Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Ba Sein — Permalink

Verse 1 — Surah Al-Anam 6:1

၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသောအသျှင်၊ အမှောင်ထုနှင့် အလင်းရောင်ကို စီရင်တော်မူသောအသျှင်၊ အလ္လာဟ်အသျှင်မြတ် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မှပါပေ၏။ သို့ပါလျှက် မယုံကြည်သူတို့သည် မိမိ၏အသျှင်သခင်နှင့် ပြိုင်ဘက်၊ တုဘက်ထားကြသေး၏။

Verse 2 — Surah Al-Anam 6:2

၂။ အသျှင်မြတ်သည် သင်တို့ကို ရွှံ့မြေစေးနှင့် ဖန်ဆင်းတော်မူ၏။ သင်တို့၏သက်တမ်းကို သတ်မှတ် ထားတော်မူ၏။ အသျှင်မြတ်အထံတော်၌ ကာလပိုင်းခြား ပြဌာန်းထားတော်မူ၏။ သို့ပါလျက် သင်တို့သည် ယုံမှားသံသယရှိကြသေး၏။

Verse 3 — Surah Al-Anam 6:3

၃။ အသျှင်မြတ်သည် မိုးကောင်းကင်ဘုံများ၌သော်လည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်၌လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ် ဖြစ်တော်မူ၏။ အသျှင်မြတ်သည် သင်တို့၏ လျှို့ဝှက်ချက်၊ ပြောဆိုချက် နှစ်မျိုးလုံးပင် အကြွင်းမဲ့သိတော်မူ၏။ သင်တို့လုပ်ကိုင်၍ရသည်တို့ကိုလည်း သိတော်မူ၏။

Verse 4 — Surah Al-Anam 6:4

၄။ အလ္လာဟ်အသျှင်မြတ်၏ နှုတ်ကပတ်တော်များအနက် တစ်ပါးပါးမှ သူတို့ထံကျရောက်မလာမှ ကျရောက်လာလျှင် သူတို့သည် ထိုဗျာဒိတ်တော်မှ လှည့်ထွက်သွားကြ၏။

Verse 5 — Surah Al-Anam 6:5

၅။ သူတို့သည် မိမိတို့ထံသို့ ကျရောက်လာသော သမ္မာတရားတော်ကို မယုံကြည်ဘဲ ငြင်းပယ်ကြ၏။ သို့သော် သူတို့ကဲ့ရဲ့ပြောင်လှောင်လေ့ရှိသောအမှု၏ အကြောင်းသတင်းများသည် သူတို့ထံသို့ ရောက်လာလိမ့်မည်။

Verse 6 — Surah Al-Anam 6:6

၆။ ငါအသျှင်မြတ်သည် သူတို့မဖြစ်ပေါ်လာမီ ရှေးအဆက် မည်မျှကို သုတ်သင်ရှင်းလင်းပစ်တော်မူ သည်ကို သူတို့မသိမမြင်ကြသလော။ ထိုရှေးလူဟောင်းတို့ကို ကမ္ဘာမြေပေါ်ဝယ် မင်းတို့ထက် သာလွန် မြဲမြံတည်တံ့စေတော်မူ၏။ ထိုလူဟောင်းတို့အပေါ်သို့ ကောင်းကင်ဘုံမှ မိုးသည်းထန်စွာ ရွာသွန်းစေတော်မူ၏။ မြစ်ချောင်းများကိုလည်း သူတို့၏အောက်၌ စီးဆင်းစေတော်မူ၏။ သို့ပါလဆက် သူတို့သည် ၎င်းတို့၏အပြစ်များကြောင့် ဖျက်ဆီးပစ်တော်မူ၏။ သူတို့ပျောက်ကွယ်ပြီး နောက် အခြားလူမျိုးတစ်ဆက်ကို ဖန်ဆင်းတော်မူ၏။

Verse 7 — Surah Al-Anam 6:7

၇။ အို-မိုဟမ္မဒ်၊ အကယ်၍ ငါအသျှင်မြတ်သည် သင့်ထံသို့ စက္ကပေါ်တွင် ရေးထားသော ကျမ်းတော်ကို သူတို့ကိုင်တွယ်စမ်းသပ်ကြည့်နိုင်အောင် ချပေးသော်လည်း သူတို့သည် ဤအရာသည် ထင်ရှားသော ဝိဇ္ဇာမျက်လှည့်အတတ်မှတစ်ပါး အခြားတစ်စုံတစ်ရာမဟုတ်ပေဟု ပြောဆိုကြမည်သာတည်း။

Verse 8 — Surah Al-Anam 6:8

၈။ သူတို့က သူ့ထံသို့ ကောင်းကင်တမန်တော်တစ်ပါးကို အဘယ်ကြောင့် ချပေးတော်မမူသနည်းဟု မေးကြ၏။ အကယ်၍ ငါအသျှင်မြတ်သည် ကောင်းကင်တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့လျှင် ထိုအခါ ကိစ္စအဝဝကို အပြီးအစီး ဆုံးဖြတ်တော်မူပေလိမ့်မည်။ သူတို့သည် တွေးတောဆင်ခြင်ဘို့ရာ အချိန်ပိုရှိတော့မည်မဟုတ်ပေ။

Verse 9 — Surah Al-Anam 6:9

၉။ အကယ်၍ ငါအသျှင်မြတ်သည် ကောင်းကင်တမန်တော်တစ်ပါးကို လူသားအပေါင်းတို့ထံ တမန်တော်အဖြစ်ဖြင့် စေလွှတ်တော်မူခဲ့လျှင် ထိုတမန်တော် လူသားတို့အား ဟောကြားနိုင်ရန် သူ့ကို လူသားကဲ့သို့ အမှန်ပင် ငါစီရင်တော်မူခဲ့ပေမည်။ ယင်းအခါ သူတို့ကို ယခုမထင်မရှား လုပ်ထားသော တရားတော်သည် ပိုမိုရှုပ်ထွေးသွားပေမည်။

Verse 10 — Surah Al-Anam 6:10

၁ဝ။ သင့်အရင်ပွင့်ခဲ့သော အလ္လာဟ်အသျှင်မြတ်၏တမန်တော်တို့လည်း သရောပျက်ချော်ခြင်းကိုခံကြရ ၏။ သို့သော် ထိုပြောင်လှောင်သူတို့အား သူတို့ပြက်ရယ်ပြုသောအရာက ဝိုင်းဝန်းထား၏။

Verse 11 — Surah Al-Anam 6:11

၁၁။ အို-တမန်တော် သင်သည် ဟောပြောလော့။ ဟယ်-အချင်းတို့ သမ္မာတရားတော်ကို ငြင်းပယ်သူတို့ သည် အဘယ်အကျိုးဆက်ကို ခံစားရသည်ကို ပထဝီမြေပေါ်ဝယ် သွားလာကြည့်ရှုကြလော့။

Verse 12 — Surah Al-Anam 6:12

၁၂။ တဖန် ဟောကြားလော့။ မိုးမြေပေါ်ဝယ်ရှိရှိသမျှတို့ကို အဘယ်သူစိုးပိုင်သနည်း။ သင်ဟောပြော လော့။ အလ္လာဟ်အသျှင်မြတ် စိုးပိုင်တော်မူ၏။ အသျှင်မြတ်သည် ကောင်းကြီးမင်္ဂလာပေးသနားတော် မူရန် မိမိအပေါ်၌ တာဝန်သတ်မှတ်ထားတော်မူ၏။ အသျှင်မြတ်သည် ၎င်းနှင့်ပတ်သက်၍ ယုံမှား သံသယမရှိသော နေ့တော်ကြီးသို့ သင်တို့အားလုံးကို အတူတကွ စုရုံးယူလာတော်မူနိုင်ရန် ယင်းသို့ သတ်မှတ်ထားတော်မူ၏။ ထိုနေ့တော်ကြီး ဆိုက်ရောက်လာမည်ကို ယုံမှားသံသယ လုံးဝမရှိနိုင်ချေ။ မိမိတို့ဝိညာဉ်များကို မိမိတို့ ဖျက်ဆီးသူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။

Verse 13 — Surah Al-Anam 6:13

၁၃။ ညဉ့်နှင့်နေ့တွင် ရှိရှိသမျှတို့ကို အသျှင်မြတ် အစိုးရတော်မူ၏။ အသျှင်မြတ်သည် သိကြားတော်မူ သော အသျှင်ဖြစ်တော်မူ၏။

Verse 14 — Surah Al-Anam 6:14

၁၄။ ဟောကြားလော့။ ဟယ်-အချင်းတို့ ငါသည် မိုးနှင့်မြေကို စတင်ဖန်ဆင်းတော်မူသောအသျှင်၊ ကျွေးမွေးတော်မူထသောအသျှင်၊ ကျွေးမွေးခြင်းခံရတော်မူသောအသျှင်၊ အလ္လာဟ်အသျှင်မှတစ်ပါး အခြားသူကို ကာကွယ်စောင့်ရှောက်သည့် အဆွေခင်ပွန်းအဖြစ်ဖြင့် ရွေးချယ်မည်လော။ တစ်ဖန် ဟောကြားလော့။ အသျှင်မြတ်ကို ရှေးဦးပထမယုံကြည်ကျိုးနွံရန် ငါသည် ဗျာဒိတ်ပေးတော်မူခြင်း ခံရ၏။ အို-မိုဟမ္မဒ် သင်သည် ဆင်းတုရုပ်ပွားတို့ကို ကိုးကွယ်သူတို့ဘောင်တွင် မပါဝင်လင့်။

Verse 15 — Surah Al-Anam 6:15

၁၅။ ဟောကြားလော့။ အကယ်၍ ငါသည် မိမိ၏အသျှင်သခင်အား ထောင်ထားခြားနားလျှင် ငါသည် အလွန်မြောက်မက်ဖွယ်ကောင်းသော နေ့တော်ကြီး၏ လက်စားချေခြင်းကို ကြောက်လန့်တုန်လှုပ်၏။

Verse 16 — Surah Al-Anam 6:16

၁၆။ အကြင်သူသည် ထိုနေ့တော်ကြီး၌လည်းကောင်း၊ လက်စားချေခြင်းမှ လွတ်ကင်း၏။ ထိုသူကို အလ္လာဟ်အသျှင်မြတ် အမှန်ပင် ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူ၏။ ထိုမင်္ဂလာသည် ထင်ရှား အောင်မြင်ခြင်းဖြစ်ပေ၏။

Verse 17 — Surah Al-Anam 6:17

၁၇။ အကယ်၍ အလ္လာဟ်အသျှင်မြတ်သည် သင့်အား ဘေးထိစေတော်မူပါလျှင် သင့်အား ထိုဘေးမှ ကယ်တင်မည့်သူ၊ အလ္လာဟ်အသျှင်မြတ်မှတစ်ပါးမရှိပေ။ အကယ်၍ အသျှင်မြတ်သည် သင့်အား ကောင်းကြီးမင်္ဂလာပေးသနားတော်မူပါလျှင် ထိုကောင်းကြီးမင်္ဂလာကို ဖျက်ဆီးနိုင်သူမရှိပေ။ အသျှင်မြတ်သည် ခပ်သိမ်းကုန်သောအရာများကို ပြုစွမ်းနိုင်တော်မူ၏။

Verse 18 — Surah Al-Anam 6:18

၁၈။ အသျှင်မြတ်သည် မိမိကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ကို အနန္တတန်ခိုးတော်အားဖြင့် လွှမ်းမိုးထား တော်မူ၏။ အသျှင်မြတ်သည် ဉာဏ်ပညာရှိတော်မူသောအသျှင်၊ သိတော်မူသောအသျှင်ဖြစ်တော် မူ၏။

Verse 19 — Surah Al-Anam 6:19

၁၉။ အို-မိုဟမ္မဒ် သင်ဟောကြားလော့။ သက်သေသာဓက၌ အဘယ်အရာသည် အရေးကြီးဆုံးဖြစ် သနည်း။ တစ်ဖန် ဟောကြားလော့။ ငါနှင့် သင်တို့အလယ်တွင် အလ္လာဟ်အသျှင်မြတ်သည် သက်သေ တော်ကြီးဖြစ်တော်မူ၏။ ဤကုရ်အာန်ကျမ်းတော်မြတ်ကို ငါ၏စိတ်နှလုံးတွင် ထင်ရှားစေတော်မူခြင်း အားဖြင့် ငါ့အား ချပေးသနားတော်မူ၏။ ထိုကျမ်းတော်ကြီးသည် သင်တို့နှင့် ထိုကျမ်းတော် ရောက်ရှိသော မည်သူမဆို၊ ထိုသူတို့ ငါသည် သတိပေးဖို့ရာဖြစ်၏။ သင်တို့သည် အလ္လာဟ်အသျှင် မြတ်မှတစ်ပါး အခြားဘုရားများရှိကြသည်ဟု အမှန်ပင် သက်သေထွက်ဆိုကြသလော။ တစ်ဖန် ဟောကြားလော့။ ငါသည် ယင်းသို့ မထွက်ဆိုပေ။ တစ်ဖန် ဟောကြားလော့။ အသျှင်မြတ်သည် တစ်ဆူတည်းသော အလ္လာဟ်ဖြစ်တော်မူ၏။ မှတ်သားကြလော့။ သင်တို့သည် အလ္လာဟ်အသျှင်မြတ် နှင့် ဘုရားများကို တွဲဖက်၏။ ထိုဒုစရိုက်အညစ်အကြေးမှ ငါသည် ကင်းစင်၏။

Verse 20 — Surah Al-Anam 6:20

၂ဝ။ အကြင်သူတို့အား ငါအသျှင်မြတ်သည် ရှေးကျမ်းတော်ကို ပေးသနားတော်မူ၏။ ထိုသူတို့သည် မိမိတို့သားမြေးတို့ကို မှတ်မိသကဲ့သို့ ဤကုရ်အာန်ကျမ်းတော်မြတ်ကို မှတ်မိကြ၏။ မိမိကိုယ်ကို မိမိ ဖျက်ဆီးသောသူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။

Verse 21 — Surah Al-Anam 6:21

၂၁။ အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မဟုတ်မလျား လုပ်ကြံပြောဆို၍ ပညတ်တော်များကို ငြင်းဆန်သောသူထက် အဘယ်သူ မကောင်းမှုကို ပိုမိုပြုကျင့်သနည်း။ မှတ်သားကြလော့။ ဒုစရိုက်မှုကို ကျူးလွန်သူတို့သည် မအောင်မြင်နိုင်ပေ။

Verse 22 — Surah Al-Anam 6:22

၂၂။ ငါအသျှင်မြတ်သည် သူတို့အားလုံးကို စုရုံးတော်မူသော နေ့တော်ကြီး၌ ငါအား ဘက်စပ်သူများ ရှိသည်ဟု စွပ်စွဲသူတို့အား သင်တို့ ယုံတမ်းစကားပြော၍ ငါအသျှင်မြတ်နှင့် တွဲဖက်သည်ဟုဆိုသော သူတို့သည် ယခု အဘယ်မှာနည်းဟု မိန့်တော်မူမည်။

Verse 23 — Surah Al-Anam 6:23

၂၃။ ထိုအခါ သူတို့တွင် ခုခံပြောဆိုစရာမရှိဘဲ အို-အကျွနု်ပ်တို့၏အသျှင်သခင် အလ္လာဟ်၏ တန်ခိုးတော် ကြောင့် အကျွနု်ပ်တို့သည် ဘယ်သောအခါကမှ ဆင်းတုရုပ်ပွားကို ကိုးကွယ်သူများမဟုတ်ပါဟုသာ တင်လျှောက်ကြလိမ့်မည်။

Verse 24 — Surah Al-Anam 6:24

၂၄။ သူတို့သည် သူတို့ကိုယ်ကိုသူတို့ ဆန့်ကျင်၍ ဘယ်လိုမုသားဆိုသည် သူတို့ဖန်တီးသောအရာသည် သူတို့ကို ဘယ်လိုစွန့်ပစ်ထားကြသည်ကို သင်ကြည့်ရှုလော့။

Verse 25 — Surah Al-Anam 6:25

၂၅။ လူတို့အနက် အချို့သောသူတို့သည် သင့်ကို ကြားနာကြ၏။ သို့သော ငါအသျှင်မြတ်သည် သူတို့၏ စိတ်နှလုံးများအပေါ်တွင် အကာအဆီးကို စီရင်ထားတော်မူ၍ သူတို့သည် နားမလည်ကြပေ။ သူတို့၏ နားများကို ပင်းစေတော်မူ၏။ သူတို့သည် နိမိတ်လက္ခဏာတော်တိုင်းကို မြင်ရသောအခါ ထိုလက္ခဏာတော်ကို မယုံကြည်ကြပေ။ သို့အတွက် သူတို့သည် သင်နှင့် အချေအတင်ပြောဆိုရန် လာသောအခါ ဤကျမ်းတော်သည် ရှေးလူဟောင်းတို့၏ ဒဏ္ဍာရီဝထ္ထုမှတစ်ပါး အခြားတစ်စုံတစ်ရာ မဖြစ်ချေဟု ပြောဆိုဝံ့ကြ၏။

Verse 26 — Surah Al-Anam 6:26

၂၆။ ထို့ပြင် သူတို့သည် လူသားတို့အား ကုရ်အာန်ကျမ်းတော်မှ တားမြစ်ပိတ်ပင်ကြ၏။ သူတို့သည် ကျမ်းတော်ကို ရှောင်ရှားကြ၏။ သူတို့သည် မိမိတို့မှတစ်ပါး မည်သူကိုမျှ မဖျက်ဆီးကြပေ။ သို့သော် သူတို့သည် မသိမမြင်ကြပေ။

Verse 27 — Surah Al-Anam 6:27

၂၇။ သူတို့အား ငရဲမီးရှေ့၌ ချထားသောအခါ သူတို့က အကျွနု်ပ်တို့သည် ပြန်သွားခွင့်ရပါလျှင် တော်လေစွ။ ထိုအခါ အကျွနု်ပ်တို့သည် မိမိတို့၏ ကျေးဇူးတေ်သခင်၏ ဗျာဒိတ်တော်များကို ငြင်းပယ်ကြလိမ့်မည်မဟုတ်ပါ။ အကျွနု်ပ်တို့သည် ယုံကြည်သူတို့ဘောင်တွင် ပါဝင်ကြမည်ဟု ညည်းညူမြည်တမ်းကြမည်။ ထိုအခါ သူတို့ကို သင်မြင်ရလျှင် ကောင်းလေစွ။

Verse 28 — Surah Al-Anam 6:28

၂၈။ သူတို့မပြန်ရပေ။ သို့သော် သူတို့အထက်က ဖုံးကွယ်ထားလေ့ရှိသောအရာကို သူတို့အတွက် ထင်ရှားလာပြီ။ အကယ်၍ သူတို့အား ပြန်လွှတ်ခဲ့လျှင် သူတို့သည် ၎င်းတို့အား မပြုကျင့်ရဟု တားမြစ်ထားသောအမှုများကို ပြန်မည်သာတည်း။ မှတ်သားလော့။ သူတို့သည် မုသားကောင်များ ဖြစ်ကြ၏။

Verse 29 — Surah Al-Anam 6:29

၂၉။ တစ်ဖန် သူတို့က ဤလောကမျက်မှောက်ဘဝမှတစ်ပါး အခြားဘဝမရှိပေ။ အကျွနု်ပ်တို့သည် ရှင်ပြန် ထမြောက်ရကြမည်မဟုတ်ပေဟု ပြောကြ၏။

Verse 30 — Surah Al-Anam 6:30

၃ဝ။ သူတို့ကို သူတို့၏ ကျေးဇူးတော်သခင်ရှေ့တော်၌ ချထားသောအခါ သူတို့ကို သခင်မြင်ရလျှင် ကောင်းလေစွ။ ထိုအခါ အသျှင်မြတ်က ငါ့အား ဤသို့ ဖူးမြင်ရခြင်းသည် မှန်သောတရားမဟုတ် လောဟု မိန့်တော်မူပါမည်။ သူတို့က အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်၏ တန်ခိုးတော်ကြောင့် အမှန်ပင်ဖြစ်ပါ၏ဟု လျှောက်တင်ကြလိမ့်မည်။ အသျှင်မြတ်သည် သူတို့အား သင်တို့ မယုံကြည်လေ့ ရှိကြသောအရာအတွက် လက်စားချေခြင်းကို မြည်းကြလော့ဟု မိန့်တော်မူလိမ့်မည်။

Verse 31 — Surah Al-Anam 6:31

၃၁။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်ကို မျက်ဝါးထင်ထင် ဖူးမြင်ရမည်ကို မယုံကြည် ငြင်းပယ် ကြ၏။ ထိုသူတို့သည် မုချဆုံးရှုံးပျက်စီးသူများဖြစ်ကြ၏။ ထိုအချိန်တော်ကြီးသည် ရုတ်တရက် ဆိုက်ရောက်လာသောအခါ သူတို့သည် အကျွနု်ပ်တို့ဒုက္ခတွေ့ပြီ။ အကျွနု်ပ်တို့သည် ဤအချိန်တော် ကြီးကို ဂရုမစိုက် လျစ်လျူရှုခဲ့ကြ၏ဟု ညည်းညူငိုးကြွေးကြ၏။ သူတို့သည် မိမိတို့၏ ဝန်ထုပ် ဝန်ပိုးများကို မိမိတို့ ကျောကုန်းများပေါ်တွင် ပိုးထားကြ၏။ သူတို့ ပိုးယူလာကြသော ဝန်ထုပ်သည် ဒုစရိုက်ထုပ်ကြီးဖြစ်၏။

Verse 32 — Surah Al-Anam 6:32

၃၂။ ဤလောကဓာတ်ဘဝသည် အပျင်းဖြေကစားစရာ အဖျင်းအသိမ်မှတစ်ပါး တစ်စုံတစ်ရာမျှ မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ထမ်းဆောင်သူတို့အဖို့မှာ နောင်တဝလွန်ဘဝ၏ ဗိမာန်သည် သာလွန်မွန်မြတ်၏။ သင်တို့တွင် အသိဉာဏ်မရှိကြသလော။

Verse 33 — Surah Al-Anam 6:33

၃၃။ သူတို့သည် သင့်အား အမှန်ပင် မငြင်းပယ်ကြသော်လည်း သူတို့၏အပြောအဆိုသည် သင်အား စိတ်ပူဆွေးစေသည်ကို ငါအသျှင်မြတ်သည် ကောင်းစွာသိတော်မူ၏။ သို့သော် ဒုစရိုက်မှု ကျူးလွန်သူ များသည် အလ္လာဟ်အသျှင်မြတ်၏ ဗျာဒိတ်တော်များကို ငြင်းပယ်ကြ၏။

Verse 34 — Surah Al-Anam 6:34

၃၄။ သင်မပွင့်မီ တမန်တော်မျာသည် ငြင်းဆန်ပစ်ပယ်ခြင်းကို အမှန်ပင်ခံကြရလေပြီ။ ငါအသျှင်မြတ်၏ ထောက်ပံ့စောင်မခြင်း သူတို့ထံသို့ရောက်လာသည်တိုင်အောင် သူတို့သည် ငြင်းပယ်ခြင်း၊ ညဉ်းပန်း နှိပ်စက်ခြင်း ဘေးဒုက္ခများကို သည်းခံနေကြရ၏။ အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်များကို မည်သူမျှ ပြုပြင် မပြောင်းလွှဲနိုင်ပေ။ ရှေးတမန်တော်အချို့တို့၏ အတ္ထုပတ္တိများသည် သင့်ထံသို့ ရောက်ရှိပြီးပြီ။

Verse 35 — Surah Al-Anam 6:35

၃၅။ သူတို့၏ မနှစ်မြို့ခြင်းသည် သင့်အား လွန်စွာ နားကြည်းဖွယ်ဖြစ်လျှင် သူတို့ယုံကြည်မှုရှိအောင် သူတို့ထံသို့ အံ့ဖွယ်သရဲယူဆောင်လာရန် သင်သည် တတ်စွမ်းနိုင်လျှင် ပထဝီမြေထဲသို့ ဝင်သွားရာ လမ်းကိုသော်လည်းကောင်း၊ ကောင်းကင်ဘုံတက်ရာလှေကားကိုသော်လည်းကောင်း ရှာဖွေလော့။ အကယ်၍ အလ္လာဟ်အသျှင်မြတ် အလိုတော်ရှိတော်မူလေလျှင် အသျှင်မြတ်သည် သူတို့အားလုံးကို အဆုံးအမတော်သို့ ဆောင်တော်မူခဲ့ပေမည်။ ထို့ကြောင့် သင်သည် သူရူးတို့အထဲတွင် မပါဝင်လင့်။

Verse 36 — Surah Al-Anam 6:36

၃၆။ ကြားသူများသာလျှင် လက်ခံနိုင်ကြ၏။ သေသူများကိုကား အလ္လာဟ်အသျှင်မြတ်သည် ရှင်ပြန် ထမြောက်စေတော်မူလိမ့်မည်။ ထို့နောက် သူတို့အားလုံးကို အသျှင်မြတ်အထံတော်သို့ ပြန်ပို့လိမ့် မည်။

Verse 37 — Surah Al-Anam 6:37

၃၇။ သူတို့က သူ၏ကျေးဇူးတော်သခင်အထံတော်မှ သူ့အပေါ်သို့ နိမိတ်လက္ခဏာတော်တစ်ပါးကို အဘယ်ကြောင့် ချပေးသနားတော်မမူသနည်းဟု ဆိုကြ၏။ ဟောကြားလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် လက္ခဏာတော်ကို ချပေးနိုင်တော်မူ၏။ သို့သော် သူတို့အနက် အများ အပြားတို့သည် မသိကြပေ။

Verse 38 — Surah Al-Anam 6:38

၃၈။ ကမ္ဘာမြေပေါ်ရှိ တိရစ္ဆာန်များ အတောင်နှစ်ဖက်ပျံ့သွားနေသော တိရစ္ဆာန်များအားလုံးတို့သည် သင်တို့ကဲ့သို့ လူမျိုးစုများဖြစ်ကြ၏။ ငါအသျှင်မြတ်သည် မိမိ၏ ပညတ်ကျမ်းတော်၌ တစ်စုံတစ်ခုကိုမျှ ပေါ့ဆလစ်ဟင်းခြင်း ပြုတော်မမူပေ။ နောက်ဆုံးတွင် သူတို့အားလုံးသည် သူတို့၏ ကျေးဇူးတော် သခင် အထံတော်သို့ စုရုံးကြရလိမ့်မည်။

Verse 39 — Surah Al-Anam 6:39

၃၉။ အကြင်သူတို့သည် ငါအသျှင်မြတ်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်အံ့။ ထိုသူတို့သည် အမှောင်ထုထဲ၌ နားပင်းသူ၊ ဆွံ့အသူတို့ဖြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် လမ်းမှားတွင် ပစ်ထားလိုတော်မူသောသူကို လမ်းမှားတွင် ပစ်ထားတော်မူ၏။ လမ်းမှန်ကိုရောက်စေလိုတော်မူသော သူကို လမ်းမှန်သို့ ပို့ဆောင်တော်မူ၏။

Verse 40 — Surah Al-Anam 6:40

၄ဝ။ ဟောကြားလော့။ ဟယ်-အချင်းတို့ အလ္လာဟ်အသျှင်မြတ်၏ အပြစ်ဒဏ်တော်သည် သင်တို့အပေါ်သို့ ဆိုက်ရောက်လာသောအခါသော်လည်းကောင်း၊ အချိန်တော်ကြီးသည် သင်တို့အပေါ်သို့ ကျရောက်လာသောသော်လည်းကောင်း၊ သင်တို့သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး တစ်စုံတစ်ရာကို ဝတ်ပြုဆုတောင်းကြမည်ဟု သင်တို့ ထင်ကြသလော။ ထိုအခါ သင်တို့သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားသူများထံ အကူအညီတောငးကြမည်လော။ သင်တို့သည် အမှန်ကိုဆိုသူများဖြစ်ကြလျှင် အဖြေပေးကြလော့။

Verse 41 — Surah Al-Anam 6:41

၄၁။ ယင်းသို့မဟုတ်ပေ။ သင်တို့သည် အလ္ဇာဟ်အသျှင်မြတ်အထံတော်၌သာလျှင် ဆုပန်ထွာကြ၏။ အလိုတော်ရှိပါလျှင် သင်တို့ဆုတောင်းသည့်အတိုင်း ပြုတော်မူ၏။ ထိုအခါ အသင်တို့သည် အသျှင်မြတ်နှင့် တွဲဖက်ထားသောအရာများကို မေ့လျော့ကြ၏။

Verse 42 — Surah Al-Anam 6:42

၄၂။ ငါအသျှင်မြတ်သည်လူသားတို့ထံသို့ သင်အလျင် တမန်တော်များကို စေလွှတ်တော်မူပြီ။ ထိုသူတို့ သည် မာန်မာနမကြီးဘဲ မိမိတို့ကိုယ်ကို မိမိတို့ နှိမ့်ချစေခြင်းငှာ သူတို့အား ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားစေတော်မူပြီ။

Verse 43 — Surah Al-Anam 6:43

၄၃။ သူတို့သည် ငါအသျှင်မြတ်စီရင်တော်မူသော ဘေးဒုက္ခကို တွေ့ကြံုခံစားရသောအခါ နှိမ့်ချနူးညံ့သော စိတ်သဘောရှိလျှင် တော်လေစွ။ သို့သော် သူတို့သည် စိတ်ခက်ထန်ကြမ်းကြုတ်ကြ၏။ ရှိုင်တန် မာရ်နတ်ကလည်း သူတို့အား သူတို့ပြုကျင့်မှုများကို တင့်တယ်ဟန်ဆင်ထား၏။

Verse 44 — Surah Al-Anam 6:44

၄၄။ ထို့နောက် သူတို့သည် မိမိတို့အား ဆုံးမသွန်သင်သောတရားတော်ကို မေ့လျော့သွားသောအခါ ငါအသျှင်မြတ်သည် သူတို့အား လောကစည်းစိမ်အမျိုးမျိုး၏တံခါတးများကို ဖွင့်ပေး၏။ သူတို့သည် မိမိတို့အား ပေးသနားတော်မူသော စည်းစိမ်ဥစ္စာများတွင် ပျော်ရွှင်မြူးတူးနေစဉ် ငါသည် သူတို့ကို ရုတ်တရက် ရှောင်တခင် ဖမ်းဆီးတော်မူ၏။ ထိုအခါ သူတို့သည် အံ့အားသင့်နေကြ၏။

Verse 45 — Surah Al-Anam 6:45

၄၅။ ထို့ကြောင့် ဒုစရိုက်ပြစ်မှုကျူးလွန်သူတို့အနက် အကြင်းအကျန်အားလုံးကို သုတ်သင်ရှင်းလင်း ပစ်တော်မူ၏။ စကြာဝဠာအပေါင်းတို့အသျှင်သခင်၊ အလ္လာဟ်အသျှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာ ဖြစ်တော်မူပါ၏။

Verse 46 — Surah Al-Anam 6:46

၄၆။ ဟောကြားလော့။ အကယ်၍ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏ ကြားခြင်း၊ မြင်ခြင်း ဂုဏ်သတ္တိ များကို နှုတ်သိမ်း၍ သင်တို့၏ စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်ထားတော်မူလျှင် အသျှင်မြတ်မှ တစ်ပါး အဘယ်ဘုရားသည် သင်တို့အား ထိုဂုဏ်သတ္တိများကို ပြန်ပေးနိုင်သနည်းဟု သင်တို့ တွေးတောဆင်ခြင်ကြပြီးပြီလော။ (ငါသည် သာဓကတော်များကို မည်သို့ရှင်းပြသည်ကို ကြည့်ကြ လော့) သို့ပါလျက် သူတို့သည် လှည့်သွားသေးကြ၏။

Verse 47 — Surah Al-Anam 6:47

၄၇။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်၏ အပြစ်ဒဏ်တော်သည် သင်တို့အပေါ်သို့ ရုတ်ချည်းသော် လည်းကောင်း၊ ထင်ရှားစွာသော်လည်းကောင်း ဆိုက်ရောက်လာလျှင် သင်တို့ မည်သို့ဖြစ်မည်ကို သိမြင်ကြသလော။ ဒုစရိုက် မကောင်းမှုပွားများသူတို့မှတစ်ပါး အခြားသူ တစ်စုံတစ်ယောက် ဆုံးရှုံးပျက်စီးမည်လော။

Verse 48 — Surah Al-Anam 6:48

၄၈။ တမန်တော်များအား ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ယူဆောင်လာသူများနှင့် ထိတ်လန့် ကြောက်လန့်ဖွယ်သတင်းဆိုးအားဖြင့် သတိပေးသူများအဖြစ်ဖြင့်မှတစ်ပါး၊ အခြားသူတို့အဖြစ်ဖြင့် စေလွှတ်တော်မမူပေ။ အကြင်သူတို့သည် ယုံကြည်ခြင်းတရားကို လက်ကိုင်ထား၍ မှန်ကန်မှုကို ကျင့်ဆောင်ကြ၏။ ထိုသူတို့ပေါ်တွင် ကြောက်ရွံ့ခြင်းကျရောက်မည်မဟုတ်။ သူတို့ ပူဆွေးရမည် မဟုတ်။

Verse 49 — Surah Al-Anam 6:49

၄၉။ သို့သော် အကြင်သူတို့သည် ငါအသျှင်မြတ်၏ ဗျာဒိတ်တော်များကို တွန်းဖယ်ပစ်ကြ၏။ ထိုသူတို့သည် မိမိတို့ ထောင်ထားခြားနား မနာခံမှုကြောင့် နှိပ်စက်ညှင်းပန်းခြင်းအပြစ်ဒဏ်ကို ခံစားကြရလိမ့်မည်။

Verse 50 — Surah Al-Anam 6:50

၅ဝ။ အို-မိုဟမ္မဒ်၊ သင်သည် မယုံကြည်သူတို့အား ဟောကြားလော့။ ဟယ်-အချင်းတို့ ငါသည် အလ္လာဟ် အသျှင်မြတ်၏ ဘဏ္ဍာတော်များကို စိုးပိုင်သည်ဟူ၍လည်းကောင်း၊ မမြင်စွမ်းနိုင်သောအရာတို့ကို သိစွမ်းနိုင်သည်ဟူ၍လည်းကောင်း၊ သင်တို့အား မဟောကြားပေ။ ငါသည် ကောင်းကင်တမန်တော် တစ်ပါးဖြစ်သည်ဟူ၍လည်း သင်တို့အား မပြောဆိုပေ။ ငါသည် မိမိ၏ စိတ်နှလုံးအတွင်း ထင်ရှား စေတော်မူသော ဗျာဒိတ်တော်ကိုသာလျှင် ဦးထိပ်ဆင်ရွက်လိုက်နာ၏။ တစ်ဖန် ဟောကြားလော့။ ဟယ်-အချင်းတို့ မျက်စိမမြင်ရသူနှင့် မျက်စိမြင်ရသူတို့သည် ထပ်တူထပ်မျှ ဖြစ်ကြသလော။ သို့ဖြစ်၍ သင်တို့သည် တွေးတောဆင်ခြင်ကြမည်မဟုတ်လော။

Verse 51 — Surah Al-Anam 6:51

၅၁။ အလ္လာဟ်အသျှင်မြတ်ကို ကြောက်ရွံ့ရိုသေသူတို့သည် မကောင်းမှုများကို ရှောင်ကြဉ်စေခြင်းငှာ သူတို့အားလုံးသူတို့၏ ကျေးဇူးတော်သခင်အထံတော်သို့ စုရုံးယူလာမည့်အကြောင်းကို သူတို့အား သတိပေးလော့။ သူတို့၌ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး ကာကွယ်စောင့်ရှောက်သူ အဆွေခင်ပွန်း သော်လည်းကောင်း၊ အပြစ်ဒဏ်မှ ကယ်နှုတ်သူသော်လည်းကောင်း၊ တစ်စုံတစ်ယောက်မှ မရှိကြောင်းကိုလည်း သတိပေးလော့။

Verse 52 — Surah Al-Anam 6:52

၅၂။ အလ္လာဟ်အသျှင်မြတ်၏မျက်နှာတော်ကို ဖူးမြင်လိုသောဇောနှင့် သူတို့၏ကျေးဇူးတော်သခင်အား နံနက်နှင့် ညနေတွင် ဝတ်ပြုသောသူတို့အား သင် တွန်လှန်မပစ်လင့်။ ထိုသူတို့ကို တွန်းလှန်ရအောင် သင်သည် သူတို့၏ ပြုကျင့်မှုအတွက် တာဝန်ယူရမည်မဟုတ်။ အစစ်အကြော ခံရမည်မဟုတ်ပေ။ ဒုစရိုက်အမှုအခင်းများကို ပြုကျင့်သူတို့၏ဘောင်တွင် မပါလင့်။

Verse 53 — Surah Al-Anam 6:53

၅၃။ သို့ပါလျက် ငါအသျှင်မြတ်သည် သူတို့အနက် အချို့ကို အခြားသူတို့အားဖြင့် စမ်းသပ်တော်မူ၍ သူတို့က အကျွနု်ပ်တို့အနက် ဤသူတို့သည် အလ္လာဟ်အသျှင်မြတ်အထံတော်၌ မျက်နှာရသူများ ဖြစ်ကြသလော။ အလ္လာဟ်အသျှင်မြတ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးကျူးသူတို့အား အသိဆုံး မဟုတ်ပေလော။

Verse 54 — Surah Al-Anam 6:54

၅၄။ ငါအသျှင်မြတ်၏နှုတ်ကပတ်တော်များကို ယုံကြည်သူတို့သည် သင်ထံသို့လာရောက်ကြသောအခါ ဟယ်-အချင်းတို့ သင်တို့အပေါ်သို့ ငြိမ်သက်ခြင်းမင်္ဂလာတော်ကြီး သက်ရောက်ပါစေသော်။ သင်တို့ကို ဖန်ဆင်းမွေးမြူတော်မူထသော ကျေးဇူးတော်သခင်သည် ကောင်းကြီးမင်္ဂလာ ပေးသနား တော်မူခြင်းတာဝန်ကို မိမိအပေါ်တွင် ပြဌာန်းရေးမှတ်ထားတော်မူပြီ။ ထို့ကြောင့် သင်တို့အနက် အကြင်သူသည် မကောင်းမှုကို ပြုကျင့်၏။ ထို့နောက် မိမိအပြစ်ကို သတိသံဝေဂရ၍ ကောင်းမှုကို ပြုကျင့်၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီး မင်္ဂလာပေးသနားတော်မူ၏။

Verse 55 — Surah Al-Anam 6:55

၅၅။ မသူတော်တို့၏လမ်းကို ထင်ရှားစေတော်မူခြင်းငှာ ငါအသျှင်မြတ်သည် မိမိ၏ဗျာဒိတ်တော်များကို ဤကဲ့သို့ ရှင်းလင်းပြတော်မူ၏။

Verse 56 — Surah Al-Anam 6:56

၅၆။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်အစား သင်တို့ ကိုးကွယ်သောအရာများကို ဝတ်မပြုရန် ငါ့အား တားမြစ်ပညတ်တော်မူ၏။ တစ်ဖန်ဟောကြားလော့။ ငါသည် သင်တို့ဆန္ဒများကို လိုက်လိမ့် မည်မဟုတ်။ လိုက်လျှင် ငါသည် လမ်းလွှဲသွား၍ လမ်းမှန်ညွှန်ပြခြင်းခံရသူတို့ဘောင်တွင် ပါဝင် တော့မည်မဟုတ်ပေ။

Verse 57 — Surah Al-Anam 6:57

၅၇။ တစ်ဖန် ဟောကြားလော့။ အကျွနု်ပ်တို့သည် မိမိ၏ကျေးဇူးတော်သခင် ချပေးသနားတော်မူသော ထင်ရှားသောသက်သေသာဓကများကို ယုံကြည်စိတ်ချ၏။ သင်တို့မူကား အလ္လာဟ်အသျှင်မြတ်ကို ငြင်းပယ်ကြ၏။ သင်တို့ အဆောတလျှင်လိုသည့်အရာကို ငါမပိုင်ဆိုင်ပေ။ ဆုံးဖြတ်ခြင်းသည် အလ္လာဟ်အသျှင်မြတ်ဖို့သာလျှင်ဖြစ်၏။ အသျှင်မြတ်သည် မှန်ကန်သော ဗျာဒိတ်တော်ကိုသာ ပေးတော်မူ၏။ အသျှင်မြတ်သည် ဆုံးဖြတ်စီရင်သူတို့အနက် အထက်မြတ်၊ အမှန်ကန်ဆုံး ဖြတ်တော်မူ၏။

Verse 58 — Surah Al-Anam 6:58

၅၈။ ထပ်မံဟောကြားလော့။ သင်တို့အဆောတလျှင်လိုသည့်အရာကို ငါအစိုးရလျှင် ငါနှင့် သင်တို့ စပ်ကြားဖြစ်ပွားသော အမှုကို ဆုံးဖြတ်ပြီးလေအံ့။ အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်ကျူးလွန်သူ တို့ကို အသိဆုံးဖြစ်တော်မူ၏။

Verse 59 — Surah Al-Anam 6:59

၅၉။ မမြင်စွမ်းနိုင်သော အရာဝထ္ထုများ၏သော့များသည် အသျှင်မြတ်၏အထံတော်၌ရှိကြ၏။ ထိုအရာဝထ္ထုများကို အသျှင်မြတ်မှတစ်ပါး မည်သူမျှမသိပေ။ အသျှင်မြတ်သည် ကမ္ဘာမြေကြီးနှင့် ပင်လယ်သမုဒ္ဒရာထဲတွင် ရှိရှိသမျှသောအရာကို သိတော်မူ၏။ သစ်ရွက်တစ်ရွက်မကြွေကျမှ ကြွေကျလျှင်လည်း အသျှင်မြတ် သိမြင်တော်မူ၏။ မြေကြီး၏အမှောင်ထုထဲတွင်ရှိသော စပါးစေ့ကို သော်လည်းကောင်း၊ စိုစွတ်သောအရာကိုသော်လည်းကောင်း၊ ခြောက်သွေ့သောအရာကိုသော် လည်းကောင်း၊ အလုံးစုံတို့ကို မကြွင်းမကျန် ထင်ရှားသော မှတ်ပုံတင်စာအုပ်ကြီးတွင် မှတ်သားထား တော်မူ၏။

Verse 60 — Surah Al-Anam 6:60

၆ဝ။ အသျှင်မြတ်သည် သင်တို့အား ညဉ့်တွင် သိမ်းဆည်းတော်မူ၏။ သင်တို့နေ့တွင် ပြုလုပ်သမျှတို့ကို သိတော်မူ၏။ ထို့နောက် နေ့တွင် တစ်ဖန်ရှင်ထစေတော်မူ၏။ သင်တို့သည် သက်တန်းစေ့အောင် ယင်းသို့ စီရင်တော်မူ၏။ ထို့နောက် သင်တို့သည် အသျှင်မြတ်အထံတော်သို့ ပြန်ကြရမည်သာတည်း။ ထိုအခါ အသျှင်မြတ်သည် သင်တို့အား သင်တို့ပြုကျင့်ခဲ့သမျှတို့ကို ပြောပြတော်မူလိမ့်မည်။

Verse 61 — Surah Al-Anam 6:61

၆၁။ အသျှင်မြတ်သည် မိမိ၏ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့အပေါ်၌ တန်ခိုးအတိုင်းထက် အလွန်ကြီး တော်မူ၏။ သင်တို့ကံကုန်သည်တိုင်အောင် စောင့်ရှောက်ဖို့ရာ အစောင့်တော်များကို အသျှင်မြတ် ချထားတော်မူ၏။ သင်တို့အနက် တစ်စုံတစ်ယောက် အနိစ္စရောက်လျှင် သူကို ငါအသျှင်မြတ်၏ ကောင်းကင်တမန်တော်များ လက်ခံယူထားကြ၏။ သူတို့သည် ပေါ့ပေါ့ဆဆမဟုတ်ကြပေ။

Verse 62 — Surah Al-Anam 6:62

၆၂။ ထို့နောက် ထိုသေသူများသည် သူတို့၏ ကျေးဇူးတော်သခင်၊ မှန်ကန်ဖြောင့်မတ်သောအသျှင် အလ္လာဟ်ထံသို့ ပြန်ပို့ခြင်းခံကြရ၏။ အကယ်စင်စစ် ဆုံးဖြတ်စီရင်ချက်ချရန်မှာ အသျှင်မြတ်၏ ပိုင်ဆိုင်ခြင်းသာဖြစ်၏။ အသျှင်မြတ်သည် စာရင်းစစ်အပေါင်းတို့တွင် အမြန်ဆုံးဖြစ်တော်မူ၏။

Verse 63 — Surah Al-Anam 6:63

၆၃။ ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့ကို ရေမြေသမုဒ္ဒရာတို့၏အမှောင်ထုမှ အဘယ်သူ ကယ်နှုတ်သနည်း။ သင်တို့သည် အသျှင်မြတ်ထံ အို-ကျေးဇူးတော်သခင် အကျွနု်ပ်တို့သည် ဤဘေးအန္တရာယ်မှ ကယ်တင်ခြင်းခံကြရပါလျှင် အကျွနု်ပ်သည် မချွတ်ဧကန် ဂုဏ်ကျေးဇူးတော်ကို ချီးကျူးတသသူတို့ဘောင်တွင် ပါဝင်ပါမည်ဟု ရိုသေကိုင်းရှိုင်းခြင်းဖြင့် လျှို့ဝှက်စွာ ဆုတောင်းကြ၏။

Verse 64 — Surah Al-Anam 6:64

၆၄။ တစ်ဖန် ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ဘေးရန်အားလုံးမှ ကယ်နှုတ် တော်မူ၏။ သို့ပါလျက် သင်တို့သည် အသျှင်မြတ်အား ဘက်စပ်သူများပေးကြ၏။

Verse 65 — Surah Al-Anam 6:65

၆၅။ ဆက်လက်ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အထက်ကောင်းကင်ဘုံမှဖြစ်စေ၊ သင်တို့ခြေဖဝါးများအောက်ပထဝီမြေကြီးမှဖြစ်စေ၊ သင်တို့အပေါ်သို့ အပြစ်ဒဏ်ချပေးတော်မူခြင်းကို သော်လည်းကောင်း၊ သင်တို့အား အချင်းချင်း မသင့်မတင့် ကွဲပြားမှုဖြင့် အယောင်ယောင်အမှားမှား စိတ်ရှုပ်ထွေးစေခြင်းကိုသော်လည်းကောင်း၊ အချင်းချင်း နှိပ်စက်ညှင်းဆဲဖျနှိပ်မှုကို ခံစားစေတော် မူခြင်းကိုသော်လည်းကောင်း ပြုစွမ်းစီရင်နိုင်တော်မူ၏။ သူတို့နားလည်စိမ့်သောငှာ ငါအသျှင်မြတ် သည် ဗျာဒိတ်တော်များကို မည်သို့ပြသတော်မူသည်ကို သင်ကြည့်ရှုလော့။

Verse 66 — Surah Al-Anam 6:66

၆၆။ အို-မိုဟမ္မဒ် ကုရ်အာန်ကျမ်းတော်မြတ်သည် တရားမှန်ဖြစ်သော်လည်း သင်၏အမျိုးသားတို့သည် ထိုကျမ်းတော်ကို မယုံကြည် ပစ်ပယ်ကြ၏။ ဟောကြားလော့။ ဟယ်-အချင်းတို့ ငါသည် သင်တို့အား စောင့်ထိန်းရသည်မဟုတ်ပေ။

Verse 67 — Surah Al-Anam 6:67

၆၇။ ပြဌာန်းချက်တိုင်းတွင် သတ်မှတ်ထားတော်မူသော အချိန်ကာလရှိ၏။ သင်တို့သည် သိရှိရမည်သာ တည်း။

Verse 68 — Surah Al-Anam 6:68

၆၈။ ငါအသျှင်မြတ်၏ ဗျာဒိတ်တော်များကို မထီလေးစားပြောဆိုနေသူတို့ကိုမြင်လျှင် သူတို့သည် စကားလွှဲ၍ပြောသည်တိုင်အောင် သူတို့ထံမှ သင်ထွက်ခွာသွားလော့။ အကယ်၍ ရှိုင်တန်မာရ်နတ်က သင့်ကို မေ့လျော့စေလျှင် သင်သည် သတိရလျှင်ရခြင်း ဒုစရိုက်မှုကျူးလွန်သူတို့၏ အစည်းအဝေးတွင် ထိုင်မနေလင့်။

Verse 69 — Surah Al-Anam 6:69

၆၉။ ဒုစရိုက်မှုကို ရှောင်ကြဉ်သူတို့သည် ထိုမိစ္ဆာဒိဌိတို့အတွက် ချေပရန် တာဝန်မရှိပေ။ သို့သော် သူတို့မကောင်းမှုကို ရှောင်ရှားကောင်း ရှောင်ရှားရန် သူတို့အား တရားရေအေးကို တိုက်ကျွေးရမည်။

Verse 70 — Surah Al-Anam 6:70

၇ဝ။ အကြင်သူတို့သည် ဘာသာတရားတော်ကို ကစားစရာ၊ ပြောင်လှောင်စရာဟု ထင်မှတ်ကြ၍ ဤလောကီဘဝ၏လှည့်စားခြင်းကို ခံကြ၏။ ထိုသူတို့ကို စွန့်ခွာကြသလော့။ ဝိညာဉ်သည် မိမိပြုကျင့် သောပြစ်မှုကြောင့် မပျက်စီးစေရခြင်းငှာ လူသားတို့အား သတိတရားပေးကြလော့။ ဝိညာဉ်၌ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အဆွေခင်ပွန်းသော်လည်းကောင်း၊ တောင်းပန်ကယ်နှုတ်သူသော် လည်းကောင်းမရှိပေ။ ဝိညာဉ်သည် အပြစ်ဒဏ်မှလွတ်မြောက်စေရန် လျော်ကြေးအမျိုးမျိုး ပေးသော် လည်း ထိုလျော်ကြေးကို လက်ခံတော်မူမည်မဟုတ်ပေ။ ထိုသူတို့သည် မိမိတို့၏ ဆိုးကျိုးဆက်ကြောင့် ပျက်စီးဆုံးပါးရသူတို့ဖြစ်ကြ၏။ သူတို့သည် မယုံကြည်ကြသောကြောင့် ကျွက်ကျွက်ဆူနေသော ရေနွေးကို သောက်ကြရလတ္တံ့။ အလွန်ပြင်းပြနာကျင်ဖွယ်ကောင်းသောအပြစ်ဒဏ်ကို ခံစားကြရလတ္တံ့။

Verse 71 — Surah Al-Anam 6:71

၇၁။ ဟောကြားလော့။ ဟယ်-အချင်းတို့ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး မိမိတို့ကို ကောင်းကျိုး၊ ဆိုးပြစ်မပေးနိုင်သောအရာတို့၌ ဆုတောင်းကြမည်လော။ အကျွနု်ပ်တို့သည် မိမိတို့အား အလ္လာဟ်အသျှင်မြတ်လမ်းညွှန်တော်မူပြီးသည့်နောက် စိတ်ရှုပ်ထွေးနေသူကဲ့သို့ ကျောပေးနောက်ခိုင်း သွားကြမည်လော။ ထိုသူကို ရှိုင်တန်မာရ်နတ်သည် လောကီစည်းစိမ်နှင့် ယစ်မူးတွေဝေ ထိုင်းမှိုင်း စေ၏။ ထိုသူအား အကျွနု်ပ်တို့ထံလာလော့ဟု ပြောဆိုဖိတ်ခေါ်၍ လမ်းပြသူအပေါင်းအဖော်များ ရှိကြ၏။ အို-တမန်တော် ဟောကြားလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်၏ ညွှန်ပြချက် သာလျှင် လမ်းပြခြင်းအစစ်ဖြစ်၏။ အကျွနု်ပ်တို့သည် စကြာဝဠာတို့၏ အသျှင်သခင်ကိုသာ ယုံကြည် ကျိုးနွံဖို့ရာ ဗျာဒိတ်ပေးတော်မူခြင်းခံကြရ၏။

Verse 72 — Surah Al-Anam 6:72

၇၂။ ဆွလာသ်ပြုရန်နှင့် ဒုစရိုက်မှုကိုရှောင်ကြဉ်ရန် ဗျာဒိတ်ပေးတော်မူခြင်း ခံကြရ၏။ သင်တို့အားလုံးကို အသျှင်မြတ် မျက်မှောက်တော်ဝယ် စုရုံးစေတော်မူမည်။

Verse 73 — Surah Al-Anam 6:73

၇၃။ အသျှင်မြတ်သည် မိုးမြေကို မှန်ကန်ခြင်းဖြင့် ဖန်ဆင်းတော်မူ၏။ အကြင်နေ့၌ အသျှင်မြတ်က ဖြစ်ဟု မိန့်တော်မူ၏။ ထိုနေ့၌ ထိုအရာဖြစ်ပေါ်လာရ၏။ အသျှင်မြတ်၏ ဗျာဒိတ်စကားတော်သည် ကောင်းမြတ်မှန်ကန်သောတရားဖြစ်၏။ တံပိုးမှုတ်သော နေ့တော်ကြီး၌ အသျှင်မြတ်သည် အချုပ်အခြာအာဏာကို စိုးပိုင်သတော်မူသည်။ မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ နှစ်မျိုးလုံးကို သိတော်မူသောအသျှင်၊ ဉာဏ်ပညာရှိတော်မူသောအသျှင်၊ သတင်းရတော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 74 — Surah Al-Anam 6:74

၇၄။ တမန်တော်အီဗရာဟီမ်သည် မိမိခမည်းတော် အဇာအား ခမည်းတော်၊ ခမည်းတော်သည် ဆင်းတု ရုပ်ပွားများကို အသျှင်သခင်များဟု မှတ်ထင်ပါသလော။ မှတ်သားပါသလော။ ခမည်းတော်နှင့် ခမည်းတော်၏အမျိုးသားတို့ကို ထင်ရှားသောအမှား၌ အကျွနု်ပ်မြင်ရပါ၏ဟု ပြောဆိုကြောင်းကို မှတ်သားလော့။

Verse 75 — Surah Al-Anam 6:75

၇၅။ တမန်တော် အီဗရာဟီမ်သည် ယုံကြည်ခြင်းတရားကို မြဲမြံစွာကိုင်ထားသောသူတို့ဘောင်တွင် ပါဝင်စေခြင်းငှာ ငါသအသျှင်မြတ်သည် သူ့အား မိုးမြေနိုင်ငံတော်ကို ဤသို့ပြသတော်မူ၏။

Verse 76 — Surah Al-Anam 6:76

၇၆။ ညဉ့်အမှောင်ထုသည် သူ့ကိုဖုံးလွှမ်းသောအခါ သူသည် တောက်ထွန်းနေသော ကြယ်တစ်ပွင့်ကို မြင်ရ၏။ သူက ဤအရာသည် အကျွနု်ပ်၏အသျှင်သခင် ဖြစ်၏ဟုဆို၏။ သို့သော် ကြယ်ဝင်သော အခါ သူက အကျွနု်ပ်သည် ပျောက်ကွယ်သွားသောအရာများကို မနှစ်သက်ပေဟုဆိုပြန်၏။

Verse 77 — Surah Al-Anam 6:77

၇၇။ ထို့ပြင် သူသည် လထွက်လာသည်ကိုမြင်လျှင် ဤအရာသည် အကျွနု်ပ်၏အသျှင်သခင်ဟု ကျုးရင့်၏။ သို့သော် လဝင်သွားသောအခါ အကျွနု်ပ်၏အသျှင်သခင်သည် အကျွနု်ပ်အား လမ်းညွှန်ပြတော် မမူပါလျှင် အကျွနု်ပ်သည် လမ်းလွဲသွားသူတို့ဘောင်တွင် အပါအဝင် တစ်ယောက် အမှန်ပင် ဖြစ်ရပေမည်ဟု ဆို၏။

Verse 78 — Surah Al-Anam 6:78

၇၈။ ထို့ပြင် သူသည် နေထွက်လာသည်ကိုမြင်သောအခါ ဤအရာသည် အကျွနု်ပ်၏အသျှင်သခင် ဖြစ်တော်မူ၏။ ဤအရာသည် သာ၍ကြီး၏ဟု ကြွေးကြော်၏။ သို့သော် နေဝင်သွားသောအခါ သူသည် အို-အကျွနု်ပ်၏အမျိုးသားအပေါင်းတို့ မှတ်သားကြလော့။ အကျွနု်ပ်သည် သင်တို့ အလ္လာဟ်အသျှင်မြတ်နှင့် တွဲဖက်သောအရာများကို ကိုးကွယ်သောအညစ်အကြေးများမှ ကင်းစင်၏။

Verse 79 — Surah Al-Anam 6:79

၇၉။ မှတ်သားကြလော့။ အကျွနု်ပ်သည် ဖြောင့်မတ်မှန်ကန်သူတစ်ဦးဖြစ်သည့်အတိုင်း အကျွနု်ပ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူထသော အသျှင်မြတ်ဘက်တော်သို့သာလျှင် မျက်နှာမူ၏။ အကျွနု်ပ်သည် ရုပ်ပွားဆင်းတုများကို ကိုးကွယ်သူတို့ဘောင်တွင် မပါဝင်ပေဟု ရင့်ကျူး၏။

Verse 80 — Surah Al-Anam 6:80

၈၀။ သူ၏အမျိုးသားတို့သည် သူနှင့် စကားစစ်ထိုးကြ၏။ သူက ဟယ်-အချင်းတို့ အလ္လာဟ်အသျှင်မြတ် သည် အကျွနု်ပ်အား လမ်းပြတော်မူပြီးမှ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ အကျွနု်ပ်နှင့် အငြင်းအခုံပြုကြသလော။ အကျွနု်ပ်၏ ကျေးဇူးတော်သခင် အလိုတော်မရှိဘဲ အကျွနု်ပ်သည် အလ္လာဟ်အသျှင်မှတစ်ပါး သင်တို့ကိုးကွယ်သောအရာများကို လုံးဝမကြောက်ရွံ့ပေ။ အကျွနု်ပ်၏ ကျေးဇူးတော်အသျှင်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ သိမြင်တော်မူ၏။ သို့ဖြစ်၍ သင်တို့သည် သတိရကြမည်မဟုတ်လော။

Verse 81 — Surah Al-Anam 6:81

၈၁။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အခြားအရာများကို ဖက်စပ်ကိုးကွယ်ဖို့ရာ မထိတ်လန့်ဘဲ အကျွနု်ပ်သည် သင်တို့၏ဘုရားဆင်းတုများကို အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။ ယင်း ဖက်စပ်ကိုးကွယ်ဖို့ရာ သင်တို့အား အလ္လာဟ်အသျှင်မြတ် ဗျာဒိတ်ပေးတော်မူပေ။ သင်တို့အသင်း၊ ကျွနု်ပ်တို့အသင်း၊ ဤအသင်းနှစ်ခုတွင် အဘယ်အသင်းက လုံခြံုမှုကို သာလွန်ရထိုက်သနည်း။ သင်တို့တွင် အသိဉာဏ်ရှိလျှင် အဖြေပေးကြလော့ဟု ဟောကြား၏။

Verse 82 — Surah Al-Anam 6:82

၈၂။ အကြင်သူတို့သည် ယုံကြည်မှုတရားရှိ၍ မိမိယုံကြည်မှုကို မကောင်းမှုပြုခြင်းအားဖြင့် မဖုံးလွှမ်းကြ။ သူတို့၏ပစ္စည်းသည် လုံခြံုခြင်းဖြစ်သည်။ ၎င်းပြင် သူတို့သည် လမ်းမှန်ပြခြင်း ခံကြရ၏။

Verse 83 — Surah Al-Anam 6:83

၈၃။ ထိုအရာသည် ငါအသျှင်မြတ်၏ ရှင်းခင်းချက်တော်ဖြစ်ရ၏။ ငါသည် တမန်တော်အီဗရာဟီမ်အား သူ၏လူအများနှင့် အချေအတင်ပြောဆိုဖို့ရာ ထိုရှင်းလင်းချက်ကို ပေးသနားတော်မူ၏။ ငါသည် အလိုတော်ရှိသူအား ပညာဉာဏ်အဆင့်အတန်းကို တိုးမြှင့်ပေးသနားတော်မူ၏။ မှတ်သားလော့။ သင်၏ကျေးဇူးတော်သခင်သည် ဉာဏ်ပညာရှိတော်မူသော သိမြင်သောအသျှင် ဖြစ်တော်မူ၏။

Verse 84 — Surah Al-Anam 6:84

၈၄။ ငါအသျှင်မြတ်သည် သူ့အား သား အစ္စဟက်(က)နှင့် မြေး ယာကူ(ဘ်)နှစ်ယောက်တို့ကို ပေးသနားတော်မူ၏။ ငါသည် သူတို့အားလုံးကို လမ်းညွှန်ပြတော်မူ၏။ ငါသည် ရှေးအတိတ် ကာလက တမန်တော် နူဟိုအား လမ်းပြတော်မူ၏။ သူ၏သားမြေးမြစ်များမှ ဒါဝတ်၊ စိုလိုင်မံအိုင်ယူ(ဘ)ယူဆွတ်(ဖ်)၊ မူဆာ ဟာရွန်တို့ကိုလည်း လမ်းပြတော်မူ၏။ ငါသည် သူတော်စင် သူတော်ကောင်းတို့အား ယင်းသို့ အောင်ဆုမင်္ဂလာပေးသနားတော်မူ၏။

Verse 85 — Surah Al-Anam 6:85

၈၅။ ထို့ပြင် ဇာကေရိယာ၊ ယ(ဟ်)ယာ၊ အီဆာ၊ အေ(လ်)ယာ(စ်)တို့ကိုလည်း လမ်းပြတော်မူ၏။ သူတို့ အားလုံးသည် အသျှင်မြတ်နှင့် တရားတော်ကို ကြည်ညိုသော သူတော်ကောင်းတို့ဘောင်တွင် ပါဝင်ကြ၏။

Verse 86 — Surah Al-Anam 6:86

၈၆။ ၎င်းပြင် အစ္စမာလ်အီလ် ယစ(အ)၊ ယူနွတ်(စ်)၊ လူ(တ်)တို့ကိုလည်း လမ်းပြတော်မူ၏။ သူတို့ တစ်ယောက်စီကို ငါအသျှင်မြတ်သည် အခြားလူသားများထက် သာလွန်နှစ်သက်တော်မူ၏။

Verse 87 — Surah Al-Anam 6:87

၈၇။ သူတို့၏ဘိုးဘေးသားမြေးညီအစ်ကိုအချို့တို့လည်း ငါအသျှင်မြတ်သည် အခြားလူသားများထက် နှစ်သက်တော်မူ၏။ ငါသည် သူတို့ကို ရွေးကောက်၍ လမ်းမှန်သို့ ညွှန်ပြတော်မူ၏။

Verse 88 — Surah Al-Anam 6:88

၈၈။ အလ္လာဟ်အသျှင်မြတ်သည် မိမိကျေးတော်မျိုး၊ ကျွန်တော်မျိုးများအနက် အလိုတော်ရှိတော်မူသော သူအား ယင်းသို့နည်းပြလမ်းညွှန်တော်မူ၏။ သို့သော် အကယ်၍ သူတို့သည် ကိုးကွယ်ဖို့ရာ အလ္လာဟ်အသျှင်မြတ်နှင့် တစ်စုံတစ်ခုကို ဖက်စပ်တင်မြှောက်ကြလျှင် သူတို့ပြုလုပ်သမျှတို့သည် အကျိုးမဲ့အချည်းနှီးဖြစ်ပေ၏။

Verse 89 — Surah Al-Anam 6:89

၈၉။ ထိုသူတို့သည် ငါအသျှင်မြတ်က ရှေးကျမ်းတော်များ သြဇာအာဏာနှင့် တမန်တော်အဖြစ်တို့ဖြင့် ချီးမြှောက်ခြင်းခံရသူများဖြစ်ကြ၏။ သို့သော် ဤသူတို့သည် ထိုကျေးဇူးတော်ကို မယုံကြည် မလေးစား ကြလျှင် ငါသည် ထိုကျေးဇူးတော်ကို မယုံကြည်သူမဟုတ်မည့် လူမျိုးတစ်မျိုးအား ထိုဂုဏ်ကျေးဇူး တော်ကို အမှန်ပင် ပေးအပ်တော်မူမည်။

Verse 90 — Surah Al-Anam 6:90

၉၀။ သူတို့သည် အလ္လာဟ်အသျှင်မြတ် လမ်းပြတော်မူခြင်းခံရသောသူတို့ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့၏ လမ်းညွှန်ရှေ့ဆောင်ချက်ကို လိုက်နာကြလော့။ အို-မိုဟမ္မဒ် သင်သည် လူသားတို့အား ''ဟယ်-အချင်းတို့ အကျွနု်ပ်သည် သင်တို့ထံမှ တရားဟောခမတောင်းပေ'' မှတ်သားကြလော့။ ကုရ်အာန် ကျမ်းတော်သည် လူသားတို့အား သတိပေးတရားတော်မှတစ်ပါး တစ်စုံတစ်ရာမဟုတ်ပေဟု ဟောပြောကြလော့။

Verse 91 — Surah Al-Anam 6:91

၉၁။ အလ္လာဟ်အသျှင်မြတ်သည် လူသားထဲမှတစ်ဦးတစ်ယောက်မျှ ဗျာဒိတ်ကျမ်းတော်ကို ချပေးသနား တော်မမူဟု သူတို့ဆိုသောအခါ သူတို့သည် အသျှင်မြတ်၏ တန်ခိုးတော်အနန္တကို သိထိုက်သလောက် မသိကြပေ။ ယင်းသို့ပြောဆိုသော ယဟူဒီလူမျိုးတို့အား သင်ဟောကြားလော့။ ဟယ်-အချင်းတို့ တမန်တော်မူဆာ ယူဆောင်လာသောကျမ်းတော်ကို အဘယ်သူချပေးသနည်း။ ထိုကျမ်းတော်သည် လူသားအပေါင်းတို့အဖို့ရာ အလင်းရောင်နှင့် နည်းပြလမ်းညွှန်တော်ဖြစ်၏။ ထိုကျမ်းတော်ကို သင်တို့ စက္ကူများပေါ်တွင် ရေးတင်ထား၍ပြကြ၏။ ထိုကျမ်းတော်အားဖြင့် သင်တို့အား သင်တို့ကိုယ်တိုင် သော်လည်းကောင်း၊ သင်တို့ မိဘဘိုးဘွားတို့သော်လည်းကောင်း၊ မသိသောအရာများကို သွန်သင် ဆုံးမတော်မူ၏။ သင်သည် အလ္လာဟ်ဟုဆိုလော့။ ထို့နောက်သူတို့အား သူတို့၏ အကျိုးမရှိသော ဟောပြောခြင်း၌ စွန့်ပစ်ထားလော့။

Verse 92 — Surah Al-Anam 6:92

၉၂။ ဤကျမ်းတော်သည် ငါအသျှင်မြတ်ချပေးတော်မူသော ကောင်းကြီးအဖြာဖြာနှင့်ပြည့်စုံသော ကုရ်အာန် ကျမ်းတော်ဖြစ်၏။ ရှေးကျမ်းတော်များကို ထောက်ခံအတည်ပြု၏။ ဤကျမ်းတော်သည် ရွာအပေါင်းတို့၏မိခင်နှင့် ၎င်းပတ်ဝန်းကျင်ရှိသော မြို့ရွာများတွင် သင်တရားဟောပြော သတိပေးဖို့ရာ ဖြစ်၏။ နောင်တမလွန်ဘဝကို ယုံကြည်သူတို့သည် ကုရ်အာန်ကျမ်းတော်ကို ကြည်ညိုယုံကြည်ကြ၏။ သူတို့သည် မိမိတို့၏ ဆွလာသ်ဝတ်ကို ကောင်းစွာ သတိထားစောင့်ထိန်းကြ၏။

Verse 93 — Surah Al-Anam 6:93

၉၃။ အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မဟုတ်မမှန်လုပ်ကြံပြောဆိုသူထက်သော်လည်းကောင်း၊ မိမိထံသို့ ဗျာဒိတ်တော်မကျဘဲ အကျွနု်ပ် ဗျာဒိတ်တော်ရသည်ဟုဆိုသောသူထက်သော် လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်ချပေးတော်မူသောကျမ်းတော်နှင့်တူသော ကျမ်းတစ်စောင်ကို အကျွနု်ပ်စီရင်ရေးသားမည်ဟု ပြောသူထက်သော်လည်းကောင်း၊ ပြစ်မှုပိုမိုကျူးလွန်သောသူ ရှိသေး သလော။ ပြစ်မှုကျူးလွန်သူတို့သည် အသက်ထွက်ခြင်းဝေဒနာများကို ခံစားရ၍ ကောင်းကင် တမန်တော်များ လက်ဆန့်၍ သင်တို့၏ဝိညာဉ်ကို ပေးအပ်ကြသလောဟုပြောကြ၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မှန်ကန်သောစကားမှတစ်ပါး အခြားစကားကိုသာ ဆိုသောကြောင့် သင်တို့သည် ယနေ့ ဂုဏ်ရှိန်ညံ့ဖျင်း၍ အရှက်တကွဲအပြစ်ဒဏ်ကိုသာ ခံစားကြလော့။ သင်တို့သည် အသျှင်မြတ်၏ သက်သေသာဓကတော်များကို မထီလေးစားပြုကြ၏ဟု ပြောဆိုကြ၏။ ထိုဖြစ်ပုံကို သင်မြင်ရလျှင် ကောင်းလေစွ။

Verse 94 — Surah Al-Anam 6:94

၉၄။ ယခုသင်တို့သည် ငါအသျှင်မြတ် ကနဦးက ဖန်ဆင်းတော်မူသကဲ့သို့ တစ်ကိုယ်ချင်းသာ အထံတော်သို့ ပြန်လာကြရပြီး သင်တို့သည် ငါပေးသနားတော်မူသော စည်းစိမ်ဥစ္စာများကို စွန့်ထားခဲ့ရပြီး သင်တို့ကို တောင်းပန်ကယ်နှုတ်မည်ဆိုသူများကို သင်တို့နှင့်အတူတကွ ငါမမြင်ရပေ။ ထိုသူများသည် သင်တို့ အပေါ်တွင် ဝေစုရှိသည်ဟု သင်တို့အကြောင်းဆိုကြ၏။ ယခု သင်တို့စပ်ကြားဆက်သွယ်သော ကြိုးကို ဖြတ်လိုက်ပြီး သင်တို့အားကိုးရာဟု ထင်မှတ်သောသူတို့သည် သင်တို့ကို စွန့်ပစ်ပေပြီ။

Verse 95 — Surah Al-Anam 6:95

၉၅။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် စပါးစေ့၊ စွန်ပလွန်စေ့ကို အညှောင့်ပေါက်ဖို့ရာ ခွဲစိ်တ်တော်မူ၏။ အသျှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ဖန်ဆင်းတော်မူ၏။ သက်ရှိကို သက်မဲ့ ဖြစ်စေတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ယင်းသို့ဖန်ဆင်းတော်မူထသော အသျှင်သခင် ဖြစ်တော်မူ၏။ သို့ပါလျက် သင်တို့သည် တရားတော်ကို မယုံကြည်ဘဲ လှည့်စားခြင်းကို အဘယ်ကြောင့် ခံရသနည်း။

Verse 96 — Surah Al-Anam 6:96

၉၆။ အသျှင်မြတ်သည် နံနက်အလင်းရောင်ကို ဖန်ဆင်းတော်မူ၏။ ဆိတ်ငြိမ်သောညကိုလည်း ဖန်ဆင်း တော်မူ၏။ နေနှင့်လကို အချိန်ကာလ ရေတွက်ဖို့ရာ စီရင်ထားတော်မူ၏။ ဤအရာများသည် အနန္တ တန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်၏ စီမံခန့်ခွဲမှုဖြစ်၏။

Verse 97 — Surah Al-Anam 6:97

၉၇။ ရေမြေသမုဒ္ဒရာတို့၏ အမှောင်ထုများထဲတွင် သင်တို့သည် မိမိသွားရာလမ်းကို မှန်းဆသိနိုင်ဖို့ရာ အသျှင်မြတ်သည် နက္ခတ်တာရာကြယ်များကို ဖန်ဆင်းထားတော်မူ၏။ ငါအသျှင်မြတ်သည် မိမိ၏ ဗျာဒိတ်တော်များကို ပညာရှိတို့အဖို့ အသေးစိတ်ရှင်းလင်းထားတော်မူ၏။

Verse 98 — Surah Al-Anam 6:98

၉၈။ အသျှင်မြတ်သည် သင်တို့ကို လူသားတစ်ယောက်တည်းမှ ဖန်ဆင်းထားတော်မူ၏။ နေထိုင်ဖို့ရာ နေရာ၊ မြှုပ်နှံင်္သဂြိုလ်ဖို့ရာ သုဿာန်င်္သချိုင်းများကို စီရင်ထားတော်မူ၏။ ငါသအသျှင်မြတ်သည် မိမိ၏ သက်သေသာဓကတော်များကို အသိဉာဏ်ရှိသူများအဖို့ အသေးစိတ် စီရင်ထားတော်မူ၏။

Verse 99 — Surah Al-Anam 6:99

၉၉။ အသျှင်မြတ်သည် မိုးကောင်းကင်မှ မိုးရွာသွန်းစေတော်မူ၏။ ထိုမိုးရေဖြင့် သစ်ပင်၊ မြက်ပင်အမျိုးမျိုး ကို ပေါက်ရောက်စေတော်မူ၏။ အချို့အပင်များမှ စိမ်းလန်းစိုပြေသော ကောက်ပဲသီးနှံများကို ပွင့်စေတော်မူ၏။ ထိုအသီးအနှံများမှ ရိတ်သိမ်းချိန်တွင် ပုံထားရသော ဂျုံစပါးများကို ထွက်စေတော် မူ၏။ စွန်ပလွန်ပင်၏အခိုင်များမှ စွန်ပလွန်သီးများကို မြေနှင့်နီးအောင်တွဲလဲကျသီးစေတော်မူ၏။ ထို့ပြင် စပျစ်၊ သံလွင်၊ သလဲ၊ ဥယျာဉ်စသည်တို့ကိုလည်း ဖန်ဆင်းတော်မူ၏။ သူတို့သည် အမျိုးတူ သော်လည်း အနှစ်အရသာအမျိုးမျိုးအဖုံဖုံရှိကြ၏။

Verse 100 — Surah Al-Anam 6:100

၁ဝဝ။ သို့ပါလျက် အလ္လာဟ်အသျှင်မြတ်သည် ဂျင်နတ်သားတို့ကို ဖန်ဆင်းတော်မူသော်လည်း သူတို့သည် ထိုဂျင်တို့ကို အသျှင်မြတ်နှင့်တန်းတူထားကြ၏။ အသပညာမရှိဘဲလျက် အသျှင်မြတ်၌ သားသမီးရှိသည်ဟု မဟုတ်မလျားစွပ်စွဲကြ၏။ အသျှင်မြတ်သည် ချို့တဲ့ခြင်းကင်းတော်မူ၏။ သူတို့စွပ်စွဲသည့် အညစ်အကြေးများမှ ကင်းစင်မြင့်မြတ်တော်မူလှပါ၏။

Verse 101 — Surah Al-Anam 6:101

၁ဝ၁။ မိုးကောင်းကင်များနှင့် ကမ္ဘာမြေကြီးကို စတင်ဖန်ဆင်းတော်မူသောအသျှင် အလ္လာဟ်အသျှင်မြတ်၌ ကြင်ယာတော်မရှိဘဲ မည်သို့ သားသမီးရှိနိုင်အံ့နည်း။ အသျှင်မြတ်သည် ခပ်သိမ်းကုန်သောအရာများ ကို ဖန်ဆင်းတော်မူ၏။ အရာရာကို သိမြင်တော်မူ၏။

Verse 102 — Surah Al-Anam 6:102

၁ဝ၂။ သင်တို့၏ ကျေးဇူးတော်သခင်၊ အလ္လာဟ်အသျှင်မြတ်သည် ယင်းကဲ့သို့ဖြစ်တော်မူ၏။ ခပ်သိမ်းကုန် သောအရာတို့ကို ဖန်ဆင်းတော်မူသော အသျှင်သခင်မှတစ်ပါး အလ္လာဟ်အသျှင်မရှိပေ။ ထို့ကြောင့် အသျှင်မြတ်အား ခဝပ်ကိုးကွယ်ကြလော့။ အသျှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထိန်းသိမ်း စောင့်ရှောက်တော်မူ၏။

Verse 103 — Surah Al-Anam 6:103

၁ဝ၃။ အသျှင်မြတ်အား မျက်စိများက မတွေ့မြင်နိုင်ပေ။ သို့သော် ထိုအရှင်မြတ်က မျက်စိများကို သိမြင် တော်မူ၏။ အသျှင်မြတ်သည် နက်နဲသိမ်မွေ့လှတော်မူ၏။ အရာရာကို သိကျွမ်းနားလည်တော် မူ၏။

Verse 104 — Surah Al-Anam 6:104

၁ဝ၄။ သင်တို့၏ ကျေးဇူးတော်သခင်ထံမှ သက်သေသာဓကတော်များသည် သင်တို့ထံသို့ ကျရောက်လာပြီ။ ထို့ကြောင့် အကြင်သူသည် တရားကိုမြင်၏။ ထိုမြင်ခြင်းသည် သူ၏အကျိုးအတွက်ဖြစ်၏။ အကြင်သူသည် တရားကို မမြင်အံ့။ ထိုသူသည် မိမိ၏ အကျိုးယုတ်ဖို့ရာ မျက်စိမမြင်ဖြစ်ပေ၏။ ကျွနု်ပ်သည် သင်တို့ကို ထိန်းသိမ်းအုပ်ချုပ်ရသူမဟုတ်ပေ။

Verse 105 — Surah Al-Anam 6:105

၁ဝ၅။ သူတို့သည် သင့်အား အို-မိုဟမ္မဒ် သင်သည် ဗျာဒိတ်ကျမ်းတော်၌ လိမ္မာကျွမ်းကျင်ပြီဟု ပြောဆိုရန် သော်လည်းကောင်း၊ ပညာအလင်းရောင်ရသူတို့အတွက် ကျမ်းတော်ကို ထင်ရှားရှင်းလင်းစေဖို့ရန် သော်လည်းကောင်း ငါအသျှင်မြတ်သည် ငါ၏နှုတ်ကပတ်တော်များကို ပြတော်မူ၏။

Verse 106 — Surah Al-Anam 6:106

၁ဝ၆။ သင်သည် မိမိ၏ကျေးဇူးတော်သခင်က သင်၏စိတ်နှလုံးအတွင်း ထင်ရှားစေသော ဗျာဒိတ်တော်ကို လိုက်နာဆောင်ရွက်လော့။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားအသျှင်သခင် မရှိပေ။ ဆင်းတု ရုပ်ပွားများကို ကိုးကွယ်သူတို့မှ လှည့်သွားလော့။

Verse 107 — Surah Al-Anam 6:107

၁ဝ၇။ အကယ်၍ အလ္လာဟ်အသျှင်မြတ် အလိုတော်ရှိပါလျှင် သူတို့သည် ရုပ်တုကိုးကွယ်သူများမဖြစ်ပေ။ ငါအသျှင်မြတ်သည် သင့်အား သူတို့ကို ထိန်းသိမ်းအုပ်ချုပ်သူအဖြစ် ခန့်ထားတော်မမူပေ။ သင်သည် သူတို့၏ အပြုအမှုအတွက် တာဝန်ခံရသူမဟုတ်ပေ။

Verse 108 — Surah Al-Anam 6:108

၁ဝ၈။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး သူတို့ကိုးကွယ်သောဘုရးများကို မကဲ့ရဲ့၊ မဆဲဆိုကြလင့််။ ထိုသို့ ကဲ့ရဲ့ဆဲဆိုကြလျင် သူတို့သည် ပညာကင်းမဲ့ခြင်းကြောင့် အလ္လာဟ်အသျှင်မြတ်ကို မတရားကဲ့ရဲ့ ဆဲဆိုခြင်းဖြင့် တုန့်ပြန်တတ်ကြသည်။ ဤကဲ့သို့ ငါအသျှင်မြတ်သည် လူမျိုးတိုင်းအား သူတို့၏ အပြုအမှုတို့ကို တင့်တယ်ဟန်ဆောင်စေတော်မူ၏။ နောက်ဆုံးစွန်၌ သူတို့၏ ကျေးဇူးတော်သခင် သည် သူတို့ပြန်ရာဖြစ်မည်သာတည်း။ ထိုအခါ အသျှင်မြတ်သည် သူတို့အား ၎င်းတို့ပြုကျင့်လေ့ ရှိသော အမှုအခင်းများကို ပြောပြတော်မူလိမ့်မည်။

Verse 109 — Surah Al-Anam 6:109

၁၀၉။ သက်သေသာဓက အံ့ဖွယ်တော်တစ်ပါးပါး ကျရောက်လာလျှင် သူတို့သည် ယုံကြည်ပါမည်ဟု အလ္လာဟ်အသျှင်မြတ်အားတိုင်တည်၍ သူတို့ ကျမ်းသစ္စာကျိန်ဆိုကြ၏။ ဟောကြားလော့။ သက်သေ သာဓကတော်များသည် အလ္လာဟ်အသျှင်မြတ်ထံတော်၌ ရှိကြ၏။ သို့သော် လက္ခဏာအံ့ဖွယ်တော်များ ကျရောက်လာသောအခါ ထိုသူတို့သည် ယုံကြည်ကြမည်မဟုတ်ကြောင်းကို သင်တို့အား မည်သည်က သိနားလည်စေမည်နည်း။

Verse 110 — Surah Al-Anam 6:110

၁၁၀။ ငါအသျှင်မြတ်သည် သူတို့၏ စိတ်နှလုံးများနှင့် မျက်စိများကို အယောင်ယောင်၊ အမှားမှား ရှုတ်ထွေး စေတော်မူ၏။ အစကနဦးက သူတို့သည် မယုံကြည်ကြသဖြင့် ငါသည် သူတို့အား ၎င်းတို့၏ မိုက်မဲ ထောင်ထားခြင်း၌ အမှန်ကို မမြင်ဘဲ သွားလာစေတော်မူ၏။

Verse 111 — Surah Al-Anam 6:111

၁၁၁။ အကယ်၍ ငါအသျှင်မြတ်သည် သူတို့ထံသို့ ကောင်းကင်တမန်တော်များကို စေလွှတ်တော်မူခြင်း၊ သေသူတို့သည် သူတို့အား စကားပြောခြင်း၊ အရာခပ်သိမ်းကုန်တို့ကို သူတို့အား ဆန့်ကျင်စေတော် မူခြင်းတို့ ဖြစ်ပေါ်လာသော်လည်း သူတို့သည် အသျှင်မြတ်အလိုတော်မရှိဘဲ ယုံကြည်ကြမည် မဟုတ်ပေ။ သို့သော် သူတို့အနက် များလှစွာသောသူတို့သည် အသိပညာကင်းမဲ့ကြ၏။

Verse 112 — Surah Al-Anam 6:112

၁၁၂။ ဤကဲ့သို့ ငါအသျှင်မြတ်သည် တမန်တော်တိုင်းအတွက် ရန်သူတစ်ဦးစီ စီရင်တော်မူ၏။ ထိုရန်သူသည် လူသားများနှင့် ဂျင်နတ်သားများထဲမှ မာရ်နတ်များဖြစ်ကြ၏။ သူတို့သည် လှည့်ဖြား ခြင်းအားဖြင့် အချင်းချင်း ယုံတမ်းစကားပြောကြ၏။ အကယ်၍ သင်၏ကျေးဇူးတော်သခင်သည် အလိုရှိတော်မူပါလျှင် သူတို့သည် ယင်းသို့ ကျင့်ကြံမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့ကို ၎င်းတို့၏ ဖန်တီးမှုတွင် စွန့်ထားလော့။

Verse 113 — Surah Al-Anam 6:113

၁၁၃။ သို့မှသာ နောင်တမလွန်ဘဝကို မယုံကြည်သူတို့၏ စိတ်နှလုံးများသည် ထိုယုံကြည်မှုဘက်သို့ ယိမ်းယိုင်လိမ့်မည်။ သူတို့သည် ထိုယုံကြည်မှု၌ အားရနှစ်သက်ကြလိမ့်မည်။ သူတို့သည် ၎င်းတို့ လုပ်ကိုင်၍ရရှိသည်တို့ကို ဆက်လက်ရရှိလိမ့်မည်။

Verse 114 — Surah Al-Anam 6:114

၁၁၄။ အလ္လာဟ်အသျှင်မြတ်သည် ဤကျမ်းတော်ကို သင်တို့အား ရှင်းလင်းပြည့်စုံစွာချပေးတော်မူပြီးသည့် နောက် အကျွနု်ပ်သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားတရားသူကြီးကို ရှာမှီးမည်လော။ အကြင်သူတို့အား ငါအသျှင်သည် ရှေးအတိတ်ကာလမှ ကျမ်းတော်ကို ချပေးတော်မူ၏။ ထိုသူတို့သည် ကုရ်အာန်ကျမ်းတော်ကို သင်၏ကျေးဇူးတော်သခင်က အမှန်ပင် ချပေးတော်မူသည်ကို သိကြ၏။ ထို့ကြောင့် အို-မိုဟမ္မဒ် သင်သည် ယုံမှားသံသယရှိသူတို့ဘောင်တွင် မပါဝင်လင့်။

Verse 115 — Surah Al-Anam 6:115

၁၁၅။ သင်၏ကျေးဇူးတော်သခင်၏ ဗျာဒိတ်တော်စကားသည် မှန်ကန်ခြင်း၊ တရားခြင်းများဖြင့် စုံလင်၏။ အသျှင်မြတ်၏ ဗျာဒိတ်စကားတော်ကို ပြောင်းလွှဲနိုင်စွမ်းသူ တစ်စုံတစ်ယောက်မျှမရှိပေ။ အသျှင်မြတ် သည် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင် ဖြစ်တော်မူ၏။

Verse 116 — Surah Al-Anam 6:116

၁၁၆။ အကယ်၍ သင်သည် ကမ္ဘာမြေပေါ်ဝယ်ရှိသူတို့အနက် များပြားသူတို့၏စကားကို နားထောင်လျှင် သူတို့သည် သင့်ကို အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်မှဝေးစွာ တိမ်းစောင်းစေကြလိမ့်မည်။ သူတို့သည် မိမိတို့စိတ်ထင်မြင်ရာမှတစ်ပါး အခြားအရာ တစ်စုံတစ်ရာကိုမျှ မလိုက်နာကြပေ။ သူတို့သည် ရမ်းဆခြင်းကိုသာ ပြုလုပ်ကြ၏။

Verse 117 — Surah Al-Anam 6:117

၁၁၇။ မှတ်သားလော့။ သင်၏ကျေးဇူးတော်သခင် အသျှင်မြတ်သည် မည်သူမည်ဝါသည် အသျှင်မြတ်၏ လမ်းတော်မှ တိမ်းစောင်းသွားသည်ကို အသိမြင်ဆုံး ဖြစ်တော်မူ၏။ ၎င်းပြင် အသျှင်မြတ်သည် မည်သူမည်ဝါသည် လမ်းမှန်ကို ပြသခြင်းခံကြရသည်ကိုလည်း အသိမြင်ဆုံးဖြစ်တော်မူ၏။

Verse 118 — Surah Al-Anam 6:118

၁၁၈။ သင်တို့သည် အသျှင်မြတ်၏ နှုတ်ကပတ်တော်များ၌ ယုံကြည်သူများ ဖြစ်ကြလျှင် ၎င်းတို့အပေါ်တွင် အလ္လာဟ်အသျှင်မြတ်၏ နာမတော်ကို တသသော အစားအစာများကို မှီဝဲသုံးဆောင်ကြလော့။

Verse 119 — Surah Al-Anam 6:119

၁၁၉။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား တရားမဝင်သော အစာအဟာရများကို ရှင်းလင်းပြတော် မူပြီးသည့်နောက် သင်တို့သည် အသျှင်မြတ်၏နာမတော်ကို တသပြီးသော အစားအစာကို အဘယ်ကြောင့် မမှီဝဲ၊ မသုံးစွဲအပ်ကြသနည်း။ တရားမဝင်သောအစာကိုပင် ဒုက္ခကြံုသောအခါ မှီဝဲနိုင်ခွင့်ရှိ၏။ သို့သော် များလှစွာသောသူတို့သည် အသိပညာခေါင်းပါးသောကြောင့် သူတို့ တပ်မက်ခြင်းများက သူတို့ကို လမ်းမှားသို့ ဆွဲငင်ကြ၏။ မှတ်သားလော့။ သင်၏ ကျေးဇူးတော် သခင်သည် တရားတော်ကို ကျူးလွန်သောသူတို့ကို အသိဆုံးဖြစ်တော်မူ၏။

Verse 120 — Surah Al-Anam 6:120

၁၂၀။ အို-လူသားအပေါင်းတို့ သင်တို့သည် အပြင်အပြစ်နှင့် အတွင်းအပြစ်များကို ရှောင်ကြဉ်ကြလော့။ မှတ်သားကြလော့။ အကြင်သူတို့သည် အပြစ်ကို စုသိမ်းထားကြ၏။ ထိုသူတို့သည် သူတို့ ဆည်းပူး သောအကျိုးဆက်ကိုပေးခြင်း ခံကြရလတ္တံ့။

Verse 121 — Surah Al-Anam 6:121

၁၂၁။ အလ္လာဟ်အသျှင်မြတ်၏နာမတော်ကို မရွတ်ဘဲ သတ်ဖြတ်သောတိရစ္ဆာန်၏အသားကို မစားကြလင့်။ ထိုအသားသည် စက်ဆုတ်ရွံ့ရှာဖွယ်ကောင်း၏။ မှတ်သားကြလော့။ ရှိုင်တန်မာရ်နတ်များသည် သူတို့၏ ဗိုလ်ခြေများကို သင်တို့နှင့် ငြင်းခုံရန် နှိုးဆော်ကြ၏။ သို့သော် သင်တို့သည် သူတို့စကားကို နားထောင်ကြလျှင် သင်တို့သည် ရုပ်ထုကို ကိုးကွယ်သူအမှန်ပင်ဖြစ်ကြပေမည်။

Verse 122 — Surah Al-Anam 6:122

၁၂၂။ အကြင်သူသည် အနိစ္စရောက်ပြီးနောက် ငါသည် သူ့အား ပြန်ရှင်စေတော်မူပြီးလျှင် အမှောင်ထုထဲ သို့ ကျရောက်၍ အမှောင်ထုမှ မထွက်နိုင်သောသူနှင့် တူသလော။ မိစ္ဆာဒိဌိတို့အတွက် သူတို့၏ အပြုအမှုကို သင့်တင့်လျောက်ပတ်ဟန်ဆောင်စေ၏။

Verse 123 — Surah Al-Anam 6:123

၁၂၃။ အလ္လာဟ်အသျှင်မြတ်သည် မြို့ကြီးတိုင်း၌ မိုက်မဲသော မြို့သူ၊ မြို့သားတို့အနက် အကြီးအကဲ တင်မြှောက်တော်မူ၏။ သူတို့သည် မကောင်းသော အကြံအဖန်များထုတ်ဖို့ရန်ဖြစ်၏။ သူတို့သည် မိမိတို့ အကျိုးဆုတ်ယုတ်စေရန်သာ ကြံဖန်ကြ၏။ သူတို့သည် မသိမမြင်ကြပေ။

Verse 124 — Surah Al-Anam 6:124

၁၂၄။ သူတို့ထံသို့ သက်သေသာဓကတော်တစ်ပါးပါး ကျရောက်လာသောအခါ သူတို့က အလ္လာဟ်အသျှင် မြတ်၏ တမန်တော်များအားပေးသော ကျေးဇူးမင်္ဂလာတော်ကို အကျွနု်ပ်တို့အား ပေးတော်မမူသမျှ ကာလပတ်လုံး အကျွနု်ပ်တို့သည် ယုံကြည်ကြမည်မဟုတ်ပေဟု ဆိုကြ၏။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ ဗျာဒိတ်တော်ကို မည်သူ့အား အပ်နှံထိုက်သည်ကို အသိဆုံးဖြစ်တော်မူ၏။ အပြစ်ကျူးလွန် သူတို့အား မိမိတို့ ဆိုးဝါးသော ကြံစည်မှုကြောင့် အလ္လာဟ်အသျှင်မြတ်အထံတော်မှ သေးသိမ် ယုတ်ညံ့သောအဖြစ်နှင့် ကြီးလေးသောအပြစ်ဒဏ်သည် နှိပ်စက်လိမ့်မည်။

Verse 125 — Surah Al-Anam 6:125

၁၂၅။ အကြင်သူအား အလ္လာဟ်အသျှင်မြတ်သည် လမ်းညွှန်လိုတော်မူ၏။ ထိုသူ၏ရင်ကို အလ္လာဟ် အသျှင်မြတ်အား ယုံကြည်ကျိုးနွံ့မှုဘက်သို့ နူးညွတ်ကျယ်ဝန်းစေတော်မူ၏။ အကြင်သူအား အလ္လာဟ်အသျှင်မြတ်သည် လမ်းလွဲသို့ သွားစေတော်မူ၏။ ထိုသူသည် မြင့်ရာသို့တက်သကဲ့သို့ သူ၏ရင်ကို ကျဉ်းမြောင်းကြပ်တည်းစေတော်မူ၏။ ယင်းကဲ့သို့ အလ္လာဟ်အသျှင်မြတ်သည် မယုံကြည်သူတို့အပေါ်၌ အရှက်ကွဲခြင်းကို တင်ထားတော်မူ၏။

Verse 126 — Surah Al-Anam 6:126

၁၂၆။ ဤလမ်းသည် သင့်ကျေးဇူးတော်သခင်၏ ဖြောင့်မတ်မှန်ကန်သောလမ်းတော်ကြီးဖြစ်၏။ ငါသည် ငါ၏ နှုတ်ကပတ်တော်များကို သတိတရားရှိသူတို့အဖို့ ချပေးသနားတော်မူ၏။

Verse 127 — Surah Al-Anam 6:127

၁၂၇။ ထိုသူတို့အတွက် သူတို့၏ ကျေးဇူးတော်သခင်အထံတော်၌ အေးချမ်းသာယာသောဗိမာန်တော် ရှိ၏။ သူတို့ပြုကျင့်လေ့ရှိသောအမှုများကြောင့် အသျှင်မြတ်သည် သူတို့၏ ကာကွယ်စောင့်ရှောက် သောအဆွေခင်ပွန်းဖြစ်တော်မူလတ္တံ့။

Verse 128 — Surah Al-Anam 6:128

၁၂၈။ အသျှင်မြတ်သည် လူသားအပေါင်းတို့ကို အတူတကွ စုရုံးစေတော်မူသောနေ့တော်ကြီး၌ အသျှင်မြတ်က အို-စုဝေးလျက်ရှိသော ဂျင်အပေါင်းတို့ လူသားအမြောက်အများကို သင်တို့ လှည့်ဖြားခဲ့ကြ၏ဟု မိန့်တော်မူ၏။ လူသားတို့အနက် ထိုဂျင်တို့၏ နောက်လိုက်တပည့်များက အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်၊ အကျွနု်ပ်တို့သည် အချင်းချင်း ချစ်ခင်စုံမက်ခဲ့ကြပါ၏။ သို့သော် အကျွနု်ပ်တို့သည် အကျွနု်ပ်တို့အတွက် အသျှင်သတ်မှတ်ထားတော်မူသောအချိန်အခါသို့ ရောက်ရပါပြီဟု တင်လျှောက်ကြ၏။ အသျှင်မြတ်က သင်တို့၏နေရာဌာနအဝီစိငရဲမီးဖြစ်၏။ အလ္လာဟ်အသျှင်မြတ် ကယ်နှုတ်တော်မူသောသူတို့မှတစ်ပါး အခြားသူတို့သည် ငရဲမီးထဲတွင် အမြဲထာဝစဉ် ခံစားကြလော့ဟု ဗျာဒိတ်ချတော်မူလိမ့်မည်။ မှတ်သားကြလော့။ သင်တို့၏ ကျေးဇူးတော်သခင်သည် ပညာရှိတော်မူ၏။ သိမြင်တော်မူ၏။

Verse 129 — Surah Al-Anam 6:129

၁၂၉။ ငါအသျှင်မြတ်သည် ဒုစရိုက်ကောင်များအနက် အချို့အား အခြားသူတို့ကို လွှမ်းမိုးစေတော်မူ၏။ သူတို့ပြုကျင့်မှုကြောင့် ဤသို့ လွှမ်းမိုးစေတော်မူ၏။

Verse 130 — Surah Al-Anam 6:130

၁၃၀။ အို-ဂျင်နတ်သားနှင့် လူသားအပေါင်းတို့ သင်တို့ထံသို့ သင်တို့သားချင်းဖြစ်သော တမန်တော်များ မရောက်လာကြဘူးလော။ ထိုတမန်တော်များသည် ငါအသျှင်မြတ်၏ သက်သေသာဓကတော်များကို ရွတ်ဖတ်တင်ပြ၍ ဤနေ့တော်ကြီးတွင် စုဝေးရမည့်အကြောင်းကို ဟောကြား သတိမပေးဘူးလော။ သူတို့က အကျွနု်ပ်တို့သည် အကျွနု်ပ်တို့နှင့် ဆန့်ကျင်စွာ သက်သေခံကြပါ၏ဟု တင်လျှောက်ကြမည်။ ဤမျက်မှောက်ဘဝက သူတို့ကို လှည့်စား၏။ သူတို့သည် မယုံကြည်သူများဖြစ်ကြပါသည်ဟု သူတို့ အပေါ် သူတို့ သက်သေခံကြ၏။

Verse 131 — Surah Al-Anam 6:131

၁၃၁။ သင်၏ကျေးဇူးတော်သခင်သည် မြို့ရွာနယ်ပယ်တို့အတွင်း မှီတင်းနေထိုင်ကြသောသူတို့သည် မိမိတို့၏ပြစ်မှုများကိုမသိဘဲလျက် ထိုနယ်ပယ်များကို ဖျက်ဆီးတော်မမူပေ။ အသျှင်မြတ်သည် နိုင်ထက်စီးနင်းပြုတော်မမူပေ။

Verse 132 — Surah Al-Anam 6:132

၁၃၂။ အားလုံးတို့အတွက် ၎င်းတို့ပြုကျင့်ခဲ့သော အမှုအခင်းများအလျောက် အဆင့်အတန်းများ ရှိလိမ့် မည်။ သင်၏ကျေးဇူးတော်သခင်သည် သူတို့ကျင့်ကြံကြသည်တို့ကို သိမြင်တော်မမူ မဟုတ်ပေ။

Verse 133 — Surah Al-Anam 6:133

၁၃၃။ သင်တို့၏ ကျေးဇူးတော်သခင်သည် ဇာတိ ပကတိအားဖြင့် စုံလင်တော်မူ၏။ အနန္တကောင်းကြီး မင်္ဂလာတော်သခင်ဖြစ်တော်မူ၏။ အသျှင်မြတ်အလိုရှိတော်မူပါလျှင် သင်တို့ကို ရုပ်သိမ်းနိုင်တော် မူ၏။ သင်တို့ကိ အခြားသူတို့၏ မျိုးစေ့မှဖန်ဆင်းတော်မူဘိသကဲ့သို့ အသျှင်မြတ်သည် အလိုရှိတော် မူသောသူတို့ကို သင်တို့ပျောက်ကွယ်ပြီးနောက် ဖန်ဆင်းနိုင်တော်မူ၏။ ျ

Verse 134 — Surah Al-Anam 6:134

၁၃၄။ မှတ်သားကြလော့။ သင်တို့အား ဂတိဗျာဒိတ်ထားတော်မူသောအရာသည် မချွတ်ဧကန် ဆိုက်ရောက် လာမည်သညတည်း။ သင်တို့သည် ထိုအရာကို မရှောင်ရှားနိုင်ကြပေ။

Verse 135 — Surah Al-Anam 6:135

၁၃၅။ အို-မိုဟမ္မဒ် ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့သည် အစွမ်းကုန် ကြိုးစားကြလော့။ အကျွနု်ပ်လည်း ကြိုးစားနေသည်။ အကျွနု်ပ်တို့အနက် အဘယ်သူတို့သည် ဝမ်းမြောက်ဖွယ်ကောင်း သော အကျိုးဆက်ကို ခံစားရမည်ကို သင်တို့မကြာခင် သိကြရလိမ့်မည်။ မှတ်သားကြလော့။ ဒုစရိုက်မှု ကျူးလွန်သူတို့သည် အောင်မြင်ကြမည်မဟုတ်ပေ။

Verse 136 — Surah Al-Anam 6:136

၁၃၆။ သူတို့သည် အလ္လာဟ်မြတ်အား အသျှင်မြတ်ဖန်ဆင်းတော်မူသော ကောက်ပဲသီးနှံများနှင့် ကျွဲနွား တိရစ္ဆာန်များမှ ဝေစုပေးကြ၏။ သူတို့သည် မိမိတို့ တွေးတောရမ်းဆချက်အတိုင်း ဤဟာသည် အလ္လာဟ်အသျှင်မြတ်၏ ဝေစုတော်ဖြစ်၏။ ထိုဟာသည် အကျွနု်ပ်တို့နှင့်သက်ဆိုင်သော ဖက်စပ်တော်တို့၏ ဝေစုဖြင့်ဆို၍ ခွဲဝေကြ၏။ သို့သော် သူတို့နှင့် သက်ဆိုင်သော ဘုရားဖက်စပ် တော်များ၏ဝေစုသည် အလ္လာဟ်အသျှင်မြတ်ထံသို့ မရောက်ပေ။ အသျှင်မြတ်၏ ဝေစုတော်သည် သူတို့၏ ဖက်စပ်ဘုရားများထံရောက်ကြ၏။ သူတို့သည် မကောင်းမှုကို ဆုံးဖြတ်ကြ၏။

Verse 137 — Surah Al-Anam 6:137

၁၃၇။ သူတို့၏ တွဲဖက်ဘုရားများသည် သူတို့ကို ဖျက်ဆီး၏။ ၎င်းသူတို့၏ ဘာသာအယူဝါဒကိုလည်း ရှုပ်ထွေးစေ၍ သူတို့ပျက်စီးစေခြင်းငှာ သူတို့၏ သားသမီးတို့အား သတ်ဖြတ်ခြင်းကို ဆင်းတု ကိုးကွယ်သူအများတို့၏ မျက်စိတွင် တင့်တယ်လျှောက်ပယ်စေ၏။ အလ္လာဟ်အသျှင်မြတ်၏ အလိုတော်ရှိတော်မူပါလျှင် သူတို့သည် ယင်းသို့ပြုကျင့်ကြမည်မဟုတ်ပေ။ သို့ကြောင့် သူတို့ကို သူတို့၏ ဖန်တီးမှုများ၌ လွှတ်ထားလော့။

Verse 138 — Surah Al-Anam 6:138

၁၃၈။ ထို့ပြင် သူတို့က ဤကောက်ပဲသီးနှံများနှင့် ကျွဲနွားတိရစ္ဆာန်များကို တားမြစ်ထားတော်မူ၏။ ကျွနု်ပ်တို့ အခွင့်ပေးသူမှတစ်ပါး မည်သူမျှ ထိုပစ္စည်းများကို မစားရပေဟု ဆိုကြ၏။ သူတို့ ယင်းသို့ ထင်မှတ် ကြ၏။ အချို့တိရစ္ဆာန်များ ကျောက်ကုန်းများကို မသုံးရဟု တားမြစ်ကြ၏။ အသျှင်မြတ်နှင့် စပ်လျဉ်း၍ မဟုတ်မလျား ဖန်တီးပြီးလျှင် အသျှင်မြတ်၏ နာမတော်ကို မရွတ်ဖတ်ဘဲ သတ်ဖြတ်သော တိရစ္ဆာန်များလည်းရှိ၏။ ကာလမကြာမြင့်မှီ အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ မတရား လုပ်ကြံမှုအတွက် လက်စားချေတော်မူမည်။

Verse 139 — Surah Al-Anam 6:139

၁၃၉။ ထို့ပြင် သူတို့က ဤတိရစ္ဆာန်များ၏ဝမ်းများတွင်းရှိ တိရစ္ဆာန်ငယ်များကို အကျွနု်ပ်တို့ယောကျ်ားများ အတွက် သီးသန့်ထား၏။ အကျွနု်ပ်တို့မယားများအတွက် တားမြစ်ထား၏။ သို့သော် ထိုတိရစ္ဆာန်ငယ် ကို အသေမွေးလျှင် ယောကျ်ား၊ မိန်းမ အားလုံးစားခွင့်ရှိကြ၏ဟု ဆိုကြ၏။ သူတို့သည် ယင်းပညတ် များကို အသျှင်မြတ်၏ ပညတ်တော်ဟု မဟုတ်မမှန်ဆိုသောကြောင့် အသျှင်မြတ်သည် သူတို့အား ဒဏ်ခတ်တော်မူလိမ့်မည် မှတ်သားကြလော့။ အသျှင်မြ်သည် ဉာဏ်ပညာရှိတော်မူ၏။ သိမြင်တော် မူ၏။

Verse 140 — Surah Al-Anam 6:140

၁၄၀။ အကြင်သူတို့သည် အသိဉာဏ်ကင်းမဲ့၍ မိုက်မဲခြင်းဖြင့် မိမိတို့ ရင်သွေးများကို သတ်ဖြတ်ကြ၏။ အလ္လာဟ်အသျှင်မြတ်၏ နာမတော်ကို အလွဲသုံးစားကြ၏။ အသျှင်မြတ်ပေးသနားတော်မူသော ကျေးဇူးတော်ကို မသုံးမစွဲ တရားမဝင် အမင်္ဂလာဟုဆိုကြ၏။ ထိုသူတို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်ကြ၏။ သူတို့သည် လမ်းမှားသို့ရောက်ကြ၏။ နည်းပြလမ်းညွှန် အလင်းရောင်ကိုမရသူများ ဖြစ်ကြ၏။

Verse 141 — Surah Al-Anam 6:141

၁၄၁။ အသျှင်မြတ်သည် ဥယျာဉ်ပန်းမာလိအမျိုးမျိုးကို ဖန်ဆင်းတော်မူ၏။ ထိုဥယျာဉ်များ၌ စင်ထောင်းပေး ရသော နွယ်ပင်များ စင်ထောင်ပေးရန်မလိုသောအပင်များ၊ စွန်ပလွန်ပင်များ၊ အနံ့အရသာ အမျိုးမျိုးရှိသော ကောက်ပဲသီးနှံများ၊ အမျိုးတူ၊ အမျိုးမတူသော သံလွင်ပင်၊ သလဲပင်များ ပေါက်ရောက်လျက်ရှိကြ၏။ သင်တို့သည် ထိုသီးပင်များသီးသောအခါ အသီးများကို မှီဝဲသုံးစွဲကြ လော့။ အသီး အနှံ ရိတ်သိမ်းသောနေ့၌ ထိုအသီးအနှံများမှ ပညတ်တော်အတိုင်း လှူဒါန်းကြလော့။ မဖြုန်းတီးကြလင့်။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် ဖြုန်းတီးသူတို့ကို နှစ်သက်တော် မမူပေ။

Verse 142 — Surah Al-Anam 6:142

၁၄၂။ အလ္လာဟ်အသျှင်မြတ် ဖန်ဆင်းတော်မူသော ကျွဲနွားတိရစ္ဆာန်များအနက် အချို့သည် ဝန်တင်ဖို့ရာ ဖြစ်၏။ အချို့မှာ အစားအစာအတွက်ဖြစ်၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ် ပေးသနားတော် မူသော အစာအဟာရကို စားကြလော့။ ရှိုင်တန်မာရ်နတ်၏နောက်သို့ မလိုက်ကြလင့်။ သူသည် သင်တို့၏ ပွင့်လင်းသောရန်သူဖြစ်၏။

Verse 143 — Surah Al-Anam 6:143

၁၄၃။ ရှစ်စုံ၊ သိုးထဲမှတစ်စုံ၊ ဆိတ်ထဲမှတစ်စုံ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် အထီးနှစ်ကောင် ကိုသော်လည်းကောင်း၊ အမနှစ်ကောင်ကိုသော်လည်းကောင်း၊ အမနှစ်ကောင်၏ ဝမ်းတွင်းရှိ သားငယ်ကိုသော်လည်းကောင်း၊ တရားမဝင်ဟု တားမြစ်တော်မူသလော။ သင်တို့သည် အမှန်ဆိုလျှင် ဤတားမြစ်ထားတော်မူခြင်းကို အသိတရားအားဖြင့် ရှင်းလင်းပြကြလော့။

Verse 144 — Surah Al-Anam 6:144

၁၄၄။ ကုလားအုပ်များမှ တစ်စုံ၊ နွားထီးများမှတစ်စုံ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် အထီး နှစ်ကောင်ကိုသော်လည်းကောင်း၊ အမနှစ်ကောင်ကိုသော်လည်းကောင်း၊ အမနှစ်ကောင်ဝမ်းတွင်းရှိ သားငယ်တို့ကိုသော်လည်းကောင်း၊ တရားမဝင်ဟု တားမြစ်တော်မူသလော။ အလ္လာဟ်အသျှင်မြတ် သည် ယင်းပညတ်တော်များကို ထုတ်ပြန်တော်မူသောအခါ သင်တို့သည် အပါးတော်တွင်ရှိကြ သလော။ အသိဉာဏ်မရှိကြဘဲလျက် လူသားတို့ကို လမ်းမှားသို့ ပို့ဆောင်နိုင်စေခြင်းငှာ အလ္လာဟ် အသျှင်မြတ်၏နာမတော်ကို အလွဲသုံးစားသူ၊ ကျူးလွန်သော မတရားမှုထက် ကြီးမားသောအပြစ်ကို အဘယ်သူပြစ်မှားသနည်း။

Verse 145 — Surah Al-Anam 6:145

၁၄၅။ ဟောကြားလော့။ အကျွနု်ပ်သည် မိမိအား ချပေးသနားတော် ဗျာဒိတ်ကျမ်းတော်၌ စားသုံးသူတို့အား မစားသုံးရဟု တားမြစ်ထားသော တိရစ္ဆာန်အသေကောင်ပုတ်၊ သွေး၊ ဝက်သားသည် အမှန်ပင်မသန့်ပေ။ အလ္လာဟ်အသျှင်မြတ်၏နာမတော်မှတစ်ပါး အခြားနာမည်ကို ရွတ်ဖတ်၍ သတ်ဖြတ်သော သားကောင်၏အသားများမှတစ်ပါး အခြားအစားအစာများကို တရားမဝင်သော အစာဟု တားမြစ်တော်မူသည်ကို မတွေ့ရှိရပေ။ သို့သော် အကြင်သူသည် မိမိတတ်မက်မောခြင်း ကြောင့်သော်လည်းကောင်း၊ တရားတော်ကို ကျူးလွန်လို၍သော်လည်းကောင်း မဟုတ်ဘဲ အကြပ် အတည်းနှင့် တွေ့ကြံုသဖြင့် ထိုတရားမဝင်သောအစာကို စားရ၏။ ထိုသူအား မှတ်သားလော့။ သင်တို့၏ ကျေးဇူးတော်သခင်သည် အမှန်ပင် အပြစ်လွှတ်တော်မူ၏။ ကောင်းချီးမင်္ဂလာ ပေးသနားတော်မူ၏။

Verse 146 — Surah Al-Anam 6:146

၁၄၆။ ရဟူဒီလူမျိုးများအတွက် လက်သည်း၊ ခြေသည်းရှိသော တိရစ္ဆာန်များကို တရားမဝင်သော အစာအဟာရဟု ငါအသျှင်မြတ်ပညတ်တော်မူ၏။ နွားထီးနှင့် ဆိတ်တို့မှ ၎င်းတို့၏ ကျောကုန်း၊ အူအသည်း၊ အရိုးနှင့် ရောနှောနေသောအဆီများမှတစ်ပါး အခြားအဆီများကိုလည်း တရားမဝင် သောအစာဟု ငါ ပညတ်တော်မူ၏။ ပုန်ကန်ခြားနားမှုကြောင့် ယင်းတားမြစ်ပညတ်တော်ကို သူတို့အား ချပေးတော်မူ၏။ မှတ်သားကြလော့။ ငါသည် အမှန်ပင် မှန်ကန်ဖြောင့်မတ်တော်မူ၏။

Verse 147 — Surah Al-Anam 6:147

၁၄၇။ အို-မိုဟမ္မဒ် သူတို့သည် သင်တို့အား မုသားဆိုသူဟု စွပ်စွဲကြလျှင် သင်ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့၏ကျေးဇူးတော်သခင်သည် အနန္တကောင်းချီးမင်္ဂလာတော်အသျှင် ဖြစ်တော်မူ၏။ ၎င်းပြင် အသျှင်မြတ်၏အမျက်တော်ကို အပြစ်ရှိသူများထံမှ လုံးဝရုပ်သိမ်းတော်မူမည်မဟုတ်ပေ။

Verse 148 — Surah Al-Anam 6:148

၁၄၈။ ရုပ်တုများကို ကိုးကွယ်သောသူတို့က အကယ်၍ အလ္လာဟ်အသျှင်မြတ်အလိုတော်ရှိခဲ့ပါလျှင် အကျွနု်ပ်တို့သည်သော်လည်းကောင်း၊ အကျွနု်ပ်တို့မိဘဘိုးဘွားတို့သည်သော်လည်းကောင်း၊ အသျှင်မြတ်အား ဖက်စပ်သူများပေးခဲ့ကြမည်မဟုတ်။ သို့မဟုတ် တစ်စုံတစ်ရာမျှ အကျွနု်ပ်တို့က တရားမဝင်ဟု တားမြစ်ခဲ့ကြမည်မဟုတ်ဟု ပြောဆိုကြလိမ့်မည်။ ဤကဲ့သို့ပင် သူတို့အလျင် ဖြစ်ထွန်းလာသော မိစ္ဆာဒိဌိတို့လည်း ငါအသျှင်မြတ်၏ အမျက်တော်ကို မြည်းရသည့်တိုင်အောင် အလ္လာဟ်၏ တမန်တော်များကို မဟုတ်မလျား မုသားစကားပြောကြားသူများဟု စွပ်စွဲရှုတ်ချကြ၏။ ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့သည် အကျွနု်ပ်တို့အား တစ်စုံတစ်ခုသောအသိပညာကို တင်ပြနိုင်ကြသလော။ မှတ်သားကြလော့။ သင်တို့သည် မိမိတို့ထင်မြင်ချက်မှတစ်ပါး အခြား တစ်စုံတစ်ရာကိုမှ မလိုက်ကြပေ။ မှတ်သားကြလော့။ သင်တို့သည် တပ်အပ်သေချာမသိဘဲလျက် ရမ်းဆပြောဆိုကြသည်သာတည်း။

Verse 149 — Surah Al-Anam 6:149

၁၄၉။ ဟောကြားလော့။ နောက်ဆုံး ဆင်ခြေစကားသည် အလ္လာဟ်အသျှင်မြတ်ဖို့သာဖြစ်၏။ အသျှင်မြတ် အလိုတော်ရှိခဲ့ပါလေလျှင် အသျှင်မြတ်သည် သင်တို့အားလုံးကို မချွတ်ဧကန် လမ်းညွှန်နိုင်တော် မူခဲ့လေမည်။

Verse 150 — Surah Al-Anam 6:150

၁၅၀။ ဟောကြားလော့။ ဟယ်-အချင်းတို့ ဤအရာအားလုံးသည် အလ္လာဟ်အသျှင်မြတ်က တရားမဝင်ဟု တားမြစ်သည်ကို သက်သေခံနိုင်သည့် သင်တို့၏ သက်သေများကို ခေါ်ယူခဲ့ကြလော့။ အကယ်၍ သူတို့ သက်သေထွက်ဆိုလျှင် သင်လည်း သူတို့နှင့်အတူတကွ သက်သေမခံလင့်။ ငါအသျှင်မြတ်၏ ဗျာဒိတ်တော်များကို ငြင်းပယ်သူတို့၏အလိုများသို့ မလိုက်သင့်။ သူတို့သည် နောင်တမလွန်ဘဝကို မယုံကြည်ကြ။ သူတို့၏ ကျေးဇူးတော်သခင်နှင့် အခြားအရာများ တူညီသည်ဟု ထင်မှတ်ကြ၏။

Verse 151 — Surah Al-Anam 6:151

၁၅၁။ ဟောကြားလော့။ ဟယ်-အချင်းတို့ လာကြလော့။ အကျွနု်ပ်သည် သင်တို့အား သင်တို့၏ ကျေးဇူးတော်သခင် ပညတ်တော်မူသော သင်တို့၏ ဘာသာဝတ္တရားများကို ပြောပြမည်။ ထိုဝတ္တရား များမှာ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် ဖက်စပ်သူတစ်စုံတစ်ယောက်ကိုမျှ မထားရခြင်း၊ သင်တို့သည် မိဘနှစ်ပါးအား ကောင်းမှုပြုရခြင်း၊ သင်တို့သည် ဆင်းရဲ၍ မိမိရင်သွေးတို့ကို မသတ် ဖြတ်ရခြင်း၊ ငါအသျှင်မြတ်သည် သင်တို့နှင့်သူတို့ကို ရိက္ခာပေးသနားတော်မူ၏။ သင်တို့သည် တိတ်တဆိတ်သော်လည်းကောင်း၊ မျက်နှာပြောင်တိုက်၍သော်လည်းကောင်း၊ မတရားကာမမှုကို မချဉ်းကပ်ရခြင်းတို့ဖြစ်ကြ၏။ တရားသဖြင့်မှတစ်ပါး သင်တို့သည် အလ္လာဟ်အသျှင်မြတ် တားမြစ် တော်မူသော လူသား၏အသက်ကို မသတ်ရခြင်းလည်းဖြစ်၏။ သင်တို့သည် အသိအလိမ္မာရစိမ့် သောငှာ အသျှင်မြတ်သည် သင်တို့အား ဤကျင့်စဉ်ဥပဒေသကို ပြဌာန်းတော်မူ၏။

Verse 152 — Surah Al-Anam 6:152

၁၅၂။ ထို့ပြင် မိဘမဲ့ကလေးသူငယ်တို့သည် အချိန်အရွယ်ရောက်သည့်တိုင်အောင် သင်တို့သည် သူတို့၏ ပစ္စည်းများအနီးသို့ ၎င်းပစ္စည်းထက်သာသောပစ္စည်းနှင့်မှတစ်ပါး မချဉ်းကပ်ကြလင့်။ သင်တို့သည် တိုင်းထွာချိန်တွယ်သောအခါ တရားသောအတိုင်းအထွာ၊ အလေး၊ တင်းတောင်း၊ ချိန်ခွင် စသည်တို့နှင့် အပြည့်တိုင်းထွာချိန်တွယ်ပေးကြလော့။ မည်သည့်ဝိညာဉ်ကိုမှ ၎င်း၏အင်အားထက် ပိုသောဝန်ကို ငါပေးတော်မမူပေ။ အကယ်၍ သင်တို့သည် ဂတိထားလျှင် ထိုဂတိသည် မိမိတို့၏ ဆွေမျိုးနီးစပ်ကို နစ်နာစေမည်ဖြစ်သော်လည်း ထိုဂတိသစ္စာကို တည်ကြလော့။ အလ္လာဟ်အသျှင် မြတ်နှင့်ထားသည့် ပဋိညာဉ်ကိုလည်း စောင့်ထိန်းကြလော့။ သင်တို့သည် သတိတရားရစေခြင်းငှာ အလ္လာဟ်အသျှင်မြတ်သည် ဤကျင့်စဉ်တရားကို ပြဌာန်းတော်မူ၏။

Verse 153 — Surah Al-Anam 6:153

၁၅၃။ အသျှင်မြတ်က ဤကျင့်စဉ်သည် ငါ၏ ဖြောင့်မတ်မှန်ကန်သော လမ်းဖြစ်၏။ ထို့ကြောင့် ထိုလမ်းကို လိုက်ကြလော့။ အခြားလမ်းစဉ်များကို မလိုက်ကြလင့်။ သို့မှသာ သင်တို့သည် အသျှင်မြတ်၏ လမ်းတော်မှ လွဲမသွားရအောင် သင်တို့သည် အခြားလမ်းကို မလိုက်ကြလင့်။ သင်တို့သည် ဒုစရိုက်မှုများကို ကြည့်ရှောင်ဖို့ရာ အသျှင်မြတ်သည် ဤပညတ်တော်ကို ပြဌာန်းတော်မူ၏။

Verse 154 — Surah Al-Anam 6:154

၁၅၄။ လူသားတို့သည် မိမိတို့၏ ကျေးဇူးတော်သခင်ကို ဒိဌမျက်မြင် ဖူးမြော်ရမည်ကို ယုံကြည်စိမ့်သောငှာ ငါအသျှင်မြတ်သည် တမန်တော်မူဆာအား တောင်ရတ်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနား တော်မူ၏။ ထိုကျမ်းတော်မြတ်သည် သုစရိုက်မှုပွားများလိုသူတို့အဖို့ စုံလင်ပြည့်စုံ၏။ အရာခပ်သိမ်း တို့ကို ရှင်းလင်းဖော်ပြထား၏။ လမ်းညွှန်တစ်ပါးဖြစ်၏။ ကောင်းကြီးမင်္ဂလာတော်ကြီးတစ်ပါးလည်း ဖြစ်၏။

Verse 155 — Surah Al-Anam 6:155

၁၅၅။ ဤကျမ်းတော်သည် ငါအသျှင်မြတ် ထုတ်ပြန်ချပေးသနားတော်မူသော ကောင်းကြီးမင်္ဂလာအဖြာဖြာ နှင့် ပြည့်စုံလှသော ကုရ်အာန်ကျမ်းတော်ကြီးဖြစ်၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကိုရရှိစိမ့်သောငှာ ထိုကျမ်းတော်ကို လိုက်နာကြလော့။ ဒုစရိုက် မတရားမှု များကို ရှောင်ကြဉ်ကြလော့။

Verse 156 — Surah Al-Anam 6:156

၁၅၆။ သင်တို့သည် ကျမ်းတော်ကို အကျွနု်ပ်တို့ လူမဖြစ်မှီ လူမျိုးနှစ်မျိုးအားသာ ပေးသနားတော်မူ၏။ အကျွနု်ပ်တို့သည် သူတို့ရွတ်ဖတ်သောကျမ်းတော်များကို အမှန်ပင် မသိကြပေဟု မပြောနိုင်ရန်သော် လည်းကောင်း။

Verse 157 — Surah Al-Anam 6:157

၁၅၇။ သင်တို့သည် အကယ်၍ အကျွနု်ပ်တို့ထံသို့ ကျမ်းတော်တစ်စောင် ကျရောက်ပါလျှင် အကျွနု်ပ်တို့ သည် နည်းပြလမ်းညွှန်ခြင်းကို သူတို့ထက် သာလွန်လက်ခံယူကြပေမည်ဟု မဆိုနိုင်ရန်သော် လည်းကောင်း၊ ယခု သင်တို့ထံသို့ သင်တို့၏ ကျေးဇူးတော်သခင်ထံမှ လမ်းညွှန်ဖြစ်သော ကောင်းကြီးမင်္ဂလာတော်ဖြစ်သော ရှင်းလင်းသော သက်သေသာဓကတော် ကျရောက်လာပြီ။ အကြင် သူသည် အလ္လာဟ်အသျှင်မြတ်၏ နှုတ်ကပတ်တော်များကို မယုံကြည် ငြင်းပယ်၍ ကျောပေးသွား ၏။ ထိုသူပြုသည့်ပြစ်ထက် ကြီးလေးသောအပြစ်ကို ကျူးကျော်သူဘယ်သူနည်း။ သူတို့သည် ငါ အသျှင်မြတ်သည် သူတို့၏မနှစ်သက်ခြင်းကြောင့် ထိုနှုတ်ကပတ်တော်များကို ကျောပေးသွားသူတို့ အား အလွန်ဆိုးဝါးသောအပြစ်ဒဏ်ကို တပ်ရိုက်တော်မူ၏။

Verse 158 — Surah Al-Anam 6:158

၁၅၈။ ကောင်းကင်တမန်တော်များ သူတို့ထံသို့လာခြင်းကိုသော်လည်းကောင်း၊ သင်၏ကျေးဇူးတော် သခင်ကိုယ်တိုင်တော် ကြွလာတော်မူခြင်းကိုလည်းကောင်း၊ သင်၏ ကျေးဇူးတော်သခင်ထံမှ အံ့ဖွယ် တစ်ပါးပါး ကျရောက်လာခြင်းကိုသော်လည်းကောင်း၊ ဤအရာများ တစ်ပါးပါးထက် မသေးသိမ် သောအရာကို သူတို့ စောင့်ငံ့နေကြသလော။ သင်၏ အသျှင်သခင်အထံတော်မှ အံ့ဖွယ်တစ်ပါးပါး ရောက်လာသောနေ့တော်ကြီး၌ ထိုအံ့ဖွယ်ကို ယုံကြည်ခြင်းသည် ထိုအချိန်ကာလအထိ မယုံကြည် သေးသော ဝိညာဉ်ကို အကျိုးတစ်စုံတစ်ခုမှ မပေးပေ။ ထိုယုံကြည်မှုကြောင့် အကျိုးမရပေ။ ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့ စောင့်ဆိုင်းနေကြသလော။ မှတ်သားကြလော့။ အကျွနု်ပ်လည်း ဆိုင်းငံ့နေကြ၏။

Verse 159 — Surah Al-Anam 6:159

၁၅၉။ မှတ်သားကြလော့။ အကြင်သူတို့သည် မိမိတို့ဘာသာအယူဝါဒကို အကွဲကွဲအပြားပြားပြု၍ ဂိုဏ်းဂဏ များ ထောင်ကြ၏။ သင်သည် ထိုသူတို့နှင့် လုံးဝမသက်ဆိုင်ပေ။ သူတို့အမှုသည် အလ္လာဟ်အသျှင် မြတ် ရှေ့တော်သို့ ရောက်ရလိမ့်မည်။ ထိုအခါ အသျှင်မြတ်သည် သူတို့ပြုကျင့်လေ့ရှိကြသည်ကို မိန့်ကြားတော်မူလိမ့်မည်။

Verse 160 — Surah Al-Anam 6:160

၁၆၀။ အကြင်သူသည် ကုသိုလ်ကောင်းမှုတစ်ခုကို ယူဆောင်လာအံ့။ ထိုသူသည် ထိုကောင်းမှု၏ ဆယ်ဆ အကျိုးသုခကို ခံစားရလိမ့်မည်။ သို့သော် အကြင်သူသည် အကုသိုလ်မကောင်းမှုတစ်ခုကို ယူလာအံ့။ ထိုသူသည် ၎င်းမကောင်းမှုနှင့်ညီမျှသောအပြစ်ဒုက္ခကိုသာ ခံစားရမည်။ သူတို့သည် မတရားပြုခြင်းကို ခံရမည်မဟုတ်ပေ။

Verse 161 — Surah Al-Anam 6:161

၁၆၁။ ဟောကြားလော့။ မှတ်သားကြလော့။ အကျွနု်ပ်မှာမူကား မိမိ၏ကျေးဇူးတော်သခင်သည် ဖြောင့်မတ် မှန်ကန်သောတရားလမ်းတော်သို့ ပို့ဆောင်တော်မူပြီး ထိုလမ်းတော်ကြီးသည် မှန်ကန်သော သာသနာတော်ဖြစ်၏။ ဆင်းတုရုပ်ပွား မကိုးကွယ်သော ဖြောင့်မတ်တည်ကြည်သော တမန်တော် အီဗရာဟီမ်၏ ဘာသာအယူဝါဒဖြစ်၏။

Verse 162 — Surah Al-Anam 6:162

၁၆၂။ ဟောကြားလော့။ မှတ်သားကြလော့။ အကျွနု်ပ်၏ ဝတ်ပြုခြင်း အကျွနု်ပ်၏ စွန့်စားခြင်း၊ အကျွနု်ပ်၏ အသက်ရှင်ခြင်း၊ အကျွနု်ပ်၏ အသက်သေခြင်း စသည်တို့သည် စကြာဝဠာအားလုံး၏ အသျှင်သခင် အလ္လာဟ်အသျှင်မြတ်အဖို့သာလျှင် ဖြစ်၏။

Verse 163 — Surah Al-Anam 6:163

၁၆၃။ အသျှင်မြတ်၌ ဖက်စပ်သူမရှိပေ။ ဤအကြောင်းကို ကျွနု်ပ်အား ပြဌာန်း၏။ အကျွနု်ပ်သည် အသျှင် မြတ်အား ယုံကြည်ကျိုးနွံသူတို့ဘောင်တွင် ထိပ်ကပါဝင်၏။

Verse 164 — Surah Al-Anam 6:164

၁၆၄။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် အရာအားလုံးတို့၏ အသျှင်သခင်ဖြစ်တော်မူလျက် အကျွနု်ပ်သည် အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားဘုရားကို ရှာဦးမည်လော။ ဝိညာဉ်တိုင်းသည် မိမိပြုကျင့်မှုကောင်းကျိုး၊ ဆိုးပြစ်ကိုသာ ခံစားကြ၏။ မိမိဝန်ထုပ်၊ ဝန်ပိုးကို ထမ်းရွက်နေရသူသည် သူတစ်ပါး၏ ဝန်ထုပ်ကို ကူ၍ထမ်းနိုင်မည်မဟုတ်ပေ။ နောက်ဆုံးစွန်၌ သင်တို့သည် မိမိတို့၏ ကျေးဇူးတော်သခင် အလ္လာဟ်အသျှင်မြတ်ထံ ပြန်ကြရမည်သာတည်း။ ထိုအခါ အသျှင်မြတ်သည် သင်တို့အား သင်တို့ကွဲပြားခြားနားချက်ကို မိန့်တော်မူလိမ့်မည်။

Verse 165 — Surah Al-Anam 6:165

၁၆၅။ အသျှင်မြတ်သည် သင်တို့အား မိမိ၏ကိုယ်စားလည်း ရာထူးများ၌ ကမ္ဘာမြေကြီးပေါ်ဝယ် ခန့်ထား တော်မူ၏။ သင်တို့အနက် အချို့သောသူတို့ကို အခြားသူများထက် အဆင့်အတန်း မြင့်စေတော်မူ၏။ အသျှင်မြတ်သည် သင်တို့အား မိမိပေးသနားတော်မူသော ကောင်းချီးမင်္ဂလာတော်တို့ဖြင့် စုံစမ်း တော်မူ၏။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် အပြစ်ဒဏ်ခတ်ရာ၌ မြန်တော်မူ၏။ မှတ်သားကြလော့၊ အသျှင်မြတ်သည် အပြစ်လွှတ်တော်မူ၏။ ကောင်းကြီးမင်္ဂလာ ပေးသနားတော်မူ၏။