Back to Languages

Burmese - Chapter 66 - At-Tahrim

Translation by Ba Sein — Permalink

Verse 1 — Surah At-Tahrim 66:1

၁။ အို-တမန်တော်၊ အလ္လာဟ်အရှင်မြတ်သည် သင်၏အဖို့အရာ တရားဝင်ခွင့်ပြုထားတော်မူသော အရာကို သင်သည် မိမိဇနီးများ နှစ်သိမ့်စေခြင်းငှာ အဘယ်ကြောင့် တရားမဝင်သည် ဟူ၍ တားမြစ်သနည်း၊ သို့သော် အလ္လာဟ်အရှင် မြတ်သည် အဖန်တလဲလဲ အပြစ်လွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။

Verse 2 — Surah At-Tahrim 66:2

၂။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အဖို့အရာ မိမိတို့ ကျိန်ဆိုမှုများကို ချေဖျက်နိုင်ရန် ခွင့်ပြုတော်မူပြီ၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို ကာကွယ်သော အရှင်ဖြစ်တော်မူ၏၊ အရှင်မြတ်သည် သိတော်မူသောအရှင်၊ ဉာဏ်ပညာရှိတော်မူသောအရှင်ဖြစ်တော်မူ၏။

Verse 3 — Surah At-Tahrim 66:3

၃။ တမန်တော်သည် မိမိ၏ ဇနီးမိန်းမများ အနက် တစ်ဦးအား အကြောင်းတစ်ခုကို တိတ်တဆိတ် လျှို့ဝှက်စွာပြောဆို ထားတော်မူရာ ထိုမိန်းမသည် ထိုနှုတ်ပိတ်စကားကို အခြားကြင်ယာတော်တစ်ဦးအား ဖွင့်လှစ်ပြောဆို၏၊ ထိုပြောဆိုခြင်းကို အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်အား သိစေတော်မူ၏၊ တမန်တော်လည်း ထို အကြောင်းအချို့အဝက်ကို မိမိဇနီးအား မိန့်တော်မူ၏၊ ကျန်အကြောင်းကို မပြောပဲ ထားတော်မူ၏၊ ထို့နောက် တမန်တော်သည် သက်ဆိုင်ရာဇနီးမိန်းမအား ၄င်း၏ နှုတ်မလုံကြောင်းကို မိန့်တော်မူသောအခါ ကြင်ယာတော်က သခင်အား ဤအကြောင်းကို မည်သူပြောကြားပါသနည်းဟု မေး၏၊ တမန်တော်က ခပ်သိမ်းကုန်သောအရာ တို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ငါ့အား ဗျာဒိတ်ပေးတော်မူ၏ဟု ဆိုတော်မူ၏။

Verse 4 — Surah At-Tahrim 66:4

၄။ အို-တမန်တော်၏ ကြင်ယာတော်နှစ်ယောက်၊ အကယ်၍ သင်ရှင်မတို့သည် အလ္လာဟ်အရှင်မြတ်ထံ ဝန်ချ တောင်းပန်လျှင် သင်တို့အဖို့အရာ လွန်စွာကောင်းမြတ်ခြင်းရှိ၏၊ သင်တို့၏ စိတ်နှလုံးသည် ထိုသို့ပြုလုပ်ရန် မုချဧကန်လိုလားကြ၏၊ သို့သော် အကယ်၍ သင်တို့နှစ်ယောက်သည် တမန်တော်နှင့် ဆန့်ကျင်ဖို့ရာ တစ်ယောက်ကို တစ်ယောက်အားပေး ကူညီကြလျှင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်ကို ကာကွယ်တော်မူသည့် အဆွေတော်ဖြစ်တော်မူ၏၊ ထို့အပြင် ကောင်းကင်တမန်မင်းကြီး ဂျီဗရာအီလ်နှင့် ယုံကြည်သူများ အနက် သီလသမာဓိ ရှိသူတိုင်းပင် တမန်တော်ကို ကူညီကြလိမ့်မည်၊ ထိုအပြင် ထိုကောင်းကင်တမန်တို့သည်လည်း တမန်တော်ကို ကူညီသူများ ဖြစ်ကြ၏။

Verse 5 — Surah At-Tahrim 66:5

၅။ တမန်တော်သည် အကယ်၍ သင်ရှင်မတို့ကို ကွာရှင်းခဲ့သော်၊ အလ္လာဟ်အရှင်မြတ်သည် တမန်တော်အား သင်တို့အစား သင်တို့ထက်သာလွန် ထွဋ်မြတ်သောအခြားမိန်းမတို့ကို ပေးသနားတော်မူလိမ့်မည်၊ သူတို့သည် အရှင်မြတ်အား ကျိုးနွံသောမိန်းမများ၊ ယုံကြည်သောမိန်းမများ၊ တရားကြည်ညိုသောမိန်းမများ၊ သတိသံဝေဂ ရသောမိန်းမများ၊ ဥပုသ်သီလ ဆောက်တည်လိုသော မိန်းမများဖြစ်ကြ၏၊ သူတို့သည် မုဆိုးမသော်လည်းကောင်း အပျိုစစ်သော်လည်းကောင်းဖြစ်ကြ၏။

Verse 6 — Surah At-Tahrim 66:6

၆။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိမိကိုယ်နှင့် အိမ်သူအိမ်သား သားမယားတို့ကို အဝီစိငရဲဘေးနှင့် ကင်းဝေးအောင် ကြဉ်ရှောင်ကြလော့၊ ထိုငရဲမီး၏ ထင်းများကား လူနှင့်ကျောက်ခဲများဖြစ်ကြ၏၊ ထိုငရဲကို အလွန်ခက်ထန်သော ကောင်းကင်တမန်တော်တို့အား ကြီးကြပ်စေတော်မူ၏၊ ထိုတမန်တော်တို့သည် အလ္လာဟ် အရှင်မြတ်၏ ဗျာဒိတ်အမိန့်တော်ကို ဖီဆန်ကြသည်မဟုတ်၊ အမိန့်တော်အတိုင်း လိုက်နာဆောင်ရွက်သူများ ဖြစ်ကြ၏။

Verse 7 — Surah At-Tahrim 66:7

၇။ ဟယ်-မိစ္ဆာဒိဋ္ဌိတို့၊ နင်တို့သည် ယနေ့မှ နင်တို့အပြစ်လွှတ်ရန် မချေဆိုကြလင့်၊ နင်တို့အား နင်တို့ပြုကျင့်ခဲ့သော မကောင်းမှု၏ အကျိုးကိုသာ ပေးခြင်းဖြစ်၏ဟု မိန့်တော်မူလိမ့်မည်။

Verse 8 — Surah At-Tahrim 66:8

၈။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် လှိုက်လှိုက်လှဲလှဲ သတိသံဝေဂရ၍ အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ လှည့်ကြလော့၊ သင်တို့၏ အရှင်သည် သင်တို့၏ အပြစ်များကို လွှတ်တော်မူ၍ သင်တို့ကို မြစ်ချောင်းအယဉ် အထွေထွေစီးဆင်းလျက်ရှိသော နိဗ္ဗာန်ဥယျာဉ်တော် အတွင်းသို့ သွင်းတော်မူကောင်းသွင်းတော်မူလိမ့်မည်၊ တရား စီရင်တော်မူသောနေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်နှင့်တကွ ယုံကြည်သူတို့ကို အရှက်တကွဲနှိမ့်ချတော်မူမည်မဟုတ်၊ ထိုသူတို့၏ အလင်းရောင်သည် ထိုသူတို့၏ရှေ့ကသော်လည်းကောင်း၊ လကျင်္ာဘက်ကသော်လည်းကောင်း၊ ကွန့်မြူးပျံသန်းလျက်ရှိနေလိမ့်မည်၊ ထိုအခါသူတို့က လျှောက်ကြရမည်မှာ အို-အကျွနု်ပ်တို့၏ အရှင်သခင်၊ အကျွနု်ပ်တို့အတွက် အကျွနု်ပ်တို့၏ အလင်းရောင်ကို စုံလင်စေတော်မူပါ၊ အကျွနု်ပ်တို့ကို အပြစ်လွှတ်တော်မူပါ၊ အရှင်သည် အရာရာကို ပြုစွမ်းနိုင်တော်မူပါ၏။

Verse 9 — Surah At-Tahrim 66:9

၉။ အို-တမန်တော်၊ မိစ္ဆာဒိဋ္ဌိနှင့် ယုံကြည် ဟန်ဆောင်သူတို့ကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်လော၊့ သူတို့ အပေါ်တွင် ရှုတင်း၍ ခက်ထန်လော့၊ သူတို့နေရာဌာနသည် အဝီစိငရဲဖြစ်၍ အလွန် ယုတ်ညံ့သောခရီးဆုံးဖြစ်၏။

Verse 10 — Surah At-Tahrim 66:10

၁၀။ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာ ဒိဋ္ဌိတို့အား တမန်တော်နူဟို၏ ဇနီး မိန်းမနှင့် တမန်တော်လွဒ် တို့၏ ဇနီးမိန်းမတို့ကို ပမာတင်၍ မိန့်တော်မူသည်မှာ ထိုမိန်းမနှစ်ယောက်တို့သည် ငါချီးမြှင့်မြှောက်စားတော်မူသောသူမွန်သူမြတ် တို့၏ ကြင်ဘက်တော်များတည်း၊ သို့သော်ထိုမိန်းမတို့၏ လင်ယောကျာ်းသည်တို့သည် သူတို့ကို အလ္လာဟ်အရှင် မြတ်၏ အပြစ်တော်မှ မကယ်နိုင်ကြချေ၊ ထိုမိန်းမတို့အား မိန့်တော်မူသည်ကား ဟယ်-အမိုက်မတို့၊ နင်တို့သည် အဝီစိငရဲမီးထဲသို့ လားရသူတို့နှင့်အတူတကွလားကြလော့။

Verse 11 — Surah At-Tahrim 66:11

၁၁။ အလ္လာဟ်အရှင်မြတ်သည် ယြံုကည်သတူ ို့အား ဖွာရောမင်း၏ ဇနီးမိန်းမကို ဥပမာဆောင်တော်မူ၏၊ ထို မိန်းမသည် ငါ့ထံ ဆုတောင်းသည်မှာ အို-အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်တို့အဖို့အရာ အရှင့်အထံတော်ရှိ နိဗ္ဗာန်ဥယျာဉ် တော်တွင် ဗိမာန်တော်တစ်ဆောင်စီရင်ထားတော်မူပါ၊ အကျွနု်ပ်ကို ဖွာရောနှင့်တကွ ၄င်းပြုမူသောဒုစရိုက် မကောင်းဘေးမှ ကယ်တင်တော်မူပါ၊ အကျွနု်ပ်အား ဒုစရိုက်မှုကျုးလွန်သူတို့နှင့် ဝေးစေတော်မူပါ။

Verse 12 — Surah At-Tahrim 66:12

၁၂။ ထိုအပြင် အင်မရန်း၏ သမီး မရ်ယမ်ကို ဥပမာဆောင်တော်မူ၏၊ မရ်ယမ်သည် မိမိ၏ လက်ဖျားကိုမှ ယောကျာ်းတို့ မထိပါးရအောင် မိမိအိန္ဒြေကို စောင့်ရှောက်ထိန်းသိမ်းသည့် ကညာစစ် ကညာမြတ်တည်း၊ သူမ၏ သန့်စင်သော ကိုယ်တွင်းသို့ ငါသည် မိမိဝိညာဉ်တော်ကို မှုတ်သွင်းတော်မူ၏၊ သူမသည် မိမိ၏ အရှင်သခင်၏ နှုတ်ကပတ်တော်နှင့် ကျမ်းစာတော်များ၌ ယုံကြည်၏၊ အရှင်မြတ်အား ကျိုးနွံသူတို့ဘောင်တွင် ပါဝင်၏။