Verse 1 — Surah Nuh 71:1
၁။ ငါသည် တမန်တော်နူဟိုအား အေ-နူဟို၊ သင်သည် မိမိအမျိုးသားတို့အား ပြင်းပြခက်ထန်သောအပြစ်ဒဏ် မရောက်လာမီ သတိပေးဆုံးမလော့ဟု မိန့်တော်မူ၍ သူ၏ အမျိုးသားတို့ထံ စေလွှတ်တော်မူ၏။
Verse 2 — Surah Nuh 71:2
၂။ သူသည် ဤသို့ဟောကြား၏၊ အေ-အချင်းတို့၊ ငါသည် သင်တို့အား သတိပေးသူရိုးရိုးသာဖြစ်၏။
Verse 3 — Surah Nuh 71:3
၃။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ကြလော့၊ ငါ့စကားနားထောင်ကြလော့။
Verse 4 — Surah Nuh 71:4
၄။ သို့မှသာလျှင် အရှင်မြတ်သည် သင်တို့၏အပြစ်များအနက် အချို့ကို ခွင့်လွှတ်တော်မူမည်၊ သင်တို့ကို သတ်မှတ် ထားတော်မူသောကာလတိုင်အောင် ရက်ချိန်းပေးတော်မူမည်၊ အလ္လာဟ်အရှင်မြတ်ချိန်းထားတော်မူသောအချိန် ကာလကျရောက်လာသောအခါ ထိုအချိန်ကို မရွှေ့ဆိုင်းနိုင်ချေ၊ သင်တို့သည် သိကြလျှင် တော်လေစွ။
Verse 5 — Surah Nuh 71:5
၅။ သူသည် ငါ့အား တင်လျှောက်သည်မှာ အို-အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်သည် မိမိအမျိုးသားတို့အား နေ့ညမပြတ်ဖိတ်ခေါ်ပါ၏။
Verse 6 — Surah Nuh 71:6
၆။ သို့သော် အကျွနု်ပ်၏ ခေါ်ခြင်းသည် သူတို့၏ မုန်းတီးမှုကိုသာ များပြားစေပါ၏။
Verse 7 — Surah Nuh 71:7
၇။ ထို့အပြင် အရှင်သည် သူတို့၏အပြစ်များကို လွှတ်တော်မူစိမ့်သောငှာ အကျွနု်ပ် သူတို့အား ခေါ်သည့်အခါတိုင်း သူတို့သည် မိမိတို့နားများကို လက်ချောင်းများသွင်းကြပါ၏၊ မိမိတို့တစ်ကိုယ်လုံးကို မိမိအဝတ်များနှင့် ဖုံးကွယ်ထားကြပါ၏၊ တရားတော်ကို ဆက်လက်ငြင်းပယ်လျက် မာနထောင်လွှားကြပါ၏။
Verse 8 — Surah Nuh 71:8
၈။ ထို့ကြောင့်အကျွနု်ပ်သည် သူတို့ကို ကြီးသောအသံဖြင့် ခေါ်ငင်ပါ၏။
Verse 9 — Surah Nuh 71:9
၉။ ထို့အပြင်အကျွနု်ပ်သည် သူတို့အး လူသိရှင်ကြား တရားဓမ္မဟောပြောပါ၏၊ တိတ်တိတ်တိုးတိုးလည်း တိုက်တွန်း သွေးဆောင်ပါ၏။
Verse 10 — Surah Nuh 71:10
၁၀။ ထိုသူတို့ကို အကျွနု်ပ်ဟောဆိုဆုံးမသည်မှာ အို-အချင်းတို့၊ သင်တို့သည် မိမိတို့အရှင်သခင်ထံ အပြစ်လွှတ်ဆုတောင်းကြလော့၊ မှတ်သားလော့၊ အရှင်မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူ၏။
Verse 11 — Surah Nuh 71:11
၁၁။ သင်တို့ထံသို့ အရှင်မြတ်သည် မိုးကောင်းစွာရွာသွန်းစေတော်မူလိမ့်မည်။
Verse 12 — Surah Nuh 71:12
၁၂။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား စီးပွားဥစ္စာ၊ သားသမီးတို့နှင့် ချီးမြှင့်တော်မူမည်၊ သင်တို့အား ဥယျာဉ် များနှင့် မြစ်ချောင်းများပေးသနားတော်မူမည်။
Verse 13 — Surah Nuh 71:13
၁၃။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဂုဏ်ကျက်သရေမမျှော်လင့်ကြချေ၊ သင်တို့ဘာရောဂါဖြစ်ကြ သနည်း။
Verse 14 — Surah Nuh 71:14
၁၄။ မုချဧကန်အရှင်မြတ်သည် သင်တို့အား အနည်းနည်းအဖုံဖုံ အဆင့်ဆင့်ခွဲခြား၍ ဖန်ဆင်းတော်မူ၏။
Verse 15 — Surah Nuh 71:15
၁၅။ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်ဘုံ ခုနစ်ထပ်ကို တညီတညွတ်တည်းဖန်ဆင်းတော်မူသည်ကို သင်တို့ မမြင်ကြသလော။
Verse 16 — Surah Nuh 71:16
၁၆။ ထိုအာကာသကောင်းကင်တွင် လကို အလင်းရောင်ဖြစ်စေတော်မူ၍ နေကိုလည်း မီးအိမ်ကြီးဖြစ်စေတော်မူ၏။
Verse 17 — Surah Nuh 71:17
၁၇။ ထို့အပြင်အရှင်မြတ်သည် သင်တို့ကို မြေကြီးမှ ဖန်ဆင်းတော်မူ၍ တဖြည်းဖြည်းကြီးပြင်းလာစေတော်မူ၏။
Verse 18 — Surah Nuh 71:18
၁၈။ ထို့နောက်သင်တို့ကို မြေကြီးထဲသို့ ပြန်ဝင်စေတော်မူ၏၊ တဖန်သင်တို့ကို မြေကြီးမှ ပြန်ထုတ်တော်မူလိမ့်မည်။
Verse 19 — Surah Nuh 71:19
၁၉။ ထို့အပြင်အလ္လာဟ်အရှင်မြတ်သည် သင်တို့အဖို့အရာ မဟာပထဝီမြေကြီးကို ကျယ်စွာခင်းကျင်းထားတော်မူ၏။
Verse 20 — Surah Nuh 71:20
၂၀။ ယင်းသို့ ဖန်ဆင်းတော် မူသည်မှာ ကမ္ဘာ မြေမျက်နှာပေါ်၌ ကျယဝ် န်း သောလမ်းမတော်အားဖြင့် သင်တို့ သွားလာရန် အလို့ငှာဖြစ်၏။
Verse 21 — Surah Nuh 71:21
၂၁။ တမန်တော်နူဟိုတင်လျှောက်သည်မှာ အို-အကျွနု်ပ်၏အရှင်သခင်၊ ထိုမသူတော်တို့သည် အကျွနု်ပ်ကို နား မထောင်ကြပါ၊ သူ၏ စည်းစိမ်ဥစ္စာသားသမီးအခြွေအရံများသည် သူ့အား ပျက်စီးခြင်းမှတပါး ဘာကိုမျှ မများစေသောဥစ္စာရှင်နောက်ကိုသာ သူတို့လိုက်ကြပါသည်။
Verse 22 — Surah Nuh 71:22
၂၂။ ထိုသူတို့သည် အလွန်ကြီးသောအကြံအစည်ကို ကြံကြပါ၏။
Verse 23 — Surah Nuh 71:23
၂၃။ ထို့အပြင် သူတို့ပြောဆိုကြသည်မှာ အဆွေတို့၊ သင်တို့သည် မိမိတို့ဘုရားများကို မစွန့်ကြလင့်၊ ဝဒ်၊ စူဝါး၊ ယဇူ၊ ယဆွက်၊ နမာရ်တို့ကို မပစ်ကြလင့်။
Verse 24 — Surah Nuh 71:24
၂၄။ စင်စစ်အားဖြင့် ထိုသူတို့သည် များစွာသော လူသားတို့အား လမ်းမှားသို့ ပို့ဆောင်ပါပြီ၊ အရှင်သည် ဒုစရိုကကောင်များအား မတရားမှုမှတပါး အခြားအရာများတွင် တိုးပွားစေတော်မူသည်မဟုတ်ပါ။
Verse 25 — Surah Nuh 71:25
၂၅။ သူတို့သည် မိမိတို့အပြစ်များကြောင့် ရေတွင် နစ်မြုပ်သေဆုံးကြရ၏၊ ထို့နောက်အဝီစငရဲသို့ လားကြရ၏၊ ၄င်းအပြင်ထိုသူတို့သည် မိမိတို့မှာ အလ္လာဟ်အရှင်မြတ်အစား အခြားကူညီသူများမရှိကြောင်းသိကြရ၏။
Verse 26 — Surah Nuh 71:26
၂၆။ တဖန် တမန်တော်နူဟိုတင်လျှောက်သည်မှာ အို-အကျွနု်ပ်၏ အရှင်သခင်၊ ကမ္ဘာကြီးပေါ်တွင် အယူမှားသူ တစ်ယောက်ကိုမှ ချန်ထားတော်မမူပါလင့်။
Verse 27 — Surah Nuh 71:27
၂၇။ အရှင်သည် ထိုသူတို့ကို ချန်ထားတော်မူပါလျှင် သူတို့သည် အရှင်၏ ကျေးတော်မျိုး ကျွန်တော်မျိုးတို့အား လမ်းမှားကို ပြပါလိမ့်မည်၊ သူတို့သည် ဆိုးသွမ်းယုတ်မာ၍ ကျေးဇူးကန်းသူများမှတပါး အခြားသားမြေးတို့ကို ဖွားမြင်မည်မဟုတ်ပါ။
Verse 28 — Surah Nuh 71:28
၂၈။ အို-အကျွနု်ပ်၏အရှင်သခင်၊ အကျွနု်ပ်၏ မိဘနှစ်ပါး၊ အကျွနု်ပ်၏အိမ်သို့ ဝင်လာသူယုံကြည်သူတို့၊ ယုံကြည်သူ ယောကျာ်းမိန်းမအပေါင်းတို့အား အပြစ်လွှတ်တော်မူပါ၊ သို့သော် မတရားမှု ကျူးလွန်သည့်သူတို့အား ပျက်စီးခြင်း မှတပါး အခြားတစ်စုံတစ်ခုမှ ပေးသနားတော်မမူပါလင့်။