Verse 1 — Surah Al-Mujadila 58:1
၁။ အို-တမန်တော်၊ မိမိခင်ပွန်းလင်ယောက်ျားအကြောင်းနှင့်စပ်လျဉ်း၍ သင့်ထံလာရောက်တင်လျှောက်သောမိန်းမ ၏ လျှောက်ချက်ကို အလ္လာဟ်အရှင်မြတ်မုချဧကန်ကြားတော်မူ၍ လက်ခံတော်မူပြီး ထိုမိန်းမသည် အလ္လာဟ် အရှင်မြတ်အား ဆည်းကပ်၍ မိမိနစ်နာချက်ကို တိုင်တန်း၏၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အနက် နှစ်ဦး နှစ်ဖက်အခြေအတင်ပြောဆိုချက်များကို ကြားတော်မူ၏၊ မှတ်သားလော့၊ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူ၏ အကြွင်းမဲ့သိတော်မူ၏။
Verse 2 — Surah Al-Mujadila 58:2
၂။ သင်တို့အနက် မည်သူမဆိုမိမိမယားမိန်းမကို မိမိအမိရင်းခြာဖြစ်သည်ဟု ဆိုပြီးလျှင် ကွာရှင်းအ့ံ၊ ထိုမိန်းမသည် သူ၏ မွေးသမိခင်ကျေးဇူးရှင်မဖြစ်နိုင်ချေ၊ ထိုသူကို မွေးဖွားသောမိန်းမမှတပါး အခြားမိန်းမသည် သူ၏ အမိရင်းခြာမဖြစ်နိုင်ချေ၊ အမှန်မှာ ထိုသူသည် မတရားမုသားစကားဆိုခြင်းမျှသာဖြစ်၏၊ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 3 — Surah Al-Mujadila 58:3
၃။ သို့သော်မိမိတို့မိန်းမများကို အမိဖြစ်သည်ဟု ဆိုပြီး ကွာရှင်းသောသူတို့သည် မိမိတို့ပြောဆိုပြီး စကားကို ရုပ်သိမ်း၍ မိန်းမများကို ပြန်ပေါင်းလိုလျှင် ထိုသူတို့သည် မိမိတို့မိန်းမကို မထိခိုက်မစပ်ယှက်မီ ကျွန်တစ်ယောက် ဝယ်လွှတ်ကြရမည်ဟု ပညတ်တော်မူ၏၊ ဤသို့ပြုကျင့်ဖို့ရာ သင်တို့ကို သြဝါဒပေးတော်မူ၏၊ အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှတို့ကို အကုန်အစင်သိတော်မူ၏။
Verse 4 — Surah Al-Mujadila 58:4
၄။ ထို့အပြင် သင်သည် ထိုသူများအနက် တစ်ဦးဦးသည် ကျွန်ဝယ်လွှတ်ခြင်းကို မပြုစွမ်းနိုင်လျှင် ထိုသူသည် မိမိမိန်းမထံ မဝင်မီ ဥပုသ်သီလနှစ်လတိတိတစ်ခါတည်းဆောက်တည်ရမည်၊ သို့သော်ဥပုသ်လည်း မစောင့်သုံး နိုင်သော် ထိုသူသည် သူဆင်းရဲခြောက်ဆယ်အား ထမင်းတစ်နပ်ဝအောင် ကျွေးမွေးရမည်၊ ဤပညတ်တော် အတိုင်း ကျင့်ဆောင်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်တို့အား ယုံကြည်ခြင်းကို ပြသကြလော့၊ ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်ခွင့်ပြုချက်များဖြစ်၏၊ သို့သော်မယုံကြည်သူတို့အတွက် အတိုင်းမသိပြင်းထန်သောအပြစ်ဒဏ်တော်ရှိ၏။
Verse 5 — Surah Al-Mujadila 58:5
၅။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို တော်လှန်သောသူတို့သည် သူတို့အလျင်တော်လှန်သော လူတို့နည်းတူ ပြာမှုန့်အထိဖျက်ဆီးနှိမ့်ချခြင်းကို ခံကြရလတ့ံ၊ အကြောင်းမူကား ငါသည် ထင်ရှားပေါ်လွင်သော နိမိတ်လက္ခဏာတော်များကို ချပေးသနားတော်မူပြီ၊ ထို့ကြောင့်မိစ္ဆာဒိဋ္ဌိတို့သည် အလွန်ရှက်ဖွယ်ဖြစ်သောရှုံ့ချခြင်း အပြစ်ဒဏ်တော်ကို ခံစားကြရလတ့ံ။
Verse 6 — Surah Al-Mujadila 58:6
၆။ ထိုအပြစ်ဒဏ်တော်ကို အလ္လာဟ်အရှင်မြတ်သည် သူတို့အား ပြန်ရှင်စေပြီးလျှင် သူတို့ပြုကျင့်ခဲ့သောကုသိုလ်၊ အကုသိုလ်အပေါင်းကို ပြသထင်ရှားစေသောနေ့တော်ကြီး၌ သူတို့ခံစားကြရလတ့ံ၊ သူတို့သည် မိမိတို့အပြုအမူ များကို မေ့လျော့နေငြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုပြုကျင့်မှုများကို အလုံးစုံမှတ်သားထားတော် မူပြီ၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူထသောသက်သေ တော်ကြီးဖြစ်တော်မူ၏။
Verse 7 — Surah Al-Mujadila 58:7
၇။ အို-တမန်တော်၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ပေါ်ဝယ် ရှိရှိသမျှအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသည်ကို သင်မသိမမြင်သလော၊ လူသားတို့သည် မည်သည့်နေရာမှာမဆို အရှင်မြတ်အား အသိမပေးပဲလျက် တိတ်ဆိတ်လျှို့ဝှက်စွာတိုင်ပင်နှီးနှောခြင်းမပြုလုပ်နိုင်ချေ၊ ဤသို့တိုင်ပင်သူသုံးဦးဖြစ်လျှင် အရှင်မြတ်သည် စတုတ္ထလူအဖြစ်ဖြင့် ပါဝင်နေတော်မူ၏၊ ငါးဦးဖြစ်လျှင် ဆဌမဖြစ်တော်မူ၏၊ များသည်နည်းသည် မဟုတ် အရှင်မြတ်သည် သူတို့နှင့်အတူတကွရှိတော်မူ၏၊ ထို့နောက်တရားစီရင်တော်မူသောနေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ၎င်းတို့ပြုကျင့်သမျှတို့ကို ပြသတော်မူလိမ့်မည်၊ အကြောင်းမူကား အလ္လာဟ် အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာတို့ကို အကြွင်းမဲ့သိတော်မူ၏။
Verse 8 — Surah Al-Mujadila 58:8
၈။ အို-တမန်တော်၊ မကောင်းမှုကို အချင်းချင်းတိတ်တဆိတ်တိုင်ပင်နှီးနှောခြင်းကို မပြုရန် တားမြစ်ထားသော်လည်း ထိုတားမြစ်ခြင်းကို အရေးမစိုက်ပဲ နှီးနှောသူတို့ကို သင်မသိမမြင်သလော၊ မနာခံမှုများကိုသာ လျှို့ဝှက်ကြံစည် ကြ၏၊ ထို့အပြင်သူတို့သည် သင့်ထံသို့ လာသောအခါ အရှင်မြတ်မေတ္တာပို့တော်မူသကဲ့သို့ နှုတ်မဆက်ပဲ ရိုင်းစိုင်းညစ်ပတ်သောစကားဖြင့်သာ နှုတ်ဆက်ကြ၏၊ ထို့အပြင် သူတို့အချင်းချင်းပြောဆိုကြသည်မှာ အလ္လာဟ် အရှင်မြတ်သည် အဘယ်ကြောင့်ငါတို့ကို မိမိတို့ဆိုသောစကားများအတွက် အပြစ်ပေးတော်မူအပ်သနည်း၊ ငရဲသည် သူတို့အတွက် လုံလောက်၏၊ သူတို့သည် ငရဲမီး၏ အပူအရှိန်ကို ခံစားကြရ၏၊ ငရဲသည် အလွန် ဆိုးညစ်ယုတ်ည့ံသောခရီးအဆုံးသာတည်း။
Verse 9 — Surah Al-Mujadila 58:9
၉။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့အချင်းချင်း တိတ်တဆိတ်လျှို့ဝှက်စွာတိုင်ပင်နှီးနှောသောအခါ မတရားမှု၊ မကောင်းမှုနှင့် တမန်တော်ကို မနာခံမှုများကို မဆွေးနွေးကြပဲ ကုသိုလ်ကောင်းမှုတိုးပွားရန်နှင့် တရားတော်ကို စောင့်ရန်အတွက်သာ တိုင်ပင်ကြလော့၊ ထို့အပြင် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြလော့၊ သင်တို့အားလုံးကို အရှင်မြတ်အထံတော်သို့ ယူဆောင်ခဲ့လိမ့်မည်သာတည်း။
Verse 10 — Surah Al-Mujadila 58:10
၁ဝ။ အမှန်ဆိုသော တီးတိုးတိုင်ပင်ဆွေးနွေးခြင်းသည် အယူမှန်သောသူမြတ်တို့ကို နှောင့်ယှက်ဖို့ရာ ရှိုင်တန်မာရ်နတ် ၏ ဖျားယောင်းသွေးဆောင်ခြင်းမျှသာဖြစ်၏၊ စင်စစ်အားဖြင့် ရှိုင်တန်မာရ်နတ်သည် အရှင်မြတ်အလိုတော် မရှိပဲ ယုံကြည်သူတို့ကို စိုးစဉ်းမျှနစ်နာဆုံးရှုံးအောင် မစွမ်းဆောင်နိုင်ချေ၊ အယူမှန်သူတို့သည် အလ္လာဟ်အရှင် မြတ်အား လုံးဝကိုးစားကြစေကုန်။
Verse 11 — Surah Al-Mujadila 58:11
၁၁။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့အား အစည်းအဝေးပွဲများတွင် ပရိသတ်ထူထပ်များပြားသဖြင့် နေရာချဲ့ပေး ရန် ခိုင်းသောအခါ ခိုင်းသည်နှင့်တပြိုင်နက် လူရှဲပြီး နေရာရှင်းလင်းပေးကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် နေရာကို ကျယ်ဝန်းပြန့်ပြူးစေတော်မူလိမ့်မည်၊ တဖန်သင်တို့အား ရှေ့သို့ တိုးလာရန် ပြောသော အခါ လျင်မြန်စွာတိုးလာကြလော့၊ သင်တို့အနက် ယုံကြည်သူတို့နှင့် ပညာအလင်းရောင်ရရှိသူတို့သည် အလ္လာဟ် အရှင်မြတ်သည် မြင့်စွင့်သောအဆင့်အတန်းသို့ မြှင့်တင်တော်မူလိမ့်မည်၊ အကြောင်းမူကား အရှင်မြတ်သည် သင်တို့ပြုကျင့်သမျှအလုံးစုံကို အကြွင်းမဲ့သိတော်မူ၏။
Verse 12 — Surah Al-Mujadila 58:12
၁၂။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ငါ၏ တမန်တော်နှင့် မိမိတို့အတွင်းရေးကို တိုင်ပင်ဆွေးနွေးသော အခါ မိမိတို့ကိစ္စကို မဆွေးနွေးမီ အလှုပေးကြကုန်လော့၊ ယင်းသို့လှုခြင်းသည် သင်တို့အဖို့အရာ သာလွန် ကောင်းမြတ်သန့်ရှင်းဖြူစင်စေရာဖြစ်၏၊ သို့သော်သင်တို့သည် ပေးလှုရန် ဝထ္ထုတစ်စုံတစ်ရာကို လွယ်ကူစွာ မရလျှင် အရှင်မြတ်သည် မုချဧကန်ထပ်ခါထပ်ခါအပြစ်လွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။
Verse 13 — Surah Al-Mujadila 58:13
၁၃။ သင်တို့သည် မိမိတို့လျှို့ဝှက်သောက္စိများကို တမန်တော်နှင့်ဆွေးနွေးခြင်းမပြုမီ ပေးလှုစွန့်ကြဲရမည်ကို ကြောက်ရွံ့ ကြသလော၊ ထိုအလှုကို မပေးသော် အပြစ်မထိုက်ချေ၊ သို့သော်ဆွလဝါးသ်၌ တည်တ့ံခိုင်မြဲကြကုန်လော့၊ ဇကားသ်အလှုကို မပျက်မကွက်ပေးလှုကြကုန်လော့၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို နာခံကြကုန်လော့၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှအပေါင်းတို့ကို အကြွင်းမဲ့သိ တော်မူ၏။
Verse 14 — Surah Al-Mujadila 58:14
၁၄။ အို-တမန်တော်၊ အလ္လာဟ်အရှင်မြတ်၊ အမျက်ရှတော်မူသောသူတို့နှင့် ပေါင်းသင်းဆက်ဆံနေသူတို့ကို သင် မမြင်သလော၊ ထိုသူတို့သည် သင်တို့အထဲကသော်လည်းကောင်း၊ အမျက်တော်ရှခြင်းခံရသူတို့အထဲကသော် လည်းကောင်း၊ မဟုတ်ချေ၊ ဤလျှာနှစ်ခွသမားတို့သည် သိလျက်နှင့်မဟုတ်မလျားမုသားကို ကျိန်ဆိုပြောဆို သူများသာတည်း။
Verse 15 — Surah Al-Mujadila 58:15
၁၅။ အလ္လာဟ်အရှင်မြတ်သည် ထိုလျှာနှစ်ခွသမားတို့အဖို့အရာ အလွန်ကြောက်မက်ဖွယ်သောအပြစ်ဒဏ်ကို အရန်သင့် စီရင်ထားတော်မူ၏၊ စင်စစ်မှာ သူတို့ပြုလေ့ရှိသမျှအားလုံးတို့သည် မကောင်းမှုသာဖြစ်၏။
Verse 16 — Surah Al-Mujadila 58:16
၁၆။ သူတို့သည် မိမိတို့ကျိန်ဆိုခြင်းများကို အကာအကွယ်ပြုလုပ်ကြ၏၊ သူတပါးတို့အား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ လှည့်သွားစေ၏၊ ထို့ကြောင့်သူတို့သည် ရှက်ဖွယ်သောအပြစ်ဒဏ်ခံကြရလတ့ံ။
Verse 17 — Surah Al-Mujadila 58:17
၁၇။ သူတို့၏ စည်းစိမ်ဥစ္စာများမှသော်လည်းကောင်း၊ သားသမီးအခြွေအရံများသည်သော်လည်းကောင်း၊ သူတို့ကို အလ္လာဟ်အရှင်မြတ်ထံမှ မကယ်နိုင်ချေ၊ ထိုသူတို့သည် ငရဲမီးကို ပိုင်ဆိုင်ကြ၏၊ ထိုမီးထဲတွင် နေကြရလတ့ံ။
Verse 18 — Surah Al-Mujadila 58:18
၁၈။ အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ပြန်ရှင်စေတော်မူမည့်နေ့တော်ကြီး၌ ထိုသူယုတ်မာတို့သည် သင်တို့ထံတွင် မုသားကျိန်ဆိုခဲ့သကဲ့သို့ အရှင်မြတ်ရှေ့မှောက်ဝယ် ကျိန်ဆိုကြလတ့ံ၊ သူတို့သည် မိမိတို့တွင် အကိုးအကားရှိသည်ဟု ထင်မှတ်ကြလိမ့်မည်၊ အမှန်မှာ ဘာမျှမရှိချေ၊ သူတို့သည် မုသားကောင်များမဟုတ် ချေလော။
Verse 19 — Surah Al-Mujadila 58:19
၁၉။ ရှိုင်တန်မာရ်နတ်သည် ထိုသူတို့ကို လွှမ်းမိုးပြီးလျှင် သူတို့အား အလ္လာဟ်အရှင်မြတ်အား သတိမရမေ့လျော့ သွားစေပြီး သူတို့သည် ရှိုင်တန်မာရ်နတ်ဘက်တော်သားများဖြစ်ကြ၏၊ သူ၏ အသင်းအပင်းသည် ဧကန်အမှန် ဆုံးရှုံးပျက်စီးရမည်မဟုတ်လော။
Verse 20 — Surah Al-Mujadila 58:20
၂ဝ။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို တော်လှန်သူတို့သည် အနိမ့်စွန်ဆုံး ဘဝသို့ ကျဆင်းရသူတို့ဘောင်တွင် ဖြစ်ကြရလိမ့်မည်။
Verse 21 — Surah Al-Mujadila 58:21
၂၁။ ငါနှင့် ငါ့တမန်တော်တို့သည် အမှန်ပင်အောင်မြင်ရမည်ဟု အလ္လာဟ်အရှင်မြတ်ဗျာဒိတ်တော်ခတ်နှိပ်ထားတော် မူပြီ၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် ခွန်အားဗလကြီးမားတော်မူ၏၊ အနန္တတန်ခိုးတော်အရှင်ဖြစ် တော်မူ၏။
Verse 22 — Surah Al-Mujadila 58:22
၂၂။ အို-တမန်တော်၊ အလ္လာဟ်အရှင်မြတ်၌လည်းကောင်း၊ နောက်ဆုံးနေ့တော်ကြီး၌လည်းကောင်း၊ ယုံကြည်သူတို့ သည် အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ကို တော်လှန်သူတို့အား မိမိတို့အဘသော်လည်းကောင်း၊ သား သော်လည်းကောင်း၊ ညီအစ်ကိုသော်လည်းကောင်း၊ ဆွေမျိုးနီးစပ်သော်လည်းကောင်း၊ ဖြစ်ငြားသော်လည်း ချစ်ခင်တွယ်တာသည်ကို သင်တမန်တော်လုံးဝတွေ့မြင်ရမည်မဟုတ်ချေ၊ အရှင်မြတ်သည် ထိုအယူမှန်သူတို့ ၏ စိတ်နှလုံးတွင် ယုံကြည်ခြင်းစိတ်ကို ထည့်သွင်းထားတော်မူပြီးလျှင် သူတို့အား နတ်သားအားဖြင့် အားဖြည့် တင်းထားတော်မူ၏၊ အရှင်မြတ်သည် ထိုသူတို့အား ချောင်းမြောင်းအထွေထွေစီးဆင်းနေသောဥယျာဉ်တော်များ အတွင်းသို့ သွတ်သွင်း၍ ထာဝရစံစားစေတော်မူလိမ့်မည်၊ အရှင်မြတ်သည် သူတို့ကို အလွန်နှစ်သက်တော်မူ၏၊ သူတို့ကလည်း အရှင်မြတ်အား နှစ်သက်မြတ်နိုးကြ၏၊ သူတို့သည် အရှင်မြတ်၏ ဘက်တော်သားများဖြစ်ကြ၏၊ မုချဧကန်အရှင်မြတ်၏ ဘက်တော်သားများသာလျှင် အောင်မြင်ကြသည်မဟုတ်လော။