Verse 1 — Surah Al-Muzzammil 73:1
၁။ အို-ကိုယ်ရုံကို လုံခြံုစွာခြံုနေသောသူ။
Verse 2 — Surah Al-Muzzammil 73:2
၂။ သင်သည် ညဉ့်အခါ၌ သန်းခေါင်ကျော်ဆွလားသ်ဝတ်ပြုရန် ရပ်လော့၊ သို့သော်တညဉ့်လုံးဝတ်မပြုလင့်။
Verse 3 — Surah Al-Muzzammil 73:3
၃။ ညဉ့်ဝက်ဖြစ်စေ၊ ၄င်းထက်အချိန်အနည်းငယ်လျော့ယုတ်၍ဖြစ်စေ။
Verse 4 — Surah Al-Muzzammil 73:4
၄။ သို့မဟုတ် ညဉ့်ဝက်ထက် အချိန်အနည်းငယ်ပို၍ဖြစ်စေ၊ ဆွလားသ်ဝတ်ပြုလျက် ကုရ်အာန်ကျမ်းမြတ်ကို ဌာန်ကရိုဏ်းကျနပီသစွာ နှေးနှေးရွတ်ဖတ်လော့။
Verse 5 — Surah Al-Muzzammil 73:5
၅။ ငါသည် သင့်အား နက်နဲသောတရားဒေသနာတော်ကို မုချဧကန်ထုတ်ပြန်ချပေးသနားတော်မူလိမ့်မည်။
Verse 6 — Surah Al-Muzzammil 73:6
၆။ အို-တမန်တော်၊ ညဉ့်အခါထခြင်းသည် စင်စစ်အားဖြင့် စိတ်နှလုံးကို သာ၍ကြည်လင်ထက်မြက်စေ၍ ရွတ်ဖတ် ပြောဆိုခြင်းကိုလည်း အလွန်မှန်ကန်ပီသစေ၏။
Verse 7 — Surah Al-Muzzammil 73:7
၇။ အမှန်ဆိုသော် သင်သည် နေ့အခါ၌ တာဝန်ဝတ္တရားများပြားလှချေ၏။
Verse 8 — Surah Al-Muzzammil 73:8
၈။ သို့သော်သင်သည် မိမိ၏အရှင်သခင်၏ နာမတော်ကို သတိရလျက် အရှင်မြတ်အား လုံးလုံးစွဲလမ်း၍ ကိုးကွယ် ဆည်းကပ်လော့။
Verse 9 — Surah Al-Muzzammil 73:9
၉။ အရှင်မြတ်သည် အရှေ့မျက်နှာစွန်းနှင့် အနောက်မျက်နှာစွန်း၏ အရှင်သခင်ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ သို့ဖြစ်၍ သင်သည် မိမိကို ကာကွယ်စောင့်ရှောက်ဖို့ရာ အရှင်မြတ်အားသာ ရွေးချယ် လော့။
Verse 10 — Surah Al-Muzzammil 73:10
၁၀။ ထို့အပြင်သင်သည် သူတို့ပြောဆိုသမျှစကားကို သည်းခံပြီးလျှင် သူတို့ထံမှ ကောင်းသောထွက်ခွာခြင်းဖြင့် ထွက်ခွာလော့။
Verse 11 — Surah Al-Muzzammil 73:11
၁၁။ ထို့အပြင် ငြင်းပယ်သောလောကီစည်းစိမ် ကြွယ်ဝသူတို့အား စီရင်ခြင်းကို ငါ့အား လွှဲလော့၊ သင်သည် သူတို့အား အချိန်အနည်းငယ်ပိုပေးလော့။
Verse 12 — Surah Al-Muzzammil 73:12
၁၂။ ထိုသူတို့ကို ခတ်ရန် သံခြေချောင်းနှင့် လောင်ကျွမ်းရန် မီးသည် ငါ့အထံတော်၌ရှိကြ၏။
Verse 13 — Surah Al-Muzzammil 73:13
၁၃။ ထို့အပြင်ခံတွင်းထဲသို့ ထည့်သွင်းစားမျိုလိုက်သောအခါ လည်မျိုတွင် ဆို့ပိတ်နေမည့် အစာအာဟာရနှင့်တကွ အလွန်ပြင်းပြ နာကျင်သည့် အပြစ်ဒဏ်တို့လည်း ရှိကြ၏။
Verse 14 — Surah Al-Muzzammil 73:14
၁၄။ ကမ္ဘာမြေပြင်တဝှမ်းလုံးနှင့် တောင်ကြီးတောင်ငယ်တို့သည် မငြိမ်မသက်သွက်သွက်ခါ တုန်လှုပ်၍ တောတောင် တို့သည် ပြိုကျဆင်းနေသော သဲလုံးမြူမှုန့်ပုံကဲ့သို့ဖြစ်သောနေ့တော်ကြီး၌ ထိုအပြစ်ဒဏ်ကို ခံကြရလတံ့။
Verse 15 — Surah Al-Muzzammil 73:15
၁၅။ အို-လူသားတို့၊ အထက်ကျော်ကာလက ဖွာရောမင်းထံသို့ တမန်တော်တစ်ပါး စေလွှတ်တော်မူသကဲ့သို့ သင်တို့ ထံသို့လည်း တမန်တော်တစ်ပါးကို ငါစေလွှတ်တော်မူပြီ၊ သူသည် သင်တို့အပေါ်၌ သက်သေခံရန်ဖြစ်၏။
Verse 16 — Surah Al-Muzzammil 73:16
၁၆။ သို့သော်ဖွာရောမင်းသည် တမန်တော်ကို တော်လှန်၏၊ ထို့ကြောင့်ငါသည် သူ့ကို ကြောက်ရွံ့ဖွယ်ကောင်းသော ဖမ်းဆီးခြင်းဖြင့် ဖမ်းဆီးတော်မူ၏။
Verse 17 — Surah Al-Muzzammil 73:17
၁၇။ အို-မိစ္ဆာဒိဋ္ဌိ အပေါင်းတို့၊ သင်တို့သည် မယုံကြည်ကြလျှင် ကလေးသူငယ်များကို ဆံပင်ဖြူဖြစ်စေတော်မူသော နေ့တော်ကြီး၌ သင်တို့သည် မိမိကိုယ်ကို မိမိမည်သို့ ကာကွယ်စောင့်ရှောက်မည်နည်း။
Verse 18 — Surah Al-Muzzammil 73:18
၁၈။ ထိုနေ့တော်ကြီး အထက်ကောင်းကင် အားလုံး အက်ကွဲပြိုကျလိမ့်မည်၊ အရှင်မြတ်၏ ကတိဗျာဒိတ်စက် အချိန်း အချက်မုချဧကန်ဖြစ်ရမည်သာတည်း။
Verse 19 — Surah Al-Muzzammil 73:19
၁၉။ စင်စစ်အားဖြင့် ဤအကြောင်းအရာသည် အဆုံးအမတော် တစ်ပါးဖြစ်၏၊ ထို့ကြောင့်ရွေးချင်သူသည် မိမိအရှင် သခင်အထံတော်သို့ သွားရာလမ်းကို ရွေးကောက်စေကြကုန်။
Verse 20 — Surah Al-Muzzammil 73:20
၂၀။ အို-တမန်တော်၊ သင်၏ အရှင်သခင်သည် သင်နှင့်တကွ သင်၏အနီးအပါးနေသူ သာဝက တစ်စုတို့သည် ညဉ့်၏ သုံးပုံနှစ်ပုံသော် လည်းကောင်း၊ တဝက်သော်လည်းကောင်း၊ သုံးပုံတစ်ပုံသော် လည်းကောင်း၊ ဆွလားသ် ဝတ်ပြုကြသည်ကို သိတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် ညဉ့်အချိန်နှင့် နေ့အချိန်ကို သတ်မှတ်ပိုင်းခြားတော် မူ၏၊ သင်တို့သည် ဤသတ်မှတ်ချက်ကို ကျနစွာ မရေမတွက်နိုင်ကြောင်းကို အရှင်မြတ်ကောင်းစွာ သိတော်မူ၏၊ အရှင်မြတ်သည် သင်တို့ဘက်သို့ ကောင်း ကြီးမင်္ဂလာတော်နှင့် လှည့်တော်မူ၏၊ ကျမ်းမြတ်ကုရ်အာန်ကို တတ်စွမ်းနိုင်သလောက်သာ လွယ်ကူစွာ ဖတ်ကြလော့၊ ထိုအပြင် သင်တို့အနက် အချို့တို့ကား နာနေသည်ကို လည်းကောင်း၊ အချို့ကား အရှင်မြတ်၏ ကျေးဇူးတော်ကို ရှာမီးရန် မြေပေါ်တွင် အနှံ့အပြားခရီးသွားရှိနေသည်ကိုလည်းကောင်း၊ အချို့လည်း အလ္လာဟ်အရှင်မြတ်၏ စစ်တော်ကို ဆင်နွှဲနေသည်ကိုလည်းကောင်း၊ အရှင်မြတ်ကောင်းစွာသိတော် မူ၏၊ ထို့ကြောင့်သင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို သင်တို့စွမ်းနိုင်သလောက်သာ လွယ်ကူစွာဖတ်ကြလော့၊ ဆွလားသ်ဝတ်ကို ပြုကြလော့၊ ဇကားသ်အလှုကို ပေးကြလော့၊ ထို့အပြင်အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ် တင့်တယ်သောကြွေးမြီချေးကြလော့၊ ထို့အပြင်အကြင်ကုသိုလ်ကောင်းမှုကို သင်တို့သည် မိမိတို့ဝိညာဉ်အတွက် တင်ကြိုပို့ထားနှင့်ကြအံ့၊ ထိုကုသိုလ်ကောင်းမှုကို အလ္လာဟ်အရှင်မြတ်အထံတော်တွင် သင်တို့တွေ့ကြံုရမည် သာတည်း၊ ဧကန်အမှန် ဆုတော်မှာ သင်တို့ တင်ကြိုပို့ထားနှင့်သည့် ကုသိုလ်ကောင်းမှုထက် သာလွန်မြင့်မြတ် များပြားလှချေမည်၊ အလ္လာဟ်အရှင်မြတ်၏ အပြစ်လွှတ်တော်မူခြင်းကို ရှာမီးကြလော့၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲ အပြစ်လွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာတော် ပေးသနားတော်မူ၏။