Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Ba Sein — Permalink

Verse 1 — Surah Al-Hadid 57:1

၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်ကျေးဇူးတော် ကို ရင့်ကျူးကြကုန်၏၊ အကြောင်းမူကား အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင် သဗ္ဗညုတဉာာဏ်တော်ရှင် ဖြစ်တော်မူ၏။

Verse 2 — Surah Al-Hadid 57:2

၂။ အရှင်မြတ်သည် အထက်ကောင်းကင်ဘုံနှင့် အောက်ပထဝီမြေကြီးကို အစိုးရတော်မူ၏၊ အရှင်မြတ်သည် အသက်ရှည်ခြင်း၊ သေခြင်းကို ပေးသနားတော်မူ၏၊ အရာရာကို ပြုစွမ်းနိုင်တော်မူ၏။

Verse 3 — Surah Al-Hadid 57:3

၃။ အရှင်မြတ်သည် အစအဆုံးဖြစ်တော်မူ၏၊ အတွင်းအပြင်ဖြစ်တော်မူ၏၊ ခပ်သိမ်းကုန်သောအရာကို အကြွင်းမဲ့ သိတော်မူ၏။

Verse 4 — Surah Al-Hadid 57:4

၄။ အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအားလုံးကို ခြောက်ရက်ကာလအတွင်း ဖန်ဆင်းတော်မူထသော အရှင်ဖြစ်တော်မူ၏၊ အရှင်မြတ်၏ အာဏာစက်သည် ခပ်သိမ်းကုန်သောအရာတို့အပေါ်တွင် တည်၏၊ အရှင် မြတ်သည် မြေအတွင်းသို့ ဝင်သောအရာ၊ မြေအတွင်းမှ ထွက်သောအရာ၊ ကောင်းကင်မှ သက်သောအရာ၊ ကောင်းကင်ပေါ်သို့ တက်သောအရာစသည်တို့ကို အကုန်အစင်သိတော်မူ၏၊ အရှင်မြတ်သည် သင်တို့ရှိနေရာ အရပ်တိုင်း၌ပင် သင်တို့နှင့်အတူတကွရှိတော်မူ၏၊ အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှတို့ကို အကြွင်းမဲ့သိတော် မူ၏။

Verse 5 — Surah Al-Hadid 57:5

၅။ အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို စိုးပိုင်တော်မူ၏၊ အရာခပ်သိမ်းကုန်တို့သည် အရှင်မြတ် အထံတော်သို့ ပြန်ပို့ခြင်းကို ခံကြရသည်သာတည်း။

Verse 6 — Surah Al-Hadid 57:6

၆။ အရှင်မြတ်သည် ညမှ နေ့သို့၊ နေ့မှ ညသို့၊ ပြောင်းလွဲစေတော်မူ၏၊ လူသားတို့၏ စိတ်နှလုံးအတွင်း၌ ထိမ်ချိန်လျှို့ဝှက်ထားသမျှအပေါင်းတို့ကို အကြွင်းမဲ့သိတော်မူ၏။

Verse 7 — Surah Al-Hadid 57:7

၇။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ယုံကြည်ကြလော့၊ သင်တို့အား အရှင်မြတ်အပ်နှံထားတော်မူသောစည်းစိမ်ဥစ္စာများလှုဒါန်းကြလော့၊ အကြောင်းမူကား သင်တို့အနက် ယုံကြည် လျက် အလှုဒါနပေးသူတို့အတွက် အလွန်ကြီးမားသောအောင်ဆုမင်္ဂလာတော်ရှိ၏။

Verse 8 — Surah Al-Hadid 57:8

၈။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြည်လောက်အောင် သင်တို့တွင် အဘယ်ရောဂါရှိသနည်း၊ ထို့ အပြင်တမန်တော်သည် သင်တို့အား မိမိတို့၏ အရှင်သခင်အား ယုံကြည်ရန် ဖိတ်ခေါ်၏၊ ထို့အပြင်သင်တို့ ယုံကြည်သူဖြစ်လျှင် သူသည် သင်တို့နှင့်ပဋိညာဉ်စာချုပ်ချုပ်ဆိုပြီးပြီ။

Verse 9 — Surah Al-Hadid 57:9

၉။ အရှင်မြတ်သည် မိမိကျေးကျွန်တမန်တော်ထံသို့ သင်တို့ကို အမှောင်ထုမှ အလင်းရောင်သို့ ကယ်တင်ဖို့ရာ ကျော်ဇောထင်ရှားသောနှုတ်ကပတ်တော်များကို ထုတ်ပြန်ချပေးသနားတော်မူ၏၊ အကြောင်းမူကား အရှင်မြတ် သည် သင်တို့အား အတိုင်းထက်အလွန်သနားတော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။

Verse 10 — Surah Al-Hadid 57:10

၁ဝ။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲခြင်းမပြုလုပ်လောက်အောင် သင်တို့၌ အဘယ်ဝေဒနာ ရှိသနည်း၊ အကြောင်းမူကား မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်အလုံးစုံကို အရှင်မြတ်သာလျှင် အမွေခံစိုးပိုင်တော် မူ၏၊ သင်တို့အနက် မက္ကာဟ်ရွှေမြို့တော်ကြီးကို အောင်တော်မမူမီ မိမိစည်းစိမ်ဥစ္စာကို ရက်ရောစွာလှုဒါန်း လျက် စစ်ဝင်နွှဲတိုက်ခိုက်သောသူတို့သည် သာသနာ့အောင်လံတော်စိုက်ထူပြီးမှ လှုဒါန်းတိုက်ခိုက်သူတို့နှင့် မတူညီချေ၊ မြို့တော်ကြီးကို မအောင်မီ စွန့်ကြဲတိုက်ခိုက်သူတို့သည် အောင်ပြီးမှ ရက်ရက်ရောရောပေးကမ်း တိုက်ခိုက်သူတို့ထက် သာလွန်မြင့်မြတ်ကြ၏၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် သင်တို့အားလုံးကို အောင်ဆု မင်္ဂလာပေးတော်မူမည်ဟု ကတိဗျာဒိတ်ခတ်နှိပ်တော်မူပြီ၊ အမှန်မှာ အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှအလုံးစုံ ကို အကြွင်းမဲ့သိတော်မူ၏။

Verse 11 — Surah Al-Hadid 57:11

၁၁။ အဘယ်သူသည် အလ္လာဟ်အရှင်မြတ်အား ကောင်းသောချေးငှားခြင်းကို ပြုမည်နည်း၊ အကြောင်းမူကား အရှင်မြတ်သည် ထိုသူအား သူ၏ အရင်းနှစ်ဆပြန်ပေးသနားတော်မူလတ့ံ၊ ထို့အပြင် သူသည် အကန့်အသတ် မရှိသောဆုလာဘ်ပဏ္ဏာကိုလည်း ရလတ့ံ။

Verse 12 — Surah Al-Hadid 57:12

၁၂။ နေ့တော်ကြီး၌ သင်တမန်တော်သည် ယုံကြည်သူယောက်ျားမိန်းမတို့ရှေ့တည့်တည့်၌သော်လည်းကောင်း၊ လက်ျာ လက်များမှသော်လည်းကောင်း၊ ရောင်ခြည်တော်လွှတ်သည်ကို မြင်ရလတ့ံ၊ သူတို့နှုတ်ဆက်စကားပြောဆိုကြ သည်မှာ ဤနေ့၌ သင်တို့သည် မင်္ဂလာရှိသောသတင်းရကြ၏၊ မြစ်ချောင်းအထွေထွေစီးဆင်းလျက်ရှိသောဥယျာဉ် တော်များတွင် နိစ္စထာဝရနေထိုင်ကြရန် ဝင်ကြရ၏၊ ဤအမှုသည် အလွန်ကြီးကျယ်မြင့်မြတ်သောအောင်မြင် ခြင်းတည်း။

Verse 13 — Surah Al-Hadid 57:13

၁၃။ နေ့တော်ကြီးတစ်နေ့၌ သူတော်ကောင်းယောင်ဆောင်သူယောက်ျာမိန်းမတို့ကား ယုံကြည်သူသမ္မာဝါဒီတို့အား တောင်းပန်ကြမည်မှာ အချင်းတို့၊ ငါတို့ကို စောင့်နေပါဦး၊ သင်တို့၏ အလင်းရောင်ကို ခိုလှုံပါရစေ၊ ထိုသူယုတ်မာ တို့အား မိန့်တော်မူမည်မှာ နင်တို့သည် နောက်သို့ လှည့်ကြလော့၊ နင်တို့တတ်နိုင်သောနေရာတွင် အလင်းရောင် ကို ရှာကြလော့၊ ဤသို့မိန့်တော်မူပြီးသည်နှင့်တပြိုင်နက် ယုံကြည်သူနှင့်မယုံကြည်သူတို့စပ်ကြားတွင် တံခါးပေါက် တစ်ခုရှိသည့်တံတိုင်းကြီးတစ်ခု ဆီးကာလျက်ရှိလတံ့၊ ထိုတံတိုင်းကြီးအတွင်း၌ သနားကြင်နာခြင်း၊ ကောင်းကြီး မင်္ဂလာတို့လျှံလျက်ရှိလတ့ံ၊ အပြင်ဘက်၌မူကား အပြစ်ဒဏ်တော်သာရှိလတ့ံ။

Verse 14 — Surah Al-Hadid 57:14

၁၄။ အပြင်ဘက်တွင်ရှိသောသူမိုက်တို့က ဟစ်အော်ကြွေးကြော်ပြောဆိုကြသည်မှာ အချင်းတို့၊ ငါတို့သည် သင်တို့နှင့် အတူတကွနေထိုင်ခဲ့ကြသည်မဟုတ်လော၊ သူတော်ကောင်းတို့က ပြန်ပြောကြမည်မှာ မှန်ပေ၏၊ သို့သော် သင်တို့သည် အချင်းချင်းဖျားယောင်းသွေးဆောင်ခဲ့ကြ၏၊ သင်တို့သည် ငါတို့ပျက်စီးရာပျက်စီးကြောင်းကိုသာ လိုလားခဲ့ကြ၏၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာတော်ကို မယုံကြည်သံသယဖြစ်ခဲ့ကြ၏၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကျရောက်လာသည့်တိုင်အောင် သင်တို့၏ မိစ္ဆာဆန္ဒများသည် သင်တို့ကို လှည့်ဖြားခဲ့ကြ၏၊ ရှိုင်တန်မာရ်နတ်လည်း သင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဖျားယောင်းသွေး ဆောင်လိမ်လည်ခဲ့၏။

Verse 15 — Surah Al-Hadid 57:15

၁၅။ ထို့ကြောင့်ယနေ့၌မူကား သင်တို့နှင့်မိစ္ဆာဒိဋ္ဌိတို့အပြစ်ချမ်းသာစေရန် လျော်ကြေးကို ယူမည်မဟုတ်ချေ၊ သင်တို့ နေထိုင်ရာဋ္ဌာနသည်ကား ငရဲပြည်သာတည်း၊ ထိုငရဲပြည်သာတည်း၊ ထိုငရဲပြည်သည် သင်တို့၏ နာယကဖြစ်၏၊ ကံဆိုးမိုးမှောင်ဖြစ်ရသောခရီးအဆုံးတည်း။

Verse 16 — Surah Al-Hadid 57:16

၁၆။ အယူမှန်သူတို့အတွက် မိမိတို့စိတ်နှလုံးကို နှိမ့်ချ၍ အလ္လာဟ်အရှင်မြတ်ချပေးသနားတော်မူသောသမ္မာတရား တော်ကို အောက်မေ့တသလျက် ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းဖို့ အချိန်ကျရောက်ပြီမဟုတ်လော၊ သူတို့သည် အထက်ကျော်ကာရီက ကျမ်းတော်ချပေးသနားတော်မူခြင်းခံရသောရှေးလူဟောင်းတို့ကဲ့သို့ မဖြစ်ထိုက်ချေ၊ သို့သော်အချိန်ကာလတော်တော်ရွေ့လျောသွားသဖြင့် ထိုလူဟောင်းတို့၏ စိတ်နှလုံးသည် ခက်ရော်တင်းမာ လာကြလေ၏၊ အကြောင်းမူကား သူတို့အနက် အမြောက်အမြားသောသူတို့သည် တရားတော်ကို ကျူးကျော် သည့်သူယုတ်မာများဖြစ်ကြ၏။

Verse 17 — Surah Al-Hadid 57:17

၁၇။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် မြေကြီးကို သွေ့ခြောက်သေပြီးသည့်နောက် တဖန်ပြန်ရှင် စိမ်းလန်းစိုပြေစေတော်မူသည်ကို သင်တို့မှတ်ယူကြလော့၊ သင်တို့အသိဉာာဏ်ဆည်းပူးစိမ့်သောငှာ ငါသည် သင်တို့အား ငါ၏ သက်သေသာဓကတော်ကို ရှင်းလင်းထင်ရှားစွာပြသတော်မူပြီ။

Verse 18 — Surah Al-Hadid 57:18

၁၈။ အကြောင်းမူကား လှုဒါန်းပေးကမ်းစွန့်ကြဲသောအလ္လာဟ်အရှင်မြတ်အား ချေးငှားခြင်းပြုသောယောက်ျားမိန်းမ တို့သည် မိမိတို့သုံးစွဲသောပစ္စည်းနှစ်ဆပြန်ရကြမည်၊ ထို့အပြင်အတိုင်းအထွာပမာဏမရှိသောအောင်ဆုမင်္ဂလာ တော်ကြီးကိုလည်း ခံစားကြရလတ့ံ။

Verse 19 — Surah Al-Hadid 57:19

၁၉။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်များကို ယုံကြည်သူတို့သည် အရှင်မြတ်၏ သစ္စာတော်ကို စောင့်သူများ၊ သာသနာတော်အတွက် အသက်စွန့်သူအာဇာနည်များဖြစ်ကြ၏၊ ထိုသူမြတ်တို့သည် အောင်ဆု မင်္ဂလာတော်နှင့် အလင်းရောင်ခြည်တော်တို့ကို ရရှိကြရလတ့ံ၊ သို့သော် ငါ့အား မယုံကြည်ပယ်ရှား၍ ငါ၏ သက်သေသာဓကတော်များကို ငြင်းဆန်သူတို့မှာမူကား ငရဲမီးကို ပိုင်ဆိုင်သူများသာတည်း။

Verse 20 — Surah Al-Hadid 57:20

၂ဝ။ အို-လူသားအပေါင်းတို့၊ သင်တို့မှတ်ယူကြလော့၊ ဤပထဝီမြေကြီးပေါ်တွင် နေရသောအသက်သည် သူငယ်တို့ ဘာဝအပျော်အပါးကစားသကဲ့သို့ အသိမ်အဖျင်းသာလျှင်ဖြစ်၏၊ ထိုအသက်ကို ဟိတ်ကြီးဟန်ကြီးပြုလုပ်ခြင်း၊ အချင်းချင်းမာနထောင်လွှားဝါကြွားခြင်း၊ စီးပွားဥစ္စာနှင့် သားသမီးအခြွေအရံတို့ပွားများအောင် အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်ခြင်းတို့ဖြင့်သာ ကုန်စေကြ၏၊ ဤလောကီစည်းစိမ်ဥစ္စာတို့သည် တစ်ခါမျှရွာသွန်းသောမိုးနှင့် တူ၏၊ ထိုမိုးရေကြောင့် သွေ့ခြောက်သယောင်းလျက်နေသောမြေသေမှ သစ်ပင်ပန်းမာလ်တို့သည် စိမ်းစိမ်းစိုစို အညွှန့်အညှောက်ထွက်ပေါ်လာကြသည်၊ ထို့ကြောင့်ဥယျာဉ်လယ်ယာရှင်တို့သည် စိတ်နှလုံးရွှင်ပြံုးကြည်သာ ကြ၏၊ သို့သော်များမကြာမီ ထိုသစ်ပင်နွယ်ပင်တို့သည် ညှိုးနွမ်းဝါလာလျက် ခြောက်သွေ့ပြီးလျှင် ကြေမွပြိုကျ သွားကြ၏၊ နောင်တမလွန်ဘဝ၌ ပြင်းထန်သောအပြစ်ဒဏ်ရှိ၏၊ အရှင်မြတ်၏ အပြစ်လွှတ်တော်မူခြင်းနှင့် နှစ်ခြိုက်တော်မူခြင်းလည်းရှိ၏၊ ထို့ကြောင့်ဤလောကီတွင် ရှင်နေရသည့်အသက်သည် အဘယ်အရာနည်း၊ လိမ်လည်ဖျားယောင်းသည့်ကိရိယာတန်ဆာပလာများသာဖြစ်၏။

Verse 21 — Surah Al-Hadid 57:21

၂၁။ အို-လူသားအပေါင်းတို့၊ သင်တို့သည် မိမိတို့၏ အရှင်သခင်၏ အပြစ်လွှတ်ခြင်းနှင့် နိဗ္ဗာန်ဥယျာဉ်တော်သို့ သူတပါးထက် သာလွန်လျင်မြန်စွာပြေးကြလော့၊ ထိုဥယျာဉ်တော်သည် ကမ္ဘာမြေပြင်မိုးအပြင်ကဲ့သို့ ကျယ်ဝန်း၏၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်များကို ယုံကြည်သူအပေါင်းတို့စံစားနေထိုင်အ့ံသောငှာ စီရင်ထားတော်မူသောဥယျာဉ်တော်ဖြစ်၏၊ ဤဥယျာဉ်တော်သည် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိသူအား ပေးသနားတော်မူသောအရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ အကြောင်းမူကား အရှင်မြတ်သည် အနန္တ ကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။

Verse 22 — Surah Al-Hadid 57:22

၂၂။ ငါပညတ်ထားတော်မူသည့်ဥပဒေသအတိုင်းမှတပါး၊ မည်သည့်ဘေးအန္တရာယ်မျှ မြေပေါ်၌သော်လည်းကောင်း၊ သင်တို့ဝိညာဉ်ပေါ်၌လည်းကောင်း၊ မကျရောက်နိုင်ချေ၊ ထိုဥပဒေသကို ဥပါဒ်အန္တရာယ်မပေါ်ပေါက်မီကပင် ပြဋ္ဌာန်းထားတော်မူ၏၊ စစ်စစ်အားဖြင့် ဤစီမံခန့်ခွဲခြင်းသည် အလ္လာဟ်အရှင်မြတ်အဖို့ အလွန်လွယ်ကူလှ၏။

Verse 23 — Surah Al-Hadid 57:23

၂၃။ ထိုအကြောင်းအရာများမှာ သင်တို့သည် မိမိလက်လွတ်သွားသောအရာများအတွက် စိတ်ပျက်လက်လျှော့ခြင်း မပြုစေခြင်းငှာသော်လည်းကောင်း၊ မိမိတို့အား အရှင်မြတ်ပေးသနားတော်မူသောကောင်းကြီးမင်္ဂလာတော်ကြောင့် အထူးပျော်ရွှင်ခြင်းမပြုစေခြင်းငှာသော်လည်းကောင်းဖြစ်၏၊ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ကိုယ့်ဂုဏ်ကို ကိုယ်ဖော်၍ မော်ကြွားပလွှားသူတို့အား ချစ်မြတ်နိုင်တော်မမူချေ။

Verse 24 — Surah Al-Hadid 57:24

၂၄။ ထိုကြွားဝါသူတို့သည် မိမိတို့ကိုယ်တိုင် လောဘရမ္မက်ကြီးသည်သာမဟုတ်၊ သူတပါးကိုလည်း လောဘကြီးရန် တိုက်တွန်းနှိုးဆော်ကြ၏၊ ထို့ကြောင့်မည်သူမဆို လမ်းတော်ကို ကျောပေးသွားလျှင် အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာနစ်နာခြင်းမရှိချေ၊ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံ တော်မူ၏၊ ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူ၏။

Verse 25 — Surah Al-Hadid 57:25

၂၅။ ငါသည် လွန်လေပြီးသောအချိန်ကာလဝယ် ငါ၏ တမန်တော်များကို ပေါ်လွင်ထင်ရှားသောနိမိတ်လက္ခဏာများ နှင့်တကွ စေလွှတ်တော်မူ၏၊ ထို့အပြင်လူသားတို့သည် ဖြောင့်မတ်မှန်ကန်ခြင်းအတွက် မားမားကြီးရပ်တည် နေစိမ့်သောငှာ သမ္မာတရားကျမ်းစာတော်နှင့် အမှားအမှန်ပိုင်းခြားသည့်ချိန်ခွင်တို့ကို တမန်တော်များနှင့်အတူ ချပေးသနားတော်မူ၏၊ ထို့အပြင်ငါသည် သံသတ္တုကိုလည်း ချပေးသနားတော်မူ၏၊ ထိုသံတွင် အလွန်ကြီးကျယ် ပြင်းထန်သော စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် လက်နက်ကိရိယာများပြုလုပ်ဖို့ရာတို့ပါရှိ၏၊ ထို့အပြင် ၎င်းသတ္တု တွင် လူသားတို့အကျိုးကျေးဇူးခံစားစရာအများအပြားပါရှိ၏၊ အလ္လာဟ်အရှင်မြတ်သည် ထိုသတ္တုကျေးဇူးတော် ကို ချပေးသနားတော်မူခြင်းအကြောင်းမှာ အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်များကို အဘယ်သူသည် လူမသိမမြင်လျှို့ဝှက်စွာ ကူညီထောက်ပံ့သည်ကို စုံစမ်းဖို့ရာဖြစ်၏၊ အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အတိုင်းထက်အလွန်ကြီးမားသောခွန်အားဗလတော်အရှင်၊ အနန္တတန်ခိုးတော်အရှင်ဖြစ်တော်မူ၏။

Verse 26 — Surah Al-Hadid 57:26

၂၆။ ငါသည် မုချဧကန်နူဟိုနှင့် အေဗရာဟမ်တို့ကို စေလွှတ်တော်မူ၏၊ ထိုတမန်တော်များမှ ဆင်းသက်ပေါက်ဖွား လာသောသားစဉ်မြေးဆက်တို့တွင် အချို့အား တမန်တော်ဘွဲ့တံဆိပ်နှင့် ကျမ်းတော်မြတ်ကို ချပေးသနားတော် မူရန် အတည်ပြဋ္ဌာန်းတော်မူ၏၊ ထိုသားစဉ်မြေးဆက်တို့အနက် အချို့မှာ လမ်းမှန်ကို လိုက်ကြ၏၊ သို့သော် အရေအတွက်များစွာသောသူတို့မှာမူကား မကောင်းမှု၌ နစ်မွန်းနေကြ၏။

Verse 27 — Surah Al-Hadid 57:27

၂၇။ တဖန် ငါသည် တမန်တော်နူဟိုနှင့် တမန်တော်အေဗရာဟမ်တို့၏ နောက်၊ ဆက်ကာဆက်ကာ တမန်တော် အသီးသီးကို စေလွှတ်တော်မူ၏၊ ထိုတမန်တော်များ၏ နောက်၌ မရ်ယမ်၏သား အီစာကို စေလွှတ်တော်မူ၏၊ တမန်တော်အီစာအား အင်ဂျီလ်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနားတော်မူ၏၊ တမန်တော်အီစာ၏ တရား တော်ကို ယုံကြည်သူတို့၏ စိတ်နှလုံးတွင် နူးည့ံသိမ်မွေ့၍ သနားကရုဏာရှိတတ်သောသဘောကို ငါထည့်သွင်း ပေးသနားတော်မူ၏၊ သို့သော်သူတို့သည် မိမိတို့အတွက်ထွင်သော လောကီရေးရာအဖြာဖြာတို့ကို စွန့်ပစ်သည့် ဘုန်းကြီးရဟန်းတို့၏ ဘဝကို ငါပညတ်တော်မမူချေ၊ ငါသည် သူတို့အား အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော် မူခြင်းကိုသာ ရှာမှီးရန် ပညတ်တော်မူ၏၊ သို့သော်သူတို့သည် ဝတ္တရားရှိသည့်အတိုင်း ၎င်းပညတ်တော်ကို ကျေပွန်အောင် မစောင့်ထိန်းကြချေ၊ သို့ပြီးသော်လည်း ငါသည် သူတို့အနက် အယူမှန်သူတို့အား သူတို့ရထိုက် သောဆုတော်ကို ပေးသနားတော်မူ၏၊ သို့သော်အရေအတွက်များစွာသောသူတို့မှာမူကား ဒုစရိုက်ကောင်များသာ ဖြစ်ကြ၏။

Verse 28 — Surah Al-Hadid 57:28

၂၈။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးကြလော့၊ အရှင်မြတ်၏ တမန်တော်ကို ယုံကြည်ကြလော့၊ ထိုအခါအရှင်မြတ်သည် သင်တို့အား ကောင်းကြီးမင်္ဂလာတော်နှစ်ပုံနှစ်စုပေးသနားတော် မူလိမ့်မည်၊ ထို့အပြင်သင်တို့အဖို့အရာ ဝင်းလင်းတောက်ပသောရောင်ခြည်တော်ကိုလည်း ပေးသနားတော် မူလိမ့်မည်၊ ထိုရောင်ခြည်တော်၏ အလင်းရောင်၌ သင်တို့သည် လျှောက်သွားနိုင်လိမ့်မည်၊ ထို့အပြင်အရှင်မြတ် သည် သင်တို့ကို အပြစ်မှ ခွင့်လွှတ်တော်မူလိမ့်မည်၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် ထပ်ခါထပ်ခါ အပြစ်လွှတ်တော်မူ၏၊ အနန္တကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။

Verse 29 — Surah Al-Hadid 57:29

၂၉။ ဤသို့ ဗျာဒိတ်တော်ခတ်နှိပ်တော်မူရခြင်းအကြောင်းမှာကား အလ္လာဟ်အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို သူတို့အစိုးမရပဲ အရှင်မြတ်သာလျှင် အစိုးရတော်မူလျက် မိမိပေးသနားတော်မူလိုသူမည်သူမဆို ကောင်းကြီး မင်္ဂလာတော်ချပေးသနားတော်မူကြောင်းကို ရှေးကျမ်းတော်ရအသင်းသားတို့သိရှိနားလည်စိမ့်သောငှာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။