Verse 1 — Surah At-Talaq 65:1
၁။ အို- တမန်တော်၊ သင်တို့သည် မယားမိန်း မများကို ကွာရှင်းသောအခါ စောင့်ဆိုင်နေရသော ရက်ကာလကုန်မှသာ ကွာရှင်းကြလော့၊ ထိုအချိန်ကာလကို မှန်ကန်စွာ ရေတွက်ကြလော့၊ သင်တို့၏ အသက်သခင် ကျေးဇူးရှင်ကြီး အလ္လာဟ်အရှင်၏ အမှုတော်ကို ထမ်းဆောင်ကြလော့၊ ထိုမိန်းမများကို ၄င်းအချိန်အတွင်း အိမ်မှနှင်မထုတ် ကြလင့်၊ သူတို့အလိုအလျောက်ထွက်ခွာသွားလိုလျှင် သွားခွင့်မပေးကြလင့်၊ သို့သော် ထိုမိန်းမများသည် ကာမပြစ်မှုကျူးလွန်ခဲ့လျှင် သူတို့ကို နှင်ထုတ်ခွင့်ရှိ၏၊ ဤဥပဒေသများသည် အလ္လာဟ်အရှင်မြတ်ပြဌာန်းတော် မူသောပညတ်တော်ဖြစ်၏၊ အကြင်သူသည် ဤပညတ်တော်ကိုကျူးလွန်အံ့၊ ထိုသူသည် မိမိဝိညာဉ်ကို မိမိ ဧကန်အမှန်ပြစ်မှားသူဖြစ်၏၊ ယင်းကဲ့သို့ လင်မယား ကွာရှင်းပြီးနောက် အလ္လာဟ်အရှင်မြတ်သည် သူတို့နှစ်ဦးစပ် ကြား မည်သည့်အခြေအနေသစ်ကို စီရင်တော်မူမည်ကို သင်တမန်တော်မသိနိုင်ချေ။
Verse 2 — Surah At-Talaq 65:2
၂။ ထိုစောင့်အပ်သော အချိန်ကို ကုန်လွန်သောအခါ ထိုမိန်းမများအား သနားကြင်နာခြင်းနှင့်ပြန်ပေါင်းကြလော့၊ သို့မဟုတ် သနားကြင်နာခြင်းနှင့် ခွဲခွာကြလော့၊ ယင်းသို့ပြုသောအခါ သင်တို့အထဲမှ သစ္စာသမာဓိရှိသူနှစ်ဦးကို အသိသက်သေအဖြစ်ဖြင့် ခေါ်ကြလော့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ကို ထောက်၍ ဖြောင့်မှန်စွာသက်သေခံကြလော့၊ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံုးနေ့တော်ကြီးကို ယုံကြည်သူတို့အား ယင်းသို့ကျင့်ဆောင်ရန် ဆုံးမသွန်သင်တော်မူ၏၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အား ပြုအပ်သောဝတ္တရား ကို စောင့်ထိန်းအံ့၊ ထိုသူအတွက် အလ္လာဟ်အရှင်မြတ်သည် ထွက်မြောက်ရာလမ်းကို စီရင်ပေးသနားတော်မူ လိမ့်မည်။
Verse 3 — Surah At-Talaq 65:3
၃။ ထိုအပြင် ထိုသူ မမျှော်လင့်သောဘက်မှ ကျေးဇူးတော်ကို ချပေးသနားတော်မူလိမ့်မည်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အား ယြုံကည်ကိုးစားအံ့၊ ထိုသူအတွက် အရှင်မြတ်သည် လုံလောက်တော်မူမည်၊ အလ္လာဟ်အရှင်မြတ် သည် မိမိအမိန့်တော်ကိုအမှန်ပင် တည်စေတော်မူ၏၊ စင်စစ်အားဖြင့် အရှင်မြတ်သည် အရာခပ်သိမ်းတို့ အတွက် သင့်လျော်သော အတိုင်းအထွာကို စီရင်ထားတော်မူ၏။
Verse 4 — Surah At-Talaq 65:4
၄။ သင်တို့၏ ဇနီးမိန်းမများသည် အရွယ်လွန်သွေးဆုံး၍ စောင့်ဆိုင်းရသော ရက်ပိုင်းမှန်မမှန်ကို သင်တို့စိတ်၌ ယုံမှားသံသယရှိလျှင် ထိုမိန်းမတို့၏ ရက်ပိုင်းသည် တရံတဆစ်မျှ ရာသီပန်းမပွင့်ဖူးသော သတို့သမီးတို့ ရက်ပိုင်း နှင့်အတူ သုံးလဖြစ်စေရမည်၊ ကိုယ်ဝန်ဆောင်မိန်းမတို့၏ ရက်ပိုင်းမှာမူကား ၄င်းတို့၏ ဝမ်းဗိုက်တွင်း၌ လွယ်ထားသော သူငယ်မွေးဖွားသည့် တိုင်အောင်ဖြစ်စေရမည်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အမှုတော် ကို ထမ်းဆောင်၏၊ အရှင်မြတ်သည် ထိုသူတို့၏ လုပ်ရေးဆောင်တာများကို လွယ်ကူစေတော်မူလိမ့်မည်။
Verse 5 — Surah At-Talaq 65:5
၅။ ဤပညတ်တော်သည် အလ္လာဟ်အရှင်မြတ်က သင်တို့ထံ ချပေးသနားတော်မူသောနှုတ်ကပတ်တော်ဖြစ်၏၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်အံ့၊ အရှင်မြတ်သည် ထိုသူ၏ အပြစ်များကို ခွင့်လွှတ်တော်မူ၍ ထိုသူအတွက် ဆုတော်ကို ကြီးမားစေတော်မူလိမ့်မည်။
Verse 6 — Surah At-Talaq 65:6
၆။ အို-ကာမပိုင်ယောကျာ်းအပေါင်းတို့၊ ကွာရှင်းပြီးသောဇနီးမိန်းမတို့အား သူတို့၏ စောင့်ဆိုင်းရသောရက်ပိုင်း အတွင်း သင်တို့သည် မိမိပစ္စည်းဥစ္စအင်အားအတိုင်း နေထိုင်ကြသော အဆောက်အဦးတွင် ထားကြလော့၊ သူတို့စိတ်ဆင်းရဲရအောင် မနှောင့်ယှက်ကြကုန်လင့်၊ အကယ်၍ ၄င်းမိန်းမတို့သည် ကိုယ်ဝန်ဆောင်ခဲ့မူ ထို မိန်းမတို့အား သားမွေးဖွားသည့် တိုင်အောင် စားရေရိက္ခာထောက်ပံ့ကြလော့၊ ၄င်းတို့သည် သာမွေးဖွားပြီးနောက် မွေးသောသားကို နို့ချိုတိုက်ကျွေးပါမူ ထိုမိန်းမတို့ကို ထိုက်သင့်သော နို့ဖိုးပေးကြလော့၊ ထိုမိန်းမတို့နှင့် သင်တို့ တိုင်ပင် နှီးနှောကြလော့၊ အကယ်၍သင်တို့သည် မညီမညွတ် သဘောတူညီချက်ကို မရနိုင်လျှင် အခြားနို့သည် တစ်ယောက်အား ရှာဖွေ၍ ကလေးကို နို့ကျွေးစေကြလော့။
Verse 7 — Surah At-Talaq 65:7
၇။ လင်ကွာမိန်းမတို့အား ပေးကမ်းရာ၌ ဥစ္စာကြွယ်ဝသော ယောကျာ်းသည် မိမိဥစ္စာ ကြွယ်ဝသည့်အလျောက် ပေး ကမ်းလော့၊ ဆင်းရဲနွမ်းပါးသူလည်း မိမိဥစ္စာအင်အားအလျောက် ထောက်ပံ့လော့၊ အလ္လာဟ်အရှင်မြတ်သည် မည်သူထံမှ အရှင်မြတ်ပေးသနားတော်မူသောဥစ္စာမှတပါး အခြားဥစ္စာကို တောင်းတော်မမူချေ၊ အလ္လာဟ်အရှင် မြတ်သည် ဆင်းရဲဒုက္ခနောက်၊ ချမ်းသာသုခကို ပေးသနားတော်မူလိမ့်မည်။
Verse 8 — Surah At-Talaq 65:8
၈။ များစွာသောလူမျိုးတို့သည် မိမိတို့၏ အရှင်သခင်နှင့် အရှင်မြတ်၏ တမန်တော်တို့ကို တော်လှန်ကြ၏၊ ငါသည် ထိုသူယုတ်မာတို့အား ပြင်းပြင်းထန်ထန်စစ်ကြောတော်မူ၍ ကြီးမားသောအပြစ်ဒဏ်ကို ပေးတော်မူ၏။
Verse 9 — Surah At-Talaq 65:9
၉။ ထို့ကြောင့်သူတို့သည် မိမိတို့ပြုကျင့်မှု၏ မကောင်းကျိုးများကို မြည်းကြရ၏၊ သူတို့အပြုအမူ၏ အကျိုးကား ဆုံးရှုံးခြင်းဖြစ်၏။
Verse 10 — Surah At-Talaq 65:10
၁၀။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အဖို့အရာ ပြင်းပြသောအပြစ်ဒဏ်ကို အသင့်ပြင်ဆင်ထားတော်မူပြီ၊ ထို့ကြောင့် အေ-အသိအလိမ္မာရှင်တို့၊ အေ-ယုံကြည်သူတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား ပြုအပ်သောဝတ္တရားကို စောင့်ထိန်းကြလော့၊ ယခုအလ္လာဟ်အရှင်မြတ်သည် သင်တို့ထံသို့ သတိပေးကျမ်းတော်ကို ချပေးတော်မူပြီ။
Verse 11 — Surah At-Talaq 65:11
၁၁။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်တစ်ပါးသည် အရှင်မြတ်၏ ရှင်းလင်းထင်ရှားသောနှုတ်ကပတ်တော်များကို သင်တို့ရှေ့မှောက်၌ ဖတ်ရွတ်ဟောကြား၏၊ သို့ဟောကြားသည်မှာ ယုံကြည်၍ ကောင်းမှုများပြုသူတို့အား အမှောင်ထုမှ အလင်းရောင်သို့ ထုတ်ဆောင်ရန်အလို့ငှာဖြစ်၏၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်အားယုံကြည်၍ ကောင်းမှုပွားများအံ့၊ သူအား အရှင်မြတ်သည် နိဗ္ဗာန်ဥယျာဉ်တော်များအတွင်းသို့ သွင်းတော်မူ လိမ့်မည်၊ ထိုဥယျာဉ်တော်များအောက်၌ မြစ်ချောင်းအသွယ်သွယ်စီးဆင်လျက်ရှိကြ၏၊ သူသည် နိဗ္ဗာန်ဥယျာဉ် တော်များအတွင်း အစဉ်အမြဲနေထိုင်ရလိမ့်မည်၊ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူအတွက် မွန်မြတ်သောစည်းစိမ်ချမ်းသာကို အသင့်စီရင်ထားတော်မူ၏။
Verse 12 — Surah At-Talaq 65:12
၁၂။ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်ဘုံခုနစ်ထပ်ကို ဖန်ဆင်းတော်မူ၏၊ ပထဝီမြေကြီးကိုလည်း ထိုနည်းတူ ခုနစ်ထပ်ဖန်ဆင်းတော်မူ၏၊ ထိုမိုးမြေ၏ အလယ်ကြားကို ဖြတ်သန်း၍ အရှင်မြတ်၏ အမိန့်တော်သည် ဆင်း သက်လာ၏၊ ဤသို့သက်ဆင်းရခြင်းအကြောင်းရင်းမူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူကြောင်းနှင့် အရာခပ်သိမ်းတို့ကို ဉာဏ်တော်နှင့် ဝိုင်းဝန်းထားတော်မူကြောင်းကို သင်တို့သိရန် အလို့ငှာဖြစ်၏။