 38 — Surah Adh-Dhariyat 51:38
၃၈။ ထို့အပြင် ငါသည် ဖွာရောမင်းထံ ထင်ရှားသောအမိန့်တော်နှင့်တကွ စေလွှတ်တော်မူသည့်တမန်တော်မူစာ ၌လည်း သာဓကတော်တစ်ပါးပါရှိ၏။
Verse 39 — Surah Adh-Dhariyat 51:39
၃၉။ သို့သော် ဖွာရောဘုရင်သည် မာန်စောင်ပလွှား မိမိစွမ်းအားကို ယုံကြည်ကိုးစား၍ တမန်တော်ကို ငြင်းဆန်ပြီးလျှင် ပယောဂဆရာ(သို့မဟုတ်) ရူးသွပ်သောသူဟု ပုတ်ခတ်စွပ်စွဲ၏။
Verse 40 — Surah Adh-Dhariyat 51:40
၄ဝ။ ထို့ကြောင့် ငါသည် ထိုမင်းနှင့်တကွ ၎င်း၏ စစ်သည်ဗိုလ်ခြေတို့ကို ဖမ်းဆီးပြီးလျှင် ပင်လယ်ထဲသို့ ပစ်ချ တော်မူလိုက်၏၊ အကြောင်းမူကား သူသည် အပြစ်သင့်သူဖြစ်၏။
Verse 41 — Surah Adh-Dhariyat 51:41
၄၁။ ထို့အပြင်အားဒ်လူမျိုးထံသို့ သေကြေပျက်စီးသောလေဆိုးကို ငါစေလွှတ်တော်မူသောအခါ ထိုလူမျိုး၌ သက်သေ သာဓကတော်တစ်ပါးရှိ၏။
Verse 42 — Surah Adh-Dhariyat 51:42
၄၂။ ထိုလေပြင်းမုန်တိုင်းသည် မိမိလမ်းတွင် ရှိသမျှအရာဝထ္ထုတို့ကို ချမ်းသာမပေး၊ အားလုံးကို မြေမှုန့်အတိဖြစ်စေ၏။
Verse 43 — Surah Adh-Dhariyat 51:43
၄၃။ ထို့အပြင် စမူးဒ်လူမျိုးအား သင်တို့သည် ရှေ့ကို အနည်းငယ်မျှသာလောကီစည်းစိမ်ကို ခံစားလော့ဟု မိန့် တော်မူသောအခါ၌လည်း ထိုလူမျိုးတို့၌ သက်သေသာဓကတော်တစ်ပါးရှိ၏။
Verse 44 — Surah Adh-Dhariyat 51:44
၄၄။ သို့သော် ထိုသူတို့သည် မိမိတို့၏အသက်သခင် ကျေးဇူးရှင်ကြီး၏ ပညတ်တော်ကို တော်လှန်ကြသောကြောင့် သူတို့ငေးကြည့်နေစဉ်ပင် သူတို့ကို မိုးကြိုးပစ်၏။
Verse 45 — Surah Adh-Dhariyat 51:45
၄၅။ ထိုအခါ သူတို့သည် ထိုင်ရာမှမထနိုင်ချေ၊ မိမိကိုယ်ကို မကူညီမစောင့်ရှောက်နိုင်ချေ။
Verse 46 — Surah Adh-Dhariyat 51:46
၄၆။ ထို့အပြင်အထက်ကျော်ကာလက တမန်တော်နူဟို၏ လူတို့ရှိကြ၏၊ မှတ်သားကြလော့၊ သူတို့သည် တရား လက်လွှတ်ဆိုးသွမ်းသောသူတို့ဖြစ်ကြ၏။
Verse 47 — Surah Adh-Dhariyat 51:47
၄၇။ ငါသည် တန်ခိုးတော်အနန္တအားဖြင့် မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏၊ ငါပင်လျှင် ထိုကောင်းကင်ကို အလွန်ကျယ်ပြန့်စေတော်မူ၏။
Verse 48 — Surah Adh-Dhariyat 51:48
၄၈။ ထို့အပြင် ငါသည် မဟာပထဝီမြေကြီးကို ကျယ်ဝန်းပြန့်ပြူးစွာခင်းကျင်းထားတော်မူ၏၊ ဤသို့ခင်းကျင်းတော်မူ ထသောအရှင်သည် မဟာကရုဏာတော်သခင်ဖြစ်တော်မူ၏။
Verse 49 — Surah Adh-Dhariyat 51:49
၄၉။ ငါသည် ခပ်သိမ်းသောဝထ္ထုများကို အစုံလိုက်၊ အစုံလိုက်ဖန်ဆင်းတော်မူ၏၊ သို့ဖန်ဆင်းတော်မူခြင်းကား သင်တို့သုံးသပ်ဆင်ခြင်ကောင်း ဆင်ခြင်ဖို့ရာဖြစ်၏။
Verse 50 — Surah Adh-Dhariyat 51:50
၅ဝ။ ထို့ကြောင့် အရှင်မြတ်အထံတော်သို့ ပြေးကြလော့၊ ငါ့မှာမူကား သင်တို့အတွက် အရှင်မြတ်အထံတော်မှ သတိပေးသူရိုးရိုးသာဖြစ်၏။
Verse 51 — Surah Adh-Dhariyat 51:51
၅၁။ ထို့အပြင်အလ္လာဟ်အရှင်မြတ်နှင့် အခြားဘုရားကို တွဲ၍ မကိုးကွယ်ကြလင့်၊ ငါ့မှာမူကား အရှင်မြတ်အထံတော် မှ သင်တို့အတွက် သတိပေးသူရိုးရိုးသာဖြစ်၏။
Verse 52 — Surah Adh-Dhariyat 51:52
၅၂။ ဤလူများအလျင် လူဟောင်းများထံသို့ တမန်တော်များမလာလေမှ လာလေလျှင် သူတို့က တမန်တော်တို့ကို စုန်းမှော်ပယောဂဆရာ(သို့မဟုတ်) အရူးအပေါဟု ပုန်ခတ်စွပ်စွဲကြ၏။
Verse 53 — Surah Adh-Dhariyat 51:53
၅၃။ ယင်းကဲ့သို့ မိုက်ရိုင်းစော်ကားခြင်းကို တစ်ဦးမှ တစ်ဦးသို့ အမွေပေးခဲ့သလော၊ မဟုတ်ချေ၊ သူတို့သည် တရားတော်ကို ကျူးလွန်သူများဖြစ်ကြ၏။
Verse 54 — Surah Adh-Dhariyat 51:54
၅၄။ ထို့ကြောင့် သူတို့ထံမှ ထွက်ခွာသွားလော့၊ သတိပေးနှိုးဆော်ခြင်းသည် ယုံကြည်သူတို့ကို အကျိုးပေး၏။
Verse 55 — Surah Adh-Dhariyat 51:55
၅၅။ အို-တမန်တော်၊ သတိပေးလော့၊ သတိပေးနှိုးဆော်ခြင်းသည် ယုံကြည်သူတို့ကို အကျိုးပေး၏။
Verse 56 — Surah Adh-Dhariyat 51:56
၅၆။ ငါသည် ဂျင်နတ်သားများနှင့် လူသားတို့ကို ငါ့အား ကိုးကွယ်ဝတ်ပြုဖို့အတွက်သာ ဖန်ဆင်းတော်မူ၏။
Verse 57 — Surah Adh-Dhariyat 51:57
၅၇။ ငါသည် သူတို့ထံမှ စားနပ်ရိက္ခာကို အလိုတော်ရှိတော်မူသည်မဟုတ်၊ သူတို့ကို ငါ့အား အစာအဟာရကျွေးမွေး ရန် ဗျာဒိတ်ပေးတော်မူသည်လည်းမဟုတ်။
Verse 58 — Surah Adh-Dhariyat 51:58
၅၈။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည်၊ အရှင်မြတ်သည် စားနပ်ရိက္ခာပေးသနားတော်မူသောအရှင်၊ အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူ၏။
Verse 59 — Surah Adh-Dhariyat 51:59
၅၉။ ထို့အပြင်မှတ်သားကြလော့၊ ရှေးခေတ်မတရားကောင်တို့အတွက် ကြောက်မက်ဖွယ်သောနေ့ကျရောက်သကဲ့သို့ ယခုခေတ်ဒုစရိုက်ကောင်တို့အဖို့လည်း ကြောက်မက်ဖွယ်သောနေ့တော်အသင့်ရှိ၏၊ ထို့ကြောင့်သူတို့သည် ထိုနေ့တော်ကြီးကို အလျင်စလိုတောင်းဆိုခြင်းကို အလျင်းမပြုသင့်ချေ။
Verse 60 — Surah Adh-Dhariyat 51:60
၆ဝ။ သို့ဖြစ်၍ မိစ္ဆာဒိဋ္ဌိတို့သည် မိမိတို့ထံ ဆိုက်ရောက်လာစေတော်မူမည်ဟု ကတိထားတော်မူသောနေ့တော်ကြီး ကြောင့် ပျက်စီးရတော့မည်သာတည်း။