Back to Languages

Burmese - Chapter 61 - As-Saf

Translation by Ba Sein — Permalink

Verse 1 — Surah As-Saf 61:1

၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ရှိရှိသမျှအရာခပ်သိမ်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော် ကျေးဇူးတော်ကို ချီးကျူးတသကြ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတရွှေဉာဏ်တော်ရှင် ဖြစ်တော်မူ၏။

Verse 2 — Surah As-Saf 61:2

၂။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိမိတို့မပြုလုပ်သောအရာများကို ပြုလုပ်လေဟန်အဘယ်ကြောင့် ပြောဆိုကြသနည်း။

Verse 3 — Surah As-Saf 61:3

၃။ အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ယင်းကဲ့သို့မပြုလုပ်ပဲလျက် ပြုလုပ်လေဟန်ပြောဆိုသောစကားရပ်များသည် အလွန်မနှစ်မြို့စက်ဆုတ်ဖွယ်ရာဖြစ်၏။

Verse 4 — Surah As-Saf 61:4

၄။ အလ္လာဟ်အရှင်မြတ်သည် အရှင်၏ သာသနာတော်ရေးအတွက် အလွန်ထူထဲခိုင်ခန့်သောမြို့ရိုးတံတိုင်းကဲ့သို့ ခိုင်ခန့်မြဲမြံစွာရပ်တန့်လျက် စစ်တိုက်ခိုက်ကြသူတို့ကို အမှန်မြတ်နိုးတော်မူ၏။

Verse 5 — Surah As-Saf 61:5

၅။ အို-တမန်တော်၊ တမန်တော်မူစာ၏ အကြောင်းကို သင်သတိရလော့၊ တမန်တော်မူစာသည် မိမိအမျိုးသား တို့အား ဟယ်-အချင်းတို့၊ အကျွနု်ပ်တို့သည် သင်တို့ထံ အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော တမန်တော်စင်စစ်ဖြစ်ကြောင်းကို သင်တို့တပ်အပ် သေချာသိကြလျက် သင်တို့သည် အကျွနု်ပ်ကို အဘယ်ကြောင့်နှိပ်စက် ကြသနည်း၊ ထို့ကြောင့်သူတို့သည် မိစ္ဆာလမ်းကို လိုက်သွားသောအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးကို လမ်းလွဲသွားစေတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်မှုတွင် နစ်မြုပ်သူတို့ကို လမ်းပြတော် မမူချေ။

Verse 6 — Surah As-Saf 61:6

၆။ အို-တမန်တော်၊ မရ်ယမ်၏ သားတမန်တော်အီစာအကြောင်းကို သင်သတိရလော့၊ သူဟောပြောသည်မှာ အေ-အစ္စာအီလ်အမျိုးသားအပေါင်းတို့၊ အကျွနု်ပ်ကား သင်တို့ကို တရားဓမ္မသွန်သင်ဟောပြောရန် အလ္လာဟ် အရှင်မြတ်စေလွှတ်တော်မူသော တမန်တော်စစ်စစ်တည်း၊ အကျွနု်ပ်မပွင့်မီ အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းချပေး သနားတော်မူသော တောင်ရသ်ကျမ်းတော်ပါ တရားဒေသနာများ မှန်ကန်ကြောင်းကို ထောက်ခံသောအရှင်မြတ်၏ တမန်တော်မှာ အကျွနု်ပ်စင်စစ်ဖြစ်၏၊ ထို့အပြင်အကျွနု်ပ်သည် အကျွနု်ပ်မရှိသည့်နောက် တမန်တော်တစ်ပါး ပွင့်ဦးမည့်အကြောင်း သတင်းကောင်းကို ယူဆောင်လာသူလည်းဖြစ်၏၊ ထိုတမန်တော်သစ်၏ နာမတော်မှာ အဟမ္မတ်(ဒ်)ဖြစ်၏၊ သ့ေို သာ ဤတမန်တော်သည် အလွန်ထင်ရှားကျော်ဇောသော သက်သေခံချက်များနှင့် ပွင့်လာသောအခါ သူတို့က ဤအရာသည် ပယောဂဆရာတို့၏ လှည့်ပတ်ခြင်းသာတည်းဟု ဆိုကြ၏။

Verse 7 — Surah As-Saf 61:7

၇။ အလ္လာဟ်အရှင်မြတ်အား မဟုတ်မမှန် လုပ်ကြံစွပ်စွဲသော သူတို့ထက် သာလွန်ဆိုးယုတ်သော ဒုစရိုက်ကောင်သည် အဘယ်မှာလျှင်ရှိတော့အံ့နည်း၊ အရှင်မြတ်သည် လူသားတို့အား အစ္စလာမ်တရားတော်သို့ ခေါ်တော်မူ၏၊ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်ကောင်များအား လမ်းပြတော်မမူချေ။

Verse 8 — Surah As-Saf 61:8

၈။ ထိုသူယုတ်မာတို့သည် အလ္လာဟ်အရှင်မြတ်၏ ရောင်ခြည်တော်ကို မိမိတို့ ခံတွင်းလေဖြင့် မှုတ်၍ ငြိမ်းစဲစေလိုသော ဆန္ဒရှိကြ၏၊ သို့သော် မိစ္ဆာဒိဋ္ဌိတို့သည် အဘယ်ပင် မလိုမုန်းတီးသော်လည်း အရှင်မြတ်သည် မိမိအလင်းရောင် တော်ကို ပြည့်ပြည့်စုံစုံထွန်းလင်းတောက်ပစေတော်မူလိမ့်မည်။

Verse 9 — Surah As-Saf 61:9

၉။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်ကို လမ်းညွှန်တော်၊ မှန်ကန်သော သာသနာတော်နှင့်တကွ စေလွှတ်တော်မူ၏၊ သို့စေလွှတ်တော်မူသည်မှာ အရှင်မြတ်သည် အစ္စလာမ်သာသနာတော်ကြီးကို ဘာသာအမျိုးမျိုးတို့ အပေါ်၌ လွှမ်းမိုးစေရန် အလို့ငှာ ဖြစ်၏၊ မိစ္ဆာဒိဋ္ဌိတို့သည် ဘယ်လိုပင် မနှစ်သက်မုန်းတီးသော်လည်း သာသနာတော်ကြီးအောင်နိုင်ရမည်သာတည်း။

Verse 10 — Surah As-Saf 61:10

၁၀။ အို-ယုံကြည်သူအပေါင်းတို့၊ ငါသည် သင်တို့အား ပြင်းပြ နာကျင်ဖွယ်ရှိသောအပြစ်ဒဏ်မှ ကယ်နှုတ်မည့်ရောင်း ဝယ်ဖောက်ကားမှုကို ပြသတော်မူရမည်လော။

Verse 11 — Surah As-Saf 61:11

၁၁။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ယုံကြည်ကြလော့၊ မိမိတို့စည်းစိမ်များအားဖြင့် အလ္လာဟ်အရှင်မြတ်ဘက်တော်၌ အစွမ်းကုန်ကြိုးစားအားထုတ်ကြလော့၊ ယင်းပြုကျင့်မှုသည် သင်တို့အဖို့အရာ အလွန်ကောင်းမြတ်၏၊ သင်တို့သိလျှင် တော်လေစွ။

Verse 12 — Surah As-Saf 61:12

၁၂။ အရှင်မြတ်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူ၍ သင်တို့ကို နိဗ္ဗာန်ဥယျာဉ်တော်များအတွင်းသို့ ယူဆောင်လာတော်မူလိမ့်မည်၊ ထိုဥယျာဉ်တော်များအောက်၌ ကြည်လင်အေးမြသော စိမ့်စိမ်ရေမြောင်းတို့လည်း အယဉ်အထွေထွေ စီးဆင်းလျက်ရှိကြ၏၊ တင့်တယ်လှပသောဘုံဗိမာန်များလည်းရှိကြ၏၊ နိဗ္ဗာန်ဝင်ရခြင်းကား အောင်မြင်ခြင်းအပေါင်းတို့၏ အထွဋ်အထိပ်ဖြစ်ချေ၏။

Verse 13 — Surah As-Saf 61:13

၁၃။ ထို့အပြင်သင်တို့အား သင်တို့နှစ်သက်မြတ်နိုးသောကောင်းကြီးမင်္ဂလာတစ်ပါးကိုလည်း ချပေးသနားတော်မူလတံ့၊ ထိုဆုတော်မှာမူကား အလ္လာဟ်အရှင်မြတ်၏ စောင်မတော်မူခြင်းနှင့် ယခုအောင်နိုင်အရေးသာခြင်းတို့ဖြစ်၏၊ အေ-တမန်တော်၊ ယုံကြည်သူတို့အား သတင်းကောင်းကို သင်ပေးလော့။

Verse 14 — Surah As-Saf 61:14

၁၄။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မရ်ယမ်၏သား တမန်တော်အီစာ၏ အသင်းသားကဲ့သို့ အလ္လာဟ်အရှင်မြတ်အား ကူညီသူများဖြစ်ကြစေကုန်၊ တမန်တော်အီစာသည် မိမိတပည့်သာဝကတော်တို့အား အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အတွက် ငါ့အား စောင်မမည့်သူအဘယ်သူနည်းဟု မေးရာ တပည့်သာဝကတော်တို့က အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ထောက်ပံ့သူဖြစ်ပါသည်ဟု ဆိုကြကုန်၏၊ ထို့နောက် အစ္စရာအီလ် အမျိုးသားအချို့အဝက်သည် ယုံကြည်ကြ၏၊ ကျန်အမျိုးသားတို့မူကား မယုံကြည်ကြချေ၊ သို့ဖြစ်၍ ငါသည် ယုံကြည်သူတို့အား အင်အားဖြည့်တင်းတော်မူ၏၊ ထို့ကြောင့်သူတို့သည် မိမိတို့ရန်သူများကို နှိမ်နင်းအောင်မြင်ကြ၏၊