Verse 1 — Surah At-Tur 52:1
၁။ အို-တမန်တော်၊ တူစီနာတောင်ကို စဉ်းစားဆင်ခြင်၍ ငါ၏တန်ခိုးတော်ဂုဏ်တော်ကို သတိရလော့။
Verse 2 — Surah At-Tur 52:2
၂။ ထို့အပြင်ကမ္ဗည်းထိုးထားသောကျမ်းတော်ကိုလည်း အာရုံပြု၍ ငါ၏တန်ခိုးတော်ဂုဏ်တော်ကို သတိရလော့။
Verse 3 — Surah At-Tur 52:3
၃။ ထိုကျမ်းတော်ကား ကျယ်ဝန်းပြန့်ပြူချောမွတ်သောစက္ကူပေါ်တွင် ရေးတင်မှတ်သားလျက်ရှိ၏။
Verse 4 — Surah At-Tur 52:4
၄။ ထို့အပြင် လူအများခဏခဏဝတ်တက်ရန်လာသောကအ်ဘာကျောင်းတော်ကြီးကိုလည်း အာရုံပြု၍ ငါ၏ တန်ခိုး တော် ဂုဏ်တော်ကို သတိရလော့။
Verse 5 — Surah At-Tur 52:5
၅။ ထိုမြင့်မြတ်လှစွာသောအမိုးကိုလည်း အာရုံပြု၍ ငါ၏ တန်ခိုးတော်ဂုဏ်တော်ကို သတိရလော့။
Verse 6 — Surah At-Tur 52:6
၆။ ထို့အပြင် ရေတင်းကြမ်းပြည့်လျှံနေသောသမုဒ္ဒရာကိုလည်း အာရုံပြု၍ ငါ၏တန်ခိုးတော်ဂုဏ်တော်ကို သတိ ရလော့။
Verse 7 — Surah At-Tur 52:7
၇။ အို-တမန်တော်၊ သင်၏အရှင်သခင်၏ အပြစ်ဒဏ်တော်သည် မုချဧကန်ကျရောက်လာမည်သာတည်း။
Verse 8 — Surah At-Tur 52:8
၈။ ထိုအပြစ်ဒဏ်တော်သည် ကာဆီးထားနိုင်သူဆို၍ တစ်စုံတစ်ယောက်မျှမရှိချေ။
Verse 9 — Surah At-Tur 52:9
၉။ မိုးကောင်းကင်သည် မငြိမ်မသက်သွက်သွက်ခါလှုပ်သောနေ့တော်ကြီး။
Verse 10 — Surah At-Tur 52:10
၁ဝ။ ထိုနေ့တော်ကြီး၌ တောင်ကမ်းဟူသမျှလည်း လေတွင် လွင့်ပါလတ့ံ။
Verse 11 — Surah At-Tur 52:11
၁၁။ တရားတော်ကို ငြင်းပယ်သောသူအပေါင်းသည် ထိုနေ့တော်ကြီး၌ ကြီးစွာပျက်စီးရတော့သည်သာတည်း။
Verse 12 — Surah At-Tur 52:12
၁၂။ ထိုသူတို့သည် သိမ်မွေ့နက်နဲသောကိစ္စများတွင် အဖျင်းစကားပြောကြ၏။
Verse 13 — Surah At-Tur 52:13
၁၃။ ထိုသူတို့ကို ငရဲမီးအတွင်းသို့ ထိုးသွင်းသောနေ့တော်ကြီး၌။
Verse 14 — Surah At-Tur 52:14
၁၄။ ယင်းသို့ ထိုးသွင်းပြီးနောက် သူတို့အား မိန့်တော်မူသည်မှာ ဟယ်-မိစ္ဆာဒိဋ္ဌိတို့၊ ဤမီးသည် နင်တို့ငြင်းခုံသော ငရဲမီးဖြစ်၏။
Verse 15 — Surah At-Tur 52:15
၁၅။ ဤငရဲသည် မှော်အတတ်လော၊ သို့မဟုတ် သင်တို့သည် မမြင်ကြသလော။
Verse 16 — Surah At-Tur 52:16
၁၆။ ငရဲမီးအပူရှိန်ကို ခံကြလော့၊ ထိုအပူရှိန်ကို နင်တို့သည်းခံစွာခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ၊ နင်တို့အတွက် မထူးချေ၊ အတူတူသာဖြစ်၏၊ နင်တို့ပြုကျင့်လေ့ရှိသောအကျင့်အကြံများအတွက် နင်တို့အား ပေးအပ်ခြင်းသာ ဖြစ်၏။
Verse 17 — Surah At-Tur 52:17
၁၇။ မှတ်သားကြလော့၊ မိမိတို့ကျင့်အပ်သောကျင့်ဝတ်များကို ကျေပွန်သူတို့မှာမူကား နိဗ္ဗာန်ဥယျာဉ်တော်များ၌ စံစားကြရ၏၊ ပျော်ရွှင်ကြရ၏။
Verse 18 — Surah At-Tur 52:18
၁၈။ သူတို့၏ အရှင်သခင်သည် သူတို့အား အောင်ဆုမင်္ဂလာတော်ပေးသနားတော်မူ၏၊ ငရဲမီးညှင်းပန်းခြင်းဘေးမှ ကာဆီးထားတော်မူ၏၊ ထိုအကြောင်းများကြောင့် သူတို့သည် အားရဝမ်းသာရှိကြရ၏။
Verse 19 — Surah At-Tur 52:19
၁၉။ သူတို့အား မိန့်တော်မူသည်မှာ အို-နိဗ္ဗာန်သားအပေါင်းတို့၊ သင်တို့ပြုကျင့်ခဲ့သောကုသိုလ်ကောင်းမှု၏ အကျိုး ကြောင့် ပျော်ရွှင်သာယာစွာစားကြလော့၊ သောက်ကြလော့။
Verse 20 — Surah At-Tur 52:20
၂ဝ။ ထိုသူတို့သည် တင့်တယ်သိုက်မြိုက်စွာစီတန်းခင်းကျင်းထားသောပလ္လင်ထက်ဝယ် လှဲလျောင်းမွေ့လျော်စံပျော် နေထိုင်ကြရ၏၊ ငါသည် သူတို့အား မျက်စိမျက်လုံးပြူးထူးလှပသောနတ်ကညာများနှင့် စုလျားရစ်ပတ်လက်ထပ် ပေးသနားတော်မူ၏။
Verse 21 — Surah At-Tur 52:21
၂၁။ ထို့အပြင် ယုံကြည်သူတို့၏ သားသမီးများသည် ယုံကြည်မှု၌ မိမိတို့မိဘ၏ ခြေရာကို လိုက်လျှင် ငါသည် ထိုသားသမီးများကို မိမိတို့မိဘနှင့် နိဗ္ဗာန်တွင် တွေ့ဆုံ၍ အတူတကွစံစားနေထိုင်စေတော်မူမည်၊ ထိုသူတို့ ဆည်းပူးခဲ့သောကုသိုလ်ကောင်းမှု၏ အကျိုးကိုလည်း အနည်းငယ်မျှလျှော့ပေါ့ပေးတော်မူမည်မဟုတ်၊ လူတိုင်း ပင်လျှင် မိမိပြုကျင့်ခဲ့သောအမှုအခင်းများ၏ အကျိုးအပြစ်အတွက် တာဝန်ခံ၊ အပေါင်ခံပစ္စည်းဖြစ်၏။
Verse 22 — Surah At-Tur 52:22
၂၂။ ထို့အပြင် ငါသည် နိဗ္ဗာန်သူနိဗ္ဗာန်သားတို့အား သူတို့အလိုရှိသည့်အတိုင်း သစ်သီးသစ်ဥအမျိုးမျိုး၊ သားငါး အဖုံဖုံတို့ကို ပေးသနားတော်မူ၏။
Verse 23 — Surah At-Tur 52:23
၂၃။ ထို့အပြင် သူတို့သည် တစ်ဦးလက်မှ တစ်ဦးလက်သို့ ရေခွက်တစ်ခုကို ကမ်းလှမ်းယူငင်ပေးကြ၏၊ ထိုခွက်ရှိ သောက်စရာကြောင့် သောက်သူတို့သည် ယစ်မူးမေ့လျော့ခြင်းလည်းမရှိ၊ စကားအသိမ်အဖျင်းကို ပြောဆိုခြင်း လည်းမရှိ၊ အပြစ်ကျုးကျော်ခြင်းလည်းမရှိဖြစ်၏။
Verse 24 — Surah At-Tur 52:24
၂၄။ ထို့အပြင်သူတို့အပါးတွင် သူတို့၏ကိုယ်ပိုင်ကံကြွေးလုလင်တို့သည် ထိုမှ ဤမှ သွားလာလှည့်ပတ်ခစားလျက် ရှိကြ၏၊ ထိုလုလင်တို့သည် ယောက်သွားအတွင်း ဖုံးအုပ်လျက်ရှိသောပုလဲအသွင် ဖြူစင်လှပ၏။
Verse 25 — Surah At-Tur 52:25
၂၅။ ထို့အပြင်သူတို့သည် တစ်ဦးအနား တစ်ဦးကပ်၍ တစ်ယောက်အကြောင်းကို တစ်ယောက်မေးမြန်းလျက်ရှိကြ၏။
Verse 26 — Surah At-Tur 52:26
၂၆။ ထိုနေ့တော်ကြီး၌ တစ်ဦးနှင့်တစ်ဦးပြောကြသည်မှာ အကျွနု်ပ်တို့သည် အထက်ကျော်ကာရီက အိမ်သူအိမ်သား များနှင့်အတူနေထိုင်စဉ် ကျွနု်ပ်တို့သည် အမြဲပင်စိုးရိမ်ကြောင့်ကျခဲ့ကြရ၏။
Verse 27 — Surah At-Tur 52:27
၂၇။ သို့သော် အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်တို့အား ကောင်းကြီးမင်္ဂလာတော်ပေးသနားတော်မူပြီ၊ ငရဲမီးလေပူ အခိုးအငွေ့ဘေးမှ ကာကွယ်တော်မူခဲ့ပြီ။
Verse 28 — Surah At-Tur 52:28
၂၈။ အကျွနု်ပ်တို့ကား ရှေးအခါလောကတွင် အရှင်မြတ်အား အစဉ်မပြတ်ဝတ်ပြုခဲ့ကြ၏၊ အရှင်မြတ်သည် မဟာ ကရုဏာတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင် အမှန်အကန်ဖြစ်တော်မူ၏။
Verse 29 — Surah At-Tur 52:29
၂၉။ ထို့ကြောင့် အို-တမန်တော်၊ လူသားတို့အား သတိပေးလော့၊ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကြောင့် သင်သည် ဗေဒင်ဆရာလည်းမဟုတ်၊ စိတ်နှလုံးပေ့ါသွပ်သူအရူးလည်းမဟုတ်။
Verse 30 — Surah At-Tur 52:30
၃ဝ။ သို့မဟုတ် သူတို့က သူသည် လင်္ကာဆရာဖြစ်၏၊ သူ့ကို အချိန်ကာလက ဆုံးမမည်ဟု အကျွနု်ပ်တို့မျှော်လင့် ၏ဟု ပြောဆိုကြသလော။
Verse 31 — Surah At-Tur 52:31
၃၁။ အို-တမန်တော်၊ သူတို့အား သင်တို့လည်း မိမိတို့လိုရာကို မျှော်လင့်ကြလော့၊ ငါလည်း သင်တို့နည်းတူ မျှော်လင့်၏ဟု ဟောကြားလော့။
Verse 32 — Surah At-Tur 52:32
၃၂။ အို-တမန်တော်၊ ထိုသူတို့၏ စိတ်က သူတို့အား ဤကဲ့သို့ပြုကျင့်ပြောဆိုရန် အကြံပေးသလော၊ သို့မဟုတ် သူတို့သည် တရားကျူးလွန်သောသူယုတ်များဖြစ်ကြသလော။
Verse 33 — Surah At-Tur 52:33
၃၃။ သို့မဟုတ် သူတို့က ဤကျမ်းတော်ကို သူဖန်တီး၏ဟု စွပ်စွဲသလော၊ ယင်းစွပ်စွဲချက်မမှန်ချေ၊ သို့သော် သူ တို့သည် ယုံကြည်မည်မဟုတ်ချေ။
Verse 34 — Surah At-Tur 52:34
၃၄။ သူတို့သည် အကယ်၍ အမှန်စကားကို ဆိုသော် သူတို့အား ဤကျမ်းမြတ်ကုရ်အာန်နှင့်တူမျှသောတရားဒေသနာ တစ်ပါးကို ပြုကြစေလော့။
Verse 35 — Surah At-Tur 52:35
၃၅။ သို့မဟုတ် သူတို့သည် နတ္တိမှ ဖန်ဆင်းတော်မူခြင်းခံကြရသလော၊ သို့မဟုတ် သူတို့သည် ဖန်ဆင်းသူများဖြစ် ကြသလော။
Verse 36 — Surah At-Tur 52:36
၃၆။ သို့မဟုတ် သူတို့သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းကြသလော၊ မဖန်ဆင်းချေ၊ သူတို့သည် မည်သည့်အရာမှ တပ်အပ်သေချာစွာမသိကြချေ။
Verse 37 — Surah At-Tur 52:37
၃၇။ အို-တမန်တော်၊ သူတို့သည် သင်၏ အရှင်သခင်၏ ဘဏ္ဍာပစ္စည်းတော်များကို ပိုင်ဆိုင်ကြသလော၊ သို့မဟုတ် သူတို့သည် အရှင်မြတ်၏ ဘဏ္ဍာစိုးများဖြစ်ကြသလော။
Verse 38 — Surah At-Tur 52:38
၃၈။ သို့မဟုတ် သူတို့၌ ကောင်းကင်သို့ တက်၍ အမိန့်တော်များကို နားထောင်ဖို့ရာ လှေကားရှိသလော၊ သို့ပါလျှင် သူတို့၏ နားထောင်သူအား လုံလောက်ထင်ရှားသောသက်သေပြစေကုန်။
Verse 39 — Surah At-Tur 52:39
၃၉။ အို-မိစ္ဆာဒိဋ္ဌိတို့၊ အလ္လာဟ်အရှင်မြတ်မှာ သမီးမိန်းမတော်များသာရှိ၍ သင်တို့မှာ သားယောက်ျားများရှိကြသလော။
Verse 40 — Surah At-Tur 52:40
၄ဝ။ သို့မဟုတ် သင်တမန်တော်သည် ၎င်းတို့အား တရားဓမ္မဟောပြောခတောင်းဖူးသလော၊ ယင်းသို့တောင်းခြင်း ကြောင့် သူတို့ကြွေးတွင် နစ်မြုနေပြီလော။
Verse 41 — Surah At-Tur 52:41
၄၁။ သို့မဟုတ် သူတို့သည် မမြင်စွမ်းနိုင်သောအရာများကို ပိုင်ဆိုင်၍ ထိုအရာများကို ရေးသားထားနိုင်ကြသလော။
Verse 42 — Surah At-Tur 52:42
၄၂။ သို့မဟုတ် သူတို့သည် တမန်တော်ကို ဥပါယ်တမည်ဖြင့် လှည့်စားဖို့ရာ ကြံစည်ကြသလော၊ သို့သော်မယုံကြည် သူတို့သာလျှင် လှည့်ဖြားခြင်းခံကြရ၏။
Verse 43 — Surah At-Tur 52:43
၄၃။ သို့မဟုတ် သူတို့မှာ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိသလော၊ အလ္လာဟ်အရှင်မြတ်သည် သူတို့တွဲဖက်သောဘုရားတုဘုရားယောင်များထက် မြင့်မြတ်တော်မူထသောအနန္တဂုဏ်တော်ရှင်ဖြစ်တော်မူ၏။
Verse 44 — Surah At-Tur 52:44
၄၄။ အကယ်၍ ထိုမိစ္ဆာဒိဋ္ဌိတို့သည် မိမိတို့အပေါ်သို့ အထက်ကောင်းကင်ဘုံပဲ့ကျသည်ကို မြင်ကြရလျှင် သူတို့က ကျလာသောအရာသည် တိမ်ဆိုင်တိမ်ခဲဖြစ်သည်ဟု ပြောဆိုကြလတ့ံ။
Verse 45 — Surah At-Tur 52:45
၄၅။ အို-တမန်တော်မိုဟမ္မဒ်၊ ထိုသူတို့သည် ၎င်းတို့၏ နေ့တော်ကြီးကို တွေ့မြင်ရသည့်တိုင်အောင် သူတို့ကို လျစ်လျူရှုလော့၊ ထိုနေ့တော်ကြီး၌ သူတို့သည် မိုးကြိုးအပစ်ခံကြရလတ့ံ။
Verse 46 — Surah At-Tur 52:46
၄၆။ ထိုနေ့တော်ကြီး၌ ထိုသူတို့၏ ပရိယာယ်သည် သူတို့အတွက် တစ်စုံတစ်ခုမျှစွမ်းဆောင်နိုင်မည်မဟုတ်၊ ထို့အပြင် သူတို့သည် ကူညီစောင်မခြင်းကို ခံကြရလိမ့်မည်မဟုတ်။
Verse 47 — Surah At-Tur 52:47
၄၇။ စင်စစ်အားဖြင့် ထိုဒုစရိုက်ကောင်များအဖို့အရာ ဤဒဏ်တော်ထက် ကြီးလေးသောဒဏ်တော်လည်းရှိသေး၏၊ သို့သော်သူတို့အနက် အရေအတွက်များစွာသောသူတို့သည် မသိကြချေ။
Verse 48 — Surah At-Tur 52:48
၄၈။ ထို့ကြောင့် အို-မိုဟမ္မဒ်၊ သင်၏ အရှင်သခင်၏ စီရင်ချက်ဗျာဒိတ်တော်ကိုသာ စိတ်ရှည်လက်ရှည်မျှော်လင့် စောင့်ဆိုင်းလော့၊ အကြောင်းမူကား သင်သည် မုချဧကန် ငါ၏မျက်မှောက်တော်တွင် ရှိ၏၊ သင်သည် နံနက်အိပ်ရာမှ ထသောအခါ သင်၏အရှင်သခင်၏ ကျေးဇူးတော်ကို ချီးကျုးလော့။
Verse 49 — Surah At-Tur 52:49
၄၉။ ထို့အပြင် သင်သည် ညဉ့်အခါ၌လည်းကောင်း၊ နံနက်မိုးသောက်ကြယ်နက္ခတ်များဝင်သောအခါ၌လည်းကောင်း၊ အရှင်မြတ်အား ချီးကျူးတသလော့။