Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Ba Sein — Permalink

Verse 1 — Surah Al-Anfal 8:1

၁။ အို-မိုဟမ္မဒ် သူတို့သည် သင့်အား စစ်သုံ့လက်ရပစ္စည်းများနှင့်စပ်လျဉ်း၍ မေးမြန်းကြ၏။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်နှင့် တမန်တော်သည် စစ်သုံ့လက်ရပစ္စည်းများကို ပိုင်ဆိုင် တော်မူ၏။ ထို့ကြောင့်သင်တို့သည် အမှန်ပင် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြလော့။ သင်တို့သည် မိမိတို့၏ကွဲလွဲမှုကို စေ့စပ်၍ သင့်တင့်ညီညွတ်ကြ လော့။ အလ္လာဟ်အသျှင်မြတ်နှင့် တမန်တော်အား နာခံကြလော့။

Verse 2 — Surah Al-Anfal 8:2

၂။ ယုံကြည်သူအစစ်တို့သည်ကား အလ္လာဟ်အသျှင်မြတ်၏နာမတော်ကို ကြားရသောအခါ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားသောသူများ၊ အလ္လာဟ်အသျှင်မြတ်၏ နှုတ်ကပတ်တော်များကို သူတို့အား ရွတ်ဖတ်ပြသောအခါ သူတို့၏ယုံကြည်မှု တိုးပွားလာသောသူများ၊ သူ၏အသျှင်သခင်ကို ယုံကြည် ကိုးစားသောသူများ။

Verse 3 — Surah Al-Anfal 8:3

၃။ ဆွလာသ်ဝတ်ပြုသူများ၊ ငါအသျှင်မြတ်ပေးသနားတော်မူသော ဥစ္စာပစ္စည်းများမှ သုံးစွဲသောသူများ ဖြစ်ကြ၏။

Verse 4 — Surah Al-Anfal 8:4

၄။ ထိုလူများသည် ယုံကြည်သူအစစ်ဖြစ်ကြ၏။ သူတို့အတွက် သူတို့၏ အသျှင်သခင်အထံတော်၌ ဂုဏ်အဆင့်အတန်း၊ အပြစ်လွှတ်ခြင်းများစွာသော အစာရိက္ခာများရှိ၏။

Verse 5 — Surah Al-Anfal 8:5

၅။ သင်၏အသျှင်သခင်သည် သင့်ကို သင်၏အိမ်မှ သမ္မာတရားတော်နှင့်တကွ ထွက်ခွာသွားစေတေ်ာမ မူသော်လည်း ယုံကြည်သူများအနက် လူတစ်စုသည် ယင်းသို့ ထွက်သွားခြင်းကို မနှစ်သက်ကြပေ။

Verse 6 — Surah Al-Anfal 8:6

၆။ မျက်ဝါးထင်ထင်မြင်ရသော သေဘေးထဲမှ မောင်းသွင်းခြင်းခံကြရသကဲ့သို့ သူတို့သည် သစ္စာတရား တော်ကို ထင်ရှားစေတော်မူပြီးသော်လည်း တရားတော်နှင့်ပတ်သက်၍ သင်နှင့် အငြင်းအခုံ အချေအတင် ပြောဆိုကြ၏။

Verse 7 — Surah Al-Anfal 8:7

၇။ ရန်သူအသင်းနှစ်သင်းမှ တစ်သင်းကို သင်တို့သိမ်းပိုက်ရမည်ဟု အလ္လာဟ်အသျှင်မြတ်သည် ဂတိ ပေးတော်မူသောအခါ သင်တို့သည် လက်နက်ကိုင်အသင်းမဟုတ်သည့်အသင်းကို ရလိုကြ၏။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ဗျာဒိတ်စကားတော်အားဖြင့် သစ္စာတရားတော်ကို အောင်မြင်စေ တော်မူမည်။ မိစ္ဆာဒိဌိတို့ကို အပြစ်မှဖြတ်ပစ်တော်မူမည်ဟု ဆုံးဖြတ်တော်မူပြီ။

Verse 8 — Surah Al-Anfal 8:8

၈။ အပြစ်ရှိသူများ ဘယ်လောက်ပင် ခုခံသော်လည်း အသျှင်မြတ်သည် သစ္စာတရားတော်ကို အောင်မြင်စေတော်မူမည်။ ဂုဏ်မောက်ဝါကြွားခြင်းကို အလဟဿဖြစ်စေတာ်မူမည်ဟုလည်း ဆုံးဖြတ်တော်မူပြီ။

Verse 9 — Surah Al-Anfal 8:9

၉။ သင်တို့သည် မိမိတို့၏ အသျှင်သခင်၏ စောင့်ရှောက်ခြင်းကျေးဇူးတော်ကို ရှာမှီးသောအခါ အသျှင်မြတ်က ငါသည် သင်တို့အား ကောင်းကင်တမန်တော်တစ်ထောင်အားဖြင့် စောင်မတော် မူမည်။ သူတို့သည် စီတန်းလာကြလိမ့်မည်။

Verse 10 — Surah Al-Anfal 8:10

၁ဝ။ အလ္လာဟ်အသျှင်မြတ်သည် ဤအကြောင်းကို မင်္ဂလာရှိသောသတင်းကောင်းအဖြစ်ဖြင့် ဗျာဒိတ်ပေး တော်မူ၏။ သင်တို့စိတ်နှလုံးမတုန်လှုပ်ပဲ ချမ်းသာဖို့ရာဖြစ်၏။ အလ္လာဟ်အသျှင်မြတ်၏ အစောင်အမ တော်ကြောင့်သာလျှင် စစ်အောင်နိုင်၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အနန္တ တန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 11 — Surah Al-Anfal 8:11

၁၁။ ငါအသျှင်မြတ်သည် သင်တို့အပေါ်သို့ အိပ်စက်ခြင်းကို အသျှင်မြတ်အထံတော်မှ လုံခြံုစိတ်ချခြင်း အနေနှင့် ချပေးတော်မူသောအခါ မိုးကောင်းကင်မှ မိုးရေသွန်းရွာစေတော်မူသောအခါ အသျှင်မြတ် သည် ထိုရေအားဖြင့် သင်တို့ကို သန့်ရှင်းစင်ကြယ်တော်မူ၏။ ရှိုင်တန်မာရ်နတ်ကို ကြောက်ရွံ့တုန်လှုပ် ခြင်းစိတ်ကို သင်တို့ထံမှ ဖယ်ရှားတော်မူ၏။ သင်တို့၏ စိတ်နှလုံးများကို ရဲရင့်တင်းမာစေတော်မူ၏။ သင်တို့၏ ခြေလှမ်းများကို မြဲမြံစေတော်မူ၏။

Verse 12 — Surah Al-Anfal 8:12

၁၂။ သင်၏အသျှင်သခင်သည် ကောင်းကင်တမန်တော်တို့အား ငါအသျှင်မြတ်သည် သင်တို့နှင့်အတူ တကွရှိတော်မူ၏။ ထို့ကြောင့် ယုံကြည်သူတို့အား ရဲရင့်တည်ကြည်စေကြလော့။ ငါသည် မယုံကြည်သူ တို့ နှလုံးအိမ်အတွင်းသို့ ကြောက်ရွ့ံခြင်းကို ထည့်သွင်းတော်မူမည်။ သူတို့၏လည်ပင်းကို ခုတ်ဖြတ် ကြလော့။ သူတို့၏လက်ဖျားကို ဖြတ်ကြလော့ဟု ဗျာဒိတ်ပေးတော်မူ၏။

Verse 13 — Surah Al-Anfal 8:13

၁၃။ သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်ကို ခုခံတိုက်ခိုက်သောကြောင့် ယင်းသို့ စီရင်တော်မူကြ၏။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်တမန်တော်ကို ခုခံတိုက်ခိုက်အံ့။ ထိုသူကို အလ္လာဟ်အသျှင်မြတ်သည် ပြင်းပြင်းထန်ထန် အပြစ်ပေးတော်မူ၏။

Verse 14 — Surah Al-Anfal 8:14

၁၄။ ၎င်းသည် အသျှင်မြတ်၏ စီရင်ချက်တော်တည်း။ ထို့ကြောင့် ၎င်းကို မြည်းကြလော့။ မိစ္ဆာမိုက်တို့ အတွက် ငရဲမီးအပြစ်ဒဏ်တော်ရှိကြောင်းကို မှတ်ကြလော့။

Verse 15 — Surah Al-Anfal 8:15

၁၅။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် မယုံကြည်သူတို့ကို စစ်မြေပြင်တွင် ရင်ဆိုင်တွေ့သောအခါ သူတို့အား ကျောမပေးကြလင့်။

Verse 16 — Surah Al-Anfal 8:16

၁၆။ အကြင်သူသည် စစ်အချီအတက် လွှဲပြောင်းရန်သော်လည်းကောင်း၊ အခြားစစ်တပ်များနှင့် ပူးပေါင်း ဆုံမိရန်သော်လည်းကောင်း၊ မဟုတ်ဘဲ အခြားအကြောင်းများကြောင့် စစ်မြေပြင်၌ ရန်သူများကို ကျောပေး၏။ ထိုသူသည် အလ္လာဟ်အသျှင်မြတ်အား အမှန်ပင် အမျက်ထွက်တော်မူစေ၏။ ထိုသူ၏ နေရာဌာနသည် အလွန်ဆိုးယုတ်သော ခရီးဆုံးဖြစ်သည့် ငရဲသာတည်း။

Verse 17 — Surah Al-Anfal 8:17

၁၇။ ယုံကြည်သူတို့ သင်တို့သည် ရန်သူမိစ္ဆာဒိဌိတို့ကို သတ်ဖြတ်သည်မဟုတ်၊ အလ္လာဟ်အသျှင်မြတ် ကွပ်မျက်တော်မူသည်သာဖြစ်၏။ သင်တို့ မိုဟမ္မဒ်သည် ရန်သူတို့ကို ပစ်ခတ်သောအခါ သင်ပစ်ခတ် သည်မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ် ပစ်ခတ်တော်မူသည်သာဖြစ်၏။ ယင်းသို့ စီရင်တော်မူခြင်းမှာ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတို့ကို အထံတော်မှ မင်္ဂလာရှိသော စုံစမ်းခြင်းဖြင့် စုံစမ်းဖို့ရာ ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင် ဖြစ်တော် မူသည်ကို မှတ်သားကြလော့။

Verse 18 — Surah Al-Anfal 8:18

၁၈။ ထိုအကြောင်းအရာသည် အဖြစ်မှန်သာတည်း။ မိစ္ဆာဒိဌိတို့၏ အကြံအစည်ကို ညံ့ဖျင်းအောင် ပြုလုပ်သောသူသည် အလ္လာဟ်အသျှင်မြတ်ဖြစ်တော်မူသည်ကို မှတ်သားကြလော့။

Verse 19 — Surah Al-Anfal 8:19

၁၉။ အို-ကိုရိုင်ရှိအမျိုးသားအပေါင်းတို့ သင်တို့သည် တရားစီရင်ဆုံးဖြတ်ချက်ကို ရှိမှီးကြလျှင် သင်တို့ထံ သို့ ဆုံးဖြတ်ချက် ယခုလာပြီ။ အကယ်၍ သင်တို့သည် ယုံကြည်သူတို့အား မတရားနှိပ်စက်ခြင်းကို ရပ်စဲလျှင် သင်တို့အတွက် မင်္ဂလာရှိလိမ့်မည်။ သို့သော် သင်တို့သည် ပြန်တိုက်လျှင် ငါအသျှင်မြတ်လည်း ပြန်တိုက်မည်။ သင်တို့၏ စစ်တပ်သည် မည်မျှပင်ကြီးမားလင့်ကစား သင်တို့အား အကျိုးတစ်စုံတစ်ခု ပေးလိမ့်မည်မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတို့နှင့်အတူတကွရှိတော်မူသည်ကို မှတ်သားကြလော့။

Verse 20 — Surah Al-Anfal 8:20

၂ဝ။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်ကို နာခံကြလော့။ သင်တို့သည် တမန်တော်သြဝါဒပေးသည်ကို ကြားရသောအခါ သူ့ထံမှ လှည့်မသွား ကြလင့်။

Verse 21 — Surah Al-Anfal 8:21

၂၁။ အကျွနု်ပ်တို့သည် ကြားကြပါ၏ဟု ဆိုကြ၏။ သို့သော် သူတို့မကြားကြပေ။ ဤသူတို့ကဲ့သို့ မဖြစ်ကြ လင့်။

Verse 22 — Surah Al-Anfal 8:22

၂၂။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်ရှေ့တော်ဝယ် အဆိုးယုတ်ဆုံးသောတိရစ္ဆာန်မှာ အသိဉာဏ်ကင်းမဲ့သော နားပင်းသူနှင့် ဆွံ့အသူများဖြစ်ကြ၏။

Verse 23 — Surah Al-Anfal 8:23

၂၃။ သူတို့တွင် တစ်စုံတစ်ခုသော သုမင်္ဂလာကို အလ္လာဟ်အသျှင်မြတ် မြင်တော်မူပါလျှင် အသျှင်မြတ်သည် သူတို့အား ကြားစေတော်မူခဲ့မည်။ သို့သော် အကယ်၍ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ကြားစေတော်မူခဲ့လျှင် သူတို့သည် မနှစ်မြို့ဘဲ လှည့်သွားလေမည်သာတည်း။

Verse 24 — Surah Al-Anfal 8:24

၂၄။ အို-ယုံကြည်သူအပေါင်းတို့ အသျှင်မြတ်သည် သင်တို့အား အသက်ရှင်စေသောအရာသို့ ခေါ်တော် မူသောအခါ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏ တမန်တော်ကို နာခံကြလော့။ အသျှင်မြတ်သည် လူသားနှင့် လူသား၏စိတ်နှလုံးစပ်ကြားတွင် ရှိတော်မူကြောင်း အသျှင်မြတ် အထံတော်၌ သင်တို့ကို စုဝေးမည်ဖြစ်ကြောင်းတို့ကို မှတ်သားကြလော့။

Verse 25 — Surah Al-Anfal 8:25

၂၅။ သင်တို့အနက် ဒုစရိုက်ပြစ်မှု ကျူးလွန်သူတို့အပေါ်သာ သီးသန့်၍ ကျရောက်မည်မဟုတ်သော ဘေးဒုက္ခကို ကြောက်ရွံ့ရှောင်ရှားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ဒဏ်ပေးတော်မူရာ၌ ပြင်းထန်တော်မူကြောင်းကို မှတ်သားကြလော့။

Verse 26 — Surah Al-Anfal 8:26

၂၆။ သင်တို့သည် အရေအတွက်အားဖြင့်နည်းပါး၍ ကမ္ဘာမြေပေါ်ဝယ် အင်အားချိနဲ့သဖြင့် လူတို့ သုတ်သင်ရှင်းလင်းပြစ်မည်ကို စိုးရိမ်ကြောင့်ကြရသောအခါ အသျှင်မြတ်သည် သင်တို့အား ခိုလှုံစရာ ပေးသနားတော်မူခြင်း၊ မိမိ၏ အစောင့်အရှောက်တော်အားဖြင့် သင်တို့ကို အင်အားဖြည့်တင်းတော် မူခြင်း၊ မွန်မြတ်သော ခဲဘွယ်ဘောဇဉ်များကို ပေးသနားတော်မူခြင်းတို့ကို သတိရကြလော့။ ယင်းသို့ ကျေးဇူးပြုတော်မူခြင်းမှာ သင်တို့သည် အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးဖို့ရာဖြစ်၏။

Verse 27 — Surah Al-Anfal 8:27

၂၇။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏ တမန်တော်ကို သစ္စာမဖောက်ကြလင့်။ သင်တို့အား ယုံမှတ်အပ်နှံထားသည်များကို တမင်သစ္စာမဖောက်ကြလင့်။

Verse 28 — Surah Al-Anfal 8:28

<၂၈။ သင်တို့၏ စည်းစိမ်ဥစ္စာ၊ သားသမီး အေြ>ွခအရံတို့သည် သင်တို့အား စမ်းသပ်ဖို့ရာဖြစ်ကြကြောင်း အလ္လာဟ်အသျှင်မြတ်အထံတော်၌ ကြီးမားသောဆုတော်ရှိကြောင်းတို့ကို မှတ်သားကြလော့။

Verse 29 — Surah Al-Anfal 8:29

၂၉။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အမှုတော်ကို ကြေကုန်လျှင် အသျှင်ိ မြတ်သည် သင်တို့အား အမှားအမှန်ကို ခွဲခြားဖို့ရာ စံချိန်ပေးသနားတော်မူမည်။ သင်တို့ထံမှ မိမိတို့၏ မကောင်းစိတ်နှင့် မကောင်းမှုများကို ဖယ်ရှားတော်မူမည်။ သင်တို့ကို အပြစ်လွှတ်တော်မူမည်။ အလ္လာဟ်အသျှင်မြတ်သည် အနန္တကောင်းချီးမင်္ဂလာတော်သခင် ဖြစ်တော်မူ၏။

Verse 30 — Surah Al-Anfal 8:30

၃ဝ။ မယုံကြည်သူတို့သည် သင်မိုဟမ္မဒ်အား သေလောက်အောင် နာကျင်စေရန်ကိုသော်လည်းကောင်း၊ သတ်ပစ်ရန်ကိုသော်လည်းကောင်း၊ မောင်းနှင်ထုတ်ရန်ကိုသော်လည်းကောင်း ကြံစည်အားထုတ် သောအခါ သူတို့သည် အကြံထုတ်ကြ၏။ အလ္လာဟ်အသျှင်မြတ်လည်း အကြံထုတ်တော်မူ၏။ သို့သော် အလ္လာဟ်အသျှင်မြတ်သည် အကြံထုတ်သူအပေါင်းတို့၌ အထွဋ်အခေါင်ဖြစ်တော်မူ၏။

Verse 31 — Surah Al-Anfal 8:31

၃၁။ မိစ္ဆာဒိဌိတို့အား ငါအသျှင်မြတ်၏ နှုတ်ကပတ်တော်များကို ရွတ်ဖတ်ပြသောအခါ သူတို့သည် အကျွနု်ပ်တို့သည် ကြားကြပြီ။ အကျွနု်ပ်တို့သည် အလိုရှိလျှင် ယင်းဂါထာများကဲ့သို့ ဂါထာများကို ပြောဆိုစွမ်းနိုင်ကြ၏။ မှတ်သားကြလော့။ ဤကျမ်းသည် ရှေးဟောင်းတို့ဖန်တီးသောပုံပြင်ဝထ္ထုများ သာတည်း။ အခြားအရာတစ်စုံတစ်ခုမျှမဟုတ်ပေဟု ဆိုကြ၏။

Verse 32 — Surah Al-Anfal 8:32

၃၂။ သူတို့သည် အို-အလ္လာဟ်အသျှင်မြတ် ဤကျမ်းတော်သည် အသျှင်အထံတော်မှ သစ္စာတရားတော် အမှန်ပင်ဖြစ်ပါလျှင် အကျွနု်ပ်တို့အပေါ်သို့ ကျောက်စလစ်မိုး ရွာသွန်းစေတော်မူပါ။ သို့မဟုတ် နာကျင်ဖွယ်သော အပြစ်ဒဏ်အချို့ကို ချတော်မူပါဟု တင်လျှောက်ကြ၏။

Verse 33 — Surah Al-Anfal 8:33

၃၃။ သို့သော အလ္လာဟ်အသျှင်မြတ်သည် သူတို့အား သင်သည် သူတို့နှင့်အတူတကွရှိနေစဉ် အပြစ်ဒဏ် တပ်ရိုက်တော့မည်မဟုတ်ပေ။ သူတို့သည် ငါအသျှင်မြတ် အပြစ်လွှတ်တော်မူခြင်းကို ရှာမှီးနေစဉ် လည်း သူတို့ကို အပြစ်ဒဏ်ခတ်မည်မဟုတ်ပေ။

Verse 34 — Surah Al-Anfal 8:34

၃၄။ မိစ္ဆာဒိဌိတို့သည် ဘေးမဲ့ပလီကျောင်းတော်၏ ဂေါပကလူကြီးဖြစ်ထိုက်သူမဟုတ်ဘဲ အသျှင်မြတ်၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့အား ပလီကျောင်းတော်မှ တားမြစ်ကာဆီးထားသည့်ပြစ်မှုကြောင့် သူတို့ကို အလ္လာဟ်အသျှင်မြတ်သည် အပြစ်ဒဏ်ပေးတော်မမူလောက်အောင် သူတို့မှာ အဘယ် ထုခြေချက်ရှိကြသနည်း။ ပလီကျောင်းတော်၏ ဂေါပကလူကြီးဖြစ်ထိုက်သူတို့မှာ အလ္လာဟ် အသျှင်မြတ်၏ အမှုတော်ကို ကြေကုန်သူများသာဖြစ်၏။ သို့သော် သူတို့အနက် များလှစွာသော သူတို့သည် မသိကြပေ။

Verse 35 — Surah Al-Anfal 8:35

၃၅။ ပလီကျောင်းတော်၌ သူတို့၏ဝတ်ပြုခြင်းသည် ဘာမျှမဟုတ်ပေ။ လေချွန်ခြင်းနှင့် လက်ခုပ်တီးခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူတို့ထံသို့ သင်တို့သည် မယုံကြည်သောကြောင့် အပြစ်ဒဏ်တော်ကို ခံစားကြ လော့ဟု ဗျာဒိတ်တော်လာ၏။

Verse 36 — Surah Al-Anfal 8:36

၃၆။ မှတ်သားကြလော့ မိစ္ဆာဒိဌိတို့သည် မိမိတို့ဥစ္စာပစ္စည်းကို လူသားတို့အား အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်ကြီးမှ တားဆီးပိတ်ပင်ဖို့ရာ သုံးစွဲကြ၏။ သူတို့သည် ဥစ္စာပစ္စည်းကို သုံးစွဲလတ္တံ့။ ထို့နောက် ၎င်းသည် သူတို့အတွက် ကြီးမားသော စိတ်ဒုက္ခဖြစ်လတ္တံ့။ ထို့နောက် သူတို့သည် နိုင်နင်းခြင်း ခံကြရလတ္တံ့။ မယုံကြည်သူတို့သည် ငရဲတွင် စုဆောင်းခြင်းခံကြရလတ္တံ့။

Verse 37 — Surah Al-Anfal 8:37

၃၇။ ယင်းသို့ စုဆောင်းခြင်းမှာ အလ္လာဟ်အသျှင်မြတ်သည် သူယုတ်မာတို့အား သူတော်ကောင်းတို့မှ ခွဲထုတ်တော်မူရန်ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် သူယုတ်မာတို့ကို တစ်ယောက်အပေါ်တွင် တစ်ယောက်ကိုထား၍ စုံုတော်မူပြီးလျှင် ငရဲအတွင်းသို့ သွတ်သွင်းတော်မူလိမ့်မည်။ ဤလူများသည် အမှန်ပင် ဆုံးရှုံးရသူများဖြစ်ကြ၏။

Verse 38 — Surah Al-Anfal 8:38

၃၈။ မယုံကြည်သူတို့အား သူတို့သည် ယုံကြည်သူတို့အား မတရားနှိပ်စက်ညှင်းပန်းမှုကို ရပ်တန့်ကြလျှင် သူတို့၏ လွန်ပြီးသောပြစ်မှုများကို ချမ်းသာပေးတော်မူမည်။ သို့သော် မတရားညှင်းပန်းမှုကို တဖန် ပြန်၍ပြုကျင့်ကြသော် သူတို့အလျင် သွားလေသူတို့၏အဖြစ်အပျက်သည် သူတို့အတွက် သတိပေး သင်ခန်းစာတစ်စောင်ဖြစ်၏ဟု ဟောကြားလော့။

Verse 39 — Surah Al-Anfal 8:39

၃၉။ မတရားညှင်းပန်းမှုမရှိဘဲ ဘာသာအယူဝါဒသည် အလ္လာဟ်အသျှင်မြတ်အဖို့သာလျှင် ဖြစ်သည်တိုင် အောင် သူတို့အား စစ်ပြိုင်ဆိုင်တိုက်ခိုက်ကြလော့။ သို့သော် သူတို့သည် စစ်ရပ်စဲကြလျှင် မှတ်သား ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သူတို့၏ပြုကျင့်မှုကို သိတော်မူသောအသျှင်တည်း။

Verse 40 — Surah Al-Anfal 8:40

၄ဝ။ သူတို့သည် လှည့်သွားကြလျှင် အလ္လာထဟ်အသျှင်မြတ်သည် သင်တို့၏ အဆွေခင်ပွန်း၊ အတိုင်းထက် အလွန်မြင့်မြတ်ဆသောနာယက၊ အတိုင်းထက်အလွန် မြင့်မြတ်သော ကူညီစောင်မသူဖြစ်တော် မူသည်တို့ကို မှတ်သားကြလော့။

Verse 41 — Surah Al-Anfal 8:41

၄၁။ သင်တို့သည် အလ္လာဟ်.အသျှင်ကို ယုံကြည်သူများဖြစ်ကြလျှင် သင်တို့၏ စစ်သုံ့လက်ရပစ္စည်းများ အနက် ငါးပုံတစ်ပုံကို အသျှင်မြတ် တမန်တော်၊ တမန်တော်၏သူဆင်းရဲသားချင်းတို့၊ မိဘမဲ့တို့၊ သူဆင်းရဲတို့ ခရီးသည်တို့အတွက်ဖြစ်သည်ကို မှတ်သားကြလော့။ စစ်တပ်ကြီးနှစ်တပ် ရင်ဆိုင် တိုက်ခိုက်သော အမှားအမှန် ခွဲခြားသောနေ့၌ ငါအသျှင်မြတ်က မိမိကျေးကျွန်တော်ကို ချပေးသနား တော်မူသော ဗျာဒိတ်တော်ကို ယုံကြည်ကြလျှင် ယင်းသို့ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ် သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။

Verse 42 — Surah Al-Anfal 8:42

၄၂။ သင်တို့သည် တောင်ကြားတွင် နီးသောကမ်းဘက်၌ ရှိကြ၏။ ရန်သူစစ်သားများသည် အဝေးဘက် တွင်ရှိကြ၏။ ခရီးသွားကုန်သည်တို့သည် အောက်ချိုင့်ဝှမ်းတွင်ရှိကြ၏။ သင်တို့သည် အချင်းချင်း ယင်းသို့ တွေ့ဆုံရန် ချိန်းချက်ထားသော် သင်တို့သည် ချိန်းချက်ထားသည့်အတိုင်း အမှန်ပင် တွေ့နိုင် ကြမည်မဟုတ်ပေ။ သင်တို့သည် မိမိတို့ စီမံမှုတစ်စုံတစ်ရာမရှိဘဲ ယင်းသို့တွေ့ကြရ၏။ အလ္လာဟ် အသျှင်မြတ်သည် မိမိပြဌာန်းထားတော်မူသော ဗျာဒိတ်တော်ကို ပြည့်စုံစေဖို့ရာ ယင်းသို့ ရင်ဆိုင် တွေ့ဆုံစေတော်မူ၏။ ထိုနေ့၌ စစ်မြေပြင်ဝယ် ကျသောသူမှာ အသျှင်မြတ်သည် အချုပ်အခြာအာဏာ ပိုင်သတော်မူသည်ကို ထင်ရှားသော သက်သေသာဓကရပြီးလျှင် ကျရ၏။ အသက်ရှင်ရသောသူ သည်လည်း ထိုသက်သေသာဓကကြီးကိုရပြီးလျှင် ရှင်ရ၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင် မြတ်သည် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင်အမှန်တည်း။

Verse 43 — Surah Al-Anfal 8:43

၄၃။ အလ္လာဟ်အသျှင်မြတ်သည် သင် မိုဟမ္မဒ်အာ သင်၏အိပ်မက်တွင် ရန်သူ၏အင်အား သေးငယ်သည် ဟု ပြသတော်မူ၏။ အကယ်၍ အသျှင်မြတ်သည် သူတို့၏ အင်အားကြီးမားကြောင်းကို ပြသတော် မူလျှင် ယုံကြည်သူသင်တို့သည် တွန့်ဆုတ်ပြီးလျှင် အချင်းချင်း အငြင်းအခုံဖြစ်ခဲ့ကြလတ္တံ့။ သို့သော် အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ကယ်တင်စောင့်ရှောက်တော်မူ၏။ မှတ်သားကြလော့။ အသျှင်မြတ်သည် လူသားတို့၏နှလုံးအိမ်တွင်းရှိသမျှကို အကြွင်းမဲ့သိမြင်တော်မူ၏။

Verse 44 — Surah Al-Anfal 8:44

၄၄။ သင်တို့သည် ရန်သူတို့အား စစ်မြေပြင်၌ ရင်ဆိုင်သောအခါ အလ္လာဟ်သည် သင်မွတ်စလင်(မ်)တို့အား သူတို့ကို အရေအတွက် အနည်းငယ်ကဲ့သို့ မြင်စေတော်မူသောအခါ ရန်သူတို့လည်း သင်တို့ကို အနည်းငယ်ကဲ့သို့ မြင်စေတော်မူသောအခါ အသျှင်မြတ်သည် ပြုရမည့်အလုပ်တစ်ခုကို ပြီးစီးစေ တော်မူရန်ဖြစ်၏။ အမှုအခင်းကိစ္စအဝဝကို အလ္လာဟ်အသျှင်မြတ်အထံတော်သို့ ပြန်မို့မည်သာတည်း။

Verse 45 — Surah Al-Anfal 8:45

၄၅။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် ရန်သူစစ်တပ်နှင့် ပြိုင်ဆိုင်တိုက်ခိုက်သောအခါ တည်တံ့ ခိုင်မြဲကြလော့။ အသျှင်မြတ်အား အာရုံများစွာပြုကြလော့။ သို့မှသာလျှင် သင်တို့သည် အောင်နိုင် ကြလိမ့်မည်။

Verse 46 — Surah Al-Anfal 8:46

၄၆။ အလ္လာဟ်အသျှင်မြတ်နှင် အသျှင်မြတ်၏ တမန်တော်ကို နာခံကြလော့။ အချင်းချင်း အငြင်းအခုံ မပြုကြလင့်။ သို့ပြုလျှင် သင်တို့သည် တွန့်ဆုတ်၍ အားပြတ်သွားတတ်၏။ သို့သော် တည်တံ့ခိုင်မြဲ ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် တည်ကြည်မြဲမြံသောသူတို့နှင့်အတူတကွ ရှိတော်မူ၏။

Verse 47 — Surah Al-Anfal 8:47

၄၇။ သင်တို့သည် လူမြင်ရန်နှင့် လူအများကို အလ္လာဟ်အသျှင်မြတ်၏ လမ်းမတော်ကြီးမှ တားမြစ်ပိတ်ပင် ထားရန် မိမိတို့အိမ်များမှ အဝါအကြွား ပြောဆိုလျက် ထွက်လာသောသူတို့နှင့် မတူစေကြလင့်။ အလ္လာဟ်အသျှင်မြတ်သည် သူတို့ကျင့်ကြံမှုအားလုံးကို ဝိုင်းဝန်းထားတော်မူ၏။

Verse 48 — Surah Al-Anfal 8:48

၄၈။ ရှိုင်တန်မာရ်နတ်သည် ထိုသူတို့အား သူတို့၏ပြုကျင့်မှုများကို မင်္ဂလာရှိသည်ဟု ထင်မှတ်စေ၍ ဟယ်-အဆွေတို့ အကျွနု်ပ်သည် သင်တို့ကို ကာကွယ်စောင့်ရှောက်သူဖြစ်၍ သင်တို့ကို လူသား တစ်စုံတစ်ယောက်မျှ ယနေ့ မနိုင်နင်းနိုင်ဟု ပြောဆို၏။ သို့သော် စစ်သည်များ တစ်ဖက်က တစ်ဖက်ကို မြင်ရသောအခါ ရှိုင်တန်သည် အကျွနု်ပ်သည် သင်တို့မှ အမှန်ကင်းလွတ်၏။ အကျွနု်ပ်သည် သင်တို့မမြင်သောအရာကို ဧကန်မြင်၏။ အကျွနု်ပ်သည် အလ္လာဟ်အသျှင်မြတ်အား မုချကြောက်ရွံ့၏။ အလ္လာဟ်အသျှင်သည် အပြစ်ဒဏ်ခတ်ရာ၌ အမှန် ခက်ထန်ပြင်းပြတော်မူ၏ဟု ပြောဆိုပြီးလျှင် ထွက်ပြေး၏။

Verse 49 — Surah Al-Anfal 8:49

၄၉။ ယုံကြည်ဟန်ဆောင်သူများနှင့် မိမိတို့စိတ်နှလုံးတွင် မိစ္ဆာရောဂါ စွဲကပ်နေသောသူတို့သည် ဟယ် အချင်းတို့ ထိုသူများကို ၎င်းတို့၏ ဘာသာအယူဝါဒက လှည့်ဖြားထား၏ဟု ပြောကြ၏။ အကြင်သူ သည် အလ္လာဟ်အသျှင်မြတ်ကို ယုံကြည်ကိုးစား၏။ အလ္လာဟ်အသျှင်သည် အနန္တတန်ခိုးတော်သခင်၊ အနန္တရွှေဉာဏ်တော်ရှင်ဖြစ်တော်မူကြောင်းကို ထိုသူ တွေ့ရမည်သာတည်း။

Verse 50 — Surah Al-Anfal 8:50

၅ဝ။ ကောင်းကင်တမန်တော်များသည် မယုံကြည်သူတို့အား မျက်နှာနှင့်ကျောကို ရိုက်နှက်၍ သင်တို့သည် လောင်ကျွမ်းခြင်းအပြစ်ဒဏ်တော်ကို ခံစားကြလော့ဟု ဆိုလျက် လက်ခံသည်ကို သင်မြင်ရလျှင် ကောင်းလေစွ။

Verse 51 — Surah Al-Anfal 8:51

၅၁။ ယင်းအပြစ်ဒဏ်တော်သည် သင်တို့ တင်ကြိုပို့နှင့်ထားသော ပြုကျင့်မှုများကြောင့်ဖြစ်၏။ အလ္လာဟ် အသျှင်မြတ်သည် မိမိ၏ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့အတွက် နှိပ်စက်တတ်သူဖြစ်တော်မမူပေ။

Verse 52 — Surah Al-Anfal 8:52

၅၂။ သူတို့သွားရာလမ်းသည် ဖာရောမင်း၏ အမျိုးသားတို့နှင့် သူတို့အထက် ရှေးကျသောသူတို့၏ သွားရာလမ်းကဲ့သို့ဖြစ်၏။ သူတို့သည် အလ္လာဟ်နှုတ်ကပတ်တော်များကို မယုံကြည်ကြ။ အလ္လာဟ် အသျှင်မြတ်သည် သူတို့ကို ပြစ်မှုကျူးလွန်နေစဉ်ခေါ်ယူတော်မူ၏။ မှတ်သားကြလော့။ အလ္လာဟ် အသျှင်မြတ်သည် တန်ခိုးခွန်အားကြီးတော်မူ၏။ အပြစ်ဒဏ်ခတ်ရာ၌ ခက်ထန်ပြင်းထန်တော်မူ၏။

Verse 53 — Surah Al-Anfal 8:53

၅၃။ ယင်းသို့ အပြစ်ဒဏ်ခတ်တော်မူခြင်းမှာ အလ္လာဟ်အသျှင်မြတ်သည် လူမျိုးတစ်မျိုးအား မိမိပေးသနား တော်မူသော ကောင်းကြီးမင်္ဂလာတော်ကို ထိုသူတို့သည် မိမိတို့၏ စိတ်နှလုံးအတွင်းရှိသည်ကို ရှေးဦးပထမ မပြောင်းလဲသမျှကာလပတ်လုံး ပြောင်းလဲတော်မမူသောကြောင့်ဖြစ်၏။ အသျှင်မြတ် သည် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင်ဖြစ်တော်မူ၏။

Verse 54 — Surah Al-Anfal 8:54

၅၄။ သူတို့၏သွားရာလမ်းသည် ဖာရောမင်း၏ အမျိုးသားနှင့် ၎င်းတို့ထက် ကျေးရှသော သူတို့၏လမ်းနှင့် အတူတူဖြစ်၏။ သူတို့သည် မိမိတို့၏ ကျေးဇူးတော်သခင်၏ နှုတ်ကပတ်တော်များကို မယုံကြည် ဖယ်ရှားကြ၏။ ထို့ကြောင့် ငါအသျှင်မြတ်သည် သူတို့အား ၎င်းအပြစ် ကျူးကျော်နေစဉ် သုတ်သင် ရှင်းလင်းတော်မူ၏။ ဖာရောမင်း၏ အသင်းသားများကို ရေနှစ်သတ်တော်မူ၏။ သူတို့အားလုံးသည် အကုသိုလ်ပွားများသူများဖြစ်ကြ၏။

Verse 55 — Surah Al-Anfal 8:55

၅၅။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်၏ မျက်မှောက်တော်ဝယ် အဆိုးဝါးဆုံးသောတိရစ္ဆာန်များ သည် ကျေးဇူးကန်သော မိစ္ဆာဒိဌိများဖြစ်ကြ၏။

Verse 56 — Surah Al-Anfal 8:56

၅၆။ ထိုသူများနှင့် သင်သည် ပဋိညာဉ်စာချုပ် ချုပ်ထား၏။ သူတို့သည် အခွင့်အရေးကြံုတိုင်း သူတို့ စာချုပ်ကို ဖောက်ဖျက်၏။ အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို မထမ်းရွက်ကြပေ။

Verse 57 — Surah Al-Anfal 8:57

၅၇။ အကယ်၍ သင်သည် သူတို့နှင့်စစ်ဖြစ်လျှင် သူတို့နောက်ကွယ်တွင်ရှိသူများ ကြောက်လန့် တုန်လှုပ် အောင် သူတို့ကို တိုက်ခိုက်လော့။ သူတို့သည် သတိတရား ရကောင်းရလိမ့်မည်။

Verse 58 — Surah Al-Anfal 8:58

၅၈။ အကယ်၍ သင်သည် သူတို့ထံမှ သစ္စာဖောက်မှုကို စိုးရိမ်လျှင် သူတို့နှင့် ချုပ်ဆိုထားသော ပဋိညာဉ် စာချုပ်ကို တရားမျှတစွာ ပြန်ဖျက်လော့။ မှတ်သားကြလော့။ အလ္လာဟ်.အသျှင်မြတ်သည် သစ္စာဖောက်သူတို့ကို နှစ်သက်တော်မမူပေ။

Verse 59 — Surah Al-Anfal 8:59

၅၉။ မယုံကြည်သူအား ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်၏ စီမံကိန်းမှလွတ်အောင်ပြေးနိုင်သည်ဟု မယူဆစေလင့်။ မှတ်သားကြလော့။ သူတို့သည် လွတ်အောင်မပြေးနိုင်ပေ။

Verse 60 — Surah Al-Anfal 8:60

၆ဝ။ သင်သည် မိမိ၏လက်နက်ကိုင်တပ်သားများနှင့် မြင်းတပ်ကို အသင့်ပြင်ဆင်ထားလော့။ သို့မှသာ သင်သည် အလ္လာဟ်စူအသျှင်မြတ်၏ရန်သူကိုလည်းကောင်း၊ သင်၏ရန်သူကိုလည်းကောင်း၊ ဤရန်သူများမှတစ်ပါး သင်မသိသောသူများကိုလည်းကောင်း ထိတ်လန့်စေမည်။ ထို သင်မသိသော သူများကို အသျှင်မြတ်သည် သိတော်မူ၏။ သင်တို့သည် မည်သည့်အရာကိုမဆို အလ္လာဟ် အသျှင်မြတ်၏လမ်းတော်၌ သုံးစွဲကြအံ့။ သင်တို့အား ထိုသုံးစွဲသောအရာကို အပြည့်အစုံ ပြန်ဆပ်တော် မူလိမ့်မည်။ သင်တို့ကို မတရားပြုလုပ်မည်ဟုတ်ပေ။

Verse 61 — Surah Al-Anfal 8:61

၆၁။ အကယ်၍ ရန်သူတို့သည် စစ်ပြေငြိမ်းလိုလျှင် သင်လည်း စစ်ပြေငြိမ်းဘက်သို့ ယိမ်းယိုင်၍ အလ္လာဟ် အသျှင်မြတ်အား ယုံကြည်ကိုးစားလာ့။ မှတ်သားလော့။ အသျှင်မြတ်သည် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင်ဖြစ်တော်မူ၏။

Verse 62 — Surah Al-Anfal 8:62

၆၂။ အကယ်၍ သူတို့သည် သင့်အား လိမ်လည်သစ္စာဖောက်လျှင် အလ္လာဟ်အသျှင်မြတ်သည် သင့်အဖို့ရာ လုံလောက်တော်မူသည်ကို မှတ်သားလော့။ အလ္လာဟ်အသျှင်မြတ်သည် သင့်အား မိမိ၏ အစောင့် အရှောက်တော်နှင့် ယုံကြည်သူတို့အားဖြင့် ကူညီထောက်ပံ့တော်မူ၏။

Verse 63 — Surah Al-Anfal 8:63

၆၃။ အသျှင်မြတ်သည် ယုံကြည်သူတို့၏ စိတ်နှလုံးများကို ညီညွတ်စေတော်မူ၏။ သင်သည် ကမ္ဘာပေါ်ရှိ ပစ္စည်းအားလုံးကို သုံးစွဲသော်လည်း သူတို့၏ စိတ်နှလုံးများ ညီညွတ်အောင် မပြုစွမ်းနိုင်ပေ။ သို့သော် အသျှင်မြတ်သည် ၎င်းတို့ကို ညီညွတ်စေတော်မူပြီ။ အသျှင်မြတ်သည် အနန္တဘုန်းတန်ခိုးတော်သခင်၊ အနန္တရွှေဉာဏ်တော်ရှင် မုချဖြစ်တော်မူ၏။

Verse 64 — Surah Al-Anfal 8:64

၆၄။ အို-တမန်တော် သင်နှင့် ယုံကြည်သူများမှ သင့်နောက်သို့လိုက်သောသူများအဖို့ အလ္လာဟ်အသျှင် မြတ်သည် လုံလောက်တော်မူ၏။

Verse 65 — Surah Al-Anfal 8:65

၆၅။ အို-တမန်တော်၊ ယုံကြည်သူတို့အား စစ်တိုက်ဖို့ရာဆုံးမလော့။ သင်တို့အနက် စိတ်ထက်သန် ခိုင်မြဲသူ နှစ်ဆယ်ရှိလျှင် ထိုသူတို့သည် ရန်သူနှစ်ရာကို အောင်ကြရလိမ့်မည်။ စိတ်ထက်သန်တည်ကြည်သူ တစ်ရာရှိလျှင် ရန်သူတစ်ထောင်ကို နှိမ်နင်းကြရလိမ့်မည်။ အကြောင်းမူကား ရန်သူတို့သည် မယုံကြည်သူ ပညာကင်းမဲ့သူများဖြစ်သောကြောင့်တည်း။

Verse 66 — Surah Al-Anfal 8:66

၆၆။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့စိတ်ပျော့ကြောင်းကို သိမြင်တော်မူ၍ သင်တို့ဝန်ထုပ်ကို ယခု ပေါ့စေတော်မူပြီ။ ထို့ကြောင့် သင်တို့အနက် တည်တံ့ခိုင်မြဲသူတစ်ရာရှိလျှင် ထိုသူတို့သည် အသျှင်မြတ်၏ အခွန်တော်ကြောင့် ရန်သူနှစ်ရာ၊ သင်တို့အနက် တည်တံ့ခိုင်မြဲသူတစ်ထောင်ရှိလျှင် ထိုသူတို့သည် ရန်သူနှစ်ထောင်ကို အသီးသီး အောင်နိုင်ကြရလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် တည်တံ့ခိုင်မြဲသူတို့နှင့်အတူတကွ ရှိတော်မူ၏။

Verse 67 — Surah Al-Anfal 8:67

၆၇။ မည်သည့် တမန်တော်မှ ကမ္ဘာမြေပေါ်တွင် စစ်တိုက်သတ်ဖြတ်ခြင်းကိုမပြုဘဲ သုံ့ပန်းမပိုင်ထိုက်ပေ။ သင်တို့သည် လောကစည်းစိမ်ကို မက်မောကြ၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အဖို့ နောင် တမလွန်ဘဝကို လိုလားတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အနန္တိတန်ခိုးတော်သခင်၊ အနန္တ ဉာဏ်တော်ရှင်ဖြစ်တော်မူ၏။

Verse 68 — Surah Al-Anfal 8:68

၆၈။ ရှေးကပြဌာန်းပြီးသော အလ္လာဟ်အသျှင်မြတ်၏ ပြဌာန်းချက်တော်မရှိခဲ့လျှင် မိမိတို့သိမ်းယူသော အရာများအတွက်ကြောင့် သင်တို့အပေါ်သို့ အလွန်ကြောက်မက်ဖွယ်သော အပြစ်ဒဏ် ကျရောက် ပြီးခဲ့လတ္တံ့။

Verse 69 — Surah Al-Anfal 8:69

၆၉။ ယခုသင်တို့သည် သင်တို့စစ်တိုက်၍ရသောအရာများကို တရားဝင်၍ မွန်မြတ်သောပစ္စည်းအဖြစ်ဖြင့် သုံးစွဲကြလော့။ အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ကြေကုန်ကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းချီးမင်္ဂလာပေးသနားတော် မူသောအသျှင် ဖြစ်တော်မူ၏။

Verse 70 — Surah Al-Anfal 8:70

၇ဝ။ အို-တမန်တော် သင်တို့လက်တွင်းရှိ သုံ့ပန်းတို့အား ဟောကြားလော့။ အကယ်၍ အလ္လာဟ်အသျှင် မြတ်သည် သင်တို့၏စိတ်နှလုံးများတွင် ကောင်းခြင်းတစ်စုံတစ်ရာကို တွေ့မြင်တော်မူပါလျှင် အသျှင်မြတ်သည် သင်တို့အား မိမိတို့ထံမှ သိမ်းယူသည်ထက် သာလွန်ကောင်းမွန်သောအရာကို ပေးသနားတော်မူလတ္တံ့။ သင်တို့ကို အပြစ်လွှတ်တော်မူလတ္တံ့။ မှတ်သားကြလော့။ အလ္လာဟ် အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းချီးမင်္ဂလာပေးသနားတော်မူသော အသျှင် ဖြစ်တော်မူ၏။

Verse 71 — Surah Al-Anfal 8:71

၇၁။ အကယ်၍ သူတို့သည် သင့်ကို သစ္စာဖောက်လျှင် သူတို့သည် အထက်ကျော်ကာလက အလ္လာဟ် အသျှင်မြတ်ကို သစ္စာဖောက်လေပြီ။ ထို့ကြောင့် အသျှင်မြတ်သည် သင့်အား သူတို့ကို နှိမ်နင်း စေတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သိတော်မူသောအသျှင်၊ ဉာဏ်ပညာရှိတော်မူသော အသျှင် ဖြစ်တော်မူ၏။

Verse 72 — Surah Al-Anfal 8:72

၇၂။ မှတ်သားကြလော့။ ယုံကြည်လျက် မိမိတို့အိုးအိမ်များမှ ထွက်ပြေးပြီးလျှင် မိမိတို့ဥစ္စာပစ္စဝည်း အသက်များအားဖြင့် အလ္လာဟ်အသျှင်မြတ်ဘက်တော်၌ ကြိုးပမ်းအားထုတ်သောသူများ ထို အာဇာနည်တို့ကိုလက်ခံ၍ ကူညီရိုင်င်းပင်းကြသောသူများ ဤသူတို့သည် အချင်းချင်း စောင့်ရှောက် ကြသော အဆွေခင်ပွန်းများဖြစ်ကြ၏။ အကြင်သူတို့သည် ယုံကြည်ကြ၏။ သို့သော် မိမိတို့အိုးအိမ် များကို စွန့်ပစ်ထွက်ပြေးမလာကြ။ ထိုသူတို့သည် မိမိတို့အိမ်မှ ထွက်ပြေးမလာသည့်ကာလပတ်လုံး သင်၌ သူတို့ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်မရှိပေ။ သူတို့သည် သင့်အား ဘာသာရေးတွင် ကူညီရန်တောင်းပန်လျှင် သင်၌ သူတို့ကို စောင်မရမည့်တာဝန်ရှိ၏။ သို့သော် သင်တို့နှင့် မဟာမိတ် စာချုပ် ချုပ်ထားသောသူတို့နှင့် ဆန့်ကျင်သော အကူအညီကို မပေးရပေ။ အလ္လာဟ်အသျှင်မြတ် သည် သင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့သိမြင်တော်မူသောအသျှင်တည်း။

Verse 73 — Surah Al-Anfal 8:73

၇၃။ မိစ္ဆာဒိဌိများသည် အချင်းချင်း ကာကွယ်စောင့်ရှောက်သူများဖြစ်ကြ၏။ အသင်တို့သည် အထက်ပါ ဗျာဒိတ်တော်အတိုင်း မဆောင်ရွက်ကြလျှင် ကမ္ဘာမြေပေါ်တွင် ပျက်စီးဆုံးရှုံးခြင်းနှင့် မတရား အမှုကြီးများ များပြားလိမ့်မည်။

Verse 74 — Surah Al-Anfal 8:74

၇၄။ ယုံကြည်လျက် မိမိတို့အိုးအိမ်များကိုစွန့်လွှတ်၍ အလ္လာဟ်အသျှင်မြတ်၏ဘက်တော်၌ ကြီးစား အားထုတ်သူတို့နှင့် ထိုသူတို့ကိုလက်ခံ၍ ကူညီစောင့်ရှောက်သောသူတို့ ဤလူနှစ်မျိုးနှစ်စားလုံးသည် အမှန်ပင်ယုံကြည်သူများဖြစ်ကြ၏။ ထိုသူများအတွက် အပြစ်လွှတ်ခြင်းနှင့် ပေါများသောရိက္ခာများ ရှိ၏။

Verse 75 — Surah Al-Anfal 8:75

၇၅။ အကြင်သူတို့သည် နောက်မှယုံကြည်၏။ မိမိတို့အိုးအိမ်များကို စွန့်ပစ်ထွက်ပြေးလာကြ၏။ သင်တို့နှင့် အတူတကွကြိုးစားအားထုတ်ကြ၏။ ထိုသူတို့သည် သင်တို့အထဲမှဖြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်၏ ပညတ်တော်၌ ဆွေမျိုးသားချင်းတို့သည် အချင်းချင်း ပိုမိုနီးစပ်ကြ၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိမြင်တော်မူ၏။